12/07/2026
ဆရာကြီးယုဒဿန် နှင့် သမ္မာကျမ်းစာ;အင်္ဂလိပ်-မြန်မာ အဘိဓာန်အကြောင်း တစ်စေ့တစ်စောင်း
(ဒီပတ် Judson Sunday(ယုဒဿန်နေ့)ဖြစ်ပါတယ်)
~~~
ဆရာယုဒသန်သည် သာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်၏။ အမည်အရင်းမှာ ဒေါက်တာ.အဒိုနီရမ် ဂျပ်ဆင် (Dr Adoniram Judson) ဖြစ်သော်လည်း မြန်မာတို့က “ဂျပ်ဆင်” ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်းဖြစ်သည်။
သူ၏ မူလရည်မှန်းချက်မှာ ဗြိတိသျှ ကိုလိုနီ အိန္ဒိယ နိုင်ငံတွင်သာသာနာပြုရန်ဖြစ်သော်လည်း အမေရိကန်နှင့် ဗြိတိသျှတို့ ဆက်ဆံရေး မပြေလည်သည့် ကာလဖြစ်သည့်အတွက် အိန္ဒိယအာဏာပိုင်တို့က လက်မခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်၏။
ယင်းအချိန်သည် မြန်မာနိုင်ငံ၌ ကုန်းဘောင် မင်းဆက်၏ ဘုန်းတန်ခိုး အမြင့်ဆုံးအချိန်ဟု ဆိုရမည့် ဘိုးတော်ဘုရား(ဗဒုံမင်း) အုပ်ချုပ်နေချိန်ဖြစ်သကဲ့သို့ အင်္ဂလိပ်နယ်ချဲ့ကလည်း မြန်မာနိုင်ငံကို စောင့်ကြည့်နေချိန်လည်းဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ဘာသာစကားမတူသည့် မြန်မာပြည်တွင် သာသနာပြုရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း ဆရာယုဒသန် နားလည်သည်၊ ထိုကြောင့် မြန်မာစာပေနှင့် စကားတတ်ကျွမ်းရန် အထူးကြိုးစားလေ့လာခဲ့သည်။
မနက်တွင် အိမ်မှထွက်ပြီး ရန်ကုန်မြို့ထဲသို့ သွားရောက်ကာ တွေ့ရာကို လက်ညှိုးထိုး၍ မြန်မာတို့အား မေးမြန်းပြီး မှတ်သား၏၊ အတော်အတန် တတ်ကျွမ်းလာသည့်အခါ အင်္ဂလိပ်စကားကို လုံး၀နီးပါး စွန့်လွတ်၍ မြန်မာလို တွေးနိုင်၊ ပြောနိုင်အောင် ကြိုးစားတော့သည်။ သုံးနှစ်ခန့်ကြာသော် မြန်မာသဒ္ဒါကျမ်းတစ်စောင် ပြုစုနိုင်ခဲ့ရုံသာမက ပါဠိ စကားလုံးပေါင်း လေးထောင်ခန့် စုဆောင်းမိသည် အထိ တတ်ကျွမ်းလာလေသည်။
တဖန် ထိုစကားလုံးများကို အက္ခရာ၀လီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ်ပထမဦးဆုံးအခန်းဖြစ်သော ရှင်မဿဲ ခရစ်၀င်ကျမ်းကိုပင် မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်လေသည်။
ဆရာယုဒသန်သည် မြန်မာဘာသာဖြင့် တရားဟောနိုင်လောက်ပြီဟု ယူဆကာ ပထမဦးစွာ တရားဇရပ် များသို့ သွားရောက်ပြီး ဓမ္မကထိကများ၏ ဟောကြားချက်များကို မြန်မာများနှင့်အတူ နာယူပြီး အတုယူ၏။ နောက်ပိုင်းတွင် ရွှေတိဂုံဘုရားခြေရင်း လူအသွားအလာများသည့်နေရာတွင် ဇရပ်တစ်ဆောင် ဆောက်လုပ်ကာ ခရီးသွားများကို ဧဝံဂေလိ တရားနာရန် ဖိတ်ခေါ်သည့်အပြင် တစ်ဘက်မှလည်း ကလေးသူငယ်များကို သင်ပုန်းကြီးတစ်ချပ်ဖြင့် စာသင်ပေးခဲ့သည်။
၁၈၁၉ ခုနှစ် ဇွန်လ ရန်ကုန်မြို့ရောက်ပြီး ၆ နှစ်အကြာတွင် မြန်မာလူမျိုးထဲမှ “ဦးနော” ဆိုသူက ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘာသာ၀င်အဖြစ် ခံယူလေသည်။ ဦးနောနှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန် အမှုဆောင်များ ပွဲတော်အတူစားသောနေ့သည် သူ့ဘ၀တွင် အပျော်ဆုံးနေ့ဖြစ်ကြောင်း ဆရာယုဒသန်က ဆိုလေသည်။ ယခုတိုင် ရန်ကုန်မြို့ လသာမြို့နယ် စဉ့်အိုးတန်းလမ်းထိပ်တွင် ဦးနော ကို အမှတ်ရသည့် အနေဖြင့် “ဦးနော” နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း တည်ထားသည်။
၁၈၁၉ ခုနှစ် ဇွန်လတွင် ဘိုးတော်ဘုရား (ဗဒုံမင်း) နတ်ရွာစံ၏၊ မြေးတော် စစ်ကိုင်းမင်း “ဘကြီးတော်ဘုရား” နန်းတက်သည်။ ဆရာယုဒသန်နှင့် တစ်ခြားသော သာသနာပြုတဦး သွားရောက်ဖူးမျှော်ခဲ့ပြီး ၁၈၂၂ ခုနှစ် ဘကြီးတော်ဘုရား၏ရှေ့တွင် တရားဟောပြောခွင့် ရရှိလေသည်။ ဘုရင်က အင်း၀ နေပြည်တော်တွင် နေထိုင်ခွင့်ပေးခဲ့ရာ နန်းတွင်းသို့ပါ ၀င်ထွက်ခွင့်ရလာပြီး မြ၀တီမင်းကြီး ဦးစ၊ မက္ခရာ မင်းသားကြီး၊ ခဲပေါင်မြို့စား ဦးရွှေလူ စသည့် မြန်မာပညာရှိများဖြင့် ရင်းနှီးကျွမ်း၀င်ကာ ဘာသာရေး အသိအမြင်များ ဖလှယ်ခွင့်ပိုမိုရရှိလာ၏။ ထိုစဉ်က ဓားထက်ခဲ့သည့် နန်းမတော်မယ်နုတို့ မောင်နှမနှင့် သာယာ၀တီ မင်းသားအကြားရှိ နန်းတွင်းရေး အရှုပ်တော်ပုံများကိုလည်း ဆရာယုဒသန် ကောင်းစွာသိခွင့်ရခဲ့သည်။
သို့သာ် ၁၈၂၄ ခုနှစ် အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွားသည့်အခါ နိုင်ငံခြားသားများဖြစ်သည့် ဆရာယုဒသန်၊ ဒေါက်တာ.ပရိုက် (စ) တို့ ဖမ်းဆီးခြင်းခံရပြီး အင်း၀လက်မရွံ့ထောင်တွင် ၁၁ လခန့် ချုပ်နှောင်ခံခဲ့ရသည်။ မရေရာသည့် အချုပ်အနှောင်ကာလအတွင်း သမ္မာကျမ်းစာကို ၎င်း၏ခေါင်းအုံးအဖြစ် အသုံးပြုသည့် ဝါးပိုးဝါးအတွင်း ထည့်သွင်းကာ မပြတ်ဖတ်ရှုလေ့လာခဲ့ပြီး ထောင်ကို မီးဘေးသင့်သည့်အခါ သမ္မာကျမ်းစာ ထည့်သွင်းထားသည့် ဝါးပိုးဝါးမှာ မီးမလောင်ဘဲ ကျန်နေခဲ့သည်ဟု မှတ်သားရဖူးသည်။
၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ခဲပေါင်မြို့စား ဦးရွှေလူ၏ အကူအညီဖြင့် ဆရာယုဒသန် ပြန်လည်လွတ်မြောက်လာရာ အင်္ဂလိပ် - မြန်မာ စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်ချုပ်ဆိုရာတွင် ဘာသာပြန်သူအဖြစ် ၀င်ရောက်ဆောင်ရွက်ပေးရပြန်၏။
၁၈၂၆ ခုနှစ် အင်္ဂလိပ် - မြန်မာစစ်ပွဲပြီးဆုံးချိန် ဆရာယုဒသန် ပြုစုသည့် မြန်မာ - အင်္ဂလိပ် အဘိဓာန် (A Dictionary of the Burmese Language with explanations in English, Calculta, Baptist Mission Press 1826) ကို အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဘက်ပတစ် သာသနာပြုပုံနိုပ်တိုက်မှ ပုံနိုပ်ထုတ်ဝေခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်ကျမ်းများထဲတွင် အစောဆုံးဟုဆိုသော်လည်း ဆရာယုဒသန်ကမူ ပြည်စုံခြင်းမရှိဟု ယူဆ၏။
ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ် - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တစ်အုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။ သို့သော်လည်း ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။
ထိုနှစ်မှာပင် အင်းဝနေပြည်တော်မှ အင်္ဂလပ်ပိုင် ကျိုက္ခမီနှင့် မော်လမြိုင်မြို့များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး မပြီးဆုံးသေးသည့် ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းများ ဘာသာပြန်ခြင်း၊ အဘိဓာန် ဆက်လက်ပြုစုခြင်းလုပ်ငန်းများကို မနားမနေ လုပ်ကိုင်ခဲ့၏။
မြန်မာစာပေ သမိုင်းတွင် ဒုတိယ အစောဆုံးဟု ဆိုရမည့် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန္ခဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။
မြန်မာ့စာပေ သမိုင်းတွင် ပထမဆုံး အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ ၁၈၄၁ ခုနှစ် မက္ခရာမင်းသားကြီးနှင့် ဗြိတိသျှကုန်သည်ကြီး ချားလ်လိန်းတို့ တွဲဖက်ပြုစုခဲ့သည့် အဘိဓာန်ဖြစ်၏။
ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနိုပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပုံနိုပ်ပြီးစီးလေသည်။
ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက် မကျန်းမမာဖြစ်လာသည်။ ပင်လယ်လေ ရှူရှိုက်ရန် လိုအပ်သည့်အတွက် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီးထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေချသဂြိုလ်လိုက်ကြသည်။
ဆရာယုဒသန်၏ စကားတချို့
~~~
“မြန်မာနိုင်ငံမှာ လက်ဝါးကပ်တိုင် မစိုက်ထူနိုင်သရွေ့ ကျွန်တော် အိမ်ပြန်သွားမှာမဟုတ်”
“အခက်ခဲကြုံသမျှအားလုံးသည် ခြောက်ကပ်နေသော မြန်မာစိုပြေလန်းဆန်းဖို့ရန် ဖြစ်သည်”
“ဆုတောင်းတိုင်း မပြည့်ရင်လဲ ဆုတောင်းခြင်းကို ရပ်တန့်မှာမဟုတ်ဘူး”
ဆရာယုဒသန်ကို အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် နှစ်ခြင်းသာသနာပြုများက ဂျပ်ဆင်ကောလိပ်နှင့် ဂျပ်ဆင်ဘုရားကျောင်းကို တည်ထားခဲ့ပြီး ယနေ့တိုင် ရန်ကုန်တက္ကသိုလ်၀န်းအတွင်း ခန့်ညားထည်ဝါစွာ တည်ရှိသည်။
ဆရာယုဒသန် အကျဉ်းကျခံခဲ့ရသည့် အင်းဝ လက်မရွံ့ထောင်နေရာတွင်လည်း အမှတ်တရအဖြစ် ယုဒသန်ကျောက်တုံးအမည်ရှိ ကျောက်တုံးကြီး တစ်တုံးထားရှိကာ ကဗ္ဗည်းအက္ခရာထိုး၍ ထားရှိဖူးသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာယုဒသန်သည် မြန်မာစာပေသမိုင်းတွင် အရေးပါသည် မြန်မာ - အင်္ဂလိပ်၊ အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီးများနှင့် သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူဖြစ်လေသည်။
ဆရာယုဒသန်စာအုပ်များအား ကိုးကားပြုစုရေးသားသည်။
မူရင်း - equipmyanmar
#ဆရာကြီးယုဒဿန်