03/06/2024
"ထာဝရအပျိုစင်"
အပျိုစင် ဖြစ်ခြင်း၊ တည်ရှိနေရခြင်းများရဲ့
ဂုဏ်သတင်းကို အလေးအမြတ်ထားရေး
သားဖော်ကျူးခဲ့သူ တဦးရှိခဲ့ဖူးပါတယ်။
'မြို့ပြနဲ့ ကျေးလက်' (City and Village)
အက်ဆေးလေးကို ၁၉၂၄ ခုနှစ်မှာ ဖွဲ့သီ
တင်ပြခဲ့သူက အိန္ဒိယတိုက်စာဆိုရှင်ကြီး
'တဂိုး' (Tagore) ကိုယ်တိုင်ပါပဲ။
ကျေးလက်ဒေသများဟာ အပျိုစင်နဲ့
တူညီပါတယ်။ အမြဲတမ်းသစ်လွင်လန်းဆန်း
သောအခြေအနေတွေ ဖြစ်ရှိနေတာကြောင့်
ဆိုပြီးရေးသားထားတယ်။ ကျေးလက်မှာ
ငွေကြေးနဲ့ တန်ဘိုးဖြတ်လို့ မရနိုင်တဲ့
ကြွယ်ဝပြည့်စုံမှုတွေ တည်ရှိနေတယ်။
ထိုကြွယ်ဝခြင်းတွေက အမြဲတစေ
ပြန်လည် မွေးဘွားသက်ဝင်နိုင်တဲ့
အစွမ်းလည်ရှိနေကြတယ်။
တန်ခိုးအာဏာနဲ့ စည်းစိမ်ဥစ္စာ တွေကို
တန်ဖိုးထား ကိုးကွယ်မှု အားကောင်း
လာတဲ့အခါမှာ မြို့ပြက တဖြည်းဖြည်း
ကြီးထွားလာရပါသတဲ့။ မြို့ပြဟာ
ဘယ်လောက်ပဲကြီးထွားလာရပါစေ
ကျေးလက်ဒေသများထံက ရောက်ရှိ
လာတဲ့ စားဘွယ်မျိုးစုံ၊ ပန်းမျိုးစုံ၊
လက်မှုပစ္စည်းမျိုးစုံ တို့ကိုမှီခိုနေရတယ်။
မြို့ပြမှာ ရွှေ့ပြောင်းနေထိုင်ကြသူ၊
မြို့ပြမှာ မွေးဘွားကြီးပြင်းလာသူ
ပွားများလာရပါတော့တယ်။ မြို့ပြမှာ
အရပ်ရှစ်မျက်နှာ လမ်းပေါင်းစုံတို့
ဆုံရာနေရာဖြစ်လာတယ်။ ကူးသန်း
ရောင်းဝယ်ဖို့ နေရာဒေသအစုံက
ကုန်မျိုးစုံ ဖလှယ်ရာနေရာဖြစ်လာတယ်။
မြို့ပြဟာ တစတစ တန်ခိုးအာဏာ
အရှိအဝါမြင့်မားလာသလို စည်းစိမ်
ဥစ္စာဆတိုးပွားများနိုင်စွမ်းလည်း
တိုးတက်လာပါတယ်။ ဒီလိုနဲ့ မြို့ပြ
နဲ့ ကျေးလက် အကြားကွာဟမှု
ကြီးမားလာပါတော့တယ်။
မြို့ပြဟာ ကျေးလက်အပေါ် 'အစေခံသူ'
အနေနဲ့ ယူဆထင်မြင်လာတယ်။
မြို့ပြ အရောင်လင်းလက်နေဖို့ ကျေးလက်
အနေနဲ့ ချွေးစက်တွေထွက်ကျတဲ့ အထိ
ထောက်ပံ့ပေးဖို့လိုကြောင်း သိမှတ်
ထားလာပါတယ်။
မြို့ပြ မွေးဘွားလာရဖို့ ကျေးလက်ဆိုတာ
အရင်ဆုံး မွေးဘွားလာရပါတယ်။
ကျေးလက်ကို အပျိုစင် သူတို့သမီး
အဖြစ်ရှုမြင်ပြီး မြို့ပြဟာ ဂုဏ်အသရေ
ရှိတဲ့ သူတို့သားဖြစ်သင့်ပါတယ်။
ကျေးလက်အပေါ် ချစ်မြတ်နိုးပြီး
တန်းတူရည်တူ လက်တွဲသွားနိုင်ဖို့
လိုအပ်တယ်လေ။
ဆင်းရဲဒုက္ခကြုံရတဲ့အခါ သက်သာ
ပျောက်ကင်းဖို့၊ အားပြန်ရယူဖို့ မြို့ပြက
သဘာဝနဲ့ နီးနီးလေး တည်ရှိတဲ့ ကျေးလက်
ရှိရာဆီ အရောက်လာရလေ့ရှိတယ်။
ကျေးလက်မှာက ကြွယ်ဝပြည့်စုံမှုတွေ တည်ရှိနေတယ်။ ထိုကြွယ်ဝခြင်းတွေက
အမြဲတစေပြန်လည် မွေးဘွားသက်ဝင်
နိုင်တဲ့အစွမ်းလည်ရှိနေကြတယ်။
ကျေးလက်ကို ဂုဏ်သိက္ခာကျဆင်းအောင်
ကြေမွသွားအောင် မလုပ်သင့်ပါဘူး။
ကျေးလက်က ဘယ်သောအခါမှ
သေဆုံးပျောက်ကွယ်သွားမှာလည်း
မဟုတ်ပါဘူး။ ကျေးလက်က သဘာဝရဲ့
ရင်သွေးရင်နှစ် စစ်စစ်ဖြစ်နေလို့ပါပဲ။
ကျေးလက်ဟာ ထာဝရ အပျိုစင်ပဲ။
ကိုပီတိ
၁ ရက် ဇွန်လ ၂၀၂၄
ကိုးကား။
City and Village by Tagore, 1924.
Green Memo