18/06/2018
``ဓမ္မစကူးလ် နှင့် စာမေးပွဲ´´
~~~~~~~~~~~~~~
`ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှာ
ဘာကြောင့် စာမေးပွဲ မစစ်ရတာလဲ...?´
ဒီမေးခွန်းရဲ့ အဖြေကတော့
စာမေးပွဲမစစ်ဘူးလား..ဆိုတော့ မစစ်ဘူးပြောရင်
လည်း ရသလို၊ စစ်တယ်လို့ပြောရင်လည်း ရပါတယ်။ ယေဘုယျကတော့ မစစ်ပါဘူး။ သို့သော်
စစ်တယ်လို့ ပြောရင်လည်း ရပါတယ်။
ဦးဇင်းကို သူငယ်ချင်းတွေက
မေးကြတယ်။ မင်းတို့ ဓမ္မစကူးလ်က
စာမေးပွဲတွေ ဘာကြောင့်မစစ်တာလဲ..? တဲ့။
အေး...မစစ်ဘူးပြောရင် ရသလို၊ စစ်တယ်ပြောရင်
လည်း ရပါတယ်ဆိုတော့ သူတို့တွေ ယောင်ချာချာ
ဖြစ်သွားကြတယ်။ မင်းစကားက ရှင်းစမ်းပါဦးတဲ့။
ဦးဇင်းက သူတို့ကိုမေးတယ်။
ဆရာက စာရွက်ပေါ် မေးခွန်းရေးတယ်။
ကျောင်းသားတွေက စာရွက်နဲ့ ရေးဖြေတယ်။
ဘုန်းကြီး၊ ဆရာဆရာမတွေက စစ်တယ်၊၊ အမှတ်
တွေပေးတယ်၊၊ အောင်တယ်၊ ကျတယ်လို့
သတ်မှတ်လိုက်တယ်။ ဒါမျိုးကို စာမေးပွဲစစ်တယ်
လို့ မင်းတို့ဆိုလိုတာလား ဆိုတော့..
အေး...ဟုတ်တယ်တဲ့။
စာမေးပွဲဆိုတာ
အကြမ်းအားဖြင့် နှစ်မျိုးရှိတယ်။
စာရွက်ပေါ်မှာ ရေးဖြေရတဲ့ `ပေပါအိတ်ဇင်မေးရှင်း´ ရယ်၊ နောက်တစ်ခုက နှုတ်မေးနှုတ်ဖြေဆိုတဲ့
`အော်ရယ်အိတ်ဇင်မေးရှင်း´ရယ်။ များသောအားဖြင့် ပေပါအိတ်ဇင်မေးရှင်းလုပ်မှ စာမေးပွဲဖြေတယ်လို့ မှတ်ယူကြတယ်။ အင်တာဗျူး
လုပ်တာဟာလဲ နှုတ်ကမေး နှုတ်ကဖြေရတဲ့ စာမေးပွဲပဲ။ မြန်မာနိုင်ငံမှာ နမည်ကြီးတဲ့ တိပိဋကစာမေးပွဲဆိုတာလည်း ထို့အတူပဲပေါ့။ ဒါကြောင့် ဓမ္မစကူးလ် မှာ `ပေပါအိတ်ဇင်မေးရှင်း´တော့ မစစ်ပါဘူး။ `အော်ရယ်အိတ်ဇင်မေးရှင်း´တော့ စစ်ပါတယ်လို့ ပြောချင်ပါတယ်။
ဆရာ ဆရာမတို့...
ဓမ္မစကူးလ်မှာ အဖွင့်မေးခွန်း၊
အပိတ်မေးခွန်း ဘယ်လိုသုံးရတယ်ဆိုတာ
သိပြီးပြီ။ ဒီမေးခွန်းတွေက ကလေးတွေရဲ့ အသိ
ဉာဏ်ကို ဆွဲထုတ်တာ။ အဲဒါဟာလဲ စာမေးပွဲစစ်နေ
တာပဲ။ ဘယ်အချိန်မှာ စစ်သလဲ..ဆိုတော့
ဓမ္မစကူးလ်ရဲ့စာမေးပွဲသည် သင်ယူနေဆဲမှာပဲ
စစ်ပါတယ်လို့ ဖြေပါရစေ။
နောက်တစ်ခုက
`ဘဝစာမေးပွဲ´ဆိုတာလည်း ရှိသေးတယ်။
ဆိုပါစို့... ဆရာ၊ ဆရာမတစ်ယောက်
ကျောင်းသားတွေရဲ့ အခက်အခဲကို လေ့လာစုံစမ်း
မှုမရှိပဲ မိမိရဲ့မကျေနပ်စိတ်နဲ့ ကလေးကို
ရိုက်နှက်အပြစ်ပေး ဆုံးမတယ်။
`အဲဒီ ဆရာမ
စာမေးပွဲအောင်သလား၊ ကျသလား´
`` ကျပါတယ် ဘုရား´´
`ဆရာတစ်ယောက်က
အရက်တွေသောက်ပြီး ရန်ဖြစ်နေတယ်၊
လမ်းမပေါ် လှဲနေတယ်၊ အဲဒီ ဆရာရော စာမေးပွဲ
အောင်သလား ကျသွားသလား´
`` ကျသွားပါတယ် ဘုရား´´
`အေး... ဒါကြောင့်
ဆရာ၊ ဆရာမတို့ကိုယ်တိုင်
ဘဝစာမေးပွဲတွေကို မကျဖို့ ကြိုးစားကြဖို့
လိုပါတယ်´လို့ သတိပေးပါရစေ...။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း နာယကဆရာတော်
- ဒေါက်တာဘဒ္ဒန္တထေရာသဘ
(နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ကမ္ဘာအေး) ၁၀၀၉ ကြိမ်မြောက်သင်တန်းဩဝါဒမှ///
မှတ်သားမိသမျှ ဖော်ပြပါသည်။
___________
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်...
M.P.N
18.6.2018 ( Mon )