28/02/2020
"ရောဂတော" ခန္ဓာငါးပါးကို
ရောဂါလို့ ရှုမြင်သုံးသပ်ခြင်း
•••••••••••••••••••••••••••••
ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်မှာရှိတဲ့
ခန္ဓာကိုယ်ကြီးကို ဘယ်လိုမြင်ရမှာလဲ?
ကျန်းမာတယ်လို့ မြင်ရမှာလား
ရောဂါကြီးလို့ မြင်ရမှာလားဆိုတာ
ကြည့်ခိုင်းတာနော်။
ခန္ဓာကိုယ်ကြီးက တကယ်ကျန်းမာနေတာလား
သို့မဟုတ် တကယ် ရောဂါတွေနဲ့လားလို့ဆိုရင်
လောကမှာ ရောဂါမရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိမှမရှိတာ။
ရောဂါဆိုတာ ဘာကိုခေါ်တာတုန်းဆိုတော့
နာတာ, ကျင်တာ, ကိုက်တာ, ခဲတာတွေက
ရောဂါပဲ။ အခုခေတ် ပြောနေတဲ့ ရောဂါ
အမျိုးမျိုးတင် မဟုတ်ဘူး။
ခန္ဓာကိုယ်ကြီးရဲ့ သဘာဝကိုက နာတတ်တယ်။
ကျင်တတ်တယ်။ ကိုက်တတ်တယ်။ ခဲတတ်တယ်။
ညောင်းတတ်တယ်။
ခန္ဓာကိုယ်ကြီး တစ်ခုလုံး ဘယ်နေရာပဲဖြစ်ဖြစ်
နာလိုက်, အောင့်လိုက် ဒီလိုဖြစ်နေတဲ့အပြင်
ရှေးတုန်းက အပြော (၉၆)ပါး ရောဂါဝေဒနာ။
ဒီကနေ့ခေတ်မှာ အလွန်များပြားလှတဲ့
ရောဂါဝေဒနာ ဆိုတာတွေလည်း ဘယ်မှာဖြစ်
တာလဲလို့ စဉ်းစားကြည့်ရင် ဒီခန္ဓာကိုယ်ကြီးမှာပဲ
ဖြစ်တာ။
ရုပ်မှာ ရောဂါတွေ ဖြစ်သလို၊ စိတ်မှာ
ဖြစ်တာတွေကလည်း အများကြီးပဲ။
လောကလူတွေက ရောဂါလို့ဆိုတာ
ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါလောက်ပဲ
ပြောကြတယ်။
စိတ်မှာဖြစ်တဲ့ ရောဂါတွေက
နေ့စဉ်နဲ့အမျှ အများကြီး။
ရုပ်မှာဖြစ်တဲ့ ရောဂါတွေကျတော့
ခုခေတ်မှာ ကြောက်ခမန်းလိလိ AIDS တဲ့။
နောက်ပြီး ကင်ဆာရောဂါ၊ အသည်းရောဂါ
ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ
ဆီးချိုရောဂါ စသည်ဖြင့် ရောဂါတွေ အများကြီးပဲ။
အဲဒါတွေက ဘယ်မှာဖြစ်တာတုန်း။
ဘယ်မှာ ပေါ်တာတုန်းဆိုတော့ ခန္ဓာမှာပဲပေါ့။
ရုပ်ခန္ဓာကိုယ်ကြီးမှာပဲ ဖြစ်ပေါ်နေတာ
ဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီးကိုက
ရောဂါကြီးပဲလို့ မြင်တတ်ဖို့ လိုတယ်ပေါ့။
ကိုယ်ရထားတဲ့ ခန္ဓာငါးပါးဟာ
ရောဂါကြီး ရထားတာပေါ့။
ဒါဖြင့် စိတ်မှာရော ရောဂါမရှိဘူးလား
ဆိုတော့ ရှိတာပေါ့။
အလိုမကျရင် ဒေါသဖြစ်တယ်။
အလိုကျရင် လောဘဖြစ်တယ်၊
အမှန်မသိတဲ့ မောဟတွေဖြစ်တယ်။
တစ်ဦးတစ်ယောက် ကိုယ့်ထက်
သာသွားရင် မနာလိုဖြစ်တယ်။
ငါလုပ်နိုင်တယ်ဆိုတဲ့ မာနတွေဖြစ်တယ်။
မိမိကြီးပွားသလို သူတစ်ပါး မကြီးပွား
စေချင်ဘူးဆိုတဲ့ မစ္ဆရိယတွေ ဖြစ်တယ်။
ဒါတွေဟာ စိတ်ရဲ့
ရောဂါတွေပဲလို့ ဆိုလိုတယ်။
ဒီထက် ရောဂါကြီးလာရင်တော့
စိတ်အထူးကုဆေးရုံ သွားရမှာနော်။
အဲဒီတော့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်
ရောဂါ၊ စိတ်ကို ကြည့်လိုက်ရင်လည်း
ရောဂါဆိုတော့ ...
ခန္ဓာငါးပါးကြီးကို ဝိပဿနာအမြင်နဲ့
ဘယ်လိုရှုရမလဲဆိုတော့
“ဪ... ခန္ဓာကိုယ်ကြီးက အမြဲတမ်း
နာကျင်နေတာ ဖြစ်သောကြောင့် တကယ့်
ရောဂါကြီးပါလား” လို့ ရှုမြင်ဖို့ လိုအပ်တယ်ပေါ့။
အဲဒီတော့ ရောဂါဆိုတဲ့သဘောကို
ထင်ရှားအောင် ဘယ်လိုနှလုံးသွင်း
ရမလဲ စဉ်းစားကြည့်။
ခန္ဓာကိုယ်ကြီးက ရောဂါဆိုတော့
ရောဂါလို့ မြင်အောင်ကြည့်။
ရောဂါ ဖြစ်လာပြီ ဆိုရင် ဘာလုပ်မလဲ?
မတည့်တာတွေ ရှောင်ရတယ်၊ ဆေးမှန်မှန်
သောက်ရတယ်၊ အနေအထိုင် ဆင်ခြင်ရတယ်။
ရောဂါဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ
ဒီအတိုင်းပဲ နေရတယ်။
ကျန်းမာပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့
ခန္ဓာကိုယ်ကြီးပဲ ကြည့်လိုက်ဦး။
သူ့အတွက်ဘာတွေ လုပ်နေရတုန်းလို့ မေးရင်
စားစရာတွေ၊ ဝတ်စရာတွေ၊ နေစရာတွေနဲ့
ပံ့ပိုးပြီး ကျန်းမာအောင် လုပ်နေရတာပဲ။
ကဲ မစားဘဲနဲ့ နေကြည့်ပါလား။
မဝတ်ဘဲ နေကြည့်ပါလား။
ရာသီဥတုအေးနေပြီ အနွေးထည် မခြုံဘဲနဲ့
နေကြည့်ပါလား။ ရာသီဥတု ပူနေပြီး အဝတ်နဲ့
အကာအကွယ်မလုပ်ဘဲ နေကြည့်ပါလား။
မရဘူးနော်။
အဲဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာ စားစရာ၊
ဝတ်စရာ နေစရာ၊ မကျန်းမာရင် ဆေးဝါး
ဆိုတာတွေနဲ့ အမြဲတမ်း ထိန်းမနေရပေဘူးလား။
ထိန်းနေရတာပဲလေ။
အေးပြီဆိုရင် နွေးတဲ့အဝတ်လေး
ဝတ်ပေးရတယ်၊
ပူလာပြီဆိုရင် ယပ်လေလေး
ခတ်ပြီး နေရတယ်ပေါ့။
ပူလာရင် အေးအောင် လုပ်ရတယ်။
အေးနေရင်လည်း နွေးအောင်လုပ်ရတယ်။
ဆာရင်လည်း စားပေးရတယ်။ အစား
လွန်သွားပြန်တော့လည်း အစာကြေဆေး
သောက်ရပြန်တယ်။
အဲဒီလို ခန္ဓာကိုယ်ကြီးကို နေ့စဉ်နဲ့အမျှ
မျှမျှတတဖြစ်အောင် ကြိုးစားအားထုတ်
နကွေရတာ။
ဒါကြောင့် ရောဂါကြီးနဲ့ အလားသဏ္ဌာန်
တူနေလို့ “ရောဂါ”လို့ မြင်ရမယ်။
အဲဒီလို ရှုမြင်မှ ခန္ဓာငါးပါးအပေါ်မှာ
တွယ်တာမှုတွေ လျှော့ချနိုင်မှာ။
ဘုန်းကြီးတို့တတွေ သံသရာက ပါလာတဲ့
ခန္ဓာပေါ်မှာ တွယ်တာမှုဟာ အလွန်ကြီးမားပြီး
အလွန်ကို စွဲနေတယ်။
လောကမှာ စွဲတဲ့ဆေးရောင် ဆိုးထားရင်
အတော်နဲ့ချွတ်လို့ရမှာ မဟုတ်သလိုပဲ ။
လူတွေရဲ့ စိတ်ထဲမှာ စွဲလန်းနေတဲ့ အစွဲ
တရားဟာ ချွတ်ဖို့ဆိုတာ အင်မတန်မှ
ခဲယဉ်းတယ်။
ဒီဘဝမှာတင် လူတိုင်း လူတိုင်းဟာ
မိမိတို့ရထားတဲ့ ခန္ဓာကိုယ်ကြီးကို
မလှလှရေး, မဝဝရေး နေ့စဉ်နဲ့အမျှ
ထိန်းသိမ်းပြီးတော့ ပြုပြင်ပေးနေရတာပဲ။
မနက်မိုးလင်းတာနဲ့ Toilet အိမ်သာဝင်ရ၊
မျက်နှာသစ်ကြရ၊ သွားတိုက်ရ၊ ဝမ်းဖြည့်ကြ
ရတာပေါ့။
အဲဒါတွေ မလုပ်ဘဲနေကြည့်ရင်
ခန္ဓာကိုယ်ကြီးရဲ့ အနေအထား
ဘယ်လိုဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။
ဒါကြောင့် အထောက်အကူတွေနဲ့ မျှတအောင်
အသက်ရှည်အောင် ထိန်းကျောင်းပေးနေရတာ
ဖြစ်တယ်တဲ့။
ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် ဆေးသောက်နေ
ရသလိုပဲ။ ခန္ဓာရရှိတဲ့ ပုဂ္ဂိုလ်သည် အမြဲတမ်း
မှီဝဲနေကြရတယ်။
ဘာတွေ မှီဝဲရတာတုန်းဆိုရင် စားစရာတို့၊
ဝတ်စရာတို့၊ နေစရာတို့ပေါ့။
ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ရောဂါနဲ့
တူတယ်လို့ ဒီလိုရှုမြင်နိုင်အောင် ကြိုးစားပါတဲ့။
မိမိသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးတို့ကို
"ရောဂတော"အနာရောဂါဟူ၍ ဝိပဿနာ
ဉာဏ်ဖြင့် ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်
"အနုလောမိကံခန္တိ" မဂ်ဉာဏ်ကို
ပေါင်းကူးပေးနိုင်တဲ့ မဂ်စိတ်နဲ့ လျော်ကန်
သည့်အပြင် စွမ်းရည်ထက်မြက်တဲ့ ဝိပဿနာဉာဏ် "အနုလောမိက ခန္တီဉာဏ်” ကို ရရှိနိုင်၏။
အဲဒီလို ရှုပုံနဲ့ပဲ ဝိပဿနာဉာဏ်တွေ
ထိပ်ထိအောင် ရောက်နိုင်တယ်လို့
ပြောတာနော်။
ခန္ဓာကြီးကို ရောဂါလို့ ရှုနိုင်တာနဲ့ပဲ
ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်
တက်သွားနိုင်သောကြောင့်
ဘုန်းကြီးတို့တတွေ ကိုယ့်ကိုကိုယ် တစ်နေ့
တစ်ခါ စဉ်းစားပြီးတော့ ကြည့်ရမယ်။
“ငါ ရရှိထားတဲ့ ခန္ဓာငါးပါးက ရောဂါကြီးပဲ။
တို့တတွေ နေ့စဉ်နဲ့အမျှ စားလိုက်ရ
သောက်လိုက်ရနဲ့ နေ့စဉ် ပြုပြင်ထိန်းသိမ်း
နေကြရပါလား” လို့ စဉ်းစားဆင်ခြင်ပြီး
ကြည့်ကြရမယ်။
နောက်တစ်ခု ရောဂါလို့ဆိုတဲ့နေရာမှာ
ခန္ဓာကိုယ်ကြီးကို ဘာလို့ရောဂါလို့ ပြောရ
တာတုန်းဆိုတော့ ရောဂါဟူသမျှရဲ့ အခြေခံ
ကြီးဖြစ်လို့ပဲတဲ့။
ရောဂါမှန်သမျှ ဘယ်မှာဖြစ်တာတုန်း
ဆိုရင် ခန္ဓာမှာ ဖြစ်တာ။
ရုပ်ပိုင်းဆိုင် ရောဂါတွေမှန်သမျှ
ရုပ်ခန္ဓာကိုယ်ကြီးမှာ ဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ ရောဂါတွေမှန်သမျှ
စိတ်မှာ ဖြစ်တယ်။
“ကာယိက ရောဂါ” ကိုယ်မှာဖြစ်တဲ့ ရောဂါ
ဆိုတာ (၉၆)ဖြာ ရောဂါဝေဒနာအပြင်
ဒီကနေ့ ခေတ်ပေါ် ရောဂါတွေလည်း ပါတယ်။
“စေတသိက ရောဂါ” က စိတ်မှာ ဖြစ်တယ်။
အဲဒီရောဂါတွေ ဖြစ်ခြင်းရဲ့အကြောင်း၊
ဖြစ်ရမည့်နေရာ အခြေခံသည် ဘယ်သူလဲ
ဆိုရင် ဟောဒီ ခန္ဓာငါးပါးကြီးပဲ ဖြစ်တယ်တဲ့။
ဒါကြောင့် ဘုန်းကြီးတို့တတွေမှာ ရှိတဲ့
ခန္ဓာငါးပါးသည် ရောဂါပဲ။
ရောဂါဟူသမျှရဲ့ အခြေခံပဲလို့ ဒီရှုဒေါင့်
နှစ်ခုကနေပြီး ဝိပဿနာဉာဏ်ဖြင့် ရှုမယ်
ဆိုရင် ဝိပဿနာဉာဏ်တွေထဲမှာ အမြင့်ဆုံး
ဖြစ်တဲ့“အနုလောမိက ခန္တီဉာဏ်”ကိုရသွားတယ်။
အဲဒီဉာဏ် ရပြီးတဲ့အခါမှာ ခန္ဓာငါးပါး
ရှိနေသမျှ ရောဂါ ရှိနေတာပဲလို့ မြင်လာပြီ
ဆိုရင်တော့ ခန္ဓာငါးပါး မရှိတာကို သဘောကျ
လာလိမ့်မယ်။
ဒါကြောင့် ခန္ဓာငါးပါး မရှိအောင်
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ရမယ်။
မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမယ်။
သတိပဋ္ဌာန်ကျင့်စဉ်နဲ့ အတူတူပဲ။
မြတ်စွာဘုရားက ဟောတယ်။ နိဗ္ဗာန်ကို
ဦးတည်တဲ့ တစ်ခုတည်းသော ဝိပဿနာ
အကျင့်ဟာ ဒီမဂ္ဂင်ရှစ်ပါး အကျင့်ပဲတဲ့။
ခန္ဓာငါးပါးကို ရောဂါလို့ ရှုမြင်
သုံးသပ်နေခြင်းသည်
• ခန္ဓာပေါ်မှာ တွယ်တာတယ်ဆိုတဲ့ “တဏှာ”
• ငါဆိုတဲ့အမြင် “ဒိဋ္ဌိ” စွမ်းနိုင်တယ်
• တတ်နိုင်တယ်ဆိုတဲ့ “မာန”
ဒါတွေကို ဖယ်ရှားဖို့အတွက် ဖြစ်တယ်ပေါ့။
• တဏှာကိုလည်း ဖယ်လိုက်နိုင်ပြီ၊
• ဒိဋ္ဌိကိုလည်း ဖယ်လိုက်နိုင်ပြီ၊
• မာနကိုလည်း ဖယ်လိုက်နိုင်ပြီဆိုရင်
ဟောဒီခန္ဓာငါးပါးကြီးဟာ ကိလေသာတွေ
ကုန်သွားလို့ နောက်ထပ်တဖန် မဖြစ်နိုင်
တော့ဘူး။
မဖြစ်နိုင်ရင် ခန္ဓာငါးပါးပေါ်မှာ တွယ်တာမှု
ကင်းပြတ်လို့ ခန္ဓာငါးပါးကြီးဟာ ချုပ်ငြိမ်း
သွားမှာပဲ။
ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် ရောဂါကြီး
ပျောက်မှုကို လိုလားတယ်။
ရောဂါသိထားတဲ့ ပုဂ္ဂိုလ်သည်
ရောဂါပျောက်ချင်တယ်။
သွေးတိုးရောဂါရှိတဲ့ သူကလည်း
သွေးတိုးရောဂါ ပျောက်ချင်တယ်။
ဆီးချိုရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း
ဆီးချိုရောဂါ ပျောက်ချင်တယ်။
နှလုံးရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း
နှလုံးရောဂါ ပျောက်ချင်တယ်။
ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ရောဂါမှန်သမျှ
လူတိုင်းဟာ ပျောက်ချင်ကြတယ်။
ခန္ဓာငါးပါးကြီးကို ရောဂါလို့ သိလိုက်တာနဲ့
တပြိုင်နက် ခန္ဓာငါးပါးကြီး မရှိမှ ဒီရောဂါ
တွေဟာ ပျောက်မယ်ဆိုပြီး ခန္ဓာငါးပါး မရှိတာ
ကို လိုလားတဲ့သဘောတွေ ပေါ်လာနိုင်မယ်ပေါ့။
ခန္ဓာငါးပါးရှိနေတာက ရောဂါ
ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာက ကျန်းမာခြင်း
ခန္ဓာငါးပါး မရှိတော့မှ တကယ့်
ကျန်းမာမှုဆိုတာ ဖြစ်တယ်။
အဲဒါကို ယောဂီပုဂ္ဂိုလ်အနေနဲ့
နားလည်သဘောပေါက်သွားတဲ့အခါ
ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှုသည် ကျန်းမာခြင်းပဲ။
ကျန်းမာခြင်းသည် တကယ့် နိဗ္ဗာန်အစစ်ပါပဲလို့
ရှုမြင်မယ်ဆိုရင်
ခန္ဓာငါးပါးရဲ့ အပြစ်တွေကို မြင်လိုက်တာနဲ့
ခန္ဓာငါးပါးချုပ်ရာ နိဗ္ဗာန်ဟာ တကယ့်ကျန်းမာမှု
ပဲလို့ နိဗ္ဗာန်ကို အာရုံပြုနိုင်လိုက်တာနဲ့တပြိုင်နက်
"သမ္မတ္တနိယာမ"လို့ ဆိုတဲ့ လုံးဝမှန်ကန်ပြီး
ခိုင်မာတဲ့ မဂ်ဉာဏ်တစ်ခုကို ရရှိသွားနိုင်
တယ်။
သာသနာတော်နဲ့ ကြုံတွေ့လာတဲ့အခါမှာ
အခုလို အဆင့်မြင့်တဲ့ အသိဉာဏ်တွေ
ရအောင် ကြိုးစားရမယ်။
အခုလို ကြားဖူးနားဝ ရသွားတာသည်ပင်လျှင်
အဆင့်မြင့်တဲ့ အသိဥာဏ်လို့ မှတ်ထားရမယ်။
မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ
ဟောထားတယ်။
ဒီဘဝမှာ အခုလိုမြတ်စွာဘုရားဟောထားတဲ့
တရားနဲ့ပတ်သက်ပြီး အဆင့်မြင့်တဲ့ အသိဉာဏ်
တစ်ခု ရထားပြီဆိုရင်
ဒီဘဝမှာ တစ်မဂ်တစ်ဖိုလ် မရရင်
ဒုတိယဘဝ ကောင်းရာသုဂတိဖြစ်တဲ့
နတ်ဘုံကို ရောက်သွားရင် ...
ထိုနတ်ပြည်မှာရှိကြတဲ့ အရိယာနတ်သား
တွေက တရားဟောတဲ့အခါမှာ ဒီအသိ
ဉာဏ်လေးဟာ ပြန်ပေါ်လာနိုင်တယ်တဲ့။
“ဪ.. ခန္ဓာငါးပါးဆိုတာကို ရောဂါလို့
ရှုရမယ်" ဆိုတဲ့ အသိလေး ပြန်ပေါ်လာပြီးတော့
“ငါ လူ့ပြည်တုန်းက ဝိပဿနာရှုဖွယ်
တောလေးဆယ် ဒါကြားခဲ့ဖူးပါတယ်”
လို့ စဉ်းစားတာက နှေးနေဦးမယ်တဲ့။
ခန္ဓာငါးပါးကို ရောဂါကြီးပဲဆိုတဲ့ အသိကို
ချက်ချင်းကြီး သိသွားပြီးတော့ ခန္ဓာငါးပါးလုံး
ချုပ်ငြိမ်းသွားတာမှ ရောဂါပျောက်တဲ့ နိဗ္ဗာန်ပဲ”
လို့ မြင်လိုက်တာနဲ့ မဂ်ဖိုလ်ကိုရသွားနိုင်တယ်တဲ့။
ဒါကြောင့် ကိုယ့်သန္တာန်မှာဖြစ်တဲ့
အသိဉာဏ်လေးတစ်ခုကို တန်ဖိုး
ထားတတ်ဖို့ လိုအပ်တယ်ပေါ့။
တန်ဖိုးမထားရင် ဒီအသိက "အလကား
အသိပဲ"လို့ ထင်ကောင်း ထင်လိမ့်မယ်။
မဟုတ်ဘူးနော်။ ဒီအသိက သံသရာမှာ
အကျိုးအရှိဆုံး အသိဖြစ်တယ်လို့ မှတ်ဖို့
လိုအပ်တယ်။
အေး ဒါကြောင့်မို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ
ခန္ဓာငါးပါးတို့ရဲ့ အပြီးသတ် ချုပ်ငြိမ်းမှုဟာ
တကယ့် ရောဂါကင်းသွားတဲ့ အခြေအနေပဲ။
အဲဒီ တကယ့် ရောဂါကင်းသွားတဲ့
အခြေအနေဟာ "နိဗ္ဗာန်ပဲ"လို့ ရှုမြင်
နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်...
"သမ္မတ္တနိယာမံ"
လုံးဝမှန်ကန်တဲ့ မဂ္ဂနိယာမတရားသို့
"သြက္ကမတိ" ဝင်ရောက်သွားနိုင်၏လို့
ဆိုထားတာဖြစ်တယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
"ဝိပဿနာရှုဖွယ် တောလေးဆယ်"
စာအုပ်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။
Credit #စာရိုက်ပူဇော်သူ
Credit #ဓာတ်ပုံ