သင်သည် အဘယ်ကြောင့် ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေရပါသနည်း၊ သင်လူသားအဖြစ် အသက်ရှင်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်းဟု မိမိကိုယ်မိမိ မေးဘူးပါသလား။ သင်သည် ဘယ်လိုလူစားမျိုးပင်ဖြစ်နေပါစေ၊ သင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် ဘာပဲဖြစ်နေပါစေ၊ အချို့သောအချက်များပေါ်၌ သင်သည် လူအများစုကဲ့သို့ပင် သဘောတူလက်ခံပေလိမ့်မည်။
ငွေကြေးဥစ္စာသည် လူကို ကျေနပ်မှု မပေးစွမ်းနိုင်ပါ။
အသိပညာသည်လည်း လူကို ကျေနပ်မှု မပေးစွမ်းနိုင်ပါ။
ပျော်ရွှင်မှုသည်လည်း လူကို ကျေနပ်မှု မပေးစွမ်းနိုင်ပါ။
အောင်မြင်မှုသည်လည်း လူကို ကျေနပ်မှု မပေးစွမ်းနိုင်ပါ။
အဘယ်ကြောင့်နည်း?
အကြောင်းမှာ သင်သည် ဘုရားသခင်၏အကြံအစည်တော်ကို ကောင်းစွာ မသိသေးသောကြောင့် ဖြစ်ပါသည်။
ဘုရားသခင်၌ အကြံအစည်တစ်ခုရှိသည်။ ဤအကြံအစည်၌ လူအားဖြင့် အရာခပ်သိမ်းကို လုပ်ဆောင်ရန်ဖြစ်သည်။ ကျမ်းစာက ဤအကြံအစည်ကို ဘုရားသခင်၏စီမံကိန်းဟုခေါ်သည်။
ဘုရားသခင်၏စီမံကိန်းသည် လူအတွက်သာဖြစ်သည်။ ထိုစီမံကိန်းတွင် လူဖြစ်ခြင်း၏အစနှင့်အဆုံး၊ လူဖြစ်ရခြင်း၏ အဓိပ္ပါယ်များကို ဖော်ပြထားသည်။
ဘုရားသခင်၏စီမံကိန်းကို သင်မည်သို့ သိရှိနိုင်မည်နည်း
သော့ချက်လေးခု
ဘုရားသခင်၏စီမံကိန်းကို သိရှိနားလည်ရန် ဘုရားသခင်သည် သော့ချက်လေးခုကို သင့်အတွက် ပြင်ဆင်ထားပါသည်။ ဤသော့ချက်များမှာ သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထား၍၊ သော့ချက်အားလုံးသည် အညီအမျှ အရေးကြီးသောကြောင့် တစ်ခုကိုမျှ ချန်လှပ်ထား၍ မရနိုင်ပါ။
ကျေးဇူးပြု၍ ယခု သင့်စိတ်နှလုံးကိုဖွင့်လျက် ငြိမ်သက်စွာနှင့် ဂရုတစိုက် သေချာစွာဖတ်ရှုသွားစေလိုပါသည်။ သင်သည် ဤသော့ချက်များကို ခြုံငုံလေ့လာမိပါက ဘုရားသခင်၏စီမံကိန်းကို နားလည်လာ၍ ကျေနပ်နှစ်သိမ့်ခြင်း နှင့်ပြည့်ဝသော လူ့အသက်တာကို စတင်နိုင်လိမ့်မည်ဖြစ်သည်။
ပထမသော့ချက် ~ ဘုရားသခင်၏ဖန်ဆင်းခြင်း – လူအဖြစ်အသက်ရှင်နေခြင်း၏ နက်နဲသောအရာကိုဖွင့်ပြခြင်း
၁။ လူ၌ ဘုရား၏ပုံသဏ္ဌာန်တော်ရှိသည်
ကျေးဇူးပြု၍ ကျမ်းတစ်ပိုဒ်ကို ဖတ်ပါ။
”ဘုရားသခင်က ငါတို့ပုံသဏ္ဌာန်နှင့်တစ်ညီတစ်သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့” (က၊ ၁း၂၆က)
ဘုရားသခင်က လူကိုဖန်ဆင်းခြင်းသည် သူ၏အခြားသော ဖန်ဆင်းခြင်းအားလုံးနှင့်မတူ၊ ကွဲပြားခြားနားသည်။ ဘုရားသခင်သည် မိမိ၏ ပုံသဏ္ဌန်တော်နှင့်အညီ လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ လက်အိတ်တစ်ခုကို လက်နှင့် တစ်ညီတစ်သဏ္ဌန်တည်း ဖန်တီးခြင်းမှာ လက်ကိုထည့်ဝင်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ ထိုနည်းတူ လူကို ဘုရားနှင့်တစ်ညီတစ်သဏ္ဌန်တည်း ဖန်ဆင်းခြင်းမှာ ဘုရားကို ထည့်ဝင်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။
၂။ လူသည် ထည့်စရာခွက်တန်ဆာပလာဖြစ်သည်
ယခု ကျမ်းတစ်ပိုဒ်ကို ထပ်မံဖတ်ကြည့်ပါစို့။
”ဘုန်းတော်အဖို့ ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများ တည်းဟူသော၊ ……..”(ရော၊၉း၂၃)
ကျွန်ုပ်တို့သည် ဘုရားသခင်၏ထည့်ဝင်စရာအိုးများဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထဲ၌ ဖြည့်ဝင်ရာအဖြစ် ထည့်ဝင်လိုသည်။ ပုလင်းကို ရေထည့်ရန် ပြုလုပ်ထားသကဲ့သို့၊ လူကို ဘုရားထည့်ဝင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။ သင့်အား ဘုရားသခင်ကို ထည့်ဝင်ရန် ဖန်ဆင်းထားခြင်းဖြစ်သောကြောင့် အသိပညာ၊ ငွေကြေးဥစ္စာ၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့သည် သင့်ကို ဘယ်သောအခါမျှ ကျေနပ်နှစ်သိမ့်ခြင်း မပေးနိုင်သည်မှာ အံ့သြစရာမရှိပါ။
၃။ လူ၏အစိတ်အပိုင်းများ
ကျေးဇူးပြု၍ ကျမ်းတစ်ပိုဒ်ကို ဖတ်ရှုကြည့်ပါ။
”သင်တို့၏ဝိညာဉ်၊ စိတ်နှင့် ခန္ဓာအပေါင်းသည်….ပြည့်စုံစွာ စောင့်မခြင်းခံရပါစေသော” (၁သက်၊၅း ၂၃)
လူသည် ဘုရားသခင်၏ ထည့်စရာတန်ဆာပလာဖြစ်သည်။ သမ္မာကျမ်းစာက ထိုတန်ဆာပလာကို ခန္ဓာ၊ စိတ်၊ ဝိညာဉ်ဟူ၍ အပိုင်းသုံးပိုင်း ဖော်ပြထားပါသည်။ အောက်ပါပုံကိုကြည့်ပါ။
ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာဖြစ်၍၊ ဇီဝကမ္မအလွှာနှင့်ဆိုင်ပြီး၊ ရုပ်ဝတ္ထုနယ်ပယ်ရှိအရာများကို ထိတွေ့ဆက်ဆံနိုင်သည့် အပြင်ဖက် အကျဆုံး အစိတ်အပိုင်းဖြစ်သည်။
စိတ်သည် စိတ်ပိုင်းဆိုင်ရာ ဖြစ်၍ စိတ္တဗေဒအလွှာနှင့်သက်ဆိုင်ပြီး၊ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိအရာများကို ထိတွေ့ဆက်ဆံနိုင်သည့် အတွင်းဖက်ကျသည့် အစိတ်အပိုင်းဖြစ်သည်။
ဝိညာဉ်သည် အတွင်းဖက်အကျဆုံး အစိတ်အပိုင်းဖြစ်၍ ဝိညာဉ် အလွှာနှင့်သက်ဆိုင်ပြီး၊ ဘုရားအရာများကို ထိတွေ့ဆက်ဆံနိုင်သည်။
~ ခန္ဓာပိုင်းဆိုင်ရာပြဿနာအတွက် ဆရာဝန်ထံသွားရသည်။
~ စိတ်ပိုင်းဆိုင်ရာပြဿနာအတွက် စိတ်ဆရာဝန်ထံ သွားရသည်။
~ ဝိညာဉ်ဆိုင်ရာပြဿနာကိုမူ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဖြေရှင်းပေးနိုင်သည်။
၄။ ဘုရားသခင်၏စီမံကိန်း
ဘုရားသခင်သည် လူ၏ဝိညာဉ်ထဲသို့ ဝင်ရောက်ကာ လူ၏ ကျေနပ်နှစ်သိမ့်မှုနှင့်ပါဝင်မှုအဖြစ် ဖြစ်လာရန် အလိုတော်ရှိသည်။ ဤကား လူဖြစ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ဘုရားသခင်သည် သင့်အား ဝမ်းဗိုက်ထဲ အစားအစာ ဖြည့်တတ်ရုံ၊ သို့မဟုတ် အသိဉာဏ်ထဲ အသိပညာဖြည့်ဆည်း တတ်ရုံမျှ ဖန်ဆင်းထားခြင်းမဟုတ်ပါ။ သင့်ဝိညာဉ်ထဲ၌ ဘုရားထည့်ဝင်ရန် ဘုရားသခင်သည် သင့်ကိုဖန်ဆင်းထားခြင်းဖြစ်သည်။
ဒုတိယသော့ချက် ~ လူ၏ကျဆင်းခြင်း – လူ၏ကောင်းသောသဘာဝနှင့် မကောင်းသောသဘာဝ၏ နက်နဲမှုကို ဖွင့်သည့်သော့ချက်
၁။ လူ၏သဘောသဘာဝနှစ်မျိုး
လူသည် ဘုရားနှင့် တစ်ညီတစ်သဏ္ဌန်တည်း ဖန်ဆင်းခံရသောကြောင့် ဘုရား၏သဘာဝနှင့် လိုက်လျောညီထွေမှုရှိသည့် ကောင်းမြတ်ခြင်းများဖြစ်သော- မှန်ကန်ခြင်း၊ ကောင်းမြတ်ခြင်း၊ ချစ်ဖွယ်ကောင်းခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ကြင်နာခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း စသည့် ကောင်းသောသဘာဝတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
သို့သော်လည်း လူ၌အထက်ပါကောင်းသောသဘာဝကို ဆန့်ကျင်တိုက်ခိုက်နေသည့် မကောင်းသောသဘာဝလည်း ရှိနေသည်။ တရုတ်အဘိဓမ္မာပညာရှင်တို့က ဤအရာကို ဆင်ခြင်တုံတရားနှင့် တပ်မက်မှုတဏှာအကြား စစ်ပွဲဟု တင်စားသမုတ်ကြသည်။ သမိုင်း တလျှောက် ကမ္ဘာ့ အရှေ့၊ အနောက် မနုဿပညာရှင်များက လူ၌ မကောင်းသောသဘာဝရှိနေသည်ကို ဝန်ခံကြလေသည်။ ယင်းကို ကျမ်းစာက အပြစ်ဟူ၍ ဖော်ပြခေါ်ဝေါ်သည်။
၂။ အပြစ်တရား
လူအထဲ၌ အပြစ်တရားရှိသောကြောင့် လူသည် သူ၏ကောင်းသောကြံရွယ်ချက်များကို မစွမ်းဆောင်နိုင်ပါ။
မည်သူမျှ လောဘကြီးသူ၊ သဝန်တိုသူ၊ လူသတ်သမားမဖြစ်လိုပါ။
မည်သူမျှ ကြွားဝါသူ၊ သွေးကြီးသူ၊ လိမ်ညာသူမဖြစ်လိုပါ။
မည်သူမျှ ဒေါသကြီးသူ၊ လွန်ကျူးသူ၊ တပ်မက်ကြီးသူ မဖြစ်လိုပါ။
မည်သူမျှ ငြီးတွားသူ၊ ဆင်ခြေတက်သူ၊ ကျိန်ဆဲသူ မဖြစ်လိုပါ။
သို့သော်လည်း လူသည် သူ၏မကောင်းသောသဘာဝမှ မလွတ် မြောက်နိုင်ပါ။ ကျေးဇူးပြု၍ အောက်ပါကျမ်းပိုဒ်တို့ကို ဖတ်ပါ။
”ငါ့အထဲမှာ ငါ့အသွေးအသား၌ ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်သည်ကို ငါသိ၏။ အကြောင်းမူကား ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။”(ရော၊၇း၁၈)
”ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်၊ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။” (ရော၊၇း၂ဝ)
၃။ လူ၏ကျဆင်းခြင်း
အပြစ်တရားသည် လူအထဲသို့ဝင်ရောက်လာ၍၊ လူကိုကျဆင်းစေသည်။ အောက်ပါပုံကိုကြည့်ပါ။
အပြစ်တရားသည် လူ၏ဝိညာဉ်ကို အသေကဲ့သို့ဖြစ်စေသည်။”သို့ရာတွင်ကျူးလွန်ခြင်းများနှင့်ဒုစရိုက်အပြစ်များ၌ သေလျက်ရှိနေသော သင်တို့သည်၊” (ဧဖက်၊၂း၁)
အပြစ်တရားသည် လူ၏အသိဉာဏ်ကို ပုန်ကန်တတ်စေသည်။ ”အထက်က ဘုရားသခင်နှင့်ကွာရှင်း၍ဆိုးညစ်သောအကျင့် တို့ကိုကျင့်သဖြင့် အသိဉာဏ်၌ ရန်သူဖြစ်သောသင်တို့ကို”(ကော၊၁း၂၁)
အပြစ်တရားသည် လူ၏ကိုယ်ခန္ဓာကို အပြစ်ပြုစေသည်။ ”ထို့ကြောင့် သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။” (ရောမ၊၆း၁၂)
ကျဆင်းသွားသောလူသည်
ဂီတအသံလှိုင်းကိုဖမ်းမရ၍ စူးရှဆူညံသံထွက်နေသော ပျက်စီးသွားသည့် ရေဒီယိုနှင့်တူသည်။
ထို့အပြင် သူသည်
ရေပုပ်မြောင်းထဲသို့ကျသွားသဖြင့် ရွှံ့ပေကျံနေသော လှပသည့် တန်ဖိုးကြီးခွက်တစ်လုံးနှင့်လည်း တူပါသည်။
၄။ လူသည် သူ့ကိုသူ မကယ်တင်နိုင်ပါ
ခေတ်သမိုင်းတလျှောက် လူသည် အပြစ်မှ လွတ်မြောက်ခြင်းငှာ ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း အောက်ပါ အတိုင်းသာ တွေ့ရှိခဲ့ရသည်။
ကောင်းမှုကုသိုလ်လုပ်ခြင်းသည် လူကို အပြစ်မှမကယ်တင်နိုင်ပါ။
တတ်သိပညာသည်လည်း လူကို အပြစ်မှ မကယ်တင်နိုင်ပါ။
ကျင့်ဝတ်သိက္ခာသည်လည်း လူကို အပြစ်မှ မကယ်တင်နိုင်ပါ။
တရားစာရွတ်ဆိုခြင်းသည်လည်း လူကို အပြစ်မှ မကယ်တင်နိုင်ပါ။
ဘာသာတရားသည်လည်း လူကို အပြစ်မှ မကယ်တင်နိုင်ပါ။
ဤကား လူ၏ကောင်းသောသဘာဝနှင့် မကောင်းသော သဘာဝအကြားတိုက်ပွဲကို ရိုးစင်းစွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။
တတိယသော့ချက် ~ ခရစ်တော်၏ရွေးနှုတ်ခြင်း – ဘုရား-လူ၏အသက်ရှင်ခြင်းနှင့် အသေခံခြင်း၏ နက်နဲမှုကို ဖွင့်ပြခြင်း
၁။ ခရစ်တော်သည် မည်သူနည်း?
ခရစ်တော်သည် လူ့အသက်တာ၏ ပြဿနာများကို ဖြေရှင်းရန် ဘုရားထံမှ လောကသို့ စေလွှတ်တော်မူသော ကယ်တင်ရှင်ဖြစ်သည်။
သူသည် သုံးပါးတစ်ပါးဘုရား၏ကိုယ်ထင်ရှားခြင်းဖြစ်သည်။
”အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ကိန်း ဝပ်တော်မူ၏။” (ကော၊၂း၉)
သူသည် လူ့ဇာတိခံယူသော ဘုရားလည်းဖြစ်သည်။
”နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ ၏….နှုတ်ကပတ်တော်သည်လည်း အသွေးအသားဖြစ်လာ၍၊ ……..ငါတို့အလယ်တွင်တဲတော်အဖြစ်တည်နေတော်မူ၏” (ယော၊၁း၁၊ ၁၄)
ထို့ကြောင့် ခရစ်တော်သည် ပြည့်စုံသည့်ဘုရားဖြစ်သကဲ့သို့ စုံလင်သော လူသားလည်း ဖြစ်သည်။
သူသည် လူကောင်းတစ်ဦးအဖြစ်ထက် သာလွန်ပါသည်။
သူသည် ကြီးမြတ်သောလူတစ်ဦးအဖြစ်ထက် သာလွန်ပါသည်။
သူသည် သီလသိက္ခာရှိသူတစ်ဦးအဖြစ်ထက် သာလွန်ပါသည်။
သူသည် သန့်ရှင်းသောလူတစ်ဦးအဖြစ်ထက် သာလွန်ပါသည်။
သူသည် ဘုရား-လူ ပါတကား
၂။ ဘုရား-လူ၏ အသေခံခြင်း
ဤဘုရား-လူသည် သစ်တိုင်၌သံမှိုနှက်၍ ချိတ်ဆွဲခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေခဲ့သည်။ သူသည် အောက်ပါသွင်ပြင်အနေအထားသုံးရပ်ဖြင့် အသေခံခဲ့သည်။
ဘုရားသခင်၏သိုးသငယ်အသွင်ဖြင့် သူသည် လူတို့၏ဒုစရိုက်အပြစ်ကို ယူဆောင်လျက် အသေခံခဲ့သည်။
”ဤလောကအပြစ်ကိုဆောင်ယူသွားသော ဘုရားသခင်၏သိုးသငယ်” (ယော၊၁း၂၉ )
မြှောက်ထားသောကြေးဝါမြွေရုပ်အသွင်ဖြင့် သူသည် ရှေးမြွေဟောင်းဖြစ်သည့် စာတန်ကို ရိုက်ချိုးဖျက်ဆီးခြင်းဖြင့် အပြစ်၏သဘာဝဖြစ်သည့် လူအထဲမှ မြွေ၏အဆိပ်ကို ဆက်ဆံဖြေရှင်းလျက် အသေခံခဲ့သည်။
”မောရှေသည် တော၌ မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်း ခံရမည်” (ယော၊၃း၁၄)
ဂျုံစပါးမျိုးစေ့အသွင်ဖြင့် သူသည် ဘုရားအသက်ကိုထုတ်လွှတ်ပေးရန် အသေခံခဲ့သည်။
”မြေ၌ကျသောစပါးစေ့သည် ……. ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏”(ယော၊၁၂း၂၄)
ယခုတွင်
ကိုယ်တော်၏ အသေခံခြင်းသည် လူ၌ မရှိသင့်သော်လည်း ရှိနေသည့် အပြစ်တရားကို ဖယ်ရှားပေးသည်။
ကိုယ်တော်၏ အသေခံခြင်းသည် လူအထဲ၌ လိုအပ်သော်လည်း မရှိသေးသော အသက်ကို ဝေငှဖြန့်ဖြူးပေးသည်။
စတုတ္ထသော့ချက် ~ ဘုရားသခင်၏ဝေငှဖြန့်ဖြူးခြင်း – ခရစ်တော်၌ ယုံကြည်ခြင်း၏ နက်နဲမှုကို ဖွင့်ပြခြင်း
၁။ ခရစ်တော်၏ဖြစ်ခြင်းနှစ်မျိုး
ဘုရားသခင်သည် အသွေးအသားကိုခံယူ၍ ယေရှုဟုခေါ်သော လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည်။ အောက်ပါကျမ်းပိုဒ်ကို ဖတ်ရှုပါ။
”နှုတ်ကပတ်တော်သည်လည်း အသွေးအသားဖြစ်လာ၍၊ ငါတို့အလယ်တွင် တဲတော်အဖြစ် တည်နေတော်မူ၏” (ယောဟန်၊၁း၁၄)
သခင်ဘုရားသည် သေခြင်းမှထမြောက်၍ အသက်ပေးသော ဝိညာဉ်တော်ဖြစ်လာခဲ့သည်။ အောက်ပါကျမ်းချက်ကိုဖတ်ပါ။
”နောက်ဆုံးဖြစ်သောအာဒံမူကား အသက်ပေးသော ဝိညာဉ်တော်ဖြစ်၏”(၁ကော၊၁၅း၄၅)
ဤဝိညာဉ်တော်သည် အသက်ပေးသောဝိညာဉ်တော် ဖြစ်သောကြောင့် သူ၏ယုံကြည်သူအထဲသို့ အသက်နှင့်တကွ ဘုရားကိုဝေငှဖြန့်ဖြူးပေးလျက်ရှိပါသည်။
”သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား၊ အသက်ကိုမရ။”(၁ယော၊၅း၁၂)
၂။ အသစ်တဖန်မွေးဖွားခံရသောလူ
ပထမမွေးဖွားခြင်း၌ လူသည် ရုပ်ပိုင်းဆိုင်ရာအသက်ကိုရရှိသည်။ လူသည် ခရစ်တော်အားဖြင့် ဘုရားအသက်ကို ရရှိသောအခါ အတွေ့အကြုံအားဖြင့် ဒုတိယမွေးခြင်းကို ခံရသည်။ သမ္မာကျမ်းစာက ယင်းကို အသစ်တစ်ဖန်မွေးဖွားခံရခြင်းဟု ခေါ်သည်။
”ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ငါတို့ကို အသစ်တစ်ဖန်မွေးဖွားပေးတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည်”(၁ပေ၊၁း၃)
”ယေရှုက၊ အသစ်မွေးဖွားခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော် ကိုမမြင်ရ”(ယော၊၃း၃)
ဝက်တစ်ကောင်သည် တတ်သိပညာ၊ ပြောင်းလဲတိုးတက်ခြင်း၊ စည်းကမ်းဥပဒေများအားဖြင့် သိုးနိုင်ငံသို့ ဝင်ရောက်ပါဝင်ဆက်ဆံနိုင်မည်မဟုတ်ပါ။ ဤသို့ပြုနိုင်ရန် ဝက်သည် သိုးအသက်ကို ရရှိပိုင်ဆိုင်ဖို့လိုအပ်သည်။
ထိုနည်းတူစွာ လူသည် တတ်သိပညာ၊ ပြောင်းလဲတိုးတက်ခြင်း၊ စည်းကမ်းဥပဒေသများအားဖြင့် ဘုရားနိုင်ငံတော်သို့ဝင်ရောက်ကာ၊ ပါဝင်ဆက်ဆံရန်နှင့် ဘုရားအသက်ကိုအသက်ရှင်ရန် မဖြစ်နိုင်ပါ။ ထိုသို့ပြုရန် ဦးစွာ ဘုရားအသက်ကို ရရှိပိုင်ဆိုင်ရမည် ဖြစ်သည်။
၃။ ခရစ်ယာန်ဖြစ်ခြင်း၏အဓိပ္ပါယ်
ခရစ်ယာန်ဆိုသည်မှာ ဘုရားသခင်၏ဝေငှဖြန့်ဖြူးပေးခြင်းကို လက်ခံရရှိသောသူဖြစ်သည်။ ဘုရားသခင်သည် ဦးစွာ သူကိုယ်တော်တိုင်ကို ကျွန်ုပ်တို့ဝိညာဉ်အထဲသို့ ဝေငှဖြန့်ဖြူးပေးပြီး၊ ဝိညာဉ်မှ တစ်ဆင့် စိတ်နှလုံးထဲသို့ ပျံ့နှံ့ဝင်ရောက်သွားသည်။ နောက်ဆုံး၌ ကျွန်ုပ်တို့ဝိညာဉ်၊ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို သူကိုယ်တော်တိုင်ဖြင့် ပြည့်ဝလာသည့်တိုင် ဖြည့်ပေးမည်ဖြစ်သည်။ ဤနောက်ဆုံးအဆင့်ကို သမ္မာကျမ်းစာက ဘုန်းဝင်စားခြင်းဟု ခေါ်ဆိုလေသည်။
”ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူ၏။ ဖြောင့်မတ် စေတော်မူသောသူတို့ကိုလည်း ဘုန်းဝင်စားစေတော်မူ၏။”(ရော၊၈း၃ဝ)
ဤသို့အားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပုံသဏ္ဌာန်တူညီခြင်းရှိလာသည်အထိ ပုံသွင်းပြုပြင်ခံရမည်ဖြစ်သည်။
”ဘုရားသခင်သည် ရှေးမဆွကသိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တစ်ညီတည်းဖြစ်စေခြင်းငှါ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။”(ရော၊၈း၂၉)
ဤသည်မှာ လူ့အသက်တာ၏ရည်ရွည်ချက်ဖြစ်သည်။
ဤသည်မှာ ခရစ်ယာန်ဖြစ်ရခြင်း၏အဓိပ္ပါယ်ဖြစ်သည်။
ဤသည်မှာ ဘုရား သင့်အပေါ်ထားရှိသော အကြံအစည်တော်ဖြစ်သည်။
ယခု သင်ဘာလုပ်ရမည်နည်း
၁။ စိတ်နှလုံးကို ဘုရားထံလှည့်ပြန်ပါ- နောင်တရပါ
နောင်တရခြင်းသည် နောက်ကြောင်းပြန်သံဝေဂရရန် မဟုတ်ပါ။ နောင်တရခြင်းသည် ဘဝစာမျက်နှာအသစ်စရန် မဟုတ်ပါ။ နောင်တရခြင်းသည် စိတ်နှလုံး၌ ပြောင်းလဲခြင်းရှိရန်ဖြစ်သည်။ ယခင်က သင်သည် ဘုရားသခင်ကို ကျောခိုင်းနေခဲ့သည်။ သင်သည် ကောင်းမှုလုပ်သည်ဖြစ်စေ၊ မကောင်းမှုလုပ်သည်ဖြစ်စေ ဘုရားထံမှ ဝေးရာသို့သာ ဦးလှည့်လျက်ရှိသည်။ သင်၏အသိဉာဏ်သည် ဘုရားနှင့်ဝေးဖို့ကိုသာရှေ့ရှုနေသည်။ ယခု သခင်ယေရှုဘာပြောသည် ကိုနားထောင်ကြည့်စေလိုပါသည်။ ”ယေရှုက နောင်တရကြလော့။ ကောင်းကင်များ၏ နိုင်ငံတော်သည် တည်လုနီးပြီ” (မ၊၄း၁၇)
၂။ ယုံကြည်ပါ-လက်ခံပါ
ယုံကြည်ခြင်းသည် ခေါင်းညိတ်ခြင်းမဟုတ်သလို၊ သဘောတူ ခြင်း၊ အလေးထားခြင်းမျှလည်း မဟုတ်ပါ။ တစ်စုံတစ်ယောက်က သင့်ကို လက်ပတ်နာရီလက်ဆောင်ပေးလျှင် သဘောတူကြောင်းနှင့် နှစ်ခြိုက်သဘောကျကြောင်း ခေါင်းညိတ်ရုံဖြင့် မလုံလောက်ပါ။ သင်သည် နာရီကို လက်ခံရယူဖို့လိုသည်။ ယုံကြည်ခြင်းသည် လက်ခံရယူခြင်းဖြစ်သည်။ အောက်ပါ ကျမ်းချက်ကိုဖတ်ကြည့်ပါ။”ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမအထဲသို့ ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ပေးတော်မူ၏”(ယော၊၁း၁၂)
၃။ ဝန်ခံပါ – ခေါ်ပါ
ခရစ်ယာန်ဖြစ်ခြင်းသည် ပွင့်ပွင့်လင်းလင်းရှိရမည့်အကြောင်းအရာဖြစ်သည်။ ဘုရားသခင်သည် သင့်စိတ်နှလုံး ယုံကြည်ခြင်းနှင့်၊ သင့်နှုတ်ဖြင့်ဖွင့်ဟဝန်ခံရန်တောင်းဆိုပါသည်။ သင့်စိတ်နှလုံးယုံကြည်ခြင်းမရှိလျှင် သင်ကယ်တင်ခြင်းမရနိုင်ပါ။ သင်နှုတ်ဖြင့်ဝန်ခံခြင်း မရှိလျှင်လည်း ကယ်တင်ခြင်းသို့မရောက်ရှိနိုင်ပေ။ သို့သော်-
”ယေရှုသည်သခင်ဖြစ်တော်မူကြောင်းကိုသင်သည် နှုတ်ဖြင့် ဝန်ခံ၍ ဘုရားသခင်သည်သူ့ကို သေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်ကယ်တင်ခံရလိမ့်မည်”(ရော၊၁ဝး၉)
ယခုတွင် “အို၊ သခင်ယေရှု”ဟူ၍ သုံးကြိမ်ခေါ်ကြည့်ပါ။
“အို၊ သခင်ယေရှု”
“အို၊ သခင်ယေရှု”
“အို၊ သခင်ယေရှု”
ယခုတွင် သင်သည် ကယ်တင်ခံရပြီ။ ငရဲမီးအိုင်မှ လွတ်မြောက်ပြီဖြစ်သည်။
၄။ ဗတ္တိဇံခံပါ – သက်သေခံပါ
ဗတ္တိဇံသည် လူအများရှေ့မှောက်တွင်သက်သေခံခြင်းဖြစ်သည်။ ယုံကြည်သောသူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် ဘုရားရှေ့နှင့် လူတို့ရှေ့၌ ဗတ္တိဇံကိုခံယူရမည်ဖြစ်သည်။ သခင်ယေရှုမိန့်တော်မူသည်မှာ –
”ယုံကြည်၍ ဗတ္တိဇံခံယူသောသူသည် ကယ်တင်ခံရလတံ့။ မယုံကြည်သောသူမူကား စီရင်ခြင်းခံရလတံ့” (မာ၊၁၆း၁၆)
ဗတ္တိဇံအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား စာတန်၏နိုင်ငံမှ ဘုရားသခင်၏နိုင်ငံတော်အထဲသို့ ပြောင်းရွှေ့ပေးသည်။ သို့ဖြစ်၍ သခင်ယေရှုက-
”ရေနှင့်ဝိညာဉ်တော်၏မွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော် သို့မဝင်နိုင်ဟု ငါအမှန်အကန် ဆို၏”(ယော၊၃း၅)
ယခု ကျေးဇူးပြု၍ ဆုတောင်းပါ
ယခု သင်သည် လူ့အသက်တာ၏နက်နဲခြင်းကို ရှင်းလင်းစွာ နားလည်ရပြီဖြစ်သည်။ ဘုရားသခင်သည် သင့်အား သူ၏အကြံအစည်တော်၌ ထားရှိလျက် ကောင်းကြီးပေးပါစေသော။