Karen Catholic Community- Fatima KCC

Karen Catholic Community- Fatima KCC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karen Catholic Community- Fatima KCC, Religious organisation, Inya Road, Kamaryut Ts.., Yangon.

🤎💰🤎 စိန့်အန်ထော်နီသင်ကြားပေးတဲ့ အချက်(၃)ချက်🤎💰🤎ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဒီကနေ့ ကျွန်တော်တို့ စိန့်အန်ထော်...
10/06/2026

🤎💰🤎 စိန့်အန်ထော်နီသင်ကြားပေးတဲ့ အချက်(၃)ချက်🤎💰🤎

ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဒီကနေ့ ကျွန်တော်တို့ စိန့်အန်ထော်နီ နိုဗီနာကျင်းပတဲ့အခါမှာ စိန့်အန်ထော်နီရဲ့ ဘုရားသခင်ကို သိဖို့၊ ဘုရားသခင်ကို ချစ်ဖို့…။ ဒီဟာကို သူ ကိုယ်တိုင်လည်း ကြိုးစားခဲ့သလို၊ တခြားသူတွေလည်းပဲ ဘုရားကိုသိလာဖို့၊ ဘုရားကိုချစ်တတ်လာဖို့ သူ ဟောပြောသွန်သင်ခဲ့တာ တွေ့ရတယ် ။

ဘုရားကိုသိဖို့၊ ဘုရားကိုချစ်ဖို့ဆိုတာက ကျွန်ုပ်တို့.. လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံး ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေတဲ့အခါမှာ ငယ်ငယ်က ကြားဖူးတယ်။ ငယ်စဉ်အခါမှာ ပညာရှာ။ လူလတ်ပိုင်းရောက်လာတဲ့အခါမှာ ဥစ္စာရှာ။ အသက်ကြီးလာတဲ့အခါမှာ တရားကို ရှာတဲ့။ အဲဒီတော့ လူတွေက အဲဒါကို သဘောတူကြတာ။ ဒါမှမဟုတ် ကိုယ့်ရဲ့ ကလေးတွေကို ငယ်စဉ်အခါမှာ ပညာ..ပညာ..ပညာ။ ဘာသာရေးကို သိပ်ဦးစားမပေးဘဲနဲ့ ပညာတတ်ကြီး ဖြစ်အောင်…ဆိုပြီးတော့။ အရွယ်ရောက်လာတဲ့အခါကျတော့လည်း ဥစ္စာ..ဥစ္စာ..ဥစ္စာ…။ စီးပွားရှာဖို့ သင်ပေးတာ။ အဲဒီတော့ ဘာသာတရားဆိုတာကတော့ သူအသက်ကြီးလာတဲ့အခါ သူ့ဘာသူ တရားရှာမှာပေါ့။ ဒီလိုမျိုး ယူဆတယ်။

တစ်ဖက်မှာကြည့်တော့လည်းပဲ ဒီအယူအဆက မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အတွက်က ဘုရားကိုရှာတယ်ဆိုတဲ့နေရာမှာ ငယ်စဉ်ခါထဲက ဘုရားကို ရှာရမှာပါ။ ဘုရားကိုသိအောင် ကြိုးစားရမှာ ။ ဥစ္စာပစ္စည်းရှာတဲ့အချိန်မှာလည်း ဘုရားကိုသိအောင် ရှာရမှာ။ ဒါမှသာလျှင် အသက်ကြီးသွားတဲ့အခါမှာ ကျွန်ုပ်တို့ဟာ ဘုရားတရားနဲ့၊ ကိုယ့်ရဲ့ဘဝကို ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်မှာ ဖြစ်တယ်။

အဲဒီတော့… ဒီကနေ့ လူတွေက စိန့်အန်ထော်နီကို ပစ္စည်းပျောက်ရင် ပြန်ရှာဖွေပေးနိုင်တယ်လို့ ဒီ သဘောတရားပဲ သိကြတာပေါ့။ ပစ္စည်းပျောက်ရင် စိန့်အန်ထော်နီဆီဆုတောင်းပါ။ ဒါပေမဲ့ တကယ်တော့လည်း စိန့်အန်ထော်နီဆိုတာက ပစ္စည်းပျောက်ရှာပေးတဲ့ ရဟန္တာတော့မဟုတ်ပါဘူး။ သူ တကယ်ပျောက်တာကို ရှာပေးတဲ့အရာက ကျွန်တော်တို့ရဲ့ဘဝသက်တာမှာ ဘုရားပျောက်နေတာကို သူရှာပေးတာ။ ကျွန်ုပ်တို့ရဲ့သက်တာမှာ ယုံကြည်ခြင်းပျောက်နေတာကို သူပြန်ရှာပေးတာ။ ငြိမ်းချမ်းရေး ပျောက်နေတာ၊ စိတ်တွေ မတည်ငြိမ်တာ၊ ဒုက္ခဆင်းရဲတွေ ရောက်ပြီးတော့ မျှော်လင့်ချက်မဲ့နေတာ၊ လမ်းတွေပျောက်နေတာပေါ့။ ဒါကို ပြန်ရှာပေးတဲ့ ရဟန္တာဖြစ်တာ။

အဲဒီတော့ ပစ္စည်းပျောက်ရှာပေးနိုင်တဲ့ ရဟန္တာအဆင့်လောက်ပဲ ကျွန်ုပ်တို့ နားလည်ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဘဝသက်တာမှာ တစ်ခါတလေ လမ်းပျောက်နေတာ၊ တစ်ခါတလေ ဘုရားပျောက်နေတာ၊ တစ်ခါတလေ ယုံကြည်ခြင်းပျောက်နေတာ၊ တစ်ခါတလေမှာ သည်းခံစိတ်တွေ ပျောက်နေတာ၊ တစ်ခါတလေမှာ မေတ္တာတရားတွေပျောက်နေတာ၊ တစ်ခါတလေမှာ ရက်ရောခြင်းတွေ ပျောက်နေတာ။ ဒါတွေကို ဘုရားတရားနဲ့ ပြန်လည်တွေ့ရှိအောင် စိန့်အန်ထော်နီက ကျွန်တော်တို့ကို သင်ကြားပေးတာ၊ ပို့ချပေးတာ။

အထူးသဖြင့်တော့ ဘုရားမဲ့တဲ့သူတွေ၊ ဘုရားမယုံတဲ့သူတွေ၊ ဘုရားကို မသိတဲ့သူတွေ၊ ဘုရားဆီပြန်လာအောင် ဒီရဟန္တာက ကြိုးစားသွန်သင်၊ဟောပြောခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ်ငယ်စဉ်အချိန်ကာလမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ သားသမီးတွေ ငယ်စဉ်အချိန်ကာလမှာပဲဖြစ်ဖြစ်၊ စိန့်အန်ထော်နီ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ အချက်သုံးချက်ရှိတယ်။

ပထမအချက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာယူချင်သောစိတ်၊ ချစ်ခင်မြတ်နိုးသောစိတ် ရှိရမယ်။ သခင်ခရစ်တော်က ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်သောအရာကို ဦးစွာရှာကြလော့။ ကျန်သောအရာတွေကို သင်တို့ကို ငါပေးမယ်….။ ဒါကို သခင်ခရစ်တော်က ပြောတာ။ ဒါကြောင့်မို့လို့ စိန့်အန်ထော်နီက ကျွန်တော်တို့ကို သတိပေးတယ်။ ကောင်းကင်နိုင်ငံနဲ့ ဆိုင်တဲ့အရာကို ဦးစွာရှာ။ ဒါကြောင့်မို့လို့ ကလေးဘဝထဲက ဘုရားသခင်ကို ရှာဖွေတတ်အောင် ကျွန်ုပ်တို့က သင်ပေးတာ။ ဘုရားသခင်ကို သိသွားအောင်၊ ဘုရားသခင်ကို ချစ်တတ်သွားအောင်၊ ဘုရားနဲ့ မွေ့လျော်တတ်အောင် ကလေးဘဝထဲက သင်ပေးရတာ ဖြစ်တယ်။

အဲဒါတွေပြီးတော့မှ…၊ လူတစ်ယောက်ရဲ့ဘဝမှာ ဘုရားကိုရှာဖွေတွေ့ရှိသွားပြီဆိုရင် ကျွန်ုပ်တို့ရဲ့ကျန်တဲ့ဘဝသက်တာမှာ နောင်တတရား သိပ်ပြီးတော့ ရစရာမလိုတော့ဘူး။ နောင်တတရား သိပ်ရစရာမလိုတော့ဘူး။ အရာရာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကြောင့် ကျွန်ုပ်တို့က နားလည်လာတယ်။ အလုပ်တွေ လုပ်လာတဲ့အခါမှာ၊ အခက်အခဲတွေရှိလာရင်လည်းပဲ ကျွန်ုပ်တို့က စိတ်ဓာတ်မကျဘဲနဲ့ ဘုရားသခင်ရှိတယ်…။ စုံစမ်းနှောင့်ယှက်ခြင်းတွေ ကြုံလာတဲ့အခါမှာလည်း ကျွန်တော်တို့က ငါဒီစုံစမ်းနှောင့်ယှက်ခြင်းတွေကို ဘုရားအားဖြင့် အောင်နိုင်မယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ငါ့ကိုလမ်းပြပေးမယ်။ ငါကျောင်းတက်တဲ့အခါမှာ၊ ပညာရှာတဲ့အခါမှာ၊ စီးပွားရှာတဲ့အခါမှာ ဘုရားသခင် ငါ့ကိုကူညီမယ်။ မအောင်မြင်မှုတွေရှိတာတောင်မှ ကျွန်ုပ်တို့က ဘုရားသခင်အားဖြင့် ဆက်လက်သွားနိုင်တယ်….ဆိုတဲ့အသိတရားတွေ ကျွန်တော်တို့မှာရှိတယ်။ ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာတွေကို ကျွန်တော်တို့သိထားတဲ့အခါမှာ ကိုယ်ဥစ္စာရှာဖွေတဲ့အချိန်မှာလည်းပဲ ဒါတွေကို ကျွန်တော်တို့က ကျေးဇူးတော်အားဖြင့် မြင်လာတာဖြစ်တယ်။

အသက်ကြီးမှ ဘုရားတရားရှာမယ့်သူတွေကျတော့ ပြောင်းပြန်။ ကိုယ်ဥစ္စာရှာဖွေနိုင်တဲ့အချိန်မှာ ငါကတော်လို့၊ ငါတတ်လို့၊ ငါကြိုးစားလို့ ငါရတာ။ အဲဒီလိုမျိုး ငါဆိုတဲ့ မာနထောင်တာပေါ့။ လက်မထောင်တာ။ အဲဒီတော့..ငါ ပညာတွေတတ်ထားလို့၊ ငါ ဒါတွေလေ့လာထားလို့၊ ငါငယ်ငယ်ထဲက ဒါတွေသင်ယူထားလို့။ စီးပွားရေးမှာပဲဖြစ်ဖြစ် အတတ်ပညာမှာပဲဖြစ်ဖြစ်၊ #ငါဆိုတဲ့… ငါတော်လို့၊ ငါတတ်လို့ဆိုတဲ့စိတ်နဲ့။ သူက ဒါမျိုးလက်ခံတယ်။

ဒါပေမဲ့ အသက်တွေကြီးပြီးတော့၊ ၆၀၊၇၀၊၈၀ ရောက်ပြီးတော့၊ ကိုယ်ဘာမှမလုပ်နိုင်တော့တဲ့အချိန်ကျတော့မှ၊ ပစ္စည်းဥစ္စာတွေက ဆုံးရှုံးသွားတဲ့အချိန်ကျတော့မှ.. ဪ၊ ပစ္စည်းဥစ္စာဆိုတာ သင်္ခါရပါလား။ ဘယ်အရာမှမမြဲပါလား။ ဪ.. ငါဆိုတဲ့ ငါဆိုတာမရှိပါလား။ အခုတော့လည်း ငါဘာမှမတတ်နိုင်ပါလား။ သူက တရားရတယ်။ တရားရတယ်။

ဒါကျွန်ုပ်တို့ခရစ်ယာန်တွေအတွက်က ပြောင်းပြန်။ ကျွန်ုပ်တို့က အသက်ကြီးသွားတဲ့အခါမှာ ပစ္စည်းဥစ္စာဆိုတာ သင်္ခါရဆိုတာ ကျွန်တော်တို့ငယ်ငယ်လေးထဲက နားလည်အောင်သင်ထားပြီးသားဖြစ်တာ။ လောကနဲ့ဆိုင်တဲ့အရာတွေက မတည်မြဲဘူးဆိုတာ ငယ်ငယ်လေးထဲကသိပြီးသားပဲ။ ဒါတွေကို ငါတို့က ရှာဖွေတယ်ဆိုတာက လောကမှာလိုအပ်လို့ ရှာဖွေတာပေါ့။ ပိုက်ဆံရှာတယ်၊ စီးပွားရှာတယ်၊ ပညာရှာတယ်ဆိုတာ ပညာတတ်တစ်ယောက်ဖြစ်ဖို့။ မိုက်မဲတဲ့လူ၊ ပညာမဲ့တဲ့လူမဖြစ်ဖို့ ပညာကိုရှာတာပဲ။

ကျွန်ုပ်တို့မှာဘုရားကို အရင်ရထားပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ ပညာရှာတဲ့အခါမှာလည်း ဘုရားရဲ့ကျေးဇူးတော်အားဖြင့်၊ ဘုရားပေးတဲ့ဉာဏ်ပညာအလင်းကျေးဇူးအားဖြင့် သင်ကြားတယ်၊ တတ်မြောက်တယ်။ ဒါကို ကျွန်တော်တို့ကလက်ခံတယ်။ ဥစ္စာပစ္စည်းရှာတဲ့အချိန်မှာလည်း ကျွန်ုပ်တို့က ကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့အရာကို ကျွန်တော်တို့ကဦးစွာသိရှိပြီ။ ငါပစ္စည်းဥစ္စာရှာတယ်ဆိုတာလည်းပဲ ငါ့မိသားစုအတွက်၊ လူတွေရဲ့ကောင်းကျိုးအတွက်၊ ဆင်းရဲသားတွေကိုလှူဖို့အတွက်၊ တန်းဖို့အတွက်၊ ကောင်းမှုကုသိုလ်တွေလုပ်ဖို့အတွက်၊ လူ့လောကကြီးကို အကျိုးပြုဖို့အတွက် ငါငွေရှာတာဖြစ်တယ်။ အဲဒီလိုမျိုးကျွန်တော်တို့ကနားလည်တာ။

ဒါကြောင့်မို့လို့ ဆုံးရှုံးသွားတဲ့အခါမှာလည်း ကျွန်ုပ်တို့က ဒါကိုဘုရားတရားအသိနဲ့ ကျွန်ုပ်တို့က သုံးသပ်နိုင်တယ်။ ဆုံးရှုံးသွားတော့မှ ဪ၊ ဒါကတော့ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပဲလို့ ကျွန်ုပ်တို့က မပြောတော့ဘူး။ ဪ..ဒါ ဘုရားသခင် ငါ့ကို မပေးသေးလို့ပဲ၊ အချိန်မတန်သေးလို့ပဲ၊ ငါနဲ့မထိုက်တန်သေးလို့ပဲ။ ငါဆက်ပြီးတော့ ကြိုးစားရမှာပေါ့။ ဒါမျိုး ကျွန်ုပ်တို့က နားလည်တာ။ ဒါမျိုး နားလည်တာ။ ဒါကြောင့်မို့လို့ ပစ္စည်းဥစ္စာဆိုတာက သင်္ခါရသဘောတရားထက် ကျေးဇူးတော်လို့ ကျွန်တော်တို့က မြင်တာ။ ကျေးဇူးတော်…။ ကိုယ်ချမ်းသာကြွယ်ဝလာတဲ့အခါမှာ ဒါ ဘုရားကျေးဇူးတော်ပဲ။ ငါ့ကို ဘုရားသခင်ပေးတာ။ အဲဒီတော့ ငါ..ဘုရားသခင်ကို ပြန်ပေးရမယ်။ ကိုယ်နဲ့နီးစပ်တဲ့သူတွေ၊ မရှိတဲ့သူတွေကို ဝေငှရမယ်။

အဲဒီတော့ ဒီမေတ္တာတရားကို စိန့်အန်ထော်နီက ကျွန်ုပ်တို့ကို သင်ကြားပေးတာ။ ဘုရားသခင်ကို သိရမယ်၊ ဘုရားသခင်ကို ချစ်ရမယ်။ အဲဒီတော့ ဘုရားကိုချစ်ခြင်းက လူကိုချစ်ခြင်းနဲ့လည်း ဆက်နွှယ်နေတာ။ ဘုရားကိုချစ်တယ်ဆိုပြီးတော့ လူချင်းချင်းပေါ်မှာ မေတ္တာမရှိဘူး၊ စေတနာမရှိဘူး၊ ရက်ရောမှုမရှိဘူးဆိုရင်လည်း ဒါဟာ ကျွန်ုပ်တို့ ဘုရားကိုမသိသေးဘူး။ ဘုရားကိုတကယ်မချစ်သေးဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့ ခရစ်ယာန်တွေ.. ဘာဖြစ်လို့ မေတ္တာတရားထားနိုင်တာလဲ။ သူတစ်ပါးပေါ်မှာ ကူညီဖို့အတွက် စိတ်ဆန္ဒရှိတာလဲ။

ကိုယ့်ကိုယ်ကိုယ်ကြွားပြီးတော့ ပြောတာတော့မဟုတ်ဘူး။ ဒီကနေ့… တစ်နေ့၊တစ်နေ့ ကျွန်တော် နိုးထလာရင်၊ လူတွေအတွက် ဘာလုပ်ပေးရမလဲ၊ ဒါကိုပဲ စဉ်းစားတယ်။ လူတွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ။ ဒီကနေ့ ဘာလေး တရားဟောလိုက်ရင်ကောင်းမလဲ။ ဒီကနေ့ ဘာလေး ရေးလိုက်ရင်ကောင်းမလဲ။ ဒီကနေ့ ဘယ်သူ့ကို အလှူပေးလိုက်ရင်ကောင်းမလဲ။ လူငယ်တွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ။ အဲဒီတော့.. သူများအတွက် ဘာလုပ်ပေးရင်ကောင်းမလဲဆိုတာကို တစ်ခုမဟုတ်တစ်ခု ထိုင်ပြီးတော့ စဉ်းစားနေတာ။ ထိုင်ပြီးတော့ စဉ်းစားနေတာ။ ဒါဟာ ကျွန်ုပ်တို့က ဘုရားသခင်နဲ့ဆိုင်တဲ့အရာကို နားလည်နေလို့ဖြစ်တာ။

အဲဒီလိုမျိုးမဟုတ်ဘူးဆိုရင် ကျွန်ုပ်တို့က နိုးထလာကတည်းက ဒီကနေ့၊ငါဘယ်သူ့ဆီက ဘာရစရာရှိလဲ။ ဘယ်သူ့ဆီက ငါဘယ်လို အမြတ်ထုတ်ရမလဲ။ အဲဒီတော့ ငါ ဒီပစ္စည်းတွေကို ဘယ်လိုဈေးတင်ပြီးတော့ ငါဘယ်လိုအမြတ်ထုတ်ရမလဲ။ ဘယ်သူ့ကို ငါဂျင်းထည့်ရမလဲ။ ဒါတွေပဲ ကျွန်ုပ်တို့က စဉ်းစားလာတာဖြစ်တယ်။

ဒါကြောင့်မို့လို့ ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲမှာ ရှိလာတဲ့အခါ၊ နားလည်လာတဲ့အခါမှာ၊ ကိုယ်ဟာ ပညာသင်နေသော်လည်းပဲ၊ လူငယ်ဖြစ်သော်လည်းပဲ ငါတို့ ဘုရားအတွက် ဘာလုပ်ရမလဲ။ ငါတို့..လူတွေအတွက် ဘာလုပ်ပေးရမလဲ။ ဒါကို စဉ်းစားတာဖြစ်တယ်။ အသက်ကြီးလာလို့ ဥစ္စာရှိလာလို့၊ ပစ္စည်းရှိလာရင်လည်း ငါတို့.. ဘယ်သူတွေကို ဒီနေ့ သွားလှူရင် ကောင်းမလဲ။ ဘယ်ဘုရားပွဲမှာ ငါ ဘာကိုလှူရင် ကောင်းမလဲ၊ ဒီလိုမျိုး စဉ်းစားလာကြတာဖြစ်တယ်။ ကိုယ့်အတွက်ဆိုတာထက် သူတစ်ပါးအတွက်ကို ကျွန်ုပ်တို့ ပိုပြီးတော့ စဉ်းစားလာတတ်လာတဲ့အခါမှာ ဒါဟာ..ဘုရားတရားရှိလာခြင်းရဲ့လက္ခဏာဖြစ်တယ်။ ဘုရားသခင်ကိုသိခြင်း၊ ဘုရားရဲ့တရားတော်ကို သိခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ရဲ့ဘဝမှာ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတဲ့အခါမှာ၊ လုပ်ငန်းတွေ မအောင်မြင်တဲ့အခါမှာ၊ ဒီလောက် ကြေကွဲခြင်း မဖြစ်ဘူး။ ရူးသွပ်သွားတာမျိုး မဖြစ်ဘူး။ ဟာ..ငါ့ ပစ္စည်းတွေ ရှုံးပါပြီ။ ငါ့ပစ္စည်းတွေ ကုန်ပါပြီ။ ငါတော့ မွဲပါပြီ။ ငါတော့ ဒုက္ခရောက်ပါပြီ။ တချို့တွေက ပစ္စည်းဥစ္စာကြောင့် ဥစ္စာခြောက်ပြီးတော့ ရူးသွားတာရှိတယ်။ ဒါတွေက သူတို့ စိတ်ထဲမှာ ဘုရားတရား မရှိလို့ဖြစ်တာ။ ဘုရားသခင်မရှိလို့၊ သူတို့ ဘုရားကို မသိလို့ဖြစ်တာ။ အဲဒီတော့ ဒါတွေက အချိန်လွန်သွားမှ… အချိန်လွန်သွားမှ ကျွန်ုပ်တို့ သိတာထက်၊ ငယ်စဉ်ကတည်းက ကျွန်ုပ်တို့ သိလာခဲ့ရင်၊ ဘဝရဲ့ အခက်အခဲတွေ၊ ဘဝရဲ့စိန်ခေါ်မှုတွေ၊ ကြမ်းတမ်းမှုတွေကို ကျွန်ုပ်တို့က ကျော်လွှားနိုင်မှာဖြစ်တယ်။

ဒါကြောင့် ကိုယ့်ရဲ့ သားသမီးတွေကို ဘုရားတရားရှိအောင် အရင်ဆုံးသင်ရတယ်။ သူတို့ ဆုတောင်းတတ်တဲ့အခါမှာ၊ သူတို့ ဘုရားကျောင်းသွားဖို့ မပျင်းတော့တဲ့အခါမှာ ဒါဆိုရင် ကိုယ်အောင်မြင်ပြီ။ ငါ့ကလေးတွေ ဒီဘဝ ဒုက္ခမရောက်တော့ဘူး။ ငါ့ကလေးတွေ နိုင်ငံခြားလွှတ်လည်းပဲ သူတို့ ဒုက္ခမရောက်တော့ဘူး။ ငါမရှိလည်းပဲ ငါ့ကလေးတွေ ဒုက္ခမရောက်တော့ဘူး။ ဘာကြောင့်လဲ။ သူတို့မှာ ဘုရားတရားရှိသွားပြီ။ ဘုရားသခင်ကို သူတို့ သိသွားပြီ ။ အဲဒီသိတဲ့စိတ်နဲ့ …သူတို့ ကြီးပြင်းတဲ့အခါမှာ သူတို့ဟာ အမှားတွေကို အများကြီး မလုပ်တော့ဘူး။ အများကြီး မလုပ်တော့ဘူး ။ အဲဒီတော့ နောင်တရစရာတွေ သူတို့ဘဝမှာ မများတော့ဘူး။ မများတော့ဘူး။ ဘာကြောင့်လဲ။ ဘုရားသခင်ရဲ့ ဉာဏ်ပညာအလင်းကျေးဇူးအားဖြင့် သူတို့ကို လမ်းပြပေးလို့ အမှားနဲ့ အမှန်၊ အကောင်းနဲ့အဆိုးကို သူတို့ ခွဲခြားနိုင်လို့ဖြစ်တယ် ။

ဒါကြောင့်မို့လို့ ညီအစ်ကိုမောင်နှမတို့…၊ ကျွန်ုပ်တို့ရဲ့ နေ့စဉ်သက်တာမှာ နှုတ်ကပတ်တော်နဲ့ အသက်ရှင်တတ်အောင် ကြိုးစားရမှာ။ ကျမ်းစာဖတ်တယ်၊ ဝိညာဉ်ရေးရာစာပေတွေဖတ်တာ။ ကျွန်ုပ်တို့မှာ ဖတ်စရာအများကြီးပဲ။ တစ်နေ့တစ်နေ့၊ Facebook မှာပဲဖြစ်ဖြစ် ဖတ်စရာတွေက၊ ကြည့်စရာတွေက မကုန်ဘူး။ ဒါပေမဲ့ အဲဒီလိုအချိန်မှာတောင်မှ ကျွန်ုပ်တို့က ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်။ ငါ ကျမ်းစာလေးတော့ ဖတ်ဦးမှာပဲ။ နှုတ်ကပတ်တော်လေးတော့ နာယူဦးမှပဲ။ဘုရားသီချင်းလေးတော့ နားထောင်ဦးမှပဲ။ ဒါမျိုး ကျွန်ုပ်တို့က စိတ်ရှိဖို့လိုတယ်။ စိတ်ရှိဖို့လိုတယ်။

ကိုယ့်ရဲ့ကလေးတွေလည်းပဲ ဒါကို သွန်သင်ထားရမှာ။ သွန်သင်ထားရမယ်။ တချို့ကလေးတွေ၊ကျွန်ုပ်တို့ ခရစ်ယာန်ကလေးတွေ ဘုရားတရားစိတ် အရမ်းနည်းနေတာပဲ။ သူတို့ရှေ့မှာ ဘုရားသီချင်းလေးသွားဖွင့်လိုက်တာနဲ့ ဟာ၊ဘာသီချင်းတွေဖွင့်တာလဲ၊ သီချင်းလဲပေး..သီချင်းလဲပေး။ ဒီလိုမျိုးပြောတာ။ ဪ ဒါဆိုရင် ဒီကလေးတွေက ဘုရားနဲ့ပတ်သက်တဲ့စကားတောင်မှ သူတို့မှာ မကြားနိုင်ပါလား။ သူတို့ကို ဘုရားကျောင်းသွားဖို့ခေါ်ရင် တစ်ခါတည်း တီကိုဆားနဲ့ပက်သလိုပဲ လူးလှိမ့်ပြီး အိပ်ရာမထတော့ဘူး။ အစာသွားစားမယ်၊ ရုပ်ရှင်သွားမယ်၊ ပျော်ပွဲရွှင်ပွဲသွားမယ်ဆိုရင် သူတို့ချက်ချင်းထတယ်။ အဲဒီလိုမျိုးကလေးတွေ ကိုယ့်မှာရှိပြီဆိုရင်တော့ ဒါ သတိထားရတော့မယ်။ ငါတို့တော့.. ငါတို့ကလေးတွေအတွက်ကတော့ စိုးရိမ်စရာတွေပဲ။ ဒီလိုမျိုးဖြစ်မှာနော်။

ဒါကြောင့်မို့လို့ ဒီသုံးမျိုးပေါ့။ ဒီကနေ့ စိန့်အန်ထော်နီသင်ကြားတဲ့ အရာတွေသုံးမျိုးထဲမှာ ပထမအချက်က နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်တတ်ဖို့လိုတယ်။ ဒုတိယအချက်က ကျွန်ုပ်တို့ဟာ ဘဝမှာ ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ၊ ကျဆုံးမှုတွေ ရှိနေပါစေ၊ လောလောဆယ်မှာ မအောင်မြင်တာတွေ ရှိနေပါစေ၊ စီးပွားရေး အခက်အခဲတွေ ရှိနေပါစေ၊ မိသားစုအတွင်းမှာ ပြဿနာတွေ ရှိနေပါစေ၊ အကြွေးတွေဝိုင်းနေပါစေ၊ ဘုရားသခင် ရှိတယ်။ ဘုရားသခင်အားဖြင့် ငါတို့က ပြန်လည်ပြီးတော့ ရှင်သန်နိုင်တယ်၊ နိုးထနိုင်တယ်။ အသစ်တစ်ဖန် ပြန်ဖြစ်နိုင်တယ်။ ဒါကို ကျွန်တော်တို့က ယုံကြည်ရမယ်။

နောက်ဆုံးအချက်ကတော့.. ဘုရားကိုချစ်သလို လူကိုလည်း ချစ်ရမယ်။ ကိုယ့်မှာရှိတဲ့အရာ..ဆင်းရဲသားတွေကို ဝေငှချင်တဲ့စိတ်၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးချင်တဲ့စိတ်၊ လှူဒါန်းချင်တဲ့စိတ်၊ ဒီဟာကို ကျွန်တော်တို့က မွေးမြူရမှာ ဖြစ်တယ်။ ကိုယ်ပေးတဲ့အတိုင်း ဘုရားသခင်က ကိုယ့်ကို ပြန်ပေးတာ။ သူတစ်ပါးကို ကိုယ်တိုင်းတာတဲ့အတိုင်း ကိုယ့်ကို သူတစ်ပါးက တိုင်းတာတာ။ ဆိုတော့.. ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ရဲ့ စိတ်ထားတွေဟာ ပြည့်ဝစုံလင်လာဖို့အတွက် အရေးကြီးတာ။ ပြည့်ဝစုံလင်လာဖို့အတွက်။ အဲဒီတော့ ဒီလိုပြည့်ဝစုံလင်ခြင်းဆိုတာကလည်းပဲ စောစောက ဘုရားသခင်ကိုသိတဲ့သူတွေ၊ ဘုရားသခင်ကို ချစ်တဲ့သူတွေမှာ ဒီပြည့်ဝစုံလင်ခြင်းတရားကို ပိုပြီးတော့ တွေ့ရမယ်။

ဆိုတော့… ဒါကြောင့် ညီအစ်ကိုမောင်နှမတို့၊ ဒီကနေ့ သင်တို့ဒီကိုလာတဲ့အခါမှာ ပိုပြီးတော့ ချမ်းသာဖို့၊ ပိုပြီးတော့ အလုပ်အကိုင်ကောင်းဖို့ လာဆုတောင်းတာ၊ ပိုပြီးတော့ဖြစ်မှာ။ တချို့ဆိုရင်… ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆို သူပြောတာ အမြဲတမ်းသတိရတယ်။ ဆုတောင်းရင် သူများထက် ဟိုး..လက်ကို ခေါင်းပေါ် မှာ မြင့်နေအောင်ထားတာ။ ဘုရားပေးရင် ကျွန်တော် အရင်ရအောင်လို့။ ဒီမှာလည်း သူ့ မိသားစုတွေ…၊သူတို့လည်း ဘုရားဆီကို လက်က အမြင့်ဆုံးပဲ။ ငါတို့တော့ ထပ်ပြီးတော့ကြီးပွားပါစေ၊ ချမ်းသာပါစေ၊ ဒေါ်လာတွေ အများကြီးရပါစေလို့ ဆုတောင်းတာ။ဘုရား ပေးမှာပါ။ ဘုရား ပေးမှာပါ။ သို့သော်လည်းပဲ ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်သောအရာကို ဦးစွာရှာကြလော့။ ကျန်သောအရာကို ဘုရားသခင် ပေးလိမ့်မယ်တဲ့။ သခင်ခရစ်တော် အမိန့်တော်ရှိတယ်။ အာမင် ။ ။

စိန့်အန်ထော်နီဘုရားကျောင်း၊ (၉)ရက်မြောက်စိန့်အန်ထော်နီနိုဗေနားမစ္ဆားတွင် ဟောကြားခဲ့သော Rev.Fr.Marcianဦးသက်ကျော်ရဲ့ ဩဝါဒတရားတော်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။ ဒီဩဝါဒကို ဖတ်ရှု၊နှလုံးသွင်း၊ခံယူသူအယောက်စီတိုင်းအပေါ် စိန့်အန်ထော်နီရဲ့ ကူညီမစခြင်းများ အလျှံအပယ် သက်ရောက်ပါစေသော်။

#မိုးTRIO

🤍💚🤍Lily of the valleys…🤍💚🤍ဒီနေ့ မေလနောက်ဆုံးနေ့မှာ ကျွန်တော်တို့တတွေ အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်း၊ ကျေးဇူးတင်ခြင်း၊ပြီ...
31/05/2026

🤍💚🤍Lily of the valleys…🤍💚🤍

ဒီနေ့ မေလနောက်ဆုံးနေ့မှာ ကျွန်တော်တို့တတွေ အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်း၊ ကျေးဇူးတင်ခြင်း၊ပြီးတဲ့အခါမှာ ကိုယ်တော်မြတ်မြှောက်ခြင်း၊ ကိုယ်တော်မြတ်ကောင်းချီးမင်္ဂလာခံယူခြင်းနဲ့ ကျွန်တော်တို့တတွေ ဒီတစ်လတာလုပ်ခဲ့တဲ့ မေလသဒ္ဓါကြည်ညိုခြင်းကို အဆုံးသတ်ကြမှာဖြစ်ပါတယ်။

ဆော်လမွန်သီချင်းထဲကနေ ယူပြီးတော့ ထောက်ရှုဆင်ခြင်ချင်တာပေါ့နော်။ “ကျွန်မသည် ရှာရွန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ပေါက်သောနှင်းပွင့်မျှသာဖြစ်ပါ၏။ ဆူးတောထဲမှာနှင်းပွင့်ထင်သကဲ့သို့၊ ငါချစ်သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာ ထင်ပေ၏။”(ဆော်လမွန်သီချင်း ၂း၁-၂)

ဒီမေလထဲမှာ ခရီးသွားလာရင်းနဲ့ ကားထဲမှာ သီချင်းနားထောင်တဲ့အခါ YouTubeကနေ အင်္ဂလိပ်ဓမ္မသီချင်းလေးတွေ နားထောင်တော့၊ နားထဲမှာ နားဝင်တဲ့… သူ့ရဲ့တီးလုံးအားဖြင့်သော်လည်းကောင်း၊ သူ့ရဲ့စာသားအားဖြင့်သော်လည်းကောင်း၊ ကိုယ့်ရဲ့ဖြစ်နေတဲ့စိတ်ခံစားချက်အခြေအနေကြောင့်သော်လည်းကောင်း… အဲဒီသီချင်းလေးတစ်ပုဒ်က နားထဲမှာဝင်နေတယ်၊ စွဲနေတယ်၊ အမြဲတမ်းပဲ ထပ်ခါထပ်ခါ နားထောင်ချင်နေတယ်။

ကျွန်တော်တို့တွေ သီချင်းနားထောင်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့ တီးလုံး၊သံစဉ်၊စာသားကိုရွေးချယ်ပြီးတော့ နားထောင်တာဖြစ်တယ်။ အရမ်းဝမ်းသာနေတဲ့အချိန်မှာလည်း အဆွေးသီချင်းမဆိုဘူး။ အရမ်းဝမ်းနည်းနေတဲ့အချိန်မှာလည်း Rockတွေ၊ Heavy Rockတွေ၊ HipHopတွေ ဘာတွေမလုပ်ဘူး။

ဆိုတော့..ကိုယ့်ခံစားချက်နဲ့ကိုက်တဲ့သံစဉ်မျိုးကို ပိုပြီးတော့ နားထောင်ဖြစ်တယ်။ ဆိုတော့..သွားရင်းလာရင်းနဲ့ ကားပေါ်မှာသီချင်းနားထောင်တယ်ဆိုတော့ အဓိက အိပ်မငိုက်အောင်ပေါ့။ အဲဒါ..ဘာသီချင်းလဲဆိုတော့ Lily..လီလီပန်းတွေအများကြီးရှိတယ်။ လီလီပန်းတွေ အမျိုးမျိုးရှိတယ်။ သံဇူဇယ်ပွဲတို့၊ ပါစကားပွဲတို့၊ အီစတယ်တို့ဆိုရင် Easter Lilyပန်းပွင့်..ခေါင်းလောင်းပုံလေးလိုပွင့်တဲ့ အဖြူနဲ့။ ဒါပေမယ့် ဒီသီချင်းရဲ့ခေါင်းစဉ်ကျတော့ “Lily of the valleys..” ခုနက ဆော်လမွန်သီချင်းထဲမှာဖတ်သွားတဲ့ #တောနှင်းပန်း..ဒါမှမဟုတ် တောင်ကြားအရပ်မှာပေါက်တဲ့ပန်း၊ Valleyဆိုတာ ကွင်းပြင်ပေါ့လေ။ ကွင်းပြင်ကဘယ်လိုကွင်းပြင်လဲဆိုတော့ တောင်တွေဝိုင်းနေတဲ့၊ တောင်တွေကြားထဲမှာရှိတဲ့ကွင်းပြင်။ ဒီကွင်းပြင်မှာပေါက်တဲ့ #တောနှင်းပန်း…

ခုနက ဆော်လမွန်သီချင်းမှာ ကျွန်တော်တို့တတွေ ကြားရတာဖြစ်တယ်။ #ကွင်းပြင်၌ပေါက်သောနှင်းပွင့်..။
ဒီနှင်းပွင့်နဲ့ပတ်သက်ပြီးတော့ ယေဇူးဘုရားရှင်ကလည်း (ရှင််မာတေဦး ၆း၂၈)၊ (ရှင်လုကား၁၂း၂၇)တို့မှာကျွန်တော်တို့က်ို ပြောတဲ့ အချိန်နာရီတိုင်းမှာ စိုးရိမ်ပူပန်ခြင်းမရှိနဲ့တဲ့။ ဘာစားရမလဲ၊ ဘာသောက်ရမလဲ၊ ဘာဝတ်ရမလဲ၊ ဘယ်လိုနေရမလဲ… စိုးရိမ်ပူပန်ခြင်းမရှိနဲ့တဲ့..။တောနှင်းပန်းတွေတောင်မှ မစိုးရိမ်ဘူး။ သူ့ဖာသာသူ ရှင်သန်နေတယ်ဆိုတာကို၊ ဘုရားက သူ့ကိုရှင်သန်ဖို့ရန်ပေးထားတယ်ဆိုတာကို စိတ်မပူကြဖို့၊ Not to worry. ယေဇးဘုရားရှင်မိန့်ကြားတဲ့အခါမှာလည်း ဒီတောနှင်းပန်းလေးကို သုံးနှုန်းခဲ့တယ်။ .

အခု ဒီမှာ Screenမှာထိုးထားတဲ့ပန်းလေး၊ ခေါင်းလောင်းပန်းလိုလေး၊ အောက်စိုက်နေတဲ့ပန်းလေး…။ ဆိုတော့ ခုနက သီချင်းထဲမှာတော့သူက “Lily of the valleys” ဆိုတဲ့ ဒီသီချင်းထဲမှာတော့ ယေဇူးဘုရားရှင်ကို ခိုင်းနှိုင်းထားတာကို၊ ယေဇူးဘုရားရှင်ကို တင်စားပြီးတော့ ဆိုထားတာ။

ဒါပေမယ့် ဒီပန်းလေးရဲ့ သူ့ရဲ့သဘာဝ၊ သူ့ရဲ့ သဘာဝ.. “The month of May” တဲ့။ “မေလမှာပွင့်တဲ့ပန်း”တဲ့။ သူ့ရဲ့ရုက္ခဗေဒဆိုင်ရာအမည်နာမ၊ Scientific spices nameက Majalis (Convallaria majalis) တဲ့။ လာတင်းလို အဓိပ္ပာယ်က “Belong to May” (မေလနဲ့ဆိုင်တဲ့ပန်း)။ မေလနဲ့ဆိုင်တဲ့ပန်း..။

ဒါပေမယ့် ခုနက.. သွားရင်းလာရင်းနဲ့ ဖွင့်ပြီးနားထောင်ဖြစ်တယ်ဆိုတာက ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ကိုက်တဲ့သံစဉ်လည်းဖြစ်သလို၊ သူ့ရဲ့စာသားကိုသဘောကျလို့ နားထောင်ဖြစ်ပေမယ့် မေလနဲ့ဆိုင်တဲ့ပန်း၊ မေလပန်းဆိုတာကို မသိခဲ့ဘူး။ ကဲ၊ ဒီသီချင်းတောင်ခဏခဏနားထောင်နေတာ ဘာဖြစ်လို့လဲလို့ ရှာဖွေကြည့်တာ အဓိပ္ပာယ်တွေ ထွက်လာတယ်။ မေလမှာပွင့်တဲ့ပန်း၊ မေလနဲ့ဆိုင်တဲ့ပန်း၊ မေလရဲ့ပန်း။

ဆိုတော့..ခုနက ဒီသမ္မာကျမ်းစာနောက်ခံတွေနဲ့ ရှိတဲ့ ပန်းလည်းဖြစ်တယ်။ သူ့မှာ ဓမ္မသင်္ဂြိုဟ်၊ဘာသာရေးဆိုင်ရာအဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေတယ်။ ခုနကပြောသလိုပဲ၊ ယေဇူးဘုရားရှင် ဆုံးမဩဝါဒပေးတဲ့အချိန်မှာလည်း သုံးခဲ့တဲ့၊ နောက်ပြီးတော့ သူ့ရဲ့ Major botanical symbol ပေါ့နော်.. သူ့ရဲ့ပန်းသဘာဝက ဖော်ကျူးနေတဲ့ အဓိပ္ပာယ်လေးက မယ်တော်နှင့်လည်း ခိုင်းနှိုင်းလို့ရနေတယ်။

သူ့ရဲ့ပုံလေး…ပန်းလေးဒီလိုခေါင်းစိုက်နေတဲ့..ဦးလေးညွှတ်ထားပြီးတော့ နှိမ့်ချနေတဲ့သဏ္ဍာန်ဆောင်တယ်။ ပြီးတဲ့အခါမှာ၊ အဖြူပွင့်လေးတွေဆိုတော့ သန့်ရှင်းစင်ကြယ်မှု သဏ္ဍာန်ဆောင်တယ်။ ပြီးတဲ့အခါမှာ မိခင်ဖြစ်ခြင်းကိုလည်းဖော်ပြတယ်။

ဒါကြောင့်မို့လို့ အိမ်ထောင်ရက်သားကျပြီးတော့ ကိုယ်ဝန်စရှိတဲ့အချိန်မှာ Congratulations! ဆိုပြီးတော့၊ ဒီခေတ်မှာတော့ Facebook မှာတင်တဲ့အခါမှာ ရေးကြတယ်။ ဒါပေမယ့် ကလေးမိခင်ဖြစ်လာမယ့် မိခင်ကို ဂုဏ်ပြုလက်ဆောင်ပေးတဲ့အချိန်မှာ၊ Congratulations!လို့ နှုတ်ဆက်တဲ့အချိန်မှာ ဒီပန်းကိုပေးပြီးတော့ နှုတ်ဆက်လေ့ရှိတယ်။

ဒီဆော်လမွန်ကျမ်းထဲမှာ 2:1 မှာ I am the Rose of Sharon and Lily of the valley. ရှရွန်အရပ်က နှင်းဆီပန်း၊ တောင်ကြားထဲမှာပေါက်တဲ့တောနှင်းပန်း…။ ဆိုတော့ ဒီပန်းလေးက ခုနကပြောသလိုပဲ ယေဇူးဘုရားရှင်နဲ့လည်း ခိုင်းနှိုင်းဖော်ပြတယ်ဆိုတဲ့နေရာမှာ ယေဇူးခရစ်တော်ရဲ့နူးညံ့သိမ်မွေ့မှုက ဒီမှာပေါ်လွင်နေတယ်။ ခရစ်တော်နဲ့တစ်လုံးတစ်ဝတည်းဖြစ်တဲ့ဘအမိမယ်တော်နဲ့လည်း ခိုင်းနှိုင်းလို့ရနေတယ်။ ဒါကို ရှေးဘိုးဘေးတွေ၊Fathers of the Church - အသင်းတော်ရဲ့ဖခင်တွေက အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ အသုံးပြုခဲ့တယ်။
“Lily of the valleys” တောင်ကြားထဲမှာ၊ ကွင်းပြင်ကျယ်ထဲမှာ ပေါက်တဲ့လီလီပန်း၊ တောနှင်းပန်း…။

ဒီပန်းပွင့်တဲ့ နေရာရဲ့အနေအထားကိုက ဟိုးတောင်ထိပ်မှာလည်းမဟုတ်ဘူး၊ ဟိုးပင်မြင့်အထက်မှာလည်းမဟုတ်ဘူး။ တောင်ကြားထဲမှာ…ကွင်းပြင်ထဲမှာ…ပေါက်နေတာ။ ဆိုတော့..သူ့ရဲ့သဏ္ဍာန်ကိုက နိမ့်ကျပြီးတော့ တိတ်ဆိတ်တဲ့အရပ်ဒေသမှာ ပွင့်တဲ့ပန်းဆိုတာ တွေ့ရတယ်။ ဒီ..သူ့ရဲ့နှိမ့်ချမှုနဲ့၊ သူ့ရဲ့တိတ်ဆိတ်ငြိမ်သက်မှုနဲ့က ဘာကိုပေါ်လွင်စေလဲဆိုတော့ ယေဇူးဘုရားရှင်က ကျွန်တော်တို့လူသားတွေရဲ့အောက်နိမ့်ရာအရပ်ကို ဆင်းကြွလာပြီးတော့၊ သူ့ရဲ့ကောင်းကင်ချမ်းသာကို စွန့်ပြီးတော့ လူတွေဆီ ကြွလာတယ်။ ဟိုးတောင်ပေါ်မှာမပွင့်ဘဲနဲ့ ဒီတောင်အောက်မှာလာပွင့်တယ်။ ယေဇူးဘုရားရှင်က ဟိုး…သူ့ဘုရားအဖြစ်တော်မှာ နေသာတာပဲ။ ဒါပေမယ့် အဖခမည်းတော်ဘုရားက စေလွှတ်တဲ့အခါမှာ ဒီနိမ့်ကျတဲ့အရပ်ကို သူဆင်းလာတယ်။ ယေဇူးဘုရားရှင်…ဒီလောကမှာ ကြွလာပြီးတော့ ခုလိုမျိုး ကျွန်တော်တို့ရဲ့အလယ်မှာ ရှိနေဖို့ရန် စိတ်ဆန္ဒပြင်းပြမှုကို ဖော်ပြနေတယ်။ ပြီးတဲ့အခါမှာ အမိမယ်တော်မာရီးယားရဲ့ ဘုရားအရှေ့မှာ အလုံးစုံသောနှိမ့်ချခြင်းနဲ့ ရှိနေမှုကိုလည်း ဖော်ပြနေတယ်။

ဒီဆော်လမွန်ကျမ်းထဲမှာပဲ အခန်းကြီး၂၊အခန်းငယ်၂မှာ As Lily among thorns ဆူးပင်များအလယ်မှာပေါက်တဲ့နှင်းပန်း….။ အမိမယ်တော်မာရီးယားရဲ့မွေးနေ့မှာ ဆိုလေ့ရှိတဲ့ဘဓမ္မသီချင်းရှိတယ်။ မာရီးယား..မိဘရင်းအပြစ်မပါဘဲနဲ့…မွေးတယ်တဲ့။ မာရီးယားက ဆူးပင်တွေရဲ့အလယ်မှာ ပွင့်တဲ့နှင်းပန်းလိုပဲတဲ့။ မာရီးယားလောကမှာ… သံစဉ်က မဆိုတာကြာတော့ မေ့နေတယ်။ ဒါပေမယ့် Power Point မှာပဲပြင်ထားတဲ့သီချင်းတွေကိုပဲ ဆိုလေ့ရှိတယ်ဆိုတော့ ဓမ္မသီချင်းထဲကသီချင်းတွေက စုံစုံလင်လင် မဆိုရဘူး၊ မဆိုရဘူး။မဆိုဖြစ်ဘူးပေါ့။
ဆိုတော့… မာရီးယား မိဘရင်းအပြစ်မပါဘဲမွေးသလို၊ မာရီးယားက လောကမှာ ဆူးပင်တွေရဲ့အလယ်မှာပွင့်တဲ့ ဒီနှင်းပန်းလေးလိုပဲတဲ့။ ဆိုတော့… ဒီပန်းတစ်ခုထဲကနေပြီးတော့ ယေဇူးဘုရားရှင်နဲ့သက်ဆိုင်တဲ့အဓိပ္ပာယ်လည်း ပေါ်လွင်စေသလို၊ အမိမယ်တော်မာရီးယားနဲ့ သက်ဆိုင်တဲ့အဓိပ္ပာယ်ကိုလည်း ပေါ်လွင်စေတာတွေ့ရတယ်။

ဒီတောနှင်းပန်းလေးက ဥရောပမှာ သူ့ရဲ့စတင်ပွင့်တဲ့နေရာပေါ့။ ဒါပေမယ့် ဒီအရှေ့ပိုင်းဒေသအတွက် ဒီကျမ်းစာတွေထဲမှာ၊ အစောပိုင်းကျမ်းစာတွေထဲမှာ၊ ဆော်လမွန်သီချင်းလိုမှာကတည်းကိုက ကျမ်းစာထဲမှာ ပါနေပြီ။ နောက်ပြီးတော့ ခုနက.. ဒီရှေးဘိုးဘေးတွေ၊ Fathers of the Church-အသင်းတော်ရဲ့ဖခင်ကြီးတွေကနေပြီးတော့လည်း ဒဏ္ဍာရီဆန်ဆန်ပေါ့၊ ကဗျာဆန်ဆန်..။ ခုနက ပန်းရဲ့ထူးခြားမှုက ရှိပြီးသားပဲ။ ဒါပေမယ့် ထပ်ပြီးတော့ သူတို့ဖော်ကျူးထားသေးတယ်။ ဘယ်လိုဖော်ကျူးထားလဲဆိုတော့ ယေဇူးဘုရားရှင်ရဲ့ ကားတိုင်တော်ခြေရင်းမှာ အမိမယ်တော်ကျခဲ့တဲ့မျက်ရည်တွေကနေလည်းတဲ့ ဒီနှင်းပန်းပင်လေးက ပေါက်လာတယ်တဲ့။ အမိမယ်တော်ရဲ့ကျတဲ့မျက်ရည်… မြေကြီးပေါ်မှာ မျက်ရည်ကျတဲ့အခါမှာ အဲဒီမျက်ရည်စက်ကနေပြီးတော့ ဒီတောနှင်းပန်းပင်လေးက ပေါက်လာတယ်ဆိုပြီးတော့ အမွှန်းတင်ထားတယ်ပေါ့။

ဒါကြောင့်မို့လို့ သဒ္ဓါကြည်ညိုခြင်းနဲ့ ဒီပန်းပင်လေးကို Lily of the Valleys လို့တင်မကဘဲနဲ့၊ Mary’s tears- #အမိမယ်တော်ရဲ့မျက်ရည်ပေါက်များ… ပန်းပွင့်လေးရဲ့အဓိပ္ပာယ်…။
ဆိုတော့..သူ့ရဲ့သဏ္ဍာန်က ခုနပြောသလိုပဲ၊ ခေါင်းလောင်းပုံလေးနဲ့ အောက်စိုက်နေတယ်။ ပြီးရင်ပန်းလေးက သေးသေးလေးပဲ။ ပြီးတဲ့အခါမှာ အဖြူရောင်လေး။

ဒီပန်းပင်ရဲ့သဘာဝကို ကြည့်လိုက်တဲ့ပုံစံသဏ္ဍာန်ကိုက ဘာကိုပြန်ပြီးတော့ပေါ်လွင်လာစေလဲဆိုတော့ သိကြားမင်းဂါဗြီအဲလ်က မယ်တော်မာရီးယားကို အမိန့်တော်ပြန်တဲ့အခါမှာ အမိမယ်တော်မာရီးယားရဲ့တုံ့ပြန်မှု၊ I am the handmaid of the Lord. ကျွန်ုပ်သည် ဘုရားသခင်၏ကျွန်မတည်း…။ ဘုရားသခင်၏ကျွန်မတည်း.. လို့ အမိမယ်တော် ပြန်ပြီးတော့ဖြေတဲ့နေရာမှာ ဒီလိုကြီး ခေါင်းမော့၊ရင်ကော့ပြီး ဖြေလို့မရဘူး။ ဘာဖြစ်လို့လဲ။ သူဖြေတဲ့အဖြေကိုက နှိမ့်ချခြင်းတွေနဲ့ဖြေတဲ့အဖြေဆိုတဲ့အခါကျတော့ နှိမ့်နှိမ့်ချချနဲ့ သဏ္ဍာန်ရှိတဲ့ပုံလေးနဲ့ပဲ သူပြန်ဖြေမှာ။ ဆိုတော့… ဒီပန်းပွင့်လေးကကြည့်ရင် အဲလိုပေါ်လွင်နေတယ်။

ပြီးတော့ အခုနက ပြောခဲ့သလိုပဲ၊ သူ့ရဲ့ White blossoms ပေါ့နော်…ပွင့်နေတဲ့အဖြူရောင်လေးက သန့်ရှင်းစင်ကြယ်တဲ့၊ အပြစ်မဲ့တဲ့ မယ်တော်ကို ထင်ဟပ်ပေါ်လွင်နေစေတယ်။ ပြီးတဲ့အခါမှာ ဒီပန်းပွင့်လေးက Returns of the happiness-ပျော်ရွှင်မှုတွေ ပြန်လည်ရရှိစေတယ်။ အမိမယ်တော်မာရီးယားလည်း ဒီလိုပဲ၊ ကျွန်တော်တို့ရဲ့ ယေဇူးဘုရားရှင်ရဲ့ ကယ်တင်ခြင်း၊ အမိမယ်တော်မာရီးယားရဲ့ပါဝင်မှုနဲ့ဘအစပြုခဲ့တယ်။ ပြီးတဲ့အခါမှာ ကိုယ်တော်ရှင်ရဲ့၊ ယေဇူးဘုရားရှင်ရဲ့ ရှင်ပြန်ထမြောက်ခြင်း၊ ယေဇူးဘုရားရှင်ရဲ့ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်း၊ ဒါတွေအားလုံးက ကျွန်တော်တို့ကို ဝမ်းမြောက်ပျော်ရွှင်မှုကို ပြန်ယူပေးစေတဲ့၊ ရရှိစေတဲ့အရာတွေဖြစ်တယ်။

ဆိုတော့… ဒီတောနှင်းပန်းလေးက ရိုးရိုးပန်းလေး။ သဇင်ပန်းလည်း မဟုတ်ဘူး။ ကြီးကျယ်ခမ်းနားတဲ့ ပန်းလည်းမဟုတ်ဘူး။ ရိုးရိုးပန်းလေး။ ဒါပေမယ့် ယေဇူးဘုရားရှင်အတွက်လည်း ထင်ဟပ်ပေါ်လွင်စေတယ်၊ အမိမယ်တော်မာရီးယားအတွက်လည်း ထင်ဟပ်ပေါ်လွင်စေတယ်။ ဆိုတော့… ကျွန်တော်တို့တတွေတစ်ဦးစီသည်လည်း ကိုယ်တော်မြတ်စက္ကရမင်းတူးကိုပင့်ယူထားခြင်းအားဖြင့် ကျွန်တော်တို့တစ်ဦးစီ၌ ယေဇူးဘုရားရှင်ရှိတယ်။ အမိမယ်တော်မာရီးယား ကျွန်တော်တို့နဲ့အတူရှိတယ်။ ဆိုတော့.. ကျွန်တော်တို့တတွေတစ်ဦးစီသည်လည်း ဒီတောနှင်းပန်းလေးလိုပဲ ဘုရားသခင်ရဲ့ဖန်ဆင်းခံ၊သားသမီးတွေဖြစ်ကြတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့တတွေ ဒီတောနှင်းပန်းလေးရဲ့ သဘာဝအရည်အသွေးများသည် ကျွန်တော်တို့ယူတင်ဝတ်ဆင်ရမယ့် အရည်အသွေးတွေလည်းဖြစ်တယ်။ အထူးသဖြင့် နှိမ့်ချခြင်း၊ စင်ကြယ်ခြင်း၊ဝမ်းမြောက်ရွှင်လန်းမှုတို့ကို ကျွန်တော်တို့တတွေ ယူတင်ဝတ်ဆင်ကြဖို့ ဖြစ်ပါတယ်။ ။

Rev.Fr.Paulinusမြတ်ကြိုင်ရဲ့ Reflectionကို ပြန်ပြီးမျှဝေထားခြင်းဖြစ်ပါတယ်။
God bless you all.
#မိုးTRIO

မှော်ဘီသာသနာရဲ့ပထမဦးဆုံးရဟန်း၊ နောက်ပြီးတော့…မှော်ဘီသာသနာရဲ့ကျောင်းထိုင်Fr.နီကောလား၊မှော်ဘီသာသနာရဲ့ကျောင်းထိုင်ဟောင်းFr....
06/05/2026

မှော်ဘီသာသနာရဲ့ပထမဦးဆုံးရဟန်း၊ နောက်ပြီးတော့…မှော်ဘီသာသနာရဲ့ကျောင်းထိုင်Fr.နီကောလား၊မှော်ဘီသာသနာရဲ့ကျောင်းထိုင်ဟောင်းFr.Victorမောင်သစ်၊Fr.ရဲမြင့်၊Fr.ဆော်လမွန်..သုံးဆယ်က၊Fr.မောင်မောင်ကြီး၊လက်ရှိကျောင်းထိုင်ဘုန်းတော်ကြီးFr.Peterထွန်းထွန်းနဲ့ကျွန်တော်တို့တွေ ဒီနေ့မှာ ဦးလှရီရဲ့အဖအိမ်တော်ပြန်ခရီးကို နှုတ်ဆက်နေကြတာဖြစ်တယ်။

ကျွန်တော်တို့ သိကြတဲ့အရာတစ်ခုက သုံးဆယ်သာသနာကနေ မှော်ဘီသာသနာကိုခွဲတာ ၁၉၇၂လို့ သိကြတယ်။ အခု၂၀၂၆ဆိုတော့…တွက်ကြည့်တော့ မှော်ဘီသာသနာကိုခွဲတာ (၅၄)နှစ်ရှိပြီဆိုတော့ အခုဦးလှရီရဲ့အသက်က (၇၉)နှစ်။ မှော်ဘီသာသနာကို ခွဲတဲ့အချိန်မှာ ဦးလှရီရဲ့အသက်က (၂၅)နှစ်။
အဲဒီတော့ သူ ဒီသာသနာလုပ်ငန်းကို အသက်(၂၅)နှစ်ကတည်းက၊ အထူးသဖြင့် ဒီမှော်ဘီသာသနာအတွက် (၅၄)နှစ်တိုင်တိုင် သူ့ရဲ့ဆုတောင်းခြင်းအားဖြင့်၊ သူ့ရဲ့ခန္ဓာလုပ်အား ဆက်ကပ်ခြင်းအားဖြင့်၊ သူ့ရဲ့အသိ၊ဉာဏ်စွမ်းရှိသမျှ…၊နောက်ဆုံး ကျန်းမာရေးမကောင်းတဲ့အချိန်မှာ၊ အနားယူလိုက်တဲ့အချိန်မှာ ဆုတောင်းမေတ္တာအားဖြင့် သာသနာအကျိုးကို သယ်ပိုးခဲ့တယ်။

ကျွန်တော်တို့… သူ့အိမ်မှာ ညဖက်သွားလည်ရင် မလွယ်ဘူး။ ကျွန်တော်တို့… ကိုဖိုးထူးတို့.. အရွယ်တော့မတူကြဘူး၊ ဒါပေမယ့် ပေါင်းဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ညဘက်သွားလည်မိရင် မလွယ်ဘူး။ စိပ်ပုတီးစိပ်ရင် အရှည်ကြီး…။ လမ်းပြတာရာထဲကမေတ္တာတွေကုန်အောင် ဘုရားရှိခိုးပြီးမှ… ဘယ်ဧည့်သည်လာလာ..(ဘယ်ဧည့်သည်..လာလာ..) ဘုရားရှိခိုးပြီးမှ….။

ဒါ..နောက်ပိုင်းခေတ်တွေမှာ ကျွန်တော်တို့တတွေ ကိုရီးယားကား၊ တရုတ်ကား၊ဂျပန်ကား၊မြဝတီချန်နယ်၊ MRTVချန်နယ်တွေမှာ ကျွန်တော်တို့တတွေက ၇နာရီဇာတ်လမ်းပြီးမှ၊ ၈နာရီထိုးမှ ဘုရားရှိခိုးတယ်။ ဒါ..ရုပ်မြင်သံကြား ကိုးကွယ်တဲ့ခေတ်။

အခု အင်တာနက်ခေတ်၊WiFi၊ဆိုရှယ်မီဒီယာခေတ်တွေကျတော့ ပိုဆိုးသွားတယ်။ ဘုရားရှိခိုးဖို့ အချိန်မရှိတော့ဘူး။ ဆိုရှယ်မီဒီယာသုံးနေရတာနဲ့တင် အချိန်မရှိတော့ဘူး။ တစ်နည်းအားဖြင့် တစ်နေ့တာမှာ ဘုရားအတွက် သီးသန့်အချိန်ဆိုတာ မရှိသလောက်ဖြစ်သွားကြပြီ။ ဒါပေမယ့် ဦးလှရီ.. သူ့ရဲ့မိသားစုနဲ့အတူ…ကျွန်တော်တို့ရဲ့သာသနာမှာ ပိုပြီးတော့… အားလုံးကို သင်ခန်းစာပေးသွားတယ်။ သင်သွားပေးတယ် ။

မနှစ်က၊ ပါစကားတနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပျံလွန်တယ်။ အသင်းတော်ရဲ့ပြက္ခဒိန်အရတော့ အီစတာတနင်္ဂနွေနေ့ပေါ့။ ရက်အားဖြင့်တော့ ဧပြီ’၂၁။ ဒါပေမယ့် ဒီနှစ်မှာ..Easter Sunday မှာ ဦးလှရီ ကွယ်လွန်တယ်။ သူလည်း ဖရန်စစ်။ ဟိုက ဖရန်စစ်အစီစီ။ ဒီက ဖရန်စစ်ဇေးဗီးယဲ..။ ဆိုတော့… တကယ့်သာသနာတော်ရဲ့ နေ့ထူးနေ့မြတ်ကြီးတွေ…၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းရဲ့အထွတ်အထိပ်၊ အသင်းတော်ရဲ့ပြက္ခဒိန်မှာ အမြင့်ဆုံးသော၊ ကြီးကျယ်ခမ်းနားဆုံးသော ကျင်းပတဲ့၊ ယုံကြည်ရာအချက်ကြီး ကျင်းပတဲ့နေ့မှာ ကျွန်တော်တို့ရဲ့ ဦးလှရီကို သခင်ဘုရား ပြန်သိမ်းပိုက်တယ်။

ကျွန်တော်တို့တွေ ဒီမှာစုရုံးပြီးတော့ ဦးလှရီရဲ့စျာပနအခန်းအနားကို ကြည့်ပြီးမြင်တွေ့ရတာ ဘာလေးခံစားရလဲဆိုတော့ .သူ့ရဲ့မိတ်ဆွေ၊ဆွေမျိုးသားချင်းတွေကို ပြန်စုစည်းစေတဲ့ . ပြီးတဲ့အခါ… . ကျွန်တော်အခု ဒါ..ကျေးဇူးတင်နေကြတာ။ သူ့ရဲ့… ရှိခဲ့ဖူးတဲ့၊ ရှိနိုင်ခဲ့တဲ့ နှောင့်ယှက်ခြင်းခံရတဲ့အချိန်တွေအတွက် ကျွန်တော်တို့ဆုတောင်းပေးနေရုံတင်မဟုတ်ဘူး၊ ဒါပေမယ့်.. လာပြီးကျေးဇူးတင်နေကြတာ။ သူ့ရဲ့စျာပနမှာ… ဘာလို့လာတာလဲ။ ခုဆိုရင်.. ကား..။ဆီကလည်း ခက်ခဲတယ်၊ ဓာတ်ဆီကလည်း စျေးကြီးတယ်။ စုံ၊မလည်း ရှိသေးတယ်။ ရာသီဥတုကလည်း တော်တော်ပြင်းတယ်။ ဒါပေမယ့်… အခက်အခဲအမျိုးမျိုးကြားကနေ.. ဒီမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ.. အသက်အရွယ်ကြီးတဲ့သူတွေ ..လာတယ်။ ဘာဖြစ်လို့လဲ။ ချစ်လို့လာတာ။ ချစ်လို့။

ဆိုတော့… ဒီစျာပနလေးတစ်ခုလုံးက ဘာလဲ.. , & .
သူ့ကို လာကျေးဇူးတင်တယ်။ သူ့ကိုချစ်လို့ လာစုရုံးကြတယ်။ ဒီမှာ ဦးမျိုးသန့်သမီး…ဟိုမှာ သူ့ရဲ့သား… ရှိကြတယ်။ ပြန်ဆုံကြတယ်။ ဘုရားသခင်ရဲ့လူမျိုးတော်… ပြန်လည်ဆုံစည်းတယ်။ရန်ကုန်အဖွဲ့ရှိမယ်၊ မှော်ဘီအဖွဲ့ရှိမယ်၊ မကျီးကွင်းအဖွဲ့ရှိမယ်။ ရှိကြတယ်။ ဦးလှရီရဲ့အစ်မကြီးကတော့ အလုံမှာတော့ရှိပါတယ်။ ဒါပေမယ့်အသက်အရွယ်နဲ့…ကျန်းမာရေးအခြေအနေအရ…သူ့မောင်ကိုကြည့်ပြီး ပူဆွေးမှာနဲ့… ရာသီဥတုကလည်း ပြင်းထန်တော့ အသက်အန္တရာယ်စိုးရိမ်ရလို့ ခေါ်မလာခဲ့တော့ဘူး။ ဒါပေမယ့် သူ မစ္ဆားတောင်းတယ်။
ဒါပေမယ့် ဒီစျာပနအခမ်းအနားလေးမှာ , & . ပြန်လည်စုရုံးကြတယ်၊ ကျေးဇူးတင်ကြတယ်၊ ချစ်ခြင်းမေတ္တာတွေ ဖလှယ်ကြတယ်။

ဦးလှရီ အဖအိမ်တော်သို့ပြန်တဲ့၊ တနင်္ဂနွေနေ့ကဖတ်တဲ့..၊ ရှင်ပြန်ထမြောက်ခြင်းတနင်္ဂနွေနေ့မှာ ဖတ်တဲ့ကျမ်းစာတွေထဲမှာ မာရီးယားမာဒလေနားက မနက်စောစော၊ ဝေလီဝေလင်းပေါ့၊ အမှောင်ထု… အလင်းရောင်မထွက်သေးတဲ့အချိန်မှာ သင်္ချိုင်းကိုသွားတယ်။ သင်္ချိုင်းမှာ ကိုယ်တော်ရှင်ကို သင်္ဂြိုလ်ထားတဲ့ကျောက်တုံးကြီး ပွင့်နေတာကို တမန်တော်ကြီးတွေကိုသွားပြန်ပြောတယ်။ တမန်တော်ကြီးတွေ… ပေထရုနဲ့ယောဟန်နဲ့ သင်္ချိုင်းကိုလာကြည့်ကြတဲ့အခါမှာ ကိုယ်တော်ရှင်ကို ပတ်ရစ်ထားတဲ့အဝတ်က တနေရာ၊ ကိုယ်တော်ရှင်ရဲ့ဦးခေါင်းတော်ကိုဖုံးထားတဲ့အဝတ်က တနေရာစီ ရှိနေတာကိုတွေ့လိုက်ကြတယ်။ ဒါပေမယ့်မာရီးယားမာဒလေးနားတို့ထင်တာက ကိုယ်တော်ရှင်ကို သူတို့ယူသွားကြပြီလို့ ထင်တယ်။ တစ်ဘက်မှာလည်း ကိုယ်တော်ရှင်ကို သတ်ဖြတ်ကြတဲ့သူတွေ…ဘာသာရေးခေါင်းဆောင်တွေ… သူတို့ကလည်း လုပ်ကြံဇာတ် ဖန်တီးလိုက်တာက သူ့ရဲ့တပည့်တွေ လာခိုးသွားပြီလို့ အစောင့်တွေကိုလာဘ်ထိုးပြီးတော့ ပြောခိုင်းတယ်။ နှစ်ဖက်စလုံးက ခိုးသွားတယ်လို့ ထင်နေကြတယ်။

ဒါပေမယ့် သခင်ယေဇူး၊ လာဇရူးကို ရှင်ပြန်ထမြောက်စေတုန်းက င်္သချိုင်းထဲကနေ လာဇရူး ထွက်ခဲ့လို့ ကိုယ်တော်ရှင် လာဇရူးကိုခေါ်တဲ့အချိန်မှာ လာဇရူးက ခန္ဓာကိုယ်မှာ ပတ်ရစ်ထားတဲ့အဝတ်တွေနဲ့ထွက်လာခဲ့တယ်။ ဒါပေမယ့် ကိုယ်တော်ရှင်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာ ကိုယ်တော်ရှင်ကို ပတ်ရစ်ထားတဲ့ အဝတ်တွေမရှိဘူး။ သင်္ချိုင်းထဲမှာ ကျန်ခဲ့တယ်။ ဒါကြောင့် ကိုယ်တော်ရှင်ရဲ့ ခန္ဓာကိုယ်ကို၊ အလောင်းကို ယူသွားတယ်၊ခိုးသွားတယ်ဆိုတာ မှားတယ်၊ မဟုတ်ဘူး။ အကယ်၍ ခိုးတယ်ဆိုရင် ပတ်ရစ်ထားတဲ့အဝတ်တွေကို ကျန်နေစရာမလိုဘူး၊ ဖြည်စရာမလိုဘူး။ ဒါက ရစ်ပတ်ထားတဲ့အဝတ်တွေက သင်္ချိုင်းထဲမှာကျန်ရစ်တယ်ဆိုတာက ကိုယ်တော်ရှင်ရဲ့အမှန်တကယ် ရှင်ပြန်ထမြောက်ခြင်းအတွက် သက်သေခံပစ္စည်းသာဖြစ်တယ်။

ဒါကြောင့်မို့ ကျွန်တော်တို့တတွေ ယုံကြည်ရာအချက်ရဲ့အထွတ်အထိပ်၊ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်းဆိုတာကို ယုံကြည်ကြတယ်။ အခုနကဖတ်ခဲ့တဲ့ ပထမကျမ်းစာတွေ၊ ဒုတိယကျမ်းစာတွေကို ကြားကြတယ်။ ဒီယုံကြည်ခြင်းနဲ့ ဖခင်ဦးလှရီ အဖအိမ်တော်ကိုပြန်သွားတဲ့အတွက် သားသမီးတွေ ပူဆွေးတယ်….။ ဒါပေမယ့် အမြင့်မားဆုံးယုံကြည်ချက်ဖြစ်တဲ့ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်းဆိုတာကို ကျွန်တော်တို့ ယုံကြည်ကြတယ်။

ကျွန်တော်တို့တွေ ပါစကားကာလမှာ ရှိနေကြတယ်။ ပြီးတဲ့အခါမှာ အခုန ကျွန်တော်တို့ဖတ်တဲ့ ဧဝံဂေလိကျမ်းစာတော်မှာ ဘာပြောထားလဲဆိုရင်… င်္သချိုင်းကိုသွားတဲ့အခါမှာ ကောင်းကင်တမန်တော်က အကြင်သူသည် မည်သူ့ကိုရှာနေသနည်း…။ ဒါပေမယ့် ဒီအချိန်မှာ မာရီးယားမာဒလေနားက ကိုယ်တော်ရှင်ကို မမှတ်မိဘူး။ ကိုယ်တော်ရှင်ကိုယ်တိုင်ကလည်း မာရီးယားမာဒလေနားကိုမေးတယ်။ အချင်းအမျိုးသမီး… ဘာလို့ငိုနေတာလဲ။ သခင်…သိရင်ပြောပြပါ။ ဘယ်မှာထားလဲ…။
ဒါပေမယ့် ယေဇူးဘုရားရှင်က မာရီးယားမာဒလေနားကို “ #မာရီးယား..”လို့ ခေါ်လိုက်တဲ့အချိန်မှာ မာရီးယားက သူ့နာမည်ကို ကိုယ်တော်ရင်က ခေါ်လိုက်တဲ့အချိန်မှာ “ရာဗီ..၊ ဆရာသခင်..”ဆိုပြီး မှတ်မိသွားတယ်။

အဲဒီတော့…ယေဇူးဘုရားရှင်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ၊ ဘုရားသခင်ရဲ့စီမံကိန်းတော်မှာ အဓိကနေရာတွေကနေ ပါဝင်ခွင့်ရကြတဲ့သူတွေ… အမိမယ်တော်က အစ၊ အဖသံဇူဇယ်ကအစ၊ ယေဇူးဘုရားရှင်ရဲ့ ဒုက္ခစရိယာခံခြင်း၊ ယေဇူးဘုရားရှင်ရဲ့ ရှင်ပြန်ထမြောက်ခြင်းမှာ ကျွန်တော်တို့တွေ့ရတဲ့လူတွေရှိတယ်။ တမန်တော်ကြီးဂျွန်တို့၊ အမိမယ်တော်မာရီးယားရှိမယ်၊ ကလေအိုဖရဲ့မာရီးယားတို့၊မာရီးယားမာဒလေနားတို့ ရှိမယ်။ အာရိမာတေးရမြို့သားဇူဇယ်ရှိမယ်၊နီကောဒေမူး ရှိမယ်။ ဆီမွန်ဆီရေနေဦးရှိမယ်။

ဒီနေ့…မာရီးယားမာဒလေနားကို ယေဇူးဘုရားရှင်က နာမည်တပ်ခေါ်တဲ့အချိန်မှာ မာရီးယားမာဒလေနားက ရှင်ပြန်ထမြောက်တော်မူတဲ့ ခရစ်တော်သခင်ကို မမှတ်မိဘူး။ မမြင်ဘူး။ ခုနက.. မနက်စောစော… မှောင်နေတဲ့အချိန်မှာ မျက်စိက ကွယ်ပြီးတော့ မမြင်ဘူး။

ကျွန်တော်တို့တတွေလည်း တစ်ခါတလေ အမှောင်ရိပ်လွှမ်းမိုးတဲ့အခါမှာ ကိုယ်တော်ရှင်ကို မတွေ့ရဘူး၊ မမြင်ရဘူး။ ကိုယ်တော်ရှင်ရဲ့ အဖြစ်အခြေအနေတိုင်း၊ အမှန်အတိုင်းကို မမြင်ဘူး။ ဘာဖြစ်လို့လဲ။ လူတွေက Strugglesတွေ၊ Human strugglesတွေ…၊ လူတွေ ပူပင်သောကနဲ့၊ဒုက္ခဆိုတဲ့ အမှောင်ထုကြီးက ဖုံးလွှမ်းနေတဲ့အခါမှာ ကိုယ်တော်ရှင်ကို ကျွန်တော်တို့က မသိနိုင်ဘူး။ အထူးသဖြင့် ရှင်ပြန်ထမြောက်တော်မူခြင်းဆိုတဲ့အရာတွေ၊ ကျွန်တော်တို့ရဲ့အကြီးမားဆုံးမျှော်လင့်ခြင်းကို အမှောင်ထုကြီးက ဖုံးနေတဲ့အခါမှာ အဆိုးကိုအဆိုးနဲ့ တုံ့ပြန်မိတယ်။ အဆိုးကို ခွင့်မလွှတ်နိုင်ဘူး။အဆိုးကို အကောင်းနဲ့ မတုံ့ပြန်နိုင်ဘူး။ အဓိက ဒီအမှောင်ထုကြီး၊ Human struggles ဆိုတဲ့အမှောင်ထုကြီး ဖုံးလွှမ်းနေတယ်။

ဒါပေမယ့် ယေဇူးဘုရားရှင်က “မာရီးယား..”လို့ ခေါ်လိုက်တဲ့အခါမှာ မာရီးယားက “ရာဗောနီး..”ဆိုပြီး မှတ်မိသွားတယ်။ ဒီလိုပဲ ကျွန်တော်တို့တတွေ တစ်ဦးစီရဲ့ ဆေးကြောခြင်းမင်္ဂလာခံယူကတည်းက နာမည်ကိုယ်စီရဲ့..၊ ဖရန်စစ်ဇေးဗီးယဲ..လှရီ..။ မိတ်ဆွေကြီးဦးလှရီ… ဒီမှာ ကွယ်လွန်သွားပါပြီ။ ကျွန်တော်တို့တွေ မိတ်ဆွေကြီးဦးလှရီကွယ်လွန်တဲ့အချိန်မှာ မစ္ဆားတရားရဲ့ရှေ့ဆုံးမှာ ပြောသွားသလိုပဲ…..။

ဒါပေမယ့် လူတိုင်းကိုနာမည်တပ်ခေါ်သလိုပဲ.. ကျွန်တော်တို့ရဟန်းတော်တွေ သိက္ခာယူတဲ့အခါ…၊ (မနက်ဖြန်စိန်မေရီမှာ ဦးပဥ္ဇင်းကြီးသိက္ခာယူတင် ရှိတယ်။) စစ္စတာရ်တွေ သစ္စာယူတဲ့… Calling out….… သိက္ခာခံတဲ့သူဖြစ်ဖြစ်၊ သစ္စာယူတဲ့သူဖြစ်ဖြစ် နာမည်နဲ့ခေါ်တယ်။ Yes, my Lord. I come to do your will.. စသဖြင့် အသင်းဂိုဏ်းအပေါ်မူတည်ပြီးတော့ တုံ့ပြန်တာတွေတော့ မတူဘူးပေါ့။ အသင့်ရှိပါသည်။ ကိုယ်တော်ခေါ်သည်ကို အသင့်ရှိပါသည် စသဖြင့် နာမည်နဲ့ခေါ်ထုတ်ပြီးတော့…ဒီခေါ်တော်မူခြင်းအတွက် သစ္စာပြုတဲ့အချိန်တွေ၊ ရဟန်းသိက္ခာပြုတဲ့အချိန်မှာ အကုန်လုံးကို နာမည်နဲ့ခေါ်ထုတ်တယ်။

ဆိုလိုချင်တာက ယေဇူးဘုရားရှင်က၊ ဘုရားသခင်က ကျွန်တော်တို့ကို နာမည်နဲ့ သိတယ်။ ကျွန်တော်တို့တစ်ဦးစီကို နာမည်နဲ့ခေါ်တော်မူခြင်း ခံထားရတယ်။ ဘုရားသခင်ရဲ့ ဒီကယ်တင်ခြင်းလုပ်ငန်းမှာ၊ ယေဇူးဘုရားရှင်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ ကျွန်တော်တို့တစ်ဦးစီသည် ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေသလဲလို့မေးမယ်။ ဦးလှရီ…ဖရန်စစ်ဇေးဗီးယဲဦးလှရီ… သူ့ရဲ့ခေါ်တော်မူခြင်းအခန်းကဏ္ဍအတွက် သူတာဝန်ကျေခဲ့ပြီ။ သူတာဝန်ကျေခဲ့ပြီ။ ဒီမှာရှိတဲ့ကျွန်တော်တို့တတွေရော တကယ်ပဲသာသနာပြုလုပ်ငန်းမှာ ဘယ်အခန်းကဏ္ဍမှာ ရှိနေလဲ။ ဘယ်အခန်းကဏ္ဍမှာ နေနေလဲ။ စဉ်းစားဆင်ခြင်စရာကောင်းပါတယ်။(စဉ်းစားဆင်ခြင်စရာကောင်းပါတယ်။)

ငယ်ငယ်က ဟိုဖက်ခြမ်းမှာ၊ ဟိုဘက်အခြမ်းမှာ တရားသွားထောက်တဲ့အချိန်မှာ Fuse(ကြွေသီး)ပျက်တယ်။ ဒါးမိန်းခံပြီးသုံးတာ၊ Breakerခံပြီးသုံးတာ။ နည်းပညာတိုးတက်လာတဲ့အချိန်မှာ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေလည်း တိုးတက်လာတယ်။ အဲဒီFuseပျက်တဲ့အချိန်မှာ ဦးလှရီ…Fuseပျက်တာ ကိုယ်တော်မြတ်ဗိမ္မာန်တော်က မီးက ဘာလို့မမှိတ်တာလဲ။ ကိုယ်တော်မြတ်ဗိမ္မာန်က မီးက မပျက်ပါဘူး။ ဟာ…တန်ခိုးလို့ ထင်တာ..တန်ခိုးလို့။

ဒါပေမယ့် သူတို့ရဲ့..၊ သူတို့ကိုသွန်သင်ခဲ့တဲ့ ရဟန်းသီလရှင်တွေလို့ပဲပြောပြော..ဓမ္မဆရာတွေလို့ပဲပြောပြော.. ဘာသာရေးအသိတရားပေးတဲ့သူတွေရဲ့ နက်ရှိုင်းပြီးတော့.. ဒီဗိမ္မာန်တော်မီးကို ဘယ်လိုပျက်ပျက် (မီးသီးကျွမ်းတာကလွဲလို့)… {အရင်တုန်းကတော့ မီးအားနည်းတာပဲရှိတယ်၊ မီးပျက်တာတော့သိပ်မရှိပါဘူး။}… ဗိမ္မာန်တော်မီးကို မမှိတ်အောင် စီစဉ်ထားတယ်။ ဗိမ္မာန်တော်မီး အမြဲတမ်းလင်းနေတယ်။ အတတ်နိုင်ဆုံး သူတတ်တဲ့စွမ်းအားနဲ့ အမြဲလင်းနေအောင်စီစဉ်ထားတယ်။ မီးသီးကျွမ်းရင်တော့ လဲပေးပေါ့။(ကလေးဆိုတော့ မသိခဲ့ဖူးပေါ့…) သူတို့ရဲ့ ဘာသာရေးခံယူချက်…။ ကျွန်တော်တို့ လက်ရှိရဟန်းသီလရှင်တွေ… ကျွန်တော်တို့ရဲ့ နောင်လာနောက်သားတွေကို ဘာသာတရား၊အသိတရား သွန်သင်နေတဲ့သူတွေ.. ဒီလို နက်နက်ရှိုင်းရှိုင်းစွဲသွားအောင်…သင်ယူပေးခဲ့ဖို့လိုတယ်… သင်ယူပေးခဲ့ဖို့လိုတယ်..။

ဒီမှာ ကျွန်တော်တို့သိရတာ မယ်တော်ဂူကဆင်းတုကို ဦးလှရီလှူတယ်လို့ သိရတယ်။ ဒီမှာ မီးကြိုးတွေတပ်တဲ့အခါမှာ အပါးဂေးဗြဲလ်က သူ့ကို(ဦးလှရီ) ခိုင်းတယ်။ သူ့ကိုခိုင်းတော့ သူက Underground လုပ်ပစ်လိုက်တယ်။ ဆိုတော့.. စဉ်းစားကြည့်လေ။ ၁၉၈၀ ဝန်းကျင်လောက်ကတည်းက သူက မီးကြိုးတွေကို Underground ဆွဲတယ်။ဒါပေမယ့် အပါးကြီးဂေးဗြဲလ်က မရဘူး။ အကုန်ဖော်။ အကုန်အပေါ်ပြန်တင်။ အကုန်အပေါ်ပြန်တင်တော့ ဓာတ်တိုင်ထောင်ရျယ်။ အပေါ်မှာ ကြိုးတန်းရတယ်။ နာခံတယ်။ နာခံခဲ့တယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့တွေက သာသနာတော်မှာဆက်ကပ်ကြတာ ကိုယ့်ကိုဦးစီးနေတဲ့သူတွေရဲ့ ညွှန်ကြားချက်တွေကိုလည်း နာခံရတယ်။ နာခံတယ်ဆိုတာ လိုတယ်။ ဒီလောက်ပင်ပင်ပန်းပန်းနဲ့ လုပ်ထားပြီးမှတော့ အပါးကြီးဂေးဗြဲလ်က လာပြီးကြည့်ပြီးတဲ့အခါမှာ အကုန်အပေါ်ပြန်တင်..။ နာခံခဲ့တယ်။ နာခံခြင်းနဲ့ ဆက်ကပ်ခဲ့တယ်။

Fr.Nicholas ရဲ့ ရဟန်းသိက္ခာတင်တော့ ၁၉၈၈။ တကယ့် အရေးအခင်းကြီး၊ အုံကြွမှုကြီးဖြစ်ပြီးတော့.. မာရှယ်လောခေတ်မှာ၊ လူ၅ယောက်ထက် မစုရတဲ့ခေတ်မှာ၊ စစ္စတာရ်ကျောင်းရှေ့မှာ စတိတ်စင်ထိုးပြီးတော့ သိက္ခာတင်ပွဲကြီးကို ခမ်းခမ်းနားနားနဲ့ အကြီးအကျယ်….။ ဒီစစ္စတာရ်ကျောင်းအောက်မှာ အရင်တုန်းကရှိတဲ့ဓာတ်ပုံအဟောင်းတွေထဲမှာ… တပ်နယ်မှူးကိုယ်တိုင်(ဒုတိယဗိုလ်မှူးကြီးလောက်ရှိမယ်) ဒီသိက္ခာတင်ပွဲကို လာတယ်၊ တပ်နယ်မှူး။ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ Bishop Raymond ဖိုးရေက Fr.Nicholasကို ရဟန်းသိက္ခာပေးခဲ့တယ်။

ဆိုတော့… ပြောချင်တာက သာသနာလုပ်ငန်းကို ဆက်ကပ်ပြီး..လုပ်ဆောင်တဲ့အချိန်မှာ ခုခေတ်မိဘတွေဆိုလို့ရှိရင် ကိုယ်တော်ရေ..ဒီနေ့ မအားဘူး။ ကိုယ်တော်ရေ..ကလေးတွေ ကျောင်းရှိတယ်၊ ပြန်ကြိုရဦးမယ်၊ ချက်ရဦးမယ်၊ အိမ်ထောင်ဦးစီးပြန်လာရင် အဆင်သင့်လုပ်ရဦးမယ်….စသဖြင့်…။ ဒီကနေ့ ကျွန်တော်တို့ ဦးလှရီရဲ့ဆက်ကပ်အပ်နှံမှုအတွက် ဦးလှရီကို ကျေးဇူးတင်ရသလို၊ ဒေါ်ညွန့်ရီတို့မိသားစုကိုလည်း ကျေးဇူးတင်တယ်။ အနောက်က သူ့ရဲ့ဇနီးနဲ့ သားသမီးတွေက ပူညံပူညံလုပ်နေမယ်ဆိုရင် ဦးလှရီအတွက်က သာသနာတော်အလုပ်မှာ ကောင်းကောင်းလုပ်လို့ရမှာ မဟုတ်လောက်ဘူး။ ဒေါ်ညွန့်ရီက ကွမ်းလေးတမြုံ့မြုံ့နဲ့ ….။ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အရှေ့မှာ နိုင်ငံ့ဝန်ထမ်းလုပ်လုပ်၊ အစိုးရဝန်ထမ်းလုပ်လုပ်၊ သာသနာမှာဆက်ကပ်အပ်နှံထားရင် အနောက်ကမိသားစုရဲ့ အလိုက်သိတတ်မှု၊ ပံ့ပိုးမှုတွေက အများကြီး အရေးပါတယ်။ မိသားစုတွေက ရှိတာလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲပြီးတော့ နေသွားတယ်။ သားသမီးတွေကလည်း အများကြီးပဲ။

သူက မှော်ဘီသာသနာရဲ့ “ကကြီး” နဲ့ “အ”။ “ကကြီး” နဲ့ “အ”။ တကယ်ပဲ မှော်ဘီသာသနာရဲ့ အစနဲ့အဆုံး။ မှော်ဘီသာသနာကြီးကို မြေလှန်ပြီးတော့ကို ပါဝင်ပေးခဲ့တယ်။ ဦးဉာဏ်ဝင်းက ပြောသွားခဲ့သလိုပဲ အမြဲတမ်းအတွင်းရေးမှူး။ အမြဲတမ်းအတွင်းရေးမှူး။ ဒီ…အီစတာဆိုလို့ရှိရင် သန်းခေါင်မစ္ဆားမတိုင်ခင် အပေါ်ထပ်ကဘုန်းကြီးကျောင်းမှာ သာသနာလုံးကျွတ်အစည်းအဝေးကို ရွာကိုယ်စားလှယ်တွေ၊ ဓမ္မဆရာတွေ၊ ကျောင်းဒကာကြီးတွေ၊ ဂေါပကတွေ..ဒီမှာ အစည်းအဝေး လုပ်လေ့ရှိတယ်။ မှတ်မိသလောက်ဆိုရင် အဲဒီမှာ.. ဘာဖြစ်သလဲဆိုတော့.. ဂေါပက..ဦးဆောင်နေတာ…ကြာပြီ…ပြောင်းဖို့လိုနေတာ ကြာပြီ…ဆိုပြီး ပြောတဲ့လူတွေရှိလာတဲ့အခါကျရင် ပြန်ရွေးကြတယ်။ ဦးလှရီ…ထာဝရအတွင်းရေးမှူး…ဦးလှရီ၊ မပြောင်းနဲ့။

ဒါ..တကယ့်ကို..ဖြစ်ပျက်ခဲ့တဲ့၊ ရှိခဲ့တဲ့အရာတွေပါ။ သာသနာတော်ကို ဦးလှရီ ချစ်မြတ်နိုးတဲ့စိတ်၊ သူ့ရဲ့ဆက်ကပ်၊အပ်နှံတဲ့စိတ်အတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်။ အဲဒီအတွက် သူ့ကို ကျွန်တော်တို့တွေ ချစ်တယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့တွေ ပြန်ပြီးတော့ ဆုံစည်းကြတယ်။ သူ့ကိုလည်း ကျေးဇူးတင်တယ်။ ဒေါ်ညွန့်ရီကိုလည်း ကျေးဇူးတင်တယ်။ ဒီနေ့ ဦးလှရီလည်းသွားပြီ။ ဟိုမှာ မျိုးသန့်နဲ့ ဒေါ်ညွန့်ရီ စောင့်နေတယ်။

ဆိုတော့.. ကျွန်တော်တို့တွေသည် , , with ှာ ပြန်ဆုံကြတယ်။ ဒီပါစကားပွဲကာလမှာ ကျွန်တော်တို့ရဲ့ အထွတ်အထိပ်ဖြစ်ဆုံး ယုံကြည်ရာအချက် - ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်းဆိုတဲ့ အကြီးမားဆုံးမျှော်လင့်ချက်နဲ့၊ တစ်နေ့မှာ ဆေးကြောခြင်းမင်္ဂလာခံထားသူအားလုံး ဘုရားသခင်၏ခြေတော်ရင်း၌ အကုန်လုံး ပြန်စုစည်းကြမယ်၊ ဆုံစည်းကြမယ်ကို ယုံကြည်တယ်။ ဒီတိုင်းပဲ ဆက်လက်ပြီးရှင်သန်သွားကြပါစို့။ #ဦးလှရီပြုခဲ့တဲ့ ပုံသက်သေကောင်းအတိုင်း ဘုရားသခင်နာမည်နဲ့တပ်ခေါ်ထားတဲ့ လူတစ်ယောက်စီသည် သာသနာတော်ရဲ့ ကျရာအခန်းကဏ္ဍမှာ တာဝန်ကျေပြွန်စွာ ဆက်ကပ်၊အပ်နှံဆောင်ရွက်ကြဖို့လည်း ထပ်ပြီးတော့ တိုက်တွန်းပါတယ်။ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာ သင်တို့အပေါ်၌ သက်ရောက်ပါစေ။ ။

#မိုးTRIO

(07.04.2026၊ မှော်ဘီ၊ရွှေနှလုံးတော်ဘုရားကျောင်း၌ ကျင်းပခဲ့သော၊ ကွယ်လွန်သူFrancis Xavierဦးလှရီ၏စျာပနမစ္ဆားတရားတော်၌ Rev.Fr.Paulinus မြတ်ကြိုင် ဟောကြားခဲ့သော တရားရေအေးကို ပြန်လည်မျှဝေပေးထားခြင်းဖြစ်ပါတယ်။ ၂၂:၁၈မိနစ်ကြာတဲ့ဩဝါဒမှာ အသံမရှင်းလို့ အဆီအငေါ်မတည့်တာလေးတွေ၊ အချိတ်အဆက်မရှိတာလေးတွေအတွက်လည်း အားနာတောင်းပန်ပါတယ်။ အမှားပြင်ဆင်ချက်တွေကိုလည်း ကြိုဆိုပါတယ်ရှင်။)

Address

Inya Road, Kamaryut Ts..
Yangon

Website

Alerts

Be the first to know and let us send you an email when Karen Catholic Community- Fatima KCC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share