အရှင်တေဇနိယ မုံလယ်ဇ

အရှင်တေဇနိယ မုံလယ်ဇ အရှင်တေဇနိယ မုံလယ်ဇ
ချမ်းသာခြင်း လက်ငင်းရပါစေ ချမ်းသာခြင်း လက်ငင်း ရပါစေ။

KT-2213-10-2003/2:00pmမကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း ပဓာနနာယကဆရာတော် ကျေးဇူးတော်ရှင် အဂ္ဂမဟ...
31/03/2026

KT-221
3-10-2003/2:00pm

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း ပဓာနနာယကဆရာတော် ကျေးဇူးတော်ရှင် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး။

ကျိုင်းတုံမြို့ မုံလယ်တောရ ဓမ္မရိပ်သာ အမှတ်-၂ တိုက်ခွဲ ကျောင်းတိုက် ဓမ္မာရုံကြီးပေါ်တွင် ၃-၁၀-၂၀၀၃ ခုနှစ် နေ့ (၂)နာရီအချိန် ဟောကြားဆုံးမတော်မူအပ်သော
“ ကလေးဝ ဦးမောင်ထွန်းဥပမာပြ"
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် ပဋိစ္စသမုပ္ပါဒ် တရားတော် ။

အနန္တော အနန္တငါးပါးကို အာရုံပြု၍ ညီညာဖြဖြ ကန်တော့ကြ။

နမော ဗုဒ္ဓဿ။ နမော ဓမ္မဿ။ နမော သံဃဿ။ နမော မာတာပိတုဿ။ နမော အာစရိယဿ။

ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင် တော်မူသော ရှင်တော် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအား နမော - ရည်ညွှတ် သဒ္ဓါ စေတနာဖြင့် ပန်ထွာ မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင် ဘုရား။

ဓမ္မဿ - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်အား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာဖြင့် ပန်ထွာမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

သံဃဿ - မဂ်၌တည်သော ပုဂ္ဂိုလ်လေးပါး ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးပါး ဤ ရှစ်ပါးသော အရိယာ သံဃာတော်မြတ်အား။ နမော - ရည်ညွှတ် သဒ္ဓါ စေတနာဖြင့် ပန်ထွာမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

မာတာပိတုဿ - မိဘနှစ်ပါးအား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာဖြင့် ပန်ထွာ မြတ်နိုးလက်စုံ မိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

အာစရိယဿ - ဝိပဿနာ ဉာဏ်မျက်စိနှစ်ကွင်း အလင်းရအောင် သစ္စာလေးပါးတရားတော်နှင့် ကုသပေးတော်မူသော ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရား ကြီး နှင့် မုံလယ်ဆရာတော် ဘုရားကြီးအား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာ ဖြင့် ပန်ထွာ မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဘုရားရတနာ တရားရတနာ သံဃာရတနာ မိဘ ဆရာသမားတို့အား ရိုသေမြတ်နိူး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ကြသော ပူဇဝန္တ ပဏာမ စေတနာ သဒ္ဓါ ပညာ ဝီရိယ တို့ကြောင့် မိမိတို့ အလိုရှိအပ် တောင့်တအပ်သော မအို မသေ အမြဲ နေသော နိဗ္ဗာန်သို့ လည်းကောင်း ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း မိမိတို့ယခု အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုလွယ်နိုင်ကြသည် ဖြစ်စေ။
(အလုပ်စဉ်အတိုင်း ကျင့်ကြံ ပွားများ အားထုတ်ပါမည် အရှင်ဘုရား။)

ကဲ စက်ဝိုင်းထောက်။ တောင်ကြီး ထောက်။

မူလနှစ်ဖြာ = အဝိဇ္ဇာ။ တဏှာ။
သစ္စာ နှစ်ခု = သမုဒယသစ္စာ။ ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ ဒုက္ခသစ္စာ ။
လေးခုအလွှာ = အတိတ်အကြောင်းတစ်လွှာ။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ ပစ္စုပ္ပန် အကြောင်း တစ်လွှာ။ အနာဂတ် အကျိုးတစ်လွှာ။
အင်္ဂါတစ်ဆယ့်နှစ်ပါး = အဝိဇ္ဇာ။ သင်္ခါရ။ ဝိညာဏ်။ နာမ်ရုပ်။ သဠာယတန။ ဖဿ။ ဝေဒနာ။ တဏှာ။ ဥပါဒါန်။ ကမ္မဘဝ။ ဇာတိ။ ဇရာမရဏ။
တရားကိုယ်များနှင့် = အဝိဇ္ဇာအစ ဇရာမရဏ အဆုံး။
သုံးပါးအစပ် = သင်္ခါရနှင့်ဝိညာဏ် ကြားမှာ တစ်စပ်။ ဝေဒနာ နှင့် တဏှာ ကြားမှာ တစ်စပ်။ ကမ္မဘဝ နှင့်ဇာတိ ကြားမှာ တစ်စပ်။
နှစ်ရပ်မူလ = တဏှာ နှင့် အဝိဇ္ဇာ။
ဝဋ်သုံးဝနှင့် = ကိလေသဝဋ်။ ကမ္မဝဋ်။ ဝိပါကဝဋ်။
ကာလ သုံးဖြာ = လွန်လေပြီးသောအတိတ်ကာလ။ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။ နောင်ဖြစ်လတ္တံ အနာဂတ် ကာလ။
ခြင်းရာ နှစ်ဆယ် = အတိတ်အကြောင်း အခြင်းအရာငါးပါး ။ ပစ္စုပ္ပန်အကျိုး အခြင်းအရာ ငါးပါး။ ပစ္စုပ္ပန်အကြောင်း အခြင်းအရာ ငါးပါး။ အနာဂတ်အကျိုး အခြင်းအရာငါးပါး။

[စက်ဝိုင်းတွင် (၁)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - အတိတ်အကြောင်း အခြင်းအရာ ငါးပါးကို ဖော်ပြပါ။ ဖြေ - အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ပါဘုရား။
မေး - အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ကိလေသဝဋ် နှင့် ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ် ကို ပိုင်းခြားပြီးတော့ ထောက်ပြပါ။ ဖြေ - အဝိဇ္ဇာ တဏှာ ဥပါဒါန်က ကိလေသဝဋ် ပါဘုရား။ သင်္ခါရ နှင့် ဘဝက ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ်နှင့် ကမ္မဝဋ်ကို အခြင်းအရာအနေနှင့် ဘယ်အခြင်းအရာထဲ သွင်းမှာလဲ။ ဖြေ - အတိတ်အကြောင်း အခြင်းအရာ ငါးပါး ပါဘုရား။
မေး - အတိတ်အကြောင်း အခြင်းအရာ ငါးပါး ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ -အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ပါဘုရား။
မေး - အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - သမုဒယ သစ္စာ ပါဘုရား။
မေး - အကွက် အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၁) အကွက်မှာပါဘုရား။
[စက်ဝိုင်းတွင် (၃)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - ပစ္စုပ္ပန် အကြောင်း အခြင်းအရာ ငါးပါးကို ဖော်ပြပါ။ ဖြေ - တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ ပါဘုရား။
မေး - တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။
ဖြေ - ကိလေသဝဋ် နှင့် ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ် ကို ပိုင်းခြားပြီးတော့ ထောက်ပြပါ။ ဖြေ- တဏှာ ဥပါဒါန် အဝိဇ္ဇာက ကိလေသဝဋ် ပါဘုရား။ ဘဝ နှင့် သင်္ခါရက ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ်နှင့် ကမ္မဝဋ်ကို အခြင်းအရာအနေနှင့် ဘယ်အခြင်းအရာထဲ သွင်း မှာလဲ။ ဖြေ - ပစ္စုပ္ပန် အကြောင်း အခြင်းအရာ ငါးပါး ပါဘုရား။
မေး - စ္စုပ္ပန် အကြောင်း အခြင်းအရာ ငါးပါး ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ - တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ ပါဘုရား။
မေး - တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ -သမုဒယ သစ္စာ ပါဘုရား။
မေး - အကွက် အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၃) အကွက်မှာ ပါဘုရား။
[စက်ဝိုင်းတွင်(၁)နှင့် (၃)-အကွက်ကို ကြည့်၍ ဖြေပါ] (၁)-နှင့်(၃)ခြားနားပုံမှတ်ချက်။
မေး - (၃)အကွက်က သမုဒယသစ္စာ ၊(၁)အကွက်က သမုဒယသစ္စာ၊ အခေါ်မတူဘူး လား။ ဖြေ - တူပါတယ် ဘုရား။
မေး - အခေါ်တူငြားသော်လည်း အတိတ်နဲ့ ပစ္စုပ္ပန် မခြားနားဘူးလား။ ဖြေ - ခြားနား ပါတယ်ဘုရား။
မေး - အတိတ် ဆိုတော့ လွန်ခဲ့ပြီးပြီ အသုံးချလို့ရပါ့မလား။ ဖြေ - မရပါဘုရား။
မေး - အတိတ်က သမုဒယသစ္စာ ဘယ်သူဦးစီးလဲ။ ဖြေ - အဝိဇ္ဇာဦးစီးပါတယ်ဘုရား။
မေး - ပစ္စုပ္ပန်သမုဒယသစ္စာ ဘယ်သူဦးစီးလဲ။ ဖြေ - တဏှာ ဦးစီးပါတယ်ဘုရား။
မေး - ပိုင်းခြားသိဖို့ မလိုဘူးလား။ ဖြေ - လိုပါတယ်ဘုရား။
[စက်ဝိုင်းတွင် (၂)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - ပစ္စုပ္ပန် အကျိုး အခြင်းအရာ ငါးပါးကို ဖော်ပြပါ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဝဋ်အနေနဲ့ ဘယ်ဝဋ် ထဲသွင်း မှာလဲ။ ဖြေ - ဝိပါကဝဋ် ပါဘုရား။
မေး - ဝိပါကဝဋ် ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အခြင်းအရာ အနေနှင့် ဘယ် အခြင်း အရာထဲ သွင်းမှာလဲ။ ဖြေ - ပစ္စုပ္ပန် အကျိုး အခြင်းအရာ ငါးပါး ပါဘုရား။
မေး - ပစ္စုပ္ပန် အကျိုး အခြင်းအရာ ငါးပါး ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာဖွဲ့တော့ ခန္ဓာငါးပါး မရလား။ ဖြေ - ရပါတယ်ဘုရား။
မေး - ခန္ဓာငါးပါး သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာ ပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၂ ) အကွက်မှာ ပါဘုရား။
[စက်ဝိုင်းတွင် (၄)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - အနာဂတ် အကျိုး အခြင်းအရာ ငါးပါးကို ဖော်ပြပါ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာ လဲ။ ဖြေ - ဝိပါကဝဋ် ပါဘုရား။
မေး - ဝိပါကဝဋ် ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အခြင်းအရာ အနေနှင့် ဘယ် အခြင်း အရာထဲ သွင်းမှာလဲ။ ဖြေ - အနာဂတ် အကျိုး အခြင်းအရာ ငါးပါး ပါဘုရား။
မေး - အနာဂတ်အကျိုး အခြင်းအရာငါးပါး ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာဖွဲ့တော့ ခန္ဓာငါးပါး မရလား။ ဖြေ - ရပါတယ်ဘုရား။
မေး - ခန္ဓာငါးပါး သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာ ပါဘုရား။
မေး - ဒုက္ခသစ္စာ ဆိုတာ ဘယ်သဘောကို ခေါ်တာလဲ။
ဖြေ - * ရူပက္ခန္ဓာ - ဖောက်ပြန်ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှု။
* ဝေဒနာက္ခန္ဓာ - ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု။
* သညာက္ခန္ဓာ - မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု။
* သင်္ခါရက္ခန္ဓာ - စေ့ဆော်တိုက်တွန်းတတ်သော သဘောအစု ဖြစ်ပျက်မှု။
* ဝိညာဏက္ခန္ဓာ - သိတတ်သော သဘောအစု ဖြစ်ပျက်မှု ပါဘုရား။
မေး - ခန္ဓာငါးပါး ဖြစ်ပျက်မရလား။ ဖြေ - ရပါတယ်ဘုရား။
မေး - ဖြစ်ပျက် ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၄)အကွက်မှာပါဘုရား။
[စက်ဝိုင်းတွင်(၂)နှင့် (၄)-အကွက်ကို ကြည့်၍ ဖြေပါ] (၂)-နှင့်(၄) ခြားနားပုံ မှတ်ချက်။
မေး - (၄)အကွက်က ဒုက္ခသစ္စာ၊ (၂)အကွက်က ဒုက္ခသစ္စာ၊ အခေါ်မတူဘူးလား။ ဖြေ - တူပါတယ် ဘုရား။
မေး - အခေါ်တူငြားသော်လည်း ပစ္စုပ္ပန် နဲ့ အနာဂတ် မခြားနားဘူးလား။ ဖြေ - ခြားနား ပါတယ်ဘုရား။
မေး - အနာဂတ်ရောက်ပြီလား။ ဖြေ - မရောက်သေးပါဘူးဘုရား။
မေး - မရောက်သေးရင် အသုံးချလို့ရပါ့မလား။ ဖြေ - မရပါဘုရား။
မေး - အခု ရောက်ဆဲ ဘယ်အကွက်မှာလဲ။ ဖြေ - ပစ္စုပ္ပန် (၂)အကွက်မှာပါ ဘုရား။
မေး - ပဋိစ္စသမုပ္ပါဒ်အားဖြင့် အကွက် ဘယ်နှစ်ကွက်ရှိ။ ဖြေ -(၄)ကွက်ရှိပါတယ်ဘုရား။
မေး - တစ်ကွက်လျှင် ဘယ်နှစ်ပါး။ ဖြေ - ၅-ပါးပါဘုရား။
မေး - ငါးလေးလီ။ ဖြေ - နှစ်ဆယ်။
မေး - ဤရှစ်သွယ်ကို။ ဖြေ - အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ် ကြောင်းတည်း။

(မူလနှစ်ဖြာ... အခြင်းအရာ ငါးပါး)
[စက်ဝိုင်းတွင် (၁)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - လွန်လေပြီးသော အတိတ်ကာလကို ဖော်ပြပါ။ ဖြေ - အဝိဇ္ဇာ သင်္ခါရ ပါဘုရား။
မေး - အဝိဇ္ဇာ သင်္ခါရ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ကိလေသဝဋ် နှင့် ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ် ကို ပိုင်းခြားပြီးတော့ ထောက်ပြပါ။ ဖြေ - အဝိဇ္ဇာ က ကိလေသဝဋ် ပါဘုရား။ သင်္ခါရ က ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ်ကို ကာလ အနေနှင့် ဘယ်ကာလထဲ သွင်း မှာလဲ။ ဖြေ - လွန်လေပြီးသော အတိတ် ကာလ ပါဘုရား။
မေး - လွန်လေပြီးသော အတိတ်ကာလ ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ - အဝိဇ္ဇာ သင်္ခါရ ပါဘုရား။
မေး - အဝိဇ္ဇာ သင်္ခါရ အလွှာ အနေနှင့် ဘယ်အလွှာထဲ သွင်းမှာလဲ။ ဖြေ - အတိတ် အကြောင်းတစ်လွှာ ပါဘုရား။
မေး - အတိတ် အကြောင်းတစ်လွှာ ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ - အဝိဇ္ဇာ သင်္ခါရ ပါဘုရား။
မေး - အဝိဇ္ဇာ သင်္ခါရ သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - သမုဒယသစ္စာ ပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၁) အကွက်မှာပါဘုရား။
[စက်ဝိုင်းတွင် (၂)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလကို ဖော်ပြပါ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘဝပါဘုရား။
မေး - ယခုဖြစ်ဆဲကို ဖော်ပြပါ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာ လဲ။ ဖြေ - ဝိပါကဝဋ် ပါဘုရား။
မေး - ဝိပါကဝဋ်ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ကာလ အနေနှင့် ဘယ်ကာလထဲ သွင်းမှာလဲ။ ဖြေ - ယခုဖြစ်ဆဲ ပစ္စုပ္ပန် အကျိုး ကာလ ပါဘုရား။
မေး - ယခုဖြစ်ဆဲ ပစ္စုပ္ပန် အကျိုးကာလဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အလွှာအနေနှင့် ဘယ်အလွှာထဲ သွင်းမှာလဲ။ ဖြေ - ပစ္စုပ္ပန် အကျိုးတစ်လွှာ ပါဘုရား။
မေး - ပစ္စုပ္ပန် အကျိုး တစ်လွှာ ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါဘုရား။
မေး - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာဖွဲ့တော့ခန္ဓာငါးပါး မရလား။ ဖြေ - ရပါတယ်ဘုရား။
မေး - ခန္ဓာငါးပါး သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာ ပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၂)အကွက်မှာပါဘုရား။
[စက်ဝိုင်းတွင် (၃)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - ပစ္စုပ္ပန်ကာလ ကို ဆက်ပြီး ဖော်ပြပါ။ ဖြေ - တဏှာ ဥပါဒါန် ကမ္မဘဝ ပါဘုရား။
မေး - တဏှာ ဥပါဒါန် ကမ္မဘဝ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ကိလေသ ဝဋ် နှင့် ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ် ကို ပိုင်းခြားပြီးတော့ ထောက်ပြပါ။ ဖြေ - တဏှာ ဥပါဒါန် က ကိလေသဝဋ် ပါဘုရား။ ကမ္မဘဝက ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နှင့် ကမ္မဝဋ် ကို ကာလ အနေနှင့် ဘယ်ကာလထဲ သွင်းမှာလဲ။ ဖြေ - ပစ္စုပ္ပန် အကြောင်း ကာလ ပါဘုရား။
မေး - ပစ္စုပ္ပန် အကြောင်း ကာလ ဆိုတာ ဘာဘာ ခေါ်တာလဲ။ ဖြေ - တဏှာ ဥပါဒါန် ကမ္မဘဝ ပါဘုရား။
မေး - တဏှာ ဥပါဒါန် ကမ္မဘဝ အလွှာ အနေနှင့် ဘယ်အလွှာထဲ သွင်းမှာလဲ။ ဖြေ - ပစ္စုပ္ပန် အကြောင်းတစ်လွှာ ပါဘုရား။
မေး - ပစ္စုပ္ပန် အကြောင်းတစ်လွှာ ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - တဏှာ ဥပါဒါန် ကမ္မဘဝ ပါဘုရား။
မေး - တဏှာ ဥပါဒါန် ကမ္မဘဝ သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - သမုဒယသစ္စာ ပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၃)အကွက်မှာပါဘုရား။
[စက်ဝိုင်းတွင် (၄)-အကွက်ကို ကြည့်၍ ဖြေပါ]
မေး - နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ကို ဖော်ပြပါ။ ဖြေ - ဇာတိ၊ ဇရာ၊ မရဏ ပါဘုရား။
မေး - ဇာတိ၊ ဇရာ၊ မရဏ ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ဝိပါကဝဋ် ပါဘုရား။
မေး - ဝိပါကဝဋ်ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဇာတိ၊ ဇရာ၊ မရဏ ပါဘုရား။
မေး - ဇာတိ၊ ဇရာ၊ မရဏ ကာလ အနေနှင့် ဘယ်ကာလထဲ သွင်းမှာလဲ။ ဖြေ - နောင် ဖြစ်လတ္တံ့ အနာဂတ် ကာလ ပါဘုရား။
မေး - နောင်ဖြစ်လတ္တံ့ အနာဂတ် ကာလ ဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဇာတိ၊ ဇရာ၊ မရဏ ပါဘုရား။
မေး - ဇာတိ၊ ဇရာ၊ မရဏ အလွှာအနေနှင့် ဘယ်အလွှာထဲ သွင်းမှာလဲ။ ဖြေ -အနာဂတ် အကျိုးတစ်လွှာပါဘုရား။
မေး - အနာဂတ် အကျိုး တစ်လွှာဆိုတာ ဘာဘာခေါ်တာလဲ။ ဖြေ - ဇာတိ၊ ဇရာ၊ မရဏ ပါဘုရား။
မေး - ဇာတိ၊ ဇရာ၊ မရဏ ခန္ဓာဖွဲ့တော့ ခန္ဓာငါးပါး မရလား။ ဖြေ - ရပါတယ်ဘုရား။
မေး - ခန္ဓာငါးပါး သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာ ပါဘုရား။
မေး - အကွက်အနေနှင့် ဘယ်အကွက်မှာလဲ။ ဖြေ - (၄) အကွက်မှာပါဘုရား။
မေး - ပဋိစ္စသမုပ္ပါဒ်အားဖြင့် အကွက် ဘယ်နှစ်ကွက်ရှိ။ ဖြေ - (၄)ကွက် ရှိပါတယ် ဘုရား။
မေး - တစ်ကွက်လျှင် ဘယ်နှစ်ပါး။ ဖြေ - ၅-ပါးပါဘုရား။
မေး - ငါးလေးလီ။ ဖြေ - နှစ်ဆယ်။
မေး - ဤရှစ်သွယ်ကို။ ဖြေ - အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ် ကြောင်းတည်း။

(မူလနှစ်ဖြာ... အခြင်းအရာ ငါးပါး)
မေး - “ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်”။ ကိလေသဝဋ် ဘယ်နှစ်ပါးလဲ။ ဖြေ - (၃) ပါး ပါဘုရား။
မေး - ကမ္မဝဋ် ဘယ်နှစ်ပါးလဲ။ ဖြေ - (၂)ပါးပါဘုရား။
မေး - ဝိပါကဝဋ် ဘယ်နှစ်ပါးလဲ။ ဖြေ - (၈)ပါး ပါဘုရား။
မေး - “ကိလေသဝဋ် (၃)ပါး” ကိုဖော်ပြပါ။ ဖြေ - “အဝိဇ္ဇာ တဏှာ ဥပါဒါန်” ပါဘုရား။
မေး - သစ္စာလေးပါးကို မသိတာ---? ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - ခန္ဓာငါးပါးကို မသိတာ---? ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - အာယတန(၁၂)ပါးကိုမသိတာ---? ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - ဓါတ်(၁၈)ပါးကိုမသိတာ---? ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - ပဋိစ္စသမုပ္ပါဒ် တရားတော် ကို မသိတာ---? ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - “သိသင့် သိထိုက်တဲ့ တရား” ကို မသိလို့ “အဝိဇ္ဇာ” လို့ မခေါ်လား။ ဖြေ - ခေါ်ပါ တယ်ဘုရား။
မေး - သိ ရင် “ဝိဇ္ဇာ” ပေါ့။ ဤခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ တရားအပေါ်မှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါလို့ နှလုံးသွင်း မှားတာကော။ ဖြေ - အဝိဇ္ဇာ ပါဘုရား။
မေး - နှလုံးသွင်းမှားတာ “အဝိဇ္ဇာ”နော်။ ဖြေ - မှန်ပါဘုရား။
မေး - ဤခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာတရားကြီးက ဖြစ်ပြီးတော့ မပျက်လား? ဖြေ - ပျက်ပါတယ်ဘုရား။
မေး - ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာပါဘုရား။
မေး - ဒုက္ခသစ္စာတရားကြီး မထင်ရှားဘူးလား။ ဖြေ - ထင်ရှားပါတယ်ဘုရား။
မေး - ဤဒုက္ခသစ္စာ တရားပေါ်မှာ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ လို့ နှလုံးသွင်း မှားတာကော--? ဖြေ - “အဝိဇ္ဇာ” ပါဘုရား။
မေး - နှလုံးသွင်းမှားတော့ လိုချင်တာ ဘယ်သူလဲ။ ဖြေ - “တဏှာ” ပါဘုရား ။
မေး - မရရင် မနေဘူးလို့ စွဲလမ်းတာ---?။
ဖြေ - “ဥပါဒါန်” ပါဘုရား။
မေး - အဝိဇ္ဇာ တဏှာ ဥပါဒါန် ၊ ဤ(၃)ခု ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ကိလေသ ဝဋ် ပါဘုရား။
မေး - သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - သမုဒယသစ္စာ ပါဘုရား။
မေး - ကမ္မဝဋ် (၂)ပါးကို ဖော်ပြပါ။ ဖြေ - သင်္ခါရ နှင့် ကမ္မဘဝပါ ဘုရား။
မေး - ပါးစပ်က ပြောတော့ ဘယ်သင်္ခါရ တပ်မလဲ။ ဖြေ - ဝစီသင်္ခါရ ပါဘုရား။
မေး - ခြေနဲ့ လက်နဲ့ ပြုတော့ ဘယ်သင်္ခါရ။ ဖြေ - ကာယသင်္ခါရ ပါဘုရား။
မေး - စိတ်က ကြံစည်တော့ ဘယ်သင်္ခါရ။ ဖြေ - စိတ္တသင်္ခါရ ပါဘုရား။
မေး - ပါးစပ်က ပြောတော့ ဘယ်ကံလဲ။ ဖြေ - ဝစီကံ ပါဘုရား။
မေး - ခြေနဲ့ လက်နဲ့ ပြုတော့ ဘယ်ကံလဲ။ ဖြေ - ကာယကံ ပါဘုရား။
မေး - စိတ်က ကြံစည်တော့ ဘယ်ကံလဲ။ ဖြေ - မနောကံ ပါဘုရား။
မေး - ကာယကံ ဝစီကံ မနောကံ ဤ(၃)ပါး ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ကမ္မဝဋ် ပါဘုရား။
မေး - ကိလေသဝဋ် နဲ့ ကမ္မဝဋ် ကို သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - သမုဒယသစ္စာ ပါဘုရား။
မေး - အကွက် အနေနဲ့ ဘယ်အကွက်မှာလဲ။ ဖြေ - (၁) အကွက်မှာပါဘုရား။
မေး - ဝိပါကဝဋ် (၈)ပါးကို ဖော်ပြပါ။ ဖြေ - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ ပါဘုရား။
မေး - ဝဋ်အနေနဲ့ ဘယ်ဝဋ်ထဲ သွင်းမှာလဲ။ ဖြေ - ဝိပါကဝဋ် ပါဘုရား။
မေး - သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဖြေ - ဒုက္ခသစ္စာ ပါဘုရား။
မေး - အကွက် အနေနဲ့ ဘယ်အကွက်မှာလဲ။ ဖြေ - (၄)အကွက် မှာပါဘုရား။
မေး - ပဋိစ္စသမုပ္ပါဒ်အားဖြင့် အကွက်ဘယ်နှစ်ကွက်ရှိ။ ဖြေ - (၄)ကွက်ရှိပါတယ်ဘုရား။
မေး - တစ်ကွက်လျှင် ဘယ်နှစ်ပါး။ ဖြေ - ၅-ပါးပါဘုရား။
မေး - ငါးလေးလီ…။ ဖြေ - နှစ် ဆယ်။
မေး - ဤရှစ်သွယ်ကို---။ ဖြေ - အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာ မှ လွတ် ကြောင်းတည်း။
သာဓု သာဓု သာဓု။

မူလနှစ်ဖြာ....တစ်ခေါက်။

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ် များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံး၀နှင့်၊ ကာလသုံးဖြာ၊ ခြင်းရာ နှစ် ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။ ပါ ဘုရား။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိညာဏ်မြင် သမ္မုတိသစ္စာအားဖြင့် ၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ ၊ အကုသိုလ်ကံ ကုသိုလ်ကံ တရား(၂)ပါးကို ယုံကြည်ရမယ်လို့ မဟောလား ။

ပါဏာတိပါတာ အစ သုရာမေရယအဆုံး ၊ ပါဏာတိပါတာအစ မိစ္ဆာဒိဋ္ဌိအဆုံးကို ကျုးလွန်ရင် ကုသိုလ်လား အကုသိုလ်လား ၊ အကုသိုလ်ကံ အကြောင်းကြောင့်အကျိုးတရားက သေသည်ရဲ့အခြားမဲ့၌ ၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်လို့မဟောလား ၊ ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရားလား ၊ ဒါ အကုသိုလ်ကံကြောင့်ဖြစ်တာနော် ၊ ကြောက်စရာမကောင်းလား ၊

ပါဏာတိပါတာအစ သုရာမေရယအဆုံး ၊ ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိအဆုံးကို ရှောင်ကြဉ်ရင်အကုသိုလ်လား ကုသိုလ်လား ၊ ကုသိုလ်ကံအကြောင်းကြောင့် အကျိုးတရားက လူ့ပြည်၊နတ်ပြည်(၆)ထပ်လို့မဟောဘူးလား ၊ ဆင်းရဲတဲ့တရားလား ချမ်းသာတဲ့တရားလား ၊ ဒါ ကုသိုလ်ကံနော် ၊ အကုသိုလ်ကံက ဆင်းရဲတာပေါ့ ၊ ကုသိုလ်ကံက ချမ်းသာတာပေါ့ ၊ အဲဒါ ယုံကြည်ဖို့လိုတယ်ကွဲ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ။

ဒါ ကံ ကံ​၏အကျိုးကိုယုံကြည်တဲ့ပုဂ္ဂိုလ် ဗေဒင်မေးအုံးမလား ၊ နတ်ကတော်မေးအုံးမလား ၊ ဝိဇ္ဇာတွေမေးအုံးမလား ၊ အဲဒါ ဗေဒင်မေးတာ နတ်ကတော်မေးတာ ဝိဇ္ဇာမေးတာ ကံကို မယုံကြည်လို့ပေါ့ ၊ မယုံကြည်ရင် လောက(၃)ပါးက လွန်မြောက်ဖို့လွယ်ပါ့မလား ၊ မလွယ်ဘူးကွဲ့နော် ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊

ဒါကြောင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၊ ဈာနသမ္မာဒိဋ္ဌိ ၊ ဝိပဿနာသမ္မာဒိဋ္ဌိ ၊ မဂ္ဂသမ္မာဒိဋ္ဌိ ၊ ဖိုလ်သမ္မာဒိဋ္ဌိ လို့ မိုးကုတ်ဆရာတော်ဘုရားကြီး မဟောလား ၊ အဲဒီ(၅)မျိုးနားလည်ဖို့လိုတယ်နော်.....။

လောကကြီးထဲမှာ အခုပြောတယ် ၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေ ၊ ရန်တွေ့တာတွေ ၊ ရုံး ကန် ကန္နား ရောက်တာတွေ ၊ ကုသိုလ်လား အကုသိုလ်လား ၊ ဒါ အကုသိုလ်ကံကွဲ့ ၊ အဲဒါ အကုသိုလ်ကံ ၊ စိစစ်ဖို့မကောင်းလား ၊

ဘာကြောင့် အဲသလိုတွေ အကုသိုလ်တွေဖြစ်တာလဲလို့ ပြန်မေးဖို့မကောင်းလား ၊ ငါ့ကို မဟုတ်တမ်းကား လျှောက်ပြောလို့ပေါ့ ၊ ငါ့ကိုပြောတော့ မခံနိုင်ဘူးပေါ့နော် ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ စဉ်းစားကွဲ့ ကြားလား ၊

သုတဝါ အရိယာသာဝကော ၊ သုတအကြားအမြင်ရှိတဲ့ပုဂ္ဂိုလ် အရိယာဖြစ်တယ်လို့ မဟောလား ၊ အသုတဝါ ပုထုဇ္ဇနောတဲ့ ၊ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်က (၃၁)ဘုံက ထွက်ဖို့လွယ်ပါ့မလား ၊ စဉ်းစားကွဲ့နော် ၊ အဲတော့ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ် မြင်ရင်သတိ ကြားရင်သတိ နံရင်သတိ စားရင်သတိ ထိရင်သတိ ကြံရင်သတိပေါ့နော် ၊

သတိတစ်လုံးရှေ့ကထားရင် လောကဖြစ်ဖြစ် ၊ လောကီဖြစ်ဖြစ် ၊ လောကုတ္တရာဖြစ်ဖြစ် အဲဒါ အကျိုးရှိတယ်နော် ၊ မဆင်းရဲဘူးပေါ့ ၊ သတိလွတ်တဲ့ပုဂ္ဂိုလ်က ဒါ ကိုယိုးကားရား ဖြစ်တော့တာ ၊ အဲတော့ သုတအကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်က သတိပြုတော့ခါ ၊ လူလား အသံလား ၊ ဆဲတာလား အသံလား ၊ အသံလို့ကြားတာနဲ့ ဆဲတယ်လို့ကြားတာ တူရဲ့လား ၊ ဆဲတယ်လို့ကြားတော့ စိတ်ဆိုးတာပေါ့ ၊ အသံလို့ကြားရင် စိတ်ဆိုးပါ့မလား ၊

ဒါကြောင့်မို့လို့ ယောနိသော မနသိကာရ ၊ နှလုံးသွင်းမှန်ဖို့နော် ၊ အယောနိသော မနသိကာရ နှလုံးသွင်းမှားတာပေါ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ နှလုံးသွင်းမှားလို့ဖြစ်တာကွဲ့ ၊ စဉ်းစား ၊ စဉ်းစားတာ အလုပ်လုပ်တယ်လို့ခေါ်တယ် ၊ အဲလိုစိစစ်ဖို့လိုတယ်နော် ၊

ဒါ နှလုံးသွင်းမှန်တဲ့အတွက် ၊ မိုးကုတ်ဆရာတော်ဘုရားကြီးက နားကတရားကိုနာ ဉာဏ်ကခန္ဓာလှည့်လို့ မဟောဘူးလား ၊ အဲဒါ ခန္ဓာဖက်ကိုလှည့်တော့ ပုဂ္ဂိုလ်သတ္တဝါတွေ့သေးရဲ့လား ၊ ပုဂ္ဂိုလ်သတ္တဝါမတွေ့ရင် အပုပ်ရည်တွင်းတာတွေကား တွေ့သေးရဲ့လား ၊

တွေ့နေတာ ကြားနေတာက အသံရူပက္ခန္ဓာ ၊ အသံလို့ကြားသိတာလေးက သောတာဝိညာဏ် နာမ်တရား ၊ အသံက ရုပ်တရား ၊ နာမ်ရုပ်၂ပါးပေါ့ ၊ လူလား နာမ်နဲ့ရုပ် ၊ ဆဲတာလား နာမ်နဲ့ရုပ် ၊ နာမ်ရုပ်ပဲတွေ့တယ်နော် ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ အဲဒါ လိုရင်းချက်တွေပေါ့ကွဲ့ ၊

တစ်ခါ ပဋိစ္စသမုပ္ပာဒ်နည်းနဲ့လည်း ပြန်စဉ်းစားနော် ၊ ကံကို ယုံကြည်ဖို့လို့ မဟောဘူးလား ၊ အဲလိုအပြောဆိုခံရတဲ့ကိစ္စ ၊ အပုပ်ရည်သွင်းလို့ အပြောဆိုခံရတာတွေဟာ ၊ အလိုလိုဖြစ်တာလား အကြောင်းကြောင့် အကျိုးတရားပေါ်တာလား ၊ ဒီဘဝက ကိုယ်ကမပြုခဲ့အုံးတော့ ၊ ဘဝအဆက်ဆက်က ကိုယ်ပြုခဲ့တာတွေမှီရင် လွတ်ပါ့မလား ၊ ကမ္မံ ဝိပါကဿကိုးကွဲ့ ၊ စဉ်းစားဖို့မကောင်းလား ၊

(၁)အကွက်ကိုပြန်ကြည့်တော့ ကိလေသဝဋ် ကမ္မဝဋ်ကွဲ့ နော် ၊ စဉ်းစားဖို့မကောင်းလား ၊ (၂)ကိုကြည့်တော့ ဝိပါကဝဋ်ပေါ့ ၊ (၃)က ကိလေသဝဋ် ကမ္မဝဋ်ကွဲ့နော် ၊ (၄)မှာက ဝိပါကဝဋ်ပေါ့ ၊ ကမ္မံ ဝိပါကဿ ၊ အလိုလိုဖြစ်တာလား ၊ အကြောင်း​ကြောင့်အကျိုးတရားပေါ်တာလား ၊

(၁)အကွက်က အကြောင်းတရားနော် ၊ (၂)အကွက်က အကျိုးတရားပေါ့ ၊ (၃)အကွက်က အကြောင်းတရားနော် ၊ (၄)အကွက်က အကျိုးတရားပေါ့ ၊ အကြောင်းရှိတော့ အကျိုးတရားပေါ်တာ ၊ အဲသလို အကြောင်းအကျိုး(၂)ပါးကိုသိတဲ့အတွက် ၊ ကဲ ဒေါသဖြစ်စရာလိုသေးရဲ့လား ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ အကြောင်းအကျိုးမသိတော့ ငါ့ကိုဒီလိုပြောတော့ မခံနိုင်ဘူးပေါ့ ၊ စဉ်းစားနော် ၊ ဒေါသစိတ်ချောင်းချောင်းထွက်လာခဲ့တာပေါ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊

အဲဒါ အကြောင်းအကျိုးသိဖို့လိုတယ် ၊ အလိုလိုဖြစ်တာလား ၊ အကြောင်းကြောင့် အကျိုးတရားပေါ်တာလား ၊ အေး စဉ်းစားကွဲ့ ၊ စဉ်းစားတာ အလုပ်လုပ်တယ်လို့ခေါ်တယ်နော် ၊ ခန္ဓာသိဖို့လိုတယ် ၊ သစ္စာသိဖို့လိုတယ် ၊ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးသိဖို့လိုတယ် ၊ အဲလိုလေ့လာဖို့မကောင်းလား.....။

တရားစစ်စစ်ကိုဟောမယ်ဆိုရင် (၅)မိနစ်မဟောလောက်ဘူးကွဲ့ ၊ အဲဒါ နားလည်အောင်လို့ ထပ်ခါ ထပ်ခါလှည့်လို့ ၊ ဟိုတစ်မျိုး သည်တစ်ဖုံလှည့်ပြီးတော့ ဟောနေရတာ ၊ စဉ်းစားနော် ၊

ငရုတ်သီး ဥပမာ။

လက်တွေ့မျက်တွေ့ ၊ သူများပြောမဟုတ်ဘူး ကိုယ်တွေ့တွေ ၊ ကဲ ငရုတ်သီးရင့်ရင့် မှည့်မှည့်ကြီးပေါ့ ၊ စားကြည့်လိုက် ၊ ဘယ်လိုတွေ့မလဲ ၊ အဲဒါ ဘုန်းကြီးပြောတာလား ကိုယ်တွေ့လား ၊ သူများပြောတာလား ကိုယ်တွေ့တာလား ၊ အဲဒါ စပ်တယ်လို့သိတဲ့စိတ်ကလေးနော် ၊ အဲဒါ ဇိဝှါဝိညာဏ်လို့ မဟောဘူးလား ၊ အဲလို စားသိစိတ်လေးဟာ မစားခင်က ဘယ်ဆီမှာနေတယ်လို့ ပြောနိုင်ရဲ့လား ၊ မပြောနိုင်ဘူးနော် ၊ ပြလည်း မပြနိုင်ဘူးနော် ၊

အဲလို စားလိုက်တဲ့အချိန်မှာ ၊ လျှာအကြည်ရှိတော့ စပ်ဆိုတဲ့ရသာ မတိုက်လား ၊ တိုက်တာ သိတဲ့စိတ်လေးပေါ်တာနော် ၊ ပင်ကိုယ်ကရှိတာ မဟုတ်ပါလားကွဲ့ ၊ အဲဒီစိတ်ကိုမြင်ဖို့လိုတာ ၊ စားသိစိတ်ပေါ့ ၊ ငရုတ်သီးတွေ့တာလား စပ်တာတွေ့တာလား ၊ စိတ်ကတော့ ငရုတ်သီးစားတာနော် ၊ တွေ့တာက ငရုတ်သီးလား စပ်တဲ့သဘော ၊

အဲဒီစပ်တာကိုပြန်စဉ်းစားနော် ၊ အဖိုးကြီးအို စားရင်ကား မစပ်ဘူးလား ၊ ကလေးလေးတွေ စားရင်ကား မစပ်ဘူးလား ၊ အရွယ်ကောင်းကောင်းပုဂ္ဂိုလ်တွေ စားရင်ကား မစပ်ဘူးလား ၊ လူမျိုးတစ်ရာ့တစ်ပါး စားကြည့်မစပ်ဘူးလား ၊ စပ်တာတော့ အကုန်တူတယ်ကွဲ့ ၊ ဒါ သူ့သဘာဝနော် ၊ အဲဒီထဲမှာ ငရုတ်သီး ကြိုက်တဲ့ပုဂ္ဂိုလ်က ၊ ငရုတ်သီး မစားရရင် သူ့စိတ်ထဲမှာ မကျေနပ်ဘူးပေါ့ ၊ စားသာ စားလိုက်ရတယ် သိပ် မကျေနပ်ဘူး ၊

မစားနိုင်တဲ့ပုဂ္ဂိုလ်က ၊ အမှတ်တမဲ့ ငရုတ်သီးတောင့်ကြီး ဝါးမိရင် ပြန်ပြီးတော့ မထွေးဘူးလား ၊ ဆယ်တာက ကြက်သားဖတ်ကွဲ့ ၊ ဝါးကြည့်တော့ ငရုတ်သီးတောင့်စားမိတာ ၊ အင်မတန်ကောင်းတဲ့ကြက်သားတောင် ထွေးပစ်လိုက်တာဗျား ၊ ကောင်းလို့လား မကောင်းလို့လား ၊ သူ့အတွက်တော့ မကောင်းဘူးဟေ့ ၊

စားနိုင်တဲ့ပုဂ္ဂိုလ်က ၊ ငရုတ်သီးတောင့်တာ ဝါးမိရင် အခုမှအရသာတွေ့တယ်ကွယ် မပြောဘူးလား ၊ လေးလေးသွဲ့သွဲ့ပေါ့ကွဲ့ ၊ အခုမှ အရသာတွေ့တာနော် ၊ ကဲ စပ်တာတစ်ခုထဲမှာ (၂)မျိုးထွက်မလာဘူးလား ၊ တစ်ယောက်ကကောင်းတယ်နော် ၊ တစ်ယောက်​က မကောင်းဘူးပေါ့ ၊ အဲဒီစိတ်ကိုမြင်အောင်ကြည့်ကွဲ့ ၊

အဲဒါ လူ့စိတ်က မျောက်စိတ်နဲ့တူတယ်လို့ မပြောကြဘူးလား ၊ စိတ်ကအလွန် ဆန်းပြားတာ ၊ စပ်တာကတော့ ဘယ်သူ့မျက်နှာမှမလိုက်ဘူး ၊ လိုက်ကဲ့လား ၊ ဆိုးတာပါရဲ့လား ကောင်းတာပါရဲ့လား ၊ တွေ့တာက ဆိုးတာတွေ့တာလား စပ်တာတွေ့တာလား ၊ ကောင်းတာတွေ့တာလား စပ်တာတွေ့တာလား ၊ အဲဒါအမှန်ယူပါကွဲ့ ၊ အဲလိုလေ့လာဖို့မကောင်းလား ၊ အဲဒါကျေနပ်ကဲ့လား ၊ ကျေနပ်တယ်နော် ၊

အဲဒါ ကျေနပ်လို့ရှိရင် ၊ ဟော ဟိုကနေပြီးတော့ ခွေးမသား ခွေးမသား ၊ ကဲ ကြားရင်သတိလို့ မဟောဘူးလား ၊ သတိပြုတဲ့အခါကြတော့ ခွေးမသားလား အသံလား ၊ အသံကတော့ ဘယ်သူ့မျက်နှာမှ မလိုက်ဘူးနော် ၊ သဘောကျတာနဲ့ မကျတာ ကိုယ့်စိတ်မှာဖြစ်တာ ၊

တချို့တချို့ပုဂ္ဂိုလ်ကလည်းရှိတယ်နော် ၊ သူ့အသံလေးကြားရတာ တကယ်သာယာတယ် မပြောဘူးလား ၊ တချို့ကလည်း ကြားပြင်းတယ်လို့ မပြောလား ၊ စဉ်းစားကွဲ့ ၊ သဘောကျတာ မကျတာ (၂)ခုထွက် မလာဘူးလား ၊

အသံကတော့ ကောင်းတာပါရဲ့လား ၊ ဆိုးတာပါရဲ့လား ၊ သူတို့စိတ်ထဲမှာလုပ်တာကွဲ့ ၊ အဲဒါ စဉ်းစားနော် ၊ တရားပျောက်တော့ ကိုယ်မှာရှာလို့ မဟောလား ၊ အခု တရားတွေ ဟောနေတာကွဲ့ ၊ သိအောင်လို့ဟောနေတာ ၊ စဉ်းစားဖို့မကောင်းလား ၊ အဲလိုစိစစ်ဖို့မကောင်းလား.....။

လင်မယားဥပမာ။

မကြားစဖူးကြားဖူးထပ်မံနော် ၊ အမျိုးသမီးလေးနဲ့ အမျိုးသားလေး ဘဝရေစက်ဆုံလို့ အကြင်လင်မယားရကြတာပေါ့ ၊ ချစ်တုန်းခင်တုန်း တပြုံးပြုံးပေါ့ ၊ စဉ်းစားဖို့မကောင်းလား ၊

၄,၅ နှစ်လောက်ကြာတဲ့ကာ မယားကလည်းအလုပ်ကောင်း ၊ လင်ကလည်းအလုပ်ကောင်း ၊ စီးပွားရေးကဖြောင့်နေတာနော် ၊ သားသမီးက တစ်ယောက်မှမရဘူးကွဲ့ ၊ ရွှေတွေဝယ်ထားတာပေါ့ ၊

၆-နှစ်လောက်ကြတဲ့အခါ သားလေးတစ်ယောက်မွေးတာပေါ့ ၊ စဉ်းစားဖို့မကောင်းလား ၊ ကြောင်လေးအဝတ်စုတ်ရသလိုတဲ့ ၊ သားလေးမွေးတော့ လင်မယား(၂)ယောက်ဝမ်းသာတာပေါ့ ၊ အဲ့ဒီကစပြီးတော့ နှစ်သားချလိုက်တာ ၅-နှစ်ထိ သား(၅) ယောက် မွေးတော့တာဟေ့ ၊ အဲဒီမအေကြီးဟာ စီပွားရေးမှာလုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူး ၊ စီးပွားရေးလုပ်နိုင်ရဲ့လား ၊ (၂)ယောက်လုပ်အား (၁)ယောက်လျှော့မသွားဘူးလား ၊ စားအိုးက (၅)ယောက်တိုးမလာလား ၊

ရှိတဲ့ရွှေလေးက ရောင်းရတော့တာကွဲ့ ၊ ကြာတော့ရောင်းစရာမရှိဘူး ၊ လင်ဖြစ်တဲ့လူကလည်း ယောက်ျားလည်း စိတ်ညစ်တော့တာ ၊ အလုပ်က မမီဘူး ကြားလား ၊ စဉ်းစားတယ် ၊ အင်း ဥစ္စာဖြိုစားဖိုက ၊ မိန်းမအသုံးကြီးတာကိုး ၊ မီးဖိုချောင်ကသုံးတာပေါ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊

အဲလိုဆိုတော့ မိန်းမကလည်းပဲ ၊ ရိုးရိုးတန်းတန်းလုပ်တဲ့ထဲက ဒီလိုအပြောခံရတော့ မကျေနပ်ဘူးပေါ့ ၊ မောင်ရယ်ဖျင်းလို့ပေါ့ ၊ အရှေ့အိမ်က ကိုဝတို့ကိုကြည့် ၊ လူ(၁၂)ယောက်ရှိတယ် ၊ စားအိုး ၊ သူတို့စားတာသွားတာကြည့်လို့ မပြောဘူးလား ၊

အဲတော့ ယောက်ျားလည်း စိတ်ဆိုးတော့ လင်မယားကွဲကြတော့တာဟေ့ ၊ အဲလိုကွဲတော့ ၂-လ ၃-လ ကြာသွားတာပေါ့ ၊ ဟိုရွာကမေးလိုက် ဒီရွာကပြောလိုက်ဆိုလိုက်နဲ့ ၊ အနားမှာရှိတဲ့ ရပ်မှာရှိတဲ့ လူကြီးတွေတောင်မှ ရှက်စရာ ကောင်းတော့တာနော် ၊

ဒီလိုဒီလိုပါ့ ၊ လင်မယားကွာတယ်လို့ကြားတယ် ဟုတ်ကလား ၊ ဟုတ်ပါတယ် ၊ မင်းတို့အနားမှာ လူကြီးတွေရှိပါလျက် ပြန်စေ့စပ်ပေးမှပေါ့ ၊ ဟိုရွာဒီရွာက မပြောကြဘူးလား ၊ ပြောကြတယ်နော် ၊ နောက်တော့ပြန်ပြီးတော့ စေ့စပ်တာပေါ့ ၊

ကဲ မင်းတို့ လင်မယားရန်တွေ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ မမေးရဘူးလား ၊ အခု(၁)ကြိမ်ပေါ့ ၊ ငါတို့မှာ (၄)ကြိမ်ရှိပြီ ၊ အခုမှနေသားကျသွားတာ ၊ မင်းတို့တစ်ကြိမ်တစ်ခါတော့ သည်းခံမှပေါ့ ၊ မင်းတို့ထမင်းစားတဲ့အခါ လျှာနဲ့သွားမကိုက်မိဘူးလားလို့ မမေးရဘူးလား ၊ ကိုက်မိတယ်လို့ အဖြေမပေးလား ၊

ဘာကြောင့်ကိုက်တာလဲလို့ မမေးရဘူးလား ၊ မတော်လို့ကိုက်မိတာပေါ့ ၊ အခုလည်း မတော်လို့ဖြစ်တာ သည်းခံမှပေါ့ ၊ အဲလိုအကွက်လည်အောင် ရေလည်အောင်ပြောတဲ့အခါ ၊ လင်မယားပြန်ပြီးတော့ မပေါင်းမိဘူးလား ၊ စဉ်းစားနော် ၊

အမျိုးသမီးနဲ့ အမျိုးသားလေးမှာ ချစ်စရာပါရင် ရန်တွေ့ပါ့မလား ၊ ချစ်စရာမပါဘူးကွဲ့ ၊ ချစ်တာ သူ့စိတ်ကလုပ်တာ ၊ တကယ်လို့ လင်မယားရန်တွေ့တယ်ဆိုတာ ဒါ ချစ်လို့လား မုန်းလို့လား ၊ ဒါ ကွဲတာ မုန်းလို့နော် ၊

တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးတော့ ရေလည်အောင် စေ့စပ်တော့ ပြန်မပေါင်းမိဘူးလား ၊ မုန်းစရာပါရင် ပေါင်းလို့ဖြစ်ပါ့မလား ၊ မုန်းစရာမပါတာကလည်း မထင်ရှားဘူးလား ၊ အဲလိုဆို အမြင်ခံထဲမှာလည်း မုန်းစရာ ချစ်စရာပါရဲ့လား ၊ အသံထဲမှာကား မုန်းစရာ ချစ်စရာပါရဲ့လား ၊ (၆)ဒွါရမှာ အဲသလို နှလုံးသွင်းဖို့မလိုလား ၊ အဲလိုစဉ်းစားကွဲ့.....။

အဲဒီ စိတ်ရူးစိတ်မိုက်တွေကိုမြင်အောင်လို့ တရားဟောရတာ ၊ စဉ်းစားဖို့မကောင်းလား ၊ အဲဒီစိတ်တွေကို သိဖို့လိုတယ်နော် ၊ အမှန်သဘောကတော့ မျက်စိနဲ့ဆိုင်ရာ အဆင်းပေါ့ ၊ နားနဲ့ဆိုင်ရာအသံပေါ့ ၊ နှာခေါင်းနဲ့ဆို

KT-2223-10-2003/6:30pmမကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း ပဓာနနာယကဆရာတော် ကျေးဇူးတော်ရှင် အဂ္ဂမဟ...
31/03/2026

KT-222
3-10-2003/6:30pm

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း ပဓာနနာယကဆရာတော် ကျေးဇူးတော်ရှင် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး။

ကျိုင်းတုံမြို့ မုံလယ်တောရ ဓမ္မရိပ်သာ အမှတ်-၂ တိုက်ခွဲ ကျောင်းတိုက် ဓမ္မာရုံကြီးပေါ်တွင် ၃-၁၀-၂၀၀၃ ခုနှစ် ည (၆)နာရီ မိနစ် ၃၀ အချိန် ဟောကြားဆုံးမတော်မူအပ်သော
“ မိလက္ခမုဆိုး ဥပမာပြ"
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် ပဋိစ္စသမုပ္ပါဒ် တရားတော် ။

အနန္တော အနန္တငါးပါးကို အာရုံပြု၍ ညီညာဖြဖြ ကန်တော့ကြ။

နမော ဗုဒ္ဓဿ။ နမော ဓမ္မဿ။ နမော သံဃဿ။ နမော မာတာပိတုဿ။ နမော အာစရိယဿ။

ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင် တော်မူသော ရှင်တော် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအား နမော - ရည်ညွှတ် သဒ္ဓါ စေတနာဖြင့် ပန်ထွာ မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင် ဘုရား။

ဓမ္မဿ - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်အား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာဖြင့် ပန်ထွာမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

သံဃဿ - မဂ်၌တည်သော ပုဂ္ဂိုလ်လေးပါး ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးပါး ဤ ရှစ်ပါးသော အရိယာ သံဃာတော်မြတ်အား။ နမော - ရည်ညွှတ် သဒ္ဓါ စေတနာဖြင့် ပန်ထွာမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

မာတာပိတုဿ - မိဘနှစ်ပါးအား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာဖြင့် ပန်ထွာ မြတ်နိုးလက်စုံ မိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

အာစရိယဿ - ဝိပဿနာ ဉာဏ်မျက်စိနှစ်ကွင်း အလင်းရအောင် သစ္စာလေးပါးတရားတော်နှင့် ကုသပေးတော်မူသော ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရား ကြီး နှင့် မုံလယ်ဆရာတော် ဘုရားကြီးအား။ နမော - ရည်ညွှတ်သဒ္ဓါ စေတနာ ဖြင့် ပန်ထွာ မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဘုရားရတနာ တရားရတနာ သံဃာရတနာ မိဘ ဆရာသမားတို့အား ရိုသေမြတ်နိူး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ကြသော ပူဇဝန္တ ပဏာမ စေတနာ သဒ္ဓါ ပညာ ဝီရိယ တို့ကြောင့် မိမိတို့ အလိုရှိအပ် တောင့်တအပ်သော မအို မသေ အမြဲ နေသော နိဗ္ဗာန်သို့ လည်းကောင်း ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း မိမိတို့ယခု အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုလွယ်နိုင်ကြသည် ဖြစ်စေ။
(အလုပ်စဉ်အတိုင်း ကျင့်ကြံ ပွားများ အားထုတ်ပါမည် အရှင်ဘုရား။)

မူလနှစ်ဖြာ တစ်ခေါက်။
(မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ် နှစ်ရပ် မူလ၊ ဝဋ်သုံးဝနှင့် ကာလသုံးဖြာ ခြင်းရာနှစ်ဆယ် ဤရှစ်သွယ်ကို အလွယ်ကျက် မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်းပါဘုရား။)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

တရားနာတယ် တရားအားထုတ်တယ် တရားလေ့လာတယ်ဆိုတာ ၊ မိမိခန္ဓာမှာရှိတဲ့တရားနဲ့ အသိဉာဏ်နဲ့ထပ်သွားဖို့လိုတယ်နော် ၊ ရှိတဲ့တရားဆိုတာ အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်တဲ့ ခန္ဓာ၅ပါးကိုပြောတာနော် ၊ မျက်စိအကြည်ရှိရင် ရူပါရုံအဆင်းမတိုက်လား ၊ ဆိုင်ရာဝိညာဏ် မပေါ်လား ၊ မြင်သိစိတ်ပေါ့ ၊ ငါမြင်တာလား မြင်သိစိတ် ၊

တစ်ဝိညာဏ်တည်း မြင်သိလို့ဖြစ်ကဲ့လား ၊ မဖြစ်ရင် သူနဲ့သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ မပါလား ၊ ဆိုးကောင်း(၂)ပါးလို့ခံစားတာ လူနတ်ဗြဟ္မာလားဝေဒနာ ၊ ဆိုးကောင်း(၂)ပါးလို့မှတ်တာ သူတွေငါတွေလားသညာ ၊ ခံစားနိုင်အောင်စေ့ဆော်တာ မှတ်နိုင်အောင်စေ့ဆော်တာ သူငါလားစေတနာ ၊

ဝေဒနာ သညာ စေတနာ (၃)ခုပေါင်းတော့ နာမက္ခန္ဓာ(၄)ပါး မပြည့်လား ​၊ ဤ(၄)ပါးပြည့်စုံမှ မြင်သိစိတ်ဖြစ်တာနော် ၊ လူနတ်ဗြဟ္မာလား နာမက္ခန္ဓာ(၄)ပါး ၊ မျက်စိအကြည်က လူနတ်ဗြဟ္မာဟုတ်ကဲ့လား ၊ ရူပါရုံအဆင်းကား သူတွေငါတွေဟုတ်ကဲ့လား ၊ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာမရလား ၊ နာမက္ခန္ဓာ(၄)ပါးနဲ့ ရူပက္ခန္ဓာပေါင်း (ခန္ဓာ၅ပါးပါ ဘုရား) ၊

ဒါ အာရုံနဲ့ဒွါရတိုက် ပေါ်တဲ့ ခန္ဓာ၅ပါးနော် ၊ ထင်တာ​က လူနတ်ဗြဟ္မာပေါ့ ၊ တွေ့တာက ခန္ဓာ၅ပါးပေါ့ ၊ ဉာတပရိညာ ပိုင်းခြားသိပါလို့ မဟောလား ၊ တွေ့တာကို အမှန်ယူရမယ်နော် ၊ အမှန်သိရင် အမှားမပျောက်လား ၊ ဒါ လိုရင်းအချက်ပေါ့ကွဲ့ ၊

မြင်ဆဲ လူနတ်ဗြဟ္မာလား ခန္ဓာ၅ပါး ၊ ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာ၅ပါး ၊ ခန္ဓာ၅ပါးလို့ အမှန်သိရင် ဤခန္ဓာ၅ပါး တရားအပေါ်မှာ လူနတ်ဗြဟ္မာသတ္တဝါလို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်လား ၊ အမှန်သိတော့ အမှားပျောက်တယ်နော် ၊ အမှားပျောက်ရင် သက္ကာယဒိဋ္ဌိပြုတ်တာပေါ့ ၊

ဤခန္ဓာ၅ပါးက မြင်ပြီးတော့မပျက်လား ၊ ကြားပြီးရင်မပျက်လား ၊ အပျက်ကိုသိတော့ ခိုင်တယ်မြဲတယ်လို့ယူအုံးမလား ၊ အပျက်ကိုသိတော့ ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိမပြုတ်လား ၊ နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝ ပြတ်တယ်လို့ ယူအုံးမလား ၊

အစားထိုးတာသိတော့ ဘဝ ပြတ်တယ်လို့ ယူတဲ့ ဥစ္ဆေဒအယူမပြုတ်လား ၊ ခန္ဓာ၅ပါး ခန္ဓာ၅ပါးလို့ အမှန်သိတော့ သက္ကာယဒိဋ္ဌိပြုတ်တယ်နော် ၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့ကွဲ့ ၊ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီနော် ၊

ဘယ်လောက်ထိ ချမ်းသာသလဲ စိစစ်ဖို့မကောင်းလား ၊ ဗမာပြည် တစ်ပြည်လုံးမှာရှိတဲ့ ရွှေငွေကျောက်သံပတ္တမြား ဆန်ရေစပါး ၊ တစ်ပြည်လုံးရှိတဲ့ပစ္စည်းနဲ့ တစ်မဂ်တစ်ဖိုလ်ရတဲ့ အသိဉာဏ်နဲ့လဲနိုင်ပါ့မလား ၊ တစ်ပြည်လုံးရှိတဲ့ပစ္စည်းက မအိုအောင်တတ်နိုင်ရဲ့လား ၊ မနာအောင်တတ်နိုင်ရဲ့လား ၊ မသေအောင်တတ်နိုင်ရဲ့လား ၊

အိုနာသေ မလွတ်ဘူးနော် ၊ အပါယ်က စိတ်ချရပါ့မလား ၊ တစ်မဂ်တစ်ဖိုလ်ရတဲ့ အသိဉာဏ်က အပါယ်ကလွတ်၍ လွတ်၍ မနေလားဟေ့ ၊ ဆက်ပြီးတော့ နင်လား ငါလား ကြိုးစားမယ်ဆိုရင် ဓမ္မဒိန္နာကဲ့တို့ တစ်ဘဝနဲ့ ရဟန်းကိစ္စပြီးနိုင်တယ်နော် ၊ မယ်ပဋာကဲ့တို့လေ၊ အဲလေ့လာဖို့မကောင်းလား.....။

အင်မတန်ကျေးဇူးကြီးမားလှတဲ့ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးက ၊ တရားသိဖို့နံပါတ်၁ စားဝတ်နေရေးရှာဖို့နံပါတ်၂လို့ မဟောလားဟေ့ ၊ တရားသိဖို့ ဘယ်လောက် အရေးကြီးသလဲနော် ၊ စားဝတ်နေရေးနဲ့အချိန်ကုန်ခဲ့တာ များပြီကွဲ့ ၊ ဘယ်လောက်ထိအချိန်ကုန်ခဲ့သလဲ စိစစ်ဖို့မကောင်းလား ၊ ဂင်္ဂါမြစ်မှာရှိတဲ့ သဲလုံးနဲ့အမျှနော် ၊

သဲတစ်ပွင့်ဘုရားတစ်ဆူနော် ၊ အဲတော့ ဂင်္ဂါမြစ်မှာရှိတဲ့ သဲလုံးနဲ့အမျှပွင့်တော်မူတဲ့ ဘုရားအဆူဆူတွေ ၊ တရားနာပရိသတ်တွေ တွေ့ခဲ့ကြရဲ့လား ၊ ဒါ ဘယ်ဆီမှာနေလို့လဲ (ငရဲမှာပါ ဘုရား) ၊ ငရဲမှာ ၊ ငရဲကိုရောက်သွားပြီဆိုရင် ဘုရားအဆူဆူနဲ့ချော်လွဲနိုင်တယ်နော် ၊ ကြောက်စရာမကောင်းလားဟေ့ ၊ တစ်ဆူသောဘုရားဆီမှာ နှစ်ဆယ့်လေး အသင်္ချေနဲ့ ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်တယ်လို့ မဟောဘူးလား ၊ စဉ်းစားနော် ၊

အဲသလောက်ပွင့်တော်မူတဲ့ဘုရားတွေ မတွေ့ခဲ့တာ ဒါ ငရဲမှာနေတာ ထင်ရှားတယ်ကွဲ့ ကြားလား ၊ ငရဲသက်ကကြီးတယ်နော် ၊ ကဲ ဘုရားအဆူဆူနဲ့လွဲတာ မနစ်နာလားဟဲ့ ၊ နစ်နာတယ် ၊ အခုလည်း လူဖြစ်တယ်ဆိုငြားသော်လည်း ၊ ဂေါတမမြတ်စွာဘုရားသာသနာ ၊ ဘုရား ပရိနိဗ္ဗာန်ပြုငြားသော်လည်း သာသနာငါးထောင်စီထားခဲ့တယ်နော် ၊ ဒါကြောင့် သစ္စာတရား ခန္ဓာတရား ပဋိစ္စသမုပ္ပာဒ်တရား ကြားရနာရတာပေါ့ ၊

သာသနာသာမထားခဲ့ဘူးဆိုရင် အဲဒီတရားတွေ ကြားရဖို့လွယ်ပါ့မလား ၊ မလွယ်ဘူးကွဲ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ ဒါကြောင့်မို့ လူဖြစ်ငြားသော်လည်း ၊ သာသနာတွင်းမှာဖြစ်လာခဲ့တယ်နော် ၊ သာသနာပမှာဖြစ်တဲ့လူနဲ့ သာသနာတွင်းဖြစ်တဲ့လူတူရဲ့လား ၊ စဉ်းစားနော် ၊

မိုးကုတ်ဆရာတော်ဘုရားကြီး တိတ်ခွေထဲကဟောတယ် ၊ သာသနာတွင်းမှာ တစ်ကြေးဇွန်းတစ်ယောက်မလှူတဲ့အလှူနဲ့ ၊ သာသနာပ ထမင်းရေချောင်းစီးအောင်လှူတဲ့အလှူနဲ့ မတူဘူးတဲ့နော် ၊ တစ်ကြေးဇွန်းတစ်ယောက်မလှူတာက သာတယ် ကြားလား ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ လေ့လာကွဲ့ ၊

ဒါတော့ ဒီတရား ငါမသိရင်မနေဘူး ကြိုးစားဖို့မကောင်းလား ၊ တရားမသိဘဲနဲ့ ချော်လွဲပြီးတော့ အပါယ်သွားတာတွေ အများကြီးနော်.....

မိလက္ခမုဆိုး

မကြားစဖူးကြားဖူးထပ်မံပေါ့ ၊ ရှေးထက်ကျော်ကာရီကလေး ၊ မိလက္ခမုဆိုးဆိုတာရှိတယ်ကွဲ့နော် ၊ အဲဒီမုဆိုးက ချေ၊ သမင်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ပုတတ်တွေ သတ်ပုတ်ပြီးတော့ ခန္ဓာဝန်ထိန်းကျောင်းရှာရတယ် ကြားလား ၊ စားဖို့သောက်ဖို့ဝတ်ဖို့ပေါ့နော် ၊

အဲဒါ ဖောက်သည်တွေက တစ်နေ့တစ်ပါးတိုးတိုး တိုးတိုး တိုးတိုးလာတာပေါ့ ၊ နောက်တစ်နေ့ကြတော့ ဖောက်သည်တွေကများတော့ ၊ အခါတိုင်းထက်ဆန်ကို ပိုပြီးတော့ယူသွားတာပေါ့ ၊ ယူသွားငြားသော်လည်း အဲဒီနောက်ဆုံးအပတ်ကြတော့ မရဘူးပေါ့နော် ၊

အခါတိုင်းကရတဲ့ သားငါး ငါးဆယ်သားလောက်ရှိတဲ့အကောင်ကို ကျပ်တင်ထားတာရှိတာကိုး ၊ သူယူသွားတဲ့ရိက္ခာက ကုန်သွားတော့ခါ ၊ အဲဒီသားကောင်လေးကိုပြုတ်ပြီးတော့ ဆားနဲ့တို့စားရတယ်နော် ၊ စားသုံးလို့ပြီးတဲ့ခါကြတော့ သူထမ်းထားတဲ့ရေ ရေချမ်းအိုးပေါ့ ၊ ရေသောက်မယ်လို့ဖွင့်ကြည့်တော့ ရေကတစ်စက်မှမရှိဘူးနော် ၊

စမ်းတွင်းကိုသွားရတော့တာပေါ့ ၊ စမ်းတွင်းရောက်တဲ့အခါလည်း ရေကမရှိဘူးနော် ၊ ဟော ဒီနေ့ရေခမ်းစောတာပေါ့ ၊ သားငါးဆေးတဲ့ရေအိုင်ကို ဆက်ပြီးတော့မသွားလား ၊ ရေတွေ့ရဲ့လားဟဲ့ ၊ ရေတွေခမ်းနေတော့တာပေါ့ ၊ အဲဒါနဲ့ရေရှာထွက်လာခဲ့တယ်နော် ၊

ရွာနဲ့မနီးမဝေး လေးဖာလုံလောက်အကွာမှာ ၊ တောရဆောက်တည်တဲ့ရဟန်းတစ်ပါးရှိတယ်နော် ၊ အဲဒီပုဂ္ဂိုလ်က အာသဝေါကုန်ပြီးသားပုဂ္ဂိုလ်ကိုး ၊ ရာသီဥတုက ဆောင်းရာသီပေါ့ ၊ အဲဒါနဲ့တောထဲမှာ ရဟန်းတို့မည်သည်မှာ ရှေ့ဆိုင်း နောက်ဆိုင်း မထမ်းကောင်းဘူးနော် ၊ တစ်ဖက်ပုခုံးနဲ့တော့ ထမ်းကောင်းတယ်တဲ့ ကြားလား ၊ ဘုန်းကြီးတို့ သုတကြားဖူးတယ်နော် ၊

အဲလိုထမ်းပြီးတော့ ထည့်ထားတဲ့ရေတွေရှိတာပေါ့ ၊ အဲဒီမုဆိုးက ရေရှာထွက် ၊ အဲဒီကျောင်းကိုဝင် ၊ ဘုန်းကြီးက မနက်ပိုင်းမှာ ချမ်းတာနဲ့ ၊ နေပွင့်တဲ့အခါမှာ နေထွက်တဲ့စီ တောင်ဖက်ကိုလှည့်ပြီးတော့ နေဆာလှုံနေတာပေါ့ ၊ သူကမြောက်ဖက်က ရေအိုးစင်ကိုဖွင့်ပြီးတော့ အိုးအဖုံးကိုဖွင့် ၊ ရေမုတ်ကိုကိုင် နှိုက်လိုက်တာနော် ၊ ဂျောက်ဂျောက် ဂျောက်ဂျောက်နဲ့ထွက်သွားတာပေါ့ ၊

ဟိုအိုးနှိုက်လည်း ဂျောက်ဂျောက် ၊ ဒီအိုး နှိုက်ရင်လည်း ဂျောက်ဂျောက်ပေါ့ ၊ ရေကတစ်စက်မှမတွေ့ဘူး ၊ အင်း ဒီကျောင်းကိုစောင့်တဲ့ဘုန်းကြီးလည်း ဘုန်းကြီးပျင်းနဲ့တူပါတယ် ၊ ရေခပ်ဖော်တောင်မရဘူးပေါ့ ၊ သူ့စိတ်ထဲက ပြောပြောဆိုဆိုနဲ့ ထွက်သွားတော့တာနော် ၊

လူသံ ကြားတော့ ဟိုက ထွက်ပြီးတော့ကြည့်လိုက်တာပေါ့ ၊ ဟေ့ ဒကာ ဘာကိစ္စလဲ လို့ မမေးရဘူးလား ၊ ရေဆာလို့ ရေသောက်ဝင်ခဲ့တာဘုရားလို့ မလျှောက်လား ၊ သောက်ရသလားလို့ မမေးဘူးလား ၊ ရေတစ်စက်မှမရှိဘူးပေါ့ ၊ အင်း ငါ မနက်က ထမ်းထားတာ ရေယိုလို့များကုန်တော့သလား ၊ သွားပြီးတော့ဖွင့်မကြည့်လားဟဲ့ ၊ ဖွင့်ကြည့်တော့ ရေကအပြည့်ကွဲ့ ၊

ဟေ့ ဒကာ လာလာလို့ မခေါ်ရဘူးလား ၊ သူ့ရှေ့တင် အဖုံးဖွင့်ပြီးတော့ ၊ ရေအိုးကိုနှိုက်ပြီးတော့ ခပ်ပေးရတယ်နော် ၊ အဲဒီချိန်ကြမှသောက်ရတာ ၊

အဲဒီမှာဖြစ်တဲ့မုဆိုးက စဉ်းစားတယ်နော် ၊ ငါခန္ဓာကိုယ်မသေသေးဘူးပေါ့ ၊ မသေခင်တောင် ငါပြိတ္တာဖြစ်နေပြီ ကြားလား ၊ ရေရှိလျက်ကယ်နဲ့ရေမတွေ့တာ ၊ ဒါ ပြိတ္တာပေါ့ကွဲ့ ၊ မြေကြီးလက်ခတ်မလွဲဘူးနော် သေခါ ပြိတ္တာဖြစ်မှာ ၊ ကဲ ပုဗ္ဗနိမိတ်တွေ ကမ္မနိမိတ်တွေ ၊ ပုဗ္ဗနိမိတ်တွေ မပေါ်ဘူးလား ၊ စဉ်းစားကွဲ့နော် ၊ ပေါ်နေပြီ၊ အဲဒါကြောက်လွန်းလို့ကွဲ့နော် ၊

အရှင်ဘုရား တပည့်တော်ကို သနားသောအားဖြင့် ၊ သင်္ကန်းအဟောင်းအနွမ်းလေးရှိရင်လည်း တပည့်တော်ကိုချီးမြှောက်တော်မူပါဘုရား ၊ ကိုရင်ကြီးဘဝနဲ့တရားအားထုတ်ပါရစေတဲ့ ၊ တပည့်တော်ကြောက်လှပါပြီတဲ့နော် ၊

အဲ သင်္ကန်းလေး ထုတ်ပေးလိုက်တာပေါ့ ၊ ထုတ်ပြီးတော့ သင်္ကန်းဝတ် ၊ ရှင်သာမဏေအဖြစ်ပေါ့ကွဲ့နော် ၊ တရားတွေ သင်ရတာပေါ့ ၄,၅,၆ လလောက် ကြာသွားတယ်နော် ၊ တရားသင်တာလေ ၊ ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ သစ္စာတို့ ပဋိစ္စသမုပ္ပာဒ်တွေ မသင်ရဘူးလား ၊ အဲဒါ သင်လို့ သညာသိ ဝိညာဏ်သိနဲ့ သိတယ်နော် ၊

အဲဒီကျောင်းမှာ ဘုရားခန်း ရှိတာကိုး ၊ အဲဒါ ဘုရား တရား သံဃာ မိဘ ဆရာသမား ကန်တော့ ၊ ကန်တော့ပြီးပြီ ဆိုတဲ့ခါကြတော့ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကိုမေတ္တာပို့ ၊ ကိုယ်လှူခဲ့တမ်းခဲ့တဲ့ ကုသိုလ်အမှုကို ၊ နည်းနည်းပါးပါး တစ်ကြေးဇွန်းတစ်ယောက်မဖြစ်ဖြစ်ပေါ့နော် အမျှပေးပေါ့ ၊ ခန္ဓာကိုယ်ကြီးကို ဘုရားကိုလှူတယ်နော် ၊ အပိုင်းအခြားမရှိဘူးပေါ့ ၊

အဲဒီမှာ ထွက်လေဝင်လေကို ရှူလိုက်တာပေါ့ ၊ သမာဓိထူထောင်တာလေ ၊ ထွက်တာသိ ဝင်တာသိလို့ မဟောဘူးလား ၊ အဲလို တင်ပလ္လင်ဆင်ပြီးတော့ အားထုတ်နေတယ်နော် ၊ ဘယ်လိုမှ သမာဓိထူထောင်လို့မရဘူးနော် ၊ ဘယ်ဆီ ရောက်နေလဲ ဆိုတော့ ၊ ကမ္မနိမိတ် ၊ တောထဲတောင်ထဲတွေရောက်နေတယ်နော် ၊ သူ့ခန္ဓာကိုယ်ကြီးကကျောင်းပေါ်မှာ ၊ ဘုရားခန်းမှာပေါ့ကွဲ့ ၊ တရားထိုင်တဲ့ပုံအတိုင်းနော် ၊ စိတ်ကတောထဲတွေ သားကောင်တွေလိုက်နေတော့တာ ၊ ဒူး လေး မြားနဲ့မလိုက်ဘူးလားဟဲ့ ၊

အဲသလို မြားနဲ့ပစ် ၊ တော်ကြာတော့ခါ မြားဆိပ်ပျံပြီးတော့လဲသွားတဲ့အခါ ဖိ ၊ လှံနဲ့ထိုး ၊ သတ်ပုတ်ပြီးတော့မှ အသားတွေခုတ်စင်း ကြားလား ၊ အခါတိုင်းက သူပေးနေကျ ဖောက်သည်တွေကိုပေးတာပေါ့ ၊

အဲ ဖောက်သည်တွေပေးတဲ့အခါ ၊ ကဲ နင်ကဘယ်လောက်ယူမှာလဲ ၊ ပိဿာ(၂၀)ပေါ့ ၊ နင်ကဘယ်လောက်လဲ ၊ (၁၀)ပိဿာ (၁၅)ပိဿာပေါ့ ၊ ကဲ နင်အရင်ဖိုးကလည်း မပေးသေးဘူးပေါ့ ၊ အခုက ဘယ်လိုလဲ ၊ အခုကမပါ နောက်တစ်ပတ်မှ အကုန်လုံး လုံးပြီးတော့ရှင်းပေးမယ်တဲ့နော် ၊ ဟိုတစ်ဦးကတော့ ကျွန်မကတော့ မယူရင်အရှင်း ယူရင်လက်ငင်းတဲဲ့ ကြားလား ၊ လက်ငင်းပေးတာတဲ့ ၊ နင့်တော့သိပါတယ်တဲ့ ၊ နင်ကလက်ငင်းသမားတဲ့နော် ၊ ဟိုကအကြွေးကိုး ၊ နောက်တစ်ပတ်မှ အကုန်လုံးလုံးရှင်းမယ်တဲ့ ၊ အဲလိုသားကောင်တွေ ချိန်တွယ်ပြီးတော့ ရောင်းချနေတာနော် ၊

အဲဒါ အကုသိုလ် ကမ္မနိမိတ်တွေပေါ်တာကွဲ့ ၊ ကမ္မနိမိတ်နော် ၊ ကိုယ်လုပ်တဲ့ဟာတွေပေါ်တော့တာ ၊ အဲဒါ သူ့ခန္ဓာကိုယ်ကြီးကတော့ ကျောင်းပေါ်မှာနော် ၊ တရားထိုင်နေတာပေါ့ကွဲ့ ၊ ကဲ သားကောင်တွေ သတ်ပုတ်ပြီးတော့မနေလား ၊ ချိန်တွယ်လို့မနေလား ၊

အဲဒါမှာ လက်စသားတွေ ကျကျနန ချက်ပြုပြီးတော့မှ ၊ သူငယ်ချင်းတွေလာတဲ့အခါ ဟော ပုလင်းထောင်ပြီးတော့ အရက်တွေသောက်ကြတော့တာပေါ့ ၊ အားမနာနဲ့ဟေ့ စားစမ်းပေါ့ကွဲ့နော် ၊ ဝယ်ရတာမဟုတ်ဘူးပေါ့ လက်ဖြစ်တွေ ကြားလား ၊ အရက်နဲ့မြည်းတာပေါ့ကွဲ့ ၊

ကဲ ကမ္မနိမိတ်တွေ ပေါ်နေတာနော် ၊ အကုသိုလ် ကမ္မနိမိတ်ကွဲ့ ၊ ကြောက်စရာ မကောင်းဘူးလား ၊ အဲဒါနဲ့ ဘယ်လိုပါ့ အားထုတ် အားထုတ် ပြောင်းလို့မရဘူးနော် ၊ တပည့်တော်တော့ မထူးတော့ပါဘူးဘုရား ၊ အဝတ်လဲပါရစေ ကြားလား ၊ သဲဒဏ် ရေဒဏ်သာ ပေးပေတော့တဲ့နော် ၊

ခဏနေအုံးပေါ့ ၊ အဲဒါ ဟိုဖက်က သဖန်းပင်ကြီး ကြည့်စမ်းလို့ မခိုင်းဘူးလား ၊ လှည်းဘယ်နှစ်စီးထွက်မလဲလို့ မမေးရဘူးလား ၊ (၄)စီးခန့်ထွက်မှာပေါ့ ၊ အဲဒါခုတ်ပေါ့နော် ၊ အတုံးကြီးတာတွေကို မိမိက ပုဆိန်နဲ့ခွဲပေါ့ ၊ သေးတာတွေ တစ်တောင်သာသာစီဖြတ်ပေါ့ ၊ အဲဒါပုံထားလိုက် ၊

အားလုံးခုတ်စဉ်းပြီးပါပြီ ၊ ပုံထားပြီလို့ မလျှောက်ဘူးလား ၊ အဲဒါ မီးရှို့ဖို့ ဝါးယောင်းထင်း အရှည်ကဆယ်တောင်နော် ၊ သုံးတောင်ပတ်ပေါ့ ၊ (၁၂)စီးအခွေခိုင်းတယ် ၊ ပြီးပါပြီ ၊ ရပါပြီဘုရားလို့ မလျှောက်လား ၊ အဲဒါ အရှေ့ကသုံးစင်း အနောက်ကသုံးစင်း တောင်ကသုံးစင်း မြောက်ကသုံးစင်း ရှို့ပေါ့ ၊

အဲဒါ မီးရှို့ခိုင်းတော့တာနော် ၊ သဖန်းသားဆိုတာ အစေးရှိတာကိုး ၊ အစိုကလည်းဖြစ် အစေးကလည်း ရှိဆိုတော့ လောင်ရဲ့လားဟဲ့ ၊ မဲတော့မဲသွားတယ်နော် ၊ မီးမစွဲဘူးပေါ့ ၊ ဝါးယောင်းထင်းသာ ကုန်သွားတယ် ဘယ်လိုမှမီးမစွဲ ၊ အခုမှပိုပြီးတော့ဆိုးတော့တာပေါ့ ၊

အဲဒါနဲ့ တပည့်တော် ဘယ်လိုမှရှို့လို့မရဘူးဘုရားလို့ မလျှောက်လား ၊ အဲဒါနဲ့ အနားကိုလာ ၊ အဲဒီ သဖန်းသား လှည်းလေးစီးလောက်ပုံတဲ့နားမှာ မြေကြီးကိုလက်ဝါးနဲ့ပုတ်လိုက်တာပေါ့ ၊ တန်ခိုးနဲ့ပုတ်လိုက်တာနော် ၊ အက်ကွဲပြီးတော့ ငရဲကိုမြင်ရတော့တာ ၊

ကဲ ကြည့်စမ်းဟဲ့လို့ မခိုင်းရဘူးလား ၊ အဲဒီအခါ ငရဲခံရတာ မီးလောင်နေတာပေါ့ ၊ မီးလောင်ခံရတဲ့ငရဲလေ၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို အကုန်လုံးလောင်တာနော် ၊ တအော်တည်း အော်နေရတာကွဲ့ ၊ အဲဒါ အကြည့်မခိုင်းဘူးလားဟဲ့ ၊ မြင်သလား ၊ မြင်တယ်တဲ့ ၊ တပည့်တော်အဖေ ပါတယ် ဘုရားတဲ့နော် ၊ ငရဲကိုရောက်နေတာ ၊ ကျောင်းနေဖက်သူငယ်ချင်းတွေလဲ ၃,၄ ယောက်ပါတာပေါ့ ၊ မသိတဲ့ပုဂ္ဂိုလ်ကတော့ တစ်ပုံကြီးပေါ့ ၊ အဲ ငရဲမီးမြင်တော့တာနော် ၊ အဲဒါ သူသွားမည့် နေရာပေါ့ ၊ ဂတိနိမိတ်တွေ ၊

အရင်ဆုံး သားကောင်တွေ သတ်ပြီးတော့ သောက်စားနေတာက အကုသိုလ်ကမ္မနိမိတ်နော် ၊ သူသွားမယ့်နေရာက ဒါ ဂတိနိမိတ်တွေပေါ့ ၊ အဲဒီ ဂတိနိမိတ်ပေါ်ပြီးခါမှ ဝိညာဏ်ချုပ်ရတာကွဲ့ ၊ အဲလိုစဉ်းစားဖို့မကောင်းလား ၊

အဲဒါနဲ့ သူ့ရှေ့တင် တန်ခိုးတော်နဲ့ ငရဲမီး ပိုးစုန်းကြူးလောက်ရှိတဲ့ ငရဲမီးကိုယူလိုက်တာပေါ့ ၊ လက်နဲ့ တန်ခိုးတော်နဲ့လှမ်းယူလိုက်တာနော် ၊ လေးစီးတိုက်လောက်ရှိတဲ့ သဖန်းသားဟား ဝါးယောင်းထင်း(၁၂)စင်းရှို့တာ မလောင်ဘူးပေါ့ ၊

ပိုးစုန်းကြူးလောက်ရှိတဲ့ ငရဲမီးကိုချလိုက်တော့ ၊ ဝါဂွမ်းပေါ် ဓာတ်ဆီကျလို့ မီးတောက်သလိုလေး ဝုန်းခနဲဆို ချက်ချင်းပြာကျသွားတာ ၊ ပိုးစုန်းကြူးလောက်ရှိတာလေးကလေ ၊ ပကတိ ပြကတေ့မီးနဲ့(၁၂)စင်းရှို့တာ လောင်းကိုမလောင်တာကွဲ့ ၊ ငရဲမီး ဘယ်လောက်ထိပူသလဲ စဉ်းစားဖို့မကောင်းလား ၊

ထွေးခံလောက်သာရှိမယ်ဆိုရင် တစ်ပြည်လုံးတောင် လောင်လောက်တယ်ဟေ့ ကြားလား ၊ ပိုးစုန်းကြူးလောက် ရှိတာတောင် မနည်းဘူးကွဲ့နော် ၊ အဲသလောက်ပူတာ ၊ ကဲ အဲဒါ မင်းသွားမယ့်နေရာပေါ့ ၊ အဝတ်လဲတော့လို့ ခိုင်းတော့တာနော် ၊ မလဲရဲတော့ဘူး ကြားလား ၊ ပိုပြီးတော့ ကြောက်မလာဘူးလားဟေ့ ၊ ကြောက်တော့တာ ၊

တပည့်တော် ကြောက်လှပါပြီ ဘုရားတဲ့ ကြားလား ၊ အဲဒါနဲ့ ရေအိုး ပိဿာ(၁၀)လောက် ဆန့်တဲ့ရေအိုး ၊ မြေအိုးကြီးပေါ့နော် ၊ ကြမ်းသံလေးနဲ့ဖောက်လိုက်တော့ကာ ၊ ရေတွေအပြည့်ထည့်ထားတော့ကာ တစ်စက်စီ တစ်စက်စီ မယိုဘူးလားဟဲ့ ၊ အဲဒါ အပြည့်ထည့် ခေါင်းခု ၊ ရုံထားတဲ့သင်္ကန်းကြီးကိုလည်း ရေတွေစွတ် ၊ သင်းပိုင်အဟောင်းအနွမ်းတွေလည်း ခေါင်းခုလုပ် ၊ ရေတွေစွတ် ၊

ဘုရား တရား သံဃာ မိဘ ဆရာသမား ကန်တော့ ၊ ကန်တော့လို့ပြီးရင် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာမပို့ဘူးလား ၊ ကိုယ်လှူခဲ့တမ်းခဲ့ နည်းများမဆို အမျှပေးရတယ်နော် ၊ အဲ ခန္ဓာကိုယ်လည်း ဘုရားကို အပိုင်းအခြားမရှိလှူလိုက်တာပေါ့ ၊

အဲဒါပြီး တရားအားတုတ်တယ် ၊ ညဦးကစပြီးတော့ အဲဒီရေအိုးကြီးရွက်ပြီးတော့မှ ထိုင်ပြီးတော့ အားထုတ်တာနော် ၊ (၄)နာရီထိုးတဲ့အခါကြတော့ ရေအိုးထဲမှာ ရေတစ်စက်မှ မရှိတော့ဘူး ၊ သူရုံထားတဲ့သင်္ကန်းတွေကလည်း အကုန်ခြောက်တာပေါ့ ၊ အဲဒီမှာ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်ရသွားတာဗျာ့ ၊ မိလက္ခမုဆိုးလေ၊

အဲဒီကနေ ဆက်ပြီးတော့ အားထုတ်တာ သကဒါဂါမ် ၊ သကဒါဂါမ်က အနာဂါမ် ၊ (၅)နာရီလည်း ထိုးတော့တယ် အရဟတ္တမဂ် အရဟတ္တဖိုလ်ရသွားတယ် ကြားလား ၊ မိလက္ခမုဆိုးနော် ၊ တရားအစ သံဝေဂပေါ့ ၊ တကယ်ကြောက်ကြီဆိုတော့ တကယ်လေ့လာ တကယ်ကြိုးစားလို့ ရတာပေါ့။

အခုလူတွေဟာက ခပ်ပေါ့ပေါ့လေးကွဲ့ ။ ကြောက်ဘူးဟေ့ ၊ ကြောက်ပါဘူး ငရဲကို ၊ မေးကြည့်တော့ ကြောက်တယ်လို့ပြောတဲ့လူပဲ ၊ တစ်ယောက်နဲ့တစ်ယောက် ရန်မတွေ့ဖူးဘူးလား ၊ ဒါ ငရဲမကြောက်တဲ့လူတွေကွဲ့ ၊ ကဲ စိတ်ဆိုးတာတွေ ကုသိုလ်လား အကုသိုလ်လား ၊ ငရဲမကြောက်တဲ့လူတွေ ၊

ငရဲကြောက်တဲ့လူက စိတ်မဆိုးအောင် အလေ့အကျင့် လုပ်ရတယ်နော် ၊ ရန်မတွေ့အောင် အလေ့အကျင့် လုပ်ရတယ်နော် ၊ (၅)ပါးသီလ လုံခြုံအောင် အလေ့အကျင့် လုပ်ရတယ်နော် ၊ ငရဲကြောက်တာကွဲ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ အင်း လေ့လာ ၊ ဒါ ငရဲကြောက်တာ ၊

အခု တစ်ယောက်နဲ့တစ်ယောက် ရန်တွေ့တာတွေ ငရဲမကြောက်ဘူးကွဲ့ ၊ မေးငေါ့တာ နှုတ်သီးဆူတာ ငရဲမကြောက်ဘူးကွဲ့ ၊ ဆဲတာဆိုတာတွေလေ အဲလိုစိစစ်ဖို့မကောင်းလား ၊ အင်း ဒါကြောင့် ကြားဖူးမှနားဝ နားဝမှတရားရတာနော် ၊ အဲတော့ ခန္ဓာသိဖို့လိုတာပေါ့ ၊ သစ္စာသိဖို့လိုတာပေါ့ ၊ ပဋိစ္စသမုပ္ပာဒ်ကြောင်းကျိုး သိဖို့လိုတာပေါ့ ၊

တကယ်လေ့လာမယ်ဆိုရင် မိလက္ခမုဆိုးလောက်တော့ အပြစ်မကြီးနိုင်ဘူးကွဲ့နော် ၊ တကယ်ကြိုးစားရင် ဖြစ်နိုင်တယ် ကြားလား ၊ မိလက္ခမုဆိုး တကယ်ကြိုးစားတော့ကာ ကဲ အရဟတ္တမဂ် အရဟတ္တဖိုလ်မရဘူးလား ၊ အဲ့သလိုစဉ်းစားကွဲ့ ၊ ဒါကြောင့် တရားအစ သံဝေဂ ၊ သံဝေဂဉာဏ်ရှိတဲ့လူ ပေါက်လွယ်တာပေါ့ ၊ အဲလိုစိစစ်ဖို့မကောင်းလား.....။

တရား တရားဆိုတာ အမှန်ကိုပြောတာနော် ၊ ဒါ မိုးကုတ် ဆရာတော်ဘုရားကြီးက (၆)ဒွါရမှာပေါ်တဲ့တရားကို ဖြစ်ပျက်ရှုပါလို့ မဟောဘူးလား ၊ အဲဒီ ဖြစ်ပျက်ကတော့ ဟုတ်ပြီ ၊ ဉာတပရိညာလိုတယ်ကွဲ့ ၊ ဉာတပရိညာ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း အပ်ကျမပ်ကျ ပညတ်၊ပရမတ် ပိုင်းခြားဖို့နော် ၊

ပရမတ်ဆိုတာ မြင်ဆဲ ကြားဆဲ နံဆဲ စားဆဲ ထိဆဲ သိဆဲ ၊ ဒါ ခန္ဓာတွေပေါ်တာပေါ့ ၊ အဲဒီခန္ဓာ၅ပါးကို ပရမတ်လို့ မဟောဘူးလား ၊ ပညတ်ဆိုတာ ခန္ဓာ၅ပါးအပေါ်မှာ ပုဂ္ဂိုလ်သတ္တဝါလို့ နှလုံးသွင်း မမှားလား ၊ လူနတ်ဗြဟ္မာသတ္တဝါလို့ အမှတ်မမှားလား ၊ အမှတ်မှားတော့ အသိမမှားလား ၊ အသိမှားတော့ အယူအဆ မမှားလား ၊ အဲဒါ စိစစ်ဖို့ကောင်းတယ်နော် ၊

အဲ အဲဒီခန္ဓာပေါ်မှာ ဘယ်လိုပါ့ သမုတ် သမုတ် ခေါ်ချင်သလိုခေါ် ပြောချင်သလိုပြော ၊ ခန္ဓာ၅ပါးကတော့ ပြောင်းပါ့မလားဟဲ့ ၊ လူလို့ခေါ်ရင်လည်း လူဖြစ်ကဲ့လား ၊ နတ်လို့ခေါ်ရင်လည်း နတ်ဖြစ်ကဲ့လား ၊ ဗြဟ္မာလို့ခေါ်ရင် ဗြဟ္မာဖြစ်ကဲ့လား ၊ သားလို့ သမီးလို့ခေါ်ရင် သားသမီးဖြစ်ကဲ့လား ၊ မပြောင်းဘူးနော် ၊

အဲကြောင့် သူ့ကို ပရမတ်ပေါ့ ၊ အဲလိုစဉ်းစားဖို့မကောင်းလား ၊ ထိထိမိမိ အဲ့ဒါ သဘောပေါက်ဖို့လိုတယ်ကွဲ့ ၊ ပညတ်ဆိုတာ သမုတ်တာ ခေါ်တာနော် ၊ မကြားစဖူးကြားဖူးထပ်မံပေါ့ ၊ စဉ်းစားနော် ၊ ဘယ်လိုတွေလဲ လို့ လေ့လာဖို့မကောင်းလား ၊

သား ၄ ယောက်

အဲလို လေ့လာတဲ့ခါကြတော့ ၊ အိမ်ထောင်ရက်သားကျတဲ့ပုဂ္ဂိုလ်တွေ ၊ သားသမီးမွေးတဲ့အခါ ၊ သားယောက်ျားကြီးပဲ (၄)ယောက်ဆက်မွေးတယ်ဆိုကြစို့ကွဲ့နော် ၊ အဦးဆုံးသားကို ဘဦးလို့နာမည်ပေးတယ်နော် ၊ ဒုတိယသားကြတော့ ဘအောင်ပေါ့ ၊ တတိယကြတော့ ဘမောင်ပေါ့ ၊ စတုတ္ထကြတော့ ဘထွေးပေါ့ ၊

ဘဦးတဲ့ ဘအောင်တဲ့ ဘမောင်တဲ့ ဘထွေးတဲ့နော် ၊ မွေးကတည်းက ပါတာဟုတ်ကဲ့လား ၊ မိဘ(၂)ပါး ပေးတဲ့နာမည်ကွဲ့ ၊ ကဲ ငယ်ငယ်ကစပြီး ကျောင်းထားတဲ့အရွယ်ကြတော့ တော်တော်လေးကြီးလာခဲ့ပြီနော် ၊ ကျောင်းထားလို့ ကျောင်းက ၄,၅,၁၀-နှစ်လောက်ဝင် ၊

မိမိက ကျောင်းကဆင်းလာခဲ့တဲ့ခါကြတော့လည်း ၊ အရွယ်က တော်တော်ရောက် ၊ အဲဒီထဲက လူပျိုကြီးဖားဖားဖြစ် အိမ်ထောင်ရက်သားကျ ၊ အဲတော့ မိမိကနေပြီးတော့ အရောင်းအဝယ်နဲ့ပတ်သက် တောင်သူ ကျပန်း မလုပ်ကြဘူးလား ၊

အဲဒီအခါကြတော့ ဘဦးလို့ မစွဲဘူးလားဟေ့ ၊ ဘအောင်လို့ မစွဲဘူးလား ၊ ဘမောင်လို့ မစွဲဘူးလား ၊ ဘထွေးလို့ မစွဲဘူးလား ၊ တကယ်ရှိတယ်လို့ယူတော့တာနော် ၊ အဲလိုစိစစ်ဖို့မကောင်းလား ၊ အဲဒါ နာမပညတ်ကွဲ့ ၊

အဲဒီ ဘယ်သူ့ အပေါ်မှာ သမုတ်တာလဲလို့ ဆန်းစစ်ဖို့မကောင်းလား ၊ ခန္ဓာ၅ပါး တစ်ပါးပါးအပေါ်မှာ ဌာနူပစာရ အားဖြင့် တင်စားပြီးတော့ ၊ လူအစားစား နတ်အစားစား ဗြဟ္မာအစားစား တိရစ္ဆာန်အစားစား ပြိတ္တာအသူရကာယ်အစားစား မသမုတ်ကြဘူးလား ၊

ဟော အဲဒါ သမုတ်ရှိ အခေါ်ရှိနော် ၊ မသမုတ်လည်း ရှိ သမုတ်လည်း ရှိက ခန္ဓာ၅ပါး ၊ ညီတော်အာနန္ဒာလို့ မခေါ်ဘူးလား ၊ သားတော်ရာဟုလာလို့ မခေါ်ဘူးလား ၊ ချစ်သမီးချစ်သားတို့လို့ မခေါ်ဘူးလား ၊ ခေါ်တယ်နော် ၊ ကဲ အဲဒါ သမုတ်ရှိ အခေါ်ရှိပေါ့ ၊ တကယ်ရှိတာ ဟုတ်ကဲ့လား ၊ ခေါ်ရုံပြောရုံကတော့ မပယ်ဘူးနော် ၊

အဲသလို ခေါ်ရုံပြောရုံကမှ မိမိက မသမုတ်ဘူး မခေါ်ဘူးဆိုရင် ၊ တရားဟောလို့ဖြစ်ပါ့မလား ၊ တရားနာလို့ကားဖြစ်ပါ့မလား ၊ သားတွေသမီးတွေကား ခိုင်းလို့ဖြစ်ပါ့မလား ၊ အဲသလိုစဉ်းစားကွဲ့ ၊ မသမုတ်လည်း ရှိ သမုတ်လည်း ရှိက ခန္ဓာနော် ၊ အဲဒီခန္ဓာသိဖို့လိုတာ ၊ သစ္စာသိဖို့လိုတာ.....။

ဒါတော့ မရသေးတဲ့ပုဂ္ဂိုလ် ရလေအောင် ၊ ရပြီးသားပုဂ္ဂိုလ် လိုရင်းကိစ္စပြီးအောင် ခန္ဓာဖွဲ့ကြ။

ခန္ဓာဖွဲ့နည်း

မျက်စိ။
စက္ခု အကြည်ကို အဆင်း တိုက်တော့ စက္ခုဝိညာဏ် ပေါ်ပါသည်။ စက္ခုဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ စက္ခုဝိညာဏ်နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ စက္ခု အကြည်နှင့် အဆင်းကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။ အဆင်းကို မြင်သိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊စေတသိက်။ မျက်စိ အကြည်နှင့် အဆင်းက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။
မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။ အဆင်းကို မြင်သိတာက နာမ်တရား။ မျက်စိအကြည်နှင့် အဆင်းက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

နား။
သောတ အကြည်ကို အသံ တိုက်တော့ သောတဝိညာဏ် ပေါ်ပါသည်။ သောတဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ သောတဝိညာဏ်နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။သောတ အကြည်နှင့် အသံကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
နားအကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။ အသံကို ကြားသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ နားအကြည်နှင့် အသံက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။
နားအကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။ အသံကို ကြားသိတာက နာမ်တရား။ နားအကြည်နှင့် အသံက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

နှာ။
ဃာနအကြည်ကို အနံ့ တိုက်တော့ ဃာနဝိညာဏ် ပေါ်ပါသည်။ ဃာနဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ဃာနဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဃာနအကြည် နှင့် အနံ့ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
နှာအကြည်ကို အနံ့တိုက်တော့ နံသိစိတ် ပေါ်ပါသည်။ အနံ့ကို နံသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာ က စေတသိက်။ စိတ်၊ စေတသိက်။ နှာအကြည်နှင့် အနံ့က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။
နှာအကြည်ကို အနံ့တိုက်တော့ နံသိစိတ် ပေါ်ပါသည်။ အနံ့ကို နံသိတာက နာမ်တရား။ နှာအကြည် နှင့် အနံ့ က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

လျှာ။
ဇိဝှါအကြည်ကို ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး ရသာခြောက်ပါး တိုက်တော့ စားသိစိတ်ဆိုတဲ့ ဇိဝှါဝိညာဏ် ပေါ်ပါသည်။ ဇိဝှါဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ဇိဝှါဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဇိဝှါအကြည် နှင့် ရသာ ခြောက်ပါး ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
လျှာအကြည်ကို ရသာခြောက်ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။ ရသာခြောက်ပါး ကို စားသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ လျှာအကြည် နှင့် ရသာခြောက်ပါး က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။
လျှာအကြည်ကို ရသာခြောက်ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။ ရသာခြောက်ပါးကို စားသိတာက နာမ်တရား။ လျှာအကြည်နှင့် ရသာခြောက်ပါးက ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

ကိုယ်။
ကာယအကြည်ကို မာမှု ပျော့မှု ပထဝီ ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ဆိုတဲ့ ကာယဝိညာဏ် ပေါ်ပါသည်။ ကာယဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ ကာယဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာ သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ကာယအကြည်နှင့် မာမှု ပျော့မှုကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
ကိုယ်အကြည်ကို ပူမှု အေးမှု တေဇော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။ ပူမှု အေးမှုကို ထိသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ ကိုယ်အကြည်နှင့် ပူမှု အေးမှုက ရုပ်။ စိတ်၊စေတသိက်၊ရုပ်။
ကိုယ်အကြည်ကို ထောက်ကန် လှုပ်ရှားမှု ဝါယော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။ ထောက်ကန် လှုပ်ရှားမှုကို ထိသိတာက နာမ်တရား။ ကိုယ်အကြည်နှင့် ထောက်ကန် လှုပ်ရှားမှု က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

စိတ်။
မနော အကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ဆိုတဲ့ မနော ဝိညာဏ် ပေါ်ပါသည်။ မနော ဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။ မနောဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာက္ခန္ဓာ စေတသိက် ၊သညာက္ခန္ဓာ စေတသိက်၊ သင်္ခါရက္ခန္ဓာ စေတသိက် သုံးပါး ပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။
မနောအကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။ ဓမ္မာရုံတရား အပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာက စိတ်။ ဝေဒနာ ၊ သညာ၊ စေတနာက စေတသိက်။ စိတ်၊ စေတသိက်။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်။ စိတ်၊စေတသိက်၊ရုပ်။

မနောအကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။ ဓမ္မာရုံတရား အပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာက နာမ်တရား။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်တရား။ နာမ် ရုပ် နှစ်ပါး။

ခြောက်ဒွါရ ခန္ဓာဖွဲ့ကြည့်တော့ ၊ လူအစားစား နတ်အစားစား ဗြဟ္မာအစားစား တိရစ္ဆာန်အစားစား ပြိတ္တာ၊အသူရကာယ်အစားစား ငရဲအစားစား တွေ့တာလား ခန္ဓာ၅ပါး တွေ့တာလား ၊ လူနတ်ဗြဟ္မာ သတ္တဝါ မတွေ့တာ ရှိလို့လား မရှိလို့လား ၊ မရှိရင် လူစွဲနတ်စွဲဗြဟ္မာစွဲ စွဲစရာလိုသေးသလား ၊ တွေ့တဲ့တရားက လူနတ်ဗြဟ္မာလား ခန္ဓာ၅ပါး ၊

ဤခန္ဓာ၅ပါး ဘယ်ပုံဘယ်နည်း ရှိတာလဲ စိစစ်ဖို့မကောင်းလား ၊ ရူပက္ခန္ဓာ ဘယ်သဘောရှိတာလဲ (ဖောက်ပြန်ပျက်စီးတတ်သော သဘောအစုဖြစ်ပျက်မှုပါ ဘုရား) ၊ ရူပက္ခန္ဓာတွေ့တာလာ

Address

မုံလယ်ဇ
Pakokku

Website

Alerts

Be the first to know and let us send you an email when အရှင်တေဇနိယ မုံလယ်ဇ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to အရှင်တေဇနိယ မုံလယ်ဇ:

Share