15/02/2023
♥️ သွေးလှူဒါန်းခြင်း ❤️
“သွေးသည်အသက်” ဟူသော စာတန်းလေးကို သွေးလှူရှင်ရင်ထိုးတံဆိပ်တွင်တွေ့ ရသည်။ ရင်ထိုးမှာ အဖြူရောင်နှင့်အနီရောင် အသည်းနှစ်ခုပါ၍ သွေးအားနည်းသူအား သွေးအားများသူ ဖြည့်တင်း လှူဒါန်းသည့် အဓိပ္ပာယ်ဖြစ်သည်။ သွေးသည်အသက်ဟု ဆိုသည့်အတိုင်း သွေးလှူဒါန်းခြင်းသည်
အခြားလှူဒါန်းခြင်းမျိုးထက် ပိုမို၍အကျိုးရှိသည်။ တစ်နည်အားဖြင့် လူ့ အသက်ကို ကယ်ဆယ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ယခုအခါ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်ပါ စုပေါင်းသွေးလှူဒါန်းကြခြင်းကို တွေ့ ရသည်။ အခါကြီးရက်ကြီးများတွင် စုပေါင်းသွေးလှူဒါန်းပြီး ကုသိုလ်ယူကြသည်။ တစ်ကြိမ်မျှ သွေးမလှူဖူးသူများကသွေးစလှူဒါန်းလာသကဲ့သို့ အကြိမ် (၅ဝ) ကျော် သွေးလှူဒါန်းသူများလည်း ဦးရေမနည်းလှတော့ချေ။ (၄) လ ခြားပြီးမှသာ သွေးထပ်လှူလို့
ရသည်။ အကြိမ် (၁၀၀)ကျော်အထိ သွေးလှူသူများပင်ရှိနေသည်။
စေတနာရှိတိုင်း သွေးမလှူနိုင်ချေ။ ကျန်းမာမှသာ သွေးလှူဒါန်းနိုင်မည်ဖြစ်သည်။
အောက်ပါအချက်များနှင့် ပြည့်စုံမှသာ သွေးလှူဒါန်းနိုင်သည်။
(၁) အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိရမည်။
(၂) ကိုယ်အလေးချိန်မှာ အမျိုးသားများအတွက် ၁၁၀ ပေါင်၊အမျိုးသမီးများအတွက် ၉၀ ပေါင် အနည်းဆုံးရှိရမည်။
(၃) သွေးပေါင်ချိန်မှာ အမျိုးသားများအတွက် ၁၁ဝ/၇ဝ၊ အမျိုးသမီးများအတွက် ၁ဝဝ/၆ဝ အနည်းဆုံးရှိရမည်။
(၄) လွန်ခဲ့သည့် သုံးနှစ်အတွင်း ငှက်ဖျားရောဂါ၊ လွန်ခဲ့သည့်ငါးနှစ်အတွင်း အသည်းရောင်အသားဝါ ရောဂါရှိခဲ့ဖူးသူမဖြစ်စေရ။ အိပ်ချ်အိုင်ဗီပိုး သယ်ဆောင်ထားသူများ မဖြစ်စေရ။
(၅) ရောဂါတစ်ခုခုကြောင့် တစ်နှစ်အတွင်း သွေးသွင်းခံခဲ့ရဖူးသူ မဖြစ်စေရ။
(၆) သွေးမလှူမီ (၁၈) ရက်အတွင်း ကာကွယ်ဆေးထိုးထားသူမဖြစ်စေရ။
(၇) အမျိုးသမီးများသည် ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီး (၆) လအတွင်း သွေးမလှူရချေ။
(၈) နောက်ဆုံးအကြိမ် သွေးလှူပြီး (၄) လကြာမှ ထပ်လှူနိုင်သည်။
သွေးလှူရှင်ထံမှ သွေး ၃၅၀ စီစီကိုသာယူသည်။ ပုလင်းတွင်သွေးမခဲစေသော အရည်ထည့်ထားပြီး သွေးကိုထည့်ယူသည်။ သွေးချိန်သည် မိနစ်ပိုင်းသာကြာမြင့်သည်။ သွေးလှူပြီးနောက် ခေတ္တနားနေပြီး၊
အစားအစာများကျွေးပြီးမှ အိမ်သို့ပြန်စေသည်။
သွေးလှူဒါန်းပြီးနောက် သွေးလှူရှင်များသည် ရုတ်တရက် ထထိုင်ခြင်းမပြုဘဲ (၁၅) မိနစ်ခန့် လဲလျောင်းနေရန် လိုအပ်သည်။ ရေ၊ဖျော်ရည်များများပြန်လည်သောက်ပေးရမည် ဖြစ်သည်။ သွေးဖောက်ထားသော လက်မောင်းအား သွေးလှူဒါန်းပြီးနောက် (၁၂) နာရီအတွင်း ပြင်းထန်စွာလှုပ်ရှားခြင်း၊ အလေးအပင်မခြင်းတို့ကို မပြုလုပ်မိရန် ဂရုပြုရမည်ဖြစ်သည်။
လှူလိုက်သည့် သွေးထုထည်ပမာဏသည် (၃၆) နာရီအတွင်းပြန်လည်ပြည့်လာသည်။ သုံးလအကြာတွင် သွေးသည် မူလအတိုင်းပြန်လည်ပြည့်လာသည်။
သွေးလှူဒါန်းခြင်းဖြင့် မိမိသွေးအုပ်စုကို သိရှိနိုင်သည်။ မိမိသွေးအား (ဟီမိုဂလိုဘင်) နှင့် သွေးပေါင်ချိန်တို့ကို လေးလတစ်ကြိမ် စစ်ဆေးပြီးသားဖြစ်ပါသည်။ ထို့အပြင် သွေးကိုအမြဲတမ်း သန့်စင်နေစေရေးအတွက် အန္တရာယ်ရှိသည့် အပြုအမူ၊ အနေအထိုင်များ၊ ဥပမာ- လိင် အပျော်အပါးလိုက်စားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း စသည်တို့ကို မပြုလုပ်မိစေရန် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ပြီးလည်း ဖြစ်နိုင်ပါသည်။
ဗဟိုအမျိုးသား သွေးလှူဘဏ်တွင် သွေးလှူရှင်များအား သွေးမလှူဒါန်းမီ မေးခွန်းလွှာဖြင့် ဆန်းစစ်ခြင်းနှင့် မှတ်ပုံတင်စနစ်များကိုစနစ်တကျ ဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် သွေးလှူဒါန်းသူများတွင်ကူးစက်ရောဂါပိုး တွေ့ရှိမှုသည် သိသာစွာ ကျဆင်းလာသည်ကို တွေ့ ရသည်။
သွေးလှူရှင်များအား မေးခွန်းလွှာဖြင့် ဆန်းစစ်ရာတွင် စေတနာသွေးလှူရှင်များကသာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုသည်။ အစားထိုး သွေးလှူရှင်များ (Replacement Donors) ဖြစ်ကြသည့် ဆွေမျိုး၊ မိတ်ဆွေ၊နီးစပ်သူတို့က မှန်ကန်စွာမဖြေဆိုကြသဖြင့် အချို့မှာ သွေးတွင်ရောဂါပိုးတွေ့ပြီး သွေးလှူဒါန်းခွင့်မရကြောင်း သိရသည်။
သွေးလှူရှင် ထံမှ သွေးကို သွေးမခဲသည့်အရည်ဖြင့် ရောထားသဖြင့် 4°C ၌ သိမ်းထားသည့်အခါ ၃၅ ရက်အထိ သိမ်းထားနိုင်သည်။ သွေးပုလင်းအား အိမ်သုံးရေခဲသေတ္တာထဲတွင် ထားမည်ဆိုပါက 4°C အမြဲရှိရန် မသေချာသဖြင့် မထားသင့်ချေ။
သွေးလှူရှင်ထံမှရသည့်သွေးကို ခြောက်နာရီအတွင်း ခွဲထုတ်၍13°C ၌ ခွဲပြီးရရှိသော သွေးအရည်အခဲကို သိမ်းထားနိုင်သည်။ သာမန်ပလတ်စမာအရည်ကို သွေးလှူရှင်ထံမှရသော သွေးရည်မှ ခွဲထုတ်ပြီး 4°C ၌ သိမ်းထားနိုင်သည်။ ထို့အပြင် ပလတ်စမာအရည်ကို 4°C မှ အအေးခံပြီး သွေးရည်အနှစ်အဖြစ်လည်း ရရှိနိုင်သည်။
သွေးကို လတ်ဆတ်သည့်အခါသွင်းလေ ပိုကောင်းလေဖြစ်သည်။မွေးစကလေးများတွင် မွေးပြီး လေးရက်အတွင်း သွေးသွင်းရန်ရှိပါကလတ်ဆတ်သောသွေးကိုသာ သွင်းရသည်။ အသက် လေးလအောက် ကလေးများကို လတ်ဆတ်သည့်သွေးဖြင့် ကုသပေးနိုင်လျှင် အကောင်းဆုံးဟုဆိုသည်။သွေးလှူရှင်ထံမှရသည့် သွေးကိုသွင်းပေးရမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် သွေးယူနစ် ၇၅ သန်းခန့်ကို နှစ်စဉ်ပေးလှူနေကြသည်။ သွေးတစ်ယူနစ်လျှင် ၄၅၀ မီလီမီတာရှိသည်။ရေခဲသေတ္တာမရှိသည့်နေရာတွင်လေးနာရီမှ ခြောက်နာရီအတွင်း၌သာသွေးလှူရှင်များ လှူဒါန်းသည့်သွေးမှ အသည်းရောင်အသားဝါဘီနှင့်စီ၊ ငှက်ဖျား၊ အိပ်ခ်ျအိုင်ဗီပိုးများ ကူးစက်မှုမရှိစေရန် သွေးတိုင်းကိုစစ်ဆေးပြီးမှ သွင်းခွင့်ပြုပါသည်။
ကမ္ဘာတစ်ဝန်းတွင် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသူများ၏ ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမှာ အိပ်ခ်ျအိုင်ဗီပိုးပါရှိသည့် သွေးသွင်းခံရမှုကြောင့် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကမ္ဘာပေါ်တွင် နှစ်စဉ် မသန့်ရှင်းသည့် သွေးနှင့် ဆေးထိုး အပ်ကြောင့် အသည်းရောင်ဘီပိုး ကူးစက်ခံရသူ ၈ သန်းမှ ၁၆ သန်းအထိနှင့် အသည်းရောင်စီပိုး ကူးစက်ခံရသူ ၂.၃ သန်းမှ ၄.၇ သန်းအထိ ရှိသည်ဟု သိရသည်။သို့ဖြစ်၍ သွေးမသွင်းမီ ရောဂါပိုးကင်းစင်မှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဂရုပြုဆောင်ရွက်လာကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၁၉၃၉ ခုနှစ်တွင် သွေးလှူဘဏ်ကို စတင်ဖွင့်လှစ်ကုသခဲ့သည်။ ယင်းအချိန်က ငွေကြေးဖြင့် ဝယ်ယူကုသရသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မိမိဆန္ဒအလျောက် လှူဒါန်းသည့် သွေးလှူရှင်များအား အခြေပြုသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။
ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်ကို ဗဟိုအမျိုးသား သွေးလှူဘဏ် အဖြစ် အဆင့်မြင့်ခဲ့သည်။ ပြည်နယ်နှင့်တိုင်း၊ ခရိုင်ဆေးရုံကြီးများတွင် သွေးလှူဘဏ်ခွဲများ ပေါ်ပေါက်လာခဲ့သည်။ယခုအခါ သွေးမှ သွေးပစ္စည်းအမျိုးမျိုးကို ခွဲထုတ်၍ ရောဂါအလိုက် လိုအပ်သည့်အမျိုးအစားများကို ပိုင်းခြားပေးသွင်းကာ ကုသလာနိုင်ပြီ ဖြစ်သည်။
Source:ဒေါက်တာအောင်သန်း(အသက်တမျှသွေး)