28/09/2022
ကျေးဇူးကြီးပါတယ် ဘုရား။
🎯 ချိန်ရင်တည့်တာပဲ၊ အားစိုက်ရင်ရောက်တာပဲ
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး
www.facebook.com/panditaramasayatawgyi
🔸 အကုသိုလ်ဆိုတာမျိုးက သာမန်ဆိုရင်တော့ တစ်မျိုးတည်းလို့ ထင်ရတာပါပဲ၊ သို့သော် အခိုက်အတန့်အားဖြင့် ကွာခြားမှုရှိပါတယ်။ သတ်ဖြတ်တဲ့အခါ၊ သူများပစ္စည်း အပိုင်စီးတဲ့အခါ၊ မိစ္ဆာစာရကာမမှု ကျူးလွန်တဲ့အခါ၊ လိမ်တဲ့အခါ၊ ရန်တိုက်တဲ့အခါ၊ ကြိမ်းမောင်းဆဲဆိုတဲ့အခါ၊ အနှစ်မဲ့စကားတွေ ပြောဆိုတဲ့အခါ − အဲ့ဒီအခါမျိုးတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေက သာမန်မဟုတ်တော့ဘူး။ အင်မတန်ကို ပြင်းထန်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်နေတာ၊ လွန်ကဲနေတာ။ လွန်ကဲမှုတွေ ဖိစီးလာလို့ရှိရင် ကျူးလွန်စော်ကားတဲ့ အဆင့်အထိ ရောက်သွားတော့တာပဲ။ အဲ့ဒါကို ပါဠိလို “၀ိတိက္ကမကိလေသာ” ခေါ်ပါတယ်။ လွန်ကျူးစော်ကားတာတဲ့။ စိတ်ထဲမှာတင် ပြီးပြီးပျောက်ပျောက် မဟုတ်တော့ဘူး၊ စိတ်ထဲမှာ အားကောင်းလာတော့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး လောဘအလိုကိုလိုက်ပြီးတော့ သူများပစ္စည်း အပိုင်စီးလိုက်တာ၊ မိစ္ဆာစာရကာမမှု ကျူးလွန်တာ၊ ဒေါသအလိုလိုက်ပြီးတော့ ညှင်းဆဲသတ်ဖြတ်တာ၊ မစားရတဲ့အမဲ သဲနဲ့ပက်တာ၊ သူများအကျိုးမဲ့အောင် ချောက်တွန်းတာ၊ လိမ်တာ၊ ညာတာ၊ လှည့်တာ − အင်မတန် ကြောက်စရာကောင်းပါတယ်၊ လွန်ကျူးစော်ကားတဲ့အပိုင်း ရောက်သွားပြီဆိုတော့ အဆိုးဆုံးပေါ့။
🔸 အဲ့ဒီလို အဆိုးဆုံးဖြစ်နိုင်ချေရှိတဲ့ ကိလေသာတွေကို ဒါတွေ ဒါတွေ မလုပ်ပါဘူးဆိုတာ သိနားလည်ပြီးတော့ ရှောင်တာ။ အင်မတန်ကို ကူးစက်လွယ်ပြီးတော့ သေလွယ်၊ ပျက်လွယ်တဲ့ ရောဂါပိုးတွေ ရှိတဲ့နေရာကို ေ၀းေ၀းကရှောင်ရတယ်၊ ရှောင်သွားတော့ ဒီရောဂါပိုးတွေ မကူးစက်တော့ဘူးပေါ့၊ ဒါမျိုးကျတော့ ရှောင်ပယ်ပါတဲ့။ ရဟန်းတော်များဆိုရင် ဒါတွေမလုပ်နဲ့ဆို မလုပ်ဘဲရှောင်နေပေါ့၊ ဒါတွေ မပြောနဲ့ဆို မပြောဘဲရှောင်နေပေါ့။ မလုပ်ကောင်း မပြောကောင်းတဲ့ တားမြစ်ချက်၊ ပညတ်ချက်တွေကို သိရှိပြီးတော့ ရှောင်နေလို့ရှိရရင် ကျူးလွန်စော်ကားတဲ့ကိလေသာတွေ မပေါ်ဘူးပေါ့။ လူတွေဆိုလို့ရှိရင်လည်း သူ့အသက်သက်ခြင်းမှရှောင်ပါ့မယ်လို့ ၀န်ခံထားတဲ့အတိုင်း ကျူးလွန်ခွင့်ကြုံတာတောင်မှ ကိုယ့်သီလပျက်သွားမှာစိုးလို့ ရှောင်လိုက်တယ်၊ “အကုသိုလ်များရှောင်ရှားပယ်လေ” ဆိုတဲ့အတိုင်း ရှောင်းရှားပယ်ရတယ်။
🔸 စိတ်ထဲဖြစ်တဲ့ သတ်လိုမှု၊ ခိုးလိုမှု၊ မိစ္ဆာစာရကာမကျူးလွန်လိုမှု၊ လိမ်လိုမှုစိတ်ကလေးတွေ ဖြစ်တတ်တယ်၊ အဲ့ဒီစိတ်ကလေးတွေကိုတော့ ဒီစိတ်မျိုး မဖြစ်စေရဘူးဆိုပြီး ရှောင်ပယ်လို့မရဘူး၊ သူ့ကိုကျတော့ ကာကွယ်ပယ်ရပါတယ်။ ကာကွယ်ပယ်ရတယ်ဆိုတာ သတိထားရတယ်၊ အတော်ကို သတိထားရတယ်။ သတိထားရင်းနဲ့က သတိလွတ်သွားရင်လည်းပဲ ကုစားရတယ်။ ရောဂါများမဖြစ်မီ ကြိုတင်ကာကွယ်သလိုပေါ့၊ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်တာကောင်းတယ်။ ကြိုတင်ကာကွယ်နေတဲ့ကြားထဲက ဖြစ်လာလို့ရှိရင်လည်း မြန်မြန်ကုစားပစ်ပေါ့။ ဒီတော့ တစ်ချို့ရောဂါတွေဆို ကြိုတင်ကာကွယ်ခြင်းအားဖြင့် မဖြစ်ရအောင် အနိုင်ယူရသလို စိတ်ထဲမှာ သတိမဲ့လို့ ဖြစ်ခွင့်ရှိတဲ့ သတ်ချင်ဖြတ်ချင်တဲ့စိတ်၊ ခိုးလိုလုယက်လိုတဲ့စိတ် စတဲ့ ညစ်ညမ်းတဲ့စိတ်တွေ၊ လောဘ ဒေါသရောနေတဲ့စိတ်တွေ မဖြစ်ရအောင်လို့ သတိနဲ့ကာကွယ်ရတယ်၊ ဒါ သိပ်အရေးကြီးတယ်။ အဲ့ဒါ ကြိုတင်ကာကွယ်ပြီးတော့ အနိုင်ယူတာ၊ ဖြစ်လာရင် ကုစားပြီးတော့ အနိုင်ယူပေါ့။
🔸 အဲ့ဒီလို ရှုမှတ်နေလို့ရှိရင် မကောင်းတဲ့စိတ်ကလေးတွေ မဖြစ်ဘူးပေါ့၊ မြင်တိုင်းမှတ်၊ ကြားတိုင်းမှတ်၊ နံတိုင်းမှတ်၊ စားတိုင်းမှတ်၊ ထိတိုင်းမှတ်၊ သိတိုင်းမှတ်၊ အကုန်လုံး ဖြစ်သမျှတွေ ချိန်ချိန်ပြီးတော့ ရှုကွက်ဆီ စိတ်ကကလေးရောက်သွားအောင် အားစိုက်ရမှာပါပဲ၊ “ချိန်ရင် တည့်တာပဲ၊ အားစိုက်ရင် ရောက်တာပဲ” ကိုယ်မှန်းတဲ့ ရှုကွက်ဆီ ချိန်ပေးလို့ တည့်နေရင် တခြားတပါး စိတ်ကလေးချော်သွားတာမျိုး မရှိတော့ဘူးပေါ့၊ စိတ်တွေ လန်းဆန်းလာတာပဲ။ ကိုယ်မှန်းတဲ့ဆီရောက်အောင် အားစိုက်ပေးလို့ ရောက်ပြီဆိုရင် အားစိုက်မှု အမြဲတစေရှိနေလို့ရှိရင် အပျင်းကိုလည်း အသာစီးရသွားတာပဲ၊ အခြားအခြားသော ကိလေသာတွေကိုလည်း ဖြစ်ခွင့်မရအောင် အသာစီးရသွားတာပါပဲ။
🔸 အကုသိုလ်လမ်းကြောင်းကြီး ပိတ်ပြီးတော့ ကုသိုလ်လမ်းကြောင်းကြီး ပွင့်ထွက်လာတာ၊ စက္ကန့်တိုင်း စက္ကန့်တိုင်း ဒီအားစိုက်မှုက သိပ်အရေးကြီးတယ်။ သူ့နောက်က သတိကလေးပါလာတယ်။ ချိန်ပြီးတော့ အားစိုက်မိတဲ့အာရုံမှာ စိတ်လေးကပ်လာတာ၊ အဲ့ဒါ သတိပဲ။ စွဲစွဲမြဲမြဲ ကပ်လာတာပဲ၊ စိတ်ကလေးက ရှုတဲ့အာရုံမှာ ကပ်နေတော့ အဲ့ဒီကပ်နေတဲ့ စိတ်ကလေးထဲ ညစ်ညမ်းမှုတွေ မ၀င်ရအောင်လို့ သတိက ကာကွယ်ထားလိုက်တယ်၊ လုံလုံခြုံခြုံ ဖြစ်နေတယ်။ ဘာအညစ်အကြေးမှ မ၀င်ဘူး၊ လုံခြုံနေတာပဲ၊ လုံခြုံနေတယ်ဆိုတာ လွတ်လပ်တာပဲ၊ လွတ်လပ်တယ်ဆိုရင် ရာဂနဲ့လှုပ်ရှားတာ၊ ဒေါသနဲ့လှုပ်ရှားတာ မရှိတော့ဘူး၊ ငြိမ်နေတာပဲ။ ဒီလို သတိကပ်နေတာဟာ တကယ့်ချမ်းသာရခြင်းရဲ့ အကြောင်းပဲ။
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး
www.facebook.com/panditaramasayatawgyi
🎯 ချိန်ရင်တည့်တာပဲ၊ အားစိုက်ရင်ရောက်တာပဲ