10/11/2021
#ဝင်လေ_ထွက်လေကို_ဗဟိုပြု၍ #သမထသမာဓိ_ထူထောင်ပုံကို_လေ့လာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
တရားအားထုတ်ခြင်း ဆိုသည်မှာ လျောင်း, ထိုင်, ရပ်, သွား အမူအယာများ၌ အာရုံနှင့်စိတ် ဆုံခိုက်ဝယ် အာရုံဘက်ကို ဂရုစိုက် အားထုတ်လျှင် သမထဘာဝနာ ဟု ခေါ်ပြီး စိတ်ဘက်ကို ဂရုစိုက် အားထုတ်လျှင် ဝိပဿနာဘာဝနာ ဟု ယေဘုယျ အကြမ်းစား ပြောနိုင်ပါသည်။
ရှေးဦးစွာ သမထဘာဝနာ (ခ) သမထသမာဓိ ထူထောင်ပုံကို တင်ပြပါမည်။
သမထသမာဓိကို ဘာကြောင့် ထူထောင်ရပါသလဲ ?
လူသာမန် အများစုသည် လောဘ, ဒေါသ, မောဟ တရားများနှင့် ရင်းနှီးကျွမ်းဝင်နေကြသဖြင့် စိတ်သည် အမြဲ ပူလောင်နေကြပါသည်။ ထို ပူလောင်နေသော စိတ်ကို အေးချမ်းစေလိုသဖြင့် သမထသမာဓိကို ထူထောင်ရခြင်း ဖြစ်ပါသည်။
သမထသမာဓိ ကို ရလျှင် မည်သည့် အကျိုးတရားများကို ရနိုင်ပါသလဲ ?
သမထသမာဓိ ကို ရလျှင် စိတ်၏ အေးချမ်းမှုကို ခံစားရပါမည်။ ထိုမှတဆင့် ဝိပဿနာသမာဓိ သို့ ပြောင်းနိုင်လျှင် အမှန်ကို အမှန်အတိုင်း မြင်သော ယထာဘူတဉာဏ် ကို ရရှိပါမည်။
သမထသမာဓိ ကို ထူထောင်လျှင် စိတ်ကို ပူလောင်စေတတ်သော တရား ၅-ပါးအား ဖယ်ရှားပေးပါသည်။ ထိုတရား ၅-ပါးတို့မှာ -
၁။ ကာမစ္ဆန္ဒ နီဝရဏ - လောဘစိတ်ကြောင့် ဖြစ်ရသော ပူလောင်မှု။
၂။ ဗျာပါဒ နီဝရဏ - ဒေါသစိတ်ကြောင့် ဖြစ်ရသော ပူလောင်မှု။
၃။ ထိနမိဒ္ဓ နီဝရဏ - ငိုက်မြည်းမှုကြောင့် ဖြစ်ရသော ပူလောင်မှု။
၄။ ဥဒ္ဒစ္စ ကုက္ကုစ္စ နီဝရဏ - စိတ်ပြန့်လွင့်ခြင်းနှင့် စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ရသော စိတ်၏ ပူလောင်မှု။
၅။ ဝိစ္ဆိကိစ္ဆာ နီဝရဏ - သံသယကြောင့် ဖြစ်ရသော စိတ်၏ ပူလောင်မှု တို့ကို ဖယ်ရှားပေးပါသည်။
လုပ်ငန်းခွင်၌ ဝင်လေ, ထွက်လေ ကို ဗဟိုပြု၍ သမထသမာဓိ ထူထောင်ပုံ အကျဉ်းကို တင်ပြပါမည်။
ရှေးဦးစွာ မိမိတို့နှင့် အဆင်ပြေရာ ဣရိယာပုတ်နှင့် ထိုင်နိုင်ပါသည်။မပင် မပမ်း သက်တောင့်သက်သာလေးနှင့် ကြာကြာ ထိုင်နိုင်သည့် ဣရိယာပုတ်ကို ရွေးချယ်ပြီး ထိုင်ပါ။
ဝင်လေ, ထွက်လေ ကို လောကလူသားတိုင်း ရှုလိုက်, ထုတ်လိုက် လုပ်နေကြပါသည်။ သိသည် ဖြစ်စေ, မသိသည် ဖြစ်စေ လုပ်နေပါသည်။ သို့သော် ဝင်လေ, ထွက်လေ ကို မသိနိုင်သော အခြေအနေ ၅-မျိုးရှိပါသည်။ ထို ၅-မျိုးတို့မှာ -
၁။ အမိ ဝမ်းတွင်း၌ နေသူ
၂။ ရေငုတ်နေသူ
၃။ မေ့မျောနေသူ
၄။ သမာပါတ် ဝင်စားနေသူ
၅။ အိပ်ပျော်နေသူ ဟူ၍ ဖြစ်ပါသည်။
ထိုအခြေအနေ ၅-မျိုး မဟုတ်လျှင် ဝင်လေ, ထွက်လေ ကို အချိန်တိုင်း သိနိုင်ပါသည်။
ထိုင် ဣရိယာပုတ်နှင့် ဝင်လေ, ထွက်လေ ကို အားထုတ်သူသည် ငါ, အားထုတ်နေခြင်း မဟုတ်ပါ ဟု သညာသိနှင့် ငါ, ကို အရင် ခွာထားရပါမည်။
ငါ, အားထုတ်ခြင်း မဟုတ်လျှင် ဘယ်သူ အားထုတ်ပါသလဲ ဟု မေးပါက သတိတရား, သမာဓိတရား နှင့် ဝီရိယတရား ၃-ပါးတို့က အားထုတ်နေခြင်း ဖြစ်သည် ဟု သိထားရပါမည်။
လေနှင့်စပ်ပြီး သတိ၏ အဓိပ္ပါယ်ကို ဖော်ပြပါမည်။
သတိ ကို အမှတ်ရခြင်း ဟုလည်း ပြန်၍ ရသည်။ ဒါမှမဟုတ် ဆုံပေးခြင်း ဟုလည်း ပြန်၍ ရပါသည်။ အမှတ်ရခြင်း ဟု ပြန်လျှင် ဝင်လေ, ထွက်လေ ကို အမှတ်ရခြင်း ဟု ကောက်ရမည်။
ဆုံပေးခြင်း ဟု ပြန်လျှင် အာရုံနှင့် စိတ်ကို ဆုံပေးသည် ဟု ကောက်ရပါမည်။ ယောဂီတို့ နှစ်သက်ရာကို ယူသုံးနိုင်ပါသည်။
သမာဓိ ၏ အဓိပ္ပါယ်ကို ၂-မျိုးနှင့် ရှင်းပြပါမည်။
၁။ သမာဓိ ၏ အဓိပ္ပါယ် - စုစည်းပေးသည်။
၂။ သမာဓိ ၏ အဓိပ္ပါယ် - တည်ကြည်စေသည်။ ငြိမ်သက်စေသည်ဟု နှစ်မျိုးစလုံးအား သိထားရပါမည်။
သူတော်ကောင်းတို့။
အပြင်က လေသည် နှာသီးဝကို ထိပြီးမှ အတွင်းသို့ ဝင်ပါသည်။ နှာသီးဝ၌ စာလိုဆိုရလျှင် ပသာဒရုပ်(ခေါ်)ကာယအကြည်ဓာတ် ရှိသည်။ ဝင်လေကို စာလို ဆိုရလျှင် ဗောတ္ထပ္ပအာရုံ ဟု နားလည်ရပါမည်။ ဗေတ္ထပ္ပအာရုံသည် ပသာဒရုပ် ဟု ခေါ်သော ကာယအကြည်ဓာတ်ကို လာထိသောအခါ သိစိတ် ဖြစ်ပါသည်။
ထို သိစိတ် ဖြစ်သောအခါ အာရုံ ဟု ခေါ်သော လေကို သိအောင် အားထုတ်ခြင်းကို သမထသမာဓိ ထူထောင်သည် ဟု ခေါ်ပါသည်။ လေ၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ရှုခြင်း ဖြစ်ပါသည်။
ဒါက အပြင်လေနှင့်စပ်ပြီး သမာဓိ ထူထောင်ပုံကို စာပြော ပြောခြင်း ဖြစ်ပါသည်။ အသေးစိတ် ရှုကွက်များအား သိလိုလျှင် ဆရာကောင်းများထံ ချဉ်းကပ်ပြီး အားထုတ်သင့်ပါသည်။ မိမိမှာ အပေါ်ယံ ပါးပါးလေးကိုသာ တင်ပြခြင်း ဖြစ်ပါသည်။
ထွက်လေနှင့် စပ်ပြီး သမာဓိ ထူထောင်ပုံမှာ အတွင်းက လေကို စာလို ဗောတ္ထပ္ပအာရုံ ဟု ခေါ်ပါသည်။ ဗောတ္ထပ္ပအာရုံသည် ဝမ်းတွင်းက ထွက်သောအခါ နှာသီးဝ၌ ပသာဒရုပ်ကို တိုက်ရပါသည်။ ထိုသို့ တိုက်သောအခါ သိစိတ် ဖြစ်ပါသည်။ထိုသိစိတ်ဖြစ်သောအခါ ထွက်လေကို အာရုံပြုရပါသည်။ ထွက်လေ၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ရှုခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ အလွယ်ပြောရလျှင် နှာသီးဝမှ ဝင်လာသော လေ အာရုံကို သိအောင် ကြည့်လိုက်ပါ။ ဝမ်းတွင်းက ထွက်လာသော လေအာရုံကို နှာသီးပေါက်ဝ၌ သိအောင် ကြည့်နေသည်ကို သမထသမာဓိ ထူထောင်နေသည် ဟု ဆိုပါသည်။
ထိုသို့ ကြည့်သောအခါ ငါ, ကြည်နေသည် ဟု မမှတ်ပါနှင့်။အထက်၌ ဖော်ပြထားသော သတိတရား, သမာဓိတရား နှင့် ဝီရိယတရား တို့က စုပေါင်းပြီး အားထုတ်နေသည် ဟု သဘောပေါက်ထားရပါမည်။
သူတော်ကောင်း အပေါင်းတို့ ခင်ဗျား။
စာသဘော ပြောရလျှင် -
သတိက အာရုံနှင့် စိတ်ကို ဆုံပေးသော အလုပ်ကို လုပ်ပါသည်။
သမာဓိက အာရုံနှင့် စိတ်ကို ဆုံနိုင်အောင် ထပ်ခါထပ်ခါ စုစည်းပေးပါသည်။
နောက်တစ်မျိုး ပြောရလျှင် သမာဓိက စိတ်ကို ငြိမ်သက်အောင်(ဝါ)မလှုပ်အောင်(ဝါ)တည်ငြိမ်အောင် လုပ်ပေးပါသည်။
ဝီရိယက အာရုံနဲ့ စိတ် မကွဲမကွာသွားအောင် အားစိုက်ရပါသည်။စာစကားဆိုရလျှင် သတိ သမာဓိ ဝီရိယ ၃ ပါး ပေါင်းဆုံသောအခါ သမထ သမာဓိကို ရပါသည်။
ဝင်လေ ဝင်တိုင်းသိ, ထွက်လေ ထွက်တိုင်းသိ နေရပါမည်။
ဥပမာ-အစပထမ၌ ဝင်လေ အကြိမ်-၁၀၀ ဝင်သည်။ ထွက်လေလည်း ၁၀၀-ကြိမ် ထွက်သည် ဆိုပါစို့။
ဝင်လေ ၁၀၀-ကြိမ် ဝင်ရာ ၉၀-ကြိမ်ဘဲ သိမည်။ ထိုနည်းတူ ထွက်လေ ၁၀၀-ကြိမ် ထွက်ရာ ၉၀-ကြိမ်လောက်ဘဲ သိမည် ဆိုလျှင် ထိုသမာဓိသည် ပရိကမ္မသမာသမာဓိ အဆင့်ဘဲ ရှိပါသေးသည်။
ထိုမှ တဖန် သတိ, ဝီရိယနဲ့ သမာဓိ အားကို တိုးမြှင့်လိုက်သောအခါ ဝင်လေ အကြိမ် ၅၀၀၌ ၄၉၀ ကြိမ်လောက် သိမည်။ထိုနည်းတူ ထွက်လေ အကြိမ် ၅၀၀ ၌ ၄၉၀ ကြိမ်လောက် သိမည်ဆိုလျှင် ထိုသမာဓိသည် ဥဂ္ဂဟသမာဓိ ဖြစ်သည်။
တစ်ဖန် ဝင်လေ အကြိမ် ၁,၀၀၀ ၌ အကြိမ် ၁,၀၀၀ လုံးသိမည်။ ထွက်လေ အကြိမ် ၁,၀၀၀ ၌ အကြိမ် ၁,၀၀၀ စလုံး အာရုံကို ဖမ်းနိုင်လျှင် ထိုသမာဓိကို ဥပစာရသမာဓိ အဆင့် ရောက်ပြီ ဟု ဆိုရမည်။
ထိုမှ တဆင့် သတိအား, သမာဓိအား နှင့် ဝီရိယအား တို့ကို တိုးမြင့်၍ ရှုလိုက်သောအခါ ဝင်လေ ၁၀,၀၀၀-ကြိမ်၌ ၁၀,၀၀၀လုံး သိနေလျှင် အပ္ပနာ သမာဓိဟုခေါ်သော ပထမစျာန်ကို ရရှိပါမည်။ နားလည်နိုင်အောင် ဥပမာ-ပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ အတိအကျ ဖြစ်ရမည် ဟု မမှတ်ပါနှင့်။ယေဘူယျ တင်ပြခြင်းဟု မှတ်ရပါမည်။
စိတ်သည် နီဝရဏ ၅-ပါးကြောင့် လှုပ်နေပါသည်။ တနည်း ပူလောင်နေပါသည်။ ထို သတိ သမာဓိနှင့် ဝီရိယတို့က စိတ်ကို ငြိမ်သက်အောင် ဖြစ်စေပါသည်။ဘယ်အချိန်၌ စိတ်သည် ငြိမ်သက်လာသလဲ?အေးချမ်းလာသလဲ? ဥပစာရ သမာဓိသို့ရောက်လျှင် စိတ်သည် ၇၀% ငြိမ်သက်လာပြီ။အေးချမ်းလာပြီဟု ဆိုရပါမည်။
အပ္ပမာ သမဓိ အဆင့်ရောက်လျှင် စိတ်သည် ၁၀၀% ငြိမ်နေသည်ဟု ဆိုရပါမည်။ယေဘုယျ ပြောခြင်းဟု သဘောပေါက်ရပါမည်။
စိတ်သည် ငြိမ်သက်နေလျှင် နီဝရဏ ၅-ပါးကို တဒင်္ဂ ဖယ်ခွါထားပြီး ဖြစ်သည်။နီဝရဏဆိုသည်မှာ ပိတ်ဆို့နေသည်ဟု အဓိပ္ပါယ်ရ သည်။ဘာကို ဘယ်လို ပိတ်ဆို့သလဲ?ဥပမာ-ကာမစ္ဆန္ဒ နီဝရဏ ဆိုပါစို့။မတရား လိုချင်သောစိတ်သည် ကုသိုလ်တရားကို ပိတ်ဆို့နေမည်။ထို့ကြောင့် ကာမစ္ဆန္ဒ နီဝရဏ စိတ်ဖြစ်နေသူသည် အကုသိုလ်အလုပ်ကိုသာ လုပ်မိပါတော့မည်။
ဥပမာ-ကြည်လင်နေသော ရေပြင်သည် လှုပ်နေပါက ရေအောက်ရှိ အရာဝတ္ထုကို ပကိမျက်စိနှင့်မမြင်နိုင်ပါ။
အကယ်၍-ကြည်လင်နေသော ရေပြင်သည် ငြိမ်သက်နေပါက ရေ အောက်ရှိ အရာ ဝတ္ထုကို ပကတိမျက်စိနှင့် ကြည့်လျှင် မြင်နိုင်သည်။
ဆိုလိုသည်မှာ လှုပ်နေသော ရေပြင်သည် ပူလောင်နေသော စိတ်နှင့် တူသည်။ တဖန် ငြိမ်သက်နေသော ရေပြင်သည် သမာဓိ ရှိသော စိတ်နှင့်တူသည်။
သမထ သမာဓိရှိလျှင် တရားဆိုး နီဝရဏ တရား ၅-ပါးကို ဖယ်ရှားထားသောကြောင့် စိတ်ကို အေးချမ်းစေပါမည်။ တဖန်-ဝိပဿနာ သမာဓိရှိလျှင် ကိလေသာတရားဆိုး အားလုံးကို ဖယ်ရှာထားသောကြောင့် သဘာဝ အမှန်တရားများကို မြင်နိုင်ပါမည်။သဘာဝ အမှန်တရားကို မြင်ခြင်းသည် ဝိပဿနာ ဉာဏ်၏ အစဟု ပြောရပါမည်။
နိဂုံးချုပ် ဆိုရလျှင် ဝိပဿနာဉာဏ် ရင့်သန်လာသောအခါ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကွဲကွဲပြားပြား မြင်မည်။ထိုမှတဆင့် ရုပ်နာမ်တို့၏ သာမည လက္ခဏာကို ကွဲကွဲပြားပြား မြင်မည်။ နောက်ဆုံး သစ္စာ ၄-ပါးကို မြင်ပြီး မအို, မနာ, မသေ ကင်းသော နိဗ္ဗာန်သို့ ရောက်ရှိ စံဝင်နိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သနေပါသတည်း။
Crd,
မေတ္တာဖြင့် -
#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731