U Lawkapala Meditation Center

U Lawkapala Meditation Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Lawkapala Meditation Center, Religious organisation, အမှတ်(၁၁+၆)၊ ဝေဘာဂီလမ်း၊ ' ဌ' ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက်ကံအဝင်ဝ။, Yangon.

27/05/2015

လူ့ဘဝအနေတတ်၍အသေမြတ်ကြပါစေကျင့်စဉ်ကို
(၅) ရက်အတွင်း နာရီ (၃၀) ရှုမှတ်ပါက....?
===================================================================================

(၁) စိတ်ပျံ့ ခြင်း၊ အိပ်ငိုက်ခြင်း
နှင့်ဒုက္ခဝေဒနာခံစားရခြင်းမရှိသည့်နည်းဖြင့်ရှုမှတ်ရ
မည်။

(၂)အလင်းရောင်၊ ပီတိစသောမဂ်တု(၁၀)ပါးကိုရှုမှတ်
သိမြင်မည်။

(၃)ဗောဇ္ဈင် (၇)ပါး ခန္ဓာမှာဖြစ်၍ ရောဂါပျောက်မည်။

(၄)လောဘ၊ဒေါသ၊မောဟ၊မာနတို့လျှော့နည်းအောင်
ရှုမှတ်တတ်သွားမည်။

(၅)သေသောအခါနတ်ပြည်သို့ရောက်မည်။

အမှတ်(၁၁+၆)ဝေဘာဂီလမ်း ကားကြီးဂိတ်မှတ်တိုင်၊ရွှေပေါက်ကံအဝင်ဝ။
"ဌ"ရပ်ကွက်၊ မြောက်ဥက္ကလာ ဖုန်း- 09420020887

“ကိုယ်တွေ့တရား ရင်တွင်းစကား”ကျွန်တော့နာမည် ဦးသောင်းပါ၊ ကျွန်တော် အသက်(၇၈)နှစ်ရှိပါပြီ။ စစ်တက္ကသိုလ် အပတ်စဉ်(၁)ကျောင်းဆင်...
24/02/2015

“ကိုယ်တွေ့တရား ရင်တွင်းစကား”

ကျွန်တော့နာမည် ဦးသောင်းပါ၊ ကျွန်တော် အသက်(၇၈)နှစ်ရှိပါပြီ။ စစ်တက္ကသိုလ် အပတ်စဉ်(၁)ကျောင်းဆင်းပါတယ်။ ကျောင်းဆင်းပွဲမှာ “အောင်စစ်သည်” ဆု ရပါတယ်။ ကျောင်းဆင်းပြီး အမှတ်(၂)တင့်ကားတပ်ရင်းမှာ တာဝန်ထမ်းဆောင်ရပြီး၊ ၄င်းနောက် ဗိုလ်မှူးချူပ်အောင်ကြီးရဲ့ ကိုယ်ရံတော်ဗိုလ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရပါတယ်။ ၁၉၆၃-ခုနှစ်တွင် (၁၀၄)ခြေမြန်တပ်ရင်း၌ တပ်စုမှူးတာဝန် ထမ်းဆောင်ရပြီး ၄င်းနောက် သကန(၂) ၊ခလရ(၄၇)၊ တပ်မ(၇၇)၊ တပ်မ(၈၈)နှင့် ခြေမြန်တပ်ရင်း(၁၀၂)မှာ တာဝန်ထမ်းဆောင်နေစဉ် ဒုဗိုလ်မှူးကြီးရထူးဖြင့် နယ်ဘက် သတ္တုတွင်း ၀န်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည်။ ၁၉၉၁ခုနှစ်တွင် ညွှန်ချူပ်တာဝန်မှ အမေရိကန် နိင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်။ ၁၉၉၆-ခုနှစ် အောက်တိုဘာလမှာ ၀န်ကြီးဌာနအသစ်ဖြစ်တဲ့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးတာဝန် ထမ်းဆောင်ရပါတယ်။ ၂၀၁၀ခုနှစ်မှာ ၀န်ကြီးအဖြစ်မှ အငြိမ်းစားယူခဲ့ ပါတယ်။
၂၀၁၁-ခုနှစ်မှာတော့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပါတယ်။ မှတ်မှတ်ရရ ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ ဖြစ်သော(NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာ ဦးအောင်မိုးညို၊ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကနေ ကျွန်တော့ကို ဆရာတော် လူဝတ်နဲ့ တာမွေမှာ တရားပြသစဉ်(၂၀၁၁)ခုနှစ်က ထုတ်ဝေတဲ့ “စာစဉ်(၆)၊ ကျင့်စဉ်အကြောင်း သိကောင်းစရာများနှင့် ကျင့်စဉ်အတိုင်း လိုက်နာ-ကျင့်ကြံ အားထုတ်သူတို့၏ ကိုယ်တွေ့ တရားများ” စာအုပ်ကိုပေးပါတယ်။ အဲဒီစာအုပ်ထဲမှာ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၁)ခုနှဏ် အတွင်းက တရားအားထုတ်ခဲ့ကြတဲ့ ယောဂီ(၁၃)ယောက်နဲ့ ကိုယ်တွေ့တရားများပဲ ဖြစ်ပါတယ်။ ကိုယ်တွေ့တရားစာအုပ်ကလေးထဲမှာ ကျွန်တော်တို့ထက် (Senior) ကျတဲ့ အငြိမ်းစားစစ်ဗိုလ်တွေနဲ့ ဒုဝန်ကြီးတွေ အသက်(၈၀)၀န်းကျင်မှာ တရားအးထုတ်ကြတဲ့ မှတ်တမ်းလေးကိုဖတ်ရတော့ ကျွန်တော်လည်း အားတက်သွားပါတယ်။ ကျွန်တော်က အသက်(၈၀)မှ မပြည့်သေးတာကိုး။
(၃၀.၁၀.၁၄)နေ့တွင် စာအုပ်ထဲမှာ ပါတဲ့တိုက်ကို လိုက်ရှာပါတယ်။ မြောက်ဥက္ကလာကို ပြောင်းသွားပြီဆိုတာနဲ့ မြောက်ဥက္ကလာကိုလာပြီး ဟိုမေးဒီမေးနဲ့ပဲ ရိပ်သာကို ရောက်လို့ ဆရာတော်ကိုဖူးမျှော်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်က “တပည့်တော် (၂၀၁၅)ပြီးရင် နားမှာပါဘုရား အဲဒီအခါမှာ ရိပ်သာကိုလာပြီး အားထုတ်မှာပါဘုရား ရိပ်သာမလာနိင်ခင် တပည့်တော်အိမ်မှာ လေ့ကျင့်ဖို့အတွက် တရားရှုမှတ်နည်း သင်ပေးပါ ဘုရားလို့” လျှောက်တော့ ဆရာတော်က “ရိပ်သာမှာ ညအိပ်ပြီး မှတ်ရတဲ့တရား မဟုတ်ပါဘူး ဒကာကြီး အိမ်မှာမှတ်လည်းရပါတယ် အိမ်မှာတစ်နေ့(၂)ကြိမ် (၃)ကြိမ် မှတ်ပြီး တစ်ပတ်မှာတစ်ခါ လာပြရင်လဲရပါတယ် အရေးကြီးတာက နေ့စဉ်မပြတ် အားထုတ်ဖို့ပါပဲ” လို့ မိန့်ကြားပြီး (၆)ချက်မှတ် မှတ်နည်းကို သင်ပေးပါတယ်။ တပည့်တော် အိမ်မှာ လေ့ကျင့်ပါမယ်ဘုရားလို့ လျှောက်ပြီး အိမ်ကိုပြန်ခဲ့ပါတယ်။
(၃၀.၁၀.၂၀၁၄)နေ့ ညနေမှာတော့ ကျွန်တော်ရိပ်သာမှာ ညအိပ်ယောဂီအဖြစ် (၁၀)ရက်ခန့် တရားအားထုတ်ဖို့ရောက်လာပါတယ်။ ဆရာတော်က (၆)ချက်မှတ် မှတ်နည်းကို ပြန်သင်ပေးပြီး နာရီ(၂၀)မှတ်စေပါတယ်။ နာရီ (၂၀)အားထုတ်သည့်တိုင် ဘာအရောင်အလင်းမှ မတွေ့တာမို့(၂၁)နာရီမြောက် ထိုင်တဲ့အခါ ဆရာစားချန်ထားတယ် ဆိုတဲ့ နည်းကိုပေးပါတယ်။ ဖရောင်းတိုင်အကြီး (၂)တိုင်ကို ပူးထွန်းပြီး (၅)မိနစ်ခန့် မျက်လုံးဖွင့်ကြည့်ရပါတယ်။ မျက်လုံးမှိတ်ပြီး (၅)မိနစ်ခန့် အာရုံယူရပါတယ် အာရုံမှာ ပေါ်လာတဲ့အရောင်ကို လင်း၊ တောက်၊ ကြီး၊ သေး၊ နီး၊ ဝေးနဲ့ အရောင်ပြောင်းဆိုတဲ့ (၇)မျိုးခိုင်းရမှာ ဖြစ်ပါတယ်။ ယောဂီအများစုဟာ (၁၀)နာရီခန့်မှာ ရတတ်ပေမယ့် ကျွန်တော်ကတော့ (၁၈)နာရီတိတိ ဖယောင်းတိုင် (၂)ထုတ် ကုန်သွားမှ ရပါတယ်။ ရှုမှတ်ချိန်(၃၈)နာရီ ရှိသွားပါပီ။ ဖယောင်းတိုင်အကူအညီမပါပဲ (၆)ချက်မှတ်ကို တစ်စုံတစ်ရာ မမြင်မချင်း ပြန်မှတ်ရပါတယ်။ မြင်တဲ့အရာ(၇)မျိုး ခိုင်းနှိုင်းရမှာ ဖြစ်ပါတယ်။ (၈)နာရီ အားထုတ်မှရပါတယ်။ ရှုမှတ်ချိန် (၄၆)နာရီ ကြာသွားပါပီ။ ဆရာတော်က (၅)ရက်အတွင်း နာရီ(၃၀)သတ်မှတ်ပေးထားတာပါ။ ကျွန်တော်က(၈)ရက် ကြာသွားမှ သမထပိုင်းပြီးပါတယ်။ (၄၇)ကြိမ်ကနေ (၅၄)ကြိမ်ထိ သမထမှ ၀ိပဿနာသို့ အကူးအပြောင်းအဖြစ် (၈)နာရီ ရှုမှတ်ရပါတယ်။ (၅၅)ကြိမ်ကစပြီး ၀ိပဿနာကိုရှုမှတ် ရပါတယ်။ (၆၆)ကြိမ်မြောက်အားထုတ်ပြီးတဲ့ (၁၀.၁၂.၂၀၁၄)နေ့မှာတော့ ကျွန်တော် အိမ်ကို ပြန်ခဲ့ပါတယ်။ ပထမအကြိမ်(၃၀.၁၁.၂၀၁၄)နေ့ကနေ (၁၀.၁၂.၂၀၁၄)နေ့အထိ (၆၆)ကြိမ် အားထုတ်ခဲ့တဲ့အတွက် ကျွန်တော် မဂ်တု(၁၀)ပါးအကြောင်းနဲ့ ဗောဇ္ဈင်(၇)ပါး အကြောင်းကို ကောင်းကောင်းသိခဲ့ပါတယ်။ ပီတိ(၅)မျိုးအနက် (၃)မျိုးဖြစ်ခဲ့ပါတယ်။ တရား အားထုတ်ရမှုအပေါ် ကျေနပ်အားရ နှစ်သက်ပြီး တရား အားထုတ်ချင်စိတ်တွေ ဖြစ်ပေါ် နေပါတယ်။ ဒါကတော့ကျွန်တော့အတွက် ထူးခြားချက်ပဲဖြစ်ပါတယ်။ ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့ဇနီးသည် ဒေါ်မေကြည်စိန်က ကျွန်တော်ရဲ့မျက်နှာနဲ့ အမူအရာအပြောအဆိုတွေကို ကြည့်ပြီး တရားအပေါ် စိတ်ဝင်စားကြောင်း ပြောပါတယ်။ ကျွန်တော်က(၆)ချက်မှတ် မှတ်နည်းကို သင်ပေးလိုက်ပါတယ်။ အိမ်မှာနေတဲ့ (၂)ပတ် အတွင်း ကျွန်တော်ရော ဇနီးပါ တစ်နေ့(၂)ကြိမ် (၃)ကြိမ် အားထုတ်ဖြစ်ပါတယ်။ (၂၇.၁၂.၂၀၁၄)နေ့ ညနေမှာ ကျွန်တော် ဒုတိယအကျော့ ရိပ်သာကိုပြန်လာပြီး ညအိပ် ယောဂီအဖြစ် အားထုတ်ပါတယ်။ ကျွန်တော့ဇနီးသည်က လိုက်ပို့တာမို့ ဆရာတော်နဲ့ မိတ်ဆက် ပေးပါတယ်။ ဆရာတော်က ကျွန်တော်က အိမ်မှာအားထုတ်ခဲ့တဲ့(၃၈)ကြိမ်ကို တရားစစ်ပေးပါတယ်။ ဆရာတော်က “ခုလိုရိပ်သာကပြန်ပြီး အိမ်မှာ ဆက်အားထုတ် နိင်တာ သိပ်ကောင်းကြောင်း၊ အလယ်ဥာဏ်ကို ရောက်နေကြောင်း” စသည်ဖြင့် ကျွန်တော်ရောက်နေတဲ့ ဥာဏ်စဉ်တွေကို ရှင်းပြပါတယ်။ ကျွန်တော်ဇနီးသည်က “ဆရာတော်ပြောနေတာတွေကို တစ်လုံးမှနားမလည်ကြောင်း တပည့်တော်ဘာမှလဲ မသိပါလား ဆိုပြီး အားငယ်မိကြောင်း” ဆရာတော်ကိုလျှောက်တော့ ဆရာတော်က “ဒီမယ်ဆရာမရဲ့ ဒကာကြီးက (၁၀၄)နာရီ အားထုတ်ထားတာလေ၊ ဆရာမက တရားမှ အားမထုတ်ရသေးတာ ဘယ်သိပါ့မလဲ ဆရာမသာ နာရီ(၁၀၀) အားထုတ်ကြည့်စမ်းပါ ခုဒကာကြီးရောက်တဲ့ ဥာဏ်စဉ်ထက်တောင် ပိုရောက်မှာသေချာတယ်” လို့ အမိန့်ရှိ ပါတယ်။ ကျွန်တော်ဇနီးလည်း စိတ်အားတက်ကြွပြီး ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း “တပည့်တော် (၂၉)ရက်နေ့ကစပြီး အချိန်ပိုင်းယောဂီအဖြစ် (၁၂)နာရီကနေ ညနေ (၅း၀၀)နာရီအထိ တနေ့(၃)ကြိမ် အားထုတ်ပါမည်ဘုရား”လို့ လျှောက်ထားလိုက်ပါတယ်။
ဆရာတော်က ကျွန်တော့ကို(၆)ချက်မှတ် မှတ်တဲ့အခါ (၅)ကြိမ်ခန့်သာမှတ်ပြီး ကျန်(၄)ချက်မှတ်၊ (၃)ချက်မှတ်၊ (၂)ချက်မှတ်တို့ကို မှတ်နေကြအတိုင်း(၁၀)ကြိမ် (၁၅)ကြိမ်ခန့်မှတ်ဖို့ အမိန့်ရှိပါတယ်။ (၂၇.၁၂.၂၀၁၄)နေ့ည (၁၀၅)ကြိမ်မှ စပြီး (၃၀.၁၂.၂၀၁၄)နေ့အထိ (၁၁)ကြိမ်ရှုမှတ်မနေစဉ် ခြေဖ၀ါး(၂)ဖက်မှ ပေါင်နှင့် လက်ဖ၀ါး(၂)ဖက်အထိ သံမှိုစွဲထားသကဲ့သို့ ခံစားရနေခြင်း၊ တစ်ကိုယ်လုံးထုံကျင်ပြီး အသက်ရှုကြပ်၍ တစ်ကိုယ်လုံးကို ညှစ်ထားသလိုခံစားရခြင်း ရေခဲ့တုံးတွေပေါ်မှာ ထိုင်နေရသလို ထုံကျင်ပြီးကျင်စက်ဖြင့် အတို့ခံရသလို နာကျင်မှုဝေဒနာခံစားရပြီး တစ်ကိုယ်လုံး ကျောင်ရုပ်ကဲ့သို့ တင်းတင်း တောင့်တောင့်ကြီး ဖြစ်သွားခြင်း၊ တစ်ကိုယ်လုံး ပူပြီးအောင့်ကာ ၀မ်းအတွင်းက အပူလုံး ရင်ဝကိုဝင်ဆောင့်၍ ပြင်းထန်သော ဝေဒနာခံစားရခြင်း၊ တစ်ကိုယ်လုံး ရေနွေးပေါင်းအိုးထဲရောက်နေ သကဲ့သို့ ခံစားရခြင်း၊ ခြေဖ၀ါး(၂)ဖက် သံပူပြားပေါ်တွင် ရပ်နေရသကဲ့သို့ ဖြစ်ပြီး ရင်ဘတ်- မျက်နှာ- ဦးခေါင်းထိ ပူလောင်မှုကြောင့် ဦးနှောက်ပျက်မည်ကို စိုးရိမ်ပြီး ရိပ်သာမှ ထွက်ပြေးချင်စိတ်ထိ ဖြစ်ပေါ်လာခြင်း၊ ကျောက်ခဲအချွန်နှင့် ကျောက်လုံးငယ်များပေါ်တွင် ထိုင်နေရသခြင့် အလွန်နာကျင်ပြီး တင်ပဆုံရိုးကျိုးသည့်အလား ခံစားရခြင်း၊ တစ်ကိုယ်လုံးပူလာ၍ ဦးခေါင်းဆူပွက်သကဲ့သို့၎င်း၊ ရင်ညွန့်ကိုမီးရဲရဲတောက်နေသော ထင်းစနှင့် ထိုးခံရသကဲ့သို့၎င်း၊ မီးကြည်ခဲရဲရဲခင်းထားသော လမ်းပေါ်မှာ လမ်းလျှောက် နေရသကဲ့သို့၎င်း၊ အလူအလဲခံစားရခြင်းစသည့် ဒုက္ခဝေဒနာများကို ရှုမှတ်ရပါတယ်။ တရားတစ်ခါလျှောက်တိုင်း ဆရာတော်က “ဝေဒနာပြင်းစွာ တတ်လေလေ ၀ဋ်ကြွေး ကြေလေလေ၊ ဥာဏ်စဉ် (၉)မုဥ္စိတုကမျတဥာဏ်ကို ကျော်ဖို့နီးလေလေပဲ” လို့ ဆိုခိုင်းပြီး၊ အဲဒါဖျာပေါ်မှာ ၀ဋ်ကြွေးချေခွင့်ရတဲ့ ဥာဏ်ပဲလို့ ရှင်းပြလို့သာ (၁၁)ကြိမ်လုံးလုံး မလျှော့သောဇွဲ့နဲ့ မှတ်နိင်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်သာ အားမပေးခဲ့ရင်တော့ ကျွန်တော် အိမ်ပြန်ပြေးမိမှာ အမှန်ပါ။
(၂၉.၁၂.၂၀၁၄)နေ့ နေ့လည်မှာ ကျွန်တော့ဇနီးသည် ရောက်လာပါတယ်။ ကျွန်တော်က အသည်းအသန် မှတ်နေရချိန်မှာ ဇနီးသည်ကတော့ ပထမအကြိမ်မှာပင် အမြင်အာရုံမှာ ၀င်လာတဲ့ မိုးကောင်းကင်ကြီးကို လင်း၊ တောက်၊ ကြီး၊ သေး၊ နီး၊ ဝေးနဲ့ အရောင်ပြောင်းခိုင်းနိုင်ခဲ့ကြောင်း၊ ခိုင်းရင်းပျောက်သွားလို့ (၆)ချက် မှတ်ပြန်မှတ်တဲ့အခါ တောအုပ်ထဲမှာ ရေကန်နဲ့ကြာပန်းများကို တွေ့တာနဲ့ အထက်ပါ(ရ)မျိုးကို ခိုင်းခဲ့ကြောင်း၊ တဖန်ပျောက်သွားလို့ (၆)ချက်မှတ် ပြန်မှတ်တဲ့အခါ ရေတံခွန်ကြီးကိုတွေ့ရကြောင်း၊ အထက်ပါ(၇)မျိုးအပြင် “ရေတွေခဲစေသတည်း” လို့ ခိုင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ကျွန်တော်နဲ့ ဘယ်လောက်ကွာသလဲဆိုတာ ဇနီးသည်ကိုယ်တိုင် မိတ်ဆက်ပြီး ပြောကြားတာလေးကို ဖတ်ကြည့်စေလိုပါတယ်။

ကျမဒေါ်မေကြည်စိန်ပါ (၁၉၆၄)ခုနှစ် ကျမအသက်(၂၀)နှစ်မှာ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာအထူးပြုဘွဲ့ရခဲ့ပြီး၊ အင်္ဂလိပ်စာဌာနမှာပဲ ဆရာမပြန်ဝင်လုပ်ခဲ့ပါတယ် အဲဒီနှစ်အတွင်းမှာပဲ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ပြန်တမ်းဝင်အရာရှိ ဖြစ်ခဲ့ပါတယ်။ (၁၉၆၆)ခုနှစ်မှာ ဥပဒေ ၀ိဇ္ဇာ(B.L)ဘွဲ့ကို ရရှိခဲ့ပြီး၊ (၁၉၆၈)ခုနှစ်မှာ စာရင်းကိုင် ဘာသာရပ်ပညာ(RA)ကို ရရှိပါတယ်။ (၁၉၉၁)ခုနှစ်မှာ ညွှန်မှူးတာဝန်နဲ့ နှစ်ပြည့်အငြိမ်းစားယူပြီး ခင်ပွန်းသည်နှင့်တကွ အမေရိကန်နိင်ငံကို လိုက်ပါခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် နေ့လည်(၁၄း၀၀)နာရီကနေ (၁၅း၀၀)နာရီအထိရှုမှတ်တဲ့အခါ အလင်းတန်းကြီးတစ်ခုကို တွေ့မြင်ရပါတယ်။ (၇)မျိုးခိုင်းလို့ရပြီး ပျောက်သွားပါတယ်။ (၆)ချက်မှတ် ပြန်မှတ်တဲ့အခါ တိမ်တိုက်တွေနဲ့အတူ နတ်သားတစ်ပါးကို နတ်ဝတ်တန်ဆာ တွေနဲ့အတူ တွေ့ရပါတယ်။ (၇)မျိုးခိုင်းရာရပြီး ပျောက်သွားပါတယ်။ နောက်ထပ်(၆)ချက် ပြန်မှတ်တဲ့အခါ ကောင်းကင်မှာ ကြယ်မျးဝန်းရံထားတဲ့ လပြည့်ဝန်းကို တွေ့မြင်ပါတယ်။ ခိုင်းမလို့ လုပ်နေစဉ်မှာပဲ အချိန်စေံတာနဲ့ တရားဖြုတ်လိုက်ပါတယ်။
ဆရာတော်က တရားစစ်တော့ နာရီ(၃၀)သတ်မှတ်ထားတဲ့ သမထပိုင်းကို ဆရာမက (၂)နာရီ ရှုမှတ်တာနဲ့ အရောင်အလင်းတွေမြင်တယ်။ (၇)မျိုးခိုင်းနိုင်တယ် ဆိုတော့ သမထပိုင်းပြီးပါပြီ။ “သမထစွမ်းရည်” ဘယ်လောက်ထိရှိမလဲဆိုတာ စမ်းသပ်ကြည့် ရအောင် ဆိုပြီး “စေတစ်လုံး” လုပ်နည်းကို သင်ပေးပါတယ်။ အရောင်အလင်းတွေ့တဲ့အခါ လင်းစေ၊ တောက်စေ၊ အဖြူရောင်ပြောင်းစေ၊ ကွမ်းသီးလုံးခန့်သေးစေ၊ နီးစေ၊ တည်စေလို့ (၆)မျိုးခိုင်းရပါတယ်။ တတိယအကြိမ် တရားအားထုတ်တော့(၆)မျိုးစလုံး ခိုင်းလို့ မရပါ။ စတုတ္တအကြိမ် အားထုတ်တော့မှ ဖြူ-၀င်း-လင်း-တောက် နေတဲ့ကွမ်းသီးလုံးခန့် အလုံးကလေး ကျမမျက်နှာနဲ့ တထွာလောက်မှာ တည်နေသည်အထိ ခိုင်းလို့ရပါတယ်။
ဒုတိယနေ့ဖြစ်တဲ့ (၃၀.၁၂.၂၀၁၄)နေ့မှာ (၅)ကြိမ်မြောက် အားထုတ်တော့ ဆရာတ်ာက စေတစ်လုံးကို အထက်တက်စေ၊ အောက်ဆင်းစေ၊ ညာဘက်သွား၊ ဘယ်ဘက်သွား၊ လည်စေ၊ ရပ်စေ၊ ပြောင်းပြန်လည်စေလို့ (၇)မျိုးခိုင်းတာ ကျမခိုင်းလို့ ရခဲ့ပါတယ်။
(၆)ကြိမ်မြောက်မှာတော့ “စေတလုံး လုပ်ပါ၊ ရွှေတိဂုံဘုရားသွားမယ်လို့ အမိန့် ပေးပါ” လို့ သင်ပေးပါတယ်။တစ်ကယ်တန်းကျမ ရှုမှတ်တဲ့ခါ တိမ်တိုက်တွေထဲမှာ နတ်သားတစ်ပါး ပေါ်လာတာမို့၊ နတ်သားကြီးကိုပဲ ရွှေတိဂုံဘုရားကို ပို့ပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ နတ်သားက ရထားပျံနဲ့ ကျမကိုခေါ်သွားပြီး ကျမရဲ့ မွေးနေ့ထောင့်မှာ စက်သီးဖြင့်ချပေးပါတယ်။ ကျမလည်းရွှေတိဂုံဘုရားကြီးကို ဆရာတော် သင်ထားတဲ့အတိုင်း ကြာဖူးပုံ လက်အုပ်ချီပြီး၊ ထိချင်း(၅)ပါးနှင့်အညီ အားရပါးရ ရှိခိုး ကန်တော့လိုက်ပါတယ်။ ကန်တော့ပြီး “ငှက်မြတ်နားတော်နဲ့ စိန်ဖူးတော်ကိုဖူးမယ်လို့” ဆန္ဒပြုလိုက်တဲ့အခါ “ငှက်မြတ်နားတော်တွင် ကျမတို့လှူဒါန်းထားသော ပတ္တမြား လက်ကောက်ကွင်းကို ဦးသောင်း+ဒေါ်မေကြည်စိန် လှူဒါန်းသည်” ဟူသော ကဗျည်းထိုး ထားတဲ့ စာတန်းနှင့်အတူ ဖူးမျှော်နိင်ခဲ့ပါတယ်။ စိန်ဖူးတော်၏ ထိပ်တွင် စိန်ပွင့်ကြီးနှင့် အတူ န၀ရန်ကိုးပါးမြောက်မြားစွာကိုလည်း ကြည်ညိုစဖွယ် ဖူးတွေ့ခဲ့ရပါသည်။
“ပတ္တမြားမျက်ရှင် ဘုရားအား ဖူးလိုပါတယ်လို့” နတ်သားကြီးကို ပြောရာ ရထားပျံပေါ်တင်၍ဘုရားရှေ့ရှိ အစိမ်းရောင်အခင်းပေါ်သို့ ချပေးရာထိုင်လျှက် ဖူးမျှော်ခွင့် ရခဲ့ပါတယ်။ “ဌာပနာများကို ဖူးလိုပါတယ်လို့” ပြောရာ ဌာပနာတိုက်အတွင်းသို့ ရောက်ရှိ သွားပြီး တောင်ဝှေးတော်၊ ရေစနုတ်တော်၊ ရေစစ်တော်တို့နှင့်တကွ ဂေါတမမြတ်စွာ ဘုရားရှင်၏ ဆံတော်များကို ရွှေရောင် တလက်လက်ဖြင့် ဖူးခွင့်ရရှိခဲ့ပါတယ်။ ကျမမှာ ခုလိုမျှော်မှန်းမထားတဲ့ နေရာများကိုရောက်ရှိပြီး ဖူးမျှော်ကြည်ညို-ရှိခိုး ရပါသဖြင့် ၀မ်းမြောက်ဝမ်းသာပီတိဖြာလျှက် ရွှင်မြူးတက်ကြွနေပါတယ်။
ဆရာတော်က တရားစစ်သောအခါ “ဒီဆရာမကတော့ စံပြယောဂီပဲ စေတလုံး လုပ်ပြီးမှ စေတစ်လုံးကို အမိန့်ပေးပြီး ဘုရားဖူးသွားပါလို့ သင်လိုက်တဲ့ ဥစ္စာ၊ အမြင်အာရုံမှာပေါ်လာတဲ့ နတ်သားကို မေတ္တာရပ်ခံပြီး ဘုရားဖူးသွားသတဲ့။ နတ်သားက စေတစ်လုံးဖြစ်ပြီး ဆရာမပြောတာကို လိုက်လုပ်ပေးတဲ့သဘော ဖြစ်သွားတာ တွေ့ရပါတယ်။ ဒီလိုခိုင်းလို့ရတဲ့ယောဂီဆိုလို့ ဒီတစ်ယောက်ပဲ တွေ့ဖူးသေးတယ်” လို့ ၀မ်းသာအားရ အမိန့်ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာ စေတစ်လုံးကိုပဲ ရအောင် လုပ်ပါ။ ဒါမှ ပယ်ပယ်နယ်နယ်ခိုင်းလို့ရတာလို့ သတိပေးပါတယ်။ (၃၀)ရက်နေ့မှာ (၇)ကြိမ်၊ (၃၁)ရက်နေ့မှာ (၈)ကြိမ်နဲ့ (၉)ကြိမ်မြောက် တရားအားထုတ်တဲ့အခါ အလင်းတန်းလေး ပေါ်လာတာမို့လို့ စေတစ်လုံးလုပ်ပါတယ်။ “ရွှေတိဂုံစေတီတော်မှာ ရှိတဲ့ အံ့ဘွယ်ကိုးပါးဘုရားများကို ဖူးလိုကြောင်း” အမိန့်ပေးပါတယ်။ ကျမက အဲဒီ အံ့ဖွယ်ကိုးပါးဘုရားများ ရှိမှန်းလဲမသိ၍ ဖူးလဲမဖူးဖူးပါ။ ဒါပေမဲ့စေတစ်လုံး ကလိုက်ပို့လို့ “လက်ညိုးရေထွက်ဘုရား၊ နေလဘုရား၊ ပတ္တမြားမျက်ရှင်ဘုရား ၊ ရှင်စောပုဘုရား၊ နဖူးတော်မို့မောက်နေသည့် သပ္ပါယ်လှသည့်ဘုရား၊ ဘိုးဘိုးအောင်တည်ခဲ့သော ဘုရားများကို” ဖူးမျှော်-ကြည်ညို-ရှိခိုးခွင့် ရခဲ့ပါတယ်။
(၃၁)ရက်နေ့(၁၀)ကြိမ်နဲ့(၁၁)ကြိမ်မြောက်အားထုတ်တော့ဆရာတော်သင်ပေးသည့် အတိုင်း စေတလုံး လုပ်ပါတယ်။ “ပုဂံ၊ ညောင်ဦးသွားမယ်လို့ အမိန့်ပေးပါတယ်။ ပုံဂံမြို့ရှိ ဘုရားများကို အပေါ်စီးကနေ ဖူးရပါတယ်။” ကျမတို့ပြုပြင် လှူဒါန်းထားသော ဘုရားအမှတ်(၁၈၀၉)ကိုလည်း ဖူးရပါတယ်။ ရွှေစည်းခုံစေတီတော်၊ တန့်ကြည်တောင် စေတီတော်၊ လောကနန္ဒစေတီတော်နဲ့ တူးရွှင်းတောင်စေတီတော်တို့ကို တစ်ဆူချင်း ဖူးမျှော်ရပါတယ်။ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာများကို ဖူးမျှော်ကြည်ညိုခွင့် ရခဲ့ပါတယ်။ စွယ်တော်လေးဆူကို မဖူးဘူးပါပဲလျှက် ၊ ရှုမှတ်ချိန် (၂)နာရီအတွင်း စွယ်တော်လေးဆူကို ဖူးရတာ အင်မတန်မှ ၀မ်းသာအားရဖြစ်မိပါတယ်။ ရှေးမင်းများ တည်ထားစဉ်က အခြေအနေကိုဖူးမျှော် ကြည်ညိုလိုပါတယ်လို့ အမိန့်ပေးရာမှာတော့ သဲသဲကွဲကွဲ မတွေ့မြင်ရပါ။
(၁.၁.၂၀၁၅)နေ့ (၁၂)ကြိမ်နဲ့ (၁၃)ကြိမ်မြောက် အားထုတ်ရာမှာတော့ “ဗုဒ္ဓဂါယာ သွားမယ်”လို့ အမိန့်ပေးပါတယ်။ “မဟာဗောဓိပင်ကြီး”ကို အရင်ဖူးတွေ့ရပါတယ်။ “မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူပုံကို တွေ့မြင်လိုပါတယ်”လို့ အမိန့်ပေးတဲ့အခါ မယ်တော်မာယာကို ဝေါယာဉ်နဲ့ ထမ်းလာတာကို တွေ့ရပါတယ်။ ခဏနေတော့ ဝေါယာဉ်ကို အောက်ချပြီး မောင်းမတွေ အ၀တ်စနဲ့ အကာအရံတွေ လုပ်ကြပါတယ်။ မယ်တော်မာယာ ဝေါယာဉ်ကနေ အောက်ဆင်းပြီး အနီးရှိ အင်ကြင်းကိုင်းကို ကိုင်လိုက်ပါတယ်။ နောက် (၇)နှစ်ခန့်အရွယ် ဘုရားလောင်းကို မြေပြင်ပေါ်မှာ မတ်တပ်ရပ်လျှက် တွေ့ရပြီး ခြေလှမ်းလှမ်းပါတယ်၊ ခြေလှမ်းချပြီးတိုင်း မြေကြီးကနေ ကြာပန်းတစ်ပွင့်-ပွင့်ပါတယ်။ (၇)လှမ်းလှမ်းလိုက်တော့ ခြေချတဲ့ နေရာ(၇)နေရာမှာ ကြာပန်း(၇)ပွင့် ပွင့်နေတာကို ကြည်ညိုစဖွယ်တွေ့ရပါတယ်။
“သတ္တာသတ္တဟ (၇)နေရာမှာ (၇)ရက်စီ သီတင်းသုံးတာကို တွေ့မြင်ဖူးမျှော်မယ်” လို့အမိန့်ပေးပါတယ်။ လင်းလွန်းပင်၊ဗောဓိပင်နှင့်အခြားသစ်ပင်အောက်မှာ မြတ်စွာဘုရား သီတင်းသုံးနေပုံ၊ ရေအိုင်ထဲမှာ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူပုံနဲ့ နဂါးကရစ်ပတ်ပူဇော် ထားပုံကို ဖူးတွေ့ရပါတယ်။ မြတ်စွာဘုရားမတ်တပ်ရပ်လျှက် မျက်လုံးတော် မမှိတ်ပဲ စိုက်ကြည့်နေပုံကို ဖူးတွေ့ရတော့ ဆွမ်းဘုန်းမပေးပဲ တရားအားထုတ်နေရသည့် အပေါ်တွင် အလွန်အင်မတန် ပီတိဖြာနေတဲ့ မျက်နှာတော်ကို ဖူးတွေ့ရခြင်းဖြစ်ပါတယ်။ “ဇေတ၀န်ကျောင်းတော်ရာကိုဖူးတွေ့မယ်”လို့အမိန့်ပေးတော့ဇေတ၀န် ကျောင်းတော်ရာကို ဖူးတွေ့ရပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဇေတ၀န်ကျောင်းတော်ကြီးကို ဖူးတွေ့မယ်လို့ အမိန့်ပေးလိုက်တော့၊ အလွန် အင်မတန် ကြီးကျယ်-ထည်ဝါ-ခန့်ငြားလှတဲ့ ဧရာမကျောင်းတော်ကြီးကို တွေ့မြင်လိုက်ပါတယ်။ ကျမလည်း ဇေတ၀န်ကျောင်းတော်ကြီး ထဲကို ၀င်သွားလိုက်တော့ စက်ခုံဒြေချလျှက် စံနေတော်မူသော မြတ်စွာဘုရားအားဖူးတွေ့ ရပါသဖြင့် သပ္ပါယ်လှစွာသော သက်တော်ထင်ရှား သဗ္ဗေညုတ မြတ်စွာဘုရားကို ကြာဖူးပုံလက်ဖြင့် ကြည်ညိုလေးစားစွာ ရှိခိုးကန်တော့လိုက်ပါတယ်။ ကန်တော့ပြီး မင်းပရိတ်သတ်နှင့် ရဟန်းပရိတ်သတ်များ ၀င်လာရာ ကျမက နောက်ဆုတ်- နောက်ဆုတ် ပေးပြီး နောက်ဆုံးနေရာမှာ ကျုံ့ကျုံ့ကလေး နေရာယူကာ တရားနာကြားရပါတယ်။ “တမဂ်တဖိုလ်ကို ယခုဘ၀တွင်ပင် ရရပါလို၏”ဟု ဆုတောင်းလိုက်ပါတယ်။
၎င်းနောက်ကျောင်းဒါယိကာမကြီး ၀ိသာခါလှူဒါန်းသည့် ပုပ္ပါရုံကျောင်းတော်ကြီး ဆီကိုရောက်ခဲ့ပါတယ်။ တိုင်လုံးကြီးများဟာ ရွှေများဖြင့်ပြုလုပ်ထားသဖြင့် ရွှေတိုင်လုံး ကြီးများမှာ ကြည့်ရသူအဖို့ အံ့မခန်းဖြစ်ရပါတယ်။ ဘုရားမြတ်စွာအား ပန်းပေါင်းစုံနဲ့ ပူဇော်ထားပုံမှာ ပတ်ဝန်းကျင်တစ်ခုလုံး မွှေးထုံသင်းလျှက် ရှိပါတယ်။ သူဌေးကျောင်း အမကြီးနှင့် အတူသားများ/ သားသမီးများနှင့်တကွ မြောက်များစွာသော မြေးများအပြင် အလုပ်အကျွေးပြုသူများကိုပါ မြတ်စွာဘုရား၏ တရားတော်နာယူခွင့်ပြုထားသည်ကိုလည်း ကြည်နူးဖွယ် တွေ့ရပါတယ်။ ကျောင်းအမကြီးဝိသခါ၏ ၀တ်ရုံကြီးမှာလည်း ရတနာပေါင်းစုံ စီချယ်ထားသည့်အလွန်လေးလံ-လှပ၊ ထူးခြား-ထည်ဝါလှပါတယ်။ မြေးများနှင့်ခွဲမရအောင် လှပပျိုမြစ် နုနယ်နေသည့်ကောင်းအမကြီးနှင့် မလှမ်းမကမ်းမှ မိမိတရားတော်နာယူခွင့် ရခဲ့ပါတယ်။ ဘုရားမြတ်စွာ၏ဟောကြားသောတရား နာယူရပါ၍ “ယခုဘ၀မှာပင် စောလျှင်စွာ တရားထူးရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရပါစေသား အရှင်မြတ်ဘုရား” ဟု ဆုတောင်းခဲ့ပါတယ်။
တဖန်နောက်ဆုံးတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပုံကိုလည်း ဖူးတွေ့ခဲ့ရပါတယ်။ ကုတင်ညောင်စောင်းတွင် လဲလျောင်းလျှက် - အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်တကွ - နာမ်ရုပ်တို့၏ မမြဲခြင်း၊ ကံ- ဥတု- အဟာရ စသည်တို့နှိပ်စက်ခြင်း ခံရစမြဲဖြစ်၍ - မမြဲခြင်းတရားကို မှန်ကန်စွာသတိချပ်၍ နေရစ်ကြကုန်လော့ဟု သားတော်ရဟန်းများအား နောက်ဆုံးထိ ဟောကြားတော်မူနေပုံကို မြင်ရ၍ အလွန်ပင် သံဝေဂတရားရလှပါတယ်။
(၁.၁.၂၀၁၅)နေ့(၁၄)ကြိမ်နှင့် (၁၅)ကြိမ်မြောက် အားထုတ်ရာမှာတော့ ဆရာတော် သင်ပေးထားတဲ့အတိုင်း “စေတလုံး” လုပ်ပါတယ်။ “နတ်ပြည်သွားမယ်လို့ အမိန့်ပေး ပါတယ်” ။ နတ်ပြည်ကို နတ်ပန်းရထားနဲ့ရောက်ပါတယ် ။ နတ်မင်းကြီး (၄)ပါးနဲ့လည်း တွေ့ပါတယ်။ နတ်သမီးများမှာလည်း နတ်ဝတ်တန်ဆာများဖြင့် အလှပကေးများမို့ ငေးနေ ရပါတယ်။ တစ်ပါးနဲ့တစ်ပါး ရွေးမရအောင်ငေးရပါတယ်။ အစားအစာများအတွက် ရှာဖွေရန် မလိုပဲ လိုအင်ဆန္ဒမှန်သမျှ အလိုအလျှောက်ပြီးစီးပါသည်။ လူ့ပြည်တွင် အားဆေးများ စားသကဲ့သို့ လိုသည့်အခါ အလွန်အရသာထူးသည့် နတ်သြဇာကို မှီဝဲကြပါသည်။
“သိကြားမင်းကြီးနှင့် မိဖုရားများတွေ့ရန် စေတလုံးသို့ အမိန့်ပေးပါသည်”။ တွေ့ပါသည်။ နတ်ဝတ်တန်ဆာများ ဆင်မြန်ထားကြပါသည်။ အခြားနတ်သမီးများက မောင်းမများကဲ့သို့ ခစားရပါသည်။ အလုပ်အကျွေးပြုသူများ ဖြစ်ကြပါသည်။ သကြားမင်းကြီး၏ ၀တ်ရုံတော်မှာ ရတနာများအပြည့် စီချယ်ထားပါသည်။ ခေါင်းဆောင်း တန်ဆာမှာလည်း ရတနာအပြည့်ဖြစ်ပါသည်။ လူသားများ အနေဖြင့် အလွန်လေးလံသော နတ်ဝတ်တန်ဆာများဖြစ်ကြသော်လည်း သိကြားမင်းနှင့်တကွ မိဖုရားများအားလုံး ၁၆နှစ် အရွယ်မျှ ပျိုမြစ်နုနယ် လှပချောမောကြပါသည်။ ဆန္ဒမှန်သမျှအားလုံးပြီးပြည့်စုံ၍ နတ်ချမ်းသာစည်းစိမ်အား အပြည့်အ၀ခံစားကြရပါသည်။ သိကြားမင်းတွင် မုတ်ဆိတ် ကျင်စွယ်များမတွေ့ရှိပါ။ သက်တမ်းအလွန်အမင်းရှည်ကြ၍ သိကြားမင်းနှင့်တကွ မိဖုရားများ၏ နတ်စည်းစိမ်မှာ အဆုံးအစမရှိပါ။
(၂.၁.၁၀၁၅)နေ့ (၁၆)ကြိမ်မြောက် အားထုတ်ရာတွင် ဗြဟ္မာပြည်သွားရပါသည်။ ဗြဟ္မာပြည်နဲ့ လူ့ပြည်နဲ့မဆိုထားနဲ့ နတ်ပြည်နှင့်ပင် ဘုံဗိမာန်များ၊ ဥယျာဉ်များမှာ ပိုမို၍ ခန့်ထည်- ကြီးမား- ထယ်ဝါလှပါသည်။ တိဿစေတီတော်အား ဖူးမျှော်ရာ ပွင့်တော်မူ ပြီးသော ဘုရားများ၏ ဓါတ်တော်- မွေတော်များဖြင့် ဌာပနာထားသည်ဟု သိရှိရပါသည်။ ဂုဏ်တော်နှင့်လိုက်ဖက်စွာကြီးမားလှ၍ ရတနာများဖြင့် အတိပြီးသည်ဖြစ်၍ မျက်စေ့ကျိမ်း လောက်အောင် ခံစားဖူးမျှော်ရပါသည်။ အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်နှင့် မြန်မာနှင့်တူသော ဗြဟ္မာ(၁၅)ဦးခန့်ကို တွေ့ရပါသည်။ ဆရာတော်ဦးလောကပါလသည် အနာဂါမ်များနေသော ဘုံ(၅)ဘုံသို့ သက်တော်(၈၈)နှစ်တွင် ရောက်လာမည်ဟု သိရှိရပါသည်။
ဆရာတော် တရားစစ်သောအခါ “ဟင်! ဒါဖြင့် ဦးဇင်းက (၈၈)နှစ်ထိ နေရမှာပေါ့။ ခု(၆၈)နှစ် ဆိုတော့ အနှစ်(၂၀)သာသနာပြုနိုင်သေးတယ်နော် ။ အနှစ်(၂၀)သာသနာ ပြုကြစို့”လို့ မိန်တော်မူပါတယ်။
(၁၇)ကြိမ်မြောက် အားထုတ်ရာတွင် မိမိ၏ယခင်ဘ၀ကို ပြန်ကြည့်ပါသည်။ ပြည့်စုံသော မိဘများ၏သမီးဖြစ်ခဲ့ပြီး သီလမြဲပါသည်။ ဒါနအမှုကို အသက်(၂၀)ကစပြီး ပြုလုပ်ခဲ့သူလို့ သိရှိရပါသည်။ ဒုတိယဘ၀ကိုကြည့်သောအခါ လက်လုပ်လက်စား မိဘများ၏သမီး ဖြစ်ခဲ့ပါသည်။ တတ်နိုင်သမျှ လှူဒါန်းသူဖြစ်ပါသည်။ တတိယဘ၀ကို ကြည့်သောအခါ ရှေးမင်းများလက်ထက်က တပ်မှူး၏ဇနီးဖြစ်ခဲ့ပါသည်။တပ်မှူးမှာ ယခုဘ၀တွင်ခင်ပွန်းသည် ဦးသောင်းပင်ဖြစ်ကြောင်းသိရှိရပါသည်။
ယခုခင်ပွန်းသည်၏ ယခင်ဘ၀မှာ ကျောက်ဆည်တောနယ်ဘက်မှ (၁၀)အိမ်ခေါင်း ဖြစ်ခဲ့ကြောင်း၊ ဒါနပြုခဲ့ကြောင်းသိရပါသည်။ ဒုတိယဘ၀မှာ လက်လုပ်လက်စားမိဘများက မွေးဖွားပြီးကူညီလိုစိတ်ရှိသူဖြစ်ပါသည်။ တတိယဘ၀မှာ ရှေးမင်းများလက်ထက်က တပ်မှူးဝတ်စုံဖြင့်တွေ့ရပြီး မှူးမတ်ကြီးတစ်ဦး၏သမီးတော်နှင့် လက်ထပ်ခဲ့ပါသည်။ ထိုအမျိုးသမီး

24/02/2015

ကိုယ့်အရိုးကိုယ် ချီမနိုင်သေးသည့် သက်ကြီးရွယ်အို- ပင်စင်စားနှင့်ဂီလာနများသို့

အသက်ကြီးလာသည်နှင့်အမျှ လောဘစိတ်တွေ လျော့ကျရလေအောင်
သွားတွေကျိုးလာသလို ဒေါသ-မာန်မာနတွေ ကျိုးရလေအောင်
နားတွေထိုင်းသလို မောဟစိတ်တွေ မထိုင်းရလေအောင်
ဆံပင်တွေဖြူလာသလို သင့်စိတ်တွေ ဖြူစင်ရလေအောင်
အသားအရေတွေ တွန့် လာသလို မကောင်းမှုတွေကို တွန့် ၇လေအောင်
ခွန်အားတွေ လျော့ကျလာသလို ရာဂစိတ်တွေ လျော့ကျလာရလေအောင်
မျက်စေ့တွေ မှုန်ဝါးလာသလို နိဗ္ဗန်လမ်းကို လျှောက်ဖို့ မမှုန်ဝါးရလေအောင်
အောင်ခုနှစ်အောင်၊ သင်စွမ်းဆောင်လို အပိုမပြော အောင်လိုဇောဖြင့် ရောက်အောင်သာလာပါ ဤရိပ်သာသို့ 

24/02/2015

လူ့ ဘဝအနေတတ်၍ အသေမြတ်ကြပါစေကျင့်စဉ် ပြသနေသည့်တရားရိပ်သာအကြောင်း သိကောင်းစရာများ
၁။ အသက်(၁၂)နှစ်မှအသက်(၉၀)ထိ၊ လူငယ်-ူလတ်နှင့်လူကြီးများကိုလက်ခံပါသည်။
၂။သက်ကြီးရွယ်အို၊ပင်စင်စားနှင့် ဂီလာနများကို ဦးစားပေးပါသည်။
၃။ဂီလာနများကို မြေညီထပ်ဓမ္မာရုံတွင် ကုလားထိုင်ဖြင့် အားထုတ်စေပါသည်။
၎။နေ့စဉ်ဖွင့်လှစ်ထားပါသဖြင့် မည်သည့်နေ့မဆိုလာရောက်အားထုတ်နိုင်ပါသည်။
၅။ ညအိပ်ဂီလာနယောဂီများ မွန်းလွဲညနေစာ စားသောက်ခွင့်ပြုပါသည်။
၆။ယောဂီများ စိတ်မပျံ့ ရန်နှင့် အိပ်မငိုက်ရန်အတွက် (၆)ချက်မှတ်နည်းကို သင်ပေးပါသည်။
၇။ တရား(၁)နာရီ အားထုတ်ပြီးတိုင်း မှတ်တမ်း(၁)ကြိမ်ရေးရပါမည်။
၈။ ဆရာတော်က တစ်နေ့ လျှင်(၄)ကြိမ် တရားစစ်ပါသည်။
၉။’စားစား၊သွားသွား၊နားနား၊နေနေ’- ဂုဏ်တော်နှင့်နေနည်းကို သင်ပေးပါသည်။
၁၀။ဥာဏ်စဉ်(၁၆)ပါးရှိသည့်အနက်၊ဥာဏ်စဉ်ဂိတ်(၆)ဂိတ်အဖြစ် ဥာဏ်စဉ်(၄)၊ ဥာဏ်စဉ်(၆)၊ ဥာဏ်စဉ်(၈)၊ ဥာဏ်စဉ်(၉)၊ ဥာဏ်စဉ်(၁၁)၊နှင့် ဥာဏ်စဉ်(၁၃) တို့ကိုသတ်မှတ်ထားပါသည်။
၁၁။ ယောဂီများကို ၄င်းတို့ ရောက်သောဥာဏ်စဉ်ဂိတ်အထိ ဥာဏ်စဉ်တရားနာစေပါသည်။
၁၂။ တရားအားထုတ်သည့် နာရီအလိုက်ရရှိမည့် အကျိုးကျေးဇူးများမှာ-
(က)နာရီ(၃၀) ရှုမှတ်ခြင်းဖြင့် -မဂ်တု(၁၀)ပါးနှင့်ဗောဇ္ဇင်(၇)ပါးအကြောင်း ခန္ဓာနှင့် ကောင်းကောင်းသိမည်။
(ခ)နာရီ(၆၀)ရှုမှတ်ခြင်းဖြင့် - ဝမ်းတွင်းရှိကလိစာများအလုပ်လုပ်နေကြသည်ကို ရှုမှတ်တွေ့ မြင်ရမည်။
(ဂ) နာရီ(၉၀) ရှုမှတ်ခြင်းဖြင့် -ညီမှုဂုဏ်သုံးလီနှင့် ထူးမှုဂုဏ်သုံးလီပေါင်း ဂုဏ်(၆)ပါးကို သိရှိခံစားရပြီး (၃)နာရီဆက်တိုက် တရားအားထုတ်နိုင်မည်။
(ဃ) နာရီ(၁၂၀) ရှုမှတ်ခြင်းဖြင့် -ချုပ်(၅)ချုပ်၊ ချုပ်ခြင်းနှင့်အရောင်အလင်းများမြင်ခြင်းကိုတွဲလျှက်သိရှိမည်။
- အဓိဌာန်(၁၇)မျိုးတင်၍ (၁၉)နာရီအားထုတ်စေကာ ၅၀% အောင်မြင်ပါက အဓိဌာန်အောင် ယောဂီအဖြစ် သတ်မှတ်ပေးပါသည်။

24/02/2015

“ အရွယ်သုံးပါး အပါယ်ပိတ်တရား အမြဲလက်ကိုင်ထား “
ငယ်စဉ်အခါ ပညာရှာဆဲ သေပွဲဝင်သော်
အပါယ်လေးပါး မသွားရအောင်
ယခုပင်လျှင် ကျောင်းပိတ်စဉ်မှာ
နာရီ(၁၂၀) အားထုတ်မယ်လို့  ဆုံးဖြတ်ပါလော့……။

လူလတ်ပိုင်းမှာ တစ်ဘဝစာ ရတနာ-ဥစ္စာ
ရှာဆဲမှာပင် သေပွဲဝင်သော်
အပါယ်လေးပါး မသွားရအောင်
ယခုပင်လျှင် ရုံးပိတ်စဉ်မှာ
နာရီ(၁၂၀) အားထုတ်မယ်လို့  ဆုံးဖြတ်ပါလော့……။

ပညာ-ဥစ္စာ-ရတနာ၊ရာထူး-အာဏာ ရှာခဲ့ရာတွင်
ဒါန-သီလ-သမထစွဲကိုင်မပြတ်ကိုယ်တိုင်
လုပ်ခဲ့ပါငြား သင်သေသွားသော်
အပါယ်လွတ်မှာ မသေချာက
ယခုပင်လျှင် မလဲခင်မှာ
နာရီ(၁၂၀) အားထုတ်မယ်လို့  ဆုံးဖြတ်ပါလော့……။
နာရီ(၁၂၀) အားထုတ်မယ်လို့  ဆုံးဖြတ်ပါလော့……။

24/02/2015

“သက်ကြီးရွယ်အို၊ ပင်စင်စားနှင့်ဂီလာနများ ဦးစားပေး တရားရိပ်သာ”
ဤရိပ်သာတွင် လူ့ဘဝအနေတတ်၍အသေမြတ်ကြပါစေ ကျင့်စဉ်ကို ပြသနေသူမှာ ( နည်းပြဆရာ ) ဦးလောကပါလ ( ဦးမျိုးလွင် ) B.E (civil) ၁၉၇၀ ဒုညွန်မှူး(ငြိမ်း)ဆည်မြောင်း ဖြစ်ပါသည်။ တည်ရှိရာဌာနမှာ ‌မြောက်ဥက္ကလာပမြို့နယ်၊ ( ဌ ) ရပ်ကွက်၊ ‌ဝေဘာဂီလမ်း (မဟာကျိန်သစ္စာရှင်ဘုရားကြီးတည်ရှိရာ သုနန္ဒလမ်းနှင့်‌ဝေဘာဂီလမ်းဆုံအနီး) ရွှေပေါက္က မြို့သစ်အဝင်ဝတွင် ဖြစ်ပါသည်။ ၂၀ဝ၈ခုနှစ်မှစ၍ တာမွေ(ဘီ-၂)တိုက်ခန်းတွင် နေ့ခင်းပိုင်းတရား(၅)ကြိမ်အားထုတ်နိုင်ရန်အတွက် နေ့စဉ် နံနက်(၇းဝ၀)နာရီမှ ညနေ (၁၇းဝ၀)နာရီအထိ ဖွင့်လှစ်ခဲ့ရာ ၂၀၁၂ခုနှစ်တွင်(၄)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ (၂၅.၅.၂၀၁၂)နေ့တွင် ‌မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွေ့ကာ (၁.၆.၂၀၁၂)နေ့မှစ၍ နေ့စဉ် ညအိပ်ယောဂီ၊ နေ့ခင်းယောဂီ၊ အချိန်ပိုင်းယောဂီနှင့်ယောဂီဟောင်းတို့ကို လက်ခံကာတရားပြသလျှက် ရှိပါသည်။
ကျွန်ုပ်၏ မီးအိမ်ရှင်မှ စာရွက်ကလေးတရွက်ဖြန့်‌ဝေမှုကြောင့်လည်းကောင်း၊ လှိုင်သာယာမှမိတ်ဆွေတစ်ဦး၏ တိုက်တွန်းမှုကြောင့် လည်းကောင်း၊ ဤရိပ်သာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကာ တရားရှုမှတ်ခွင့် ရရှိခဲ့ပါသည်။ တစ်နာရီတစ်ကြိမ် တရားစစ်ဆေးသောကြောင့် အိပ်ငိုက်၍လည်းကောင်း၊ အတွေးရေယာဉ်ကျော မျော၍လည်းကောင်း မနေရပါ။ လုံလဝီရိယကိုအမြဲတင်လျှက် ကြိုးစားနေရပါသည်။ ကျွန်ုပ်ဘဝတစ်သက်တာတွင် ရှိသမျှသော ခွန်အားတို့ကို စိုက်ထုတ်၍ ရှုမှတ်ခဲ့ရပါသည်။ ရှုမှတ်သည့် (၁၇)ရက်အတွင်း နေ့လားညလားမခွဲခြားနိုင်လောက်အောင်ဖြစ်ပါသည်။ ရွှေပေါက္ကံအဝင်ဝမှ ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်သံတို့သည် ဆူညံလှပါသည်။ တစ်ခါတစ်ရံစူးရှသောကားဟွန်းသံတို့သည် နှလုံးသားထဲသို့. ထိုးဖောက်ဝင်ရောက်သွား သကဲ့သို့ပင် ခံစားရပါသည်။ ဤ၍ဤမျှဆူညံနေသော ကားဟွန်းသံတို့ကို တစ်ခါတစ်ရံ မကြားရတော့ပါ။ ဤ၍ဤမျှကြိုးစားရှုမှတ်ခဲ့ရပါကြောင်း နှိုင်းယှဉ်ဖေါ်ပြခြင်း ဖြစ်ပါသည်။
နာရီ(၃၀)တရားအားထုတ်လျှင် တာဝန်ယူသည့်အချက်(၅)ချက်မှာ -
၁။ နာရီ(၃၀)အတွင်း မည်သည့်‌ဝေဒနာမျှ မခံစားစေရ။
(မှတ်ချက်။ ။ မည်သည့်‌ဝေဒနာမဆို မခံစားစေရပါဆိုသည့် အဓိပ္ပါယ်မှာ နာရီ(၃၀)အတွင်း သမထပိုင်း ရှုမှတ်ချိန်ဖြစ်၍ တရားပြဆရာက နေရာပြင် ရှုမှတ်ခွင့်ပြုထားပါသည်။)
၂။ မျက်နှာကြည်ကြည်လင်လင် ဝင်းပ၍ တက်တက်ကြွကြွ ရှိလာမည်။
၃။ ခန္ဓာကိုယ်မှာ ဗောဇ္ဈင် (၇)ပါး ဖြစ်၍ ရှိတဲ့ရောဂါတွေ ပျောက်ကင်းမည်။
၎။ မဂ်တု(၁၀)ပါးအကြောင်း ကောင်းကောင်းသိမည်။
၅။ သေသောအခါ နတ်ပြည်သို့ရောက်မည်။
ယခုကဲ့သို့ အာမခံချက်များမှာ ဘုရားဟောသော တရားတော်အတိုင်းဖြစ်၍ လူတိုင်းလူတိုင်း အလွန်အားထုတ်သင့်ပါသည်။ ဒုတိယပိုင်းသမထမှ ဝိပဿနာဘာဝနာသို့ ကူး‌ပြောင်းရှုမှတ်ရာတွင် (၄)နာရီမှ(၈)နာရီခန့် ရှုမှတ်ရပါသည်။ တတိယပိုင်း ဝိပဿနာ ရှုမှတ်ခြင်းတွင် နာရီ(၆၀)ရှုမှတ်ရမည် ဖြစ်ပါသည်။ ဤရိပ်သာသို့ ပင်စင်စားများနှင့် လေဖြတ်ထားသူများ၊ ကျန်းမာရေး ချို့ယွင်းသူ အချို့နှင့် ရွှေပေါက္ကံမှ လက်လုပ်လက်စားများပါ မိသားစုတာဝန်ထမ်းဆောင်ရင်း တစ်ဘက်တစ်လမ်းမှ တရားရှုမှတ်ခြင်းဖြင့် မိမိဘဝအား မြှင့်တင်လျှက်ရှိနေခြင်းကို တွေ့မြင်ရပါသည်။ တရားပြဆရာတော် ကိုယ်တိုင်ကပင် ပင်စင်စားဖြစ်၍ မိမိကဲ့သို့ ဘဝတူပင်စင်စားများ၊ ဂီလာနများကိုပါလက်တွဲခေါ်ရင်း မြတ်စွာဘုရားနှင့်တကွ ရဟန္တာအရှင်သူမြတ်များ၊ အရိယာသူတော်ကောင်းတို့ လျှောက်လှမ်းခဲ့သည့် ခရီးကို တစ်လှမ်းချင်း မိမိခွန်အားရှိသလောက် လျှောက်လှမ်းနေသည်မှာ ကျွန်ုပ်တို့၏ကိုယ်တွေ့မျက်မြင်ပင် ဖြစ်ပါသည်။
ဆရာတော်နှင့်တွေ့ရှိနိုင်မည့် အချိန်များမှာ - နံနက် (၅း၃၀ မှ ၆း၃၀)အထိ၊ နေ့လည်(၁၀းဝ၀ မှ ၁၁း၃၀)နှင့် ညနေ(၁၇းဝ၀)နာရီ မှ(၁၈း၃၀)အထိသာ ဖြစ်ပြီး ကျန်အချိန်များမှ အချိန်(၁၀းဝ၀)နာရီကို တရားအားထုတ်ခြင်းဖြင့် ကုန်လွန်စေပါသည်။ တပည့်ယောဂီများအား တစ်နာရီအားထုတ်ပြီးတစ်နာရီနားစေသော်လည်း ဆရာတော်ကိုယ်တိုင်မှာမူ ဘုရားခန်းမထဲတွင် (၃)နာရီ တစ်ဆက်တည်း(၂)ကြိမ် အားထုတ်နေသည်မှာ မြတ်စွာဘုရား၏ အလိုကျတရားနှင့်နေခြင်းပင် ဖြစ်ပါသည်။ ရှေ့မှဆရာတော်ကိုယ်တိုင် ကြိုးကြိုးစားစား အားထုတ်နေသဖြင့် ကျွန်ုပ်တို့သည်လည်းအချောင်မခိုရဲဘဲ ကြိုးစားကြရပါသည်။ ကျွန်ုပ်အားလည်း ရန်ကုန်မှ ယောဂီဟောင်းများက မိုင်(၈၀ဝ)‌ဝေးသော အထက်ချင်းတွင်းဟုမ္မလင်းမြို့နယ်အရပ်မှလာရောက်အားထုတ်သူဟု အထူးချစ်ခင်ကြလျက် ဆွေမျိုးများပမာ ဖေးမလက်တွဲ ခေါ်ယူအားပေးကြပါသည်။ အထူးဂရုစိုက်ကြပါသည်။ နောင်ပိုအောင်ယောဂီကြိုးစားထားဟု အချိန်တိုင်းအားပေးကြလျှက် မှားလျှင်ပြင် - မှန်လျှင် အားပေးကြပါသည်။
ဆရာတော်၏ အလွန်တော်သော တပည့်များဖြစ်သည့် မမော်နှင့် မခင်သန်းဆွေတို့က အနီးကပ်နေ၍ အမှားများကို ပြင်ဆင်ရှုမှတ်စေသည်။ ရှေ့ကဆွဲသူနှင့် နောက်ကတွန်းသူရှိသောကြောင့် ကျွန်ုပ်သည် ရှေ့သို့ခရီးတရွေ့ရွေ့နှင်လာပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ခုတင်ဘေးရှိ ရန်ကုန်မှရှေ့နေဒေါ်ခင်ဆွေကပင် လက်‌မြောက်ရသော ယောဂီတစ်ဦး ဖြစ်ပါသည်။ ကျွန်ုပ်ကအနားယူရမည့်အချိန် တစ်နာရီကို အနားမယူဘဲ ဆက်တိုက် တရားအားထုတ်နေသဖြင့်မချိုက ဇောကပ်ပြီး တရားအားမထုတ်ရန်၊ အနားယူပါရန်သတိပေး၍ ပြင်ဆင်ရှုမှတ်မှသာ တရားလမ်းကြောင်းပေါ်သို့ ရောက်ပါသည်။
ကျွန်ုပ်တို့ အခန်းထဲတွင် အသက်(၉၂)နှစ်အရွယ် ယခုပုံပါအဖွားကျော့သည် တရားခန်းမထဲရှိ လှေကားထစ်(၂၁)ထစ်ကို နေ့စဉ်အတွဲမပါတက်ကာဆင်းကာဖြင့် တစ်နေ့လျှင်(၅)နာရီ တရားရှုမှတ်နေသည်ကို တွေ့မြင်ရပါသည်။ အသက်(၆၀)မှစပြီး ယခုဆိုလျှင် အနှစ်(၃၀)ရှိပြီ ဖြစ်ကြောင်းနှင့် ရိပ်သာကြီး၊ ရိပ်သာခွဲများတွင် တစ်နှစ်(၁၀)ရက်၊ (၃)ကြိမ်နှုန်းနှင့်တရား အားထုတ်ခဲ့သည့် အကြိမ်ပေါင်း(၉၀)ခန့်၊ ရက်ပေါင်း(၉၀ဝ)၊ တရားနာ တရားအားထုတ်ခဲ့သည့် နာရီပေါင်း(၇၀ဝ၀)လောက်ရှိခဲ့ကြောင်းကိုလည်း သိခဲ့ရပါသည်။ ယခုအသက်(၉၀)မှစ၍ ဆရာတော်ရဟန်းမဖြစ်ခင် ဦးမျိုးလွင်ဘဝကပင် တာမွေ တိုက်ခန်း၌(၂၆.၂.၁၁)နေ့မှ (၁၂.၅.၁၁)ရက်နေ့ အထိ (၇၆)ရက် အတွင်းတွင် အကြိမ်(၃၉၈)ကြိမ်အားထုတ်ပြီးမှ အဓိဌာန်အောင် ‌ယောဂီအမှတ်စဉ်(၂၃၈)အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဆက်လက်အားထုတ်ရာ နောက်ထပ်(၁၂၆)ရက်အကြာ (၂၄၃)ကြိမ်ထပ်မံအားထုတ်ပြီးသည့် (၁၅.၉.၁၁)နေ့တွင် အမြတ်စားယောဂီ အမှတ်စဉ်(၁၃၇)ဟု သတ်မှတ်ပေးခံရပါသည်။
အဖွားကျော့သည် အတိတ်ဘဝက သီလကောင်းခဲ့၍ ယခုကဲ့သို့ အသက်ရှည်ကျန်းမာစွာဖြင့် တရားကိုကျနသေချာစွာ အားထုတ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်လည်း အဖွားကျော့ကိုစံနမူနာယူ၍ ကြိုးစားအားထုတ်ရပေမည်။ကျန်းမာရေး မကောင်းသူ၊ ကိုယ့်အရိုးကိုယ်ချီ မနိုင်သေးသည့် သက်ကြီးရွယ်အိုပင်စင်စားများသည်လည်းကောင်း၊ ပင်စင်စားမဟုတ်သော လူငယ်၊ လူလတ်၊ လူကြီးတို့သည် လည်းကောင်း၊ ဤရိပ်သာသို့ မိမိစွမ်းနိုင်သလောက် ရသည့်အချိန်လေးအတွင်း ကြိုးစားအားထုတ်သင့်ကြပါသည်။“အရွယ်သုံးပါး အပါယ်ပိတ်တရား အမြဲလက်ကိုင်ထား”
ငယ်စဉ်အခါ ပညာရှာဆဲ သေပွဲဝင်သော် အပါယ်လေးပါး မသွားရအောင် ယခုပင်လျှင် ကျောင်းပိတ်စဉ်မှာ နာရီတစ်ရာ အားထုတ်ပါလော့ . . .။
လူလတ်ပိုင်းမှာ တစ်ဘဝစာ ရတနာဥစ္စာ ရှာဆဲမှာပင် သေပွဲဝင်သော် အပါယ်လေးပါး မသွားရအောင် ယခုပင်လျှင် ရုံးပိတ်စဉ်မှာ နာရီတစ်ရာ အားထုတ်ပါလော့ . . .။
ပညာဥစ္စာ ရတနာ အာဏာရှာခဲ့ရာတွင် ဒါန သီလ သမထ စွဲကိုင် မပြတ် ကိုယ်တိုင်လုပ်ခဲ့ပါငြား သင်သေသွားသော် အပါယ်လွတ်မှာ မသေချာက ယခုပင်လျှင် မလဲခင်မှာ နာရီတစ်ရာ အားထုတ်ပါလော့ . . .။
သံယုတ်ပါဌိတော် ပထမတွဲ၌ ချွန်ချွန်မြမြ ဓါးလှံမဖြင့် ရင်ဝလယ်၌ ထိုးစိုက်ခံရ နာကျင်လှသော သူသည် ထိုလှံကိုသာလျှင်နှုတ်ရန် ကြံဖန်မနှေး စိတ်မအေးဘဲ အရေးတကြီး သုတ်သီးသုတ်ပြာ နုတ်ရာဘိသကဲ့သို့လည်းကောင်း၊ ဦးခေါင်းထက်၌ ရဲရဲပြောင်ပြောင်မီးလောင်ခံရသောသူသည် ထိုမီးကိုသာလျှင် လျင်မြန်စွာငြိမ်းရန် ကြံဖန်မနှေး စိတ်မအေးဘဲ အရေးတကြီး သုတ်သီးသုတ်ပြာ ငြိမ်းသတ်ရာဘိသကဲ့သို့လည်းကောင်း၊ သတ္တာယ ဒိဌိကိုပယ်ဖို့ရန် ထင်ရှားနေတဲ့ ရုပ်နာမ်ခန္ဓာအပေါင်း၌ ငါကောင်၊ အတ္တကောင်၊ သတ္တဝါကောင်၊ လိပ်ပြာကောင်၊ ဝိညာဉ်ကောင်အနေဖြင့် အထင်မှားသော သက္ကာယဒိဌိကို အကြွင်းမဲ့ပယ်သတ်ဖို့ရန် သတိနှင့် ပြည့်စုံစေပြီး သတိပဌာန်လေးပါး အကျင့်တရားနှင့် ပြည့်စုံသည်ဖြစ်၍ ဒိဌိနယ်မှ လွတ်မြောက်အောင် ထွက်သွားရာ၏။ ခေါင်းကမီးလျှံ ရင်ဝလှံကိုငြိမ်းရန်မအားနှုတ်ရန်မအား လျစ်လျူရှုထားခဲ့သော်လည်းဘဲ နောက်သို့မဆုတ် အားပါထုတ်လျက် အော် သုတ်သုတ်လျင်မြန်စွာ ရှုမှတ်ရပေတော့အံ့သတည်း . . . . .လို့ မြတ်စွာဘုရားရှင်က အရေးတကြီး ဟောကြားတော်မူပါသည်။“ကိုယ့်အရိုးကိုယ် ချီမနိုင်သေးသည့် သက်ကြီးရွယ်အို ပင်စင်စားနှင့် ဂီလာနများသို့”
-အသက်ကြီးလာသည်နှင့်အမျှ လောဘစိတ်တွေ လျော့ကျရလေအောင် . .
-သွားတွေကျိုးလာသလို ဒေါသ၊ မာန်မာနတွေ ကျိုးရလေအောင် . . .
-နားတွေထိုင်းလာသလို မောဟစိတ်တွေ မထိုင်းရလေအောင်. . .
-အသားအရေတွေတွန့်လာသလို မကောင်းမှုတွေကို တွန့်ရလေအောင် . . .
-ခွန်အားတွေလျော့ကျလာသလို ရာဂစိတ်တွေ လျော့ကျရလေအောင်. . .
-မျက်စိတွေ မှုန်ဝါးလာသလို နိဗ္ဗာန်လမ်းကို လျှောက်ဖို့ မမှုန်ဝါးရလေအောင်လို့
အောင်ခုနှစ် အောင်သင်စွမ်းဆောင်လို အပိုမပြော အောင်လိုဇောဖြင့် ရောက်အောင်သာလာပါ ဤရိပ်သာသို့ ဟု ဖိတ်ခေါ်အပ်ပါသည်။
ဆွမ်းကိစ္စအရပ်ရပ်ကို လိုလေသေးမရှိဆောင်ရွက်ပေးကြသော ဆရာလေးဒေါ်ပညာနှင့် ညီမငယ်တို့အားလည်းကောင်း၊ တရား အားထုတ်ရာတွင် ကူညီလမ်းညွန်ပြီး ရှေ့ကဆွဲ နောက်ကတွန်းကူပေးကြသော ဆရာမမမော် နှင့် မခင်သန်းဆွေတို့အားလည်းကောင်း ကျေးဇူးတင်ရှိပြီး ဤရိပ်သာသို့ လမ်းညွန်ပို့ဆောင်ပေးသော ချစ်ခင်လေးစားရပါသော လှိုင်သာယာမှ ကိုကံကြီးနှင့် မီးအိမ်ရှင် - ဒေါ်သိန်းသူဇာ M.A(Thesis)အပြည်ပြည်ဆိုင်ရာ ထေရာဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့အား ကန်တော့ပါသည်။
မှတ်ချက်။ ။ ဤဆောင်းပါးဖြစ်မြောက်အောင် ကဂျီဂဂျောင်ယောဂီအား ဥာဏ်အလင်းပွင့်အောင် စိတ်ရှည်စွာဖြင့် တရားပြသပေးခဲ့သော ကျေးဇူးရှင် နည်းပြ ဦးလောကပါလ (ဦးမျိုးလွင်)B.E(civil)1970 ဒုညွန်မှူး(ငြိမ်း)ဆည်မြောင်းအား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှစ်ခိုးပါ၏အရှင်ဘုရား။ ထို့ပြင် မိမိအားတရားအားထုတ်စရိတ် ထောက်ပံ့ပါသော ကိုကျောက်စိမ်း + မခင်မိုးဆွေ မိသားစု (မန္တလေး)တို့အားလည်း ကျေးဇူးအထူးတင်လျှက်ရှိပါသည်။
၂၀၁၄ခုနှစ်၊ ဧပြီလ(၈)ရက်နေ့ထုတ် အတွဲ(၃၆)၊ အမှတ် (၃)၊ စာမျက်နှာ(၃၁)မှကူးယူဖေါ်ပြပါသည်။

ကျွန်တော်အရက်သမား တရားထူးရပါ့မလား…. လို့ကျွန်တော် ဦးကျော်ထူး (ကြည်း၊ ၁၆၆၆၀ ဗိုလ်ကြီးဟောင်း)ဖြစ်ပါသည်။ ကျွန်တော်ဝိပသနာခရ...
24/02/2015

ကျွန်တော်အရက်သမား တရားထူးရပါ့မလား…. လို့
ကျွန်တော် ဦးကျော်ထူး (ကြည်း၊ ၁၆၆၆၀ ဗိုလ်ကြီးဟောင်း)ဖြစ်ပါသည်။ ကျွန်တော်ဝိပသနာခရီး အကြောင်း ပြောရမည်ဆိုလျှင် ကျွန်တော်၏ ဘ၀အကြောင်း အနည်းငယ် ပြောပြမှ ပို၍ပြည့်စုံမည်ထင်သဖြင့် အနည်းငယ်ဖော်ပြခွင့် ပြုစေလို ပါတယ်ခင်ဗျာ။
ကျွန်တော် ဒေသကောလိပ် ဒုတိယနှစ်(Metalogy) တက်နေရာမှ ထွက်၍ အလုပ်သင်ဗိုလ်လောင်းသင်တန်း တက်ရောက်ပြီး ကျောင်းဆင်းချိန် အသက်(၂၀နှစ်၊၆လ) တပ်စုမှူးတာဝန် စတင်ထမ်းဆောင်ရမည့်အချိန်ထိ ကျွန်တော်သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်သာ ဖြစ်ခဲ့ပါသည်။ ကျွန်တာ်၏ မှော်ဘီဗိုလ်သင်တန်း ကျောင်းဆင်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်အပြန်တွင် ကျွန်တော်၏ အစ်ကိုအရင်း ဖြစ်သူမှာ ကားချင်းတိုက်မိပြီး ကားပါမီးလောင်ရာမှ လူကိုကူးစက်လောင်ကျွမ်းပြီး သေဆုံးခဲ့ပါသည်။ ညီအကိုမောင်နှမ၊ ဆွေမျိုးရင်းချာထဲမ သေဆုံးမှုအနီးကပ် ပထမဆုံးဖြစ်၍ အကြီးအကျယ် ထိခိုက်ကြေကွဲခံစား ခဲ့ရပါသည်။ ထိုအချိန်တွင် ကျွန်တော်၏ဦးလေးတော်စပ်သူမှ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားသော “ရတနာသုံးပါးဂုဏ်ကျေးဇူး” ဆိုသည့် စာအုပ်တစ်အုပ်ကို လက်ဆောင် ပေးခဲ့ပါသည်။ ကျွန်တော်သည် ရှေ့တန်း လှုပ်ရှားစစ်ကြောင်း (ကိုယ့်ကျော်ပိုးအိတ်ရော, First Line, Second Line, ကျည်များအပါ ကိုယ်တိုင်ထမ်းရချိန်) မှာပင် ၄င်းစာအုပ်ကို ရေမစိုရန် Plastic အိတ်တွင်ထည့်၍ သွားလေရာ ထမ်းပြီး သယ်ဆောင်၍ အချိန်ရတိုင်း ဖတ်ခဲ့ပါသည်။ ကျေးရွာများရောက်ချိန် ဘုန်းကြီးကျောင်းများမှ ဓမ္မစာပေများလဲ ဌားရမ်းဖတ်ခဲ့ပါသည်။ ဒါန၊ သီလ၊ သမထ အလုပ်များစတင်ပြီး အတော်လုပ်ဖြစ်ခဲ့ပါသည်။ ကျွန်တော်သက်သတ်လွတ်(၈)နှစ် စားခဲ့ပါသေးသည်။ သို့သော် အရက်တော့ သောက်ပါသည်။
၁၉၈၂ခုနှစ်ခန့်က ယိုးဒယားနယ်စပ်တွင် ပြည်တွင်းသောင်းကျန်းသူများ၏ စခန်းများကို သိမ်းပိုက်ရသော (၆)ရက် တိုက်ပွဲကြီးတွင် Senior အရာရှိများ ကျဆုံး၊ ဒဏ်ရာ ရကုန်သဖြင့် Junnior တပ်ခွဲမှူးထဲမှ တိုက်ပွဲ အတွေ့အကြုံများသော ကျွန်တော် အသက် (၂၃)နှစ် အရွယ်တွင် (၄)ရက်မြောက်နေ့မှစ၍ ချေမှုန်းရေး တပ်ခွဲမှူးတာဝန်ယူရပါသည်။ သဲကြီးမဲကြီး နှစ်ဘက်ပစ်ခတ် တိုက်ခိုက်နေသော တိုက်ပွဲ၏ (၆)ရက်မြောက်နေ့တွင် လေယာဉ်ပစ်ကူ သုံးစီး၊ အမြောက်ကြီးခြောက်လက် ပစ်ကူနှင့်တကွ စခန်းမရမခြင်း သိမ်းရန်ဖြစ်ပါသည်။ မိမိတို့ဘက်မှ ရဟတ်ယာဉ်နှစ်စီး လူနာကောက်သလို ယိုးဒယားဘက်မှလည်း ကင်းထောက်လေယာဉ်၊ လူနာကောက်ရဟတ်ယာဉ်စက်သံ၊ အမြောက်သံ၊ ဗုံးသံ၊ လေယာဉ်စက်သေနတ်များ၊ မိုးချိမ်း၊ လျှပ်စီးလက်သံများ နားကွဲလု မတတ်ဆူညံနေ၍ မိမိကာဘိုင်ကျည် ထွက်/မထွက် သစ်ပင်လှမ်းပစ် ကြည့်၍ သစ်ခေါက်ကလေးများကွာသွားမှ သေနတ်ကောင်းနေသေးကြောင်းသိရပါသည်။ ကျွန်တော်တို့လက်နက်တွင် လှံစွပ်တတ်၍ ကျားထိုးချိန် တစ်ဖက်ရန်သူနှင့် မိမိတို့ မမြင်ဘူးပါပဲ ရန်ညှိုးမရှိပါပဲ သူသေ ကိုယ်သေ အသက်လုနေကြရပါသည်။ ကျွန်တော်၏အာရုံတွင် ဖြတ်ကနဲ အသိလေးတစ်ခု ပေါ်လာခဲ့ပါသည်။ (သြော်…. ဘုရားဟောတဲ့ ငရဲပြည်ဆိုတာတော့ ဘယ်လိုပါလဲ? အခုငါရောက်နေတာက လောကငရဲအစစ်ပါပဲ) “ရဲသော်မသေ၊ သေသော်ငရဲမလား” ဆိုတဲ့ စကား ဟုတ်ပါ့မလား…… လို့ သံသယ၀င်မိခဲ့ပါသည်။
၁၉၉၉ ခုနှစ်ခန့်က ဌာနဆိုင်ရာ အရာရှိတစ်ဦးက အနိုင်ကျင့်ဗိုလ်ကျပြီး ကျွန်တော်ပိုင် ကားသုံးစီး(ထိုအချိန်က ကာလတန်ဖိုး သိန်းတစ်ထောင်ခန့်) သိမ်းယူ သွားခဲ့ပါသည်။ ကျွန်တော်၏မိဘအိမ်ကို အစိုးရဘဏ်တွင် ပေါင်၍ ရသောချေးငွေ၊ အခြားမိတ်ဆွေများထံမှ ချေးယူငွေ၊ ယုံကြည်၍အပ်နှံငွေများဖြင့် အရောင်းအ၀ယ် (ကားဝယ်/ရောင်း) လုပ်သော ကားများဖြစ်ပြီး ကိုယ်ပိုင်ငွေဖြင့် ၀ယ်ထားသော ကားများမဟုတ်ပါသဖြင့် အကြွေး ပတ်ချာလည်ဝိုင်းကာ ဒုက္ခရောက်ခဲ့ပါသည်။ ကျွန်တော့ဘ၀မှာ ဆောက်တည်ရာမရခဲ့သည့် အဲဒီကာလသည်ကား ၀ိပဿနာ လမ်းကြောင်းပေါ်သို့တွန်းပို့သော အားတစ်ခု ဖြစ်လာ ခဲ့ပါသည်။
ကျွန်တော်သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်၊ ပေါက်စေတီ ကျောင်းတိုက်တွင် ဒုလ္လဘ၀တ်ရင်း ဓမ္မဒူတရှင်ပညာရှင်ပညာဇောတ၏ တရားစခန်းများတွင် နှစ်ကြိမ်ဝင်ခဲ့ဖူးပါသည်။ သို့သော်ကျွန်တော်၏ စိတ်ထဲတွင် ပုတီးစိတ်ခြင်း(သမထ) အလုပ်ကသာ လက်တွေ့ လောကလောကီအတွက် ပိုအကျိုးရှိမည်ဟု ယူဆနေသောကြောင့် ၀ိပဿနာအပေါ် လေးနက်စွာ အားထုတ်ခြင်း မရှိခဲ့ပါ။
“ဗုဒ္ဓဘာသာကို ယုံကြည်၊ဆည်းကပ်၊ ကိုးကွယ်လာသူ တစ်ယောက်အကြောင်း” စာအုပ်ရေးသားသူ ဦးဆန်းလွင်သည် ဘုန်းကြီးဝတ်ပြီး မူဆယ်မြို့သို့ လာရောက် ပါသည်။ အရက်ဆိုင်သွားမည့်စား ရှင်အာဒိစ္စရံသီ၏ တရားပွဲများ လိုက်နာကြည့် ပါသည်။ (ရ)ရက်ဆက်တိုက် နာကြည့်ပြီးနောက် ၀ိပဿနာအကျိုးကို သိလာသဖြင့် မဂ်ဥာဏ်ရသည် အထိကျင့်သော တရားစခန်း၊ တောင်ငူမြို့အထွက် မြတ်စောညီနောင်ဘုရားနှင့် မျက်နှာခြင်းဆိုင် ရွှေမင်းဝံတောရစခန်းတွင် (၂၀၀၀)ခုနှစ်ခန့်က(၂)ကြိမ်တိုင် ၀င်ရောက် တရားအားထုတ် ဖြစ်ခဲ့ပါသည်။ ၀ိပဿနာခရီးကို စိတ်ပါလက်ပါ လျှောက်လှမ်းခဲ့ရာ ကျွန်တော် တရားမရမီမှာပင် ဆရာတော်က ပျံလွန်တော်မူသွားခဲ့ပါသည်။
ကျွန်တော်သည် ဆရာရှာရင်း တလည်လည်နှင့် မိုးကုတ်တရားစခန်းများဝင်ရင်း ဇလွန်ဆရာကြီး ဦးကျော်စိန် စခန်းသို့လည်း ကျွန်တော်၏ ဓမ္မမိတ်ဆွေ(ဆရာ)ဦးကိုကို (သုဝဏ)၏ ကျေးဇူးကြောင့် အားထုတ်ဖြစ်ခဲ့ပါသည်။ အခြားသော ယောဂီများသာ တရားရသွားကြပြီး ကျွန်တော်ကတော့ တရားမရခဲ့ပါ။
(၂၀၀၂)ခုနှစ်ခန့်က သံလျှင်မြို့ရှိ ဓမ္မရိပ်သာတစ်နေရာတွင် ၀င်၍ တရားကျင့် ခဲ့ပါသည်။ (ပ)အကြိမ်တရားအားထုတ်စဉ်က တရားမရရုံမက ဆရာတော်မှ နောက်တစ်ကြိမ် ၀င်ရန်မှာကြားပြီး သတ်မှတ်ကာလမပြည့်မိ အိမ်ပြန်ခိုင်းပါသည်။ ကျွန်တော် မလျှော့သော ဇွဲဖြင့် (ဒု)အကြိမ်ဝင်ဖြစ်ပါသည်။ သတ်မှတ်ကာလ ကုန်ဆုံးသည့်အထိနေ၍ အဓိဌာန် (ရ)မျိုးကို တင်ပြီးရှုမှတ်ရပါသည်။ ကျွန်တော် နှစ်မျိုးသာရပါသည်။ (တ)ကြိမ် နှင့် (စ)အကြိမ် ထပ်ဝင်ဖြစ်ပါသည်။ အဓိဌာန်(ရ)မျိုးတင်၍ အားထုတ်ရာ(၅)မျိုး အောင်မြင် ပါသည်။ ဆရာတော်ကပြုံး၍ ဆက်ကြိုးစားဟု အားပေးပါသည်။
ဇလွန်ဆရာတော်ကြီးဦးကျော်စိန်၏ လက်ထောက်ဦးဝင်းဖေဘ၀မှ ရဟန်းဝတ်လာသူ ဦးက္ကသရိယထံသွား၍ တရားအားထုတ်ပါသည်။ အဓိဌာန်တင် စမ်းသည်များ အောင်မြင်ခဲ့ ပါသည်။ ဆရာတော်မှ ဆက်ကြိုးဖို့ ရတဲ့တရားသိဖို့ တရားမပြတ်ဖို့ အားပေးပါသည်။
အမှန်အတိုင်းတော့ ကျွန်တော်မှာ တရားကိုယုံကြည်ပါသည်။ မိမိကိုယ်ကို သေတပန်ဖြစ်မည်ဟု ယုံကြည်နေမိပါသသည် ရှေ့ပိုင်းတွင် ကျွန်တော်ရေးသားချက်များ ဖတ်ရသောစာဖတ်သူမှာ ကျွန်တော်အား (လူကောင်း/ လူလိမ္မာတစ်ယောက်)ဟု ထင်မိကြပေလိမ့်မည်။ တစ်ကယ်တော့ တစ်သက်လုံး စစ်မြေပြင်တိုက်ပွဲနှင့် လောကဓံတိုက်ပွဲများအကြား ဘ၀ကြမ်းကြမ်း၊ လောကဓံခါးခါးကို ဖြတ်သောရသော “ကျွန်တော်သည် တပ်မတော်သားဘ၀မှ စ၍ သောက်လာသည့်အရက်ကို တရားစခန်းမှ ထွက်ပြီး မကြာမီ ပြန်သောက်လိုက်၊ တရားစခန်းအပြင်ထွက်ပြီး အပြင်မှာလည်း တရား ဆက်အားမထုတ်ဖြစ်ပဲ တရားစခန်းဝင်ချိန်သာ အရက်ဖြတ်၍ တရားအားထုတ်နေခြင်း ဖြစ်ပါသည်”။ ဒီလိုနှင့် ကျွန်တော်အသက်(၄၂)နှစ်မှ (၅၅)နှစ်အထိ (၁၃)နှစ်အတွင်းတွင် တရားရိပ်သာ (၇)နေရာတွင် ညအိပ်ယောဂီအဖြစ် (၆လ)နှင့် (၂၇)ရက်ခန့်ကို လူဝတ်နှင့်၎င်း၊ ဒုလ္လဘရဟန်းအဖြစ် (၈)ကြိမ်ဝတ်၍၄င်း၊ တရားအားထုတ်ခဲ့ပါသော်လည်း ကိုယ့်လိပ်ပြာ ကိုယ်မလုံ၊ ကိုယ့်အပြစ်ကိုယ်သိနေ၍ ကမ္မဌာန်းပေး ဆရာတော်များထံ ထပ်မံတွေ့ရန် ၀န်လေးနေမိပါသည်။ တရားနှင့်ဝေး၍ အရက်နှင့်သာနီးနေခဲ့ပါသည်။
အကြောင်းတိုက်ဆိုင်လာပြီး (၈-၄-၁၄)နေ့တွင် ရွှေပေါက်ကံအ၀င်ဝရှိ “ကိုယ့်အရိုး၊ ကိုယ်မချီနိင်သေးသည့် သက်ကြီးရွယ်အို ၊ ဂီလာနများနှင့် ပင်စင်စားများ ဦးစားပေး တရားရိပ်သာ” သို့ ၀င်ဖြစ်ခဲ့ပါသည်။
ရက်(၂၀)ခန့် ဆရာတော်ဦးလောကပါလ ညွှန်ကြားသင်ပြသည့်အတိုင်း အတိအကျ လေ့ကျင့်ခဲ့ပြီးနောက် အဓိဌာန်(၁၆)မျိုးတင်၍ ရှုမှတ်စေရာ (၁၆)မျိုးစလုံးကို ပီပီပြင်ပြင် ရရှိခဲ့ပါသဖြင့် ဆရာတော်က (၁၂)ရက်အကြာ (၈၅)ကြိမ်မြောက် တရားအားထုတ်ရာတွင် အဓိဌာန်အောင် ယောဂီအမှတ်စဉ် (၃၆၂/၂၀-၄-၂၀၁၄)အဖြစ် သတ်မျတ်ပေးပါသည်။ အမြတ်စားယောဂီ ဖြစ်ရန်အတွက် နောက်ထပ် နာရီ (၁၂၀)ထပ်မံအားထုတ်ရန် ညွှန်ကြား ပါသဖြင့် ရက်မခြားပဲ နောက်တစ်ကြိမ် ထပ်မံတရားစခန်းဝင်၍ နာရီ(၁၂၀)ပြည့်အောင် တဆက်တည်း အားထုတ်ခဲ့ရာ အောင်မြင်ခဲ့ပါသည်။ ဆရာတော်က (၁၇-၆-၁၄)နေ့ (၂၀၅)ကြိမ်မြောက် အားထုတ်ပြီးသည့်အခါ အမြတ်စားယောဂီ အမှတ်စဉ်(၂၃၆)ဟု သတ်မှတ်ပေးပါသည်။ ကျွန်တော်သည် ရွှင်လန်း၊ တက်ကြွ၊ ပေါ့ပါးစွာဖြင့် အိမ်သို့ ပြန်လာခဲ့ပါသည်။ ရိပ်သာမှပြန်လာပြီးနောက် ကျွန်တော့ကိုယ်ကျွန်တော် အံ့သြမိသည့် အချက်(၁၀)ချက်ကို သတိထားမိပါသည်။
နံပါတ်(၁)အံ့သြချက်မှာ- (၂၅)နှစ်ခန့် အရက်သောက်ခဲ့သောကျွန်တော် သူများအရက်ဆိုင်မှာ ထိုင်သောက်နေတာမြင်လျှင် ၄င်းအချိန်များတွင် ၀စီပိတ်တရား ထိုင်နေရရလျှင်နှစ်နာရီခန့်ရမည်ဟုသာအတွေးပေါ်၏။(အရက်သမားများကိုတောင်းပန် ပါ၏) ကျွန်တော် အရက်ကိုစွဲစွဲလန်းလန်းမက်မက်မောမော သောက်စဉ်က မစင်စားနေသော ၀က်ကြီးနဲ့ တော်တော်တူတာပဲဟု ခံစားမိ၏။ ဘေးလူအမြင်မှာ ရွံစရာ၊ မသတီစရာ ဖြစ်ပေမည်။ ၀က်ကြီးကတော့ ၀မ်းသာအားရ နှစ်သက်စွာ ပလုပ်ပလောင်း စားသုံးနေသည် မဟုတ်ပါလား။
နံပါတ်(၂)-အံသြချက်မှာ- တရားစခန်းမှထွက်လာပြီး တစ်ရက်/နှစ်ရက်ထက်ပို၍ တရားဆက်မထိုင်ဖြစ်သော ကျွန်တော် နေ့စဉ်တရားမထိုင်ရလျှင် မနေနိုင်တော့ပါ။ ရေမချိုးရလျှင် မနေနိုင်သကဲ့သို့ တရားမထိုင်ရလျှင် တစ်ခုခုလိုနေသလို ခံစားရခြင်းပင် ဖြစ်ပါသည်။
နံပါတ်(၃)- အံ့သြချက်မှာ ငါးပါးသီလအနက် တစ်ပါးပါးကို ချိုးဖောက်ဖို့ကိစ္စ ပေါ်လာခဲ့လျှင် အထူးအားမစိုက်ရပဲ အလိုလို ထိန်းသိမ်းမိသွားခြင်းပင် ဖြစ်ပါသည်။
နံပါတ်(၄)- အံ့သြချက်မှာ မိမိကိုယ်/စိတ်များတစ်ခုခုဖြစ်လျှင် ချက်ခြင်း သိလိုက်ခြင်း(ဥပမာ- ဒေါသထွက်လျှင်) သိသဖြင့် ဖြစ်ကြောတိုသွားခြင်း။
နံပါတ်(၅)- အံ့သြချက်မှာ လူ့ဘ၀ရခြင်း၏ အဖိုးတန်ဆုံးသော အကျိုးကျေးဇူးမှာ တရားအားထုတ်ခြင်းသာတည်းဟု စွဲမြဲစွာယုံကြည်နေခြင်း။
နံပါတ်(၆)- အံ့သြချက်မှာ စိတ်ထားများနူးညံ့သိမ်မွေ့လာခြင်း။
နံပါတ်(၇)- အံ့သြချက်မှာ သေခါနီးလျှင် ရှေ့မှသွားနှင့်သူ ယောဂီများ၏ မြတ်သောသေခြင်းကဲ့သို့ ဘယ်လိုမှတ်ပြီး သေလိုက်မည်ဟု ရဲရဲသေရဲနေခြင်း။
နံပါတ်(၈)- အံ့သြချက်မှာ ပစ္စည်းနှင့် လူများအပေါ် တပ်မက်မှု နည်းလာခြင်း။
နံပါတ်(၉)- အံ့သြချက်မှာ လောကဓံကို ခံနိုင်ရည် ရှိလာခြင်းနှင့်
နံပါတ်(၁၀)- အံ့သြချက်မှာ ယခင်က နားမလည်ခဲ့သော မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားများကို လွယ်ကူစွာ နားလည်နေခြင်းတို့ပင် ဖြစ်ပါသည်။
ရိပ်သာမှပြန်လာပြီး နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းများကို ရိပ်သာသို့ဝင်ရန် စည်းရုံး၍ ဆွယ်တရားဟောရာ တစ်ယောက်မျှမရခဲ့ပါ။ သို့ရာတွင် ကျွန်တော်၏ ပြောင်းလဲမှုများကို အနီးကပ် အကဲခတ်၍ လေ့လာနေသော ဇနီးသည်က သူ ရိပ်သာဝင်လိုကြောင်း ပြောလာပါသည်။ ကျွန်တော်ဇနီးသည် ဒေါ်မေစီကျော် (၅၄)နှစ် ကလည်း ကျွန်တော်နှင့် ရိပ်သာ (၃)နေရာတွင် (၁)လနှင့် (၁၆)ရက်ခန့် အတူဝင်ဖုးသူ ဖြစ်ပြီး အရက်မပြတ်တာကိုလည်း သိနေသူဖြစ်ပါသည်။ ခုတစ်ခါ ဒီရိပ်သာက ပြန်လာမှ အရက်ပြတ်သွားကြောင်းသိရှိပြီး ၀မ်းသာအားရဖြင့် သူပါ စိတ်ပါလာခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ဇနီးသည်မှာ ကျွန်တော်ရိပ်သာမှ အိမ်ပြန်လာပြီး (၂)လခန့် အကြာ (၂၉.၆.၁၄)နေ့မှာ ရိပ်သာကို ကွန်တော်လိုက်ပို့ရပါသည်။ ဇနီးသည်က သမထပိုင်းမှာ အလွန်ကောင်းပါသဖြင့် အောင်မြင်ကျော်ကြား လူသိများခဲ့ပါသည်။ ယောဂီဟောင်းများပါ လာရောက်ကြ၍ တွေ့ဆုံမေးမြန်းကြသည်။ ဒေါ်မေစီကျော်သည် (၁၄)ရက်အကြာ (၇၈)ကြိမ်မြောက် အားထုတ်ရာတွင် အဓိဌာန်အောင် ယောဂီ အမှတ်စဉ်(၃၇၄/၁၀.၇.၁၄)ဟု ဆရာတော်က သတ်မှတ်ပေးပါသည်။ အမြတ်စားယောဂီ ဖြစ်ရေးအတွက် အကြိမ် (၁၂၀)စာမေးပွဲ ဖြေဆိုနေစဉ်(၁၅.၇.၁၄)နေ့တွင် ကျွန်တော်၏မိခင်ကြီး ဒေါ်လှလှဌေး (၇၇)နှစ်အား ရိပ်သာသို့ စည်းရုံးပို့ဆောင် ပေးနိင်ခဲ့ပါသည်။ ဒေါ်မေစီကျော်သည် အကြိမ်(၁၂၀)စာမေးပွဲကို (၁၉)ရက်နှင့် ဖြေဆို အောင်မြင်ပြီး (၂၀၇)ကြိမ်မြောက် အားထုတ်သည့်နေ့(၂၉.၇.၁၄)နေ့တွင် အမြတ်စား ယောဂီ အမှတ်စဉ်(၂၃၉)ဟု သတ်မှတ် ပေးခြင်းကို ခံယူရရှိခဲ့ပါသည်။ မိခင်ကြီးမှာ ရိပ်သာတွင် ကျန်းမာရေးဖောက်လိုက် နှစ်ခါ ချော်လဲလိုက် ဖြစ်ပါသဖြင့် ဆေးရုံ(၂)ကြိမ် တက်ရပြီး အိမ်သို့(၁)ကြိမ် ပြန်ရပါသည်။ သို့ရာတွင် တရားရလိုသော ဆန္ဒပေါ်တွင် လုံ့လနှင့် ၀ီရိယကိုတင်ကာ ရိပ်သာ ဆရာတော် နှင့်တကွ ယောဂီများ ဝေယျာဝစ္စများက ၀ိုင်းဝန်းအားပေးကြသဖြင့် (၆၆)ရက်အကြာ (၁၅၆)ကြိမ်မှာ တရားထူးရ၍ (၈၆)ရက်အကြာ (၂၂၃)ကြိမ်မြောက် အားထုတ်ရာတွင်မူ အဓိဌာန်အောင် ယောဂီအမှတ်စဉ်(၄၀၇/၈.၁၀.၁၄)ဟု ဆရာတော်က သတ်မှတ်ပေးပါသည်။

ကျွန်တော် သူဌေးမဟုတ်ပါ စာရေးဆရာလည်းမဟုတ်ပါ သို့ပါသော်လည်း “သက်ကြီးရွယ်အို ပင်စင်စားများနှင့် ဂီလာနများ ဦးစားပေးတရားရိပ်သာ”ရှိ ကိုယ်ပိုင်ယောဂီဆောင်အတွက် မိဘအမွေရသော ငွေကျပ်သိန်း(၁၂၀) လှူဒါန်းခဲ့ပါ၏။ ကျွန်တော်၏ တိုက်တွန်းမှုကြောင့် မိခင်ကြီးမှ(၁၁)သိန်း၊ ဦးလေးဖြစ်သူ၏ မိသားစုတို့မှ ကျပ်သိန်း(၉၀)လှူဒါန်းဖြစ်ခဲ့ပါ၏။ ဘ၀လွန်ချိန် နေ၀င်ချိန်အထိ တရားအားထုတ်ခွင့်၊ နေထိုင်ခွင့်ရှိသော ဤရိပ်သာကြီး အဓွန့်ရှည် တည်တံ့ ခိုင်ခံ့ စည်ပင်ပြီးလျှင် အရွယ်ကောင်းချိန်က အားမထုတ်မိသော အရွယ်လွန်များအပါအ၀င် သက်ရွယ်မရွေး အားထုတ်နိင်သော ဤရိပ်သာကြီးနှင့်တကွ တည်ထောင်သူ နည်းပြ ဆရာတော် ဦးလောကပါလ(ဦးမျိုးလွင်)အား သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ သက်ဆုံးတိုင် သာသနာပြုနိင်ပါစေကြောင်း နေ့စဉ်ရှိခိုးကန်တော့ ဆုတောင်းမိပါသည်။ မိမိ၏ကုသိုလ်အဖို့ ဘာဂအစုစုကို ကမ္မဌာန်းဆရာများ အားလုံး၊ သမထ၊၀ိပဿနာ လမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့သော ဆရာတော်၊ သံဃာတော်၊ လူပုဂ္ဂုလ်များနှင့်တကွ (၃၁)ဘုံသား အားလုံးတို့ကို အမျှပေးဝေလိုက်ပါသည်။ အမျှ-အမျှ-အမျှ ယူတော်မူကြပါကုန်လော့!
လောကီကိစ္စများဖြင့် သင့်အချိန်တွေ နှစ်ပေါင်း မည်မျှ ကုန်ခဲ့ပြီလဲ?မိမိ၏ ဤကိုယ်တွေ့ ဖြစ်ရပ်ကို ဖတ်မိကြသူ အရွယ်သုံးပါး အရက်သောက်တတ်သူများ သက်ကြီးရွယ်အို ရိပ်သာတွင် ရက်(၄၀)အချိန်ပေး၍ ကိုယ်တွေ့တရားကို လာရောက် အားထုတ် ရယူကြရင်း ဘ၀လက်ကျန် အချိန်များကို လူ့ဘ၀ ရရကျိုးနပ်လေအောင် စွမ်းဆောင်နိုင်ကြပါစေလို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ဦးကျော်ထူး(ကြည်း/၁၆၆၆၀ ဗိုလ်ကြီးဟောင်း)
B.Sc(Physics), D.B.L, D.L.L
D.A.Psy, B.D.S, D.G.E
ဖုန်း- 09 5014657
- 09 5415912

Address

အမှတ်(၁၁+၆)၊ ဝေဘာဂီလမ်း၊ ' ဌ' ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက်ကံအဝင်ဝ။
Yangon

Website

Alerts

Be the first to know and let us send you an email when U Lawkapala Meditation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share