24/08/2026
၂၅ ဩဂုတ် ၂၀၂၆ အင်္ဂါနေ့
(၂၁)ကြိမ်မြောက်သာမန်သီတင်းပတ်
မာတေဦး ၂၃:၂၃-၂၆
ကျမ်းစာဝေမျှသူ- Padre Pietro, MSP
"စစ်မှန်သောသန့်ရှင်းခြင်းသည် အတွင်းစိတ်မှ စတင်သည်။"
ယနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူးသခင်သည် ကျမ်းတတ်ဆရာများနှင့် ဖာရီဇေဦးများကို ပြင်းပြင်းထန်ထန် ဝေဖန်တော်မူတယ်။ သူတို့သည် ဘာသာရေးဆိုင်ရာ ကျင့်စဉ်များကို အလွန်ဂရုတစိုက် လိုက်နာကြပြီး အသေးအဖွဲအရာများမှပင် ဆယ်ဖို့
တစ်ဖို့ ပေးကြသော်လည်း ပို၍အရေးကြီးသောအရာများဖြစ်သည့် တရားမျှတခြင်း၊ သနားကြင်နာခြင်းနဲ့ ယုံကြည်ခြင်း တို့ကို လျစ်လျူရှုကြတယ်။
ယေဇူးသခင်သည် ဘာသာရေးဆိုင်ရာ ကျင့်စဉ်များ
မလိုအပ်ဟု မဆိုလိုပါ။ ထိုအစား ကျွန်ုပ်တို့၏ အပြင်ပန်း ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် ရိုးသားစစ်မှန်သောနှလုံးသားမှ မွေးဖွားလာရမည် ဟု သွန်သင်တော်မူခြင်းပါ။
ကျွန်ုပ်တို့သည် ဆုတောင်းနိုင်တယ်၊ မစ္ဆားတရားတက်နိုင်တယ်၊ ပူဇော်သက္ကာများ ဆက်ကပ်နိုင်တယ်၊ ဘာသာရေးဆိုင်ရာ စည်းမျဉ်းများစွာကို လိုက်နာနိုင်တယ်။ သို့သော် ကျွန်ုပ်တို့သည် ကရုဏာမရှိ၊ တရားမျှတမှုမရှိ၊ ချစ်ခြင်းမရှိ၊ ယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့၏ ဘာသာရေးကိုင်းရှိုင်းမှုသည် အပြင်ပန်း
ပြသမှုတစ်ခုသာ ဖြစ်သွားနိုင်တယ်။
ယေဇူးသခင်က အလွန်ထိမိသော ဥပမာတစ်ခုကိုလည်း ပေးတော်မူရာမှာ။ “ခွက်ဖလားနဲ့လင်ပန်း၏ အတွင်းကို ရှေးဦးစွာဆေးကြောလော့။
ထိုအခါ အပြင်ပလည်း သန့်ရှင်းစင်ကြယ်လာလိမ့်မည်” ဟု မိန့်တော်မူတယ်။ ဤစကားက စစ်မှန်သော ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့၏ အတွင်းစိတ်မှ စတင်ရမည် ဟု ဆိုလိုလိုက်ခြင်းပါ။ ကျွန်ုပ်တို့၏နှလုံးသားထဲတွင် အဓမ္မသိမ်းယူခြင်း၊
ဒေါသ၊ မာန၊ မနာလိုမှု၊ မုန်းတီးမှု၊ သို့မဟုတ် ကိုယ်ကျိုးရှာမှုတွေ၊ မစင်ကြယ်ခြင်းတို့အပြည့်ရှိနေပါက အပြင်ပန်း အသွင်အပြင်ကောင်းရုံဖြင့် ကျွန်ုပ်တို့ကို အမှန်တကယ် သန့်ရှင်းမြင့်မြတ်စေမည် မဟုတ်ပါ။
ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ကိုယ်ကို မေးရမည့်မေးခွန်းမှာ “ငါသည် ကောင်းသောခရစ်ယာန် တစ်ဦးကဲ့သို့
တူနေသလား” သို့ မဟုတ်
“ငါရဲ့နှလုံးသားအတွင်း၌ ဘာတွေ ဖြစ်ပေါ်နေသလဲ” ဟူသော မေးခွန်းဖြစ်တယ်။
သခင်ဘုရားထံ ကျွန်ုပ်တို့၏နှလုံးသားများကို သန့်ရှင်းစင်ကြယ်စေတော်မူရန် ဆုတောင်းကြပါစို့။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် ချစ်ခြင်းမေတ္တာသို့ ပို့ဆောင်ပါစေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကရုသနားကြင်နာခြင်းသို့ ပို့ဆောင်ပါစေ။ ကျွန်ုပ်တို့၏ ဘာသာရေးဆိုင်ရာ ကျင့်စဉ်များသည် နှိမ့်ချသောစိတ်ဖြင့် အခြားသူများကို အစေခံခြင်းသို့ ပို့ဆောင်ပါစေ။