Sermons

Sermons Sermons by Nai Aung Lin Oo. နှုတ်ကပါတ်တော်သည်ကျွန်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍ကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။

10/11/2025

A lesson from the Lord's prayer.
ပဌနာတော်သင်ခန်းစာ။

သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်သင်ပေးခဲ့သော ပဌနာတော်သည်ငယ်စဉ်ကာလကလေးဘဝကတည်းကယုံကြည်သူတိုင်းအလွတ်ကျက်မှတ်ခဲ့ကြပြီး၊နေ့စဉ်နေ့တိုင်းရွတ်ဆိုကြသောကျမ်းစာဆုတောင်းစကားဖြစ်ပါသည်။ခရစ်ယာန်တိုင်းအလွတ်ရကြပါသည်။အမြဲရွတ်ဆိုဆုတောင်းလေ့ရှိကြပါသည်။ထိုပဌနာတော်သည်ဆုတောင်းစကားဖြစ်ပါသည်။ထို့ကြောင့်ပဌနာတော်ရွတ်ဆိုခြင်းထက်ပဌနာတော်ဆုတောင်းခြင်းဟုသုံးနှုန်းပါကပို၍သင့်လျော်မည်ဟုထင်မိပါသည်။
ကျွန်ုပ်တို့နေ့စဉ်ဆုတောင်းရွတ်ဆိုသောဤပဌနာတော်ကိုအခြေပြု၍ခွန်အားပေးလိုပါသည်။အဂ်လိပ်ဘာသာဖြင့်ဖေါ်ပြသောပဌနာတော်(The Lord's prayer) ကိုအခြေပြု၍ဖေါ်ပြလိုပါသည်။
The Lord's Prayer.
၁။ Our Father . ကျွန်ုပ်တို့အဘ
ဤစကားလုံးသည်ဆက်သွယ်မှုကိုဖေါ်ပြသောစကားလုံးဖြစ်ပါသည်။အဘဘုရားသခင်နှင့်ကျွန်ုပ်တို့သည်ဆက်သွယ်လျက်ရှိပါသည်။ထိုနည်းတူအခြားသောသူများတို့သည်လည်းဆက်သွယ်လျက်ရှိနေကြောင်းကိုသတိပြုရပါမည်။ကျွန်ုပ်တို့သည်ဘုရားသခင်နှင့်သက်ဆိုင်သကဲ့သို့လူသားတိုင်းသည်ဘုရားသခင်နှင့်သက်ဆိုင်နေကြောင်း၊ဆက်သွယ်လျက်ရှိကြောင်း၊လူတိုင်းတို့၏အဘဖြစ်ကြောင်းကိုသတိပြုလျက်ခံယူပါ။
၂။who arts in Heaven ကောင်းကင်ဘုံ၌ရှိတော်မူသည်။
ဤစကားလုံးသည်ယုံကြည်ခြင်းနှင့်သက်ဆိုင်သောစကားလုံးဖြစ်ပါသည်။ဘုရားသခင်သည်အမှန်တကယ်တည်ရှိနေကြောင်းကိုသက်သေခံနေသောစကားလုံးဖြစ်သည်။ဆိုလိုသည်မှာကျွန်ုပ်တို့သည်မည်သူ့ကိုဆက်သွယ်ဆုတောင်းနေသည်ကိုကျွန်ုပ်တို့အကြွင်းမဲ့ယုံကြည်ကြပါသည်။ဘယ်နေရာမှာ၊ဘယ်လိုပုံစံဖြင့်ရှိနေသလဲ၊ကြားချင်ကြားလိမ့်မည်၊တောင်းသာတောင်းလိုက်ပါ၊စသည့်တိတိကျကျယုံကြည်မှုမရှိသောအသက်တာသည်ခရစ်ယာန်ယုံကြည်ခြင်းအသက်တာမဟုတ်ပါ။အမည်နာမအားဖြင်၎င်း၊တည်ရှိခြင်းအားဖြင့်၎င်း၊ဆက်သွယ်နိုင်ခြင်းအားဖြင့်၎င်းဘုရားသခင်၏ဖြစ်တည်ခြင်းကိုကျွန်ုပ်တို့ယုံကြည်ကြခြင်းကိုဖေါ်ပြနေခြင်းဖြစ်ပါသည်။ဘုရားသခင်၏တည်ရှိခြင်းသည်ကျွန်ုပ်တို့၏အခြေခံယုံကြည်ခြင်းအုတ်မြစ်ဖြစ်ပါသည်။မျက်မြင်မရသော်လည်း၊မနေ့၊ယနေ့၊နောင်ကာလ၊မပြောင်းလဲဘဲတည်ရှိနေတော်မူသောဘုရားကိုယုံကြည်ကိုးကွယ်ခြင်းသည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြစ်ပါသည်။
၃။Hallowed be Thy name. နာမတော်ကိုရိုသေလေးမြတ်ခြင်းရှိပါစေသော။
ဤစကားလုံးသည်ကျွန်ုပ်တို့၏ကိုးကွယ်ခြင်း၊ဝတ်ပြုခြင်း၊ဘုရားသခင့်အထံတော်သို့တိုးဝင်ချဉ်းကပ်ခြင်းကိုဖေါ်ပြပါသည်။လာကြ၊ပျပ်ဝပ်လျက်ကိုးကွယ်ကြကုန်အံ့ဟူသောဆာလံစကားသည်လည်းကျွန်ုပ်တို့၏ကိုးကွယ်ဆည်းကပ်မှုကိုဖေါ်ပြနေပါသည်။အဘဘုရားထံတော်သို့ချဉ်းကပ်လျက်ဝပ်ပြုရခြင်းသည်ကျွန်ုပ်တို့ပြုရမည့်ယုံကြည်ခြင်းသက်သေဖြစ်ပါသည်။ထိုနည်းတူဘုရားထံသို့ဆည်းကပ်ဝတ်ပြုရခြင်းသည်လည်းကောင်းကြီးမဂ်လာကိုဖြစ်စေပါသည်။
၄။Thy kingdom come. နိုင်ငံတော်တည်ထောင်ပါစေသော။
ဤစကားလုံးသည်ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုဖေါ်ပြပါသည်။ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်းအတွက်ကျွန်ုပ်တို့သည်လည်းအတူတူပါဝင်ကြရမည်ဖြစ်ပါသည်။ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်း၌ကျွန်ုပ်တို့တာဝန်ရှိကြောင်းကိုသတိပြုလျက်နိုင်ငံတော်တည်ထောင်ပြည့်စုံခြင်းအတွက်မျှော်လင့်လျက်အသက်ရှင်ကြရမည်ဖြစ်ပါသည်။
၅။Thy will be done as it is in Heaven.အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်၌ပြည့်စုံပါစေသော်။
ဤစကားလုံးသည်ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်း၊ဝန်ခံခြင်းကိုဖေါ်ပြနေပါသည်။ဘုရားသခင်၏အလိုတော်ကိုဝန်ခံတတ်ခြင်းသည်ခရစ်ယာန်အသက်တာဖြစ်ပါသည်။အလိုတော်ကိုနာခံလိုက်လျောက်ခြင်းသည်အကောင်းဆုံးသောယဇ်ပူဇော်ခြင်းဖြစ်ပါသည်။အမှုကိစတိုင်းကိုဘုရားသခင်ထံအပ်နှံရန်လိုအပ်ပါသည်။ဘုရားသခင်၏အလိုတော်အားဖြင့်သာကျွန်ုပ်တို့ရှင်သန်နေထိုင်သွားလာလုပ်ဆောင်နေကြရသည်ကိုဝန်ခံရမည်ဖြစ်ပါသည်။ပျော်ရွင်ခြင်းနှင့်ကောင်းကြီးမဂ်လာနေ့ရက်များအတွက်ချီးမွမ်းနိုင်သကဲ့သို့၊ခက်ခဲခြင်းနှင့်စုံစမ်းသွေးဆောင်ခြင်းနေ့ရက်များအတွက်လည်းခံနိုင်ရည်ရှိလျက်အလိုတော်ကိုဝန်ခံနိုင်ရန်လိုအပ်ပါသည်။
၆။Give us this day our daily bread. သက်မွေးလောက်သောအစာကိုနေ့ရက်စဉ်တိုင်းပေးသနားတော်မူပါ။
ဤစကားလုံးသည်ကျွန်ုပ်တို့၏အခွင့်အရေးကိုဖေါ်ပြနေပါသည်။လူတိုင်းဘုရားသခင်ထံတော်မှကောင်းကြီးမဂ်လာကိုတောင်းဆိုပိုင်ခွင့်ရှိပါသည်။သတိပြုရမည်မှာ၊(သက်မွေးလောက်သော)ဤစကားလုံးကိုသတိပြုကြရန်ဖြစ်ပါသည်။တခါတရံကျွန်ုပ်တို့၏ဆုတောင်းချက်များသည်သက်မွေးလောက်သောအစာထက်၊တသက်လုံးအတွက်အစာကိုတောင်းခံမိနေကြပါသည်။မာနမုန့်ကိုဘုရားသခင်သည်အသက်မွေးလောက်စာအတွက်သာပြင်ဆင်ပေးပါသည်။ထိုအရာကိုလည်းလူတို့သည်ကြိုးစားလျက်၊စောစောထလျက်စုသိမ်းရန်လိုအပ်ပါသည်။သက်မွေးလောက်သောအစာသည်ကျွန်ုပ်တို့၏နှုတ်ခမ်းဝသို့အလိုလိုရောက်ရှိလာမည်ဟုမဆိုလိုပါ။ကျွန်ပ်တို့ကြိုးစားရှာဖွေလုပ်ဆောင်သောအခါဘုရားသခင်သည်မာနမုန့်တည်းဟူသောသက်မွေးလောက်သောအစာကိုပြင်ဆင်ပေးပါသည်။ကြိုးစား၍တောင်းခံပါ၊ကြိုးစား၍ရှာဖွေပါ၊လုံလောက်သောကောင်းကြီးမဂ်လာကိုရရှိပါသည်။
၇။And forgive us our debts. ကျွန်ုပ်တို့၏အပြစ်ကိုလွှတ်တော်မူပါ။
ဤစကားလုံးသည်ဝန်ခံခြင်းနှင့်ဆိုင်သောစကားလုံးဖြစ်ပါသည်။ကျွန်ုပ်တို့၏အားနည်းချက်ကိုသိပြီး၊ဘုရားသခင်ထံ၌တောင်းပန်ဝန်ခံကြရန်လိုအပ်ပါသည်။ကိုယ်အပြစ်တို့ကိုဖေါ်ပြတောင်းပန်လျှင်ငါတို့အပြစ်များကိုလွှတ်၍......(၁ယော၁း၉)ဤကျမ်းစကားသည်ဝန်ချတောင်းပန်ခြင်း၏အရေးပါမှုကိုသတိပေးပါသည်။ဝန်ချလျက်တောင်းပန်ပြီးပြောင်းလဲသောသူသည်အပြစ်လွှတ်ခြင်းဆုကျေးဇူးကိုခံစားရပါသည်။
၈။As we have forgiven our debtors. သူတပါး၏အပြစ်ကိုလွှတ်သကဲ့သို့
ဤစကားလုံးသည်ကျွန်ုပ်တို့ထားရှိရမည့်ဂရုဏာတရားကိုဖေါ်ပြနေပါသည်။ကျွန်ုပ်တို့ကိုယ်တိုင်လည်းအမှားကျူးလွန်သကဲ့သို့အခြားသောသူများသည်လည်းအမှားကျူးလွန်တတ်ကြောင်းကိုနားလည်းလက်ခံပေးရပါမည်။ကျွန်ုပ်တို့ကိုယ်တိုင်ခွင့်လွှတ်ခြင်းလိုအပ်သကဲ့သို့၊ထိုသူတို့သည်လည်းခွင့်လွှတ်ခြင်းကိုခံထိုက်သူများဖြစ်ပါသည်။ထို့ကြောင့်သူတပါးကိုခွင့်လွှတ်နိုင်သူဖြစ်ရန်ကျမ်းစာကသွန်သင်ပါသည်။သခင်ယေရှုကိုယ်တော်တိုင်သွန်သင်သည့်စကားမှာ၊ယနေ့ကျွန်ုပ်တို့ခွင့်မလွှတ်လျှင်၊ခမည်းတော်သည်လည်းကျွန်ုပ်တို့ကိုခွင့်လွှတ်မည်မဟုတ်ပါ။ထို့ကြောင့်ခွင့်လွှတ်တတ်သူဖြစ်ရန်အရေးကြီးပါသည်။ဂရုဏာထားတတ်သူ၊ကိုယ်ချင်းစာတတ်သူဖြစ်ရန်လိုအပ်ပါသည်။
၉။And lead us not into temptations but deliver us from evil. အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ၊မကောင်းသောအမှုအရာမှလည်းကယ်နှုတ်တော်မူပါ။
ဤစကားလုံးသည်ကျွန်ုပ်တို့၏အမှီပြုခြင်း၊ခိုလှုံခြင်းကိုဖေါ်ပြပါသည်။လောက၏တပ်မက်ခြင်းဒုစရိုက်လမ်းများမှလွတ်မြောက်နိုင်စေရန်ကျွန်ုပ်တို့သည်ဘုရားသခင်ကိုခိုလှုံရန်၊အမှီပြုရန်လိုအပ်ပါသည်။နှုတ်ကပါတ်တော်သည်သာလွတ်မြောက်ရာလမ်းကိုဖေါ်ပြပေးနိုင်ပါသည်။ခံနိုင်ရည်ခွန်အားသည်လည်းဘုရားသခင့်အထံတော်မှသာရရှိပါသည်။ကျွန်ုပ်တို့သည်ဘုရားသခင်ကိုအမှီပြု၍လောက၏စုံစမ်းသွေးဆောင်မှာမှုများကိုကျော်လွှားနိုင်ပါသည်။ခွန်အားဘုရားထံမှလာပါသည်။မှီခိုပါ၊အားပြုပါ။
၁၀။For thine is the kingdom and the power and the glory forever. အစိုးပိုင်သောအခွင့်နှင့်ဘုန်းတန်ခိုးအာဏာသည်ကမာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။
ဤစကားလုံးသည်ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ပြည့်စုံခြင်းကိုအသိအမှတ်ပြုချီမွမ်းမြွက်ဆိုခြင်းဖြစ်ပါသည်။ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းသောဘုရား၊ကျွန်ုပ်တို့ကိုကျွေးမွေးမစသောဘုရား၊ခွင့်လွှတ်လျက်လမ်းပြသောဘုရား၊အစဉ်အမြဲတည်ရှိလျက်ဘုန်းကြီးတော်မူသောဘုရားဖြစ်ကြောင်းကိုအစဉ်ဝန်ခံချီးမွမ်းကြရန်သွန်သင်နေပါသည်။အသိအမှတ်ပြုပါမိတ်ဆွေ၊ဘုရားသခင်သည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်နှင့်အစဉ်ကြွယ်ဝပြည့်စုံတော်မူသောဘုရားဖြစ်ကြောင်းကိုသက်သေခံချီမွမ်းကြပါ။

နိဂုံး။
ပဌနာတော်ကိုအမြဲဆုတောင်းရွတ်ဆိုပါ။ရိုးရှင်း၍ပြီးပြည့်စုံသောဆုတောင်းချက်၊သခင်ယေရှုကိုယ်တော်တိုင်သွန်သင်ပေးသောဆုတောင်းချက်ဖြစ်ပါသည်။နေ့စဉ်ဆုတောင်းပါ။နေ့စဉ်ရွတ်ဆိုပါ။ဤပဌနာတော်အားဖြင့်ဘုရားသခင်နှင့်မိဿဟာရဖွဲ့ပါ။ဘုရားကောင်းကြီးပြည့်စုံစွာခံစားကြရပါစေသော်၊အာမင်။

29/09/2025

ပျောက်သောသိုး(100-99=1)
မဿဲ ၁၈း၁၁-၁၃၊ လု၁၅း၃-၇။
Reposting.

သခင်ယေရှုသွန်သင်သောဉပမာတော်များထဲမှပျောက်သောသိုး ဉပမာကိုအတူတူစဉ်းစားကြပါစို့။ပျောက်သောသိုးအကြောင်းကိုရှင်မဿဲ နှင့်ရှင်လုကာတို့အတူတူဖေါ်ပြမှတ်တမ်းတင်ထားပါသည်။သို့သော်လည်း၊ကျမ်းအနက်ဖွင့်သူများတို့၏ယူဆချက်အရ၊ရှင်မဿဲသွန်သင်ချက်သည်ကလေးသူငယ်များကိုသခင်ယေရှုသည်ရေတွက်လျက်ရှိကြောင်း၊လူကြီး၊ကလေး၊ကျား၊မ၊ မည်သူကိုမဆိုသခင်ဘုရားဂရုစိုက်ကြောင်းကိုရည်ညွှန်းခြင်းဖြစ်ပြီး၊ရှင်လုကာ၏'သွန် သင်ချက်သည်၊ကောင်းသောသူဆိုးသောသူအားလုံး(အခွန်ခံများအပါအဝင်)ကိုသခင်ဘုရားသည်ဂရုစိုက်ကြောင်းကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ဤဉပမာတော်ကိုအခြေပြု၍ဘုရားသခင်၏မေတာတော်အကြောင်းကိုဖေါ်ပြလိုပါသည်။
နိဒါန်း။
ယုဒပြည်သည်တောင်တန်း၊တောင်စွယ်ပေါများသောနေရာဒေသတခုဖြစ်ပါသည်။သခင်ယေရှု၏အမှုတော်ဆောင်စဉ်ကာလ၌သိုးထိန်းခြင်းလုပ်ငန်းသည်ဂျူးလူမျိုးများ၏အသက်မွေးမှုလုပ်ငန်းတခုဖြစ်ပါသည်။သိုးထိန်းများတို့သည်စုပေါင်း၍သိုးထိန်းခြင်းအမှုကိုပြုလေ့ရှိပါသည်။သိုးထိန်းအုပ်စုတဖွဲ့လျင်သိုးထိန်း နှစ်ဦး၊သုံးဦးခန့်ပါဝင်ပါသည်။တောင်တန်းထူထပ်သောနေရာဒေသတွင်သိုးထိန်းခြင်းအလုပ်သည်ခက်ခဲပါသည်။မကြာခဏသိုးများပျောက်ဆုံးခြင်းကြုံတွေ့ရပါသည်။သားရဲကြောင့်၎င်း၊လျိုမြောင်ကြားထဲသို့ပြုတ်ကျသောကြောင့်၎င်းသိုးများမကြာခဏဆုံးရှုံးရတတ်ပါသည်။သခင်ယေရှုသည်ဤဉပမာတော်အားဖြင့်လူသားတို့ကိုချစ်တော်မူသောဘုရားသခင်၏မေတာတော်မြတ်ကိုထင်ရှားစွာဖေါ်ပြသွန်သင်ခဲ့ပါသည်။

သခင်ဘုရား၏ချစ်ခြင်းမေတာကိုဤဉပမာတော်အားဖြင့်ခွန်အားယူစဉ်းစားဆင်ခြင်လျက်၊လေ့လာမှတ်သားစရာအချက်ငါးချက်ကိုဖေါ်ပြလိုပါသည်။

၁။သခင်ဘုရား၏မေတာတော်သည်တစ်ဦးစီနှင့်သက်ဆိုင်သောမေတာမျိုးဖြစ်ပါသည်။ သိုးထိန်းသည်သူနှင့်အတူတူရှိနေသောသိုးကိုးဆယ့်ကိုးကောင်နှင့်မတင်းတိမ်နိုင်ပါ။ပျောက်ဆုံးနေသောတစ်ကောင်တည်းဖြစ်သောသိုးသည်လည်းထိုကိုးဆယ့်ကိုးကောင်ကဲ့သို့ပင်တန်ဘိုးထားပါသည်။ဤဉပမာတော်၌သိုးထိန်းသည်သိုးတစ်ကောင်းချင်းစီကိုတန်ဘိုးထားဂရုစိုက်သကဲ့သို့၊သခင်ဘုရား၏ချစ်ခြင်းမေတာသည်လည်းလူတစ်ဦးစီတိုင်းကိုတူညီစွာတန်ဘိုးထားလျက်ရှိကြောင်းကိုနားလည်ရန်လိုအပ်ပါသည်။သိုးထိန်းပို၍တန်ဘိုးထားသောသိုးမရှိသကဲ့သို့၊ဘုရားသခင်လျော့၍ချစ်သောလူမရှိပါ။လူတိုင်းကို၊တစ်ဦးစီတိုင်းကိုချစ်သောဘုရား၏မေတာကိုအသိအမှတ်ပြုကြရန်နှင့်၊ထိုမေတာတော်ကိုတန်ဘိုးထားကြရန်လိုအပ်ပါသည်။

၂။သခင်ဘုရား၏မေတာသည်သည်းခံခွင့်လွှတ်သောမေတာမျိုးဖြစ်ပါသည်။သိုးတစ်ရာအုပ်တွင်တစ်ကောင်ပျောက်သွားခြင်းသည်သိုးထိန်းကြောင့်တော့မဖြစ်နိုင်ပါ။လမ်းမှားခြင်း၊ကလန်ကဆန်ပြုခြင်း၊ဂရုမစိုက်ခြင်း၊အဆော့လွန်ခြင်း၊စသဖြင့်အကြောင်းအမျိုးမျိုးကြောင့်အုပ်စုမှကွဲထွက်၍ပျောက်ဆုံးသွားခြင်းဖြစ်ပါလိမ့်မည်။သို့သော်လည်းသိုးထိန်းသည်စိတ်ရှည်စွာဖြစ်၊ပျောက်သောသိုးကိုမတွေ့၊တွေ့အောင်ကြိုးစား၍လိုက်ရှာပါသည်။သခင်ဘုရား၏မေတာသည်ထိုကဲ့သို့သောမေတာမျိုးဖြစ်ပါသည်။အပြစ်သားများကိုအပြစ်နှင့်အလျောက်မစီရင်ဘဲ၊အပြစ်ကြွေးကိုကိုယ်စားခံယူလျက်လူသားတို့ကိုချစ်တော်မူခဲ့ပါသည်။သင်၏အပြစ်သည်ကတီပါကဲ့သို့နီသော်လည်းမိုးပွင့်လိုဖြူစင်စေမည်ဟူသောပုရောဖက်ဟေရှာယ၏ဖေါ်ပြချက်သည်သခင်ဘုရား၏မေတာတော်နှင့်ဆိုင်သောခွင့်လွှတ်ခြင်းကိုဖေါ်ပြခြင်းဖြစ်ပါသည်။သခင်ဘုရား၏သည်းခံခွင့်လွှတ်သောမေတာကိုတန်ဘိုးထားဂရုပြုရန်ယုံကြည်သူတိုင်းမှာတာဝန်ရှိပါသည်။

၃။သခင်ဘုရား၏မေတာသည်ဂရုစိုက်ရှာဖွေသောမေတာမျိုးဖြစ်ပါသည်။သိုးထိန်းသည်ထိုပျောက်သောသိုးပြန်လာမည့်အချိန်ကိုစောင့်မနေပါ။ထိုပျောက်သောသိုးရှိရာသို့လိုက်ရှာလျက်ကယ်ဆယ်သောသိုးထိန်းဖြစ်ပါသည်။သခင်ဘုရားသည်အပြစ်၌ပျောက်ဆုံးနေသောလူသားများကိုကယ်တင်ခြင်းအလို့ငှါကောင်းကင်ဘုံကိုစွန့်လျက်လူ့ဇာတိကိုခံယူခဲ့ခြင်းသည်သခင်ဘုရား၏ဂရုစိုက်ရှာဖွေသောမေတာ၏သက်သေဖြစ်ပါသည်။မိတ်ဆွေ၊ကျွန်ုပ်တို့ကိုအပြစ်နွံထဲမှရွေးနှုတ်လျက်ကယ်တင်တော်မူသောသခင်ဘုရား၏မေတာတော်ကိုတန်ဘိုးထားကြရန်လိုအပ်ပါသည်။

၄။သခင်ဘုရား၏မေတာသည်ဝမ်းမြောက်လျက်ချီးမွမ်းသောမေတာမျိုးဖြစ်ပါသည်။သိုးထိန်းသည်မိမိ၏ပျောက်နေသောသိုးကိုရှာဖွေတွေ့ရှိသောအခါ၊အခြားသောသိုးထိန်းများနှင့်အတူတူဝမ်းမြောက်လျက်အောင်ပွဲခံချီးမွမ်းပါသည်။ပျောက်သောသိုးကိုပြန်တွေ့လျှင်၊ကျွန်ုပ်တို့လူသားများအနေဖြင့်ထိုသိုးကိုပြစ်တင်ခြင်း၊ဒဏ်ပေးခြင်း၊ဆုံးမခြင်းစသဖြင့်ပြုလုပ်ကြမည်မှာအသေအချာပင်ဖြစ်ပါသည်။သို့သောသခင်ဘုရား၏မေတာသည်ထိုကဲ့သို့မဟုတ်ပါ။မှားခဲ့သောအတိတ်ဖြစ်ရပ်များကိုနောက်မှာချန်ထားပြီးရှေ့ဆက်ရမည့်အမှုအရာကိုသာဝမ်းမြောက်စွာဖြင့်ခံယူသောမေတာမျိုးဖြစ်ပါသည်။လူတို့သည်အတိတ်ကိုမျော်ကြည့်၍ပစ်စုပန်ကိုသုံးသပ်တတ်ကြသည်။သို့သော်၊သခင့်မေတာမူကား၊အတိတ်ကိုချန်ထားပြီး၊ပစ်စုပန်ကိုသာဝမ်းမြောက်သောစိတ်နှင့်ခံယူလျက်အသက်ရှင်စေသောမေတာမျိုးဖြစ်ပါသည်။မိတ်ဆွေ၊အတိတ်မှသင်ခန်းစာယူရန်သာဖြစ်ပါသည်။အတိတ်မှအကြောင်းတရားများအားဖြင့်ပစ်စုပ်ပန်ကိုမဖျက်ဆီးမိစေရန်သတိပြုရပါမည်။ပြောင်းလည်းခြင်းအသက်တာကိုကြိုဆိုတတ်ရန်လိုအပ်ပြီး၊ထိုပြောင်းလည်းပြီးသူများနှင့်အတူတူချီးမွမ်းအသက်ရှင်ရန်လိုအပ်ပါသည်။ဉပမာ၊လူတဉီးသည်အတိတ်ကဆိုးသွမ်းမူးယစ်မိုက်မဲခဲ့သော်လည်း၊သူပြောင်းလည်းလာသောအခါဝမ်းမြောက်စွာကြိုဆိုလက်ခံကြရန်လိုအပ်ပါသည်။သူ၏အတိတ်ကိုအမှတ်ပြုလျက်ပြစ်တင်ပြောဆိုခြင်းများသည်သခင်ဘုရားသွန်သင်သောမေတာမျိုးမဟုတ်ပါ။လမ်းပျောက်ခဲ့သောသိုးကိုသခင်သည်ပြစ်တင်ကြိမ်းမောင်းခြင်းမပြုခဲ့ပါ။ပြန်တွေ့ပြီးနောက်ဝမ်းမြောက်စွာဖြင့်အခြားသူများနှင့်ပျော်ရွှင်စေခြင်းကိုသာပြုခဲ့ပါသည်။ကျွန်ုပ်တို့အလွန်သတိပြုရမည့်အချက်ဖြစ်ပါသည်။လူတယောက်၏အနာဂတ်နေ့ရက်များကိုသူ၏အတိတ်ဖြစ်ရပ်များဖြင့်မဖျက်ဆီးမိစေရန်သတိပြုရပါမည်။

၅။သခင့်မေတာသည်ကွယ်ကာသောမေတာမျိုးဖြစ်ပါသည်။ဤဉပမာ၌မေးစရာမေးခွန်းရှိပါသည်။သခင်သည်အခြားကိုးဆယ့်ကိုးကောင်ကိုဂရုမစိုက်တော့ဘူးလားဟုထင်စရာရှိပါသည်။ကျမ်းစာကိုလေ့လာသောအခါ၊ပျောက်သောသိုးကိုရှာရန်အတွက်အခြားသော၉၉ကောင်ကိုတော၌ထားခဲ့သည်ဟုဖေါ်ပြထားသောကြောင့်ထိုကဲ့သိုစဉ်းစားမိခြင်းဖြစ်နိုင်ပါသည်။ဂျူးလူမျိုးများတို့သည်သိုးကျောင်းသွားကြသောအခါအမြဲတမ်းအဖေါ်နှင့်အတူတကွသွားလေ့ရှိပါသည်။ထိုကြောင့်ဤဉပမာ၌ပါဝင်သောအခြား၉၉ ကောင်သည်အခြားသောမိတ်ဆွေသိုးထိန်းများနှင့်အတူတူရှိနေမည်မှာသေခြာပါသည်။ပျောက်သောသိုးကိုဂရုစိုသောသိုးထိန်းသည်၊မပျောက်သောသိုးများ(နာခံခြင်းရှိသောသိုးများ)အားလုံကိုလည်းဂရုစိုက်လျက်၊ကွယ်ကာလျက်ရှိပါသည်။
နိဂုံး။
ငါသည်ကောင်းသောသိုးထိန်းဖြစ်သည်။ကောင်းသောသိုးထိန်းသည်သိုးတို့အဘို့အလို့ငှါမိမိအသက်ကိုစွန့်တတ်၏(ယော၁၀◌း၁၀)။ သခင်ဘုရားကိုယ်တော်တိုင်မိန့်ကြားခဲ့သောကျမ်းစကားဖြစ်ပါသည်။သခင်ဘုရားသည်လူတစ်ဦးစီတိုင်းကိုချစ်သော၊ဂရုစိုက်သော၊ကွယ်ကာသော၊ခွင့်လွှတ်သည်းခံသော၊ရှာဖွေလျက်ဝမ်းမြောက်သောသိုးထိန်းတည်းဟူသောမေတာတော်ရှင်ဖြစ်ပါသည်။စကားနားထောင်သောသိုးများဖြစ်ကြပါစို့။သခင့်မေတာကိုတန်ဘိုးထားသောသိုးများဖြစ်ကြပါစို့။သခင်နှင့်အတူတူချစ်တတ်သောသိုးများဖြစ်ကြပါစို့။ခွန်အားယူပါမိတ်ဆွေ။ ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။

06/12/2024

Reposting

18/09/2024
13/08/2024

(၁)
ကျမ်းစာဖတ်ခြင်းသင်ခန်းစာ။ငယ်စဉ်ကသီဆိုခဲ့သောသီချင်းတပုဒ်ရှိပါသည်။(ကျမ်းစာအုပ်ကိုခင်၊ကျမ်းစာအုပ်ကသင်၊ကျမ်းစာအတိုင်းရှင်၊ဒို့အောင်မြင်ခြင်းပင်။)ငယ်စဉ်ကလေးဘဝကတည်းကအလွတ်သီဆိုခဲ့သောသီချင်းကိုအရင်ကလေးဘဝတုန်းကသေသေချာချာနားမလည်ခဲ့ပါ။လေ့လာဆည်းပူးရသမျှကိုဝေငှ ဖေါ်ပြပါမည်။
ကျမ်းစာဆိုသည်မှာ?
သမာကျမ်းစာ၊နှုတ်ကပတ်တော်၊ဘုရားစကား၊စသဖြင့်အမျိုးမျိုးခေါ်တတ်ကြပါသည်။သမာကျမ်းစာ၏အဓိပါယ်ကိုဆာလံဆရာကသေသေချာချာရှင်းပြထားပါသည်။ဆာလံ၁၁၉ ကိုသေသေချာချာဖတ်ရှုလေ့လာသောအခါသမာကျမ်းစာ၏အဓိပါယ်နှင့်သမာကျမ်းစာ၏အမှုတော်လုပ်ငန်းကိုလေ့လာတွေ့ရှိရပါသည်။
သမာကျမ်းစာသည်ထာဝရဘုရား၏တရားလမ်း (The Law of God)ဖြစ်ပါသည်။ရှေးဘိုးဘေးများတို့သည်ဘုရားသခင်ပေးသနားတော်မူသောတရားလမ်းအတိုင်းအသက်ရှင်ခဲံ့ကြရသည်။ သမာကျမ်းစာသည်သက်သေခံတော်မူချက်များ (Testimonies)ဖြစ်ပါသည်။ဘုရားသခင်သည်ဣသရေလလူမျိုးတော်ကိုမည်ကဲ့သိုခေါ်ယူရွေးကောက်စေခိုင်းလမ်းညွှန်ခဲ့သည်များကိုသက်သေခံနေသောသမိုင်းမှတ်တမ်းများဖြစ်ပါသည်။သမာကျမ်းစာသည်ထာဝရဘုရားသွန်သင်သောအသက်ရှင်ရာလမ်းခရီး(The Ways of the Lord)ဖြစ်ပါသည်။ဒုစရိုက်ကိုရှောင်နိုင်အောင်ဘုရားသခင်ညွှန်ပြသောလမ်းခရီးအတိုင်းရှေးဘိုးဘေးများသည်အသက်ရှင်နေထိုင်ခဲ့ကြပါသည်။သမာကျမ်းစာသည်ဘုရားသခင်၏ဩဝါဒများ (Precepts)ဖြစ်ပါသည်။လူသားတို့ကြိုးစာကျင့်ကြံနေထိုင်လိုက်လျောက်ရန်ဘုရားသခင်ပေးသောဆုံးမစကားများဖြစ်ပါသည်။သမာကျမ်းစာသည်ရှေးဘိုးဘေးများတို့မည်သို့မည်ပုံအသက်ရှင်နေထိုင်ပြုမူဆက်ဆံခဲ့သည်ဓလေ့ထုံးစံ၊အထုံးအဖွဲ့များ(Statues) ဖြစ်ပါသည်။သမာကျမ်းစာသည်ဘုရားသခင်မိန့်မှာတော်မူချက်များ(Commandment of God)ပညတ်တော်များဖြစ်ပါသည်။ဣသရေလလူမျိုးများဆောင်ရန်၊ရှောင်ရန်များကိုထာဝရဘုရားသည်မိန့်တော်မူခဲ့သည့်များကိုကျမ်းစာ၌မှတ်တမ်းတင်ထားပါသည်။သမာကျမ်းစာသည်ဘုရားသခင်၏ဖြောင့်မတ်စွာစီရင်ချက်များ (Righteous Judgements of God)ဖြစ်ပါသည်။ဖြောင့်မတ်မှန်ကန်သောဘုရား၏စီရင်ချက်များသည်သမာကျမ်းစာတွင်မှတ်တမ်းတင်ထားပါသည်။အချုပ်ကား၊ သမာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပတ်တော်၊(The Word of God)နှုတ်တော်ထွက်စကားများဖြစ်ပါသည်။ဘုရားသခင်၏အလိုတော်၊အကြံစည်တော်များကိုနှုတ်ကပတ်တော်အားဖြင့်လူသားတို့နားလည်လက်ခံရပါသည်။ဆာလံဆရာသည်သမာကျမ်းစာ၏အဓိပါယ်ရှစ်မျိုးကိုဆာလံ၁၁၉တွင်ဖေါ်ပြထားပါသည်။
ကျမ်းစာကိုဖတ်ရှုလေ့လာခွန်အားယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အသက်တာကိုမည်ကဲ့သို့ပြောင်းလည်းသက်ဝင်စေကြောင်းကိုလည်းဆာလံဆရာကဆက်လက်သွန်သင်ထားပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုအစဉ်အမြဲဖတ်ရှုလေ့လာခွန်အားယူရန်လိုအပ်ပါသည်။ထိုနှုတ်ကပါတ်တော်သည်ဖတ်ရှုသူတို့၏စိတ်ဝိညာဉ်နှင့်အသက်တာကိုဆေးကြောသန့်ရှင်းစေသောတန်ခိုးရှိပါသည်။လူသည်မိမိသွားသောလမ်းကိုနှုတ်ကပတ်တော်အားဖြင့်သာသန့်ရှင်းစေနိုင်သည်ဟုဆာလံဆရာကရဲရင့်စွာသက်သေခံထားပါသည်။နှုတ်ကပါတ်တော်ကိုဖတ်ရှုခွန်အားယူပါမိတ်ဆွေ၊ထိုနှုတ်ကပါတ်တော်သည်ကျွန်ုပ်တိုဘက်မှခုခံကွယ်ကာပေးသောအရာဖြစ်ပါသည်။ကျွန်ုပ်တို့သည်နှူတ်ကပတ်တော်ကိုကိုးစားသည်ဖြစ်၍ကဲ့ရဲ့သောသူ၏စကားကိုချေစရာအကြောင်းရှိရပါလိမ့်မည်ဟုဆာလံဆရာကသက်သေခံနေပါသည်။ယနေ့ခဲယဉ်းဆိုးယုတ်သောကပ်ဆိုးအချိန်ကာလမှာဘုရားသခင်၏နှုတ်ကပါတ်တော်ကိုပို၍ဖတ်ရှုခွန်အားယူသင့်ပါသည်။ဆင်းရဲခြင်းကိုခံစဉ်တွင်ထိုနှုတ်ကပါတ်တော်သည်အကျွန်ုပ်သက်သာစရာအကြောင်းဖြစ်ပါ၏ဟုဆာလံဆရာကသက်သေခံပါသည်။ကျမ်းစာဖတ်ပါမိတ်ဆွေ၊ဘုရားသခင်၏နှုတ်ကပါတ်တော်စကားများသည်ကျွန်ုပ်တို့ကိုနှစ်သိမ့်မှုပေးပါသည်။ဝမ်းနည်းခြင်းခက်ခဲခြင်းများကြားထဲမှဘုရားသခင်၏နှစ်သိမ့်ခြင်းကိုနှုတ်ကပါတ်တော်အားဖြင့်ရရှိပါသည်။ထိုနှုတ်ကပါတ်တော်သည်ကျွန်ုပ်တို့၏အသက်တာလမ်းခရီးကိုအလင်းကဲ့သိုညွှန်ပြလျက်ရှိကြောင်းဆာလံဆရာကသက်သေခံထားပါသည်။အကျွန်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏ဟုဆာလံဆရာသည်ရဲ့ရင့်စွာချီးမွမ်းသက်သေခံလျက်ရှိပါသည်။မှောင်မိုက်လျက်ဝေဝါးနေသောကျွန်ုပ်တို့၏အနာဂတ်လမ်းခရီးသည်နှုတ်ကပါတ်တော်အားဖြင့်သာလျင်ရှင်းလင်းထင်ရှားစွာမြင်တွေ့လိုက်လျောက်ရွေးချယ်အသက်ရှင်နိုင်ကြမည်ဖြစ်ပါသည်။တရားတော်ကိုနှစ်သက်သောသူတို့၌ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏ဟုဆာလံဆရာသည်ကြွေးကြော်လျက်ရှိပါသည်။မိတ်ဆွေ၊ ကပ်ဆိုးရောဂါကိုရိုနာ၏လွှမ်းမိုး၊ခြိမ်းခြောက်မှုအောက်မှာတည်ငြိမ်စွာရင်ဆိုင်အသက်ရှင်နိုင်ဖို့ရန်အတွက်ကျမ်းစာတော်မြတ်ကိုအစဉ်ခွန်အားယူလျက်ဖတ်ရှုပါ။ဘုရားသခင်၏ကွယ်ကာလမ်းပြမှုကိုနှုတ်ကပါတ်တော်မြတ်အားဖြင့်ကျွန်ုပ်တို့ခံယူရရှိကြပါသည်။ထာဝရာဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည်မဂ်လာရှိသောသူဖြစ်ကြောင်းကိုခွန်အားယူလျက်သမာကျမ်းစာကိုဖတ်ရှုဆင်ခြင်လိုက်လျောက်အသက်ရှင်သူများဖြစ်အောင်ကြိုးစားကြပါစို့။ဖတ်ရှုသူများကိုဘုရားသခင်ကောင်းကြီးပေးပါစေသော်၊အာမင်

ကျမ်းစာဖတ်ခြင်းသင်ခန်းစာ(၂)။
ကျွန်ုပ်တို့ခွန်အားယူဖတ်ရှုနေသောသမာကျမ်းစာမည်ကဲ့သို့ဖြစ်ပေါ်လာခဲ့ကြောင်းကိုလူတိုင်းသိထားသင့်ပါသည်။
Every scripture is inspired by God and is useful for, teaching, for showing mistakes, for correcting, and for training character.(II Tim 3:16)
တမန်တော်ကြီးရှင်ပေါလု သတိပေးခဲ့သောကျမ်းစကားဖြစ်ပါသည်။ သမာကျမ်းစာသည်ဘုရားသခင်ဖွင့်ပြတော်မူခြင်းအားဖြင့်သာလူသားတို့ရရှိခဲ့ပါသည်။သမာကျမ်းစာရရှိလာရန်အတွက်အချက် ၃ချက်ကိုသတိပြုရမည်ဖြစ်ပါသည်။
၁။ Revelation-- From God to human beings.
ကျမ်းစာသည်ဘုရားသခင်ဗျာဒိတ်တော်ပေးသောကြောင့်၊ဘုရားသခင်သည်လူသားတို့ကိုဖွင့်ပြတော်မူသောကြောင့်လူသားတို့သိရှိခွင့်၊ကြားနာခံယူခွင့်ရရှိပါသည်။ ဘုရားသခင်၏ဖွင့်ပြတော်မူခြင်း Revelaiton မရှိလျှင်လူသားများသည်ဘုရားနှင့်စပ်ဆိုင်သောဖေါ်ပြချက်များကိုမသိရှိ၊မရရှိနိုုင်ပါ။ထို့ကြောင့်ဘုရားသခင်၏ဖွင့်ပြတော်မူခြင်းသည်သမာကျမ်းစာ၏ အရင်းအမြစ်ဖြစ်ပါသည်။
၂။ Inspiration--From human being to paper.
ယနေ့လူသားတို့လက်ခံရရှိသောဘုရားသခင်၏ဗျာဒိတ်တော်များ၊ဘုရားသခင်၏ဖွင့်ပြတော်မူချက်များကိုမှတမ်းတင်ရန်အတွက်လူသားတို့သည်ဘုရားသခင်၏နှိုးဆော်တိုက်တွန်းမှု၊သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏နှိုးဆော်ခွန်အားပေးမှုကြောင့်သာဖြစ်ပေါ်လာရပါသည်။သမာကျမ်းစာကိုမှတ်တမ်းတင်ရေးသားပြုစုခဲ့ကြသောရှေးသန့်ရှင်းသူဘိုးဘေးများ (၄၀ကျော်ခန့်ရှိပါသည်) သည်သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခွန်အားပေးမှုကြောင့်သာစာပေများအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။
၃။ Illumination-- From paper to heart.
ယနေ့ကျွန်ုပ်တို့ဖတ်ရှုခွန်အားယူနေသောသမာကျမ်းစာ၏နက်နဲသောအဓိပါယ်များကိုသိရှိနားလည်းရန်အတွက်သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြခြင်း၊အလင်းပေးခြင်းလိုအပ်ပါသည်။ထိုဝိညာဉ်တော်သည်ရောက်လာသောအခါ၊သမာတရားကိုသင်တို့အားအကြွင်းမဲ့သွန်သင်ပြလိမ့်မည် (ယော ၁၆း၁၃)ဟုသခင်ယေရှုကိုယ်တော်မိန့်ကြားထားပါသည်။ယနေ့ ကျွန်ုပ်တို့သည်သမာကျမ်းစာ၏နက်နဲသောသွန်သင်မှုများကိုနှလုံးသားထဲသို့ရောက်ရှိအောင်လမ်းညွှန်ဖေါ်ပြအလင်းပေးသောသန့်ရှင်းသောဝိညာဉ်တော်၏ခွန်အားကိုတောင်းခံရန်လိုအပ်ပါသည်။

# # # ကျမ်းစာနှင့်သက်ဆိုင်သောအချက်အလက်တချို့ကိုဖေါ်ပြပေးချင်ပါသည်။
သမာကျမ်းစာသည်
၁။စာရေးသူပေါင်း လေးဆယ်ကျော်
၂။ နှစ်ပေါင်း၁၆၀၀ အတွင်း
၃။ဘာသာစကားသုံးမျိုး(ဟေဗြဲ၊ဟေလသ၊အာရမစ်)ဖြစ်ရေးသားခဲ့ပါသည်။
၄။ ဓမဟောင်း စာစောင်(၃၉)၊အခန်းကြီးပေါင်း(၉၂၉)၊အခန်းငယ်စုစုပေါင်း၂၃၁၄၅။အရှည်ဆုံးစာစောင်- ဆာလံ၊အတိုဆုံးစာစောင်-ဩဗဒိ
၅။ဓမ သစ်စာစောင်(၂ရ)၊အခန်းကြီးပေါင်း(၂၆၀)ခန်း၊အခန်းငယ်စုစုပေါင်း ၇၉၅၇။ အရှည်ဆုံးစာစောင်-တမန်တော်၊အတိုဆုံးစာစောင်-၂ယော
သမာကျမ်းစာတွင်အခန်းကြီးစုစုပေါင်း၁၁၈၉ခန်း၊အခန်းငယ်စုစုပေါင်း ၃၁၁၀၂ ပါရှိပါသည်။(ခရစ်နှစ်၁၂၅၀)နောက်ပိုင်းမှသာအခန်းခွဲခြင်းရှိခဲ့ပါသည်။
# # ယနေ့တွင် ဘာသာစကား၆၉၈ခုဖြင့်ကျမ်းစာအစအဆုံးကိုဘာသာပြန်ဆိုထားပြီးဖြစ်ပါသည်။ နောက်ထပ်ဘာသာစကား၁၅၄၈ဖြင့်ဓမသစ်ကိုဘာသာပြန်ဆိုထားပြီးဖြစ်ပါသည်။နောက်ထပ်ဘာသာစကား၁၁၃၈ဖြင့်ကျမ်းစာပုံပြင်များ၊ရွှေကျမ်းချက်များကိုဘာသာပြန်ဆိုထားပြီးဖြစ်ပါသည်။

မိတ်ဆွေများ၊ ကျမ်းစာဖတ်ပါ။ ပြီးရင်ဆုလက်ဆောင်ရမည်ဆိုတဲ့စိတ်နှင့်မဖတ်ပါနှင့်၊ဘဝအတွက်ဖတ်ပါ။ဆုတောင်းပြီးဖတ်ပါ။ တမန်တော်ကြီးရှင်ပေါလုက သမာကျမ်းစာသည်ကျွန်ုပ်တို့ကိုသွန်သင်ပေးပါသည်၊အမှားများကိုညွှန်ပြပြီးပြုပြင်ပေးပါသည်။ကျွန်ုပ်တို့၏စာရိတအမူအကျင့်များကိုလေ့ကျင့်ပေးပါသည်ဟုသွန်သင်ခွန်အားပေးထားပါသည်။။စိတ်ခွန်အား၊ဝိညာဉ်ခွန်အားများကိုသမာကျမ်းစာဖတ်ရှုခွန်အားယူခြင်းအားဖြင့်ရရှိပါသည်။မိတ်ဆွေများ၊ကျမ်းစာဖတ်ပါ၊ဆုတောင်းပြီးဖတ်ပါ၊ဘုရားသခင်သင့်ကိုစကားပြောပါလိမ့်မည်။
ဖတ်ရှုခွန်အားယူသူများကိုဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။
ကျမ်းစာဖတ်ခြင်းသင်ခန်းစာ(၃)။
သမာတရားနှုတ်ကပါတ်တော်သည်ကျွန်ုပ်တို့ခရစ်ယာန်အသက်တာယုံကြည်ခြင်းတည်တံ့ခိုင်မြဲကြီးထွားလာစေသောအဓိကကုန်ကြမ်းဖြစ်ပါသည်။သမာကျမ်းစာကိုဖတ်ရှုခွန်အားယူလျက်လောကကြီးကိုရင်ဆိုင်ကြရပါသည်။ခက်ခဲသောဘဝ၏နေ့ရက်များတို့ကိုလည်းနှုတ်ကပါတ်တော်ခွန်အား၊ညွှန်ကြားမှုများအားဖြင့်ကျော်လွန်ဖြတ်သန်းခဲ့ကြရပါသည်။သမာကျမ်းစာထဲ၌ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုကိုယ်စားပြုဖေါ်ပြသောသင်ကေတ(Symbols of the Scripture) များပါရှိပါသည်။၎င်းတို့အထဲမှအချို့ကိုအဓိပါယ်နှင့်တကွရှင်းပြပါမည်။
၁။ Mirror မှန် (ယာ၁း၂၃-၂၅)
တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည်သည်ကား၊မှန်၌မိမိပကတိမျက်နှာကိုကြည့်သောသူနှင့်တူ၏။အကြောင်းမူကားကိုယ်ကိုကိုယ်ကြည့်ပြီးမှအခြားသို့သွား၍မိမိအဆင်းသဏ်ဌါန်ကိုချက်ခြင်းမေ့လျော့တတ်၏။
ဘုရားသခင်၏နှုတ်ကပါတ်တရာတော်သည်မှန်နှင့်တူပါသည်။ ယနေ့ကျွန်ုပ်တို့သည်မှန်ကြည့်ခြင်းအားဖြင့်ကျွန်ုပ်တို့၏မျက်နှာ ၌ဖြစ်ပေါ်နေသောလိုအပ်ချက်များ၊အားနည်းချက်များကိုထင်ရှားစွာမြင်နိုင်ကြပါသည်။ထိုအခါကျွန်ုပ်တို့သည်လိုအပ်သည်ပြုပြင်ပြောင်းလဲမှုများကိုမှန်ကြည့်ပြီးနောက်လုပ်ဆောင်လေ့ရှိပါသည်။မှန်ကြည့်ပြီးနောက်ပြုပြင်ခြင်းကိုမပြုလုပ်သောသူသည်မိမိ၌လိုအပ်နေသောကွက်လပ်ကိုပြုပြင်ရန်လစ်လျူရှုနေခြင်းသာဖြစ်ပါသည်။နှုတ်ကပါတ်တရားကိုနာကြားခံယူပြီးနောက်ကျွန်ုပ်တို့သည်အသက်တာကိုပြုပြင်ရမည်ဖြစ်ပါသည်။ထာဝရဘုရား၏နှုတ်ကပါတ်တော်သည်မှန်ကဲ့သို့ကျွန်ုပ်တို့၏လိုအပ်ချက်အားနည်းချက်များကိုမြင်တွေ့စေပါသည်။မှန်ကြည့်ပြီးနောက်ပြုပြင်သကဲ့သို့တရားနာပြီးနောက်မှာအသက်တာကိုပြုပြင်ပြောင်းလည်းရန်လိုအပ်ကြောင်းရှင်ယာကုပ်ကသွန်သင်ထားပါသည်။နှုတ်ကပါတ်တော်သည်ထာဝရဘုရား၏စိတ်သဘောတော်၊အလိုတော်ကိုဖေါ်ပြနေပါသည်။ထို့ကြောင့်ကျမ်းစာဖတ်လျက်ဘုရားသခင်၏အလိုတော်ကိုလိုက်လျောက်အသက်ရှင်ဖို့ကြိုးစားရန်လိုအပ်ပါသည်။
၂။ Seed မျိုးစေ့ (၁ပေ ၁း၂၃)
သင်တို့သည်ဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့အားဖြင့်ဖြစ်ဘွားသည်မဟုတ်၊မဖောက်ပြန်မပျက်စီးတတ်သောမျိုးစေ့တည်းဟူသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏နှုတ်ကပါတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့်ညီအစ်ကိုများကိုချစ်ယောင်မဆောင်၊အမှန်ချစ်ခြင်းအလို့ငှါ၊စိတ်ထဲမှာသမာတရားကိုနားထောင်လျက်၊ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ခြင်းမေတာရှိကြလော့။
တမန်တော်ကြီးရှင်ပေတရု၏သွန်သင်ချက်ဖြစ်ပါသည်။ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များသည်ဘုရားသခင်၏မေတာမျိုးစေ့တည်းဟူသောနှုတ်ကပါတ်တော်၌မွေးဖွါးလာသူများဖြစ်ကြပါသည်။ထိုမျိုးစေ့သည်မပျက်စီး၊မဖေါက်ပြန်တတ်သောဘုရားထံမှလာသောမျိုးစေ့ဖြစ်ပါသည်။ခရစ်ယာန်အသက်တာသည်ဘုရားသခင်အားဖြင့်ရရှိလာသောထို မေတာမျိုးစေ့ကိုဆက်လက်ရှင်သန်သီးပွင့်စေရန်တာဝန်ရှိပါသည်။နှုတ်ကပါတ်တော်မျိုးစေ့အားဖြင့်မွေးဖွါးလာသူများသည်မေတာအသီးအပွင့်များကိုဝေဝေဆာဆာသီးပွင့်ကြရမည်ဖြစ်ပါသည်။နှုတ်ကပါတ်တော်သည်မျိုးစေ့ဖြစ်ပါသည်။မှန်ကန်ကောင်းမွန်စွာစိုက်ပျိုးထားပါက၊ကောင်းသောအသီးအပွင့်များအမှန်တကယ်သီးပွင့်လာမည်ဧကန်ဖြစ်ပါသည်။
၃။ Water ရေ (ဧဖက် ၅း၂၆)
ထိုအသင်းတော်သည်သန့်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်း၊အရေတွန့်ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်၊အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကိုခရစ်တော်သည်မိမိအားဆက်သအံ့သောငှါ၊နှုတ်ကပါတ်တော်ရေနှင့်ဆေးကြောခြင်းအားဖြင့်စင်ကြယ်သန့်ရှင်းစေမည်အကြောင်းထိုအသင်းတော်အဘို့အလို့ငှါကိုယ်ကိုကိုယ်စွန့်တော်မူ၏။
ဘုရားသခင်၏နှုတ်ကပါတ်တော်သည်ရေနှင့်တူပါသည်။သန့်ရှင်းဆေးကြောနိုင်သောအစွမ်းနှင့်ပြည့်စုံပါသည်။ဝိညာဉ်ရေးရာနွမ်းနယ်နေသောလူသားများကိုလည်းပြန်လည်လန်းဆန်းစေနိုင်သောတန်ခိုးရှိပါသည်။
မိတ်ဆွေများ၊ ကျမ်းစာဖတ်ပါ၊ခွန်အားယူပါ။ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည်မဂ်လာရှိ၏၊ထိုသူသည်မြစ်နားမှာစိုက်သောအပင်နှင့်တူ၏၊ပြုလေသမျှ၌အောင်လိမ့်သတည်း ဆိုသောဆာလံဆရာ၏ဆုံးမစကားကိုနားထောင်လျက်နှုတ်ကပါတ်တော်၌ပျော်မွေ့ခြင်းကောင်းကြီးမဂ်လာကိုခံယူကြပါစို့၊ဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။
ကျမ်းစာဖတ်ခြင်းသင်ခန်းစာ(၄)
လူသည်ကိုယ်ကာယကြီးထွားရန်အတွက်ကျန်းမာစေသောအစာအဟာရများကိုသုံးဆောင်ရန်လိုအပ်သကဲ့သို့၊ဝိညာဉ်ခွန်အား၊စိတ်ဓါတ်ခွန်အားရရှိရန်အတွက်နှုတ်ကပါတ်တော်ကျမ်းစာကိုဖတ်ရှုခွန်အားယူ ရန်လိုအပ်ပါသည်။သမာကျမ်းစာကိုဖေါ်ညွှန်းသောသင်ကေတများနှင့်၎င်းတို့၏အဓိပါယ်များကိုဆက်လက်ဖေါ်ပြပါမည်။
၄။ A Lamp မီးခွက်(ဆာ ၁၁၉း၁၀၅၊သု၆း၂၃)
နှုတ်ကပါတ်တော်သည်ကျွန်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။
အကြောင်းမူကားပညတ်တော်သည်မီးခွက်ဖြစ်၏၊တရားတော်သည်အလင်းဖြစ်၏၊အပြစ်ကိုပြတတ်သောဩဝါဒစကားသည်အသက်လမ်းဖြစ်၏။
နှုတ်ကပါတ်တော်သည်မီးခွက်နှင့်တူပါသည်။ကျွန်ုပ်တို့၏ဘဝလမ်းခရီးလင်းစေဖို့ရန်နှုတ်ကပါတ်တော်၏အလင်းလိုအပ်ပါသည်။အလင်းတည်းဟူသောနှုတ်ကပါတ်တော်အားဖြင့်ကျွန်ုပ်တို့သည်မည်သည့်နေရာ၌ရှိနေကြသည်ကိုသိမြင်နားလည်စေပါသည်။နှုတ်ကပါတ်တော်ဖေါ်ပြသွန်သင်ခြင်းအားဖြင့်ကျွန်ုပ်တို့ဘယ်ကဲ့သို့အသက်ရှင်ရမည်၊ဘာတွေကိုဆက်လုပ်ရမည်၊ဘာတွေကိုရှောင်ကြဉ်ရမည်ကိုနားလည်သိမြင်လာပါသည်။နှုတ်ကပါတ်တော်၏အလင်းအားဖြင့်မှားယွင်းခြင်းလမ်းကိုသိမြင်ပြီးနောက်၊လမ်းမှန်ပေါ်သို့ပြန်လျောက်နိုင်အောင်အလင်းခွန်းအားကိုရရှိစေပါသည်။သမာကျမ်းစာသည်ကျွန်ုပ်တို့ကိုလမ်းညွှန်မှုပေးသောဘုရားသခင်ပေးထားသောGPS လမ်းပြမြေပုံလမ်းညွှန်ဖြစ်ပါသည်။
၅။Sward သန်လျက်၊ဓါး (ဟေ ၄း၁၂) (ဧဖက်၆း၁ရ)
ဘုရားသခင်၏နှုတ်ကပါတ်တရားတော်သည်အသက်ရှင်ခြင်း၊တန်ခိုးနှင့်ပြုပြင်ခြင်း၊သန်လျက်တကာတို့ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊အရိုးဆစ်နှင့်ခြင်ဆီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတတ်၏။စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏။
ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံးကို၎င်း၊ဘုရားသခင်၏နှုတ်ကပါတ်တည်းဟူသောဝိညာဉ်တော်၏ဓါးကို၎င်းယူကြလော့။
ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုဓါးဖြင်းခိုင်းနှိုင်းပြောဆိုလေ့ရှိကြပါသည်။ထိုးထွင်းသိမြင်နိုင်စွမ်းသည်နှုတ်ကပါတ်တော်အားဖြင့်သာဖြစ်ပါသည်။သမာသတိရှိခြင်း၊မှန်ကန်စွာဆုံးဖြတ်သိမြင်နိုင်ခြင်း၊မိမိ၏မှန်ကန်သောယုံကြည်ခြင်းကိုခုခံကာကွယ်နိုင်ခြင်းအစွမ်းသတိများသည်နှုတ်ကပါတ်တော်အားဖြင့်သာရရှိနိုင်ပါသည်။ထိုးထွင်းသိမြင်ခြင်းနှင့်မှန်ကန်စွာခုခံနိုင်ခြင်းအစွမ်းသတိရှိရန်အတွက်၊အထူးသဖြင့်အမျိုးမျိုးသောယုံကြည်မှုဝိဝါဒကွဲပြားနေသောအချိန်ကာလ၌စစ်မှန်သောနှုတ်ကပါတ်တော်ကိုသေသေချာချာဖတ်ရှုလေ့လာလျက်မှားယွင်းသောအယူဝါဒများကိုခုခံနိုင်ရန်ပြင်ဆင်ရပါမည်။
၆။ Precious Metals တန်ဘိုးရှိသောကျောက်မျက်ရတနာများ(ဆာ၁၉း၁၀၊၁၁၉း၁၂၇၊၁၂း၆)
ရွှေထက်မကများစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ပျားရည်ထက်မကပျားလဘို့ထက်ချိုကြ၏။
ထာဝရဘုရားမိန့်တော်မူချက်တို့သည်သန့်ရှင်းခြင်းရှိ၍မြေနှင့်ကင်းစင်စေခြင်းငှါ၊မိုက်၌ခုနှစ်ကြိမ်စစ်သောငွေကဲ့သို့ဖြစ်၏။
ဘုရားသခင်၏နှုတ်ကပါတ်တော်သည်တန်းဘိုးရှိသောရတနာဖြစ်ပါသည်။ရွှေ၊ငွေနှင့်ခိုင်းနှိုင်းဖေါ်ပြရခြင်းမှာတန်ဘိုးထားထိန်းသိမ်းကြရန်ဖြစ်ပါသည်။နှုတ်ကပါတ်တော်သည်တန်ဘိုးရှိသောဘုရားပေးသောလမ်းညွှန်ချက်၊သွန်သင်မှာကြားချက်၊သတိပေးချက်၊အာမခံချက်၊ဆုံးမပဲ့ပြင်ချက်များ၊ဖြစ်ပါသောကြောင့်ကျွန်ုပ်တို့၏အသက်တာ၌ရတနာပစည်းများကဲ့သို့တန်ဘိုးထားထိန်းသိမ်းရန်လိုအပ်ပါသည်။ကျွန်ုပ်တို့၏လက်ဝတ်ရတနာများကိုတန်းဘိုးထားသကဲ့သို့သမာကျမ်းစာကိုတန်ဘိုးထားကြပါရန်နှိုးဆော်ပါသည်။သမာကျမ်းစာကိုမထီမဲ့မြင်မပြုမိအောင်သတိထားကြရမည်။ဘုရား၏စကားတော်များဖြစ်သောကြောင့်အဘိုးထိုက်သောရတနာများဖြစ်ကြောင်းသတိရလျက်ဖတ်ရှုခွန်အားယူတန်ဘိုးထားကြပါစို့။
၇။Food-အဟာရရှိသောအစားအစာများ(၁ပေ၂း၂၊ဟေ၅း၁၂-၁၄။ယော၆း၅၁၊)
အောက်ပါကျမ်းညွှန်းများကိုလေ့လာသောအခါနှုတ်ကပါတ်တော်ကျမ်းစာကို၊နို့၊အသက်မုန့်၊ပျားရည်၊အသား၊ စသဖြင့်ဖေါ်ပြထားပါသည်။လူကိုယ်ခနွာကိုအဟာရဖြစ်စေသောအစာများကိုစားသုံးခြင်းအားဖြင့်ကျန်းမာကြံ့ခိုင်စေနိုင်သကဲ့သို့၊လူတို့၏စိတ်ဓါခွန်အား၊ဝိညာဉ်ခွန်အားတိုးပွါးကြံ့ခိုင်လာစေရန်အတွက်နှုတ်ကပါတ်တော်အဟာရကိုသုံးဆောင်ရန်လိုအပ်ပါသည်။
၈။Hammerသံတူ(ယရမေိ၂၃း၂၉)
ငါ၏နှုတ်ကပါတ်တော်သည်မီးကဲ့သို့၎င်း၊ကျောက်ကိုထုချေသောသံတူကဲ့သို့၎င်းဖြစ်သည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏။
ဆောက်လုပ်ရေးလုပ်ငန်းများတွင်သံတူသည်အသုံးဝင်သောပစည်းတခုဖြစ်ပါသည်။သံတူသည်ဖြိုဖျက်ရာတွင်၎င်း၊တည်ဆောက်ရာတွင်၎င်းအသုံးပြုသောပစည်းဖြစ်ပါသည်။ကျွန်ုပ်တို့၏ဘဝအသက်တာတွင်မှားယွင်းသောအသက်ရှင်မှုအပြုအမူများကိုနှုတ်ကပါတ်တော်အားဖြင့်ပြုပြင်တည်ဆောက်ရန်လိုအပ်သကဲ့သို့၊ကျွန်ုပ်တို့၏အနာဂတ်ကာလနေ့ရက်များကိုမည်ကဲ့သို့အသက်ရှင်ရမည်ကိုနှုတ်ကပါတ်တော်အားဖြင့်သာလျင်တည်ဆောက်ရမည်ဖြစ်ပါသည်။
နိဂုံး။
ကျမ်းစာဖတ်ပါမိတ်ဆွေ၊ဘုရားသခင်သည်သင့်ကိုစကားပြောပါလိမ့်မည်။နှုတ်ကပါတ်တော်ကိုဆင်ခြင်ပါမိတ်ဆွေ၊သင့်ကိုသွန်သင်ပါလိမ့်မည်။ကျမ်းစာဖတ်ပါမိတ်ဆွေ၊သင့်ကိုလမ်းပြပါလိမ့်မည်၊၊ဘုရားသခင်၏နှုတ်ကပါတ်တော်တည်းဟူသောသမာကျမ်းစာကိုဖတ်ရှုလျက်ဘုရားသခင်ညွှန်ပြတော်မူသောအသက်တာလမ်းတွက်ရှင်သန်အသက်ရှင်ကြပါစို့လို့ခွန်အားပေးတိုက်တွန်းပါသည်။ဖတ်ရှုသူများကိုဘုရားသခင်ကောင်းကြီးပေးပါစေသော်၊အာမင်။
# #
စာလုံးပေါင်းများအမှားပါခြင်းကိုနားလည်ခွင့်လွှတ်ပေးပါရန်တောင်းပန်ပါသည်။
ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

30/03/2024

reposting

29/03/2024

Good Friday
reposting

Address

အမှတ် ၄၇၊ တောင်ရိုးတန်းလမ်း၊မရမ်းကုန်းရပ်။မော်လမြိုင်မြို့။
Mawlamyaing

Alerts

Be the first to know and let us send you an email when Sermons posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share