24/08/2026
မထေရ်မြတ်တို့ ကဗျာများ(၁၈)
➖➖➖➖➖➖➖➖➖➖
📚(ထေရဂါထာ၊ ဒုကနိပတ်၊စတုတ္ထဝဂ်ကို ခံစားပူဇော်ခြင်း)📕
💢 ၁။ မိဂသိရမထေရ်
~~~~~~~~~~~~~~
၁၈၁။ ဗုဒ္ဓသာသနာဝင်ရောက်ကာ
ငါသည် ရဟန်းပြုခဲ့သည်။
ကိလေသာဖျက်အထက်တက်
မဂ်ခရီးလည်းဆက်ခဲ့သည်။
မဂ်တတိယအစွမ်းရ၍
ကာမဓာတ်ကိုလွန်မြောက်ပြီ။
၁၈၂။ ဘုရားသခင်ကြည့်ရှုစဉ်
ဉာဏ်စဉ်တက်ခဲ့ပြီ။
ကိလေသာစင် သံယောဇဉ်ကို
ပယ်ကြဉ်ရဟန္တာ ဖြစ်ခဲ့ပြီ။
==
💢 ၂။ သိဝကမထေရ်
~~~~~~~~~~~~~~
၁၈၃။ထပ်ကာထပ်ကာဆောက်ထားပါလည်း
ခန္ဓာအိမ်တို့မမြဲတကား။
တဏှာယောကျ်ားလက်သမားကို
ကြိုးစားရှာရင်းဆင်းရဲတွင်းသို့
သက်ဆင်းခဲ့ရ အကြိမ်များ။
၁၈၄။အိမ်ဆောက်သူကားပုန်းနေငြားလည်း
သူ့အားဖွေရှာတွေ့ခဲ့ပါပြီ
နောင်ခါဆောက်ခွင့်မပြုပြီ။
ဆောက်ထားသမျှဖြိုဖျက်ချ၏
ကာလနောင်ခါမရှိပါပြီ
ငါ၏စိတ်သစ်ဘဝသစ်တို့
ဖြစ်ခြင်းမရှိတော့လေပြီ။
==
💢 ၃။ ဥပဝါနမထေရ်
~~~~~~~~~~~~~
၁၈၅/၆။ အပူဇော်ခံတို့၏ ပူဇော်ရာ
အရိုသေခံတို့၏ရိုသေရာ
အမြတ်နိုးခံတို့၏မြတ်နိုးရာ
ကင်းဝေးစင်ကြယ် ကိလေသာ
ကောင်းသောစကားကို ဆိုတတ်စွာ
မြတ်သောဗုဒ္ဓ တို့ဆရာ။
🙏 ဘုရားမြတ်စွာမကျန်းမာဘူး
လေနာရောဂါဖောက်။
ရေနွေးနှင့်ဆေးလှူဒါန်းပေး
ငြိမ်းအေးလေနာပျောက်။
==
💢 ၄။ ဣသိဒိန္နမထေရ်
~~~~~~~~~~~~~~
၁၈၇။ပါးစပ်-တရား၊လက်-မယားနှင့်
ငါ့သားငါ့ဥစ္စာအစွဲနာသည့်
ဒကာ, ဒကာမတွေတွေ့ရသည်။
၁၈၈။ ဘဝ,ကာမအနိစ္စဟု
ဓမ္မတဖွာဖွာပြောနေပါလည်း
စိတ်မှာသားမယားအစွဲထား၍
ဉာဏ်အားနည်းကာမစွမ်းရှာဘူး
ရာဂကိုပင် မဖြတ်နိုင်ပြီ။
==
💢 ၅။ သမ္ဗုလကစ္စာနမထေရ်
~~~~~~~~~~~~~~~~~~
၁၈၉။တိမ်လိပ်တိမ်ခဲညိုမှောင်မည်း၏
ချုန်းလည်းချုန်းကာရွာလည်းရွာ၏
ငါသည်ကြောက်ခြင်းမဖြစ်ပါ့။
ကြက်သီးလေးတောင်ငါမထ။
၁၉၀။ကြောက်မက်ဖွယ်ကောင်းတောင်လှိုဏ်ခေါင်း၌
အပေါင်းအသင်းအဖော်ကင်းလည်း
ကြောက်ခြင်းကင်းကွာနေရပါသည်
ငါ၏သဘာဝ ငါ့ဓမ္မ။
==
💢 ၆။ နိတကမထေရ်
~~~~~~~~~~~~~
၁၉၁။ ကျောက်တောင်ပုံပြုတည်ငြိမ်မှု
ဘယ်သူ့စိတ်ဓာတ်နည်း?
မတပ်မက်မှုဘုံ,ဝတ္ထု
ဘယ်သူ့စိတ်ဓာတ်နည်း?
အာရုံဆိုးစုစိတ်မခု
ဘယ်သူ့စိတ်ဓာတ်နည်း?
ထိုသည့်တရားပွားများထား
သူအားဆင်းရဲလာမည်နည်း?
၁၉၂။ ကျောက်တောင်ပမာတည်ငြိမ်တာ
ငါ၏စိတ်ဓာတ်ဖြစ်လေသည်။
ဘုံသုံးပါးမှာတပ်မက်ကွာ
ငါ၏စိတ်ဓာတ်ဖြစ်လေသည်။
အာရုံဆိုးမှာအမျက်ကွာ
ငါ၏စိတ်ဓာတ် ဖြစ်လေသည်။
ဤသည့်တရားပွားများထား
ငါအား ဆင်းရဲမလာသည်။
==
💢 ၇။ သောဏပေါဋိရိယမထေရ်
~~~~~~~~~~~~~~~~~~~~
၁၉၃။ကြယ်စင်လင်းလက်ဤညဘက်သည်
အိပ်စက်ဖို့ရန်မဟုတ်လေ။
ဆူညံသံများကင်းဆိတ်သွား၍
တရားအားထုတ်ပါလေ။
၁၉၄။ စစ်မြေတလင်းစစ်ပွဲခင်းစဉ်
ဆင်နင်းခံကာသေခြင်းသာလျှင်
ငါ့မှာတော်သေးမြင့်မြတ်သည်။
ကိလေသာအောက်ငါဒူးထောက်၍
ကြောက်ရွံ့နှလုံးကြောက်ရွံ့ပြုံးနှင့်
ရှုံးသူဘဝရှင်သန်ရသော်
ဘာမျှအမြတ်မရှိပြီ။
==
💢 ၈။ နိသဘမထေရ်
~~~~~~~~~~~~~
၁၉၅။တွေ့တိုင်းရင်ခုန်ကာမဂုဏ်ကို
ခြေစုံကန်ကာစွန့်ပစ်ခွါ၍
သဒ္ဓါဖြူဆွတ်ရဟန်းဝတ်သော်
ဝဋ်ဆင်းရဲတို့ကုန်ပါမည်။
၁၉၆။သေခြင်း,ရှင်ခြင်းနှစ်သက်ခြင်းတို့
ကင်းကွာပြီး၏ငါမရှိပြီ
သတိပညာ ပြည့်စုံစွာဖြင့်
ငါမျှော်လင့်သည် ပရိနိဗ္ဗာန်။
==
💢 ၉။ ဥသဘမထေရ်
~~~~~~~~~~~~~
၁၉၇။သရက်ညွန့်ရောင်သင်္ကန်းဆောင်၍
ဆင်ပြောင်ထက်မှာစီးလိုက်ပါပြီး
ရွာအတွင်းသို့ဆွမ်းခံကြွ။
ငါ့အိပ်မက်သည်ထူးဆန်းလှ။
၁၉၈။လူများမြင်သော်မသင့်တော်ဟု
ဆင်ပေါ်မှဆင်းသက်ခဲ့သည်။
အိပ်မက်ဆန်းကိုသံဝေပို၍
မာန်ကိုချကာ အားထုတ်ပါ၏
ခုခါ အာသဝေါကင်းခဲ့ပြီ။
==
💢 ၁၀။ ကပ္ပဋကုရမထေရ်
~~~~~~~~~~~~~~~~
၁၉၉။ ပုဆိုးစုတ်တွက်လူပြန်ထွက်
ပျက်ကွက်ဘာဝနာ ကြိမ်များစွာ။
ဝင်လိုက်ထွက်လိုက် ခုနစ်ခါ။
၂၀၀။သံဃာ့အလယ်၌စိတ်မစိုက်
အိပ်ငိုက် မနေရာ။
ရခဲခဏ ဒုလ္လဘကို
သင်က မသိလေရှာ။
ဤအခါမှနောင်ကာလ
ဆုံးမတော့မည် မဟုတ်ပါ။ 👑
Credit - မောင်ရဟန်း(သာသနာ့ရင်ခွင်)
⚜️ မထေရ်မြတ်တို့ ကဗျာများ(၁၇)
~~~~~~~~~~~~~~~~~~~~~
https://www.facebook.com/share/p/1HSMWwomTZ/