Puñña Sańgaha Group ပုညသင်္ဂဟအဖွဲ့

  • Home
  • Myanmar
  • Yangon
  • Puñña Sańgaha Group ပုညသင်္ဂဟအဖွဲ့

Puñña Sańgaha Group       ပုညသင်္ဂဟအဖွဲ့ Charity Organization

လူသေပြီးနောက် (၇)ရက် အိမ်မှာကပ်နေသည့် ဖြစ်ရပ်ဟာ ဘယ်က စခဲ့သလဲ...?ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်ကတိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပ...
11/09/2023

လူသေပြီးနောက် (၇)ရက် အိမ်မှာကပ်နေသည့် ဖြစ်ရပ်ဟာ ဘယ်က စခဲ့သလဲ...?

ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က
တိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။

" အဲဒီ ရဟန်းဟာ နှမတော်ဖြစ်သူ လှူထားတဲ့ သင်္ကန်းကို စွဲလန်းပြီး သေခဲ့ရပြီးတော့ အဲဒီ သင်္ကန်းမှာ သန်းကြီး ဖြစ်ရရှာတယ် "တဲ့။

တစ်နေ့မှာ...

" ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ကိုယ်တော်တွေဟာသူ့ကျောင်းကို ရောက်ပြီး ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ရဲ့
ပစ္စည်းတွေကို သိမ်းဆည်းဖို့ အလာမှာ အဲဒီ သန်းပြိတ္တာကြီးက သင်္ကန်းပေါ်မှာ ပတ်ပြေးနေပြီး ငါ့သင်္ကန်းကြီး မထိနဲ့၊ ငါ့သင်္ကန်းကြီး မယူနဲ့ ဆိုပြီး ပတ်ချာလည် ပြေးလွှားနေတယ် " တဲ့။

အဲဒီ ဖြစ်စဉ်ကို

" ဗုဒ္ဓမြတ်စွာဘုရားရှင်က မြင်တော်မူပြီး ရဟန်းတို့ ထိုသင်္ကန်းကို လုံးဝမထိနဲ့။ (၇)ရက်ပြည့်ပြီးမှ ကိုင်ကြပါ " လို့ မိန့်ကြား လိုက်ပါတယ်။

သန်းတွေရဲ့အသက်ဟာ
(၇)ရက်ပဲ ခံတာကြောင့်ရယ်
(၇)ရက် မပြည့်ခင် အဲဒီ သင်္ကန်းကို အခြားကိုယ်တော်တွေက သွားထိမိရင် သန်းပြိတ္တာကြီးက သံဃာကို ပြစ်မှားမိတဲ့ ကံကြောင့် အဝီစိ ကျမယ့်အရေးနဲ့၊ သင်္ကန်းဝတ်မိတဲ့ ကိုယ်တော်ကြောင့် သန်းပြိတ္တာကြီး သေမယ့်အရေး ဒါတွေကို ကြိုမြင်ခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က သင်္ကန်းကို (၇)ရက် ပြည့်ပြီးမှ ကိုင်ကြပါလို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး
လူတွေကလည်း လူတွေသေပြီးရင်
(၇)ရက်ပြည့်မှ အိမ်က ထွက်တယ်တို့၊
သေပြီးရင် ကြားခံဘဝ ဝိညာဉ်ကောင်၊ လိပ်ပြာကောင် ဘဝနဲ့ ရှိနေကြသေးတယ် စသဖြင့် အယူ မှားတတ်ကြပါတယ်။

ဒီ အယူမှားဟာ
မြန်မာလူမျိုးတွေကြားထဲမှာ
ပျံ့နှံ့နေခဲ့တာကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကြားခံဘဝ၊ဝိညာဉ်ကောင်၊ လိပ်ပြာကောင် ဘဝ ရှိနေသေးတယ် လို့ ယူဆရင် သဿတဒိဋ္ဌိ ဖြစ်ပါတယ်။

သေပြီးသူမှာ ကြားခံဘဝ၊ ဝိညာဉ်ဘဝ ဆိုတာမရှိပါဘူး။ နိဗ္ဗာန်ကို မရခဲ့ပါက မိမိနဲ့ ထိုက်တန်တဲ့ ဘဝအသစ်ကို စက္ကန့်မခြားပဲ ရောက်ကြရတာချည်းပါပဲ။

အိမ်အနီးအနားမှာ ရှိနေတယ်၊
တွေ့ရတယ် စသဖြင့်...
ဒီလို တွေ့မြင်မိရင်တော့ အဲဒါ ပြိတ္တာဘဝ ရောက်သွားခြင်းပါ၊ ကြားခံဘဝ မဟုတ်ပါဘူး။

" သေပြီးသူရဲ့ဝိညာဉ်ဟာ
တစ်ခါတည်း ချုပ်ပျောက်ပြီး
မတူထူးခြားတဲ့ နောက်ဘဝ တစ်ခုမှာ
အခြားဝိညာဉ်နဲ့ အခြားသတ္တဝါ ချက်ချင်း ဖြစ်ရပါတယ်။ "

" မူလဝိညာဉ်ဟာသေဆုံးပြီးတာနဲ့
တစ်ခါတည်း ချုပ်ပျောက်ပါတယ်။ "
ဝိဉာဏ် ဆိုသည်မှာ ဝိဉာဏ ဆိုတဲ့
ပါဠိစကားက လာတာပါ။

ဝိ = မတူထူးခြားသော အနေအားဖြင့်
ဉာဏ = သိတယ်
ဒီလို အဓိပ္ပါယ် ရှိပါတယ်။

" သေပြီး(၇)ရက် အိမ်မှာ ရှိနေတယ် ဆိုတဲ့ အယူကို လက်ခံထားရင်ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေးပါဘူး။ "
သင်္ချိုင်းကနေ သစ်ကိုင်းလေးနဲ့ ခေါက်ပြီးလိပ်ပြာ ပြန်ခေါ်လာတာမျိုး၊ (၇)ရက် ပြည့်ရင် အိမ်လှေကားမှာ ပြာတို့၊ ဆန်တို့ ခံပြီး ခြေရာ ကျန်၊ မကျန် ကြည့်တာတို့ အပြင်မှာ သေတဲ့ မသာကို ရွာထဲ၊ ရပ်ကွက်ထဲ ရွာနာတယ် လို့ ယူဆမှားပြီး အဝင် မခံတာမျိုး၊ ဒါမျိုးတွေဟာ (၅)ပါးသီလ ပျက်တာထက် ပိုအပြစ်ကြီးတဲ့
နိယတ မိစ္ဆာဒိဋ္ဌိ အယူဆိုးတွေပါ။

လူသေကို ရွာထဲ အဝင် မခံဘူး ဆိုရင် နေ့စဉ် ကြက်မသာ၊ ဝက်မသာ တွေကျတော့ ပါးစပ်ထဲတောင် သွင်းနေကြသေးတာပဲ။ လူမသာကိုမှ ပိုကြောက်ကြတယ် ဆိုရင်ဖြင့်
သေချာပါတယ်၊ လောဘ၊ ဒေါသ၊ မောဟ ကြီးတဲ့ လူတွေဟာ တိရစ္ဆာန်တွေထက် ပိုကြောက်စရာ ကောင်းလို့ပဲဖြစ်မှာပါ။

အသိ မှားတော့ အမှတ် မှားတယ်။
အမှတ် မှားတော့အယူ မှားတယ်။
အယူ မှားတော့ တရား မှားတယ်။

တရား မှားပြီ ဆိုရင်တော့ အပါယ်ဘုံသာ သွားရမှာ ဖြစ်ပါတယ်။

ဂျပန်တွေက သေပြီးရင် (၄၉)ရက် အိမ်မှာ ကပ်နေတယ် လို့ ယူကြပါတယ်။ သူတို့က မဟာယာနတွေဖြစ်လို့ရှိစေတော့။

" ကိုယ့်ထေရဝါဒ ဗုဒ္ဓဘာသာတွေကတော့ တရားစစ်၊ တရားမှန်တွေရှိပါလျက်နှင့် တရား မမှား၊ အယူ မမှားသင့်ပါ။ "

🙏 ကျေးဇူး‌ရှင် ပါချုပ် ဆရာတော်ဘုရားကြီး 🙏

♦ရေစက်မချဘဲ လှူတာကို #ဒါန လို့ ခေါ်တယ်။  ♦ရေစက်ချခြင်းကို #ပတ္တိဒါန လို့ ခေါ်တယ်။ ရေစက်"မချဘဲ လှူလျှင်...ဒါနအကျိုးသက်သက်...
18/05/2023

♦ရေစက်မချဘဲ လှူတာကို
#ဒါန လို့ ခေါ်တယ်။

♦ရေစက်ချခြင်းကို
#ပတ္တိဒါန လို့ ခေါ်တယ်။

ရေစက်"မချဘဲ လှူလျှင်...
ဒါနအကျိုး
သက်သက်မျှကိုသာ ရတယ်။

ရေစက်ချတဲ့အတွက် ...
ဒါန"အကျိုးမျှ မကဘူး ၊
ပတ္တိဒါန"အကျိုးကိုလည်း
ရတယ်။

ပတ်တိ+ဒါန ဆိုတဲ့
ပုဒ်နှစ်ပုဒ်မှာ...

မိမိထံ
ကုသိုလ် ရောက်လာတာကို
ပတ္တိလို့ ခေါ်တယ်။

ဒါန"ဆိုတာဟာ ပေးခြင်း။

ဒါကြောင့်...
မိမိထံ ရောက်လာတဲ့
ကုသိုလ်ကို~

သူတစ်ပါးထံ
အမျှပေးဝေခြင်းကို
ပတ္တိဒါန လို့ခေါ်တယ်။

ရှေးဦးစွာ
တစ်စုံတစ်ခုသော
ဝတ္ထုကို လှူတယ်။

ထိုသို့ လှူတဲ့အတွက်
ရောက်လာတဲ့
ဒါနေစတနာကို
ပတ္တိလို့ ခေါ်တာ။

မိမိထံ ရောက်လာတဲ့
ဒါန စေတနာကို

ကြားကြားသမျှ
သာဓုခေါ်တော်မူကြပါလို့

ဝေငှပေးတဲ့ စေတနာကို
ပတ္တိဒါနလို့ ခေါ်တယ်။

ကိုယ်ရထားတဲ့ ကုသိုလ်ကို
သူတစ်ပါးတို့အား ပေးလိုက်လျှင် ...

ကိုယ့်အထံမှာက
ကုသိုလ် ကုန်သွားရော့လားလို့
တွေးမှားစရာ ရှိတယ်။

မီးတိုင် တစ်တိုင်
ထွန်းထားရာက...

မီးတိုင် အများ
မီးလာကူးတဲ့ အတွက်

မူလမီးရဲ့ အရောင်အလင်းဟာ
လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို

မူလကုသိုလ်ရှင်မှာ
ကုသိုလ် မကုန်တဲ့အပြင်

ပတ္တိဒါန ကုသိုလ်အကျိုးကိုပင်
ထပ်ပြီးရသေးတဲ့အတွက်

ရေစက်မချဘဲ လှူလျှင်
ဒါနအကျိုး
သက်သက်မျှသာ ရတယ်။

ရေစက်ချ
အလှူပေးတဲ့အတွက်
ပတ္တိဒါန အကျိုးကိုပါ
ရတယ်လို့
မှတ်သားသင့်တယ်။

ရေစက်ချစဉ်
ခံယူရမည့် စိတ်ထားက...

ရုပ်တရား နာမ်တရား
မှန်သမျှ~

ဖြစ်ပြီး ပျက်တတ်တာချည်းမို့
မမြဲတဲ့ အနိစ္စဆိုတာလည်း
ရုပ်နာမ်ပဲ ။

ဆင်းရဲတတ်တဲ့
ဒုက္ခဆိုတာလည်း
ရုပ်နာမ်ပဲ ။

ခိုင်မာမှုမရှိတဲ့
အနတ္တဆိုတာလည်း
ရုပ်နာမ်ပဲ ။

ဤကုသိုလ်ကြောင့်...
အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့
ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ...
နိဗ္ဗာန်ကို
မျက်မှောက်ပြုရပါလို၏' လို့်

မိမိစိတ်ကို
နိဗ္ဗာန်ဆီ ညွှတ်ထားရမှာသာ
ဖြစ်တယ်။

(ထီးချိုင့်)မြို့ -
တည်တောဆရာတော်ဘုရားကြီး၏
♦ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ

Credit-
🙏🙏🙏

⚜⚜⚜⚜⚜⚜⚜⚜

*ရွှေငါး*ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူနေတဲ့အချိန်.....အစိရဝတီမြစ်ထဲမှ ဖမ်းမိတဲ့ ကပိလရွှေငါးကြီးကို ...
17/05/2023

*ရွှေငါး*

ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူနေတဲ့အချိန်.....

အစိရဝတီမြစ်ထဲမှ ဖမ်းမိတဲ့ ကပိလရွှေငါးကြီးကို အကြောင်းပြုပြီး ဒီတရားတော်ကို ဟောတော်မူခဲ့ပါသည် ။

ဂေါတမမြတ်စွာဘုရား မပွင့်ထွန်းမှီ ကဿပမြတ်စွာဘုရားရဲ့ သာသနာအတွင်း အချိန်ကာလတခုမှာ အမျိုးသား ညီအကိုနှစ်ယောက်တို့သည် ရှိခဲ့ပါတယ် ၊ လူ့လောကကို စွန့်လွှတ်ကာ ရဟန်းပြုရန်အတွက် ကဿပဘုရား၏ တပည့်သားရဟန်းတို့ဆီမှာ ရဟန်းဝတ်ပြီး နေကြပါသည် ။

အကိုဖြစ်သူရဲ့ ဘွဲ့တော်က သာဂတ ဖြစ်ပြီး ညီဖြစ်သူက ကပိလ ဖြစ်ပါသည် ၊

ထိုညီအကို နှစ်ယောက်မှာလည်း သာဓိနီ
အမည်ရှိတဲ့ အမေရယ် ၊တာပနာ ဆိုတဲ့ နှမငယ်ရယ် ရှိခဲ့ပါသည် ၊

အမေနဲ့နှမငယ်တို့ကတော့ အမျိုးသမီးရဟန်းတော်(ဘိက္ခုနီ)တို့ဆီ သွားရောက်ပြီး ရဟန်းပြုကာ ရဟန်းမအဖြစ် နေကြပါသည် ။

အသျှင်သာဂတနဲ့ အသျှင်ကပိလ တို့ဟာ
ဆရာဖြစ်သော ရဟန်းတော်တို့ထံမှာ ဝေယာဝေစ္စ ဝတ်ကြီးဝတ်ငယ် ပြုစုရင်း
နေလာခဲ့ကြပါသည် ။

တနေ့မှာ ညီအကိုဖြစ်ကြတဲ့ အသျှင်သာဂတနဲ့ အသျှင်ကပိလ တို့သည် ဆရာဖြစ်သူအား
"အရှင်ဘုရား သာသနာတော်မှာ ဓူတင် ဘယ်နှစ်ပါး ရှိပါသလဲ "ဟု မေးလျောက်တဲ့အခါ

"ဂန္ထဓူရ ဝိပဿနာဓူရ နှစ်မျိုးရှိပါတယ် "ဟု ဆရာဖြစ်သူ၏ အဖြေကို ကြားလိုက်ရတဲ့အချိန်မှာ.....

အကိုဖြစ်သူ အသျှင်သာဂတသည် ဝိပဿနာကို ဖြည့်ကျင့်အံ့ဟု စိတ်ဆန္ဒဖြစ်ပေါ်၍ ဆရာတို့အထံမှာ ငါးဝါ(၅ နှစ်)ပတ်လုံး နေပြီး အရဟတ္တဖိုလ်တိုင်အောင် ကမ္မဋ္ဌာန်း ဝိပဿနာ နာယူကျင့်ကြံကာ ဆောင်ယူလာခဲ့ပါသည် ။

တောအရပ်၌မှာပဲနေ၍ တောရဆောက်တည်ကာ မဆုတ်မနစ်သော ဝီရိယတို့နဲ့ ကျင့်ကြံနေပါသည် ။

အသျှင်သာဂတ ရဟန်းတော်ဟာ အရဟတ္တဖိုလ်ကို လက်ဝယ်ပိုင်ပိုင်ရရှိကာ ရဟန္တာ အဖြစ် သံသာရာဝဲသြဂမှ လွတ်မြောက်သွားခဲ့ပါသည် ။

ညီဖြစ်တဲ့ အသျှင်ကပိလ ရဟန်းတော်မှာ ငါသည် ငယ်သေးတယ် နောင်အသက်ကြီးကာမှ ဝိပဿနာကို ဖြည့်ကျင့်အံ့ဟု စိတ်ဆန္ဒဖြစ်ပေါ်၍ ဂန္ထဓူရ ကိုအရင် ဖြည့်ကျင့်မယ်လို့ စိတ်ကူးကာ ပရိယတ် ( ပိဋကတ်သုံးပုံတို့ကို ) သင်ယူခဲ့ပါသည် ။

ကပိလရဟန်းတော်သည် ပရိယတ်ကို မှီ၍ ထင်ရှားကျော်ဇော်လာပါသည် ။

ပရိသတ်နဲ့ လာဘ်လာဘတို့လည်း ပေါများလာပါတော့သည် ။

ထိုကပိလရဟန်းသည် အကြားအမြင်များတာရယ် ပရိယတ်တတ်မြောက်တာတွေကြောင့်
မာန်ယစ်ခြင်းဖြင့် လာဘ်လာဘကို မက်မောသောစိတ် ဖြစ်ပေါ်လာပါသည် ။

အလွန်ပညာရှိ၏ဟူသော မာနဟာ နှိပ်စက်လို့ အခြားသူတို့က သင့်လျော်သည်ဟု ဆိုပါက မသင့်လျော် ဟု ဆန့်ကျင်ပြောဆိုလေသည် ၊ အခြားသူတို့က မသင့်လျော်ဟု ပြောဆိုပါကလည်း သင့်လျော်သည်ဟု အမြဲတမ်း ပြောဆိုတတ်ပါသည် ။

အပြစ်ရှိတာကို မရှိ ၊မရှိတာကို ရှိတယ်ဆိုပြီး ပြောဆိုလေ့ရှိပါသည် ။

သီလကိုချစ်မြတ်နိုးတဲ့ ရဟန်းတွေက
ဤသို့ မပြောဆိုပါနှင့် ဟု ကပိလရဟန်းအား တားမြစ်ကြပါတယ် ၊သုတ်အဘိဓမ္မာကိုလည်းကောင်း ဝိနည်းတို့ကိုလည်းကောင်း ပြ၍ ဆုံးမကြပါသည် ။

သင်တို့သည် ဘာသိသလဲ
လက်သီးဆုပ်လို လူတွေပဲ ဟု အဆုံးအမ မခံ ရန်ညှိးဖွဲ့ကာ ပြန်ပြောဆိုလျက် ရှိနေလေတော့သည် ။

ထို့နောက် ရဟန်းတို့သည်
နောင်တော်ဖြစ်သူ အသျှင်သာဂတအား ထိုအကြောင်းကို လျောက်လေသည် ။

အသျှင်သာဂတ မထေရ်ကြီးသည် အသျှင်ကပိလ ရဟန်းဆီသို့ သွားပြီး ငါရှင် သူတို့ဆိုသော စကားသည် မှန်ပါ၏ ၊ ကောင်းသောအကျင့် ပရိပတ်သည် သာသနာတော်၏ အသက်တည်း ၊ ထို့ကြောင့် ကောင်းသောအကျင့်ကို ပယ်၍ စကားတို့ကို မဆိုပါလင့် ဟု ဆိုဆုံးမ၏ ၊

နှစ်ကြိမ် သုံးကြိမ် ဆိုဆုံးမသော်လည်း မနာယူသောကြောင့် အသျှင်သာဂတ မထေရ်သည် ဆက်လက်၍ အတူမနေတော့ဘဲ ရှောင်ခွာ၍သွားလေတော့သည် ။

သီလကို မြတ်နိုးကုန်သော ရဟန်းတို့သည်လည်း ထိုနည်းအတူ ထွက်သွားလေကုန်သည် ။

ထိုကပိလရဟန်းသည် မကောင်းသောအကျင့်ရှိ၍ မကောင်းသောအကျင့်ရှိသော ရဟန်းများနှင့်သာ ပေါင်းဖော်နေကြကုန်သည် ။

တနေ့သ၌ သိမ်အတွင်း ပါတိမောက်ပြအံ့ဟု ဆိုကာ ယပ်ကိုယူ၍ တရားဟောပလ္လင်၌ နေလျက်......

ငါ့ရှင်တို့ ပါတိမောက် ပြခြင်းသည် လိုအပ်သလော ဟု ရဟန်းတို့အား မေးလေသည် ၊ဆက်လက်၍ ဘာအကျိုးရှိပါသလဲ ဟု မေးလေရာ နောက်လိုက်ရဟန်းအပေါင်းတို့သည် ဆိတ်ဆိတ်နေကုန်၏ ။

ဆိတ်ဆိတ်နေသောရဟန်းတို့ကို မြင်လျှင်

ငါ့ရှင်တို့
သုတ်အဘိဓမ္မာသည်၎င်း
ဝိနည်းသည်၎င်း မရှိပါ ၊
ပါတိမောက်ကို ပြောကြားခြင်းဖြင့်၎င်း
မပြောကြားခြင်းဖြင့်၎င်း ဘာအကျိုးရှိမှာလဲ ဟု ပြောဆို၍ပြန်လေသည် ။

ဤသို့ ကဿပမြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်ကို ဆုတ်ယုတ်စေ၏ ။

အသျှင် သာဂတမထေရ်သည်လည်း ထိုနေ့၌ပင် ပရိနိဗ္ဗာန်စံဝင်လေသည် ။

ကပိလရဟန်းသည် သေလွန်သော် အဝီစိငရဲ၌ ဖြစ်သွားလေတော့သည် ။

အမိဖြစ်သော သာဓိနီရဟန်းမသည်၎င်း
နှမဖြစ်သော တာပနာရဟန်းမသည်၎င်း
ကပိလရဟန်းဖက်မှ နေ၍ သီလကို ချစ်မြတ်နိုးသည့် ရဟန်းတော်တို့အား
ဆဲရေး၍ ရေရွတ်၍ သေလွန်သော်
ထိုအဝီစိငရဲ၌သာလျှင် ဖြစ်လေသည် ။

ထိုအချိန်တွင်လည်း အခြားသော ယောင်္ကျား ငါးရားတို့သည်လည်း မြို့ရွာများကို ဖျက်စီးကာ ခိုးမှုလုယက်မှုတို့ဖြင့် အသက်မွေးလျက် နေကုန်သည် ။

မြို့ရွာ၌် နေကြကုန်သော ပြည်သူအများ လူသူစုဆောင်းကာ လိုက်ဖမ်းသောကြောင့် ထို့ငါးရာသော ခိုးသားတို့သည် ပြေးပုန်းရလေသည် ၊
တောအတွင်းသို့ ဝင်၍ တစုံတယောက်သော အားကိုးရာကို ရှာကြလေသည် ။

တောအတွင်းတနေရာသို့ ရောက်လတ်သော် တော၌နေသော ရဟန်းတပါးကို မြင်၍ ရှစ်ခိုးလျှက် အရှင်ဘုရား အကျွန်ုပ်တို့၏ ကိုးကွယ်ရာ အဖြစ် မှတ်ယူပါလော့ ဆိုကြကုန်၏ ။

ထိုအခါ တော၌နေသော ရဟန်းက....
သင်တို့မှာ သီလနှင့်တူသော ကိုးကွယ်ရာသည် မရှိ ၊ ထို့ကြောင့် အလုံးစုံသော လူတို့သည် ငါးပါးသော သီလကို စောင့်တည်ကြကုန်လော့ ဟု မိန့်တော်မူ၏ ။

ငါးရာသော ခိုးသားတို့သည် ကောင်းပါပြီဟု ဝန်ခံ၍ ငါးပါးသော သီလတို့ကို ဆောက်တည်လေကုန်သည် ။

ထိုငါးရာသော ခိုးသူတို့အား သီလဆောက်တည် ပြီး၍ ယ္ခုအခါ သင်တို့သည် သီလရှိကုန်ပြီ အသက်ဟူသော အကြောင်းကြောင့် သီလပျက်ခြင်းကို မပြုအပ်တော့ ၊ စိတ်နှလုံးဖြင့် ပြစ်မှားခြင်းကိုလည်း မပြုအပ် ဟု ဆုံးမ၏ ။

ခိုးသားတို့လည်း ကောင်းပါပြီဘုရား ဟု ဝန်ခံစကားဆိုကြလေသည် ။

မကြာမှီ ဖမ်းဆီးရန်လာသော လူအပေါင်းတို့သည် ထိုအရပ်သို့ ရောက်လတ်၍ ရှာကုန်သည်ရှိသော ထိုခိုးသူတို့ကို တွေ့ကာ ဝိုင်းဝန်းထိုးခုတ် သတ်ဖျက်ကြကုန်လေသည် ။

ခိုးသားတို့သည် မတုန်မလှူပ် အသက်အသေခံ၍ သီလတည်းဟူသော ကိုးကွယ်ရာကို ယုံကြည်လျက် သေဆုံးကြလေသည် ။

သေဆုံးခြင်း၏ အလွန် နတ်ပြည်၌ နတ်သားတို့အဖြစ်ကို ရကြကုန်၏ ၊ ခိုးသူအကြီးအကဲကား နတ်သားအကြီးအကဲ ဖြစ်လေသည်။

ထိုနတ်သားအပေါင်းသည် နှစ်ဆူသော ဘုရားတို့၏ တခုသောအကြား ကာလပတ်လုံး အပြန်အလှန် ကျင်လည်သည်၏ အစွမ်းဖြင့် နေကြလေကုန်၏ ။

ဂေါတမမြတ်စွာဘုရား ပွင့်လင်းတောက်ပတော်မူသောအခါ သာဝတ္ထိပြည်၏ နီးသော တံငါရွာ၌ အသီးသီး ပဋိသန္ဓေ နေကြကုန်၏ ။

နတ်သားအကြီးအကဲ က ရွာသူကြီးအိမ်၌၎င်း အခြားသော နတ်သားတို့သည် အခြားသော ရွာသူတို့အိမ်တို့၌၎င်း ဇာတိတဖန် ဖြစ်ခြင်းရှိကုန်၏ ။

တရွာထဲ၌ မွေးဖွားလာကုန်သော ကလေးအပေါင်းတို့အား တံငါရွာ သူကြီးက ကောင်းစွာထောက်ပံ့ မွေးမြူထားလေသည် ။

တံငါသူကြီးသားသည်
အရွယ်ရောက်လာကုန်သော် ဘုန်းကံပြည့်စုံသော ယောင်္ကျားဖြစ်လာသည် ။

ကပိလသည်လည်း နှစ်ဆူသော ဘုရားတို့၏ တခုသောအကြားပတ်လုံး အဝီစိ၌ ခံနေရကာ အကျိုးအကြွင်းဖြင့် အစိရဝတီမြစ်၌ ရွှေအဆင်းရှိသော ငါးအဖြစ် ရောက်လာရပေသည်။

ထိုငါးသည် ရွှေကဲ့သို့အဆင်း ရှိသော်လည်း မကောင်းသော ခံတွင်းအနှံ ရှိသော ငါးတကောင်သာ ဖြစ်ပေ၏ ။

တနေ့သောအခါ တံငါသည်တို့သည် ငါးဖမ်းရန် ပိုက်ကွန်စသည်တို့ကို ယူဆောင်ကာ မြစ်အတွင်းသို့ လှေဖြင့်ဆင်းကြလေသည် ။

ထိုတံငါသည်တို့၏ ပိုက်ကွန် အတွင်းသို့ ရွှေရောင်းအဆင်း ငါးကြီးသည် ဖမ်းမိလေသည် ။

တံငါရွာ၌ နေကြကုန်သော ပြည်သူအများသည် ပျှော်ရွှင်စွာ ကြွေးကြော်ကြကုန်၏ ၊

ရှေးအခါက ဤသို့သောငါးမျိုး မရစဖူး ၊ထူးခြားသော ဤရွှေရောင်ငါကြီးအား အရှင်မင်းကြီးအား သွားရောက်ဆက်သပါက များစွာသော ဥစ္စာတို့ကို ပေး၍ ဆုတော်အဖြစ် ရလတ္တံ့ ဟု စိတ်တူညီစွာ ပြောဆိုတိုင်ပင်၍ မင်းနေပြည်တော်သို့ ငါးကြီးအား မချီ၍ သွားဆက်သကြကုန်သည် ။

မင်းကြီးလည်း ထိုငါးကြီးကိုမြင်လျှင် မြတ်စွာဘုရားသည် ထိုငါးကြီး၏ ရွှေရောင်အဆင်းနှင့် တူသောအဆင်း၏ ဖြစ်ခြင်းအကြောင်းကို သိလတ္တံ့ ဟု စဉ်းစားကာ ငါးကြီးကို ယူစေ၍ မြတ်စွာဘုရား၏ ကျောင်းတော်သို့ သွားလေသည် ။

ဇေတဝန်ကျောင်းတော်သို့ ရောက်လတ်သော် ရွှေရောင်ငါးကြီးသည် ပါးစပ်ဖွင့်ဟလိုက်သောအခါ ဇေတဝန်ကျောင်းတိုက်ကြီး တခုလုံး အပုတ်နံ့ကြီး လွှမ်းမိုးသွားလေသည် ။

ကောသလမင်းကြီးသည် ရျွေအဆင်းကဲ့သို့ အဆင်းလှခြင်းနှင့် အပုတ်နံ့ ထွက်ရခြင်းတို့၏အကြောင်းကို မေးလျှောက်၏။

ဘုရားရှင်က.....
"မင်းကြီး ဤရွှေငါးကြီးသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ကပိလမည်သော ရဟန်းတပါး ဖြစ်ခဲ့၏ ၊ ပိဋကတ် သုံးပုံဆောင်ဖြစ်ကာ ပရိယတ်ကျမ်းဂန်များ ပို့ချနိုင်သဖြင့် အခြွေအရံနှင့် လာဘ်လာဘတို့ကို မှီ၍ မာန်မာနနှင့် လောဘတို့ကြီးပွားကာ မည်သူ့စကားကိုမျှ မနာယူပဲ နေခဲ့၏" ။

"အပ်စပ်သောအမှုကို မအပ်စပ်ဟု ဆိုခဲ့၏" ၊

"မအပ်စပ်သောအမှုကို အပ်စပ်သည်ဟု ဆိုခဲ့၏ "၊

"အပြစ်ရှိသော အမှုကို အပြစ်မရှိ ဟု ဆိုခဲ့၏" ၊

"အပြစ်မရှိသော အမှုကို အပြစ်ရှိ၏ ဟု ဆိုခဲ့၏ "၊

"ဤသို့ဖြင့် ကဿပမြတ်စွာဘုရား၏ သာသနာတော် ဆုတ်ယုတ်လာရ၏" ။

"ထိုအကုသိုလ်ကံကြောင့် ကပိလရဟန်းသည် သေလွန်သော်အခါ အဝီစိငရဲသို့ ကျရောက်ရ၏" ။

"ဘုရားရှင်၏ ဒေသနာများကို ပို့ချခြင်း ၊ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးကျူးခြင်းတို့ကြောင့် ရွှေအဆင်းကဲ့သို့ လှပတင့်တယ်ရ၏ "။

"မိမိစကားကို မနာယူသော လဇ္ဇီပေသလရဟန်းတို့အား ဆဲရေးခဲ့သဖြင့် ခံတွင်းမှ အပုတ်နံ့ ထွက်ရ၏ ဟု မိန့်တော်မူလေ၏" ။

ထို့နောက် ဘုရားရှင်က ငါးကြီးဖက်သို့ မျက်နာမူတော်မူကာ.....

"အို ငါးကြီး သင်သည် ကပိလရဟန်းဖြစ်ခဲ့သည် မှန်ပါသလော ဟု မေးတော်မူရာ" ၊

"အရှင်ဘုရား မှန်ပါသည် တပည့်တော်ကပိလရဟန်း ဖြစ်ခဲ့ပါသည် ဟု ငါးကြီးက လျောက်၏" ၊ တဖန်ဘုရားရှင်က ဆက်လက်၍

"သင် ဘယ်အရပ်မှ လာသနည်း"

"တပည်တော် အဝီစိငရဲမှ လာပါသည်ဘုရား"

"သင်နောင်တော်ကြီး ဖြစ်ခဲ့သော သာဂတမထေရ် အဘယ်သို့ ရောက်သွားသနည်း"

"ပရိနိဗ္ဗာန်စံ သွားပါပြီဘုရား"

"သင်၏ မိခင် ဘိက္ခုနီမ သာဓိနီနှင့် နှမဖြဟ်သူ ဘိက္ခုနီမ တာပနာတို့ ယခု ဘယ်ရောက်နေကြသနည်း"

"တပည့်တော်ဖက်မှ နေ၍ ရဟန်းတို့ကို ဆဲရေးခဲ့သောကြောင့် အဝီစိငရဲမှာ ရောက်နေကြပါသည်ဘုရား"

"ယခု သင်အဘယ်သို့ သွားမည်နည်း"

"တပည့်တော် အဝီစိသို့ သွားရပါလိမ့်မည်ဘုရား"

ဘုရားရှင်၏ မေးခွန်များကို ဖြေကြားပြီးလျှင် ကပိလငါးကြီးသည် စိတ်မချမ်းမသာ ဖြစ်ကာ လှေကို ဦးခေါင်းဖြင့် ရိုက်၍ သေဆုံး၏ ၊သူလျောက်ထားသည့်အတိုင်း အဝီစိငရဲသို့ ကျရောက်သွားလေသည် ။

ဘုရားရှင်သည် ကပိလငါးကြီး အကြောင်းကို သိသာထင်ရှားအောင် မေးမြန်းပြတော် မူပြီးနောက် ပရိတ်သတ်တို့၏ စိတ်အလိုကို ကြည့်ရှုတော်မူကာ အောက်ပါ ဒေသနာတော်ကို ဟောကြားတော် မူလေသတည်း။........။

*၃၃၄။ မနုဇဿ ပမတ္တစာရိနော၊

တဏှာ ၀ဍ္ဎုတိ မာလုဝါ ဝိယ။

သော ပ္လ၀တီ ဟုရာ ဟုရံ၊

ဖလမိစ္ဆံ၀ ၀နသ္မိ ဝါနရော။

*၃၃၅။ ယံ ဧသာ သဟတေ ဇမ္မီ၊

တဏှာ လောကေ ဝိသတ္တိကာ။

သောကာ တဿ ပဝုဍ္ဎုန္တိ၊

အဘိ၀ဋ္ဌံ၀ ဗီရဏံ။

*၃၃၆။ ယော စေတံ သဟတေ ဇမ္မိံ၊

တဏှံ လောကေ ဒုရစ္စယံ။

သောကာ တမှာ ပပတန္တိ၊

ဥဒဗိန္ဒု၀ ပေါက္ခရာ။

*၃၃၇။ တံ ဝေါ ၀ဒါမိ ဘဒ္ဒံ ဝေါ၊

ယာဝန္တေတ္ထ သမာဂတာ။

တဏှာယ မူလံ ခဏထ၊

ဥသီရတ္ထော၀ ဗီရဏံ။

မာ ဝေါ နဠံ၀ သောတော၀၊

မာရော ဘဉ္ဇိ ပုနပ္ပုနံ။

၃၃၄။ မေ့လျော့သောသတ္တဝါအား မာလောပေါက်နွယ်ကဲ့သို့ တဏှာတိုးပွား၏၊ သစ်သီးကိုအလိုရှိသောမျောက်သည် တောတွင်း၌ တစ်ပင်မှတစ်ပင် ခုန်လွှားကူးသန်းသကဲ့သို့ ထို တဏှာတိုးပွားသူသည် တစ်ဘ၀မှ တစ်ဘ၀သို့ ပြေးသွားရာ၏။

၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ ကြီးပွားသကဲ့သို့ လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။

၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှဉ်းဆဲနိုင်ခဲ့မူ ထိုပုဂ္ဂိုလ်သဏ္ဌန်မှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျောကျကုန်၏။

၃၃၇။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာကြကုန်သော သင်တို့အား ငါသည် ကောင်းသောစကားကို ဟောအံ့၊ ပန်းရင်းခေါ်သောပြိတ်မြက်၏အမြစ်ကို အလိုရှိသူသည် ပြိတ်မြက်ပင်ကို တူးရသကဲ့သို့ နိဗ္ဗာန်ကို အလိုရှိသူသည် တဏှာ၏ အမြစ်အရင်းကိုတူးပစ်ကြကုန်လော့၊ ရေအလျင်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီးစေလင့်။***

တံငါသည် ငါးရာတို့သည် သတိသံဝေဂ ရရှိကာ ဘုရားရှင်ထံတွင် ရဟန်းပြုကုန်၏ ၊ မကြာမီ ရဟန္တာဖြစ်ကြကာ အာနေဉ္ဇသမာပတ်ကို ဝင်စားကြလေသည် ။

ကပိလမစ္ဆဝတ္ထု ၊ဓမ္မပဒအဋ္ဌကထာ ၊
ခုဒ္ဒကနိကာယ်ဝင် ၊
သုတ္တန်ပိဋကတ်။

(အညတရဘိက္ခု)

◉ ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍အကျဉ်းချုပ် အာရုံပြုနည်း _______________________ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ...
25/10/2021

◉ ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍
အကျဉ်းချုပ် အာရုံပြုနည်း
_______________________

ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ ရှေးဦးပထမ သမာဓိ မရသေးခင် ဂုဏ်တော်တစ်ပါး တည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ် ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ်အစဉ် မပျော်မွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်။ ဂုဏ်တော်ကိုးပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လွှဲကာဖယ်ကာ အာရုံပြုနေရသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင် ပျော်ပြီးယင်း ပျော်ယင်း ဖြစ်သကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူတို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူးရွှင်မှူးချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော် တစ်ပါးပါး၌ သမာဓိ စူးစိုက်လာလိမ့်မည်။

ထို့ ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦး မိမိ၏ သီလကို ၅-ပါးဖြစ်စေ, ဂ-ပါးဖြစ်စေ, ၁ဝ-ပါးဖြစ်စေ, အထူး လုံခြုံစွာ ရှိစေရမည်။ ထို့နောက် ဆိတ်ငြိမ်သော အရပ်ကို ရစေရမည်။ မိမိအိမ်မှာ ဖြစ်လျှင်လည်း အားလုံး တိတ်ဆိတ်သောအခါ ဖြစ်စေရမည်။ ရုပ်ပွားတော် စေတီတော်အနီးအပါး ဖြစ်လျှင်လည်း ပွဲလမ်းအခါ မဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်။ သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီရုပ်ပွားအနီး သို့မဟုတ် တောတောင်ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံ မပြုသင့်ပါ။ အရပ်ရပ် အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်ပြီးနောက် တကယ့် ယောဂီ စိတ်ကို ရောက်စေလျက် မိမိရွှေမှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါအတိုင်း အာရုံပြုပါ။

(၁) ဗုဒ္ဓဂုဏ်တော်။ ။ဘုရားရှင်သည် အလောင်းတော်သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေခါစ၌
သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော် ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ-ကိုယ်တိုင် သိရသောအခါဝယ်၊
ဗောဓေယျံ-သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟု ဓိဋ္ဌာန်တော်မူခဲ့ပါသည်။

(၂) သုဂတဂုဏ်တော်။ ။ထိုသို့ ဓိဋ္ဌာန်တော်မူခဲ့သည် အားလျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်း များစွာတို့ကို စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာဖြည့်ကာ ကောင်းစွာ ကြွတော်မူခဲ့ပါသည်။

(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။ ။ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရားဖြစ်တော့မည့်ဘဝ၌ သီလစောင့်ခြင်း, ဣန္ဒြေစောင့်စည်းခြင်း စသော ကိုယ်ကျင့်တရား စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူရကား, ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်, သန်းခေါင်ယံဝယ် နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံဝယ် ကိုယ်တော်၏ သန္တာန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝခြောက်ခန်းစေနိုင်သော “အာသဝက္ခယ” ခေါ် အရဟတ္တမဂ်ဉာဏ်တော် ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။

(၄) အရဟံဂုဏ်တော်။ ။ထို ဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာအနောက်အကျုမှ ကင်းစင်သဖြင့် အမြဲ ကြည်လင်တော်မူပါသည်။

(၅) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်။ ။ထိုကဲ့သို့ ကြည်လင်သော စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍
မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင်
လုံးဝကုန်စင် သိမြင်တော် မူနိုင်ပါသည်။

(၆) လောကဝိဒူဂုဏ်တော်။ ။ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော် ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍
မကြာမကြာ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကို လည်းကောင်း
သတ္တဝါအနန္တကိုလည်းကောင်း ရုပ်နာမ်ဓမ္မ သင်္ခါရလောကကိုလည်းကောင်း သိမြင်တော်မူပါသည်။

(၇) အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်။ ။သတ္တလောက (သတ္တဝါဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော ဣနြေတို၏ အနု အရင့်ကို နှိုင်းနှင့် ခွဲခြမ်း သိစွမ်းတော်မူရကား ထို သတ္တဝါအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြော ပြသဆုံးမ တော်မူနိုင်ပါသည်။ ။

(ဂ) သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်။ ။ထိုကဲ့သို့ မိမိတို့အလို လိုက်၍ အကြိုက်ကျအောင် ဟောပြော ဆုံးမတော်မူသော ဘုရားရှင်ကို ဆရာ မတင်လျင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည်နည်း၊ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်ပါပေသည်။

(၉) ဘဂဝါဂုဏ်တော်။ ။ထိုကဲ့သို့ လူရော နတ်ပါ ဗြဟ္မာမလပ် အရပ်ရပ်ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသာဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော် ဉာဏ်တော် ကျက်သရေတော် တန်ခိုးတော် ကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီတကား။

အားတက်ဖွယ်။ ။ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံ ကောင်းလှပေပြီ။ ထို ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံ ပြုနေရ အောက်မေ့နေရသည်မှာ စိတ်စက် ချမ်းသာလှပေ၏၊ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်းပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏၊ ထို ဘုရားရှင်ဂုဏ်တော်များကို အာရုံပြုလိုက်ရလျင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျုကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှသောကြောင့် အထပ်ထပ်
အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါးပေလိမ့်မည်။

လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ့်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသောအဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရားရှေ့တာ်မှာဖြစ်စေ သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ၊
အာရုံမပြုတတ်သေးပါလျှင် အားလပ်ခွင့်ရချိန်မှာ ဤ ဂုဏ်တော် ၉-ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှုရွတ်ဖတ်နေကြပါကုန်၊ လူမှုရေးကိစ္စများ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော်တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ်လုပ်ယင်း အာရုံပြုနေပါလျင် လောကသံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။

#မဟာဂန္ဓာရုံဆရာတော်ကြီး_အရှင်ဇနကာဘိဝံသ
#ဘဂဝါဂုဏ်တော်ဖွင့် #သုဝဏ္ဏသျှမ် pageမှ
ပြန်လည်မျှဝေပါသည်@ ပုညသိန်းနိုင်
#စာဖတ်သူတစ်ယောက်၏မှတ်စုများ
#ရတနာ့ဂုဏ်ရည်

🙏🙏🙏           🔵ခန္တီ            ====                 ခန္တီ ဆိုတာ မနိုင်လို့သည်းခံတာမဟုတ်ဘူး။ မိမိရဲ့ ပင်ကိုယ်ကြည်းနူးနေတ...
17/01/2021

🙏
🙏🙏
🔵ခန္တီ
====
ခန္တီ ဆိုတာ မနိုင်လို့သည်းခံတာမဟုတ်ဘူး။
မိမိရဲ့ ပင်ကိုယ်ကြည်းနူးနေတဲ့စိတ်လေးကို မပျက်
အောင် ထိန်းထားနိုင်တဲ့ စွမ်းရည်သတ္တိ၊စိတ်ပိုင်းဆိုင်
ရာရင့်ကျက်မှု သဘောထားကို ခန္တီ လို့ ပြောတာ။

အဲဒါကြောင့် ခန္တီ ဆိုတာ မေတ္တာ မပျက်အောင် ထိန်းထားနိုင်တဲ့စွမ်းရည်သတ္တိပဲ။ လူတစ်ဖက်သား
အကျိုးစီးပွားကိုလိုလားတဲ့ စိတ်နေသဘောထား
သည် မေတ္တာ။ ထိုမေတ္တာ ပျက်မသွားအောင် ထိန်း
ထားတာသည် ခန္တီ ပဲ။

🙏🏵(ပါချုပ်)ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
📚နယ်လှည့်ဟောကြားမြတ်တရား အတွဲ(၃)မှ
💫ခေ ပ ဒူ တ

နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာအကောင်းချည်းပဲ တွေ့တယ်။တိုးတက်ဖို့ အခွင့်အလမ်းတွေအများကြီး ကြုံလာတယ်။ဘာလုပ်လုပ် အ...
16/01/2021

နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ
အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ
အများကြီး ကြုံလာတယ်။
ဘာလုပ်လုပ် အဆင်ပြေလာတယ်။
အန္တရာယ်တွေ ကင်းလာတယ်။

မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို
နတ်တွေက ကိုယ့်အပေါ်မှာ
အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့
ကိုယ့်ကိုစောင့်ရှောက်လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
ကိုယ်မမြင်ရတဲ့ နတ်တွေကို
ကုသိုလ် ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။
ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင်
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
အိမ်စောင့်နတ်တို့ ဘာတို့ကိုဖိတ်ခေါ်ပြီး
အမျှအတန်း ပေးဝေရမယ်။

(ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်)🙏🙏🙏
မူရင်းပိုစ့်တင်သူအားအလေးအမြတ်ပြုပါသည်🙏

🔪👺   ဒေါသ   👺🔪🔥🔥🔥🔥ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိ...
13/12/2020

🔪👺 ဒေါသ 👺🔪

🔥🔥🔥🔥
ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှုနည်းသွားတယ်။ အရင်စလိုလုပ်တာ၊ပြောတာ နည်းသွားတယ်။ဒေါသဖြစ်တာကိုသိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကိုသိလေလေ ကြောက်တာစိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့လုပ်ကြည့်မှပဲ သိမယ်။

🔥🔥🔥🔥
ဒေါသနဲ့ပေါက်ကွဲတာလည်း မကောင်းဘူး။ အရှုံးပေးပြီး ကျိတ်ပြီးဒေါသဖြစ်တာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာလည်း မကောင်းဘူး။ ဒါကြောင့် ဒီဒေါသအကြောင်းကို သေသေချာချာ လေ့လာသင့်တယ်။ အဆင်မပြေတာ၊ မကြိုက်တာ၊ မတရားတာနဲ့ကြုံရရင် ဒေါသဖြစ်တတ်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဒေါသဖြစ်တာ မကျေမနပ်ဖြစ်တာ များလွန်းနေရင်တော့ ကိုယ့်သဘောထား ကိုယ့်ခံယူချက် မှားနေတယ်လို့ နားလည်သင့်တယ်။

🔥🔥🔥🔥
တချို့ကိစ္စတွေမှာ ကိုယ်ကဒေါသမဖြစ်ပဲနေရင် ကိုယ့်ကို သတ္တိမရှိဘူး၊ ညံ့တယ်၊ ပျော့တယ်၊ အတယ်လို့ အထင်ခံရမှာကြောက်လို့ ဒေါသဖြစ်တာ။ ဒေါသမဖြစ်ပဲနေရင် ဂုဏ်သိက္ခာကျမယ်လို့ ထင်တယ်။ ဒါကြောင့် ကိုယ့်ကိုလေးစားမှုပိုရှိအောင် ဒေါသဖြစ်လိုက်ရတယ်။ ဒါမျိုးကို ငါလက်မခံဘူး၊ ငါ့ကို ဒါမျိုးလာလုပ်လို့မရဘူး၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ်။ လူတွေက ရေမြွေလို့ထင်ရင် ရိုက်ချင်တယ်။ အဲဒီလို သူများကလည်း ကိုယ့်ကိုလေးစားမှုပိုရှိအောင် ဒေါသဖြစ်ပြကြတယ်။ ဒါကြောင့် တယောက်ကိုတယောက် လေးလေးစားစားပြောရင် ဒေါသဖြစ်တာနဲသွားမယ်။

🔥🔥🔥🔥
ကိုယ့်ကိုမလေးစားဘူးထင်လို့ လေးစားလာအောင် ဒေါသကြီးကြီးနဲ့ ပြောမယ်၊ ဆိုမယ်၊ လုပ်မယ်ဆိုရင် ကိုယ့်ဂုဏ်သိက္ခာ တကယ်တက်လာသလား။ ကိုယ့်ကို ကြောက်ရင်တော့ကြောက်သွားမယ်၊ ကိုယ့်ကို တကယ်လေးစားမှာမဟုတ်ဘူး။ ကိုယ့်ဂုဏ်သိက္ခာ တကယ်တက်မလာဘူး။ ဒေါသကြီးကြီးနဲ့ အော်ရင်၊ ငေါက်ရင်၊ ရိုက်ရင် အပြစ်ဒဏ်ပေးရင် ရွံကြောက်ဖြစ်သွားမယ်။ ချစ်ခင်လေးစားမှုတော့ ရမှာမဟုတ်ဘူး။

🔥🔥🔥🔥
သောကတို့၊ ဒေါသတို့က ကိုယ့်ကို အမြင်ကျဉ်းမြောင်းသွားစေတယ်။ ရေရှည်ကိုမကြည့်နိုင်မမြင်နိုင်တော့ပဲ လတ်တလောစိတ်သက်သာမှုရအောင် ပေါက်ကွဲစေတယ်။ ဆုံးဖြတ်ချက်တွေ မှားယွင်းစေတယ်။ အမှားတွေ လုပ်စေတယ်။ ပြီးတော့ အဲဒီအမှားတွေကြောင့် အဆင်မပြေမှုတွေပိုများပြီးတော့ ဒေါသတွေ၊ သောကတွေ ထပ်ပွားစေတယ်။ ဒါကြောင့် ဒေါသဖြစ်နေတာကိုသက်သာအောင် ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့အကျင့်ကို လုပ်သင့်တယ်။ အမှားနဲလာလေ သောကနဲလာလေ၊ သောကနဲလာလေ အလုပ်ကိုပိုကောင်းအောင် လုပ်နိုင် လာလေဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အများကြီးရှိလာလေဖြစ်လာလို့ အလုပ်ကို ပိုပြီး နိုင်နိုင်နင်းနင်း လုပ်နိုင်လေဖြစ်လာတယ်။ တဖြည်းဖြည်း စိတ်အေးချမ်းလာတယ်။ လုပ်စရာရှိတာကို ခေါင်းအေးအေးနဲ့လုပ်နိုင်လာတယ်။ ပြောစရာရှိတာတွေကို အေးအေးဆေးဆေး ပြောနိုင်လာတယ်။

🔥🔥🔥🔥
ပျားဟာ မြွေခေါင်းကို မိမိရရတုတ်ထားပြီး မလွှတ်ဘူး။ အဲဒီအချိန်မှာ လှည်းတစီးလာနေတာမြင်တော့ မြွှေက စဉ်းစားတယ်၊ ဒီပျားကိုတော့ သေအောင်သတ်မယ်၊ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး လှည်းလမ်းကြောင်း တည့်တည့်မှာ ခေါင်းကိုထားလိုက်တယ်။ လှည်းကြီးမောင်းလာတော့ ကျိတ်သွားတယ်။ ပျားဟာစိစိညက်ညက် ကျေသွားတယ်။ မြွှေကကော ဘာဖြစ်သွားသလဲ။ တချို့လူတွေဟာ အဲဒီမြွှေလိုပဲ။

🔥🔥🔥🔥
ကိုယ့်ကို သူတပါးက ပြိုင်တာ၊ ဆိုင်တာ၊ ရန်လုပ်တာ၊ တနည်းအားဖြင့် ကိုယ့်အယူအဆ မကောင်းဘူး၊ မမှန်ဘူးလို့ ပြောတာဆိုတာဟာ ဘုရားတောင်ခံရတယ်တဲ့နော်။ ကျန်တဲ့လူတွေမှာ လွတ်နိုင်ဖို့ရာအကြောင်း ရှိပါ့မလား။ မရှိနိုင်ဘူးနော်။

🔥🔥🔥🔥
ဘယ်အလုပ်မျိုးဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ရေရှည်မှာ ကိုယ့်လုပ်ငန်းအဆင်ပြေချင်ရင်၊ ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာ နဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။ ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့အကူအညီပေးပါ။

🔥🔥🔥🔥
ဒေါသဟာ ကိုယ့်ကို မတရားတဲ့သူ၊မမျှတတဲ့သူဖြစ်အောင်၊ ကြမ်းကြုတ်ရက်စက်တဲ့သူဖြစ်အောင် လုပ်တယ်။ ဒေါသကြီးလာရင် တရားတယ်၊မတရားဘူး၊ မျှတတယ်၊မမျှတဘူး၊ လုပ်သင့်တယ်၊မလုပ်သင့်ဘူးဆိုတာကို မချင့်ချိန်နိုင်တော့ဘူး။ လွန်လွန်ကျွံကျွံ ပြောမိတတ်တယ်။ အမှားတွေ လုပ်မိတတ်တယ်။ အဲဒီတော့ ပြဿနာတွေက ပိုပြီးတက်သွားတယ်။ အဲဒီပြဿနာတွေကို လိုက်ပြီးဖြေရှင်းရတာ အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ လူပင်ပန်းတယ်။ ဒါကြောင့် ဒေါသဟာတွက်ခြေမကိုက်ဘူး။ ပေးရတာများပြီးတော့ ပြန်ရတာနဲတယ်။

🔥🔥🔥🔥
သူများအကြောင်းကို အပြစ်ရှာနေတာဟာ ကိုယ့်မှာ တကယ်တန်ဖိုးရှိတဲ့အလုပ် လုပ်စရာမရှိလို့ပဲ။ တန်ဖိုးရှိတဲ့အလုပ်ကို အချိန်ပြည့်လုပ်နေတဲ့သူမှာ ဘယ်သူ့ကိုမှ တာရှည်စိတ်ဆိုးနေဖို့ အချိန်မရှိဘူး။ သူများကိုစိတ်ဆိုးနေတုံးမှာ ကိုယ့်အသိဥာဏ်မထွက်တော့ဘူး။

🔥🔥🔥🔥
နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့သူ ဖြစ်လာတယ်။ ကိုယ့်ဒေါသကကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ခိုင်းတာတွေကို မလုပ်မိအောင်သတိထားရမယ်။ ဒေါသကိုဆရာတင်မိရင် မှားမယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေဟာ ကိုယ့်ရဲ့ စိတ်အင်အားနဲ့စိတ်အခြေအနေ စိတ်ကြည်လင်ရွှင်လန်းမှုကို ဖျက်ဆီးနေတဲ့အရာတွေထဲမှာ အကြီးမားဆုံးပဲ။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ထပ်တလဲလဲကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။ ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့အမြဲလိုလိုရှိနေတတ်တဲ့ အဖေါ်ပဲ။ (အဖေါ်ကောင်းတော့ မဟုတ်ဘူး။) သူတို့ကိုကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။ သူတို့နဲ့နေတတ်အောင်လည်း လုပ်ထားရမယ်။ လုံးလုံးကြီးရှောင်လို့က ဖြစ်နိုင်တာမှမဟုတ်ပဲနော်။

🔥🔥🔥🔥
ကိုယ့်ငွေတွေနဲ့အချိန်တွေ အကျိုးမဲ့လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားနေတာကို ဘယ်သူမဆိုနှမြောတတ်ကြတယ်။ အဲဒီလိုပဲ ကိုယ့်စိတ်အင်အားတွေ၊ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက် ကိစ္စအသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်းကုန်သွားနေတာကို နှမြောတတ်ဖို့လိုပါတယ်။ လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ။ သူ့ဟာသူ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးဖွားလာရတာ၊ ဒါကိုနားလည်ပြီး adapt လုပ်ပြီး၊ ညှိနိုင်းပြီးနေသွားရမှာ။

🔥🔥🔥🔥
ဒေါသဖြစ်ရတာနဲချင်ရင်၊ စိတ်ပျက်ရတာနဲချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူးဆိုတာကို မမေ့ပါနဲ့။ ကိုယ်တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။ အရေးမကြီးတဲ့ရပိုင်ခွင့်တချို့ကို မရမက ရအောင်မလုပ်ပါနဲ့။ သူ့ထက်အရေးကြီးတဲ့ကိစ္စတွေကို အချိန်ပေးပါ။ တရာတန်လောက်ကိစ္စကြောင့် ဒေါသဖြစ်နေရင် တသိန်းတန်လောက်ကိစ္စမှာ လစ်ဟင်းသွားနိုင်တယ်။ ကိုယ့်အချိန်နဲ့ အင်အားကို ပိုပြီးအကျိုးများမဲ့နေရာမှာ သုံးပါ။ အသေးအမွှားရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမက ရအောင်လုပ်နေရင် ကိုယ့်စိတ်ထားပါနိမ့်ကျသွားတယ်။

🔥🔥🔥🔥
သူတပါးရဲ့ ရိုင်းစိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့် ကိုယ့်မှာ ဒေါသယမ်းအိုးမပေါက်အောင် သတိထားပါ။ ဘယ်သူ့ကိုမှ အလွန်အကျွံအလိုမလိုက်ပါနဲ့။ အလိုလိုက်တာများလေ ရတာနဲ့မကျေနပ်လေ ဖြစ်တတ်တယ်။

🔥🔥🔥🔥
“ပရစေ နဝိဇာနန်တိ၊ မယမတ်ေထ၊ယမာမသေ” တဲ့။
☄ပညာနဲတဲ့တချို့လူတွေဟာ တို့သေမှာပါလားဆိုတာကို သတိမရဘူး။ မသိဘူး။ မေ့နေတယ်။
“ပရစေ နဝိဇာနန်တိ၊ မယမတ်ေထ ယမာမသေ။ ယစေ တတ်ထ ဝိဇာနန်တိ၊ သတောသမ်မန်တိမဒေဂါ။” တဲ့။
☄ပညာရှိတချို့ကတော့ တနေ့ တို့သေမှာပါလားဆိုတာကို သိတဲ့အတွက်ကြောင့် ခိုက်ရန်ဒေါသမဖြစ်ကြဘူး။ အငြင်းအခုံမဖြစ်ကြဘူး။ ခိုက်ရန်ဒေါသတွေဟာ ပြေငြိမ်းပါတယ်တဲ့၊၊💧💧💧

➖➖➖➖➖🌹🌹🌹➖➖➖➖➖

🍀ဆရာတော်ဦးဇောတိက🍀
🍂( မဟာမြိုင်တောရ )🍂

🌾“ တွေးမိတိုင်းပျော်တယ် ”🌾
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

ဘဝမှာ ကြုံတွေ့ရသမျှ အကျိုးတရားတိုင်းဟာ ဘယ်အကျိုးတရားမှ အကြောင်းတရားနဲ့ ကင်းပြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ဘယ်သူမပြု မိမိမှ...
12/12/2020

ဘဝမှာ ကြုံတွေ့ရသမျှ
အကျိုးတရားတိုင်းဟာ
ဘယ်အကျိုးတရားမှ အကြောင်းတရားနဲ့ ကင်းပြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း
ကိုယ်ပြုခဲ့တဲ့ အတိတ်က
အကြောင်း(ကံ)အားလျော်စွာ
အကျိုးတရားများ ဖြစ်ပေါ်လာရတာပါ။

ကိုယ့်ရဲ့ ကံအားလျော်စွာ
ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေအပေါ်မှာ ဒေါမကန်ဘဲ
သဘောအမှန်နဲ့ ကျေကျေနပ်နပ်ကြီး လက်ခံနိုင်အောင်သာ ကြိုးစားပါ။

ဒါကြောင့်
ဘဝမှာ ကြုံတွေ့ရသမျှ
လောကဓံအားလုံးကို ဒေါမကန်ဘဲ

ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲလို့
နှလုံးသွင်းပြီး လက်ခံလိုက်ပါ။

မေတ္တာဖြင့်
#အရှင်ကောဝိဒ(ဓမ္မအလင်း)

၁၇.၁၁.၂၀၂၀(အင်္ဂါနေ့) အရုဏ်ဆွမ်းအလှူရှင်တ/ဥက္ကလာပမြို့နယ်၊ ဇေတဝန်အောင်စံပရိယတ္တိစာသင်တိုက်၌ သံဃာ အပါး (၁၃၀) အား ပုညသင်္ဂ...
17/11/2020

၁၇.၁၁.၂၀၂၀(အင်္ဂါနေ့) အရုဏ်ဆွမ်းအလှူရှင်
တ/ဥက္ကလာပမြို့နယ်၊ ဇေတဝန်အောင်စံပရိယတ္တိစာသင်တိုက်၌ သံဃာ အပါး (၁၃၀) အား ပုညသင်္ဂဟအသင်းမှ ရွှေတောင်ခေါက်ဆွဲ သွားရောက်လှူဒါန်း 🙏🙏🙏

** ဆုပ်ကပ်၏သဘော *** ဇောတိကသူဋ္ဌေး ရဟန်းပြုသွားသော အခါ သူ့ရဲ့ အတိတ်ကုသိုလ်ကံကြောင့် ပေါ်ထွက်လာသည့် ဘုံဗိမာန်တို့အလိုအလျော...
04/10/2020

** ဆုပ်ကပ်၏သဘော **

* ဇောတိကသူဋ္ဌေး ရဟန်းပြုသွားသော အခါ သူ့ရဲ့ အတိတ်ကုသိုလ်ကံကြောင့် ပေါ်ထွက်လာသည့် ဘုံ
ဗိမာန်တို့အလိုအလျောက်ကွယ်ပျောက်သွားကြသည်။

* တကယ်ရှိ ဓာတ်ပရမတ် ပထဝီကို ကုသိုလ်ကံ က
ပြုသောသူစံစားစေရန် ဖန်တီးပေးပြီးမသုံးဆောင်လိုသောအခါ နဂိုဓာတ်ပရမတ်သာ ဖြစ်သွားသည်။

* လူ...မသိ၊နတ်..သိ
နတ်.......မသိ၊ဓာတ်...သိ သည်သာဖြစ်၏။
မိမိပြု့သည့် ကုသ်ုလ်/အကုသိုလ်ကံကို လူအချင်း
ချင်း မသိသော်လည်း နတ်တို့ သိမြင်သည်သာ ဖြစ်
၏။

* အကယ်၍နတ်တို့ မေ့လျော့ခဲ့သော် ပြုပြီးခဲ့သော ကံဓာတ်ကြောင့် ပထဝီ ဓာတ်တို့ တန်ခိုးပြသည်။
ဓာတ်ချင်းဆက်၍ ပြောကြ၏။လူတွေလို ညာပြ၍
မရပါ။

* အလောင်းတော်ဘဝ သူတော်ကောင်းတရားတို့
ကျင့်ကြံနေသောဘုရားလောင်းဒုက္ခဖြင့်ကြုံနေချိန် သိကြားမင်း ကူညီစောင့်ရှောက်ပေးရန် မေ့လျော့
နေ၏။

* ထိုအခါ ပဏ္ဍုကဗ္ဗလာ မြကျောက်ဖျာမှာ မာတင်း
ပြသည်ကို သတိထားမိ၍ သူတော်ကောင်းတစ်
ယောက်ဒုက္ခရောက် နေပြီဟု သိကာ နတ်တို့တန်ခိုး
ဖြင့် လူ့ပြည်ကိုကြည့်ကာ ကူညီရရှာသည်။

* မြကျောက်ဖျာ ဆိုသော်လည်း သိကြားမင်း၏
ကုသိုလ်ကံကြောင့် သူ့နဂို သဘောမှာ အလွန်နူးညံ့
သ်ိမ်မွေ့သောသဘော ရှိပြီး အလောင်းတော်၏ ကံ
ဓာတ်ကြောင့့်သာ ဓာတ်ပြောင်းကာ မာတော့သည်။
ပျော့သဘော ပထဝီဓာတ်မှ မာသဘောပထဝီဓာတ်
သို့ ပြောင်းလဲကာပြခြင်းဖြစ်သည်။

* ဓာတ်တုိ့၏ အကြောင်းကို သိမြင်စေရန်ပညာရှိ
များက ဥပမာ ပုံများ ပြပေးထားကြ၏။

* ဘိုးသူတော် တစ်ယောက် သူ့များယာခင်းအတွင်း
ဝင်ကာ ပြောင်းဖူး ခိုးစား၏။

* ပြောင်းဖူး မှာ အစေ့က မညီညာ အရသာလည်း
မရှိ သဖြင့် အပြစ်ပြောမိရာ ပြောင်းဖူး မှ သူ့ကိုအ
ပြစ်မတင်ဖို့၊မြေကြီးကိုသာ မှီကာ ပေါက်ရလို့ တင်
်ချင်းတင် မြေကြီးကိုသာ အပြစ်တင်ရန် ပြန်ပြော
သည်။

* ဘိုးသူတော်က မြေကြီးကို ၎င်း၏မြေဆီလွှာ အ
တော်ညံ့ကြောင်း မြေကိုပြောင်း၍ အပြစ်တင်ရာ
မြေကြီးမှ ဒီကိစ္စသူတရားခံ မဟုတ်ပါ။

* မိုးလေဝသ မမှန်၍သာဖြစ်ကြောင်း၊အပြစ်တင်
လိုလျင် မိုးနတ်မင်းကိုသာ အပြစ်တင်ပါ ဖြေရှင်း ကာပြသည်။

* မိုးလေဝသ မှန်အောင် မပြုသော အပြစ်နဲ့ မိုးနတ်
မင်းကို ဘိုးသူတော် အပြစ်ဆိုရာ သူ့၏တာဝန်မှာ
လောကီလူတို့ အကျင့်သီလ ပြည့်စုံကြသည့်အခါ
မိုးလေ ညီညွတ် မျှတအောင် စောင့်ရှောက်ရန်သာ
ရှိပါ၏။

* အကျင့်သီလ ချို့ယွင်းကြ၍ မိုးလေပျက်ယွင်း
ဖောက်ပြန်ခြင်းသည် သီလပျက်သူတို့၏ အပြစ်
သာ ဖြစ်သည် ဆိုသည့်အခါ ခိုးစားသော ဘိုးသူ
တော် အပေါ်မှာသာ အပြစ်ရှိနေသည်။

* အကျင့်သီလ ပျက်ယွင်းကြသော ဆုပ်ကပ်၏
သဘောမှာ ဤသို့သာတည်း။

အရှင်ပညိဿရ — celebrating success.

လူမှာအရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။တနည်းအားဖြင့်ဘုန်းရှိန် ကံရှိန်ပေါ့…သူတစ်ပါးကိုသွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ ကိုယ်ရောင်က...
04/10/2020

လူမှာ
အရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။
တနည်းအားဖြင့်
ဘုန်းရှိန် ကံရှိန်ပေါ့…

သူတစ်ပါးကို
သွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်းမှေးမှိန်အောင်
သိက္ခာကျသွားအောင်
လုပ်ချင်တဲ့ စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း
ကံရှိန်တွေ သေးသိမ်မှေးမှိန်စေခြင်းပါ။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။

သူများမကောင်းကြောင်းပြောတတ်သူတွေရဲ့
မျက်နှာ
ကိုယ်အမူအရာတွေကို
သတိထားပြီး ကြည့်ကြည့်ရင်
သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင်
သူများအတင်း မပြောနဲ့ တဲ့။

ဘုရားရှင်က ဒီလို ဆုံးမထားတာနော်။

သူများအတင်း သူများအကြောင်းထက်
အကုသိုလ် ကင်းလား မကင်းလားဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး
ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ဝေဖန်နေတာ
အကောင်းဆုံးပဲ။

သူတစ်ပါးတို့ရဲ့ မလျော်သော အပြစ်
အနာအဆာတို့ကို ကြည့်မနေပါနဲ့။
သူ ကောင်းတာ လုပ်သလား
မကောင်းတာတွေ လုပ်နေတာလားဆိုတာ
လိုက်လံ ကြည့်ရှုမနေပါနဲ့။
ကိုယ် ကောင်းတာလုပ် မလုပ်ကိုပဲ
အမြဲမပြတ် ကြည့်ပါ၊
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။

ပြီးရင်
အတင်းပြောဝါသနာပါသူကိုလည်း ရှောင်ပါ။

အတင်းအဖျင်းပြောတတ်တဲ့
အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။

ဒီ gossip
အတင်းအဖျင်း ပြောနေတဲ့အချိန်
ဒီ အဆင့်အတန်းနိမ့်တဲ့စိတ်ကို
ပြန်ကြည့်ကြည့်ပါ။

အေးချမ်း ကြည်လင်နေသလားလို့

ကိုယ်အတင်းပြောချိန်ဟာ
တစ်ဖက်လူ ဂုဏ်တော်ပွားနေချိန်တို့
မေတ္တာပွားနေချိန်တို့
တရားနာချိန်တို့
ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်တို့
ကောင်းမှုကုသိုလ်လုပ်နေချိန်နဲ့ တိုးတယ်ဆိုရင်
ကိုယ့်မှာ ပို ကြောက်စရာကောင်းပါတယ်။

ပါချုပ်ဆရာတော်ကြီး

Address

Yangon

Telephone

+959774744007

Website

Alerts

Be the first to know and let us send you an email when Puñña Sańgaha Group ပုညသင်္ဂဟအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Puñña Sańgaha Group ပုညသင်္ဂဟအဖွဲ့:

Share