27/09/2022
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
🍂🍂🍂🍂🍂🍂🍂
ခန္ဓာဆိုတာ အဖို့ အစုလို့ အနက်အဓိပ္ပါယ်ရှိတယ်၊ အတိတ်,
အနာဂတ်, ပစ္စုပ္ပန်၊ အတွင်းအပြင်, အကြမ်းအနု, အယုတ်အမြတ်,
အဝေးအနီးခွဲခြားလို့ ရကောင်းတဲ့တရားဟူသမျှကို ခန္ဓာလို့
ခေါ်တယ်။ ရုပ်ဆိုရင် လွန်ခဲ့ပြီးအတိတ်လည်းရှိတယ်၊ ဖြစ်လာမည့်
အနာဂတ်လည်းရှိ တယ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်လည်း ရှိ တယ်၊
ကိုယ်တွင်းမှာလည်းရှိတယ်၊ ကိုယ်ပမှာလည်းရှိတယ်၊ ရုပ်ကြမ်းလည်း
ရှိတယ်၊ ရုပ်နုလည်းရှိတယ်၊ အညံ့စားလည်း ရှိတယ်၊ အကောင်းစား
လည်း ရှိတယ်၊ အဝေးမှာလည်းရှိတယ်၊ အနီးမှာလည်းရှိတယ်။
ဒါကြောင့် အတိတ်ရုပ်, အနာဂတ်ရုပ် အစရှိတဲ့ အဲဒီရုပ်ဟူ
သမျှတွေကို ပေါင်းစုပြီး ရုပ်ခန္ဓာလို့ ခေါ် ရတယ်။ ထို့အတူပင်
ဝေဒနာဟူသမျှကို ပေါင်းစုပြီး ဝေဒနာခန္ဓာလို့ ခေါ် ရတယ်။
သညာဟူသမျှကို ပေါင်းစုပြီး သညာခန္ဓာလို့ ခေါ် ရတယ်။ သင်္ခါရ
ဟူသမျှကို ပေါင်းစုပြီး သင်္ခါရခန္ဓာလို့ ခေါ်ရတယ်။ စိတ်ဝိညာဏ်
ဟူသမျှကို ပေါင်းစုပြီး စိတ်ဝိညာဏ်ခန္ဓာလို့ ခေါ် ရတယ်။ အပေါင်း
အစုကို ခန္ဓာခေါ်တယ်ဆိုတော့ ရုပ်တစ်ခုတည်း, ဝေဒနာ စသည်
တစ်ခုတည်းကိုတော့ ခန္ဓာလို့ မခေါ်ရဘူးလားလို့ မေးစရာရှိပါ
တယ်။ ပေါင်းစုလို့ ရနိုင်တဲ့ တရားများဖြစ်တဲ့အတွက် ရုပ်တစ်ခု
တည်းကိုလည်း ခန္ဓာလို့ ခေါ်ရပါတယ်။ ဝေဒနာစသည် တို့မှာလည်း
တစ်ခုတည်းပေမယ့် ခန္ဓာလို့ ခေါ်ရတယ်။ ပေါင်းစုလို့ မရနိုင်တဲ့
တရားကိုတော့ ခန္ဓာလို့ မခေါ်ရဘူး၊
အဲဒါကလည်း နိဗ္ဗာန်တရား
တစ်ပါးသာ ရှိပါတယ်၊ နိဗ္ဗာန်ဆိုတာကတော့ တစ်ပါးတည်းသာရှိ
တယ်၊ အတိတ်, အနာဂတ် စသည်ဖြင့် ခွဲလို့ မရကောင်းဘူး၊
ဒါကြောင့် ပေါင်းစုပြီး ခေါ်ဝေါ်ပြောဆို လို့လည်း မဖြစ်ဘူး၊ အဲဒီလို
အပေါင်းအစု မရကောင်းတဲ့အတွက် နိဗ္ဗာန်ကိုတော့ ခန္ဓာလို့ မခေါ်ရဘူး။
ဒါကြောင့် ဥပါဒါနက္ခန္ဓာဆိုတာ စွဲလမ်းမှု၏ အာရုံဖြစ်တဲ့ တရားအစ၊ုအဲဒီခန္ဓာဆိုတဲ့ပုဒ်ဟာ ဥပါဒါနဆိုတဲ့ ပုဒ်နဲ့တွဲစပ်လိုက်တဲ့
အခါ ဥပါဒါနက္ခန္ဓာလို့ ဖြစ်လာတယ်၊ ဥပါဒါန -ဆိုတာ စွဲလမ်းမှုပဲ။
တွေပါပဲ၊ တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့ လောကီတရားအစုတွေလို့
ဆိုလိုပါတယ်။ စွဲလမ်းမှု၏ အာရုံမဖြစ်တဲ့ မဂ်ဖိုလ်စိတ် စေတသိက်ဆိုတဲ့ လောကုတ္တရာတရားတွေကတော့ #ခန္ဓာသာ မည်တယ်၊ #ဥပါဒါနက္ခန္ဓာ တော့ မမည်ဘူး၊ အဲဒီလောကုတ္တရာတရားတွေကတော့
မဂ်ဖိုလ်ဖြစ်ခိုက်မှာ ပါဝင်တဲ့တရားတွေပါပဲ၊ သူတို့ကတော့ ဝေဒနာ,သညာ, သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါးသာ ရှိတယ်။
#ရုပ်ခန္ဓာတော့ မရှိဘူး၊ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ဥပါဒါနက္ခန္ဓာဆိုတာတွေကတော့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ် ငါးပါးလုံးရှိတယ်။
ယခုဒီသုတ်မှာ ဘာရ-လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးလို့ဆိုတဲ့
တရားတွေကတော့ ဥပါဒါန်၏ အာရုံဖြစ်တဲ့ အဲဒီလောကီ ရုပ်နာမ် ခန္ဓာတွေချည်းပဲ၊ လောကုတ္တရာခန္ဓာတွေ မပါဘူး၊ ဒါကြောင့် ဒီမှာ ခန္ဓာလို့ သာမညမဟောပဲ ဥပါဒါန-ပုဒ်နဲ့ အထူးပြုပြီး ဥပါဒါနက္ခန္ဓာ-လို့ ဟောထားပါတယ်၊ လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးဆိုတာ
တဏှာ, ဒိဋ္ဌိနဲ့ ငါ့ဥစ္စာပဲလို့ စွဲလမ်းနိုင်တဲ့ လောကီခန္ဓာငါးပါးတရား တွေလို့ ဆိုလိုပါတယ်။
#ဥပါဒါန် ၄-ပါး
🍁🍁🍁🍁🍁
ဥပါဒါန်ဆိုတာ (၁) ကာမုပါဒါန်၊ (၂) ဒိဋ္ဌုပါဒါန်၊ (၃)သီလဗ္ဗတုပါဒါန်၊ (၄) အတ္တဝါဒုပါဒါန်အားဖြင့် ၄-ပါးရှိတယ်၊ ဒီဥပါဒါန် ၄-ပါးအကြောင်းကိုတော့ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ
အကျယ်ပြောခဲ့ပါပြီ၊ ဒါကြောင့် ဒီမှာတော့ အကျဉ်းချုပ်လောက်ပဲ ပြောရမယ်။ အဲဒီ၄-ပါးထဲက
(၁) ကာမုပါဒါန်ဆိုတာ နှစ်သက်လိုချင်စရာ ကာမဂုဏ်အာရုံတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာပါပဲ။
မိမိကိုယ်တွင်းသန္တာန်ကဖြစ်စေ၊ သူတစ်ပါးသန္တာန်ကဖြစ်စေ တစ်စုံ တစ်ခုကို နှစ်သက်လိုချင်ပြီး စွဲလမ်းနေရင် အဲဒါဟာ ကာမုပါဒါန်ပဲ။
အထူးအားဖြင့်တော့ အဖိုသတ္တဝါတွေမှာ အမသတ္တဝါတွေနဲ့ စပ်တဲ့
ကာမဂုဏ်တွေကို သာယာတပ်မက်ပြီး စွဲလမ်းနေတတ်တယ်။ အမ သတ္တဝါတွေမှာလည်း အဖိုသတ္တဝါတွေနဲ့ စပ်တဲ့ကာမဂုဏ်တွေကို
သာယာတပ်မက်ပြီး စွဲလမ်းနေတတ်တယ်။
ယခုလောလောဆယ်မှာ
တွေ့ရတဲ့ ကာမဂုဏ်အာရုံတွေကိုလည်း သာယာတပ်မက်ပြီး
စွဲလမ်းနေတတ်တယ်၊ နောင်အခါရနိုင်မယ်လို့ မျှော်လင့်ရတဲ့
ကာမဂုဏ်အာရုံတွေကိုလည်း မျှော်လင့်တောင့်တပြီး စွဲလမ်းနေတတ်တယ်၊ မရသေးတာဆိုရင် အလွန် ရချင်နေတတ်တယ်၊
ရပြီးရှိပြီးဆိုရင်လည်း မစွန့်နိုင် မခွာရက်နိုင်ဖြစ်နေတတ်တယ်။
ဒါတွေဟာ ကာမဂုဏ်အာရုံကို စွဲလမ်းတဲ့ #ကာမုပါဒါန်ပါပဲ၊ နောက် ပြီးတော့ ကာမဂုဏ်အာရုံ မဟုတ်ပေမယ့် နှစ်သက်လိုချင်ဖွယ် ဖြစ်လို့
ဝတ္ထုကာမလို့ ခေါ်ရတဲ့ #လောကီရုပ် နာမ် ခန္ဓာဟူသမျှကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာကိုလည်း ကာမုပါဒါန်လို့ပဲ ခေါ်ရ တယ်။
ဒါကြောင့် ရူပဘဝ အရူပဘဝနှင့် စပ်တဲ့ သဘောတရား
အခြေအနေတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာလည်း #ကာမုပါဒါန်မည်တာပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီဥပါဒါန်အရာမှာ ရူပုပါဒါန် အရူပုပါဒါန်ရယ်လို့မရှိဘူး။
ကာမုပါဒါန်ရယ်လို့သာရှိပါတယ်။ဒါ့ကြောင့် #ဘာပဲဖြစ်ဖြစ် နှစ်သက်လိုချင်ပြီးစွဲလမ်းရင် ကာမုပါဒါန်ပဲလို့သာ မှတ်ရမယ်။
(၂) ဒိဋ္ဌုပါဒါန်ဆိုတာ မှားယွင်းတဲ့ အယူအစွဲပါပဲ၊ အယူဝါဒဆိုတာ
စွဲလမ်းတာချည်းပဲ၊ မစွဲလမ်းတဲ့ အယူရယ်လို့ မရှိဘူး၊
နည်းနည်းစွဲတာနဲ့ များများစွဲတာပဲကွာပါတယ်၊ ဒါကြောင့် မှားယွင်းတဲ့ အယူအစွဲဟူသမျှကို ဒိဋ္ဌုပါဒါန်လို့ဆိုသင့်ပါတယ်၊
ဒါပေမယ့်
အကျင့်အမှားကို စွဲလမ်းတဲ့အယူနဲ့ အတ္တစွဲအယူ ဒီနှစ်ပါးကိုတော့
သီးခြားဥပါဒါန် အဖြစ်ဖြင့် ဟောထားလို့ အဲဒီ ၂-ပါးကို
ချန်ထားရမယ်။ ကျန်တဲ့အယူအစွဲဟူသမျှကို ဒိဋ္ဌပါဒါန်လို့မှတ်ရ မယ်၊
အထူးဝိသေသအားဖြင့်ဆိုရင်တော့ ကုသိုလ်ကံ အကုသိုလ်ကံမရှိ၊
ကံ၏အကျိုးမရှိ၊ နောင်တမလွန်ဘဝမရှိ-လို့ ယူတဲ့အစွဲအလမ်းဟာ
ဒိဋ္ဌပါဒါန်ပဲ၊ ဒိဋ္ဌမင်္ဂလာအစရှိတဲ့ အယူအစွဲတွေလည်း ဒိဠုပါဒါန်ပဲ။
(၃) သီလဗ္ဗတုပါဒါန်ဆိုတာ သံသရာမှ လွတ်မြောက်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာကြောင်း မဟုတ်တဲ့ အလေ့
အကျင့်တွေကို သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်ရောက်
ကြောင်း ချမ်းသာကြောင်း အကျင့်အနေဖြင့် ယုံကြည်စွဲလမ်းတဲ့
အယူအစွဲပါပဲ၊ နွား, ခွေး စသည်တို့၏ အလေ့အကျင့်ဖြင့် ဆင်းရဲမှ
လွတ်မြောက်တယ်လို့ ယုံကြည်ကာ၊ နွား, ခွေး စသည်ကို ကိုးကွယ်
ပူဇော်ခြင်း နတ်, သိကြား, ဗြဟ္မာ အရှင်သခင်ကြီးတွေကို ကိုးကွယ်
ခြင်းမျှဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်လို့ ယုံကြည်ယူဆတာ၊ ဂင်္ဂါ
မြစ်ရေကို ချိုးရုံမျှဖြင့် မကောင်းမှုပပျောက်တယ်လို့ ယုံကြည်ယူဆ
တာ၊ နွား၊ ကျွဲ၊ ဆိတ် စသည်တို့ကို သတ်ပြီးပူဇော်ခြင်းဖြင့် မကောင်း
မှုအပြစ်ပပျောက်တယ်လို့ ယုံကြည်ယူဆတာ- ဒီလိုအယူအစွဲတွေ
ကို သီလဗ္ဗတုပါဒါန်လို့ ခေါ်ပါတယ်၊ အတိုချုပ်အားဖြင့် ပြောရလျှင်
မဂ္ဂင်ရှစ်ပါးမှ အလွတ်ဖြစ်တဲ့ အကျင့်မျိုးကို ဆင်းရဲမှလွတ်ကြောင်း
အကျင့်ကောင်းအဖြစ်ဖြင့် ယုံကြည်ယူဆစွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန်ပါပဲ။
(၄) အတ္တဝါဒုပါဒါန် ဆိုတာကတော့ ကိုယ်ထဲမှာ အသက် ရှင်ပြီး တည်နေတဲ့အတ္တကောင် အသက်ကောင်ကလေး တကယ်ရှိ
တယ်အနေနဲ့ ယူဆတဲ့ အတ္တစွဲပါပဲ၊ အဲဒီအတ္တကောင်ဟာ မသေမီ သာရှိတယ်၊ သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူးလို့ ယူလျှင်
ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊ ပြတ်စဲအယူလို့လည်းခေါ် ရတယ်။ အဲဒီအတ္တ
ကောင်ဟာ ပျက်စီးခြင်းမရှိဘူး၊ သေတဲ့အခါလည်း သူက တခြားဘဝ
တခြားခန္ဓာကိုယ်ထဲမှာ ပြောင်းရွှေ့ပြီး တည်မြဲ တည်ရှိနေတယ်လို့
ယူလျှင် သဿတဒိဋ္ဌိဖြစ်တယ်၊ တည်မြဲအယူလို့လည်း ခေါ် ရတယ်။
တရားကိုယ်အားဖြင့်တော့ ဒီဥပါဒါန် ၄-ပါးဟာ တဏှာနဲ့
ဒိဋ္ဌိနှစ်ပါးပဲ ဖြစ်ပါတယ်၊ ကာမုပါဒါန်က တဏှာ၊ ကျန်တဲ့ဥပါဒါန်
၃-ပါးက ဒိဋ္ဌိချည်းပဲ။ ဒိဋ္ဌိက အထင်လွဲပြီးစွဲလမ်းတယ်၊ တဏှာက
သာယာပြီး စွဲလမ်းတယ်၊ ဒါကြောင့် “ထင်လွဲ သာယာ၊ စွဲလမ်းတာ၊
နှစ်ဖြာ ဥပါဒါန်” လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကိုဆိုကြရမယ်။
ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။
(ဆို ၃-ခေါက်)
#စွဲလမ်းပုံ
ခန္ဓာငါးပါးနှင့်စပ်ပြီး စွဲလမ်းပုံကတော့ မျက်စိကြည်လင်
တာကို အကြောင်းပြုပြီးတော့လည်း သာယာစွဲလမ်းတယ်၊ နား
ကောင်းတာ, နှာခေါင်းကောင်းတာ, လျှာကောင်းတာတွေကိုလည်း
အကြောင်းပြုပြီး သာယာစွဲလမ်းတယ်၊ အတွေ့အထိကို ဖမ်းယူနိုင်တဲ့
ကိုယ်ရုပ်ကိုလည်း အကြောင်းပြုပြီး သာယာစွဲလမ်းတယ်၊ ကိုယ့်
သန္တာန်ကအဆင်းရုပ်၊ သူများသန္တာန်က အဆင်းရုပ်တွေကိုလည်း
သာယာစွဲလမ်းတယ်၊ ထိုအတူ အသံ, အနံ့၊ အရသာ, အတွေ့
ရုပ်တွေကိုလည်း သာယာစွဲလမ်းတယ်၊ ကွေးလိုက် ဆန့်လိုက်၊
ထိုင်လိုက် ထလိုက် စသည်ဖြင့် အလိုရှိတိုင်းပြုလုပ်နိုင်တဲ့
တစ်ကိုယ်လုံးရုပ်တွေကိုလည်း နှစ်သက်သာယာပြီး စွဲလမ်းတယ်၊
ဒီလိုစွဲလမ်းမှုတွေဟာ မြင်တိုင်း ကြားတိုင်း, တွေ့တိုင်း,
သိတိုင်း ပါဝင်ပြီး ဖြစ်နေတတ်ပါတယ်၊ တစ်ရံတစ်ခါ အထင်လွဲပြီး
စွဲလမ်းတာကို ဥပါဒါန်လို့ခေါ်တယ်။ ဒါကြောင့် ထင်လွဲ သာယာ၊
စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်လို့ ဆိုထားပါတယ်။ အဲဒီ စွဲလမ်းမှု
ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ အထင်လွဲပြီး စွဲလမ်း
နိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ သာယာပြီးစွဲလမ်းနိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ
အဲဒါတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ ငါကောင်အနေနဲ့
ထင်မှတ်ရင် အထင်လွဲပြီး စွဲလမ်းတဲ့ ဒိဋိဥပါဒါန်ပဲ၊ ငါ့ဥစ္စာအနေနဲ့
နှစ်သက် သိမ်းပိုက်လိုလျှင် သာယာပြီး စွဲလမ်းတဲ့ တဏှာဥပါဒါန်ပဲ။
ဒါကြောင့် “ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်”လို့ ဆောင်ပုဒ်
စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန် (ဆို)
#ဥပါဒါနက္ခန္ဓာခေါ်ရပုံ
စွဲလမ်းတာက ဥပါဒါန်၊ အစွဲလမ်းခံရတာက #ဥပါဒါနက္ခန္ဓာ။
ငါပဲ, ငါ့ဥစ္စာပဲလို့ စွဲလမ်းတာက ဥပါဒါန်၊ ငါ, ငါ့ဥစ္စာပဲလို့
ထင်မှတ်ရတဲ့တရားတွေက ဥပါဒါနက္ခန္ဓာတဲ့။ အဲဒီမှာ ငါ့ဥစ္စာလို့
ထင်မှတ်စွဲလမ်းတယ်ဆိုတာနဲ့ နှစ်သက်သာယာပြီး စွဲလမ်းတယ်ဆို
တာဟာ အတူတူပါပဲ၊ နှစ်သက်သာယာတဲ့အခါမှာ ကိုယ့်ဥစ္စာ
မဟုတ်ပေမယ့် ကိုယ့်ဥစ္စာအနေနဲ့ သိမ်းပိုက်ပြီး နှစ်သက်သာယာ
ပါတယ်။ ဈေးဆိုင်မှာ လိုချင်စရာပစ္စည်းတွေကို သွားကြည့်တဲ့အခါ
အကျီိုဆိုရင်လည်း စိတ်ထဲက ဝတ်ကြည့်လိုက်တာပဲ၊ ဖိနပ်ဆိုရင်လည်း
စိတ်ထဲက စီးကြည့်လိုက်တာပဲ။ သက်ရှိသက်မဲ့ ဝတ္ထုတွေအားလုံးကို
ဒီလိုချည်း ကိုယ်ပိုင်အနေနဲ့ အသုံးပြုပြီး နှစ်သက်သာယာလိုက်တာပဲ။
ဒါကြောင့် တဏှာနဲ့ သာယာပုံကို ပြတဲ့အခါမှာ ဧတံ မမ-ဤ
အရာသည် ငါ့ဥစ္စာပဲလို့ သာယာသိမ်းပိုက်ပြီးဖြစ်တဲ့ အကြောင်း
ဟောထားပါတယ်၊ ဒီမှာလည်း အဲဒီဒေသနာနည်းကို ယူပြီး၊ ငါ့ဥစ္စာ
အနေနဲ့ စွဲလမ်းတာကို တဏှာဥပါဒါန်၊ အဲဒီလို စွဲလမ်းနိုင်တဲ့တရား
တွေကို ဥပါဒါနက္ခန္ဓာလို့ ပြဆိုထားပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာတွေက ဘာတွေလည်းဆိုရင် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးတရားတွေပါပဲ။ ဒါကြောင့် ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊
ဥပါဒါနက္ခန်။ ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်လို့
ဆိုထားပါတယ်။ အဲဒီ ၂-ပုဒ်ကို တဆက်တည်း ဆိုကြရမယ်။
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်၊ (ဆို)
ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်း (ဆို)
ရုပ်-က ရူပက္ခန္ဓာ၊ ဝေ-က ဝေဒနာက္ခန္ဓာ၊ သညာ-က
သညာက္ခန္ဓာ၊ သင်္ခါရာ-က သင်္ခါရက္ခန္ဓာ၊ ဝိညာ-က ဝိညာဏက္ခန္ဓာ၊
အဲဒီခန္ဓာငါးပါးကို အတိုချုပ်မှတ်ရအောင် “ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊
ဝိညာဤငါးတန်” လို့ ဆောင်ပုဒ်စီထားတယ်။
အမှန်စင်စစ်ကတော့
ဒီခန္ဓာငါးပါးဟာ အတ္တကောင် အသက်ကောင် မဟုတ်ဘူး၊
သဘောတရားမျှပါပဲ။ ဒါပေမယ့် ပုထုဇဉ်သတ္တဝါတွေက အဲဒါတွေကို
အတ္တကောင် အသက်ကောင် ငါကောင်ပဲလို့ အထင်လွဲပြီးတော့
လည်း စွဲလမ်းနေကြတယ်။ သာယာနှစ်သက်ပြီးတော့လည်း
စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီတရားတွေကို ဥပါဒါနက္ခန္ဓာ
လို့ခေါ်တယ်။
ရုပ်ခန္ဓာဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောရရင် ရုပ်ကိုယ်
ကြီးတစ်ခုလုံးပါပဲ။ အဲဒီတစ်ကိုယ်လုံးမှာ ဘယ်အပိုင်းကပဲဖြစ်ဖြစ်
စွဲလမ်းနိုင်တယ်။ ဆံပင်ကလေး တစ်ပင်ကိုလည်း စွဲလမ်းနိုင်တာပါပဲ။
မယုံရင်စမ်းကြည့်နိုင်ပါတယ်၊ လူတစ်ယောက်ရဲ့ ဆံပင်ကို ဆွဲကြည့်
ပါ၊ ငါ့ကို မဆွဲနဲ့လို့ ပြောပါလိမ့်မယ်။ ဆံပင်ကို ဆွဲနုတ်လိုက်ရင်
တော့ ငါ့ကို ဆွဲနုတ်တယ်- ငါ့ကို စော်ကားတယ်လို့ ဆိုမှာသေချာ
ပါတယ်။ အဲဒါ ဆံပင်ကို ငါအနေနဲ့၊ ငါ့ဥစ္စာအနေနဲ့ စွဲလမ်းနေပုံပါပဲ။
ရုပ်ဆို တာ အထက်ဆံဖျားမှ အောက်ခြေဖဝါးတိုင်အောင်၊
အောက်ခြေဖဝါးမှ အထက်ဆံဖျားတိုင်အောင် တစ်ကိုယ်လုံးမှာ
အနှံ့အပြားရှိနေတယ်၊ အဲဒီရှိသမျှရုပ်တွေကို ငါအနေနဲ့လည်း
စွဲလမ်းတယ်၊ ငါ့ကိုယ်အနေနဲ့လည်း သာယာပြီး စွဲလမ်းတယ်။
#အတ္တစွဲက ကင်းခဲသည်
ရုပ်နာမ်အကြောင်း မလေ့လာဖူးတဲ့သူတွေမှာ အဲဒီရုပ်
ကိုယ်ကြီးကိုပင် အသက်ရှင်နေတဲ့ ငါကောင်လို့ ထင်မှတ်စွဲလမ်းနေ
တယ်၊ တရားအားမထုတ်ဘူးတဲ့သူတွေ၊ အားထုတ်သော်လည်း
ရုပ်နာမ်တရားကို ပိုင်းပိုင်းခြားခြား မသိသေးတဲ့သူတွေလည်း
ဒီရုပ်ကိုယ်ကြီးကို ငါကောင်လို့ ထင်နေတာပဲ။ ရုပ်နဲ့ နာမ်မျှသာ
ရှိတယ်။ ပုဂ္ဂိုလ် သတ္တဝါကောင် ငါကောင်ရယ်လို့ စင်စစ်အားဖြင့်
မရှိဘူးဆိုတာကို ကြားနာမှတ်သားဖူးတဲ့သူတွေ၊ ရုပ်နာမ်အကြောင်း
လေ့လာဖူးတဲ့သူတွေမှာတော့ အဲဒီလိုစွဲလမ်းမှု သက်သာပါတယ်။
ဒါပေမယ့် လုံးလုံးကင်းတာတော့ မဟုတ်ဘူး၊ စွဲလမ်းမှုကတော့
ရှိနေသေးတာပဲ။ ဘုရားဟောထားတဲ့အတိုင်း၊ တရားကျမ်းဂန်တွေ
က ပြဆိုထားတဲ့အတိုင်း၊ ဆရာသမားတွေက ဟောပြောထားတဲ့
အတိုင်း ယုံကြည်တဲ့ သဒ္ဓါနဲ့ မှတ်သားထားတဲ့ သညာသိကြောင့်သာ
စွဲလမ်းမှုသက်သာနေတာ၊ ကိုယ်တိုင်တွေ့ပြီး သိထားတာမဟုတ်တဲ့
အတွက် အစွဲအလမ်းကတော့ ရှိနေသေးတာပဲ၊ စာပေကျမ်းဂန်
ဗဟုသုတနဲ့ ပြည့်စုံလို့ ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း
ဝိပဿနာဉာဏ်ဖြင့် ကောင်းကောင်းမတွေ့သေးလျှင် အတ္တ
စွဲရှိနေသေးတာပဲ၊ လုံးလုံးကင်းသွားပြီလို့တော့ မဆိုနိုင်ဘူး။
ဝိပဿနာရှုလို့ ခဏမစဲ ပျက်နေတဲ့ရုပ်နာမ်သဘောတွေကို
သေသေချာချာတွေ့နေရရင်တော့ ဒီအတ္တစွဲဟာ မဖြစ်နိုင်ပဲ
ကင်းနေတတ်ပါတယ်၊ ဒါတောင် အရိယာမဂ်ကို မရောက်သေးပဲ
နားနေရင် ဒီအတ္တစွဲက ဖြစ်မယ်ဆို ဖြစ်နိုင်သေးတာပဲ။ လုံးဝကင်း
တာကတော့ သောတာပတ္တိမဂ်ကိုရောက်မှ ဒီအတ္တစွဲက လုံးဝကင်း
ပါတယ်။ တချို့က
“ဝိပဿနာတရားအားထုတ်ချင်ရင် အတ္တဒိဋ္ဌိ
အတ္တစွဲကို အလျင်ဖြုတ်ရမယ်၊ ပယ်ရမယ်၊ အတ္တစွဲ မပြုတ်ဘဲနဲ့
ဝိပဿနာအားထုတ်လို့မဖြစ်ဘူး” လို့ ပြောကြဟောကြတယ်၊ အဲဒါ
ကတော့ သဘာဝမကျပါဘူး၊ အတ္တဒိဋ္ဌိပြုတ်ရင် သောတာပန်ဖြစ်
နေပြီပဲ၊ ဒီတော့ ဝိပဿနာမရှုရပဲနဲ့ သောတာပန်ဖြစ်တယ်လို့ဆိုရာ
ရောက်နေပါတယ်။ အမှန်ကတော့ ဝိပဿနာရှုမှ အတ္တဒိဋ္ဌိ
အတ္တအစွဲက ပြုတ်တာ။
ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ
နာမရူပါနံ၊ နာမ်နှင့်ရုပ်တို့ ကို။ ယာထာဝဒဿနံ၊ ဟုတ်
တိုင်းမှန်စွာ သိမြင်ခြင်းသည်။ ဝါ သိမြင်သောဉာဏ်သည်။ ဒိဋ္ဌိဝိသုဒ္ဓိ
နာမ၊ အတ္တဒိဋ္ဌိ အညစ်အကြေးမှ စင်ကြယ်သော ဒိဋ္ဌိဝိသုဒ္ဓိ
မည်တယ်-လို့ လည်း မိန့်ဆိုထားပါတယ်။
နောက်ပြီးတော့
အနတ္တာနုပဿနာကို ပွားစေတဲ့သူမှာ အတ္တသညာ အတ္တအမှတ်
အစွဲကို ပယ်တယ်လို့လည်း ပြဆိုထားပါတယ်။
အဲဒီတော့ စောစောပိုင်းက ဖြုတ်ဖို့ လိုတဲ့ အတ္တစွဲကတော့
တရားအားမထုတ်နိုင်လောက်အောင်, ရုပ်နာမ်မျှသာ ရှိတယ်ဆို
တာကို မယုံကြည်နိုင်လောက်အောင်, ခိုင်ခိုင်မြဲမြဲ စွဲနေတဲ့ အတ္တစွဲကိုသာ တရားနာခြင်း, ရုပ်နာမ်တရားကို လေ့လာခြင်း စသည်ဖြင့်
ဖြုတ်ဖို့လိုပါတယ်။
ဒီလိုဓမ္မန္တရာယ်ဖြစ်လောက်အောင် ခိုင်မြဲတဲ့
အတ္တစွဲဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား၏တရားကို လေးလေး
စားစား ယုံကြည်နေတဲ့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ မရှိနိုင်ပါ
ဘူး၊ ဒီလိုမရှိတဲ့အတွက်ပဲ ဝိပဿနာတရားကို အားထုတ်နိုင်ကြတာ။
မြတ်စွာဘုရား လက်ထက်တော်ကဆိုရင် တော်တော်ခိုင်မြဲတဲ့
အတ္တစွဲရှိနေတဲ့ ပုဂ္ဂိုလ်တွေတောင် မြတ်စွာဘုရားထံ လာရောက်ပြီး
တရားဆွေးနွေးရင်း, တရားနာရင်းနဲ့ နှလုံးသွင်းပြီး အတ္တစွဲလည်းပြုတ်
အရိယာမဂ်ဖိုလ်လည်း ရောက်သွားကြသေးတာပဲ။ အဲဒါဟာ
စောစောက အတ္တစွဲကို ဖြုတ်ရတာ မဟုတ်ပါဘူး၊ တရားနာရင်း,
နှလုံးသွင်းရင်းနဲ့ အတ္တစွဲလည်းပြုတ် အရိယာမဂ်ဖိုလ်လည်း
ရောက်သွားကြတာပဲ။
ဒါကြောင့် ဝိပဿနာတရားအားထုတ်ချင်ရင်
ရှေးဦးစွာ အတ္တစွဲဖြုတ်ရမယ်၊
အတ္တစွဲဖြုတ်ပြီးမှ အားထုတ်ရမယ်
ဆိုတာဟာ သဘာဝမကပွါဘူး၊
ဘုရားအလိုတော်မကျပါဘူး။
မဟာစည်ဆရာတော်ဘုရားကြီး၏
ဘာရသုတ္တန်တရားတော်မှ