01/10/2026
ကာဒီနယ်အဖြစ် ရွေးချယ်ခံရပြီး ၁ နှစ် ၇ လ ၈ ရက်အကြာ ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သော Leo XIV
********************************************************
စက်တင်ဘာ ၃၀၊ ၂၀၂၆
ကက်သလစ်ဇိုတုန်သတင်း— လွန်ခဲ့သော ၃ နှစ်၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရောမမြို့ စိန့်ပီတာဘုရားကျောင်းရှေ့၌ ကာဒီနယ်အသစ် ၂၁ ပါး ရွေးချယ်သည့် ကာဒီနယ်သိက္ခာတင်ပွဲကို ဦးဆောင်ကျင်းပခဲ့သည်။ ထိုကာဒီနယ်အသစ်များထဲတွင် ထိုစဉ်က ဆရာတော် Robert Francis Prevost, O.S.A. လည်း ပါဝင်ခဲ့သည်။
ထိုအချိန်တွင် Robert Francis Prevost သည် ဆရာတော်များဆိုင်ရာ Dicastery ၏ Prefect အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရောမမြို့သို့ ခေါ်ယူကာ ထိုတာဝန်နှင့်အတူ Pontifical Commission for Latin America ၏ President အဖြစ်လည်း ခန့်အပ်ခဲ့သည်။
သို့သော် ကာဒီနယ်အဖြစ် ဖန်ဆင်းခံရပြီး ၁ နှစ် ၇ လ ၈ ရက်အကြာတွင် Robert Francis Prevost ၏ အမှုတော်ခရီးသည် ထူးခြားသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိခဲ့သည်။
၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော Conclave အတွင်း ကာဒီနယ် Robert Francis Prevost သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး Leo XIV ဟူသောအမည်ကို ခံယူခဲ့သည်။ ထိုသို့ဖြင့် ကက်သလစ်အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။
Leo XIV ၏ လောကီအမည်မှာ Robert Francis Prevost ဖြစ်ပြီး ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်၊ Chicago မြို့၌ မွေးဖွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် စိန့်အော်ဂတ်စတင်းအသင်းဂိုဏ်း(Order of Saint Augustine – O.S.A.) ၏ Novitiate သို့ ဝင်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဘာသာရေးသစ္စာကတိပြုခဲ့သည်။
ထို့နောက် ၁၉၈၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရောမမြို့ရှိ Saint Monica အော်ဂတ်စတင်းဘုန်းတော်ကြီးကျောင်း၌ ဘုန်းတော်ကြီးသိက္ခာ ခံယူခဲ့သည်။ ထိုအချိန်မှစ၍ အော်ဂတ်စတင်းအသင်း၏ အမှုတော်နှင့် သာသနာပြုလုပ်ငန်းများတွင် ဆက်လက်ပါဝင်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ပီရူးနိုင်ငံ Chulucanas သို့ သာသနာပြုအမှုတော်အတွက် စေလွှတ်ခံခဲ့ရပြီး၊ ၁၉၈၈ ခုနှစ်မှစ၍ Trujillo ဒေသတွင် အော်ဂတ်စတင်းအသင်းဝင်များ၏ ဖွဲ့စည်းပညာပေးရေး၊ ဘုန်းတော်ကြီးလောင်းများ ပြုစုပျိုးထောင်ရေးနှင့် သာသနာရေးလုပ်ငန်းများတွင် တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း Canon Law၊ Patristics နှင့် Moral Theology ဘာသာရပ်များကိုလည်း သင်ကြားပေးခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိပြီး စိန့် အော်ဂတ်စတင်းအသင်းဂိုဏ်း၏ “Mother of Good Counsel” Province တွင် Provincial Prior အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စိန့်အော်ဂတ်စတင်းအသင်းဂိုဏ်း၏ Prior General အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံခဲ့ရသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့အား ပီရူးနိုင်ငံ Chiclayo သာသနာ၏ Apostolic Administrator အဖြစ် ခန့်အပ်ခဲ့ပြီး Sufar ၏ Titular Bishop အဖြစ် ဆရာတော်အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Chiclayo ရှိ Saint Mary Cathedral ၌ ဆရာတော်သိက္ခာ ခံယူခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် Chiclayo သာသနာ၏ ဆရာတော်အဖြစ် ခန့်အပ်ခံရပြီး ၂၀၂၃ ခုနှစ်အထိ ပီရူးနိုင်ငံတွင် ဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင်လည်း Callao သာသနာ၏ Apostolic Administrator အဖြစ် တာဝန်ပေးအပ်ခံခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့အား ရောမမြို့သို့ ခေါ်ယူကာ Dicastery for Bishops ၏ Prefect နှင့် Pontifical Commission for Latin America ၏ President အဖြစ် ခန့်အပ်ခဲ့ပြီး Archbishop အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကာဒီနယ်အဖြစ် ဖန်ဆင်းခံခဲ့ရသည်။
ကာဒီနယ်အဖြစ် ဖန်ဆင်းခံရပြီး ၁ နှစ် ၇ လ ၈ ရက်အကြာ၊ ၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့တွင် Cardinal Prevost သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး Leo XIV ဟူသောအမည်ကို ခံယူခဲ့သည်။
ထိုသို့ဖြင့် သူသည် ကက်သလစ်အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်ပြည်ထောင်စုမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီးနှင့် စိန့်အော်ဂတ်စတင်းအသင်းဂိုဏ်းမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကာဒီနယ်အဖြစ် ဖန်ဆင်းခံခဲ့ရသည့်နေ့မှ ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာဒီနယ်အဖြစ် ဖန်ဆင်းခံရခြင်း ၃ နှစ်တိတိ ပြည့်မြောက်ပြီ ဖြစ်သည်။
ဘုန်းတော်ကြီးအဖြစ် ၁၉၈၂ ခုနှစ်မှစတင်ကာ အမေရိကန်ပြည်ထောင်စု၊ ပီရူးနိုင်ငံနှင့် ရောမမြို့တို့တွင် အမှုတော်အဆင့်ဆင့် ထမ်းဆောင်ခဲ့သူ Robert Francis Prevost သည် ယနေ့တွင် ပုပ်ရဟန်းမင်းကြီး Leo XIV အဖြစ် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်အသင်းတော်ကို ဦးဆောင်လျက်ရှိသည်။
ကိုးကား— Vatican News၊ Holy See Press Office