25/04/2026
ခရီးသွားလျှင် သပိတ်နှင့် ရေစစ် ယူရမည်
-------
ယခုကာလမှာ အချို့ရဟန်းတော်များကတော့ ရောက်ရာမှာ စားစရာက အလွယ်တကူရနေတာနဲ့ သပိတ်ကိုတောင် မယူဘဲ ပေါ့ပေါ့ပါးပါး သက်သက်သာသာ သွားလေ့ရှိကြပါတယ်။
ဘုရားလက်ထက်, အဋ္ဌကထာဆရာများလက်ထက် ကာလဆီကတော့ ပတ္တစီဝရမာဒါယ-သပိတ်, သင်္ကန်းကိုယူ၍လို့ ဆိုထားတဲ့အတိုင်း သံဃာ့အစည်းအဝေး သွားတဲ့အခါ, ဥပုသ်ပြုသွားတဲ့အခါမှာတောင် သပိတ်နှင့်သင်္ကန်းသုံးထည်ကို ယူသွားလေ့ရှိကြပါတယ်၊
ဒါကြောင့် ဘုန်းကြီးတို့ကတော့ ခရီးဝေးသွားတဲ့အခါဖြစ်စေ, မြို့ထဲ သီးသန့် ဆွမ်းစားသွားတဲ့အခါဖြစ်စေ သပိတ်ကိုလည်း ယူသွားဖို့ရာ ညွှန်ကြားထားပါတယ်။
နောက်ပြီးတော့ အရေးကြီးတဲ့ ပရိက္ခရာတစ်ခုကတော့ ရေစစ်ပဲ၊ အဲဒီရေစစ် မပါဘဲ ယူဇနာဝက်စသည် ရှည်တဲ့ခရီးကိုသွားရင် ဒုက္ကဋ်အာပတ်သင့်တယ်၊
တစ်ယူဇနာဆိုတာ ပါဠိအဘိဓာန်ကျမ်းစသည်မှာ ပြဆိုထားချက်အရအားဖြင့် ၁၂-မိုင်ကျော်ကျော် ၁၃-မိုင်နီးပါးရှိတယ်၊ ယူဇနာဝက်ဆိုရင် ၆-မိုင်ခွဲလောက်ရှိတယ်၊ ယခုခေတ်မှာ ၆-မိုင်ခွဲလောက်ခရီးကို မော်တော်ယာဉ်စသည်ဖြင့် မကြာခဏသွားနေကြရတာပဲ၊
ယခုခေတ် သုတေသီဆရာတို့၏ ယူဆချက်အရအားဖြင့် တစ်ယူဇနာဆိုတာ ရှစ်မိုင်လောက်ရှိတယ်၊
ဒါကြောင့် ယူဇနာဝက်ဆိုတာဟာ ၄-မိုင်လောက် ရှိတယ်လို့ ယူဖို့ပါပဲ။
အဲဒီတော့ ရန်ကုန်, မန္တလေးတို့လိုမြို့ထဲမှာ ကိစ္စကြီးငယ်ရှိလို့ သွားတဲ့အခါ ၄-မိုင်လောက်ဝေးရင် ရေစစ်ပါဖို့လိုပါတယ်၊ သီးခြားရေစစ်မပါရင် လက်ကိုင်ပုဝါကို ရေစစ်အဖြစ် နှလုံးသွင်းပြီး ယူသွားဖို့ပါပဲ၊ ဒါမှမဟုတ်ရင်လည်း အကြောင်းရှိတဲ့အခါ မိမိ ဝတ်ထားတဲ့သင်္ကန်းဖြင့် ရေစစ်သောက်မယ်လို့ နှလုံးသွင်းသွားဖို့ပါပဲ။
(မဟာစည်ဆရာတော်၊ ဗြဟ္မဝိဟာရတရားတော်၊ ၁၅၀၊ ၁၅၁)