04/16/2026
"ကာယာနုပဿနာ"အကြောင်း
-----------–-------
( ခန္ဓာ-၅ပါးတစ်ဦး )
အခုလို မြန်မာနိုင်ငံ နှစ်သစ်ကူး အခါသမယ နှစ်ဆန်း ( ၁ ) ရက်နေ့မှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့"ကာယာနုပဿနာကမ္မဋ္ဌာန်းအကြောင်း" ကို ရေးသားပူဇော်ရင်း ကုသိုလ်ပြုလိုက်ပါရစေ။
ငယ်သူငယ်ချင်း မိတ်ဆွေတစ်ယောက်က တရားထိုင်ချင်လို့ဆိုပြီး ရှုမှတ်မှု ကမ္မဋ္ဌာန်းအကြောင်းမေးလာတဲ့အပေါ်မူတည်ပြီး၊ ထွက်လေ ဝင်လေ ရှုမှတ်နည်းဖြစ်တဲ့ "အာနာပါနကမ္မဋ္ဌာန်း"အကြောင်း ရှင်းပြပေးရင်းနဲ့ တဆက်တည်းမှာပဲ၊ အလျင်းသင့်တာနဲ့ ဖတ်ရှုကြားနာဖူးခဲ့ရတဲ့ " ကာယာနုပဿနာ" အကြောင်းကို အခုလို့မျှဝေ ရေးသားကုသိုလ်ပြုဖော်ပြလိုက်ရခြင်းလည်းဖြစ်ပါတယ်။
အရင်ဆုံး "ကာယာယနုပဿနာ"ဆိုတဲ့စကားကို ရှင်းပြရရင်၊ ဒီစကားလုံးကို ပုဒ်ခွဲလိုက်တဲ့အခါမှာ ကာယ၊ အနု၊ ပဿနာ ဆိုပြီး သုံးပိုင်းခွဲလို့ရပါတယ်။
"ကာယ" ဆိုတာကတော့ ..
"အစုအဝေး(သို့မဟုတ်) ခန္ဓာကိုယ်" ပေါ့၊ ဒီနေရာမှာ "ကာယ" ဆိုတာဟာ အသွေး၊ အသား၊ အရိုး၊ အစရှိတဲ့ အစုအဝေးတွေ စုဝေးနေတဲ့ ခန္ဓာကိုယ်ကြီးကို ဆိုလိုတာပါ၊ ဒါကြောင့်မို့ အာနာပါန ဆိုတဲ့ထွက်လေ၊ ဝင်လေ လို့ခေါ်တဲ့ "လေ" အစုအဝေးဟာလည်း "ကာယ" ထဲမှာ ပါဝင်နေပါတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
"အနု" ဆိုတာကတော့ ...
အဖန်တလဲလဲ၊ အထပ်ထပ်၊အစဉ်မပြတ် ဆိုတဲ့သဘောပေါ့။
တစ်ကြိမ်တစ်ခါတည်း ကြည့်တာမျိုးမဟုတ်ဘဲနဲ့ အမြဲမပြတ် ( သို့မဟုတ်) အကြိမ်ကြိမ်အခါခါ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ကြည့်တာမျိုးကို ဆိုလိုတာပါ။
"ပဿနာ" ဆိုတာ ရှုမြင်ခြင်း၊ သိမြင်ခြင်း ကိုဆိုလိုတာပါ။
( ဝိပဿနာ ဆိုတဲ့ စကားလုံးထဲက "ပဿနာ" နဲ့ အတူတူပါပဲ)။
သာမန်မျက်စိနဲ့ ကြည့်တာမျိုးမဟုတ်ဘဲနဲ့ " သတိ" နဲ့ "ပညာ" နဲ့ယှဥ်ပြီး အမှန်တိုင်း မြင်အောင် ကြည့်တာပဲ ဖြစ်ပါတယ်။
ခြုံပြီး အဓိပ္ပါယ်ဖွင့်ဆိုရရင်တော့ "ကာယာနုပဿနာ" ဆိုတာ ..
"မိမိရဲ့ ရုပ်ခန္ဓာကိုယ် အစုအဝေးကြီးမှာ ဖြစ်ပေါ်နေတဲ့ သဘောတရားတွေဖြစ်တဲ့ ( ဥပမာ အားဖြင့်- လှုပ်ရှားမှု၊ ထိတွေ့မှု၊ ဖြစ်ပျက်မှု )တွေကို သတိနဲ့ အမြဲမပြတ် ထပ်ကြပ်မကွာ လိုက်လံရှုမှတ်နေခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
"ကာယာနုပဿနာ" ဟာ ခန္ဓာကိုယ်ရဲ့ မမြဲခြင်း ဆိုတဲ့ အနိစ္စ၊ ဆင်းရဲခြင်း ဆိုတဲ့ ဒုက္ခ နဲ့ ကိုယ်ပိုင်မဟုတ်ဘူး ဆိုတဲ့ အနတ္တ သဘောတွေကို သိမြင်အောင် အဖန်တလဲလဲ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်း အလုပ်ပဲ ဖြစ်ပါတယ်။
ပြီးတော့..
ဝိပဿနာဉာဏ် ရင့်ကျက်လာဖို့အတွက်၊ အဖန်တလဲလဲ ထပ်ခါတလဲလဲ ရှုမှတ်ရတဲ့ အနုပဿနာ ( ၇ ) မျိုး ရှိတယ် ဆိုပြီးဖော်ပြထားတဲ့အနက် ၊ ပထမ ( ၃ ) မျိုးဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါးကို ရှုမြင်ခြင်းလို့ ဆိုပြီး ဝိသုဒ္ဓိမဂ်ကျမ်းတွေမှာ ဖော်ပြထားတာလည်း ရှိပါတယ်။
တဆက်တည်းမှာပဲ ..
အဲဒီ"အနုပဿနာ ( ၇ ) မျိုး ဖော်ပြပေးပါမယ်။
၁။ အနိစ္စာနုပဿနာ
၂။ဒုက္ခာနုပဿနာ
၃။အနတ္တာနုပဿနာ
၄။နိဗ္ဗိဒါနုပဿနာ
၅။ဝိရာဂါနုပဿနာ
၆။နိရောဓာနုပဿနာ
၇။ပဋိနိဿဂ္ဂါနုပဿနာ
ဒီ နုပဿနာ( ၇ ) မျိုးလုံးဟာ ဝိပဿနာရှုတဲ့အခါမှာ ရုပ်တရား၊နာမ်တရားတွေရဲ့ သဘောသဘာဝတွေကို အရှိကို အရှိအတိုင်း၊ မြင်အောင်ကြည့်ပြီး ကိလေသာတွေကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ခွာချတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ဒီအထဲမှာတော့ အခြေခံအကျဆုံးနဲ့ လူသိအများဆုံးကတော့ ခုနပြောသလို ပထမ (၃) မျိုးဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါး ရှုမြင်ခြင်းပဲ ဖြစ်ပါတယ်။
နည်းနည်းရှင်းပြပါရစေ။
၁။ အနိစ္စာနုပဿနာ
အနိစ္စာနုပဿနာ ဆိုတာ ခိုင်မြဲတယ်လို့ထင်နေတဲ့ "နိစ္စသညာ"ကို ပယ်ဖျောက်ဖို့ ၊ "မမြဲဘူး"လို့ အဖန်တလဲလဲ ရှုမြင်တာပါပဲ။
၂။ဒုက္ခာနုပဿနာ
ဒုက္ခာနုပဿနာဆိုတာ "ချမ်းသာတယ်" လို့ ထင်နေတဲ့ "သုခသညာ" ကို ပယ်ဖျောက်ဖို့၊ "ဆင်းရဲတယ်" လို့ အဖန်တလဲလဲ ရှုမြင်ခြင်းပေါ့။
၃။အနတ္တာနုပဿနာ
အနတ္တာနုပဿနာ ဆိုတာကတော့ "ငါ၊ ငါ့အတ္တ" လို့ စွဲလမ်းနေတဲ့ " အတ္တသညာ"ကို ပယ်ဖျောက်ဖို့အတွက်၊
ကိုယ်ပိုင်တာမဟုတ်ဘူး၊ အစိုးမရဘူးလို့ အဖန်တလဲလဲ ရှုမြင်ခြင်း၊
၄။နိဗ္ဗိဒါနုပဿနာ
နိဗ္ဗိဒါနုပဿနာ ဆိုတာ ရုပ်နာမ်ခန္ဓာတွေအပေါ်မှာ သာယာနှစ်သက်နေတဲ့ " နန္ဒီ "( နှစ်သက်မှု )ကို ပယ်ဖျောက်ဖို့၊ ငြီးငွေ့စရာ လို့ အဖန်တလဲလဲ ရှုမြင်ခြင်း၊
၅။ဝိရာဂါနုပဿနာ
ဝိရာဂါနုပဿနာ ဆိုတာ စွဲလမ်းတပ်မက်နေတဲ့ " ရာဂ" ( လောဘ )ကို ပယ်ဖျောက်ဖို့၊တပ်မက်မှု ကင်းပြတ်အောင် အဖန်တလဲလဲ ရှုမြင်ခြင်း၊
၆။နိရောဓာနုပဿနာ
နိရောဓာနုပဿနာ ဆိုတာ ရုပ်နာမ်တရားတွေ ဖြစ်ပေါ်လာတာကိုပဲ မြင်နေတဲ့"သမုဒယသညာ"ကိုပယ်ဖျောက်ဖို့၊ချုပ်ငြိမ်းသွားတာ ကို အဖန်တလဲလဲ ရှုမြင်ခြင်း၊
၇။ပဋိနိဿဂ္ဂါနုပဿနာ
ပဋိနိဿဂ္ဂါနုပဿနာ ဆိုတာကတော့ ရုပ်နာမ်ခန္ဓာတွေကို ဆုပ်ကိုင်ထားတဲ့ "အာဒါန"( စွဲကိုင်မှု )ကို ပယ်ဖျောက်ဖို့၊ စွန့်လွှတ်တဲ့အနေနဲ့ အဖန်တလဲလဲ ရှုမြင်ခြင်း တို့ ဖြစ်ပါတယ်။
အထက်ကပြောခဲ့လို ကာယာနုပဿနာဟာ အဲဒီ ( ၇) မျိုးအနက် အခြေခံအကျဆုံးနဲ့ လူသိအများဆုံးကတော့ ပထမ (၃) မျိုးဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ မမြဲခြင်း (အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ) နဲ့ ကိုယ်ပိုင်မဟုတ်ခြင်း (အနတ္တ) သဘောတွေကို သိမြင်အောင် အဖန်တလဲလဲ ရှုမှတ်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ကာယာနုပဿနာအကြောင်းကို ပြန်ဆက်ရရင်၊ "ကာယာနုပဿနာ သတိပဋ္ဌာန်" မှာ ကမ္မဋ္ဌာန်း (၁၄) မျိုး ရှိပါတယ်။ ဒီနေရာမှာ အထက်က ဖော်ပြထားတဲ့ နုပဿနာ ( ၇ )မျိုးနဲ့တော့ ရောမသွားစေချင်ပါဘူး။
အခုနက ပြောပြခဲ့တဲ့ အနုပဿနာ( ၇ ) မျိုး နဲ့ ကာယာနုပဿနာ ကမ္မဋ္ဌာန်း( ၁၄ )မျိုး ဆိုတာ အချင်းချင်း ဆက်စပ်မှုရှိပေမဲ့ အမျိုးအစားခွဲခြားပုံခြင်းတော့ မတူပါဘူး။
ဓမ္မမိတ်ဆွေတို့ကို နားလည်လွယ်အောင် ပြောရရင်-
အနုပဿနာ( ၇ )မျိုး ဆိုတာ အဲဒီလို ရှုမှတ်တဲ့အခါ စိတ်ထဲမှာ ဖြစ်ပေါ်လာရမယ့် "အမြင်ဉာဏ်" တွေပဲ ဖြစ်ပါတယ်။
ကာယာနုပဿနာကမ္မဋ္ဌာန်း( ၁၄ ) မျိုး ဆိုတာကတော့ ရှုမှတ်ရမယ့် "နည်းလမ်း"တွေပေါ့နော်။
ဥပမာ- ထွက်လေဝင်လေကို ကြည့်မလား၊ ဣရိယာပုတ်ကို ကြည့်မလား စတဲ့ အဲဒီလိုမျိုးတွေပါ။
ဓမ္မမိတ်ဆွေတို့နားလည်လွယ်အောင် " ကာယာနုပဿနာ ကမ္မဋ္ဌာန်း ( ၁၄ ) မျိုးကို အုပ်စုခွဲပြီး ဖော်ပြလိုက်ပါတယ်။
၁။ ထွက်လေဝင်လေကို ရှုမှတ်ခြင်း (အာနာပါနပဗ္ဗ)
ထွက်လေဝင်လေကို သတိထားပြီး ရှုမှတ်ခြင်း (၁-မျိုး)
အာနာပါနရဲ့ထူးခြားချက်က..
"အာနာပါနဟာ သမာဓိတည်ထောင်ဖို့အတွက် အကောင်းဆုံးအသက်ရှုလေ့ကျင်ခန်းလည်းဖြစ်သလို၊ အဲဒီကနေတစ်ဆင့် ရုပ်တွေနာမ်တွေရဲ့ ဖြစ်မှုပျက်မှုတွေကို ဆက်ကြည့်ရင် ဝိပဿနာ အစစ်အထိ တက်လှမ်းသွားနိုင်တဲ့ တံခါးပေါက်တစ်ခုလည်းဖြစ်ပါတယ်။"
လူတိုင်း လူတိုင်းဟာ နေ့စဉ်နဲ့အမျှ စင်စစ်မပြတ် ၂၄ နာရီလုံး အသက်ရှူသွင်းတယ် ရှိုက်ထုတ်တယ်။ အဲဒီ ရှူသွင်းရှိုက်ထုတ်နေတဲ့ ကာယ၊ တစ်နည်းအားဖြင့် သဘာဝအနေနဲ့ပြောမယ်ဆိုလို့ရှိရင် ရှူရှိုက်နေကြတာ ဘာတွေကို ရှူရှိုက်နေတာလဲ ဆိုရင်တော့ အရပ်စကားနဲ့ပြောရင် "လေ" ပေါ့နော်။ စာပေစကားနဲ့ပြောရင်တော့ "ဝါယော"ပေါ့။
ဝါယောဓာတ်ဆိုတာ မဟာဘုတ်ကြီးလေးပါးထဲမှာ ပါဝင်ကြောင်း ဓမ္မမိတ်ဆွေတို့ သိရှိပြီးသား ဖြစ်မှာပါ။ ဒီဝါယောဓာတ် သဘာဝဖြစ်တဲ့ လေကို နေ့စဉ်နဲ့အမျှ ရှူသွင်း၊ ရှူထုတ် လုပ်နေကြပါတယ်။ ဒီလို ရှူသွင်း၊ ရှူထုတ်ခြင်းကိုပဲ "အာနာပါန" လို့ ခေါ်ဆိုတာပါ။ တကယ်တော့ ဒါဟာ အာရုံလေးတစ်ခုပါပဲ။ အဲဒီ ရှူသွင်း၊ ရှိုက်ထုတ်မှု အာရုံလေးပေါ်မှာ သတိကပ်ထားတာကို "အာနာပါနဿတိ" လို့ ဆိုပါတယ်။
"သတိ" ရဲ့ သဘောကတော့ ရှူသွင်း၊ ရှိုက်ထုတ်နေတဲ့ အာရုံလေးကို မျက်ခြေမပြတ် စောင့်ကြည့် (Mindfulness) နိုင်တာပဲ ရှိပါတယ်။ သတိကိုယ်တိုင်က တော့ အာရုံရဲ့ သဘာဝကို ထိုးထွင်းမသိနိုင်သလို၊ အာရုံကို ခွဲခြားသိမြင်တတ်တဲ့ သဘောလည်း သူ့မှာ မရှိပါဘူး။ အာရုံကို "သိ" ရုံသက်သက်က "စိတ်" ရဲ့ အလုပ်ဖြစ်ပြီး၊ အာရုံရဲ့ သဘာဝ ( ဥပမာ-မမြဲတဲ့သဘော ) ကို "ထိုးထွင်းသိမြင်တာ ကမှ "ဉာဏ် (ပညာ)" ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သတိက အာရုံနဲ့ တွဲမပေးဘူးဆိုရင်တော့ ဉာဏ်ကလည်း သိခွင့်မရနိုင်ပါဘူး။ ဒါကြောင့် သူတို့ဟာ အမြဲတမ်း ပူးပေါင်းအလုပ်လုပ်ကြရပါတယ်။ သတိက အာရုံကို မြဲမြံအောင် ဖမ်းပေးထားတဲ့အခါမှသာ ဉာဏ်က သူ့ရဲ့သဘာဝကို သိမြင်နိုင်တာပါ။ ဒါကိုပဲ "သတိနဲ့ အသိ" ထပ်အောင် လေ့ကျင့်တယ်လို့ ဆိုပါတယ်။
သတိနဲ့ အသိဟာ သဘောချင်း မတူပေမယ့် ခွဲခြားလို့မရဘဲ တစ်ထပ်တည်း ဖြစ်နေတတ်ပါတယ်။ လက်နဲ့ လက်ဖဝါးလိုပါပဲ။ သတိက အာရုံကို မလွတ်တမ်း ဖမ်းပေးထားတဲ့အတွက် ဉာဏ်က အဲဒီအာရုံရဲ့ ဖြစ်ပျက်နေတဲ့ သဘာဝကို ကြည်ကြည်လင်လင် မြင်ခွင့်ရသွားတာပါ။
ဥပမာ ဒေါသထွက်နေတယ်ဆိုပါစို့။
"ငါ ဒေါသထွက်နေပြီ" လို့ ချက်ချင်းသိလိုက်တာဟာ သတိ ပါ။
"ဒီ ဒေါသ ဟာ ငါမဟုတ်ဘူး၊ ခဏဖြစ်ပြီး ပျောက်သွားမှာပဲ၊ ဒေါသထွက်ရင် ငါပဲ ဆင်းရဲရမှာ" လို့ ဆင်ခြင်လိုက်တာဟာ အသိ ပါ။
( အဲဒီမှာ သတိရှိလို့ ဒေါသနောက်ကို စိတ်က ပါမသွားတာပါ၊ ဒါကြောင့် သတိဟာ အင်မတန်အရေးကြီးပါတယ်)
သတိဟာ စိတ်တည်ငြိမ်ခြင်းဆိုတဲ့ သမာဓိကို ဖြစ်စေနိုင်ပြီး၊ အသိ ဟာ အမှားအမှန်ကိုခွဲခြားနိုင်တဲ့ပညာကို ဖြစ်စေနိုင်ပါတယ်။
အတိုချုပ်ပြောရရင်တော့ သတိက ပစ္စုပ္ပန်မှာ နေစေပြီး၊ အသိက ပစ္စုပ္ပန်ကို လမ်းမှန်အောင် ပြုပြင်ပေးတာ ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီ အာနာပါန ကမ္မဋ္ဌာန်းဟာ ထွက်လေ ဝင်လေလေးကို အာရုံအဖြစ် အသုံးချ၊ အသုံးပြုပြီးတော့ သတိစွမ်းအားတွေ ထက်လာအောင်၊ ဉာဏ်အသိဉာဏ်တွေ တက်လာအောင် ဘယ်လို ဘယ်ပုံ လေ့ကျင့်ရမယ်ဆိုတဲ့ ကာယာနုပဿနာရဲ့ ပထမအပိုင်းတစ်ခု ပါပဲ။
၂။ ဣရိယာပုတ်ကို ရှုမှတ်ခြင်း (ဣရိယာပထပဗ္ဗ)
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း စသည့် ကိုယ်အမူအရာကို သိအောင် ရှုမှတ်ခြင်း (၁-မျိုး)
ဣရိယာပုတ်ကို ရှုမှတ်ခြင်း နဲ့ ပတ်သက်ပြီး၊ မြတ်စွာဘုရားက လူတွေဟာ နေ့စဉ်နဲ့အမျှ ဣရိယာပုတ်လေးပါးလို့ ခေါ်တဲ့ ကိုယ်အမူအရာတွေဟာ ပြောင်းလဲပြီးတော့ နေ နေကြရတယ်။ မပြောင်းလဲဘူးဆိုရင် လူတွေဟာ အသက်ရှင်သန်နိုင်ဖို့ ခက်ခဲနိုင်တယ်။ဒီလို ဣရိယာပုတ် လေးပါး ပြောင်းပြောင်းနေနေရတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကြီးရဲ့ ညောင်းညာပင်ပန်းမှုတွေက ပယ်ဖျောက်နိုင်ကြတာ။ သွားနေတဲ့ အချိန်ပိုင်း ရှိသလို၊ ရပ်နေတဲ့ အချိန်ပိုင်းလည်းရှိတယ်၊ ထိုင်နေတဲ့ အချိန်ပိုင်းလည်းရှိတယ်၊ လျောင်းနေတဲ့ အချိန်ပိုင်းလည်းရှိတယ်။ လျောင်း ထိုင် ရပ် သွား ဆိုတဲ့ ဒီဣရိယာပုတ် လေးပါးကို တစ်ခုပြီးတစ်ခု ပြောင်းလဲပြီးတော့ နေထိုင်ကြတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကြီးဟာ လဲပြိုမသွားဘဲနဲ့ လူ့သက်တမ်းစေ့အထိအောင် ခန္ဓာကိုယ်ကြီးဟာ တည်ရှိလာနိုင်တယ်ပေါ့နော်။
အဲဒီလို နေ့စဉ်နဲ့အမျှ အပြောင်းအလဲ လုပ်နေရတဲ့ ခန္ဓာကိုယ်ရဲ့ ဣရိယာပုတ်လေးပါးဆိုတာ အလွယ်တကူ လူတိုင်းမှာ ရှိနေပါတယ်။ ဒါပေမယ့် ဓမ္မမိတ်ဆွေတို ပြန်စဉ်းစားကြည့်ရမှာက ကိုယ် လမ်းသွားနေရင် လမ်းသွားနေတယ်လို့ သိရဲ့လား၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ၊ သတိမထားမိကြပါဘူးနော်၊ တခြားဟာတွေ တွေးမိနေတယ်။ လမ်းသွားနေတာဆိုတာကို မစဉ်းစားမိဘူး။ မတ်တတ်ရပ်နေရင်လည်း ငါမတ်တတ်ရပ်နေတယ်လို့ မစဉ်းစားမိဘူး၊ တခြား အကြောင်းအရာ စိတ်တွေက ရောက်ရောက်နေတယ်။ ဒါကို သတိက ကပ်မနေဘူးလို့ ပြောတာပါ။
ထိုင်နေရင်လည်း ငါထိုင်နေတာပါလားလို့ မသိဘူး၊ စိတ်က တခြားနေရာရောက်နေတယ်။ ထိုင်နေတဲ့အပေါ်မှာ သတိမရှိဘူး။ လျောင်းနေရင်ရော... သတိမရှိဘူး။ ဟိုနေ့ဟိုရက်က အကြောင်းတွေ တွေးချင်တွေးနေမယ်၊ နောက်ရက်နောက်ရက်တွေအတွက် ကြိုတွေးပြီး စီမံပြီး တွေးနေမယ်။ ကိုယ်မြင်ခဲ့တာတွေ ကြားခဲ့တာတွေ ပြန်တွေးချင် တွေးနေမယ်၊ မြင်ရမယ့် ကြားရမယ့်အရာတွေ စဉ်းစားချင် စဉ်းစားနေမယ်။ အဲဒီ ဣရိယာပုတ်လေးပါးကိုလည်း သတိကပ်ပြီးတော့ အသိဉာဏ် ထက်မြက်အောင်၊သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း စတဲ့ ကိုယ်အမူအရာကို သိအောင် ရှုမှတ်တဲ့၊ လေ့ကျင့်တဲ့ နည်းစနစ်ကို ဒုတိယအပိုင်းအနေနဲ့ မြတ်စွာဘုရားက ကာယနုပဿနာ အတွက်ဟောထားတာဖြစ်ပါတယ်။
၃။ သိမှုဆင်ခြင်မှုဖြင့် ရှုမှတ်ခြင်း (သမ္ပဇညပဗ္ဗ)
ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း စသည့် အသေးစိတ် အမူအရာများကို သိရှိနားလည်စွာ ရှုမှတ်ခြင်း (၁ -မျိုး)
ခုနပြောတဲ့ လျောင်း ထိုင် ရပ် သွား ဆိုတဲ့ ဣရိယာပုတ် လေးပါးဆိုတာ ကအကြီးစားကြီးတွေပါ။ အဲဒီအထဲမှာ အသေးအဖွဲလေးတွေ ရှိပါသေးတယ်။ ဥပမာ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းလိုက်တာ ရှိမယ်၊ နောက်ကို လှန်လိုက်တာ ရှိမယ်၊ ခန္ဓာကိုယ်ကို ရှေ့ကို ရွှေ့လိုက်တာ ရှိမယ်၊ နောက်ကို ဆုတ်လိုက်တာ ရှိမယ်။ ပြီးတော့ မျက်လုံးကနေပြီး တည့်တည့်ကြည့်တာ ရှိမယ်၊ စောင်းပြီးကြည့်လိုက်တာ ရှိမယ်၊ ဒါတွေဟာ ဣရိယာပုတ် အသေးစားလေးတွေပါပဲ။
မျက်လုံးကလည်းပဲ ကြည့်တဲ့အခါမှာ ကိုယ့်ရှေ့တည့်တည့်ကို လည်း ကြည့်မယ်၊ ဘေးကိုလည်း ကြည့်မယ်။ နောက်ကို လှည့်ကြည့်တာလည်း ရှိမယ်။ ကမ္မဋ္ဌာန်းထိုင်ဖို့အတွက်ကျတော့ မြတ်စွာဘုရားကတော့ အာရုံအတွက်ဒီနှစ်ခုပဲ ပေးပါတယ်။
အာလောကိတ ဆိုတဲ့...
ရှေ့တည့်တည့် ကြည့်တဲ့အချိန်လေးရယ်၊ဝိလောကိတ ဆိုတဲ့... နည်းနည်းလေး စောင်းငဲ့ပြီးတော့ ကြည့်တဲ့ အကြည့်မျိုး။ ဣန္ဒြေရရ အကြည့်မျိုးက ဒီနှစ်ခုပဲ ရှိပါတယ်။
မော့ကြည့်တာတို့ ငုံ့ကြည့်တာတို့ကတော့ သိပ်ဣန္ဒြေမရဘူးပေါ့နော်၊ နောက်လှည့်ကြည့်ရင် ပိုဆိုးတာပေါ့။ အဲတော့ မသိမသာ ကြည့်တဲ့ အကြည့်ကလေး နှစ်ခုအပေါ်မှာလည်းပဲ အာရုံကပ်ပြီး သတိကို လေ့ကျင့်တာ၊ ဣရိယာပုတ် အသေးစားလေးတွေ သတိထားတတ်လာအောင် လေ့ကျင့်ယူရတာဖြစ်ပါတယ်။
ဒီ "သမ္ပဇည ပဗ္ဗ" အနေနဲ့ အိပ်ချိန်မှာလည်း အသေးစားလေးတွေ ရှိပါတယ်။ ဘယ်လို အသေးစားလေးတွေလဲ ဆိုရင် လက်ကလေးကို ကွေးရာကနေ ဆန့်လိုက်တယ်၊ ဆန့်ရာကနေ ကွေးလိုက်တယ်။ ခြေထောက်ကလေးကို ဆန့်ထားရာကနေ ကွေးလိုက်တယ်၊ ကွေးလိုက်တာ ဆန့်တယ်။ အဲဒီလို ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု အသေးစားလေးတွေကလည်း ကာယ ပါ ပဲ။ အဲဒီအပေါ်မှာလည်းပဲ သတိကပ်ပြီးတော့ အသိဉာဏ်ဖြစ်အောင် ကြိုးစားအားထုတ်ရတာပါ။
ပြီးတော့..ရဟန်းသံဃာတွေမှာလည်း သင်္ကန်းကိုရုံ သပိတ်ကလေး ပိုက်သွားပုံဆိုတဲ့ သင်္ကန်းဝတ်ရင် သင်္ကန်းအပေါ်၊ သပိတ်ပိုက်ရင် သပိတ်အပေါ်၊ လူတွေကျတော့လည်း အင်္ကျီ လုံချည် ဝတ်တာ၊ ဝတ်ပုံစားပုံ အဝတ်အစား ဝတ်တဲ့အခါမှာ ဝတ်ပုံစားပုံ အဲဒီ အသေးအဖွဲလေးတွေကိုလည်း သတိကပ်ထားဖို့လိုတာပေါ့နော်။
မြတ်စွာဘုရားက ဒါတင်မကဘူးတဲ့၊ အိမ်သာထဲ ဝင်တဲ့ဟာကိုလည်း ဥစ္စာရ ပဿာဝ ကမ္မတဲ့၊ အခင်းကြီးသွားတယ်၊ အခင်းလေးသွားတယ်၊ ဒါကိုလည်းပဲ အသိဉာဏ်ရှိအောင် လေ့ကျင့်ဖို့ နည်းစနစ်တွေကို မြတ်စွာဘုရား ဟောထားပါတယ်။
နေ့စဉ်နဲ့အမျှ လူတွေ အစားစားကြတယ်၊ စားတယ်၊ ဝါးတယ်၊ သောက်တယ်၊ လျက်တယ်။ အဲဒီကိစ္စတွေမှာလည်း သတိကပ်ပြီး ပညာတိုးတက်အောင် လေ့ကျင့်ဖို့လိုတယ်ဆိုပြီးဟောထားတဲ့ ဣရိယာပုထ် အသေးစားလေးတွေနဲ့ ပတ်သက်ပြီးတော့ သတိထားတတ်အောင် လေ့ကျင်ဖို့ အပိုင်းတစ်ပိုင်းပေါ့နော်။
အဲဒါကို သမ္ပဇညပဗ္ဗ လို့ ခေါ်တာပါ။
၄။ စက်ဆုပ်ဖွယ် အစိတ်အပိုင်းများကို ရှုမှတ်ခြင်း (ပဋိကူလမနသိကာရပဗ္ဗ)
ဆံပင်၊ မွှေးညှင်း၊ ခြေသည်း၊ လက်သည်း စတဲ့ ၃၂ ကောဋ္ဌာသ ( ခန္ဓာကိုယ်အစိတ်အပိုင်းများ) ကို ရှုမှတ်ခြင်း (၁-မျိုး)
ဒီကမ္မဋ္ဌာန်းကတော့ ခန္ဓာကိုယ်ကြီးမှာရှိတဲ့ အစိတ်အပိုင်း (၃၂) မျိုးကို ခွဲခြားစိတ်ဖြာ ရှုမြင်ခြင်းဖြစ်ပါတယ်။
ဒီကမ္မဋ္ဌာန်းကို ရှုမှတ်ခြင်းဟာ ခန္ဓာကိုယ်အပေါ် သာယာတပ်မက်မှု (ရာဂ) ကင်းစင်စေပြီး၊ အသုဘ (မတင့်တယ်) တဲ့ သဘောကို မြင်လာစေဖို့အတွက်ပါ။
၃၂ ကောဋ္ဌာသ အစိတ်အပိုင်းကို ရှုမှတ်တဲ့အခါမှာ လွယ်ကူအောင် ဓာတ်သဘာဝချင်း တူတာတွေကို အုပ်စု (၆) စု ခွဲပြီး တစ်စုစီဖော်ပြပေးပါမယ်။
ပထမအုပ်စု (၅ ခု)ကတော့ ဆံပင်၊ အမွှေး၊ ခြေသည်းလက်သည်း၊ သွားနဲ့အရေပြား ပေါ့၊
ဒုတိယအုပ်စု (၅ ခု) က အသား၊ အကြော၊ အရိုး၊ အရိုးတွင်းခြင်ဆီ၊ အညှို့ (ကျောက်ကပ်)။
တတိယအုပ်စု (၅ ခု): နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း (သရက်ရွက်)၊ အဆုတ်။
စတုတ္ထအုပ်စု (၅ ခု): အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
ပဉ္စမအုပ်စု (အရည် - ၆ ခု): သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
ဆဋ္ဌမအုပ်စု (အရည် - ၆ ခု): မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
အဲဒီအစိတ်အပိုင်းတစ်ခုချင်းစီကို ခန္ဓာကိုယ်မှ သီးခြားစီ ထုတ်ကြည့်ပြီးစက်ဆုပ်ဖွယ်ရာ၊ မတင့်တယ်သော သဘောသာရှိကြောင်း နှလုံးသွင်းရမှာဖြစ်ပါတယ်၊
ဥပမာ - မိမိ ထမင်းပန်းကန် ထဲကို ဆံပင်တစ်ပင်ကျသွားရင်၊ မစင် တစ်ဖတ် လွင့်စင်သွားရင် စားဖို့အတွက် စက်ဆုပ်သွားသလိုမျိုး၊ ရွံစရာတွေနဲ့ပတ်သက်တဲ့ ကာယာနုပဿနာ သတိကပ်ဖို့၊အတွက် အပိုင်းတစ်ပိုင်းအနေနဲ့ ဟောထားတာ ဖြစ်ပါတယ်။
၅။ ဓာတ်လေးပါးကို ရှုမှတ်ခြင်း (ဓာတုမနသိကာရပဗ္ဗ)
ခန္ဓာကိုယ်မှာရှိတဲ့ ပထဝီ (မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုသည့် ဓာတ်ကြီးလေးပါးသဘောကို ခွဲခြားရှုမှတ်ခြင်း (၁-မျိုး)
အဲဒီ ဓာတ်ကြီးလေးပါးကို ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို သူရှိနေတဲ့ အနေအထားတိုင်း၊ ဓာတ်ကြီးလေးပါး တစ်ခုစီကို ဆင်ခြင်သုံးသပ်ပြီးသတိကပ်ဖို့ ကာယနဲ့ပတ်သက်ပြီး သတိဉာဏ်တွေထက်လာအောင်လေကျင့်တဲ့နည်းစနစ်က တစ်ပိုင်း။
၆။ သုသာန် ၉ မျိုးကို ရှုမှတ်ခြင်း (နဝသီဝထိကပဗ္ဗ)
သေဆုံးပြီးစ အလောင်းမှသည် အရိုးစုဖြစ်သွားသည်အထိ အဆင့်ဆင့် ပြောင်းလဲပျက်စီးပုံများကို ရှုမှတ်ခြင်း (၉ မျိုး)။
ဒီ ကမ္မဋ္ဌာန်း ၉ ခုက သုသာန်( သင်္ချိုင်း )မှာ စွန့်ပစ်ထားတဲ့အလောင်းကောင်တွေရဲ့ ပုပ်ပွပျက်စီးသွားတဲ့ပုံ အဆင့်ဆင့် ( ၉ ) မျိုးကို မိမိ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပြီး ဆင်ခြင်ရှုမှတ်ရတာပဲဖြစ်ပါတယ်။
ဒီကမ္မဋ္ဌာန်း ၉ ခုမှာ ကမ္မဋ္ဌာန်းတစ်ခုတိုင်းစီမှာ လူသေအလောင်းကို ကြည့်ရုံတင်မဟုတ်ဘဲ၊ ဒီအလောင်းဟာ ငါ့ခန္ဓာကိုယ်ပါလားဆိုတဲ့ နှလုံးသွင်းပြီး ဉာဏ်နဲ့ ထပ်တူပြုကြည့်ခြင်းက ပို၍ ထိရောက်စေနိုင်ပါတယ်။
ပထမအဆင့်မှာ သေဆုံးပြီးတဲ့နောက် (၁) ရက်ကနေ ( ၃) ရက်ခန့်ရှိပြီး ဖူးယောင်နေတဲ့၊ ညိုမည်းနေတဲ့ ပြည်ပုပ်တွေယိုစီးနေတဲ့ အလောင်းကို ရှုခြင်း။
ဒုတိယအဆင့်မှာ ကျီး၊ လင်းတ၊ ခွေး၊ မြေခွေးနှင့် ပိုးမွှားအမျိုးမျိုးတို့က ဝိုင်းပြီး ကိုက်ခဲ စားသောက်နေတဲ့အလောင်းကို ရှုခြင်း။
တတိယအဆင့် မှာ အသား၊ အသွေး၊ အကြောတို့နဲ့ ဆက်စပ်နေသေးသော အရိုးစုကို ရှုခြင်း။
စတုတ္ထအဆင့်မှာ အသားမရှိတော့ဘဲ သွေးတွေနဲ့ ပေကျံနေတဲ့ အကြောနဲ့ ဆက်စပ်နေတဲ့ အရိုးစုကို ရှုခြင်း။
ပဉ္စမအဆင့်မှာ အသား၊ အသွေး မရှိတော့ဘဲ အကြောနဲ့ သာ ဆက်စပ်နေတဲ့ အရိုးစုကို ရှုခြင်း။
ဆဋ္ဌမအဆင့်မှာ အကြောတွေပြတ်တောက်ပြီး အရိုးတွေဟာ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ လွင့်စင်နေတဲ့ ခြေထောက်ရိုး၊ လက်ရိုး၊ ခါးရိုး၊ ခေါင်းခွံ သီးခြားစီ ဖြစ်နေတဲ့ အခြေအနေကို ရှုခြင်း။
သတ္တမအဆင့်မှာ အရိုးတွေ အဖြူရောင်ပြောင်းပြီး ခရုခွံ အရောင်လိုမျိုး ဖြူဖွေးနေတာကို ရှုခြင်း။
အဋ္ဌမအဆင့်မှာ အရိုးတွေစုပုံနေတာဟာ တစ်နှစ်ထက်မက ကြာလာတဲ့အတွက် ဆွေးမြည့် နေတာ ကို ရှုခြင်း။
နဝမအဆင့်မှာတော့ အရိုးတွေ အမှုန့်ဖြစ်ပြီး မြေကြီးနဲ့ ရောနှော ပျောက်ကွယ်သွားတာကို ရှုခြင်း ပဲ ဖြစ်ပါတယ်။
ဒီအဆင့် (၉) ဆင့်လုံးမှာ အရေးကြီးဆုံးက"ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော" လို့ ဆင်ခြင်ဖို့ဖြစ်ပါတယ်။
ဧဝံဓမ္မောဆိုတဲ့ ငါ့ရဲ့ခန္ဓာကိုယ်ဟာလည်း အခုလို့ မြင်နေရတဲ့၊အလောင်းကောင်လိုပဲ သေခြင်းတရား သဘောရှိတယ်။
ဧဝံဘာဝီ ဆိုတဲ့ ငါ့ခန္ဓာကိုယ်ဟာလည်း ဒီလိုပဲ ပုပ်ပွ၊ ပျက်စီး၊ အရိုးစုဖြစ်မယ့် သဘောရှိတယ်။
ဧဝံအနတီတော: ဒီသဘောတရားတွေကနေ ငါ့ခန္ဓာကိုယ်ဟာ လွတ်မြောက်အောင် မရှောင်လွှဲနိုင်ဘူး။
ဆိုတဲ့ ခန္ဓာကိုယ်အပေါ် သာယာတပ်မက်နေသည့် "ကာမရာဂ" နှင့် "ငါ၊ ငါ့ကိုယ်" ဆိုသည့် အစွဲတွေကို ပယ်ဖျက်ဖို့အတွက် ဆင်ခြင်ရမှာဖြစ်ပါတယ်။
အကျဥ်းချုံးရရင်..
ပထမဆုံး အပိုင်းကို အာနာပါန ထွက်လေဝင်လေ နဲ့လေ့ကျင့်တယ်။
ဒုတိယအပိုင်းကို သွားလာလှုပ်ရှား ဣရိယာပုတ်လေးပါး နဲ့ လေ့ကျင့်တယ်၊
တတိယပိုင်းကိုတော့ အသေးစားလှုပ်ရှားမှုလေးတွေကို သတိထားတတ်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးထက်ထက်လာအောက် သတိထားလေ့ကျင့်တယ်၊
စတုတ္တပိုင်းမှာ ခန္ဓာကိုယ် စက်ဆုပ်ဖွယ် အစိတ်အပိုင်းများကို ရှုမှတ်တယ်၊
ပဥ္စမအပိုင်းမှာ ဓာတ်လေးပါးကို ရှုမှတ်တယ်။
ဆဋ္ဌမပိုင်းမှာ သုသာန် ၉ မျိုးကို ရှုမှတ်တယ်။
စုစုပေါင်း ဒီ ကမ္မဋ္ဌာန်း ၁၄ ခု အပေါ်မှာ သတိကပ်ပြီး ဉာဏ်ရည် ဉာဏ်သွေးထက်လာအောင် လေ့ကျင့်တဲ့ နည်းစနစ်ကို ကာယနုပဿနာ လို့ခေါ်တာပဲဖြစ်ပါတယ်။
"အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် "ကာယာနုပဿနာ"ဟာ ဓမ္မမိတ်ဆွေတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို အရှိအတိုင်း စောင့်ကြည့်လေ့လာတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
အာနာပါန မှသည် သုသာန် ၉ မျိုးအထိ နည်းလမ်း ၁၄ မျိုး စလုံးဟာအနှစ်သာရအားဖြင့် တစ်ခုတည်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ကာယာနုပဿနာ ကမ္မဋ္ဌာန်းဟာဖြင့် ရုပ်ခန္ဓာအပေါ် မှာ "ငါ ပဲ၊ ငါ့ကိုယ်ပဲ၊ ငါ့ဥစ္စာပဲ " လို့ စွဲလမ်းနေတဲ့ အစွဲကိုဖြုတ်ပြီး ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမြင်ဉာဏ်များဖြင့် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ရန် ရလဒ်ကောင်းဖြစ်ဖို့ "ကာယာနုပဿနာ ကမ္မဋ္ဌာန်း" ကို ပွားများကြဖို့လိုကြောင်း အသိပေးတိုက်တွန်းလိုက်ရပါသည်။
သာဓု သာဓု သာဓု ...။
( ခန္ဓာ-၅ ပါးတစ်ဦး )
နှစ်ဆန်း( ၁ ) ရက်၊ ကဆုန်လဆန်း ၁၃၈၈ ခု၊
( ဗဟုသုတ အနေဖြင့် မျှဝေတာ ဖြစ်တာမို့ "ရှုမှတ်ပုံ ရှုမှတ်နည်း" ကတော့ စာကြောင်းရေများမှာစိုးတဲ့အတွက် ရေးသားဖော်ပြခြင်းမရှိတာခွင့်လွှတ်နားလည်ပေးပါရန်တောင်းပန်ပါတယ်)
-------------------------------