31/10/2020
သီတင်းကျွတ်လပြည့်နေ့
( သို့မဟုတ် )
အဘိဓမ္မာအခါတော်နေ့ သမိုင်း
**************************
သီတင်းကျွတ်လပြည့်နေ့ကို
နေ့ထူးနေ့မြတ် အဖြစ်
အဘိဓမ္မာအခါတော်နေ့ဟု
သတ်မှတ်ကြသည်။
ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌
ဆီမီးများ ထွန်းညှိကာ
မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ထိုအစဉ်အလာကား မြတ်စွာဘုရားရှင်
တာဝတိံသာနတ်ပြည်မှ
မယ်တော်မိနတ်သားအား
ကျေးဇူးဆပ်သောအားဖြင့်
အဘိဓမ္မာမြတ်ဒေသနာတော်ကို
ဟောကြားတော်မူပြီး
သင်္ကဿသနဂိုရ်ပြည်တောင်တံခါးသို့
ဆင်းသက်တော်မူရာအခါ၌
နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို
ဆက်လက်ထိန်းသိမ်းကာဖြင့်
ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့်
ပူဇော်ခြင်းဖြစ်၏။
ဘိုးဘွား မိဘ ဆရာသမားများအား…
ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည်
ရှိသော်…
အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့်
မိဘဆရာ ပူဇော်ပွဲများ၊
ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူကြသည့်
သံဃာတော်များ
ဝါကျွတ်သည့်အခါ
အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားကြသော
ပဝါရဏာနေ့ အခမ်းအနားများ၊
မီးထွန်းပွဲအခမ်းအနား စသည်ဖြင့်
ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့်
နေထူးနေ့မြတ်ပင် ဖြစ်သည်။
မဟာသက္ကရာဇ်(၁ဝ၉)ခုနှစ်၊ဝါဆိုလပြည့်
သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး
မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း
စိုက်ပျိုးအပ်သော
ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်
မူရန်
ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။
ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍
ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင်
ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိံသာနတ်ပြည်
၌ ဝါကပ်တော်မူ၍
မယ်တော်မိနတ်သားအား အဘိဓမ္မာတရား ဟောကြား
တော်မူရန်
တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့်
ကြွသွားတော်မူ၏။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌
ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန်
ပယ်လယ်ကသစ်ပင်ရင်းရှိ
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌
သီတင်းသုံးတော်မူ၏။
ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင်
ကြွတော်မူလျှင်
လူ့ပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြ
ကုန်သော လူအပေါင်းတို့က
ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့
ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့်…
ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က…
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ်
သိကြားမင်း၏
ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင်
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်း
အား
အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိံသာ နတ်ပြည်
သို့ ကြွတော်မူ၏ဟု ဖြေကြား၏။
လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ
ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင်
သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို
ပြု၍ နေကြကုန်၏။
မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင်
အရှင်မောဂ္ဂလာန်အား…
သင်ချစ်သားသည်…
ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု
မိန့်တော်မူခဲ့ပြီး ဖြစ်၏။
မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌
( ၇ )ဝါမြောက် ဝါကပ်တော်မူ၍
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူခဲ့၏။
တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား
အကျဉ်း ဟောတော်မူ၏။
အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာ
အား
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာ
အကျဉ်းကို
မိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ်
အားဖြင့်
ပြန်လည်ဟောကြားတော်မူပါတယ်။
မြတ်စွာဘုရားရှင် တာဝတိံသာ၌
အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့်
တပြိုင်နက်
အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို
အဘိဓမ်မာတရား
သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။
ထိုနေ့ကား…သီတင်းကျွတ်လပြည့်နေ့ပင်တည်း။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော်
သိကြားမင်းအား…
မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌
ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။
လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား ဆင်းသက်တော်
မူအံ့ဟု မိန့်တော်မူ၏။
သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့တွင် အရှင်မောဂ္ဂလာန်
မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူပြီး
မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်း
ဟု မေးလျှောက်သဖြင့်
မြတ်စွာဘုရားရှင်က…
ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ
သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌
သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်
တော်မူမည်ဟု မိန့်တော်မူပါတယ်။
လူအပေါင်းတို့ဟာ ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ
တဆင့် ကြားသိရဖြင့်
သီတင်းကျွတ်လဆန်း( ၉ )ရက်နေ့၌ပင် သင်္ကဿသနဂိုရ်ပြည်
တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။
သီတင်းကျွတ်လပြည့်နေ့ရောက်သော်…
သိကြားမင်းသည် တာဝတိံသာနတ်ပြည် သုဒဿနမြို့မှ
သည်
သင်္ကဿနဂိုရ်ပြည်တောင်တံခါးဝထိ
ရွှေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊ငွေစောင်းတန်း
ဟူသော
စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။
မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ်
တပြိုင်နက် ထွန်းလင်းစေလျက်
အတုမရှိသော အသရေတော်ကို ပြတော်မူ၍
ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူပါတယ်။
ဗြဟ္မာကြီးတို့က ဘုရားရှင်အား
ရွှေထီး ငွေထီး၊သန္တာထီး တို့ဖြင့် အသီးသီးမိုးလျှက်
လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊
သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ
ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက်
မြတ်စွာဘုရားရှင်အား ပူဇော်ကာ
လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန်
၏။
ဤသို့အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည်
အားရဝမ်းသာဖြစ်၍
ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။
အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ
မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။
အရှင်သာရိပုတ္တရာက…
မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာ
တို့သည်
အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်
ကို
ဖူးမြင်ကြရ၍
လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တ
ကြကုန်၏။
မြတ်စွာဘုရားရှင်က…
အရှင်သာရိပုတ္တရာအား…ချစ်သား ကိလေသာမီးတို့၏
ငြိမ်းရာ
အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော
သဗ္ဗညုတဘုရားရှင်တို့အား
ဗြဟ္မာ နတ် လူအပေါင်းတို့က
ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု
မေးကာ ဖြေကာဖြင့်
တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏
တပည့်ငါးရာသည်
ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်နေ့ပေတည်း။
အချုပ်အားဖြင့်…
သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌
မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာ
အပေါင်းအား
အဘိဓမ္မာတရား ဟောကြားတော်မူပြီးခဲ့သည့်နေ့။
အရှင်သာရိပုတ္တရာအား အဘိဓမ္မတရားအကျဉ်း
ဟောတော်မူပြီးခဲ့သည့်နေ့။
အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား
မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီး
ခဲ့သည့်နေ့။
အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက်
တာဝတိံသာ နတ်ပြည်မှ
သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့။
ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ
အပြစ်ရှိက
အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့။
မြတ်စွာဘုရားရှင် သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော်
မူရာအခါ၌
ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့
ဘုရားဆုပန်ကြသောနေ့များသည်
သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့်
နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏
ထုံးစံအတိုင်း
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား
ကျေးဇူးဆပ်သောအားဖြင့်
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီး
သည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ဟု
မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။
မူရင်း-Credit