27/04/2026
စိန်လူးဝစ် မာရီဒီမွန်းဖို့တ် ပွဲနေ့ - ဧပြီလ ၂၈ ရက်
စိန်လူးဝစ်မာရီ ဒီမွန်းဖို့တ်ကို ပြင်သစ်နိုင်ငံ မွန်းဖို့တ်ဒေသတွင် ၁၆၇၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၈ဦး အနက် အကြီးဆုံး ဖြစ်သည်။
အသက် ၁၂ နှစ် အရွယ်တွင် Rennes မြို့ရှိ St. Thomas Becket ၏ ဂျက်ဇွပ်ကောလိပ်သို့ ဝင်ရောက်ပြီး ထိုစဥ်ကပင် သာသနာပြုဘဝကို အားကျခဲ့သည်။
ထို့နောက် ပါရီမြို့ရှိ Seminary of Saint_Sulpice တွင် ပညာသင်ခွင့်ရခဲ့သည်။ ကညာစင်မာရီယားနှင့် ခရစ်ယာန်ယုံကြည်ခြင်းဆိုင်ရာများကို အထူးစိတ်ဝင်စား လေ့လာခဲ့သည်။
၁၇၀၀ ပြည့်နှစ်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။
ပြည်ပတွင် သာသနာပြုခွင့်တောင်းခံခဲ့သော်လည်း မရဘဲ ပြင်သစ်ပြည်တွင်းတွင်သာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။
အမိမယ်တော်၏ ကူညီမှိုင်းမမှုကို အားယူသည့် ဘုန်းတော်ကြီး အစုအဖွဲ့ငယ်လေးများကို စတင်ထူထောင်ပြီး Company of Mary အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။
ရောမမြို့သို့ ဘုရားဖူးထွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ကလဲမင်း(၁၁) နှင့် တွေ့ဆုံ သြဝါဒခံယူခဲ့သည်။ ၄င်း၏ လမ်းညွှန်အားပေးမှုဖြင့် ပြင်သစ်ပြည်တွင် လှည့်လည်ဟောပြောခြင်းများကို မနားမနေကြိုးပမ်းခဲ့သည်။ ရဟန်းဂိုဏ်းများ၊ ကိုရင် သီလရှင်ဂိုဏ်များကို တည်ထောင်ခဲ့ပြီး နောင်တွင် Montfort Priests, Monfort Nuns, Gabriel Brothers ဂိုဏ်းများ ဖြစ်လာသည်။
သက်တော် ၄၃ နှစ် ရဟန်းဝါတော် ၁၆ ဝါ တွင် ကျန်းမာရေးမကောင်းသောကြောင့် ၁၇၁၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ပျံလွန်ခဲ့သည်။
မယ်တော်မာရီယားအား သဒ္ဓါကြည်ညိုခြင်းဆိုင်ရာ သာအုပ်များစွာရေးသားခဲ့ပြီး True Devotion to Mary နှင့် Secret of Mary စာအုပ်များမှာ ထင်ရှားသည်။
Legion of Mary and St. Louis Marie de Monfort
အသင်းတည်ထောင်သူ Mr. Frank Duff သည် True Devotion to Mary စာအုပ်ကို လေးနက်စွာ ဖတ်ရှုလေ့လာခဲ့သဖြင့် မာရီယားတမန်တော် လက်စွဲစာအုပ် တစ်ခုလုံးတွင် စိန်လူးဝစ်မာရီ ဒီမွန်းဖို့တ်၏ သဘောတရားများက လွှမ်းခြုံနေသည်။
မာရီယားတမန်တော် အသင်းသားများသည် မယ်တော်မာရီယားအား စစ်မှန်သော သဒ္ဓါကြည်ညိုခြင်း True Devotion to Mary ကို အဓိက မဖြစ်မနေ လိုက်ကျင့်ရမည်ဟု လက်စွဲစာအုပ်တွင် ပြဌာန်းထားသည်။
အသင်းသားများ နှစ်စဥ် အာချီအက်စ် Acies အခမ်းအနားတွင် ရွတ်ဆိုရသည့်
" အိုကျွန်ုပ်၏ သခင်မ ကျွန်ုပ်၏ မယ်တော်...
ကျွန်ုပ်ကို မယ်တော်စိုးပိုင်ပါသည်။
ကျွန်ုပ်၌ ရှိရှိသမျှကိုလည်း မယ်တော်စိုးပိုင်ပါသည်။"
ဆိုသည့် စကားလုံးများသည် စိန်လူးဝစ်မာရီ ဒီမွန်းဖို့တ်၏ True Devotion to Mary မှ ဖြစ်ပါသည်။