24/09/2021
အသက်ရှည် ကျန်းမာ
ချမ်းသာလိုသူများသာ ဖတ်ရန်။
လူတိုင်းက
အသက်ရှည်ကျန်းမာပြီး
ချမ်းသာချင်ကြပါတယ်။
ဘယ်သူကမှ
မြန်မြန်သေချင်နေတာ
မကျန်းမမာဖြစ်နေချင်တာ
ဆင်းရဲနေတာမျိုးကို
မလိုလားကြပါဘူး။
အသက်ရှည်ကြောင်း
ကျန်းမာချမ်းသာကြောင်း
တရားလေးမျိုးရှိပါတယ်။
အဲဒါကတော့
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ပဲ
ဖြစ်ပါတယ်။
(1)Kamma, ကမ္မ -Action
(2) Mind, စိတ်တ
(3) Seasonal conditions, (ဥတု) and
(4) Food (အာဟာရ)
#ကံ
ကံ-ဆိုတာ ကမ္မ- အလုပ်ပါ။
Action-တွေ ဖြစ်ပါတယ်။
အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ (၂)မျိုး
ခွဲနိုင်ပါတယ်။
မနက်တုန်းက၊ မနေ့တုန်းက၊
လွန်ခဲ့တဲ့ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊
လေးငါးဆယ်နှစ်က၊ အနှစ်သုံးဆယ်က၊
လွန်ခဲ့ပြီးတဲ့ဘဝများစွာတုန်းက
မိမိကိုယ်တိုင် ပြုလုပ်ခဲ့သမျှ
အလုပ်များပင် ဖြစ်ပါတယ်။
ဒါတွေကိုပဲ ကံလို့ ခေါ်ပါတယ်။
#အတိတ်ကံ -က
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊
မှားခဲ့သည်ဖြစ်စေ၊ မှန်ခဲ့သည်ဖြစ်စေ၊
ပြန်ပြင်လို့ မရနိုင်တော့ပါဘူး။
ခံရဖို့နဲ့ စံရဖို့ပဲ ရှိပါတယ်။
#ပစ္စုပ္ပန်ကံ ကတော့
မိမိစိတ်ကြိုက် ပြုလုပ်လို့ ရပါတယ်။
မိမိရဲ့ အသိဉာဏ်ပေါ်မှာ မူတည်ပါတယ်။
မိမိရဲ့ ခံယူချက်ပေါ်မှာ
အခြေတည်ပါတယ်။
မိမိရဲ့ ယုံကြည်မှုအရ
ပြုပြင် ပြောင်းလဲလို့ ရပါတယ်။
ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်
ခံ,စံ ကြရမည်-ဆိုတာ
ဗုဒ္ဓအဆုံးအမ ဗုဒ္ဓဝါဒစစ်စစ်ပင်
ဖြစ်ပါတယ်။
#ကုသိုလ်ကံ ကိုတော့
အသက်ရှည်ကြောင်း
ကျန်းမာချမ်းသာကြောင်းတရားလို့
ဗုဒ္ဓက အတိအလင်း ဟောခဲ့ပါတယ်။
ဒါန၊ သီလ၊ ဘာဝနာ စတဲ့
ကောင်းတဲ့အလုပ်တွေ ဖြစ်ပါတယ်။
သိအောင်လို့ရေးပြတာပါ
လုပ်တာ မလုပ်တာက
မိမိသဘောဆန္ဒအတိုင်းသာ
ဖြစ်ပါတယ်။
#အကုသိုလ်ကံ ကိုတော့
အသက်တိုကြောင်း
ဆင်းရဲကြောင်းတရားများအဖြစ်
ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။
သူတစ်ပါးအသက်သတ်ဖြတ်ခြင်း
သူတစ်ပါးဥစ္စာ ခိုးယူခြင်း စတဲ့
မကောင်းတဲ့အလုပ်တွေ ဖြစ်ပါတယ်။
အဆုံးထိ မရောက်နိုင် ဖြစ်နေမှာစိုးလို့
အကျယ်ချဲ့ပြီး မရေးပြတော့ပါ။
နောက်တစ်ခုကတော့
#စိတ္တ စိတ် ဖြစ်ပါတယ်။
Mind- လို့ပဲ မှတ်ထားပါ။
ဘာပဲလုပ်လုပ် စိတ်က
ဦးစီး ဖြစ်ပါတယ်
စိတ်က ဦးဆောင်ပါတယ်။
စိတ်မပါရင် ဘာမှ လုပ်မရပါဘူး။
ကောင်းတာပဲလုပ်လုပ်
မကောင်းတာပဲလုပ်လုပ်
စိတ်က စေခိုင်းလို့
စိတ်၏ ခိုင်းစေချက်အရ
ပြုလုပ်ခဲ့ခြင်းများသာ ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ အဘိဓမ္မာတရားတော်အရ
နှုတ်က ပါးစပ်က ပြောထွက်လာသမျှ
စကားလုံးများသည်ပင်လျှင်
စိတ်၏ ခိုင်းစေချက်အရသာ
ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့်
စိတ်ကောင်းရှိဖို့က နံပါတ်တစ်၊
စိတ်ကောင်း မွေး နိုင်ဖို့
စိတ်ကောင်း ထားနိုင်ဖို့က နံပါတ်တစ်
အရေးအကြီးဆုံးလို့
ဆိုရခြင်း ဖြစ်ပါတယ်။
စိတ်ကောင်းရှိသူများမှာ
စိတ်ချမ်းသာမှုကို ရကြပါတယ်။
စိတ်ချမ်းသာတော့
ကိုယ်ကျန်းမာမှုကို ရကြပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာတော့
ဘဝက ချမ်းသာတယ်လို့
ဆိုရတာပါပဲ။
နောက်တစ်ခုကတော့
#ဥတု ဖြစ်ပါတယ်။
Seasonal Conditions လို့ မွတ္ထားပါ။
ရာသီဥတု-လို့ တွဲပြီး ပြောကြပါတယ်။
Weather -လို့ မှတ်ထားလဲ ရပါတယ်။
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော
မြေ၊ ရေ၊ မီး၊ လေ
ဓာတ်ကြီးလေးပါးထဲက
တေဇောဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ဘုန်းဘုန်းတို့
လူသားအားလုံးရဲ့ ခန္ဓာကိုယ်ကြီးကို
ဒီဓာတ်လေးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။
လူတိုင်းသိထားသင့်တာမို့လို့
နည်းနည်းလောက် အကျယ်ချဲ့ပြီး
ပြောပြပါဦးမယ်။
#ပထဝီဓာတ် က Earth Element
မြေဓာတ် ဖြစ်ပါတယ်။
တောင့်တင်းမှု၊ ပျော့ပြောင်းမှု တို့ဟာ
ဒီပထဝီဓာတ်ရဲ့ လက္ခဏာများပင်
ဖြစ်ပါတယ်။
မြေကြီးပမာ ရုပ်တရားများကို
ရပ်တည်လို့ရအောင် ထောက်ပံ့ပေးထားလို့
ပထဝီဓာတ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
#အာပေါဓာတ် က Fluid Element
အရည်ဓာတ် ဖြစ်ပါတယ်။
Water Element -ရေဓာတ်လို့လဲ
မှတ်သားနိုင်ပါတယ်။
ရုပ်တရားများကို တစ်ခုနဲ့တစ်ခု
ပြိုကွဲမသွားအောင် စေးကပ်ပေးထားခြင်း
ဖြစ်ပါတယ်။
ယိုစီးခြင်းနဲ့ ဖွဲ့စည်းခြင်း အလုပ်နှစ်မျိုးကို
ပြုလုပ်ပါတယ်။
#တေဇောဓာတ် က Fire Element (သို့)
the Element of Heat မီးဓာတ်
ဖြစ်ပါတယ်။
အပူ အအေး ပြောင်းလဲမှုများပင်
ဖြစ်ပါတယ်။
တက်ကြွမှု၊ ရင့်ကျက်မှုတွေဟာ
ဒီတေဇောဓာတ်ကြောင့် ဖြစ်ရတာပါ။
ရာသီဥတုနဲ့ လိုက်ဖက်အောင်
နေတတ် ထိုင်တတ်ဖို့
အရေးကြီးပါတယ်။
ဒါဟာလည်း အသက်ရှည်ကြောင်းတရား
ဖြစ်ပါတယ်။
#ဝါယောဓာတ် က Air Element (သို့)
the Element of Motion လေဓာတ်
ဖြစ်ပါတယ်။
ရွေ့လျားခြင်း၊ လှုပ်ရှားခြင်း၊
ရှေ့နောက် ဘယ်ညာလွှဲရမ်းခြင်း၊
ဖိအား၊ တွန်းအား
ဒါတွေဟာ ဝါယောဓာတ်ရဲ့
လုပ်ဆောင်ချက်များပင် ဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့
Food- အာဟာရ ဖြစ်ပါတယ်။
ဒီအကြောင်းကိုတော့
ဆရာဝန်တွေ ရေးကြပြောကြတာတွေကို
သေသေချာချာ ရှာဖတ်ကြပါလို့ပဲ
တိုက်တွန်းလိုပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အစားအစာတွေကို
ရွေးချယ်စားသောက်တတ်ရင်
အသက်ရှည် ကျန်းမာပြီး
ချမ်းသာကြပါလိမ့်မယ်။
စာဖတ်သူများအားလုံး
အသက်ရှည်ကျန်းမာ၍
ချမ်းသာကြပါစေ။
ဒီစာဖတ်ပြီး အကျိုးတစ်စုံတစ်ရာ
ရကြလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။
#ဓမ္မဂုဏ်ရောင်ဆရာတော်
(11-8-2021)