07/01/2025
ဆရာ့ဆုံးမစကား လူစိတ်ပျောက်ကြရခြင်းအကြောင်း
➖➖➖➖➖➖
☸️ လူစိတ် မပျောက်စေနဲ့ (၁)☸️
•••••••••••••••••••••••••••••
🙏🙏🙏🙏🙏🙏🙏🙏
လူစိတ် မပျောက်ဖို့ လိုတယ်၊
လူ့ဘဝက နတ်ဘဝထက် အဖိုးတန်တယ်၊
ဘုရားတောင် လူက ဖြစ်ရတာကိုး။
လူစိတ်ပျောက်တဲ့သဘောကို
ခွေးစိတ်နဲ့ ယှဉ်ကြည့် ထင်ရှားပါတယ်တဲ့။
ခွေးတွေက တကောင်အနီးကပ်လာတာနဲ
ဟိန်းတော့တာပဲ၊
တွေ့သမျှ မြင်သမျှကို နှလုံးသွင်း မှန်မှန်နဲ့
မေတ္တာ ကရုဏာနဲ့ မကြည့်တတ်ရင် မကြည့်နိုင်ရင်
လူစိတ်ပျောက်တတ်တယ်တဲ့။
ကျောင်းဒကာကြီး ဦးမောင်တာကို မိန့်ကြားတာ။
(၉၊၉၊၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏
************************
☸️ လူစိတ် မပျောက်စေနဲ့ (၂) ☸️
••••••••••••••••••••••••••••
ဆရာက မိမိဘက် လှည့်ပြီး
သုတ္တနိပါတ် ဓမ္မိကသုတ်လာ လူစိတ်နဲ့
နေတတ်အောင် ညွှန်ပြထားတဲ့ တရားတစ်ပိုဒ်ကို
ရွတ်ပြတယ်။ ကိုယ်တော် သိတယ်မဟုတ်လားတဲ့။
ဗြဟ္မစရိယဉ္စ သီလဉ္စ၊
အဇ်ဇဝံ မဒ်ဒဝံ တပံ။
သောရစ္စံ အဝိဟိံသဉ္စ၊
ခန္တိဉ္စာပိ အဝဏ္ဏယုံ။
လူစိတ်ဆိုတာ ----
(၁) ကိုယ်ကျင့် ကောင်းရတယ်။
(၂) မလှည့်ပတ်ရဘူး၊ ဖြောင့်မတ်ရတယ်။
(၃) ဒေါသမကြီး မာန်မကြီးရဘူး၊
သိမ်မွေ့ နူးညံ့ရတယ်။
(၄) ဣနြေ္ဒကို စောင့်စည်းရတယ်၊ မလော်လီရဘူး။
(၅) ကောင်းတဲ့အလုပ်မှာ ပျော်မွေ့တတ်ရတယ်။
(၆) သူတပါး ဒုက္ခရောက်အောင် ညှင်းဆဲသူ
မဖြစ်စေရဘူး။
(၇) သည်းခံနိုင်အား ကောင်းရတယ်။
ဒီအရည်အချင်းတွေက လူစိတ်ရှိသူတွေရဲ့
အရည်အချင်းတွေပဲ။
ဒါ့ကြောင့် ဒကာကြီး လူစိတ်ရှိတာ ကောင်းတယ်။
(၉၊၉၊၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏
**************************
☸️ လူစိတ် မပျောက်စေနဲ့ (၃) ☸️
•••••••••••••••••••••••••••••••
ဆရာက ထပ်ပြီး ရှင်းပြတယ်၊
လူတစ်ယောက်အတွက် လူစိတ်ရှိဖို့ဆိုရင်
သီလနဲ့ ဗြဟ္မစရိယ ပြည့်စုံဖို့ လိုတယ်၊
ငါးပါးသီလပေါ့၊
မေထုန်အကျင့်မှ ရှောင်ကြဉ်တာကို
ဗြဟ္မစရိယလို့ ခေါ်ပြီး ပါဏာတိပါတ
စသည်မှ ရှောင်ကြဉ်တာကို သီလလို့ ခေါ်ရတယ်။
လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့
အခြေခံ အုတ်မြစ် ကိုယ်ကျင့်ကောင်းနေဖို့
လိုတယ်လေ၊ ကိုယ်ကျင့်ပျက်ရင်
လူစိတ်ပျောက်ဖို့အကြောင်း ဖြစ်တော့တာပဲ။
မြတ်စွာဘရားကလည်း
ဟောထားတယ်မဟုတ်လား၊ ပုဏ္ဏားတွေက မေးလို့၊ ရှေးရှေးက သူတော်ကောင်းတွေ
သီလနဲ့ ဗြဟ္မစရိယနဲ့ ပြည့်စုံကြတယ်၊
အခု ဒီလို မဟုတ်ကြတော့ဘူးတဲ့။
(၉.၉.၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
***************************
☸️ လူစိတ်မပျောက်စေနဲ့ (၄) ☸️
••••••••••••••••••••••••••••••
အဇ္ဇဝ နဲ့ မဒ္ဒဝ
🕳️🕳️🕳️🕳️🕳️
ဆရာက လူပီသစေတဲ့ လူ့အရည်အချင်းကို
ကျန်းမာရေး မပြည့်စုံသည့်ကြားက
ပြည့်ပြည့်စုံစုံ မိန့်တယ်။
နောက် လူမှာ လိုအပ်တာက အဇ္ဇဝနဲ့ မဒ္ဒဝပဲ၊
ရိုးသားဖြောင့်မတ်မှုနဲ့ သိမ်မွေ့မှုကို ပြောတာ။
ရိုးသားနေတဲ့ လူတစ်ယောက်ကို
မရိုးသားအောင် လုပ်တာ ကိလေသာတွေပဲ။
အလိုရမ္မက်ကြီးရင် ရိုးသားမှု ပျောက်တတ်သလို
အရာရာမှာ အလိုမကျ မှုတွ များနေရင်လည်း
ရိုးသားမှုတွေ ပျောက်ကွယ်တတ်တယ်။
လူ့စံချိန်တွေ လျော့ကုန်တော့တာပေါ့။
ဒါ့ကြောင့် -----
ရိုးသားဖြောင့်မတ်သူကို လူစိတ်ရှိသူလို့ ဆိုရတယ်။
ကိုယ်နဲ့ ရေစက်ရှိလို့ ဆုံလာကြသူတွေကို
မာယာ မသုံးရဘူး၊ ရိုးရိုးသားသား
ဆက်ဆံပြရတယ်။
ရိုးဂုဏ်က သုံးမကုန်နိုင်ဘူးမဟုတ်လားတဲ့။
(၉.၉.၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
****************************
☸️ လူစိတ် မပျောက်စေနဲ့ (၅)☸️
•••••••••••••••••••••••••••••••
မဒ္ဒဝဂုဏ်
🕳️🕳️🕳️
ဆရာရဲ့ ဆုံးမ ပဲ့ပြင်ပေးမှုကို နာခံခွင့်ရတာ
ကျေနပ်စရာ ကောင်းတယ်။
တပည့်ကို လူအသိ လူစိတ်ဓာတ်နဲ့
မျှမျှ တတ နေတတ်စေချင်လို့ နေမှာပေါ့။
ဆက်ပြီး မိန့်တယ်။
မဒ္ဒဝဆိုတာ သိမ်မွေ့မှုကို ပြောတာ၊
ကိုယ်အမူအရာ သိမ်မွေ့ရသလို
ပြောဆိုဆက်ဆံတဲ့အခါမှာလည်း သိမ်မွေ့ရတယ်။
တချို့ ပညာတတ်ဖြစ်ကြပေမယ့်
အပြောကြမ်းလို့ ဒုက္ခရောက်သွားကြတာတွေ
ရှိတယ်။ သိမ်သိမ်မွေ့မွေ့ နေတတ်
ပြောတတ်တယ်ဆိုတာလည်း လူ ပီသစေတဲ့
အခြေခံ အကြောင်းတစ်ချက်ပဲ။
တချို့က ရိုးတယ် ဖြောင့်တယ်၊
သို့သော် --
ခပ်တင်းတင်း ခပ်ကြမ်းကြမ်းပဲ၊
အပြောအဆိုက အစ။
အရာရာမှာ ရိုးသားဖြောင့်မတ်ပုံချင်း တူရင်
အပြောချိုသာသူ သိမ်မွေ့သူက သာတယ်၊
မဟုတ်ပေဘူးလားဗျာ။
လူဖြောင့် တစောက်ကန်းလို့
သတ်မှတ်ခံရရင်လဲ ။ တယ် ဟန်မကျသေးဘူးတဲ့။
ဒါ့ကြောင့် အဇ္ဇဝဂုဏ်နဲ့ ပြည့်စုံရသလို
မဒ္ဒဝဂုဏ်နဲ့လည်း ပြည့်စုံအောင် နေရတယ်။
(၉၊၉၊၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏
************************
☸️ လူစိတ်မပျောက်စေနဲ့ (၆) ☸️
•••••••••••••••••••••••••••••••••
တပဂုဏ်နှင့် သောရစ္စဂုဏ်
🕳️🕳️🕳️🕳️🕳️🕳️
ဆရာ ဆုံးမလိုတဲ့ လူစိတ်မပျောက်စေနဲ့ဆိုတာ
တဆင့်ထက် တဆင့် လေးနက်လာတယ်၊
လူစိတ်မပျောက်အောင် စိတ်ထားတတ်ဖို့
တော်တော် မလွယ်ပါလားလို့လဲ တွေးမိနေတယ်။
ကိုယ် သဘောပေါက်ချင်ရာ အတိုင်းလည်း
သဘောပေါက်မိနေတယ်၊
လူတွေ လူစိတ်ပျောက်ကြလို့ သေပြီးနောက်မှာ
လူပြန်ဖြစ်ဖို့ ခဲယဉ်းကြတာနေမှာပဲကိုးလို့။
မြတ်စွာဘုရားကလည်း သေနိယကို
လူဖြစ်လျက် လူစိတ်ဖျောက်ပြီး
ခွေးစိတ်မွေးနေရင် နောင်ဘဝ ခွေးပဲ၊
နွားစိတ်မွေးနေရင် နွားပဲ ဖြစ်မှာပေါ့လို့
မိန့်ကြားထားတာကိုလည်း သတိလှမ်းရမိနေတယ်။
ဆရာက ဆက်ပြီး မိန့်နေတာပဲ
တပဂုဏ်အကြောင်း၊
ဣနြေ္ဒရရ နေတတ် ထိုင်တတ်တာကို
တပဂုဏ်လို့ ခေါ်တယ်၊ လူက လူလို |
ရဟန်းက ရဟန်းလို | ဆရာက ဆရာလို |
တပည့်က တပည့်လို | နေတတ်ထိုင်တတ်မှ
ဣနြေ္ဒရတယ်လို့ ခေါ်တယ်။
ဣနြေ္ဒကို စောင့်စည်းတယ် ဆိုတာလည်း
နေတတ် ထိုင်တတ်တာကိုပြောတာ၊
မဟုတ်ပေဘူးလားကွာတဲ့။
တပဂုဏ်နဲ့လည်း ပြည့်စုံအောင် နေပါမှ
လူ့အရည်အသွေး မှီပြီး လူစိတ်ပြည့်ဝသူတွေ
ဖြစ်ကြမှာပေါ့။
(၉,၉,၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏
************************
☸️ လူစိတ်မပျောက်စေနဲ့ (၇) ☸️
•••••••••••••••••••••••••••••
သောရစ္စဂုဏ်
🕳️🕳️🕳️🕳️🕳️
ကောင်းမြတ်သော အကျိးပြုအလုပ်မှာ
ပျော်မွေ့တာကို သောရစ္စလို့ ခေါ်တယ်၊
လူဆိုတာက များသောအားဖြင့်
ပါပသ္မိံ ရမတိ မနော ပဲ၊
မကောင်းမှုမှာ ပျော်တတ်ကြတာ၊
ကောင်းတဲ့အလုပ် လုပ်ဖို့ဆိုရင် တိုက်တွန်းရတာ။
ကောင်းတဲ့အလုပ်မှာ စိတ်ကို ပျော်လာအောင်
ထားတတ်ဖို့ သုတရှိဖို့ လိုတယ်။
သုတဆိုတာကို အကြားအမြင်လို့
အများနားလည်ကြတယ်၊
အမှန်မှာတော့ ------
ကောင်းတာကို နားထောင်တတ်ခြင်း
သင်ယူတတ်ခြင်းပဲ။
ပဌာန်းမှာလဲ သုတရဲ့ ကျေးဇူးများပုံကို
ဘုရားဟောထားတယ်၊
သုတကြောင့် ------ သဒ္ဓါဖြစ်ရတယ်၊
သုတကြောင့် ------ သီလဖြစ်ရတယ်၊
သုတကြောင့် ------ ဒါနဖြစ်ရတယ်၊
သုတကြောင့် ------ ပညာဖြစ်ရတယ်၊
နောက်ဆုံး သုတကြောင့်ပဲ မဂ် ဖိုလ်ရနိုင်တယ်၊
သုတ က ဒီလောက်ထိ အရေးကြီးတယ်၊
သုတရှိသူမှာ ဖြစ်လာတတ်တဲ့
ကုသိုလ်အခွင့်အရေးတွေပဲ။
သဒ္ဓါစိတ်တို့ ----
သီလစိတ္တို့ -----
ဒါနစိတ္တို့ -----
ပညာစိတ္တို့ -----
ကိုယ့်စိတ်အစဉ်မှာ ဖြစ်လာကြတယ်ဆိုတာ
ကောင်းမှုဘက်မှာ ပျော်လာတာ မွေ့လျော်လာတာပဲ၊
ကောင်းမှုမှာ မွေ့လျော်တော့
လူဟာ လူစိတ်မပျောက်တော့ဘူးပေါ့၊
ဒါကို သောရစ္စဂုဏ်လို့ ခေါ်တယ်၊
မဟုတ်ပေဘူးလားတဲ့။
(၉,၉,၂၀၂၃)
🙏🙏🙏🙏🙏🙏
*****************************
☸️ လူစိတ်မပျောက်စေနဲ့ (၈)☸️
••••••••••••••••••••••••••••••••
အဝိဟိံသဂုဏ်
🕳️🕳️🕳️🕳️🕳️
အနောဝါဒကာ မနုဿာ ဖရုသာ အဟေသုံ၊
လူဟာ ဆုံးမ,မည့်သူ မရှိရင် ကြမ်းတမ်းတတ်ကြတာ ဓမ္မတာပဲ၊
ဒါ့ကြောင့် မိမိကိုယ်ကို ယဉ်ကျေးသူတစ်ယောက် ဖြစ်စေလိုကြတဲ့ သူတော်ကောင်းတွေက ဆုံးမ,မည့်သူကို ရှာဖွေကြတယ်၊
အဆုံးအမပေးသူကိုလည်း တန်ဖိုးထားတတ်ကြတယ်။
မိမိမှာလည်း ဆရာကို ပြုစုစောင့်ရှောက်ရင်း
ဆရာရဲ့ ဆုံးမစကားများကို ကြားရတော့
ကိုယ်စိတ်ကို အတော်လေး သတိပြုမိလာတယ်၊
ငါလည်း လူစိတ်မပျောက်အောင်
သတိတရားနဲ့ နေရမှာပေါ့လေ။
ဆရာ ဆက်ပြီး မိန့်နေတာက အဝိဟိံသဂုဏ်၊
သူတပါး ဒုက္ခရောက်အောင် မညှင်းဆဲရဘူး၊
ဒါကို အဝိဟိံသလို့ ခေါ်တယ်။
ညှင်းဆဲတယ်ဆိုတာ သူတပါးကို အနိုင်ကျင့်တာပဲ။
အနိုင်ကျင့်တယ် ဆိုရာမှာလည်း ----------
ကိုယ်ထိလက်ရောက် အနိုင်ကျင့်တယ်၊
စကားနဲ့ အနိုင်ကျင့်တယ်၊
လက်နက်နဲ့ အနိုင်ကျင့်တယ်၊
ငွေနဲ့ အသိုင်းအဝိုင်းနဲ့ အနိုင့်ကျင့်တယ် စသည်
အများကြီးပဲ၊ ဘယ်အနိုင်ကျင့်မှုနဲ့မှ
အနိုင်မကျင့်ရဘူး မညှင်းဆဲရဘူး၊
အနိုင်ကျင့်တော့ လူ့အရည်အချင်းကျတယ်၊
သူများကျတာ မဟုတ်ဘူး၊ ကိုယ် ကျတာ၊
ဘယ်လောက်ထိ ကျနိုင်လဲဆိုရင်
အရှင်ဒေဝဒတ်တို့ အဇာတသတ်မင်းတို့ ကြည့်ပေါ့၊
နောက်ဆုံး အပါယ်ငရဲထိအောင် ကျသွားတာပဲ၊
ဒါကို သတိပြုရမယ်။
ဒါ့ကြောင့် လူစစ်စစ်လည်းဖြစ်
လူ့အရည်အချင်းလည်း ပြည့်ဝသူဖြစ်ဖို့
အဝိဟိံသဂုဏ်နဲ့လည်း ပြည့်စုံအောင်
နေတတ်ရတယ်၊
ဒီလိုဆို လူစိတ်မပျောက်အောင် ထိန်းနိုင်တော့တာပဲ။
(၉၊၉၊၂၀၂၃)
🙏🙏🙏🙏🙏🙏🙏🙏🙏
*************************
☸️ လူစိတ်မပျောက်စေနဲ့ (၉) ☸️
••••••••••••••••••••••••••••••••
ခန္တီဂုဏ်
🕳️🕳️🕳️
နောက်တစ်ခု
ပြည့်စုံရမည့် လူ့အရည်အချင်းကတော့ ခန္တီဂုဏ်ပဲ၊
ရှေးရှေးသော ဗြာဟ္မဏကြီးတွေက လူ့အရည်အချင်း ပြည့်ဝစေဖို့
ခန္တီဂုဏ်နဲ့ ပြည့်စုံအောင် နေခဲ့ကြတယ်၊
ခန္တီဆိုတာ သည်းခံခြင်းပါပဲ။
လောကမှာ တွေကြုံတတ်ကြတဲ့
လောကဓံတရား ရှစ်ပါးမှာ
အဆိုးလောကဓံကို သည်းခံတတ်ရသလို
အကောင်းလောကဓံကိုလည်း သည်းခံတတ်အောင်
စိတ်ကို လေ့ကျင့်ထားရတယ်။
အဆိုးလောကဓံကို သည်းခံတတ်တော့ ဒေါသမီးတောက် ငြိမ်းတယ်၊၊ အကောင်းလောကဓံကို သည်းခံတတ်တော့ လောဘမီးတောက် ငြိမ်းတယ်၊ ဒီလို နေတတ်တော့ အေးချမ်းတာပေါ့၊ မိမိပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။
ခန္တီ ပရမံ တပေါ တိတိက္ခာ- အရာရာမှာ သည်းခံတတ်ခြင်းဟာ
အမြတ်ဆုံး ကျင့်စဉ် ဖြစ်တယ်လို့ မြတ်စွာဘုရားတိုင်းကလည်း
အဆုံးအမ ဩဝါဒ ပေးတော်မူခဲ့တာပဲမဟုတ်လား။
ဒို့ စတုတ္ထ ဇောတိကဆရာတော်ကလည်း
မင်းတို့သိနေတာပဲ၊ ဘာတဲ့
အာရုံ ငါးပါး သည်းခံထား၍ တပါးသူတွေချမ်းသာစေ။
ကျင့်လေ ကိုယ့်အကျိုး- တဲ့၊ မဟုတ်ပေဘူးလား။
ဒါ လူ့ကျင့်ဝတ်ပဲ၊
လူသားတွေရဲ့ ကောင်းကျိုးအတွက် ကောင်းဆိုးလောကဓံကို
သည်းခံပြီး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရတယ်။
ခွင့်လွှတ်တတ်တယ် အနစ်နာခံတတ်တယ် စိတ်ရှည်တတ်တယ်၊ သဘောကောင်းတယ်ဆိုတာတွေက ခန္တီတွေပဲ မဟုတ်ဘူလားကွယ်တဲ့။
(၉၊၉၊၂၀၂၃)
ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဆရာတော်ဘုရားကြီး၏ တန်ဖိုးရှိလှသော
ဆုံးမသြဝါဒတော်တို့ကို တစ်နေရာတည်း
အကုန်ဖတ်ရှုနိုင်ရန် အကုန်စုစည်းကာ
တင်ပြပေးလိုက်၏။ 👑
မူရင်း - နံ့သာမြိုင်ဗိုလ်ကျောင်း - -
လေးစားလျှက် Mr သိန်းလှိုင်