28/09/2025
ပရိတ်အကြောင်း သိကောင်းစရာများ
===========================
(၁) ဗုဒ္ဓမပွင့်ပေါ်မီခေတ်က ပရိတ်တော်များ။
(၂) ဗုဒ္ဓထင်ရှားရှိစဉ်ခေတ်က ပရိတ်တော်များ။
(၃) အရှင်နာဂသိန်ခေတ် ပရိတ်တော်များ။
(၄) အရှင်ဗုဒ္ဓဃောသခေတ် ပရိတ်တော်များ။
(၅) အရှင်တေဇောဒီပခေတ် ပရိတ်တော်များ။
(၆) မျက်မှောက်ခေတ် ပရိတ်တော်များလို့
ခေတ်ခြောက်မျိုး ခွဲခြားဖြေပြပါ့မယ်။ ဗုဒ္ဓစာပေမှာရှိတဲ့အတိုင်းပေါ့ဗျာဟူ၍ အစချီကာ ပြောပြပါမည်။ ယင်းပြောပြချက်များကို ထင်ရှားအောင်ရေးပြပါအံ့။
(၁) ဗုဒ္ဓမပွင့်မီခေတ်က ပရိတ်တော်များ
ပရိတ္တဟူသည်မှာ အကာအကွယ်ဟူ၍ အဓိပ္ပာယ်ရှိသောကြောင့် ဂေါတမ မြတ်စွာဘုရားပွင့်တော်မမူမီ ပါရမီဖြည့်ကျင့်နေစဉ် အလောင်းတော်ဘဝမှာတုန်းကပင်လျှင် အသုံးပြုရွတ်ဆိုခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။ တွေ့ရှိရသမျှကို ဖော်ပြရလျှင်- (၁) ခန္ဓဇာတ်၊
(၂) မောရဇာတ်၊
(၃) ဝဋ္ဋကဇာတ်၊
(၄) မဃဝတ္ထု၊
(၅)တေလပတ္တဇာတ်၊
(၆) ဆဒ္ဒန္တဇာတ် ဟူ၍ ဝတ္ထုသက်သေ ငါးမျိုးမျှ တွေ့ရှိရပေသည်။ အကျဉ်းချုပ်မျှ ဖော်ထုတ်ပြပါအံ့။
(၁) ခန္ဓဇာတ်၌ အလောင်းတော်မြတ်သည် ရသေ့ဂိုဏ်းဆရာကြီးဖြစ်သောအခါ တပည့်ရသေ့များစွာ မြွေဆိုးအကိုက်ခံရသောကြောင့် သေဆုံးကြသည်။ ထို့ကြောင့် ခန္ဓပရိတ်ကိုရွတ်ဆိုကြရန် သင်ကြားပေးသည်။ ထိုအခါမှစ၍ ရသေ့များ ခန္ဓပရိတ်ကိုရွတ်ကြသောကြောင့် မြွေဆိုးဘေးရန်မှ လွတ်မြောက်ကြလေသည်။
ယင်းသို့ ဟောပြောချက်ကို (ဇာ.၁၊နှ-၅၃။ဇာဋ္ဌ.၂၊နှာ.၁၃၂။ဝိ.၄၊၂၄၅။အံ.၁၊၃၈၄။)တို့၌တွေ့ရှိရသည်။
(၂) မောရဇာတ်၌ အလောင်းတော် ဒေါင်းမင်းသည် 'ဥဒေတယံနှင့် အပေတယံ အစချီသော ပရိတ်အကာအကွယ်ကို အမြဲရွတ်သည်။ မင်းခုနစ်ဆက် တိုင်တိုင် ဆက်ကာဆက်ကာဖမ်းဆီးရန် မုဆိုးများကို စေလွှတ်ဖမ်းဆီးစေသော်လည်း အလောင်းတော်ဒေါင်းမင်းကို။ ဖမ်း၍မမိနိုင်ချေ။ဒေါင်းမကလေးတစ်ကောင်ဖြင့် ထောင်၍ဖမ်းသောအခါမှ ဒေါင်းမင်းသည် ဒေါင်းမလေးကိုချစ်ကြိုက် မူဆိုးက လည်း အလောင်းတော်ဒေါင်းမင်းကို ချစ်ကြိုက် လွန်းသောကြောင့် ပရိတ်အကာအကွယ်ကိုရွတ်ရန် မေ့သွား၍ မရွတ်မိသော ကြောင့် အဖမ်းဆီးခံရကြောင်း ဖော်ပြထားပေသည်။ ယင်းကို (မောရဇာတ် ဇာ- ၁၊ နှာ-၃၀။ ဇာဠ-၂၊ နှာ-၂၉။ မဟာမောရဇာတ် ဇာ.၁၊၂၉၃။ဇာ.ဋ္ဌ၊၄၊ နှာ-၃၃၃)တို့၌ လေ့လာဖတ်ရှုရပေသည်။
(၃) ဝဋ္ဋကဇာတ်၌ အလောင်းတော် ငုံးငှက်ငယ်သည် တောမီးများ ဝိုင်းရံ တောက်လောင်သောအခါ သန္တိပက္ခာ အစရှိသောသစ္စာစကားများကိုဆို၍ ပရိတ်အကာအကွယ်ပြုသောကြောင့် မီးကွင်းသွားလေသည်ဟူ၍ ဟောကြားထားပေသည်။ ဤအကြောင်းကို (ဇာ-၁၊ နာ-၉၊ ၂၇၊ ၁၅၃။ ဇာ၊ ဋ္ဌ-၁၊ နှာ-၂၂၈၊ ၄၅၈။ ဇာ၊၊ ဋ္ဌ-၃၊ နှာ-၂၉၃။ စရိယ၊ နှာ-၄၁၄)တို့၌ ဖတ်ရှုရပေသည်။
(၄) မဃဝတ္ထု၌ ကိုမာဃနှင့်အပေါင်းအသင်းတို့သည် ဇရပ် တန်ဆောင်း ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ လမ်းဖို့ခြင်းစသည့် ကုသိုလ်ကောင်းမှု များကို စုပေါင်းပြုလုပ်ကြသည်။ လူမသမာတို့၏ ကုန်းတိုက်မှုကြောင့် ရွာသူကြီးကဆင်ဖြင့်နင်း၍ သတ်စေသောအခါ ဆင်များက မနင်းဝံ့ဘဲဖြစ်နေသည်။ ထို့ကြောင့် အာဏာသားတို့က သင်တို့မှာ ပရိတ်အကာအကွယ်ရှိကြသလား ဟူ၍ မေးသည် မဃလုလင်နှင့် အပေါင်းပါတို့က ငါတို့မှာ ပရိတ်အကာအကွယ်ရှိသည်။ ယင်းအကာအကွယ်ဟူသည်မှာအခြားမဟုတ် ငါးပါးသီလစောင့်ထိန်းခြင်း၊ မေတ္တာ ပွားခြင်း၊ လမ်းခင်းခြင်း၊ သည်းခံခြင်း ကုသိုလ်တရား များဖြစ်သည်ဟူ၍ ဖြေဆိုကြောင်း မဃဝတ္ထု၌လာရှိသည်။ ထိုဇာတ်လမ်းကို (ဇာ၊ ဋ္ဌ၊ ၁၊၂၁၆)၌ ဖော်ပြထား၏။
(၅) တေလပတ္တဇာတ်၌ ဗာရာဏသီမင်းကြီး၏ သားတော်ကလေးသည်တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုယူရန်သွားသောအခါ လမ်းခရီးရှိ တောအုပ်ကြီးကို ဖြတ်ကျော်သွားရမည်ဖြစ်၍ ဘေးရန်အမျိုးမျိုးမှ ကင်းလွတ်စေရန် အရှငျပစ်စကေဗုဒ်ဓါတို့က ပရိတ်ချည်, ပရိတ်သဲ စသည် ပေးလိုက်ကြောင်း လာရှိသည်။ ယင်း တေလပတ္တဇာတ်ကို (ဇာ၊ ဋ္ဌ၊ နှာ-၄၂ဂ)၌ ဖတ်ရှုလေ့လာနိုင်သည်။
(၆) ဆဒ္ဒန္တ ဇာတ်၌ ဆဒ္ဒန်ဆင်မင်းက မုဆိုးအား အစွယ်ကိုလှူပြီးနောက် သင်သည် လူတို့ရွာမှ ဤနေရာအထိ မည်မျှ အချိန်ကြာစွာ လာခဲ့ရသနည်း ဟူ၍ မေးသည်။ မုဆိုးက 'ငါသည် ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်ကြာ လာခဲ့ ရသည်ဟု ပြောသောအခါ 'သင်သည် အပြန်၌ ခုနစ်ရက်တည်းဖြင့် ပြန်ရောက် လိမ့်မည်ဟုပြောပြီး ပရိတ်အကာအကွယ်ပေး၍ ပြန်လွှတ်လိုက်ကြောင်း လာရှိသည်။ ဤအကြောင်းကို ဆဒ္ဒန်ဆင်မင်းဝတ္ထု (ဇာ၊ဋ္ဌ-၅၊ နှာ-၅၄)၌ ဖတ်ရှုနိုင်ပေသည်။
ဤသို့လျှင် ဇာတ်ပါဠိ၊ စရိယပိဋကပါဠိ၊ ဇာတ်အဋ္ဌကထာ၊ စရိယပိဋက အဋ္ဌကထာ၊ ဝိနည်းအဋ္ဌကထာတို့အရ ဗုဒ္ဓမြတ်စွာမပွင့်ပေါ်သေးမီ အလောင်းတော် ဘဝတို၌ပင်လျှင် ပရိတ်တော်များရှိခဲ့ပုံကို သိရှိရပေသည်။
==============
(၂)ဗုဒ္ဓထင်ရှားရှိစဉ်ခေတ်က ပရိတ်တော်များ
မြတ်ဗုဒ္ဓရှင်တော်ဘုရား ပွင့်ထွန်းပေါ်ပေါက်လာသည့်အခါ ဖြစ်ပေါ်လာသော ဘေးအန္တ ရာယ်များကို တားဆီးကာကွယ်ရန် မြတ်ဗုဒ္ဓရှင်တော်ဘုရားက သုတ်, ပရိတ်တော်များကို ဟောကြားတော်မူသဖြင့် ထင်ရှားဖြစ်ပေါ်လာသော ပရိတ်တော် များကို ဗုဒ္ဓခေတ်ပရိတ်တော်များဟူ၍ ဆိုပါသည်။
ယင်း ပရိတ်တော်များမှာ-
(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ဓဇဂ္ဂသုတ်၊
(၅) အာဋာနာဋိယသုတ်၊
(၆) အင်္ဂုလိမာလသုတ်၊
(၇) ဗောဇ္ဈင်္ဂသုတ်ဟူ၍ ခုနစ်သုတ်ရှိပေသည်။ ထင်ရှားစေရန် အကျဉ်းမျှ ရှင်းပြပါရစေ။
(၁) မင်္ဂလသုတ်ကို မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဟောကြားတော်မူသည်။ သုတ်၏အဆုံး ဂါထာဖြင့် ဤသုတ်လာ တရားတော်သုံးဆယ့်ရှစ်ပါးကိုကျင့်သုံးလျှင် မကောင်းကျိုးများ ပပျောက်၍ ကောင်းကျိုးများ ဖြစ်ပေါ်နိုင်ကြောင်း ဟောပြထားသည်။ ယင်းသုတ်ကို (ခုဒ္ဒက ပါဌ၊ နှာ-၃။ သုတ္တနိ၊ နှာ-၃၁၈)တို့နှင့်ဆိုင်ရာ အဋ္ဌကထာတို့၌ လေ့လာဖတ်ရှု နိုင်သည်။
(၂) ရတနသုတ်ကို မြတ်စွာဘုရား ဝေသာလီပြည်၌ ဟောတော်မူသည်။ရောဂါဘေး ဘီလူးဘေး အငတ်ဘေးများပျောက်ပစေရန် ဟောတော်မူခြင်းဖြစ်သည်။ အရှင်အာနန္ဒာကိုလည်း နေရာအနှံ့အပြား လှည့်လည် ရွတ်စေသည်။ ခုနစ်ရက်အတွင်း အေးချမ်းသွားလေသည်။ ယင်းသုတ်၏ အကြောင်းအရာ အပြည့်အစုံကို ခုဒ္ဒကပါ နှာ-၄။ သုတ္တနိ၊ နှာ-၃၁၂ တို့နှင့် ယင်း အဋ္ဌကထာတို့၌ လေ့လာဖတ်ရှုနိုင်သည်။
(၃) မေတ္တသုတ်ကို မြတ်စွာဘုရားသည် ရဟန်းတော်ငါးရာတို့ကို ဟောတော်မူသည်။ ယင်းရဟန်းတို့သည် ကမ္မဋ္ဌာန်းပွားများရန် တောအုပ်ကြီးတစ်ခု၏ အတွင်းသို့ ကြွရောက်ကြရာ သစ်ပင်များ၌နေသည့် နတ်များက သူတို့ အနေအထိုင်ခက်သောကြောင့် ရဟန်းများမနေနိုင်အောင် ကြောက်ဖွယ်ရုပ်ဆင်းနှင့် မကောင်းသော အနံ့များကို ဖြစ်စေလျက် ခြောက်လှန့်ကြသည်။ ရဟန်းများ ကြောက်၍ မြတ်စွာဘုရားထံ ပြန်၍လျှောက်သောအခါ ဤမေတ္တသုတ်ကိုရွတ်ရန် ဟောကြားသင်ပေးသည်။ ရဟန်းများ မေတ္တသုတ်ကို ရွတ်ကြသောအခါ နတ်များကြည်ညို၍ မခြောက်လှန့်ဘဲ ရှိခိုးပူဇော်ကြသည်။ ယင်းမေတ္တသုတ်အကြောင်းကို (ခုဒ္ဒက နှာ-၃။ သုတ္တနိ၊ နှာ-၃၀၀)နှင့် အဋ္ဌကထာများ၌ လေ့လာဖတ်ရှုနိုင်ပေသည်။
(၄) ဓဇဂ္ဂသုတ်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည်။ တပည့်သား ရဟန်းတော်များ ကြောက်ရွံ့ခြင်းမရှိစေရန် ရတနာသုံးပါး၏ဂုဏ်တော်တို့ကိုကို ဖော်ပြ၍ ဟောတော်မူသည်။ ယင်း သုတ်အကြောင်းကို (သံ-၁၊ နှာ-၂၂ဝ)၌ ဖတ်ရှုနိုင်သည်။
(၅) အာဋာနာဋိယသုတ်ကို စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့၏ လျှောက်ထားချက်အရ ဗုဒ္ဓဘာသာဝင်ရှင်လူတို့အား နတ်မိစ္ဆာများက မနှောက်ယှက် နိုင်စေရန် ဟောတော်မူခြင်းဖြစ်သည်။ ယင်းသုတ်ရင်းမှာ အစ ခြောက်ဂါထာ မျှသာ ဖြစ်သည်။ ကျန်ဂါထာများမှာ ရှေးဆရာတော်ကြီးများ ဗုဒ္ဓစာပေနှင့်အညီ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ နောက်ဆုံးဖြစ်သော အဘိဝါဒနချီ ဂါထာမှာ ဓမ္မပဒ ပါဠိတော်၌လာသောဂါထာ ဖြစ်သည်။ ယင်းသုတ်ရင်းကို (ဒီ၊ ၃။ နှာ-၁၅၈)၌ ဖတ်ရှုနိုင်ပါသည်။
(၆) အင်္ဂုလိမာလသုတ်မှာ- အရှင်အင်္ဂုလိမာလက မီးမဖွားနိုင်သည့် အမျိုးသမီးကလေးကိုကယ်ဆယ်ရန် ရွတ်ဆိုခဲ့သည့် ပရိတ်တော်ဖြစ်သည်။ ယင်း သုတ်တန်ခိုးကြောင့် အမျိုးသမီး လွယ်ကူစွာ မီးဖွားနိုင်ခဲ့သည်။ ထိုအကြောင်းကို (မ-၁၊ နှာ-၃ဝ၁)၌ ဖတ်ရှုနိုင်ပါသည်။
(၇) ဗောဇ္ဈင်သုတ်ကို အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပတို့နှင့် မြတ်စွာဘုရားကိုယ်တော်တိုင် မကျန်းမာသောအခါ ထိုရောဂါတို့မှ ပျောက်ကင်းစေရန် ဟောတော်မူသည်။ ယင်း(၃)သုတ် စုဏ္ဏိယပါဠိကို ရှေးဆရာကြီးများက ပေါင်း၍
ဂါထာဖွဲ့စီ၍ သစ္စာဆိုထားခြင်းဖြစ်သည်။မူရင်းသုတ်များကို (သံ.၃၊၂၇၂)၌ ဖတ်ရှုနိုင်သည်။
ဤသို့လျှင် ဗုဒ္ဓခေတ် ပရိတ်တော်ခုနစ်သုတ်ကိုလေ့လာဖတ်ရှုရပေသည်။ ပုဗ္ဗဏှသုတ်အကြောင်းမှာ နောက်၌ ထင်ရှားပါလိမ့်မည်
ဆက်ရန်===
ဦးနန္ဒာစာရ မုံရွာ