04/05/2026
#ဗားမဲ့ဆရာတော်ဘုရားအတ္ထုပ္ပတ္တိ"
________________________________
________________________________
ဗးမဲ့ဆရာတော်ကား ရခိုင်နယ်စပ်၊ ဗားမဲ့တောင်ခြေရွာ၌ သက္ကရာဇ် ၉၉၃ ခုတွင်၊ ဖွားမြင်တော်မူ၍ ဟံသာဝတီပြည်ကြီး၌ ရှမ်းသာမဏေ ပြုလုပ်ပြီးလျှင် စာပေပိဋကတ်တို့ကို သင်ကြား၍နေတော် မူ၏။ ဘွဲ့တော်ကား နန္ဒသာရတည်း။
တစ်ရံရောအခါဟု ဆိုအပ်သော ထိုနေ့၌ ဟံသာဝတီမြစ်ကမ်းသို့ ဒေသစာရီ ကြွချီတော်မူရာ၊ သူရူးတစ်ယောက်နှင့် တွေ့ကြုံစဉ် မြစ်လယ် မှ မိကျောင်းတစ်ကောင်သည် ကြေးနီပုရပိုက်ကိုကိုက်၍ ပေါ်ပြီးလျှင် ကမ်းခြေသို့ ကူးလာ၏။ထိုအခါ သာမဏေက သူရူးအား ကြေးနီ ပုရပိုက်ကို လုယူပါဟုပြောလျှင် သူရူးလည်း ဆင်း၍လု၏။ ရသော် ကြေးနီပုရပိုက်ကို သာမဏေအားပေး၍ ကြည့်ရှုရာ အချို့သောပညာ ရပ်များကိုသာသိ၍ အချို့သောပညာရပ်များကို နားမလည်သဖြင့် စုံစမ်း မေးမြန်းခြင်းကိုပြု၍နေစဉ်၊ တစ်နှစ်လွန်လေ၏။ ထို့နောက် ဟံသာဝတီ မြို့ရှေ့၊ လေးထပ်ဆရာတော်ကျောင်းတွင် ရဟန်းပြုလေ၏။
ဝိဇ္ဇာဓိုရ်နှင့် ဗားမဲ့ဆရာတော်တွေ့ခြင်း
တစ်ညဉ့်သ၌၊ ဗားမဲ့ဆရာတော်ဖြစ်လတ္တံ့သော နန္ဒသာရ အမည်ရှိသော ရဟန်းပျိုသည် အင်ကြင်းပင်အောက် ဆောက်အပ်သော ဝါးကျောင်းငယ်တွင် မိမိ အားထုတ်နေကြဖြစ်သော ဗုဒ်ဓါနုူတိ ကမ္မဋ္ဌာန်းကို ပွားများ၍ နေတော်မူရာ၊ တကာယောက်ျားတစ်ယောက် ဝင်ရောက်ရှိခိုးလာသောဟူ၏။ အထူးသဖြင့် မွှေးကြိုင်၏။ ထိုအခါ ရဟန်းက အသူနည်းမေးရာ တပည့်တော်ဝိဇ္ဇာဓိုရ်ယောက်ျားပါ ဟု ပြန်ကြားလျှောက်ထားသဖြင့် အမည်ကိုမေးရာ မဟာသိဒ္ဓိမည် ကြောင်းကို လျှောက်ထား၏။
ထို့နောက် နေထိုင်ရာနေရာမှစ၍ သိလိုသမျှ အကြောင်းတို့ကို အစဉ်တစိုက် မေးမြန်းရာ အောက်ပါအတိုင်း လျှောက်ထားလေ၏။ ထူးဆန်းအံ့သြဖွယ်ကောင်းသော၊ တန်ခိုးသတ္တိရှိသော၊ ဆေးပင်များ ပေါက်ရာ သီရိရုက္ခမည်သောတောင်၌ နေပါကြောင်း၊ ထိုတောင်၏ အနီး ကြီးမားသော ဂန္ဓမာဒနတောင်သည်ရှိကြောင်း၊ ထိုတောင်၌ ရွှေဂူ ငွေဂူ စသည်လည်းရှိကြောင်း၊ ၄င်းအနီး၌ အနောတတ်ရေအိုင် ရှိပါသည်။
ထိုရေအိုင်သည် ဥတုသုံးပါးလုံး၌ နေရောင်မရောက်ပါ။ထိုရေအိုင်တွင် တန်ခိုးကြီးသော နဂါး ဂဠုန်မှစ၍ ဝိဇ္ဇာဓိုရ်ယောက်ျားများနှင့် အချို့နတ်များ ရေမိုးသုံးသပ်၍ ပျော်ပါးကြပါသည်။ တပည့်တော်များ မှာ အစာအာဟာရစားလိုသောအခါ ဇမ္ဗုသပြေသီးနှင့် အမန္တရမည်သော သစ်သီးများကိုသာ စားသုံးကြပါသည်။
ထိုအသီးများသည် အိုးစရည်းခန့် ကြီးမား၍ အနံ့အရသာများနှင့် လွန်စွာကောင်းမွန်လှပါသည်။ ထိုအသီးများကိုး စားရ၍ တပည့်တော်တို့ ၏ ကိုယ်အနံ့များလည်း မွေးကြိုင်ပါသည်။ အလွန်ပေါ့ပါးသောကိုယ် လည်း ရှိပါသည်ဟု လျှောက်ထားလေ၏။
ထိုအခါ ဤအရပ်သို့ ဘယ်အကြောင်းနှင့် လာပါသနည်းဟု မေးမြန်းတော်မူရာ အရှင်ဘုရားနှင့် တပည့်တော်သည် လွန်ခဲ့သောဘဝ က ညီအစ်ကိုအရင်း ဖြစ်ခဲ့ဖူး၍ ရွှေပေကိုလှူဒါန်းရန် လာပါသည်။ ဤစာပေပညာရပ်များကို လိုက်စားတော်မူပါက အလိုရှိသမျှ ပြည့်ဝ စုံလင်တော်မူပါလိမ့်မည်ဟု လျှောက်ထားလေ၏။
ထိုအခါ ရဟန်းတော်က မိကျောင်းပါးစပ်မှရသော ကြေးနီပုရပိုက် ကိုပြ၍ မသိသောအရာများကို မေးမြန်းရာ...
တပည့်တော်မှာ အရှင်ဘုရားအား သင်ကြားဖို့ အချိန်မရနိုင်ပါ၊ ပုပ္ပားတောင်၏ အရှေ့ဘက်တွင် ကျောက်ဂူရှိပါသည်။ ထို ကျောက်ဂူတွင်နေသော အင်းဘီလူးထံ ကြွသွား၍ အမဲသားအတုံးငယ်လေးတွေ ယူပြီးလျှင် အင်းဘီလူးမင်း... အမဲသားစားပါ မည်လောဟုမေးပါ၊ စားမည်ဟု ပြောပါလိမ့်မည်။ စားချင် လျှင် ပါးစပ်ဟဟုဆိုလျှင် ဟပါလိမ့်မည်။ ခပ်လှမ်းလှမ်းကနေ၍ အမဲသားကို ပစ်၍ပေးပါ။ ဘီလူးအင်းပါးစပ်တွင်းသို့ရောက်၍ စားနေသောအခါ အလိုတော်ရှိသမျှ မေးပါ၊ ပြောပါလိမ့်မည်၊ နောက်ဆုံးအမဲသားတုံးကြီးကြီးကို ပေးထားခဲ့ပြီးလျှင် အမြန် အပြင်ထွက်တော်မူပါ ဟု လျှောက်ထားလေ၏။
ထိုအခါ ရဟန်းတော်က ကျေးဇူးတင်ကြောင်း ပြောကြားပြီးလျှင် ဆက်၍မိန့်တော်မူသည်မှာ...လွန်ခဲ့သောဘဝမှ ညီအစ်ကိုတော်သည် ဟုဆိုရာမှာ ကြာမြင့်လှလေပြီ၊ ယခုမှ လာရောက်ထောက်ပံ့သည်မှာ မေ့လျော့၍နေဟန်ရှိသည် ဟု မိန့်တော်မူရာ ဝိဇ္ဇာဓိုရ်ယောက်ျားက ပြန် ကြားလျှောက်ထားသည်မှာ...
မေလျှော့၍နေသည် မဟုတ်ပါ၊ ဤလူ့နေရာသို့ လာရခြင်းမှာ လွန်စွာဝန်လေးလှပါသည်။ ဘုန်းကံကြီးမားသော သူများထံသို့ ဖြစ်စေ၊ သီလသမာဓိ စသော ဂုဏ်ရှိသူများထံသို့ဖြစ်စေဤ ပုဂ္ဂိုလ်များထံ၌သာ လာလို ရောက်လိုသောစိတ် ရှိပါသည်။ အရှင်ဘုရားမှာ ယခုကဲ့သို့ သီလ သိက္ခာ စင်ကြယ်စွာ နေခြင်း ကြောင့်သာ လာလို ရောက်လိုသော စိတ်အတိုင်း လာရောက်ရပါသည်ဘုရား
ဟု အလုံးစုံကို လျှောက်ထား၍ နှုတ်ဆက်၍ ဆင်းသက်ပြန်သွားလေသည်။
အင်းဘီလူးထံသွားခြင်း
ထို့နောက် နန္ဒသာရအရှင်မြတ်၏ တပည့် ရှင်မုန်ယိုဆိုသူ သာမဏေတစ်ပါးနှင့် ပုပ္ပားတောင်သို့ သွားရောက်ကြ၍ ဝိဇ္ဇာဓိုရ်ယောက်ျား ပြောသည့်အတိုင်း ဆောင်ရွက်ကြရာ မကြာမီပင် လိုအင်ဆန္ဒ ပြည့်ဝစုံလင်တော်မူခဲ့လေသည်။
ထို့နောက် ပုပ္ပားတောင်မှ ဟံသာဝတီမြို့သို့ ပြန်ရောက်ကြပြီး လျှင် ရဟန်းတော်အရှင်မြတ်သည် အရပ်ရပ်သော လောကီပညာရပ်များ ကို လိုက်စားတော်မူလေ၏။ နေကြောင်းအင်း၊ လကြောက်အင်း၊ သံပေါက်အင်း စသည်တို့ကိုလည်း စမ်းသပ်တော်မူ၏။ ကာယသိဒ္ဓိပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ စသောလမ်းများကိုလည်း ကြိုးပမ်းတော်မူ၏။
ရှိန်းဆာယာအတတ်သက်ပြောင်းကိုယ်ခွာအတတ်မှစ၍ အရပ်ရပ်သော လောကီဘက်ဆိုင်ရာ အတတ်များကိုလည်း ထမြောက်အောင် မြင်တော်မူ၍ အလွန်ကျော်ကြားတော်မူလေ၏။
ဤကဲ့သို့လောကီပညာများကိုသာ လိုက်စားတော်မူကြောင်းကို ငါးဆူဒါယကာမင်းတရားကြီး ကြားသိတော်မူလေလျှင်၊ ရဟန်း တော်တို့၏ အကျင့်သိက္ခာနှင့်မညီဟုဆို၍ ညောင်ရမ်းမြို့သို့ ပို့လေ၏။ သက္ကရာဇ်(၉၅၅)ခုနှစ်၌ ညောင်ရမ်းမြို့သို့ရောက်လျှင်၊ မင်းရဲနန္ဒမိတ် အမည်ရှိသော ညောင်ရမ်းမင်းသည် ရဟန်းတော်နန္ဒာသာရ၏ အတ္ထုပ္ပတ္တိ နှင့် ပညာများကို စုံစမ်းသိရှိတော်မူလေလျှင် အားရတော်မူ၍ နန္ဒ သာရကဝိဓဇဟူသောဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၍ ကျောင်း ဆောက်ကိုးကွယ်တော်မူ၏။ ဗားမဲ့ဆရာတော်ဟု ထင်ရှားတော်မူ လေသတည်း။
ထို့နောက် တိုင်းရေးပြည်ရေး မငြိမ်မသက်ရှိသောကြောင့် ဗားမဲ့ ဆရာတော်ကိုပင့်၍ ဤသို့တိုင်ပင်တော်မူ၏။
ယခု နောင်တော်ကြီးမင်းတရားသည် တိုင်းပြည်နိုင်ငံတို့ကို မသိမ်းမပိုက်နိုင် တာရှည်သော် အရေးခက်ချိမ့်မည်၊ ဘယ်သို့စီမံ ကြံစည်သော် သင့်ပါမည်နည်း၊ ဟံသာဝတီသို့ချီ၍ လုပ်ကြံရသော် သင့်မည်လော၊ နေရင်း ညောင်ရမ်းတွင်နေရသော် သင့်မည်လော၊ ရတနာပူရအင်းဝနေပြည်တော်သို့ ချီတက်လုပ်ကြံရသော် သင့်မည် လော"ဟု လျှောက်သည်တွင် ဗားမဲ့ဆရာတော်က မိန့်သည်ကား...
တလိုင်းသုံးရပ်သည် နံခံနိမ့်သည်၊ ထောင်းထောင်းညက်ညက် ပျက်လိမ့်မည်၊ ညောင်ရမ်းမြိုကလည်း မင်းတို့စံရာ ရာဇဌာနီ မဟုတ်၊ သို့ဖြစ်သောကြောင့် အင်းဝမြို့သည် ရာဇဌာနီ မြန်မာတို့ ဦးစွန်းထွန်းရာဖြစ်သည်။ တိုင်းခရိုင်နိုင်ငံလည်း အလွန်ကျယ်ခန်း သည်။ ရတနာပူရ အင်းဝနေပြည်တော်ကနေ၍ အရပ်ရပ်သိမ်းယူ တော်မူသော် ထီးဆောင်းမင်းအပေါင်းတို့ကို စိုးမိုးပိုင်သတော်မူ ပြီးလျှင် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် လက်နက်နိုင်ငံတော်ဖြစ်၍ သာသနာတော် အလွန်ပွင့်လန်းစည်ပင် မည်၊ မြန်မာပြည်အလုံးကို လက်ရုံးဆန့်တန်းကာ စိုးမိုးပိုင်သရန် အစီအရင် ဖြစ်ပါသည်
ဟု မိန့်ဆိုတော်မူသည်ကို မင်းတရားကြီးနှင့်တကွ မှူးတော်မတ် တော်မှစ၍ ရဟန်းပညာရှိ လူပညာရှိအပေါင်းတို့ အကြိုက်ညီကြသဖြင့် အရပ်ရပ်သော လောကီပညာ စီရင်စရာ အင်းအိုင်၊ ခါးလှဲ့၊ လက်ဖွဲ့၊ မန္တရား စသည်များကို ကိုယ်တော်၏ အဆောင်အရွက်နှင့်တကွ သန် လျက်တော်၊ ရွှေယပ်၊ ချွေးသုတ်ပဝါမှစ၍ အလံ၊ ဗုံ၊ မောင်း၊ ဆင်၊ မြင်း၊ တံခွန်၊ စည်ကြီး၊ ခွက်ခွင်း စသည်တို့တွင် စီရင်တော်မူလေ၏။ မင်းတရားကြီးသည် ညောင်ရမ်းမြို့မှာရှိသည့် အမှုထမ်း အရာ ထမ်းတို့ကို အပါးတော်သို့ လာရောက်စေ၍ အရပ်ရပ်ကို သိမ်းကြုံးစည်းကြပ်၍ ဗားမဲ့ဆရာတော်သို့ အပ်လေ၏။ (ဤကား ဗားမဲ့အင်းကျမ်းမှလာသော မူရင်းစာအတိုင်း တည်း)။
ဗားမဲ့ဆရာတော်ဘုရားကြီး ပျောက်ကွယ်ရာမှ ပြန်လည် ပေါ်ပေါက်လာခြင်း
ပြည်တော်ဝင် ဆိုသည့် စကားမှာ ဝိဇ္ဇာလောက၌ ထင်ရှားရှိ ပါသည်။ လောကီပညာကို တစ်ဖက်ကမ်းရောက်လို့ ထွက်ရပ်ပေါက် သွားသော ပုဂ္ဂိုလ်သည် သာသနာရေး၊ ဘာသာရေးကိစ္စများကို လောက ၌ ဆောင်ရွက်ရန် အထက်ပုဂ္ဂိုလ်ကြီးများက တာဝန်ပေး၍ စေခိုင်းလျှင် အကြင်ပုဂ္ဂိုလ်သည် လူ့လောကသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာရ ခြင်းကို" ပြည်တော်ဝင်ဟု ခေါ်ပါသည်။
အချို့လည်း အထင်အရှား ဝင်လာသလို၊ အချို့လည်း မထင်မရှား ပုံဟန် အမျိုးမျိုးနှင့် ဝင်ရောက်လာကြပြီး ၄င်းတို့၏သက်တမ်း၊ မည် သည့်အရပ်ဌာန၊ မည်သည့်ကိစ္စ စသည်တို့ကို သိခွင့်မရနိုင်ပေ။ ထိုပုဂ္ဂိုလ်၏ ပြောဆိုသမျှ အမည်၊ အသက်ကိုသာ မှတ်ယူထားတတ်ကြပါသည်။ အကြောင်းတစ်ခုကို ပြောရလျှင် ထိုပြည်တော်ဝင် ပုဂ္ဂိုလ်ဖြစ်သော ဂန္ဓာရီဝိဇ္ဇာတို့သည် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီး လောက်က အတော်များများ ပြည်တော်ဝင်လာကြပြီး သာသနာရေး ကိစ္စ၊ သတ္တဝါတို့ ကပ်ကြီးသုံးပါးကျော်နင်းနိုင်ရန်ကိစ္စတို့ကို မနေမနား လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြကြောင်းကို ၄င်းပုဂ္ဂိုလ်တို့နှင့် တရင်းတနှီး ထိပ်တိုက်တွေ့ဆုံခဲ့သော သူများထံမှ သိခွင့် လေ့လာခွင့် ရခဲ့ပါသည်။ ၄င်းပြည်တော်ဝင်"ပုဂ္ဂိုလ်တို့သည်ကား မိမိဆောင်ရွက်ရန်ကိစ္စ ပြီးစီး ပါက ခြေရာလည်းပျောက်၊ ရေလည်းနောက်ဆိုသလို ပျောက်ကွယ် သွားတတ်ကြပါသည်။ ထိုပုဂ္ဂိုလ်တို့ကိုပင် ကိစ္စပြီး၍ အသီးသီးပျောက် ကွယ်သွားကြခြင်းကို ပြည်တော်ထွက်ဟု ဆိုခြင်းဖြစ်ပါသည်။
ထိုပြည်တော်ဝင်နှင့် ပြည်တော်ထွက်ဟူသော စကား နှစ်ရပ်မှာ ဝိဇ္ဇာလောက၏ ဆိုရိုးစကား ဖြစ်ပါသည်။ ကျွနိုပ် ဘဝတစ်လျှောက်၌ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို အတော်များများ တွေ့ခဲ့ဖူးပါ သည်။
ဥပမာအားဖြင့် ပြည်တော်ထွက်သည့်ကိစ္စအကြောင်းကို ဖော် ပြရသော်၊ အဘဘိုးမင်းခေါင်သည် သာသနာ့ကိစ္စ၊ ကမ္ဘာ့ကိစ္စတို့ကို ပြည်တော်ဝင်ကာလ၌ အပတ်တကုတ် ကြိုးစားဆောင်ရွက်တော် မူပြီးနောက် ပုပ္ပားစခန်းမှ ပြည်တော်ထွက်ကိစ္စကို ဆောင်ရွက်သည့် အလား ထွက်ရပ်စခန်းသို့ ကြွမြန်းတော်မူပြီး၍ မရှေးမနှောင်းသော ကာလ၌ ရာကျော်ဘိုးတော်၊ ဦးသောကြာ၊ ဘိုးပေါက်ဆိန် ဘိုးဘိုးငယ်၊ ဘိုးဝါယမ၊ ဘိုးတက်၊ ဘိုးတော်ဣဿရိယ၊ ဘိုးဇာဂရု အစရှိသော ပုဂ္ဂိုလ်တို့သည် လောကမှ တစ်ယောက်ချင်းဆိုသလို ရှေ့နောက် လောက မှ ပျောက်ကွယ်သွားကြကုန်ပါသည်။ ၄င်းတို့သည် တာဝန်ပြီးဆုံး၍ လောကမှ ပြည်တော်ထွက်ခဲ့ကြကုန်ပြီတကား။
စာရှုသူအနေဖြင့်သိထားဖို့ရာမှာဘုရားတည်၊ ကျောင်းဆောက် သာသနာပြုတယ်ဆိုတိုင်း ဂန္ဓာရီဝိဇ္ဇာမဟုတ်ပါ။ ဃောရဂန္ဓရီကိစ္စကို အောင်မြင်ဖို့ရာ သိဒ္ဓိ(၁၀)ပါး ပြီးမြောက်ရပါသည်။ ထိုသိဒ္ဓိ(၁၀)ပါးထဲ မှ သိဒ္ဓိငယ်(၃)ပါးဖြစ်သည့် ဓနသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ ကာယသိဒ္ဓိ ပြီးစီးလျှင် ဘုရားတည်ကျောင်းဆောက် သာသနာပြု၍ ရပါသည်။ သို့သော် ကျန် သိဒ္ဓိကြီး(၇)ပါးကိုကား မရနိုင်သေးချေ။
ပြည်တော်ဝင်ခြင်း အကြောင်းကို ရှေးဦးမဆွ ရေးရခြင်းမှာ ဗားမဲ့ဆရာတော်ဘုရားကြီးသည် တိုင်းပြည်၌ သာသနာပွင့်လင်း တိုးတက်မည့်အခါသို့ရောက်တိုင်း ထင်ရှားပေါ်ပေါက်လာလေ့ ရှိသည့် အကြောင်းကို ရေးသားဖော်ပြလို၍ ဖြစ်ပါသည်။ ကျွနိုပ်တို့ မြန်မာနိုင်ငံ တွင် ဗားမဲ့ဆရာတော်ဘုရားကြီး ပေါ်ပေါက်ခဲ့သည့် သမိုင်းနောက်ကြောင်းကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုပါက သထုံမနူဟာမင်း ကြီး`လက်ထက်တော်တွင် တစ်ကြိမ်၊ တောင်ငူညောင်ရမ်းခေတ်တွင် တစ်ကြိမ် နန်းဦးဆရာတော်အဖြစ် ပေါ်ပေါက်ခဲ့ပါသည်။
သို့သော် ဆရာတော်ဘုရားကြီးအား မွန်လား၊ ရခိုင်လား၊ ကုလား လား၊ မြန်မာလားဟု ဝေဖန်ဆန်းစစ်နေစရာ မလိုတော့ပါ။ ဝိဇ္ဇာဆိုသည် မှာ သူတို့လာချင်သည့်အချိန်၊ သူတို့ဖန်ဆင်းခြင်သည့်ရုပ်၊ သူတို့ရောက် ချင်သည့်အရပ်၌ ပေါ်ပေါက်လာတတ်သောကြောင့် ရှေးဆရာ အဆက်ဆက် မှာကြားခဲ့သည်မှာ ဝိဇ္ဇာကို ခြေရာမခံနဲ့ဟု သတိပေးခဲ့ပါ သည်။
ဤနေရာတွင် ဗားမဲ့ဆရာတော်ပျောက်ကွယ်လစ်လပ်နေသော ခေတ်ကာလတစ်ခုကို ဖော်ပြလိုပါသည်။ ဗားမဲ့ဆရာတော်သည် သာသနာပြုမည့် မင်းကောင်းမင်းမြတ် ပေါ်ထွန်းမည့် ခေတ်ကာလ၌ သာ ရုတ်တရက် ပေါ်ပေါက်လာတတ်ပါသည်။ ဗားမဲ့ဆရာတော်ဘုရားသည် ကုန်းဘောင်ခေတ်တစ်လျှောက်လုံး၌ ကွယ်ပျောက်နေရခြင်းမှာ မုဆိုး(၁၁)ဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တွင် ထီးကျိုးစည်ပေါက် ထီးနန်း
ပျောက်မည်ကို ကြိုတင်သိမြင်တော်မူခြင်းကြောင့် ဗားကျောင်းတော်ဆောက်ခြင်း၊ လောကီပညာရပ်တို့ကို သင်ကြားဖြန့်ဖြူးခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်ခြင်း မရှိဘဲ၊ ကုန်းဘောင်မင်းဆက် မတိုင်မီကာလ(၇၂)ခုတွင် ညောင်ရမ်းမင်း စိုးစံတော်မူသော အင်းဝမှအသေရုပ်ကိုပြပြီး အရှင်စခန်းဖြင့် အထွက်လမ်းကို ကြွမြန်းတော်မူခဲ့လေသည်။ ဗားမဲ့ဆရာတော်ဘုရားကြီးသည် သာသနာ့အရောင် ထွန်း ပြောင်ခဲ့သော အင်းဝနေပြည်တော်ကြီး၌လည်း သာသနာပြုခဲ့သည်ကို အင်းဝရှိ မီးမလောင်ဘဲ ကျန်ရစ်ခဲ့သော ဗားကရာကျောင်းတော်ကြီး က ယနေ့တိုင် သက်သေထူလျက် ထီးထီးရှိနေပါသည်။
အင်းဝခေတ်မှ ဗားမဲ့ဆရာတော်ကြီး ပျောက်ကွယ်သွားပြီးသည့် နောက်ပိုင်းကာလများတွင် ဗားမဲ့ဆရာတော်သည် မရှိပြီလော၊ သို့မဟုတ် ရှိနေသေးသလော ဟူသော ရှိ,မရှိ ပဟေဠိပုစ္ဆာများကို ပြောဆိုနေကြ ပါသည်
(ဗားမဲ့ဆရာတော်ဘုရားကြီး အင်းဝခေတ်က အသုံးပြုခဲ့သော ဂမ္ဘီရဝိဇ္ဇာပစ္စည်းအချို့မှာ ၄င်းနှင့် ပါရမီအဆက်ရှိသော မြောက် ဥက္ကလာပ၊ နာဂလိုဏ်ဂူ ကလေးဝတောရဘုရားထံတွင်ရှိကြောင်း | သိရှိရပါသည်။ )
ဗားမဲ့ဆရာတော်ဘုရားကြီး ကာလအတန်ကြာပျောက်ကွယ်နေ ခဲ့ပါသော်လည်း အတိတ်ဘဝက ပါရမီပဋ္ဌာန်းဆက် ရှိခဲ့သော ပုဂ္ဂိုလ် ထူး၊ ပုဂ္ဂိုလ်မြတ်တစ်ပါး သာသနာပြုလာသော အချိန်ကာလတွင် ဗားမဲ့ ဆရာတော်ဘုရား ခေတ္တပေါ်ပေါက်လာပုံကို ဖော်ပြလိုပါသည်။ ထိုပါရမီ ရှင်ကား အခြားမဟုတ် ကလေးဝဆရာတော်ဘုရား ဖြစ်ပါသည်။ ဆရာတော်ဘုရားသည် ဗားမဲ့ဆရာတော်ဘုရားနှင့် အဓိကပဋ္ဌာန်းဆက် ရှိသောပုဂ္ဂိုလ် ဖြစ်ပါသည်အဘယ်ကြောင့်ဆိုသော် ဗားမဲ့ဆရာတော် ဘုရား ရှိ-မရှိ အဖြေကိုကား ကလေးဝဆရာတော်ဘုရား ၁၉၆၇ ခု၊ ဇန်နဝါရီလ(၂၅)ရက်ကောဇာသက္ကရာဇ် ၁၃၂၈ ခု၊ ပြာသိုလပြည့် ဗုဒ္ဓဟူးနေ့တွင် အကျွတ်အလွတ်စေတီတော်(၂)ဆူကို ထီးတင်သောကာလ ၌ ဗားမဲ့ဆရာတော်ဘုရားကြီး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ကလေးဝဆရာတော်ဘုရားနှင့် တွဲ၍ဓာတ်ပုံရိုက်ယူထားသော မှတ်တမ်း က အခိုင်အမာ သက်သေထူလျက် ရှိပါသည်။
ဗားမဲ့ဆရာတော်ကြီး၏ အကြောင်းကို ပြောလျှင် အဘအေဝမ်း ဦးအောင်ချမ်းသာနှင့် ကလေးဝဆရာတော်ဘုရားတို့အကြောင်း ပါဝင်မှ ပြီးပြည့်စုံပေလိမ့်မည်။
~~~✍