Dhamma Archive 2 Dhamma Archive Website ရဲ့ ဒုတိယ Page ဖြစ်ပါတယ်။

ဝိနယဝိဒူ၊ ပါစိတ်ကျမ်းအတွက် သင်တန်းများ ပြန်စတင်တော့မည်အားလုံးပဲမင်္ဂလာပါ။ အစိုးရနိကာယ်၊ ဝိနယဝိဒူတန်း၊ ပါစိတ်ကျမ်းအတွက် သ...
23/07/2026

ဝိနယဝိဒူ၊ ပါစိတ်ကျမ်းအတွက် သင်တန်းများ ပြန်စတင်တော့မည်

အားလုံးပဲမင်္ဂလာပါ။ အစိုးရနိကာယ်၊ ဝိနယဝိဒူတန်း၊ ပါစိတ်ကျမ်းအတွက် သင်တန်းပြန်လည် စတင်တော့ပါမယ်။ အရှင်သီလဝံသာလင်္ကာရ ပို့ချပေးနေတာ စာမျက်နှာ ၈၀ ကျော်ထိ ရောက်ပြီးတဲ့နောက် အကြောင်းအမျိုးမျိုးနဲ့ သင်တန်းခဏနားလိုက်ရလို့ ၁၅-၈-၂၀၂၆ ရက်နေ့ကနေစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေညတွေမှာ ၀၇၃၀ နာရီကနေ ၀၈၃၀ နာရီခန့်အထိ လေ့လာသင်ယူ သွားကြမှာ ဖြစ်ပါတယ်။ ပါဠိအခြေခံ အထိုက်အလျောက် ရှိတဲ့သူတွေ စိတ်ပါဝင်စားရင် စာပို့စာရင်းပေးပြီး တက်လို့ရပါတယ်။

သင်တန်းပြီးတဲ့အခါ အစိုးရနိကာယ်ရော၊ ပိဋကတ္တယမာမာကအသင်းက ကျင်းပတဲ့ စာမေးပွဲတွေရော ဝင်ဖြေဆိုလို့ ရသွားမှာပါ။ နှစ်ပတ်တစ်ကြိမ် စာမေးတာလေးတော့ ရှိပါမယ်။

Zoom meeting နဲ့ Online က သင်တာပါ။

အစိုးရနိကာယ်စာမေးပွဲအကြောင်း သိချင်ရင်-
https://youtu.be/4lJhjWBt7dQ?si=Hi938gc4sq48jbM-

ပိဋကတ္တယမာမကအသင်းက ကျင်းပတဲ့ စာမေးပွဲအကြောင်း သိချင်ရင်-
https://youtu.be/SiDBuiKZsNU?si=PRBp3UhFBSnRiW3o

ပါစိတ်ကျမ်းသင်ပြီးသမျှ ဒီမှာကြည့်နိုင်-
https://www.youtube.com/playlist?list=PL26ZWXYAroEbKML1QQmFEHBw6K05Utm8T

အရင်သင်ထားတဲ့ ပါရာဇိကျမ်း-
https://www.youtube.com/playlist?list=PL26ZWXYAroEY9bXcnACFO0U9n1RPlk7Dh

#အစိုးရနိကာယ် #ပါစိတ်ကျမ်း #ဝိနယဝိဒူ #ပိဋကတ္တယမာမကအသင်း #ပရိယတ္တိစာမေးပွဲများ

ချစ်လူ တက္ကသိုလ်သို့ ပြန်ကြားခြင်းဘာစာရေးဆရာလဲတော့ မသိပါ။ မြန်မာစာသတ်ပုံ မှန်အောင်မရေးတတ်ပါ။ သတ်ပုံမှားတာအပြင်-"အာဇာတသတ်...
18/07/2026

ချစ်လူ တက္ကသိုလ်သို့ ပြန်ကြားခြင်း

ဘာစာရေးဆရာလဲတော့ မသိပါ။ မြန်မာစာသတ်ပုံ မှန်အောင်မရေးတတ်ပါ။ သတ်ပုံမှားတာအပြင်-

"အာဇာတသတ်ဟာ ဖခင်ကိုအကျဉ်းထောင်ထဲထားသော ပထမဈာန် ဒုတိယဈာန်စတဲ့ ဈာန်အဆင့်ဆင့်ကိုသာပွားများ၍သာ နေထိုင်ခဲ့သူလည်းဖြစ်ပါတယ်" တဲ့။ အဇာတသတ်က ဈာန်ပွားတယ်လို့ ပြောတာဖြစ်နေတယ်။

"ဖခင်သတ်တဲ့သား တိုင်းပြည်အာဏာလုယူတဲ့ဘုရင်ဆိုပြီး မြတ်ဗုဒ္ဓက အာဇာတသတ်ကိုအတွေ့မခံ မထောက်ခံဘူးစတာတွေမလုပ်ပါဘူး... သားကလာလှူတာဖူးမြှော်တာလုပ်လဲလက်ခံပေးတယ်"

ဒါနဲ့ ပတ်သက်ပြီး ပြောရရင် အာဇာတသတ်က ဖခင်ကို သတ်ပြီးစအချိန်မှာ လိပ်ပြာမလုံဘဲ ဘုရားရှင်ထံ မလာရဲခဲ့ပါ။ ဒေဝဒတ်နဲ့ ပေါင်းပြီး ဘုရားရှင်ကိုပါ သတ်ရန် ကြံစည်ခဲ့ဖူးသူ ဖြစ်ပါတယ်။

"သိုးဟန်ဖွားတို့လည်း ဘာသာတရားကိုစော်ကားလို့ ဘာသာ သာသနာကိုဖျက်ဆီးလို့ပဲ ပြည်သူကပဲပြန်သတ်ခဲ့ရတာမလား" ဒါနဲ့ ပတ်သက်ပြီး ပြောရရင် အင်းဝခေတ်မှာ သာသနာဖျက်ခဲ့တဲ့ သိုးဟန်ဖွားကို သတ်ခဲ့တာ သာမန်ပြည်သူ မဟုတ်ပါ။ မင်းကြီးရန်နောင် က ဓားနဲ့ ခုတ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီခေတ်ကတိုင်းပြည်အာဏာဟာ လူတစ်စု သို့မဟုတ် မင်းမျိုးမင်းနွယ်တွေရဲ့စစ်အင်အား ပေါ်မှာပဲ တည်ဆောက်တာမို့ အာဏာလုတာ၊ သိမ်းတာဟာ အဲဒီခေတ်ရဲ့ ထီးနန်းဆက်ခံမှု ပုံစံတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

​ဒီနေ့ခေတ်မှာ အာဏာဟာ ပြည်သူလူထုထံကပဲ ဆင်းသက်တယ် လို့ ကမ္ဘာက သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်းတာဟာ ဥပဒေချိုးဖောက်တဲ့ "ရာဇဝတ်မှု" ပါ။

ယနေ့ခေတ် နိုင်ငံသားတွေကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ရှင်တွေ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ အခွင့်အရေးနဲ့ ဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းမှုကို နိုင်ငံသားတစ်ဦးရဲ့ တာဝန်အရ ဆန့်ကျင်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က နိုင်ငံတကာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စံနှုန်းတွေ ကမ္ဘာမှာ မထွန်းကားသေးပါ။

​ဒီနေ့ခေတ်မှာတော့ အာဏာသိမ်းမှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာဥပဒေတွေကပါ တရားမဝင်ကြောင်း တားမြစ်ပိတ်ပင်ထားပါတယ်။

ဒီနေ့ခေတ် အာဏာဟာ ပြည်သူ့ဆန္ဒကလာတဲ့ ဒီမိုကရေစီခေတ်ဖြစ်ပြီး နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ ရှိနေပြီဖြစ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က ခေတ်စနစ်နဲ့ လာနှိုင်းယှဉ်လို့ မရပါကြောင်း အမြင်ကျယ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မူရင်း Post -

https://www.facebook.com/share/p/1Ba4p9qSBV/

18/07/2026

ဘာသာရေးဆိုင်ရာ Post တွေ Video တွေ တင်ချင်သော်လည်း ဒီလကုန်ဆို တက်နေတဲ့ M.A တန်းလေးရဲ့ First term စာမေးပွဲဖြေရမှာကြောင့် ဘာမှမရေးနိုင်သေး။

ဒီကာလထဲမှာ သီရိလင်္ကာ M.A တက်ချင်လို့ လာမေးကြတဲ့ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တွေကိုလည်း ကိုယ်သိသလောက် share ပေးဖြစ်ပါတယ်။

အရှင်သုစိတ္တာဘိဝံသ ရေးသားထားသည့် အဘိဓာန်မှတ်စုစာအုပ် တင်ပေးလိုက်ပါသည် ခင်ဗျာ။ စာအုပ်လိုအပ်ပါက Comment မှာရှိတဲ့ Link ကနေ...
12/07/2026

အရှင်သုစိတ္တာဘိဝံသ ရေးသားထားသည့် အဘိဓာန်မှတ်စုစာအုပ် တင်ပေးလိုက်ပါသည် ခင်ဗျာ။ စာအုပ်လိုအပ်ပါက Comment မှာရှိတဲ့ Link ကနေ ယူနိုင်ပါတယ်။

#အရှင်သုစိတ္တာဘိဝံသ #အဘိဓာန်မှတ်စု #ပရိယတ္တိ #ပထမကြီးတန်း

အားလုံးပဲ မင်္ဂလာပါ။သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Sri Jayewardenepura ကနေ ၂၀၂၆...
26/06/2026

အားလုံးပဲ မင်္ဂလာပါ။

သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Sri Jayewardenepura ကနေ ၂၀၂၆ ခုနှစ်အတွက် ဗုဒ္ဓဘာသာဆိုင်ရာ မဟာဘွဲ့သင်တန်းအတွက် ကျောင်းသား စတင်ခေါ်ယူနေတာ တွေ့ရပါတယ်။ အဲဒီတက္ကသိုလ် က Edurank website မှာ ဖော်ပြထားတာအရ သီရိလင်္ကာမှာ နံပါတ် ၃၊ ကမ္ဘာ့အဆင့် ၁၉၁၄ မှာ ရပ်တည်နေတာ တွေ့ရပါတယ်။

သင်တန်းခေါ်စာမှာ Hybrid (In-person / Online) လို့ ရေးထားတာဖြစ်လို့ အွန်လိုင်းကနေလည်း တက်လို့ရတဲ့ သဘောဖြစ်မယ် ထင်ပါတယ်။ စိတ်ဝင်စားရင် အသေးစိတ် မိမိဘာသာ ဆက်သွယ်စုံစမ်းကြည့်ပေးပါ။ စာသင်ရက်ကလည်း တစ်ပတ်မှာ "စနေနေ့" တစ်ရက်လို့ပဲ တွေ့ရပါတယ်။

Master of Arts in Buddhist Studies တန်း ကို ၁ နှစ် သင်တန်း သို့မဟုတ် ၂ နှစ်သင်တန်း တစ်ခုခု ရွေးချယ်ရမှာပါ။ နိုင်ငံတကာကျောင်းသားတွေအတွက် သင်တန်းကြေးက ၁ နှစ်သင်တန်းဆိုရင် USD 700 ဆိုတော့ ကျွန်တော်တက်နေတဲ့ နေရာထက်တော့ ဈေးပိုသက်သာပါတယ်။ :D

အသေးစိတ် ဘယ်လို သင်တန်းလျှောက်ရမယ် စသည် သိချင်ရင် Comment မှာ Link ထည့်ပေးထားပါတယ်။ သင်တန်း လျှောက်လွှာပိတ်မည့်ရက်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်ဗျာ။

#ဗုဒ္ဓဘာသာဆိုင်ရာမဟာဘွဲ့ #ဘွဲ့လွန်သင်တန်း

တော်ဝင်သွေးပါတဲ့ ဘီလျံနာအမွေခံတစ်ဦး အဖြစ်မှ တောရရဟန်းဘဝသို့အားလုံးပဲမင်္ဂလာပါ၊ဒီနေ့မှာတော့ ဘီလျံနာအမွေတွေကို ကျောခိုင်းပ...
26/06/2026

တော်ဝင်သွေးပါတဲ့ ဘီလျံနာအမွေခံတစ်ဦး အဖြစ်မှ တောရရဟန်းဘဝသို့

အားလုံးပဲမင်္ဂလာပါ၊
ဒီနေ့မှာတော့ ဘီလျံနာအမွေတွေကို ကျောခိုင်းပြီး ရိုးရှင်းတဲ့ တောရရဟန်းဘဝကို ရွေးချယ်ခဲ့တဲ့ Ajahn Siripañño အကြောင်း ဖော်ပြပေးချင်ပါတယ်။

Siripanyo Krishnan ဆိုတဲ့ အမည်နဲ့ လူသိများပါတယ်။ သူက မလေးရှားနိုင်ငံက ဘီလျံနာသူဌေးကြီးဖြစ်တဲ့ Ananda Krishnan ရဲ့ တစ်ဦးတည်းသောသားပါ။ တစ်ဦးတည်းသောသား လို့ ဆိုသော်လည်း မွေးချင်းမရှိလို့ ဆိုလိုတာမဟုတ်ပါ။ သူ့မိဘတွေမှာ သမီးနှစ်ယောက် ရှိပါသေးတယ်။ ဖခင်ဖြစ်သူဟာ ဒေါ်လာ ၅ ဘီလီယံကျော် ကြွယ်ဝချမ်းသာပြီး မလေးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ မီဒီယာလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့ သူဌေးကြီး ဖြစ်ပါတယ်။

Ajahn Siripañño ရဲ့ မိခင်ဖြစ်သူကတော့ ထိုင်းတော်ဝင်မိသားစု ကနေ ဆင်းသက်လာတဲ့ တော်ဝင်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်တာကြောင့် သူဟာ စီးပွားရေးအင်ပါယာကြီးရဲ့ အမွေခံတင်မက တော်ဝင်သွေးလည်းပါတဲ့သူလို့ ဆိုနိုင်ပါတယ်။

Ajahn Siripañño ကို လန်ဒန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး UK မှာပဲ ပညာသင်ကြားခဲ့တာပါ။ အနောက်တိုင်းသား တစ်ယောက်လို ကြီးပြင်းလာခဲ့ပေမဲ့ သူ့ရဲ့ ယဉ်ကျေးမှုမျိုးစုံအပေါ် ပွင့်လင်းတဲ့အမြင်တွေနဲ့ ဘာသာစကားအမျိုးမျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်စွမ်းက အံ့သြစရာပါပဲ။ သတင်းတွေအရဆိုရင် သူဟာ အင်္ဂလိပ်၊ ထိုင်း နဲ့ တမီးလ်ဘာသာစကားတွေ အပါအဝင် ဘာသာစကား အများအပြားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တယ်လို့ ဆိုပါတယ်။

သူ အသက် ၁၈ နှစ်အရွယ်မှာ မိခင်နဲ့အတူ ထိုင်းနိုင်ငံက ဆွေမျိုးတွေဆီ လည်ပတ်ဖို့ သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ထိုင်းအမျိုးသားတွေရဲ့ ရိုးရာထုံးတမ်းစဉ်လာအတိုင်း အတွေ့အကြုံသစ် တစ်ခုအနေနဲ့ တရားစခန်းတစ်ခုမှာ ခေတ္တယာယီ ရဟန်းဝတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရက်သတ္တပတ် နှစ်ပတ်လောက်ပဲ ဝတ်ဖို့ ရည်ရွယ်ခဲ့တဲ့ ယာယီရဟန်းဝတ်မှုကနေ ရာသက်ပန် ရဟန်းဝတ်ဖို့အထိ ဖြစ်လာခဲ့ပါတော့တယ်။

သူ့ကို အဓိက လွှမ်းမိုးခဲ့တာကတော့ ထိုင်းတောရရိုးရာ (Thai Forest Tradition) ရဲ့ ထင်ရှားလှတဲ့ ဆရာတော်ကြီး Ajahn Chah ရဲ့ ဘဝဖြစ်စဉ်နဲ့ တရားတော်တွေပါပဲ။ သူဟာ ဆရာတော်ကြီးနဲ့ လူကိုယ်တိုင် တစ်ကြိမ်ပဲ ဖူးမြော်ခွင့်ရခဲ့ပေမဲ့ အဲဒီအတွေ့အကြုံက သူ့အပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့ပါတယ်။ သူဟာ မိသားစုရဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ စီးပွားရေးအင်ပါယာကြီးကို ဆက်ခံဖို့ထက် ရိုးရှင်းတဲ့ တောရရဟန်းဘဝကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ထိုင်းတောရရိုးရာ လမ်းစဉ်အတိုင်း တရားဓမ္မတွေကို ကျင့်ကြံအားထုတ်နေတာ နှစ်ပေါင်း ၂၀ ကျော်သွားပါပြီ။

လက်ရှိမှာတော့ Ajahn Siripañño ဟာ ထိုင်း-မြန်မာနယ်စပ်နား Sai Yok National Park ထဲက တိတ်ဆိတ်ငြိမ်သက်လှတဲ့ Dtao Dum Monastery မှာ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေပါတယ်။ သူ့ရဲ့ နေ့စဉ်ဘဝဟာ တကယ့်ကို ရိုးရှင်းလှပြီး ရိုးရာတောရရဟန်းတွေရဲ့ ကျင့်စဉ်အတိုင်း သဘာဝ တောတောင်တွေကြားထဲမှာ အေးချမ်းစွာ ကျင့်ကြံနေထိုင်တာ ဖြစ်ပါတယ်။

သူဟာ လောကီစည်းစိမ်တွေကို စွန့်လွှတ်ခဲ့ပေမဲ့ မိသားစုအပေါ် ထားရှိရမယ့် မေတ္တာနဲ့ ဂါရဝတရားကိုတော့ အမြဲတန်ဖိုးထားပါတယ်။ ဒါကြောင့် သူဟာ ဖခင်ဖြစ်သူနဲ့ တွေ့ဆုံဖို့ ခရီးသွားလေ့ရှိပါတယ်။ တစ်ခါတုန်းကဆိုရင် ဖခင်ဖြစ်သူရဲ့ မွေးနေ့ပွဲတက်ဖို့ ဖခင်က စီစဉ်ပေးတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အီတလီကို သွားရောက် တွေ့ဆုံခဲ့ဖူးသလို ဖခင်ဖြစ်သူကလည်း သားဖြစ်သူ သာသနာပြုဖို့ အဆင်ပြေအောင် ပီနန်တောင်ဝန်းကျင် မြေနေရာတွေကို ဝယ်ယူပြီး လှူဒါန်းပေးခဲ့တာမျိုးလည်း ရှိပါတယ်။

သူ့ရဲ့ တော်ဝင်မျိုးနွယ်နဲ့ ဘီလျံနာအမွေခံနောက်ခံဘဝကနေ အလွန်တရာ ရိုးရှင်းလှတဲ့ တောရရဟန်းဘဝသို့ ကူးပြောင်းသွားတဲ့ ခြားနားချက်ကြီးက ကမ္ဘာတစ်ဝန်းက နိုင်ငံတကာ သတင်းမီဒီယာကြီးတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ မီဒီယာတွေက သူ့ကို "လောကီစည်းစိမ်တွေကို စွန့်လွှတ်ပြီး ရိုးရှင်းတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်" အဖြစ် ရေးသားခဲ့ကြသလို ခေတ်သစ်ရဲ့ သိဒ္ဓတ္ထမင်းသား အဖြစ်လည်း တင်စားပုံဖော်ခဲ့ကြပါတယ်။

သူ့အကြောင်း ရေးသားထားတဲ့ သတင်းဆောင်းပါးတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဖခင်ဖြစ်သူ Ananda Krishnan ကွယ်လွန်သွားတဲ့အခါမှာတော့ သူ့ရဲ့ ဘဝဖြတ်သန်းမှုအကြောင်း သတင်းဖော်ပြချက်တွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်မှာလည်း သူဟာ ကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံဖို့ စိတ်ဝင်စားမှုမရှိဘဲ တောရရဟန်း ဘဝမှာသာ ဆက်လက်ပျော်မွေ့နေခဲ့ပါတယ်။ သူ့ရဲ့ တရားဓမ္မတွေဟာ ရိုးရှင်းပြီး နားလည်လွယ်တဲ့အတွက် လူကြိုက်များသလို အဲဒီ တရားတော်တွေကိုလည်း အင်တာနက်ပေါ်မှာ အသံဖိုင်၊ ဗီဒီယိုဖိုင်တွေနဲ့ အလွယ်တကူ ရှာဖွေလေ့လာနိုင်ပါတယ်။

ကဲ... ဘီလျံနာတစ်ယောက်ရဲ့ သား၊ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ စည်းစိမ်တွေအလယ်မှာ ပျော်မွေ့နိုင်ပါလျက်နဲ့ အိုးအိမ်မရှိ၊ ပိုင်ဆိုင်မှုမရှိတဲ့ တောရရဟန်းဘဝကို ရွေးချယ်သွားခဲ့တဲ့ Ajahn Siripañño ရဲ့ ဖြစ်စဉ်ဟာ တကယ့်ကို စဉ်းစားစရာ သင်ခန်းစာတစ်ခု ပေးနေသလိုပဲ ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လွတ်လပ်စွာ Share နိုင်ပါတယ်။ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

ရဲမင်းသူ

#တောရရဟန်း #ဘီလျံနာအမွေခံ

ကျွန်တော် လက်ရှိ M.A တန်းတက်နေတဲ့ ကေလနိယတက္ကသိုလ်၊ PGIPBS က ဒီနှစ်အတွက် သင်တန်းတွေ ထပ်ခေါ်နေတာ တွေ့ရပါတယ်။ Buddhist stud...
25/06/2026

ကျွန်တော် လက်ရှိ M.A တန်းတက်နေတဲ့ ကေလနိယတက္ကသိုလ်၊ PGIPBS က ဒီနှစ်အတွက် သင်တန်းတွေ ထပ်ခေါ်နေတာ တွေ့ရပါတယ်။ Buddhist studies ကို M.A တစ်နှစ်တန်း (သို့မဟုတ်) ၂ နှစ်တန်း၊ ပါဠိ M.A ကို တစ်နှစ်တန်း (သို့မဟုတ်) ၂ နှစ်တန်းတွေ ရွေးချယ် တက်လို့ရပါတယ်။

ကျွန်တော် အခုတက်နေတဲ့ Batch မှာတော့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်ဆိုလို့ ကျွန်တော်နဲ့ နောက်တစ်ယောက်ပဲပါ။ ဂျာမနီ၊ သီရိလင်္ကာ စတဲ့နိုင်ငံတွေကတော့ လူပုဂ္ဂိုလ်တွေလည်း တက်ကြပါတယ်။

အသေးစိတ် သိချင်ရင် သူတို့ Website နဲ့ Page မှာ ဝင်ကြည့်ပေးပါ။ အွန်လိုင်းကနေလည်း တက်လို့ရပါတယ်။ Comment မှာ ရှိတဲ့ Link တွေကနေ လေ့လာပါ။ သိလိုတာ လာမေးလို့ရပါတယ်။

Ye Min Thu

#ကေလနိယတက္ကသိုလ်

ဘာသာခြား သူဌေးသားဘဝကနေ ထေရဝါဒပညာရှင် ရဟန်းတော်တစ်ပါး ဖြစ်လာသူအားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ ပါဠိတ...
21/06/2026

ဘာသာခြား သူဌေးသားဘဝကနေ ထေရဝါဒပညာရှင် ရဟန်းတော်တစ်ပါး ဖြစ်လာသူ
အားလုံးပဲမင်္ဂလာပါ။
ဒီနေ့တော့ ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ ပါဠိတော်တွေနဲ့ ဝိနည်းဒေသနာတော်တွေမှာ နှံ့စပ်ကျွမ်းကျင်လို့ ကမ္ဘာ့ဗုဒ္ဓဘာသာ ပညာရှင်တွေကြားမှာ ထင်ရှားကျော်ကြားလှတဲ့ နော်ဝေနိုင်ငံသား ဆရာတော် Ajahn Brahmali ရဲ့ အကြောင်းကို တင်ပြပေးသွားပါမယ်။

ဆရာတော်ကို ၁၉၆၄ ခုနှစ်မှာ နော်ဝေနိုင်ငံက ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် မျိုးရိုးကနေ မွေးဖွားခဲ့တာပါ။ ဆရာတော်ရဲ့ မိသားစုဟာ အင်္ဂလန်အပါအဝင် နိုင်ငံအတော်များများမှာ လှည့်လည်နေထိုင်ပြီး လူကုံထံဘဝနဲ့ ခမ်းနားစွာ ဖြတ်သန်းခဲ့ကြပါတယ်။ အစက ခရစ်ယာန်ဘာသာ ဖြစ်ပေမဲ့ မိသားစုကတော့ ဘာသာရေးအယူဝါဒထက် လောကီရေးရာကိုပဲ ဦးစားပေးတဲ့ မိသားစုဖြစ်လို့ ဘာသာရေးအယူဝါဒမှာ နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်တာမျိုး မရှိခဲ့ပါဘူး။ ဆရာတော်ဟာ နော်ဝေ နိုင်ငံရဲ့ တန်းတူညီမျှမှုကို အလေးထားတဲ့ လူမှုစနစ်အောက်မှာ ဘာသာရေးနဲ့ ကင်းကွာပြီး လောကီရေးရာတွေကိုပဲ လေ့လာရင်း ကြီးပြင်းလာခဲ့တာပါ။

ငယ်စဉ်က ဘာသာရေးနဲ့ ဝေးခဲ့ပေမဲ့ အသက် ၂၀ ကျော်အရွယ်မှာတော့ ဆရာတော်ရဲ့ ဘဝအလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံ သွားရောက်လည်ပတ်စဉ် သူတည်းခိုရာနေရာက စားပွဲတင်ခုံပေါ်မှာ မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ အိတ်ဆောင်စာအုပ် တစ်အုပ်ကို စတင်တွေ့ရှိ ဖတ်ရှုခဲ့ရပြီး ဗုဒ္ဓဘာသာနဲ့ တရားဓမ္မအပေါ် စတင် စိတ်ဝင်စားလာခဲ့တာပါ။ တရားထိုင်ခြင်းရဲ့ ငြိမ်းချမ်းမှုကို ကိုယ်တိုင်ခံစား ရရှိပြီးတဲ့နောက် အင်္ဂလန် ပြန်ရောက်ရှိချိန်မှာ Buddhist Society ကို ဆက်သွယ်ပြီး ဗုဒ္ဓတရားတော်တွေကို စနစ်တကျ စတင်လေ့လာခဲ့ပါတယ်။

ပညာရေးနောက်ခံကတော့ လူဝတ်ကြောင်ဘဝတုန်းက စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိခဲ့ပါတယ်။ Finance ပညာကို သင်ယူခဲ့တာက မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တရားဓမ္မကျင့်ကြံခြင်းကရတဲ့ ငြိမ်းချမ်းမှုကိုပဲ ပိုမြတ်နိုးလာတာကြောင့် လောကီစီးပွားရေးတွေကို စွန့်လွှတ်ပြီး သံသရာက လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဲဒီနောက် ဆရာတော်ဟာ အင်္ဂလန်နိုင်ငံ Amaravati နဲ့ Chithurst တောရဗုဒ္ဓဘာသာကျောင်းတော်တွေမှာ Anagarika အဖြစ် ဘာသာရေးနယ်ပယ်ထဲ စတင်ရောက်လာပါတယ်။ ဗြိတိန်ဖွား ဆရာတော် Ajahn Brahm ရဲ့ တရားတော်တွေကို နာကြားရပြီးနောက် သြစတြေးလျနိုင်ငံသို့ သွားရောက်ပြီး တရားအားထုတ်ဖို့ စိတ်အားထက်သန်စွာ ဆုံးဖြတ်ခဲ့ပါတယ်။

ဆရာတော် Ajahn Brahm ထံ ဖုန်းနဲ့ ဆက်သွယ်ခွင့်တောင်းပြီးနောက် ၁၉၉၄ ခုနှစ်မှာ သြစတြေးလျအနောက်ပိုင်း Perth မြို့တောင်ဘက် ဗောဓိဉာဏကျောင်းတော်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဗောဓိဉာဏကျောင်းတော်မှာပဲ ဆရာတော် Ajahn Brahm ကို ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါတယ်။ ဆရာတော်က ဗောဓိဉာဏကျောင်းတော် မှာ နှစ်ပေါင်း ၃၀ ကျော်တိုင်တိုင် သီတင်းသုံးပြီး ကျောင်းတော်ရဲ့ အဆောက်အဦး ဆောက်လုပ်ရေးနဲ့ အသစ်ပေါ်ထွက်လာတဲ့ Hermit Hill သာသနာပြုမြေ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

ဆရာတော် Ajahn Brahmali ဟာ ပါဠိဘာသာစကားနဲ့ သုတ္တန်ဒေသနာတော်တွေမှာ နှံ့စပ်ကျွမ်းကျင်သူအဖြစ် ဗုဒ္ဓဘာသာပညာရှင်လောကမှာ အထူးကျော်ကြားပါတယ်။ ဆရာတော်ရဲ့ ပါဠိအရာမှာ ထူးချွန်ပုံက ကျမ်းဂန်တွေကို မူရင်းပါဠိစာသားတွေရဲ့ အနက်အဓိပ္ပာယ်၊ ဝါကျတည်ဆောက်ပုံနဲ့ ခေတ်ပြိုင်သုတေသနပြုချက်တွေကိုပါ နားလည်သဘောပေါက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗောဓိဉာဏကျောင်းတော်ရှိ ရဟန်းသံဃာတော်တွေနဲ့ Anagarika များအတွက် ပါဠိဘာသာစကား သင်တန်းများနဲ့ သုတ္တန်သင်တန်းများကို ကိုယ်တိုင်ဦးစီးကာ ပို့ချပေးလျက်ရှိပါတယ်။

ကမ္ဘာကျော် ဗုဒ္ဓဘာသာကျမ်းစာပြန်ဆိုသူ အမေရိကန်နိုင်ငံသား ဆရာတော် ဘိက္ခုဗောဓိ က သူ့ရဲ့ အဓိကကျမ်းစာကြီးတစ်ခုဖြစ်တဲ့ အင်္ဂုတ္တရနိကာယ် အင်္ဂလိပ်ဘာသာပြန်ကျမ်း ကို ပြန်ဆိုထုတ်ဝေရာမှာ ဆရာတော် Ajahn Brahmali က သူ့ ကို ကူညီပေးခဲ့သူတွေထဲက တစ်ပါးဖြစ်ကြောင်း အသိအမှတ်ပြု ချီးမွမ်းခဲ့ပါတယ်။

စာပေပြုစုမှုအပိုင်းမှာလည်း ဆရာတော်ဟာ ဆရာတော် Bhante Sujato နဲ့ ပူးပေါင်းပြီး The Authenticity of the Early Buddhist Texts (ရှေးဦးဗုဒ္ဓဘာသာ ကျမ်းစာများ၏ ခိုင်မာမှန်ကန်မှု) အမည်ရှိ သုတေသနကျမ်းကို ပြုစုခဲ့ပြီး သီရိလင်္ကာနိုင်ငံ Buddhist Publication Society မှ ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်က မူလဗုဒ္ဓဒေသနာတော်များ ဖြစ်ကြတဲ့ နိကာယ်ကျမ်းစာတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ ခိုင်မာမှုနဲ့ စစ်မှန်မှုကို ခေတ်သစ်သိပ္ပံနည်းကျ သုတေသနပြုချက်များ၊ ဘာသာစကားဆိုင်ရာ အထောက်အထားများနဲ့ ဖော်ပြထားတဲ့ စံပြကျမ်းတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ပဋိစ္စသမုပ္ပါဒ်ဆိုင်ရာ သဘောတရားများကို နက်ရှိုင်းစွာ ရှင်းလင်းထားတဲ့ စာတမ်းနှစ်စောင် Understanding the Essence of Dependent Origination နဲ့ Transcendental Dependent Arising တို့ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ပြီးတော့ ဝိနည်းတော်များကိုလည်း ကျွမ်းကျင်နှံ့စပ်တာကြောင့် ဝိနည်းဒေသနာတော်များကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလျက်ရှိပြီး အဲဒီဘာသာပြန်ကျမ်းများကို SuttaCentral ဝက်ဘ်ဆိုက်တွင် အခမဲ့ လေ့လာနိုင်ရန် ဖော်ပြထားပါတယ်။

ဆရာတော်က ထေရဝါဒ သာသနာတော်မှာ အမျိုးသမီးများ ဘိက္ခုနီပြုခွင့်ရရှိရေးကို ထောက်ခံအားပေးသူဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ သြစတြေးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ဘိက္ခုနီသိက္ခာထပ်ပွဲကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဘိက္ခုနီ သာသနာ၏ တရားဝင်မှု နှင့် စပ်လျဉ်းပြီး ဆရာတော်သည် ဝိနည်းတော်ကို အခြေခံလျက် ဆောင်းပါးနှင့် စာတမ်းများစွာ ရေးသားခဲ့ပါတယ်။ အထူးသဖြင့် ဆရာတော် Ajahn Thanissaro ရေးသားခဲ့တဲ့ ဘိက္ခုနီသာသနာကို ကန့်ကွက်ထားတဲ့ "Trojan Horse" ဆောင်းပါးအပေါ် တုံ့ပြန်တဲ့အနေနဲ့ The ordination of bhikkhunīs: from Trojan horse to St. Bernard dog အမည်ရှိ စာတမ်းကို ရေးသားခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ဆရာတော်က ဘိက္ခုနီသာသနာသည် သာသနာတော်ကို ဖျက်ဆီးမည့် အရာမဟုတ်ဘဲ အောက်ဆီဂျင် ပြတ်လပ်နေသော သာသနာတော်ကို ကယ်ဆယ်ပေးမည့် အသက်ကယ်ခွေးကြီးကဲ့သို့ ဖြစ်သည်ဟု ဝိနည်းအထောက်အထားများဖြင့် ကာကွယ်ခဲ့ပါတယ်။

ဆရာတော်သည် သြစတြေးလျအနောက်ပိုင်း Perth မြို့ရှိ Dhammaloka Centre တွင် တရားတော်များ ဟောကြားလေ့ရှိပြီး သူဟောကြားတဲ့ ရှင်းလင်းပြတ်သားတဲ့ တရားတော်တွေက Buddhist Society of Victoria နဲ့ BSWA ဝက်ဘ်ဆိုက်တွေမှာ လူကြိုက်များတဲ့ တရားတော်များ ဖြစ်ပါတယ်။ ဒီလို ဗုဒ္ဓဘာသာဆိုင်ရာ စွမ်းဆောင်ချက်တွေကြောင့် ၂၀၂၂ ခုနှစ်မှာ ထိုင်း နိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ကို အပ်နှင်းပူဇော်ခဲ့ပါတယ်။

ဆရာတော် Ajahn Brahmali က ဗုဒ္ဓတရားတော်တွေကို လေ့လာရာမှာ အလွန်စနစ်ကျပြီး အထောက်အထား ခိုင်လုံမှုကို အခြေခံပါတယ်။ ဆရာတော်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ပါဠိစာပေနဲ့ သုတ္တန်အသိပညာ၊ ဝိနည်းတော် ဘာသာပြန်မှုကြီးများက ၂၁ ရာစုမှာ အင်္ဂလိပ်စကားနဲ့ ဗုဒ္ဓဘာသာကို လေ့လာသူတွေအတွက် ကြီးမားတဲ့ အထောက်အကူများပဲဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လွတ်လပ်စွာ Share နိုင်ပါတယ်။ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

ရဲမင်းသူ

#အနောက်တိုင်းသားရဟန်းတော် #ထေရဝါဒဗုဒ္ဓဘာသာ

တရားအောင်မြင်အောင် အားထုတ်မလား၊ ထိုင်းမှာပဲ အသေခံမလားဆိုတဲ့ ကတိနဲ့ ရဟန်းဝတ်ခဲ့သူ အမေရိကန်နိုင်ငံသားအားလုံးပဲ မင်္ဂလာပါ။ ...
17/06/2026

တရားအောင်မြင်အောင် အားထုတ်မလား၊ ထိုင်းမှာပဲ အသေခံမလားဆိုတဲ့ ကတိနဲ့ ရဟန်းဝတ်ခဲ့သူ အမေရိကန်နိုင်ငံသား

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့တော့ ကမ္ဘာကျော် အမေရိကန်နိုင်ငံသား ထေရဝါဒရဟန်းတော်တစ်ပါး အကြောင်းကို ပြောပြပေးချင်ပါတယ်။ သူ့ရဲ့ ဘွဲ့တော်ကတော့ Bhikkhu Thanissaro ဖြစ်ပြီး Ajahn Geoff လို့လည်း ခေါ်ကြပါတယ်။ သူက အနောက်တိုင်းသားတစ်ဦး ဖြစ်ပေမဲ့ အရှေ့တိုင်းက ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အမေရိကန်မြေပေါ်မှာ အခြေချ စိုက်ထူနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာတော်ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နယူးယောက်ပြည်နယ်၊ Long Island က အာလူးစိုက်ပျိုးတဲ့ မိသားစု တစ်ခုကနေ မွေးဖွားခဲ့ပြီး နာမည်ရင်းကတော့ Geoffrey DeGraff ဖြစ်ပါတယ်။ သူ့ရဲ့ဘဝမှာ ဗုဒ္ဓဘာသာနဲ့ စတင်ထိတွေ့ခဲ့ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ အထက်တန်းကျောင်းသားဘဝ တုန်းက ဖိလစ်ပိုင်ကနေ အမေရိကန်ကို လေယာဉ်နဲ့ ပြန်လာတဲ့လမ်းမှာ ထိုင်းနိုင်ငံမှာ ရက်တို ကိုရင်ဝတ်ခဲ့ဖူးတဲ့ ကျောင်းသားနဲ့ စကားပြောရင်း "သစ္စာလေးပါး" တရားတော်အကြောင်းကို စတင်ကြားဖူးတာလို့ ဆိုပါတယ်။ ဒါဟာ သူ့ဘဝရဲ့ ပထမဆုံး အချိုးအကွေ့တစ်ခုပါပဲ။

အဲဒီနောက် ၁၉၇၀ ပြည့်နှစ်တွေမှာ နာမည်ကြီး Oberlin College မှာ European Intellectual History ဘာသာရပ်ကို သင်ယူခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်က သူ့အတွက်တော့ 'ဒုက္ခ' ဆိုတာကို ရင်ဆိုင်မိစေတဲ့ အချက်ပြမှု ဖြစ်လာခဲ့ပါတယ်။ ဒီကနေတစ်ဆင့်ပဲ သူဟာ ဘဝရဲ့ ဆင်းရဲဒုက္ခတွေကို တကယ်ဖြေရှင်းနိုင်တဲ့ တရားဓမ္မလမ်းကြောင်းကို စတင်ရှာဖွေခဲ့တာပါ။ စိတ်ဆင်းရဲမှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေရင်း ကောလိပ်က ဘာသာရေးအတန်းတစ်ခုမှာ တရားထိုင်ခြင်း ကို စတင်လေ့လာဖြစ်ခဲ့ပြီး ဒါဟာ ဆုတောင်းရုံသက်သက်ထက် တကယ်ကို လက်တွေ့ကျကျ လေ့ကျင့်ယူရတဲ့ စွမ်းရည်တစ်ခုအဖြစ် သူ သဘောပေါက်သွားခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက် ၁၉၇၁ ခုနှစ်မှာ ပညာသင်ဆုနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၂ နှစ်လောက် တရားပြဆရာ လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာ Thai Forest Tradition ဆရာတော်ကြီး Ajaan Mun ရဲ့ တပည့်ဖြစ်သူ Ajaan Fuang Jotiko နဲ့ သွားတွေ့ပါတော့တယ်။ ပထမတွေ့တုန်းက Ajaan Fuang ဆေးလိပ်သောက်နေတာကို မြင်ပြီး Geoffrey တစ်ယောက် အံ့သြသွားပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့ ရိုးရှင်းပြီး မေတ္တာတရားပြည့်ဝတဲ့ အရိပ်အာဝါသကြောင့် ရက်တိုနေဖို့ စိတ်ကူးကနေ သုံးပတ်၊ သုံးလအထိ ဖြစ်သွားပြီး နောက်ဆုံး ငှက်ဖျားမိလို့ အမေရိကန်ကို ခေတ္တပြန်ခဲ့ရပါတယ်။

အမေရိကန်မှာ နေရင်းနဲ့ တက္ကသိုလ်ပညာရေးလမ်းကြောင်းနဲ့ ရဟန်းဘဝ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးတဲ့နောက် ၁၉၇၆ ခုနှစ်မှာ ရဟန်းဝတ်ဖို့ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတော့တယ်။ ရဟန်းဝတ်ခါနီးမှာ ဆရာတော် Ajaan Fuang က "တရားထိုင်တာမှာ အောင်မြင်အောင်လုပ်ဖို့နဲ့ မဟုတ်ရင် ထိုင်းမှာပဲ အသေခံရန်၊ မပြတ်မသား မရှိစေရန်" (succeed in the meditation or die in Thailand. There was to be no equivocating) ဆိုတဲ့ ကတိ တောင်းခံပြီးမှ ဝတ်ပေးခဲ့တာပါ။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော် တရား အားထုတ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ဆရာတော် Ajaan Fuang ပျံလွန်တော်မူပြီးနောက် ထိုင်းနိုင်ငံက ဆရာတော်ကြီးရဲ့ကျောင်းကို ဆက်ခံဖို့ တောင်းဆိုကြပေမဲ့ ဆရာတော်က ငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာတော် Ajaan Fuang က "ရဟန်းတွေ များလာရင် တောရဆောက်တည်မှု မပြန့်ပွားနိုင်လို့ အမြဲရွှေ့ပြောင်းနေထိုင်ဖို့" မှာကြားခဲ့ဖူးလို့ပါ။ ၁၉၉၁ ခုနှစ်မှာတော့ ဆရာတော်ကြီး Ajaan Suwat Suvaco ရဲ့ ပင့်ဖိတ်ချက်အရ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုခရိုင်ကို ကြွရောက်လာပြီး Metta Forest Monastery ကို အတူတူ ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဆရာတော်ဟာ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်လာခဲ့ပြီး ယနေ့တိုင် တပည့်တွေကို တရားပြသပေးနေပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ဆရာတော် Bhikkhu Thanissaro ဟာ အမေရိကန်ဖွား ရဟန်းတော်တွေထဲမှာ ပထမဆုံးအဖြစ် ဓမ္မယုတ္တိကဂိုဏ်း (Dhammayut Order) ရဲ့ ရဟန်းခံပေးပိုင်ခွင့်ရှိတဲ့ ဥပဇ္ဈာယ်ဆရာ အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။

ဆရာတော်ဟာ တရားဓမ္မ အယူအဆတွေကို ပါဠိတော်နဲ့အညီ တင်ပြရာမှာ အလွန်နာမည်ကြီးပါတယ်။ ပါဠိတော်လာ နည်းစနစ်တွေကို ပိုပြီး အလေးထားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဆရာတော်ဟာ ပါဠိတော်တွေကို အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ မြန်မာနိုင်ငံက ဆဋ္ဌသင်္ဂါယနာတင်မူတွေကို အဓိကထား ကိုးကားပြီး မြန်မာနိုင်ငံကမူက အခြားမူတွေထက် ပိုမိုကောင်းမွန်ကြောင်း ချီးကျူးလေ့ရှိပါတယ်။ ဆရာတော်ရေးသားခဲ့တဲ့ ကျမ်းဂန်တွေနဲ့ စာအုပ်တွေဟာ အနောက်တိုင်း ဗုဒ္ဓဘာသာလောကမှာ အလွန်တန်ဖိုးရှိတဲ့ လက်စွဲစာအုပ်တွေ ဖြစ်နေပါတယ်။ အဲဒီအထဲက အထင်ရှားဆုံး စာအုပ်အချို့ကတော့ -

- The Buddhist Monastic Code, Volume I & II- ရဟန်းတော်များ လိုက်နာရမည့် ပါတိမောက် ဝိနည်းတော်များဆိုင်ရာ လက်စွဲကျမ်း ဖြစ်ပါတယ်။
- Basic Breath Meditation Instructions- ဝင်သက်ထွက်သက်ကို အခြေခံပြီး တရားထိုင်နည်း လမ်းညွှန်စာအုပ် ဖြစ်ပါတယ်။
- The Agendas of Mindfulness- သတိပဋ္ဌာန်အကြောင်း တင်ပြထားတဲ့ စာတမ်း ဖြစ်ပါတယ်။
- Educating Compassion & Karma- မေတ္တာကရုဏာ ပျိုးထောင်ခြင်းနဲ့ ဗုဒ္ဓဘာသာရဲ့ "ကံ" အကြောင်းကို နားလည်စေရန် ရှင်းလင်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဆရာတော်ရဲ့ တရားဓမ္မ သွန်သင်ချက်တွေ၊ ပါဠိတော် ဘာသာပြန်တွေနဲ့ အသံဖိုင်တွေကို dhammatalks dot org Website မှာ မည်သူမဆို အခမဲ့ ရယူ ဖတ်ရှုနိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။ လွတ်လပ်စွာ Share နိုင်ပါတယ်။ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

ရဲမင်းသူ

#အမေရိကန်ရဟန်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dhamma Archive 2ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์