09/05/2024
#သီတင်းကျွတ်မီးထွန်းပွဲတော်ပေါ်ပေါက်လာပုံ
ဂေါတမမြတ်စွာဘုရားသည် မယ်တော်ဖြစ်ခဲ့ဖူးသူ အမိဂေါတမိ (သန္တုနတ်သား) အား မွေးကျေးဇူး ဆပ်သောအားဖြင့် တာဝတိံ သာနတ်ပြည်တွင် မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာ အပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာ တရားတော်ကို နေ့ညမစဲ တရား ဟောတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့သည် တရားစခန်း သိမ်းသောနေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာ၀တိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ထိုသို့ မြတ်စွာဘုရားရှင် နတ်ပြည်မှ လူ့ပြည် သို့ပြန်လည်ဆင်းသက် ကြွချီတော်မူသည့်အတွက် လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ် အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြသည် ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထိုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ သီတင်းကျွတ်မီးထွန်းပွဲတော် အဖြစ်ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်
#ပဝါရဏာဆိုသည်မှာ
သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည် သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ''ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို ပင့်ဖိတ်ပါ၏။ တပည့်တော်၏ အပြစ်ကိုမြင်လျှင်သော်သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်'' ဟု သုံးကြိမ်တိုင်တိုင် သံဃာများကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။ ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ အချို့သူများကလည်း နိဗ္ဗာန်စျေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေးမွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြပါသည် ဤသည်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ပေါ်ပေါက်လာပုံနှင့် သီတင်းကျွတ်မီးထွန်းပွဲတော် အကြောင်းအကျဉ်းချုပ်ဖြစ်ပေတော့သည်တကား🙏🙏🙏