23/04/2026
ဝိပဿနာ နိယာမကြီး
_________
(၁) သဘာဝလက္ခဏာ,
(၂) သင်္ခတလက္ခဏာ,
(၃) သာမညလက္ခဏာ ဆိုတာ- အမှတ်အသားသုံးမျိုးရှိပါတယ်။
▪️သဘာဝလက္ခဏာ
ရုပ်, နာမ်တရားတွေ၊ အထည်ကိုယ်တွေပါ။ စားစရာတွေမှာသူ့ အရသာလေးတွေ ကိုယ်စီရှိသလို ရုပ်, နာမ်တို့မှာ သူ့ အရသာသဖွယ်အထည်ကိုယ်လေးတွေရှိတယ်။
ပထဝီမှာ - ခက်မာကြမ်းတမ်းတဲ့သဘော။
အာပေါမှာ - စိုစွတ်တဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော၊ လုံးထွေးတဲ့သဘော။တေဇောမှာ-ပူတဲ့သဘော၊
အေးတဲ့သဘော၊ နွေးတဲ့သဘော။
ဝါယောမှာ - တောင့်တင်းလှုပ်ရှားတဲ့သဘော။
အဲဒီတရားတွေဟာ ကိုယ်စီကိုယ်စီ အရသာသဖွယ် ကိုယ်ပိုင်လက္ခဏာလေးတွေပါ။
စိတ်မှာဆိုရင် အာရုံသိတတ်တဲ့ သဘော။ မြင်သိ
တတ်တဲ့သဘော, ကြားသိတတ်တဲ့သဘော စသည်ပါပဲ။ ဖဿဟာထိတွေ့တဲ့သဘော၊ ဝေဒနာဟာ ခံစားတဲ့သဘော။ အဲဒါကို “သဘာဝလက္ခဏာ'လို့ ခေါ်ပါတယ်
▪️သင်္ခတလက္ခဏာ
သဘာဝလက္ခဏာမှာ ဖြစ်မှု, ရင့်မှု, ပျက်မှုဆိုတာ အပိုင်းသုံးပိုင်းရှိပါတယ်။ သုတ္တန်နည်းနဲ့ ပြောလို့ရှိရင်- အစ, အလယ်, အဆုံးပေါ့၊
အဘိဓမ္မာနည်းနဲ့ပြောလို့ရှိရင်-ဥပ္ပါဒ, ဌိတိ, ဘင်္ဂ’ပေါ့။
အဲဒါကို ‘သင်္ခတလက္ခဏာ'လို့ ခေါ်ပါတယ်။
အကြောင်းတိုက်ဆိုင် ဖြစ်ပေါ်လာတဲ့ ရုပ်,နာမ်သင်္ခါရ တရားတို့ရဲ့ "ဖြစ်မှု, ရင့်မှု ပျက်မှု’ အချိန်ကာလလေးလို့ ဒီလို ဆိုပါတယ်။
▪️သာမညလက်ခဏာ
ပေါ်လာတိုင်းသော ရုပ်, နာမ်တရားတွေဟာ ပေါ်ပြီးတော့ ပေါ်တဲ့အတိုင်း တည်မနေဘူး၊ ပျက်တာချည်းပဲ။ ‘ဖြစ်ပြီးတော့ ပျက်တဲ့'ဒီအမှတ်အသားဟာ အားလုံးသောရုပ်,နာမ်တွေနဲ့ပတ်သက်တာမို့လို့သူ့ကို ‘သာမညလက္ခဏာ'လို့ခေါ်ပါတယ်။ တူညီလက္ခဏာလို့ ဆိုရ
မှာပေါ့။
ပျက်တတ်တဲ့သဘောဟာ မကောင်းတဲ့ ဆင်းရဲထဲမှာ ပါတာမို့လို့ဒုက္ခလက္ခဏာလည်း ရှိတယ်။
သူ့သဘာဝအတိုင်း သူ့ဟာသူဖြစ်၊သူ့ဟာသူ ပျက်နေတဲ့ အနတ္တလက္ခဏာဟာလည်း ရုပ်, နာမ်တိုင်းမှာ
ပျံ့နှံ့ပြီးတော့တည်နေတယ်။
အဲဒါ ‘သာမညလက္ခဏာ'ခေါ်တယ်။
သဘာဝလက္ခဏာအရေးကြီးဆုံး
အခုပြောခဲ့တဲ့လက္ခဏာသုံးရပ်ထဲမှာ ‘သဘာဝလက္ခဏာ' ခေါ်တဲ့ကိုယ်စီလက္ခဏာဟာအရေးကြီးဆုံးပဲ။ ကိုယ်စီလက္ခဏာကို ရှုနေလို့ရှိရင်
နောက် ‘သင်္ခတလက္ခဏာ'လည်းပဲ .. အလိုလိုထင်လာတာ၊ တမင်လိုက်ကြည့်ဖို့ မလိုတော့ပါဘူး။
အဲဒီ သင်္ခတလက္ခဏာ “အစ, အလယ်, အဆုံး’ သုံးပိုင်းလုံးထင်လာရင် “သာမညလက္ခဏာ'လဲ အလိုလိုမြင်လာတာပဲ။
တမင်သက်သက် ဒါအနိစ္စတရားပဲ၊ ဒုက္ခတရားပဲ၊ အနတ္တတရားပဲဆိုတာ ဆင်ခြင်ဖို့တော့မလိုဘူး။ တမင်မြင်အောင်လည်း ကြည့်ဖို့မလိုဘူး။
ရှေးဦးစွာ “သဘာဝလက္ခဏာ'မြင်ဖို့ပဲ အရေးကြီးတယ်။
“ဖြစ်ခိုက်ရှုမှ သဘာဝမြင်သည်
မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ ထိခိုက်၊ ဖောင်းခိုက်၊ ပိန်ခိုက်၊ကွေးခိုက်၊ ဆန့်ခိုက် အဲဒီလိုအခိုက်အတန့်လေးတွေကို ပြောတာပါ။
▪️ဝိပဿနာနိယာမကြီး
- သဘာဝမြင်မှ၊ သင်္ခတထင်သည်။
- သင်္ခတထင်မှ၊ သာမညမြင်သည်။
- သာမညမြင်မှ၊ ဝိပဿနာဉာဏ်ဖြစ်သည်။
- ဝိပဿနာဉာဏ်ရင့်မှ၊ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြစ်သည်။
- အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြစ်မှ၊ နိဗ္ဗာန်မြင်သည်။
- နိဗ္ဗာန်မြင်မှ၊ အပါယ်ဆင်းရဲမှ လွတ်မြောက်သည်-ဆိုတာ--- အစဉ်ရှိပါတယ်။ ဒါ နိယာမကြီးပါ။ ဒီနိယာမကြီးကို ပြောင်းလဲလို့ မရပါဘူး။
“သဘာဝမြင်မှ၊ သင်္ခတလက္ခဏာထင်၊
သာမညလက္ခဏာမြင်”
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီး
ကြီးစိုးစွမ်းအင် ထက်မြက်ကြောင်းတရားတော်
🙏🙏🙏🙏🙏
(နှာ-၂၉ မှ ၃၂)
Credit:🙏