22/08/2026
Saturday 22 August 2026, week 20 of the year
သြဂုတ်လ ၂၂ ရက်နေ့၊ ၂၀၂၆၊ စနေနေ့၊ သာမန်ကာလ ၂၀ ပတ်မြောက်
Our Lady, Mother and Queen
(မာတေဦး 23:1-12, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“1. ထိုအခါ ယေဇူးသည် လူအစုအဝေးတို့နှင့် မိမိ၏ တပည့်တော်တို့အား ဟောပြောတော်မူသည် ကား၊
- 2. ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့သည် မိုးဇက် ၏တရားပလ္လင်ပေါ်၌ နေရာယူထားကြ၏။
- 3. ထို့ကြောင့် သင်တို့အား သူတို့ဟောပြောသမျှကို လိုက်နာကျင့်ကြံ ကြလော့။ သို့သော် သူတို့ကျင့်သောအကျင့်ပုံစံကို အတု မယူကြနှင့်။ အကြောင်းမူကား သူတို့သည် ဟောပြော ကြသော်လည်း မကျင့်ကြံကြ။
- 4. သူတို့သည် လေးလံ၍ ထမ်းရန်ခက်ခဲသောဝန်တို့ကိုထုပ်ပိုးပြီး လူတို့၏ပခုံးပေါ် တွင် တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ လက်ဖျား နှင့်မျှ မရွှေ့လိုကြ။
- 5. သူတို့သည် မိမိတို့ပြုသမျှကို လူတို့ မြင်စေခြင်းငှာပြုကြ၏။ သူတို့သည် ကျမ်းပိုဒ်စာလွှာချပ် များကို အပြားကျယ်သော နဖူးစီးများ၌ တပ်၍လည်း ကောင်း၊ ၎င်းတို့၏ပန်းဖွားများကို ရှည်လျားစွာချုပ်၍ လည်းကောင်း ဆင်ယင်ကြ၏။
- 6. သူတို့သည် ဧည့်ခံပွဲများတွင် ဦးစားပေးခံရသောနေရာများကိုလည်းကောင်း၊ တရားဇရပ်များတွင် အထွတ်အမြတ်ထား သော ထိုင်ခုံ များကိုလည်းကောင်း၊
- 7. ဈေးလယ်၌ နှုတ်ဆက်ခံရခြင်း ကိုလည်းကောင်း၊ ဆရာသခင်ဟု ခေါ်ဝေါ်ခံရခြင်းကို လည်းကောင်း နှစ်သက်ကြ၏။
- 8. သင်တို့မူကား ဆရာဟု ခေါ်ဝေါ် ခြင်းကို မခံလိုကြနှင့်။ အကြောင်းမူ ကား သင်တို့၌ ဆရာတစ်ပါးတည်းသာရှိ၏။ သင်တို့အားလုံး သည် ညီအစ်ကိုချင်းသာဖြစ်ကြ၏။
- 9. ဤကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ သင်တို့၏အဖဟု မခေါ် ကြနှင့်။ အကြောင်းမူကား ကောင်းကင် ဘုံ၌ ကိန်းဝပ်တော်မူသော အဖခမည်း တော်တစ်ပါးတည်းသာလျှင် သင်တို့၏အဖဖြစ်၏။
- 10. ဆရာဟုခေါ်ဝေါ်ခြင်းကိုလည်း မခံလိုကြနှင့်။ အကြောင်း မူကား ခရစ်တော်တစ်ပါးတည်းသာလျှင် သင်တို့၏ဆရာ သခင်ဖြစ်၏။
- 11. သင်တို့တွင် အကြီးမြတ်ဆုံးသောသူ သည် သင်တို့၏အစေခံဖြစ်ရလိမ့်မည်။
- 12. မိမိကိုယ်ကို ချီး မြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ် ကို နှိမ့် ချသောသူသည်ကား ချီးမြှောက်ခြင်းခံ ရလိမ့်မည်။”
===========
ထောက်ရှုချက်
"သူတို့ကျင့်သောအကျင့်ပုံစံကို အတု မယူကြနှင့်။
အကြောင်းမူကား သူတို့သည်
ဟောပြောကြသော်လည်း မကျင့်ကြံကြ။"
(မာတေဦး 23:3)
- သခင်ခရစ်တော်က
မိမိရဲ့သာသနာတော်ကြီးကိုဦးဆောင်မည့်
အနာဂတ်ခေါင်းဆောင်များကို
သွန်သင်ဆုံးမ နေခြင်းဖြစ်ပါတယ်။
- ခေါင်းဆောင်ဖြစ်လာတဲ့အခါ
ပုံအတုယူမမှားဖို့၊
ဟိုအချိန်ရှိနေခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့
မှားယွင်းတဲ့ ပုံစံတွေကို အတုမယူမိစေဖို့
သတိပေးနေခြင်းဖြစ်ပါတယ်။
- သခင်ခရစ်တော်ဖြစ်စေချင်တဲ့
သာသနာ့ခေါင်းဆောင်မျိုးဆိုတာကတော့
မိမိဟောတဲ့အတိုင်း ကျင့်ကြံအားထုတ်ပြီး
မိမိကျင့်တဲ့အတိုင်း ဟောပြောသူများဖြစ်ဖို့ပါ။
- မိမိတို့အမှန်တကယ်အတုယူရမည့်
ခေါင်းဆောင်ဆိုတာ
ဆရာသခင်ယေဇူးတပါးတည်းဖြစ်တယ်ဆိုတာကိုလည်း
ကိုယ်တော်ကသတိပေးနေပါတယ်။
- သာသနာ၏ခေါင်းဆောင်များ
ထောက်ရှုဆင်ခြင်ရမှာကတော့
၁) မိမိဟောတဲ့တရားအတိုင်းမိမိကျင့်ကြံပါရဲ့လား။
၂) ထာဝရဘုရားရှင်သာ တို့အားလုံးရဲ့
အဖဖြစ်ကြောင်း သိမှတ်ဝန်ခံပါရဲ့လား။
၃) မိမိတို့ရဲ့ ဆရာဆိုတာ
ဆရာသခင်ယေဇူးခရစ်တော် တပါးတည်းဖြစ်ပြီး
သူ၏ထံမှသင်ယူကာ
ပုံတုယူလိုကျင့်ကြပါရဲ့လား။