Dhamma Yadanar

Dhamma Yadanar Dhamma Yadanar

 #ကာလာမသုတ်=========== တိပိဋက မြန်မာပြန်အခါတစ်ပါး မြတ်စွာဘုရားနှင့် နောက်ပါ သံဃာတို့သည် ဒေသစာရီ ကြွချီတော်မူရာ ကောသလတိုင...
24/06/2025

#ကာလာမသုတ်
=========== တိပိဋက မြန်မာပြန်

အခါတစ်ပါး မြတ်စွာဘုရားနှင့် နောက်ပါ သံဃာတို့သည် ဒေသစာရီ ကြွချီတော်မူရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ဗုဒ္ဓဘုရားရှင် ကြွရောက်တော်မူသည်ကို သိကြကုန်သော ကေသမုတ္တ နိဂုံးသား ကာလာမအမျိုးကောင်းသားတို့သည် ဘုရားရှင်အား လာရောက် ဖူးမျှော်ကြကုန်၏။ သင့်တင့်လျောက်ပတ်ရာ ထိုင်ကြပြီးလျှင် ရှိခိုးဦးချကြ၍ ဘုရားရှင်အား ဤသို့ မေးလျှောက်ကြကုန်၏။

“အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက် လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အရှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါ သနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏။”

ထိုအခါ ဘုရားရှင်က -“ ကာလာမတို့ သင်တို့အား ယုံမှားခြင်းငှာ သင့်ပေ၏၊ တွေးတောခြင်းငှာ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှာသင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။ ....” ဟု အစချီ၍ ဤကာလာမသုတ်ကို ဟောကြားတော်မူ၏။ ကေသမုတ္တနိဂုံး၌ ဟောကြားတော်မူသောကြောင့် ကေသမုတ္တိသုတ် ဟူ၍လည်း အမည်တွင်၏။

ကာလာမသုတ်
မာ အနုဿဝေန - ပြောသံကြားရုံနဲ့လည်း မယုံနဲ့။
မာ ပရမ္ပရာယ - ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။
မာ တက္ကဟေတု - အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။
မာ နယဟေတု - ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။
မာ ဘဗ္ဗရူပတာယ - ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။
မာ ပိဋကသမ္ပဒါဒေန - စာပေကျမ်းဂန်များထဲမှာပါတယ် ဆိုရုံနဲ့လည်း မယုံနဲ့။
မာ သာမဏော နောဂရူတိ - ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။

နောက် ကာလာမသားတွေကို ပါဠိအကျဉ်းချုပ်ထည့်သွင်း လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု) ဆက်ဟောလေ၏။

ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်
အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သို့တည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ် စွဲအားဖြင့်လည်းစွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခ ရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။ တိပိဋက မြန်မာပြန်

What is the Eightfold Path in Buddhism: The Eightfold Path is a holistic and interconnected set of practices taught by t...
07/10/2024

What is the Eightfold Path in Buddhism:

The Eightfold Path is a holistic and interconnected set of practices taught by the Buddha as a way to liberate oneself from suffering and achieve enlightenment.

The Eightfold Path is the last of the Four Noble Truths, the Buddha’s fundamental teaching. Having established the truths of suffering, the cause of suffering, and freedom from suffering, the Buddha teaches us the Eightfold Path that we can follow to liberate ourselves from suffering and achieve enlightenment.

The Eightfold Path is not a linear path we take step by step. It is a holistic and interconnected set of practices to be engaged in simultaneously, as progress in one area can support progress in others. The Eightfold Path is a comprehensive and lifelong journey.

The eight elements of the path—which are described as “right,” “wise,” or “skillful”—are typically divided into three categories: wisdom, ethical conduct, and mental discipline. These are collectively known as the Threefold Training. These trainings are seen as essential for attaining liberation from the cycle of suffering (samsara).

Wisdom
1. Right View
Right view includes a correct understanding of the Four Noble Truths, the law of karma (the principle that our actions have consequences), and the impermanence and interconnectedness of all phenomena. It involves recognizing the nature of suffering, its causes, and the path to its cessation.

2. Right Resolve
Right resolve means cultivating wholesome and ethical intentions. This includes our intentions to renounce harmful actions, to develop goodwill and compassion toward all beings, and to cultivate non-attachment or non-harming.

3. Right Speech
False speech, divisive speech, harsh speech, and idle chatter are all considered unskillful and harmful and should be avoided. Instead, we should use our words to promote truth, harmony, and understanding.

Ethical Conduct
4. Right Action
Skillful action emphasizes ethical conduct and the importance of leading a life that is aligned with moral principles. This means refraining from harmful actions, including killing, stealing, sexual misconduct, and so on.

5. Right Livelihood
To engage in right livelihood means choosing work that is in harmony with the principles of ethical conduct and does not harm others. For example, this would include avoiding professions that involve harming sentient beings or engaging in dishonesty.

6. Right Effort
Right effort means making a persistent and diligent effort to cultivate wholesome qualities and eliminate unwholesome ones, abandon negative mental states, and nurture positive ones.

Mental Discipline
7. Right Mindfulness
Right mindfulness is the practice of being fully aware and present in the moment: observing our body, feelings, mind, and mental phenomena with clear and non-judgmental awareness.

8. Right Concentration
Right concentration is the development of a one-pointed, focused mind. This is achieved through meditation practices that allow the mind to become absorbed in a single object of concentration, leading to states of mental tranquility and insight.

❒ အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်း (၅) ရပ်————————————————————————မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကို ဘယ်လိ...
08/03/2024

❒ အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်း (၅) ရပ်
————————————————————————
မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကို ဘယ်လိုနေနည်းနဲ့ နေရမလဲ ဆိုတာကိုမေးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့နေနည်းနဲ့နေဖို့ အကြံပေးတယ်နော်။ အဲဒီလိုနေဖို့အတွက် လူဆိုတာက အရည်အချင်းကလိုသေးတယ်နော်။ အလုပ်တာဝန်တစ်ခုကို လုပ်ဖို့အတွက် အရည်အချင်းက အရေးမကြီးဘူးလား။ တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့ထိုက်တန်တဲ့ အရည်အချင်းက လိုအပ်တယ်နော်။ အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက်လိုအပ်တဲ့ အရည်အချင်းတွေက ဘာလဲဆိုတော့ ... ။
(၁) #သဒ္ဓါ တဲ့။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်မရှိလျှင် မအောင်မြင်ဘူးတဲ့။
ယုံကြည်ချက်ရှိမှ အောင်မြင်မှုရရှိမယ် တဲ့။ အဲဒီယုံကြည်ချက်ကို ခိုင်မာလာအောင်လုပ်ရမယ်တဲ့။ ဘယ်အရာမှ သူ့ဟာသူ ဖြစ်လာတာမဟုတ်ဘူး၊ လေ့ကျင့်ယူရမှာပဲ။ လိုအပ်တဲ့ အရည်အသွေးရဖို့ လေ့ကျင့်ယူရမှာ ဖြစ်တယ်။
အားကစားသမားတွေလည်း လေ့ကျင့်ယူရတာပါပဲ။ တောင်တက် သမားတွေဆိုတာလည်း တဖြည်းဖြည်းလေ့ကျင့်ပြီးမှ ရလာတာတွေဖြစ်တယ်။ကျောင်းသူ ကျောင်းသားတွေလည်း ငယ်ဘဝကတည်းက လေ့ကျင့်ပေးထား ရတာပါပဲ။
လေ့ကျင့်တယ်ဆိုတာ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ ယုံကြည်ချက်ရှိပြီး တဖြည်းဖြည်း လေ့ကျင့်ရတာပါပဲ။
ဒါမှ အောင်မြင်မှုလမ်းစကို လျှောက်လှမ်းနိုင်ကြမယ်။
(၂) #ဝီရိယ-ယုံကြည်ချက်ရှိရုံနဲ၊ မရသေးဘူး၊ ခိုင်မာတဲ့ ဝီရိယကလည်း လိုသေးတယ်နော်။ ဝီရိယမရှိရင်တော့ လောကကြီးမှာ အောင်မြင်မှုကို မရနိုင်ဘူး။ အချင်းချင်း ပြိုင်ဆိုင်နေကြတာလည်း ဝီရိယရှိဖို့ လိုအပ်တယ်။ ဝီရိယကလည်း အောင်မြင်ခြင်းရဲ့ တစ်စတစ်ဒေသ ပါဝင်တဲ့အချက်ပဲ။ လုံ့လဝီရိယရှိမှ အောင်မြင်မှု ရဲ့ အထက်တန်းကို ရောက်နိုင်မယ်။
(၃) ကြိုးစားတဲ့အခါမှာလည်း #သတိ ရှိဖို့ လိုအပ်သေးတယ်နော်၊ အရမ်း ကြိုးစားလို့ မရသေးဘူး။ သတိလေးနဲ့ကြိုးစားမှ အောင်မြင်မှုကို ရနိုင်မယ်နော်။ သတိဆိုတာ Mindfulness ပေါ့။ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်မှာ သတိလေးရှိပြီး လုပ်ရမှာနော်၊ ဒီလိုဆိုလိုတယ်။ ဒီကနေ့လုပ်တယ်၊ မနက်ဖြန်မှာ လုပ်ချင်မှလုပ်မယ်၊ ဒီလိုမရဘူးနော်။ ဇွဲရှိရမယ်၊ အမြဲကြိုးစားလို့လည်း မရဘူးနော်၊
သတိဆိုတာလည်း လိုအပ်တယ်။
(၄) #သမာဓိ၊ သမာဓိဆိုတာ စိတ်တည်ငြိမ်တာကိုခေါ်တယ်။ လူတစ်ယောက် ဟာ စိတ်မတည်ငြိမ်ဘူး၊ ဂနာမငြိမ်ဘူးဆိုရင်လည်း အောင်မြင်မှုကို မရနိုင်ဘူး။ စိတ်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်။ တရားအားထုတ်မှ သမာဓိလိုတာ မဟုတ်ဘူး၊ ဘာအလုပ်လုပ်လုပ် စိတ်တည်ငြိမ်ပြီး သမာဓိရှိရမယ်။ စိတ်တည်ငြိမ်မှု မရှိရင် ဘယ်ကိစ္စမှ အောင်မြင်မှုမရှိဘူး။ သမာဓိဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ စိတ်တည်ငြိမ်နေတာမျိုးကိုခေါ်တယ်။ စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေရဘူး။ စိတ်တည်ငြိမ်ပြီး သမာဓိရှိမှ ကိစ္စတွေအောင်မြင်နိုင်မယ်။ ဒါဟာလိုအပ်တယ်နော်။
(၅) #ပညာ၊ ဒါကတော့ သိပ်အရေးကြီးတယ်၊ ပညာဆိုတာ လုပ်သင့်တာ လား, မလုပ်သင့်ဘူးလား၊ ဒီ ၂-ခုကို ခွဲခြားပြီးတော့ သိရမယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ခွဲခြားတတ်ရမယ်၊ ပြောသင့်တာလား, မပြောသင့်တာလား၊ စိတ်ကူး သင့်လား, စိတ်မကူးသင့်ဘူးလား ဒါကိုခွဲခြားပြီး အမြဲဆန်းစစ်နေရမယ်။ လုပ်သင့် တာ, မလုပ်သင့်တာကို ခွဲခြားပြီး မသိဘူးဆိုရင် ဘာတွေဖြစ်မလဲဆိုရင် လုပ်သင့်တာကို မလုပ်ဘဲနေမယ်ဆိုရင် အကျိုးပျက်ပြားသွားမယ်၊ လောကမှာ လုပ်သင့်တာ လည်းရှိတယ်, မလုပ်သင့်တာလည်း ရှိတယ်။လူတွေ ပြောပြောနေကြတာရှိတယ်။ ဒီကောင် မလုပ်သင့်တာကို လုပ်မိလို့ ဒုက္ခရောက်တယ်လို့ ပြောကြတယ်။ လုပ်သင့်တာကို မလုပ်ရင်လည်း ဒုက္ခရောက် တတ်တယ်နော်။ ဒီတော့ လုပ်သင့်တာကိုလုပ်ရမယ်, မလုပ်သင့်တာကို ရှောင်ကြဉ်ရမယ်နော်။ အဲဒါမှ အကျိုးစီးပွားတွေတိုးတက်လာမယ်။ ပညာကတော့ အဆင့်အဆင့် အကျိုးစီးပွားတွေ မြင့်မားလာစေတယ်နော်။ ပေါင်းလိုက်တော့ ဒီအရည်အသွေး ၅-ရပ်ကို မိမိသန္တာန်မှာ ရှိစေရမယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး #သုဝဏ္ဏသျှမ်
#စာဖတ်သူတစ်ယောက်၏မှတ်စုများ
#“ဓမ္မအသိနဲ့ နေမယ်”တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။

ရဟန်းတို့သာ ခံစားရသော ဒုက္ခ ၅ မျိုး***************ရဟန်းတော်များ ခံစားရသည့် ဆင်းရဲခြင်းငါးပါး။(၁) စီဝရ အသန္တုဋ္ဌ၊ရရှိနေသေ...
21/02/2024

ရဟန်းတို့သာ ခံစားရသော ဒုက္ခ ၅ မျိုး
***************

ရဟန်းတော်များ ခံစားရသည့် ဆင်းရဲခြင်းငါးပါး။
(၁) စီဝရ အသန္တုဋ္ဌ၊
ရရှိနေသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၂) ပိဏ္ဍပါတ အသန္တုဋ္ဌ၊
ရရှိနေသော ဆွမ်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၃) သေနာသန အသန္တုဋ္ဌ၊
ရရှိပြီးသော ကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၄) ဘေသဇ္ဇ အသန္တုဋ္ဌ၊
ရရှိပြီးသော လက်ရှိဆေးဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၅) ဗြဟ္မစရိယ အနဘိရတ၊
ရဟန်းကျင့်ဝတ်၌ မပျော်ပိုက် မကျင့်ကြံနိုင်သော ရဟန်း၊
#တိပိဋကမြန်မာပြန် #ဘာသာရေး #တိပိဋက

❝စွန့်လွှတ်ခြင်းနှင့်အနစ်နာခံခြင်း❞ဘုရားအလောင်းတော် တေမိမင်းသားသည်အတိတ်ဘဝကိုမှတ်မိသည့် ဇာတိဿရဉာဏ်ပါလာသောကြောင့် ငရဲကျခဲ့...
18/02/2024

❝စွန့်လွှတ်ခြင်းနှင့်အနစ်နာခံခြင်း❞

ဘုရားအလောင်းတော် တေမိမင်းသားသည်
အတိတ်ဘဝကိုမှတ်မိသည့် ဇာတိဿရဉာဏ်
ပါလာသောကြောင့် ငရဲကျခဲ့ရသည်ကို
မှတ်မိနေခဲ့၏။
အဘယ့်ကြောင့် ငရဲကျခဲ့ရသလည်း ဟု အကြောင်းကိုရှာကြည့်သော် ဘုရင်တစ်ပါးဖြစ်ခြင်းဟူသော အကြောင်းတရား ပေါ်လာ၏။
ဘုရားအလောင်းတော်သည် ဘုရင်တစ်ပါးဖြစ်စဉ်က
တိုင်းပြည်ကို တရားဥပဒေနှင့်အညီအုပ်ချုပ်ခဲ့သည်။
လက်ဖြတ်သင့်တဲ့ ရာဇဝတ်သားဆို
လက်ဖြတ်စေသည်၊သေဒဏ်ကျသင့်သည့်ရာဇဝတ်သားဆို သတ်စေသည်။
ထိုကဲ့သို့ တိုင်းပြည်အေးချမ်းသာယာဖို့အတွက်၊ပြည်သူတွေရဲ့ဘဝတွေအေးချမ်းသာယာဖို့အတွက် ပါဏာတိပါတကံဆိုတဲ့အမှုကိုကျူးလွန်ပြီး ငရဲကျခဲ့ရ၏။
အများအကျိုးအတွက်ဆောင်ရွက်ခြင်းသည် မွန်မြတ်သည့် ကုသိုလ်တရားဖြစ်သော်လည်း
သူ့အသတ်ကိုသတ်ခြင်းသည် အကုသိုလ်ဖြစ်ပေသည်။

ထို့အပြင် ဘုရားအလောင်းတော်
သုမေဓာရှင်ရသေ့ဘဝမှာပင်
ဒီပင်္ကရာမြတ်စွာဘုရားရဲ့ တရားကိုနာကြားပြီး
ရဟန္တာဖြစ်နိုင်သည့် ပါရမီဓာတ်ခံတွေရှိနေပြီးဖြစ်သည်။သို့သော် သံသရာဆင်းရဲတွင်းမှာ
ဒုက္ခခံပြီး သတ္တဝါတွေအားလုံး၏ ဆင်းရဲဒုက္ခမှလွတ်မြောက်ရေး အတွက် ကြိုးစား ခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်တချို့ကို
ကြည့်ပြီး ❝ မြတ်စွာဘုရားဟာ သတ္တဝါတွေချမ်းသာဖို့အတွက် အနစ်နာခံခဲ့တယ် ❞ ဟူသော စကားကိုသုံးစွဲကြ၏။
စင်စစ်ဗုဒ္ဓမြတ်စွာသည် အနစ်နာခံခဲ့ခြင်းမဟုတ်၊စွန့်လွှတ်ခဲ့ခြင်းသာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်
❝ အနစ်နာခံတယ်ဆိုသော
စကားသည် ကိုယ့်အကျိုးစီးပွား ပျက်စီးသွားတဲ့သဘော၊ဆုတ်ယုတ်သွားတဲ့သဘောမျိုးကိုသာဆိုလိုခြင်းဖြစ်သည် ❞

❝ စွန့်လွှတ်တယ်ဆိုသော
စကားသည် ကိုယ့်အကျိုးစီးပွားအတွက်၊သတ္တဝါတွေရဲ့အကျိုးစီးပွားအတွက် ပါရမီဖြည့်တဲ့သဘောမျိုးဖြစ်သည့်အတွက် သဘောတရားခြင်းက ကွာခြားလှပေသည် ❞

လူအများစုက စွန့်လွှတ်ခြင်းနှင့်အနစ်နာခံခြင်းကို
❝ စွန့်လွှတ်အနစ်နာခံခြင်း ❞ဟူ၍တွဲသုံးလိုက်သည့်အခါ အဓိပ္ပာယ်တူသယောင်ဖြစ်သွားခြင်းသာဖြစ်၏။စွန့်လွှတ်ခြင်းသည် မိမိ၏အကျိုးစီးပွားပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ မိမိ၏အကျိုးစီးပွားဖြစ်ထွန်းစေနိုင်သည့် ပါရမီထိုက်သော အရာပင်ဖြစ်သည်။

မြတ်စွာဘုရားသည် ထူးခြားသည့်
သဗ္ဗေညုတဉာဏ်တော်ကြီးကို ရရှိဖို့အတွက်
❝ စွန့်ခြင်းကြီး(၅)ပါး❞ ဖြည့်ကျင့်ခဲ့သလို
အများကြားဖူးနေကြသည့် ❝ ပါရမီ(၁၀)ပါး ❞
ဆိုသည်မှာလည်း
တစ်နည်းအားဖြင့် စွန့်လွှတ်မှု(၁၀)မျိုးပင်
ဖြစ်ပေသည်။ ဥပမာအနေဖြင့်ပြရသော်

🛑(၁)သိမ်းပိုက်ခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝ ဒါနပါရမီ ❞ ဖြစ်၏။

🛑(၂)ကာယကံနှင့်ဝစီကံ လွန်ကြူးခြင်းကို
စွန့်လွှတ်လိုက်ခြင်းသည် ❝ သီလ ပါရမီ ❞
ဖြစ်၏။

🛑(၃)တောထွက်၍ ကိလေသာ ကာမဂုဏ်အာရုံတွေကိုစွန့်လွှတ်လိုက်ခြင်းသည်
❝ နေက္ခမ္မပါရမီ ❞ ဖြစ်၏။

🛑(၄)မသိမှု၊မိုက်မဲမှုတို့ကို စွန့်လွှတ်လိုက်ခြင်းသည်
❝ ပညာပါရမီ ❞ ဖြစ်၏။

🛑(၅)ပျင်းရိခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝ဝီရိယပါရမီ ❞ ဖြစ်၏။

🛑(၆)အမျက်ထွက်ခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝ခန္တီပါရမီ ❞ ဖြစ်၏။

🛑(၇)လိမ်လည်ခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝သစ္စာပါရမီ ❞ ဖြစ်၏။

🛑(၈)မခိုင်မြဲခြင်း၊ယိမ်းယိုင်ခြင်းကို စွန့်လွှတ်လိုက်ခြင်းသည် ❝ အဓိဌာန် ပါရမီ ❞ ဖြစ်၏။

🛑(၉)သူတစ်ပါးအကျိုးစီးပွားဖျက်စီးခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝ မေတ္တာပါရမီ ❞ဖြစ်၏။

🛑(၁၀)ချစ်ခြင်း၊မုန်းခြင်းကို စွန့်လွှတ်လိုက်ခြင်းသည်
❝ ဥပေက္ခာပါရမီ ❞ ဖြစ်၏။

ထို့ကြောင့် မိမိတို့၏ နေ့စဉ်ဘဝမှာ
လောဘ၊မစ္ဆရိယစသည့် တရားတွေကို
စွန့်လွှတ်နိုင်အောင် ❝ ဒါန ❞ ပြုရမည်။
ကိုယ်၊နှုတ် တို့နှင့်ဆက်သွယ်ပြီး
လွန်ကြူးတတ်သည့် လောဘ၊ဒေါသတရား
တွေကို စွန့်လွှတ်နိုင်အောင် ❝ သီလ ❞
ဆောက်တည်ရမည်။
မနောနှင့်ဆက်သွယ်ပြီး ကာမစ္ဆန္ဒ၊ဗျာပါဒစသည့်
နီဝရဏတရားတွေကို စွန့်လွှတ်နိုင်အောင်
❝ သမထဘာဝနာ ❞ ပွားများရမည်။
ဒိဌိနှင့်ဝိစိကိစ္ဆာမှစ၍ ကိလေသာအားလုံးကို
စွန့်လွှတ်နိုင်အောင် ❝ ဝိပဿနာဘာဝနာ ❞
ပွားများရမည်။

စွန့်လွှတ်ခြင်းကို ပရမတ်ဉာဏ်အမြင်ဖြင့်
ကြည့်သည့်အခါ မိမိတို့၏သန္တာန်၌
အကုသိုလ်တွေမဖြစ်အောင် တဏှာ၊မာန၊ဒိဌိ
စသည့် သံသရာနယ်ချဲ့ ကိလေသာတရားဆိုးတွေကို ဖျက်စီးလိုက်ခြင်းဖြစ်ကြောင်း ပေါ်လွင်လာ၏။ထို့ကြောင့် လောက၌စွန့်လွှတ်သင့်သည့်
အရာမှန်သမျှကိုစွန့်လွှတ်ခြင်းဖြင့်
ကပ်ငြိတွယ်တာမှုကင်းသည့် အလောဘဓာတ်၊
သတ္တဝါတွေရဲ့ အကျိုးကိုလိုလားသည့် အဒေါသဓာတ်၊
အကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်သည့် အမောဟဓာတ်တွေ မိမိတို့၏သန္တာန်၌ ကိန်းဝပ်လာပေလိမ့်မည်။

ပြည့်စုံ(တောင်ငူ)
၁၉.၁.၂၀၂၄✍️
Share.ရတနာ 🙏🙏🙏...

သင်္ကန်းပေါ်မှအကွက်များ၏ အဓိပ္ပါယ်... ******************သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ဝတ်ရုံတော်မူသည့်သင်္ကန်းသည် လူဝတ်ကြေ...
15/02/2024

သင်္ကန်းပေါ်မှအကွက်များ၏ အဓိပ္ပါယ်...
******************

သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ဝတ်ရုံတော်မူသည့်သင်္ကန်းသည် လူဝတ်ကြောင်များဝတ်ကြသော အဝတ်အစားများနှင့်မတူပါပေ။ ကမ္ဘာ့ကမ္ဘာကြာမှ ပေါ်လာသည့် အရဟတ္တဓဇ (ရဟန္တာတို့၏တံခွန်) သင်္ကန်း ဖြစ်၏ ။ (ပုံပါအတိုင်းကြည့်ပါ)၊ အတွင်းပိုင်းတွင်(၅)ပိုင်း ( ၎င်းတို့ကိုလယ်ကွက်ပုံဖေါ်ထားသည် ) အနားပတ် အလျား(၂)စ၊ အနံ(၂)စ၊ စုစုပေါင်း အစ(၉)စ ရှိ၏၊

၎င်းသင်္ကန်းကို ဝတ်ရုံထားကြသည့် သံဃာတော်များသည် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဆိုတဲ့ “ လူ နတ် ဗြဟ္မာသတ္တဝါတို့၏ ကောင်းမှုမျိုးစုံစိုက်ပျိုးရာ လယ်ယာမြေကောင်းလည်း ဖြစ်ပေ၏ ” ဟူ၍ လာ၏။

မဟာဝါပါဠိတော်မြန်မာပြန်၌
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူစဉ်
လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏လယ်ကို မြင်တော်မူ၍အရှင်အာနန္ဒာကို
“ အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်၏လော ” ဟု မိန့်တော်မူ၏။ “ မြင်ပါသည် အရှင်ဘုရား ” ဟု (လျှောက်၏) ၏
“ အာနန္ဒာ သင်သည် ရဟန်းတို့အား ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှာ စွမ်းနိုင်ပါမည်လော ” ဟု( မေးတော်မူ၏) ။
“ စွမ်းနိုင်ပါသည် အရှင်ဘုရား ” ဟု (လျှောက်၏) ။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် တဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရား ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို
“ ဘုန်းတော်ကြီးသော အရှင်ဘုရား တပည့်တော် စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မုူပါ ” ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို
" ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ကြီးသော ပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့် သိဘိ၏၊

အနားပတ်(အနုဝါတ) ၊ တလုပ်မြောင်းရှည် (ကုသိ) မည်သည်ကိုလည်း ပြုဘိ၏၊ တလုပ်မြောင်းငယ်(အဍ္ဎကုသိ) ကိုလည်း ပြုဘိ၏၊ အိမ်ဝန်းကြီး(မဟာမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အိမ်ခွဲ(အဍ္ဎမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အလယ်ခေါင်(ဝိဝဋ္ဋ)ကိုလည်း ပြုဘိ၏၊

ခေါင်ရံ(အနုဝိဝဋ္ဋ)ကိုလည်း ပြုဘိ၏၊ လည်ထိရာခံသော အနားပတ်(ဂီဝေယျက) ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာခံသော အနားပတ်(ဇင်္ဃေယျက) ကိုလည်း ပြုဘိ၏၊

လက်လိပ်ကိုလည်း ပြုဘိ၏၊ ဖြတ်လည်းဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ရဟန်းတို့အား လျှောက်ပတ်၏၊ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်တို့ ဖြတ်သောဒုကုဋ် ဖြတ်သောကိုယ်ဝတ် ဖြတ်သောသင်းပိုင်ကို ခွင့်ပြု၏ ”
ဟူ၏။ ဓားခွဲဓားဖြတ်ဟုခေါ်ကြ၏။

( မဟာဝါပါဠိတော်မြန်မာပြန်နှင့် မုဒုံမြို့ဦးသြဘာသ၏ ဝိနည်းဥပဒေတော်ကြီး၌ အကျယ်ကြည့်နိုင်၏ )
#တိပိဋကမြန်မာပြန်

ဘုရား အနေကဇာတင်ခြင်းနှင့် ဖြစ်ပေါ်လာပုံ သမိုင်းစုံ+++++++++++အနေကဇာတင်ခြင်းသည် မြတ်စွာဘုရားကိုယ်တော် အစားပြု၍ ကိုးကွယ်ရန...
11/02/2024

ဘုရား အနေကဇာတင်ခြင်းနှင့် ဖြစ်ပေါ်လာပုံ သမိုင်းစုံ

+++++++++++
အနေကဇာတင်ခြင်းသည် မြတ်စွာဘုရားကိုယ်တော် အစားပြု၍ ကိုးကွယ်ရန် ထုလုပ်အပ်သော ရုပ်ပွားတော်၊ ဆင်းတုတော် ဟူသော ဥဒ္ဒိဿကစေတီကို “အနေကဇာတိသံသာရံ”စသော ဂါထာတို့ကို အစပြု၍ ရွတ်ဆိုပူဇော်ကာ တင်ခြင်းကို ခေါ်သည်။

အနေကဇာ
အနေကဇာ ဟူသော မြန်မာစကားသည် အနေကဇာတိဟူသော ပါဠိစကားမှ ဆင်းသက်၍ လာသောစကားဖြစ်သည်ဟု မှတ်ယူသင့်၏။ အနေကဇာတိသံသရံ စသောဂါထာတို့ကား ဥဒါန်းဂါထာ တို့တည်း။ ဥဒါန်းဟူသောပုဒ်သည် ဥဒါနဟူသော ပါဠိစကားမှ ဆင်းသက်လာသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်းအနက်ရှိသည်။ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်၍ ဆန္ဒပြီးမြောက်တော်မူသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်း ပီတိအဟုန်သည် ဖြစ်စေအပ်သော ဂါထာများဖြစ်၍ ထိုဂါထာတို့ကို ဥဒါန်း ဂါထာဟုဆိုသည်။ အနေကဇာတင်ခြင်းကို နားလည်နိုင်ရန် ရှေးဦးစွာ စေတီအပြားကို သိသင့်ပေသည်။

စေတီသုံးမျိုး
ဇာတ်အဋ္ဌကထာ ကာလိင်္ဂဗောဓိဇာတ်၌ စေတီသည် သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီ ဟူ၍ သုံးမျိုးလာ၏။ ထိုသုံးမျိုးတို့တွင်-

မြတ်စွာဘုရားခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်သော ဓာတ်တော်၊ မွေတော်၊ ညှပ်ရိုးတော်၊ နဖူး သင်းကျစ်တော်၊ စွယ်တော်၊ သွားတော်၊ ဆံတော်၊ မွေးညှင်းတော်၊ ခြေသည်းတော်၊ လက်သည်းတော်သည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း သာရီရိကစေတီ မည်၏။
ဘုရားလောင်း၏ အသုံးအဆောင်ဖြစ်သော ဝတ်လဲတော်ပုဆိုး၊ ဆံတော်စသည်လည်းကောင်း၊ မြတ်စွာဘုရား၏အသုံးအဆောင် ဖြစ်သော ဗောဓိပင်၊ ကျောင်းတော်စသော အဆောက်အဦသည်၎င်း၊ သပိတ်တော်၊ သင်္ကန်းတော်၊ တောင်ဝှေးတော်စသော ပရိက္ခရာသည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ပရိဘောဂစေတီမည်၏။
ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ကျောက်၊ အုတ်၊ အင်္ဂတေ၊ မြေ၊ သစ်သား စသည်တို့ကို ထုလုပ်ထားသော ရုပ်တုတော်ဆင်းတုတော်သည် ၎င်း၊ ဆေးမင်တို့ဖြင့် ရေးသားရိုက်နှိပ်ထားသော ဓာတ်ပုံဓာတ်ကားသည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ဥဒ္ဒိဿကစေတီမည်၏။
သာရတ္ထဒီပနီဋီကာ ဗာဟိရနိဒါန်း၌ကား− သာရီရိကစေတီနှင့် ဓာတုစေတီဆိုသည် မှာ သဒ္ဒါသာကွဲ၍ အနက်မှာ အတူတူပင်ဖြစ်သည်။ ဓမ္မစေတီတစ်ခုသာ ထူးသည်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ် စသော ပိဋကတ်တော်သည်၎င်း၊ ယင်းပိဋကတ်တော်ကို ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ သံပြား၊ ခဲပြား၊ ကျောက်ပြား စသည်တို့၌ ရေးထွင်းကာ ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ဓမ္မစေတီမည်၏။

အနေကဇာတင်အပ်သော စေတီဆိုအပ်ခဲ့ပြီးသော ဥဒ္ဒိဿကစေတီတစ်ခုကိုသာ အနေကဇာ တင်လေ့ရှိသည်။ ကြွင်းစေတီများကို အနေကဇာ တင်လေ့မရှိချေ။ ဥဒ္ဒိဿကံ အဝတ္ထုကံဟု ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာ၌ လာရှိသည့်အတိုင်း ဥဒ္ဒိဿက စေတီမှာ အခြား သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီများကဲ့သို့ မြတ်စွာဘုရားနှင့်စပ်လျဉ်းသော ပူဇော်ဘွယ်ဝတ္ထုဟူ၍ တစ်စုံတစ်ရာ မရှိ။ မြတ်စွာဘုရားကို ရည်ညွှန်း၍ ကိုယ်စားတော်ပြုထားအပ်သော စေတီမျှသာ ဖြစ်သည်။ ထို့ကြောင့် ရှင်ဘုရင်များကို ဘိသိက်မြှောက်ခြင်းကဲ့သို့ အလေးဂရု အထူးပြုရန်အတွက် အနေကဇာတင်ခြင်းဖြစ်သည်ဟု ယူဆဘွယ် ရှိ၏။

ဖြစ်ပေါ်လာပုံ
အနေကဇာတင်ခြင်းကို မည်သည့်အခါကာလကစ၍ ဖြစ်ပေါ်လာသည်ဟု အတိအကျဖော်ပြနိုင်ရန် ကျမ်းဂန် အထောက် အထား မတွေ့ရချေ။ သို့သော် ရုပ်တုတော် ဆင်းတုတော် ဖြစ်ပေါ်လာပြီးနောက် သဒ္ဓါတရား ထက်သန် တိုးပွားစေရန် ရှေး ပညာရှိကြီးများ တီထွင်ထားသော နည်းစနစ်ကောင်းဟု ယူဆဖွယ်ရှိ၏။ သို့ဖြစ်၍ ရုပ်တုတော် ဆင်းတုတော် ဖြစ်ပေါ်လာ ရာကာလကို စိစစ်သင့်ပေသည်။

မြတ်စွာဘုရား လက်ထက်တော်အခါကာလမှစ၍ ရုပ်ပွားတော် ဆင်းတုတော် ထုလုပ်ကိုးကွယ်လာကြောင်း ဝဓင်္ဂုလိ ရာဇဇာတ် စသည်တို့၌ ဆို၏။ ဝဓင်္ဂုလိရာဇာတ်၌ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ခွင့်ပြုတော် မူချက်အရ စန္ဒကူး နံ့သာကို ရုပ်တုတော် ထုလုပ်ကိုးကွယ်ကြောင်း အဆိုရှိ၏။ ဆကေသဓာတုဝင်၌လည်း မြတ်စွာဘုရား လက်ထက် ရဟန္တာအရှင်မြတ်ကို မိန့်ကြားတော်မူချက်အရ သမုဒ္ဒရာနှင့် မနီးမဝေးသော ပစ္စန္တရစ်အရပ်၌ မြတ်စွာဘုရား၏ရုပ်တုတော်ကို သိကြားမင်း ဖန်ဆင်းကြောင်း အဆိုရှိ၏။

သတ္တနာဝိကထူပဝင်၌လည်း လှေသူကြီး ခုနစ်ဦးနှင့် ကျေးလူမျိုးကုန်သည်တို့သည် ဆံတော်ဓာတ်ဌာပနာတိုက် အတွင်း ဝယ် ဘုရားဆင်းတုတော် ထုလုပ်၍ ဌာပနာသွင်းသည်ဟု အဆိုရှိ၏။

ယခုပြဆိုချက်များမှာ သင်္ဂါယနာတင်ကျမ်းစာများလာ စကားမဟုတ်၍ အခိုင်အမြဲ စွဲယူမှတ်သားရန် သင့်လျော်မည် မထင်ပေ။ သမန္တစက္ခုဒီပနီ၌လည်း ဝဓင်္ဂုလိရာဇဇာတ်နှင့် စပ်လျဉ်း၍ ယင်း ဝဓင်္ဂုလိရာဇဇာတ် စကားမှာ ယွန်းပဏ္ဏာသ ဇာတ်စကားဖြစ်သောကြောင့် တကြောင်း၊ သင်္ဂါယနာတင်ကျမ်းထွက်စကားမဟုတ်သောကြောင့် တကြောင်း ပညာရှိတို့ အမြတ်တနိုး မပြုကြကုန်ဟု မုံရွေးဆရာတော် ဝေဖန်ထားသည်။

မြတ်စွာဘုရား ရုပ်ပွားတော်များနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်ကြသော ကျောက်စာဝန်များက ရှာဖွေ လေ့လာခဲ့ရာ ဘုရားလက်ထက်က ထုလုပ်သော ရုပ်ပွားတော်ဟူ၍ တစ်ဆူကိုမျှ မတွေ့ရကြောင်း ဆိုကြ၏။ မြတ်စွာဘုရား ဒေသစာရီကြွတော် မူခိုက် ဘုရားကိုယ်စားတော် ပူဇော်အပ်သော စေတီအဖြစ်ဖြင့် ဇေတဝန်ကျောင်းတော်တံခါးမှာ ဗောဓိပင်စိုက်ခွင့်ပြုတော်မူ ကြောင်းသာ ကာလိင်္ဂဗောဓိ ဇာတ်အဋ္ဌကထာ၌ လာ၏။ သီရိဓမ္မာသောကမင်း လက်ထက်ကလည်း ဘုရားရုပ်ပွားတော်များ ထုလုပ်ကိုးကွယ် ရိုးထုံးစံ မရှိသေးဟု ထိုသုတေသန ပြုလုပ်သော ပညာရှိများက ဆို၏။ သီရိဓမ္မာသောကမင်းကြီးသည် မြတ်စွာဘုရား၏ ရုပ်သဏ္ဌာန်ကို ဖူးမြင်လိုသောကြောင့် ကာဠနဂါးမင်းကို မင်းအာဏာဖြင့် ခေါ်ယူ၍ ထီးဖြူမိုးကာသော ရတနာပလ္လင်တွင် နေစေပြီးလျှင် မြတ်စွာဘုရားကို သင်ကိုယ်တိုင် မြင်ဖူးရသည်။ ငါမူကား မမြင်ရပါ။ ထိုဘုရားသဏ္ဌာန်ကို ငါ့အား ဖန်ဆင်း၍ပြပါလောဟု ဆို၏။ နဂါးမင်းလည်း ဘုရားနှင့်တူအောင် ဖန်ဆင်း၍ မပြနိုင်ကြောင်း ဆိုသောအခါ အလုံးစုံ တူအောင်မပြစွမ်းနိုင်လျှင် တစ်စိတ်တစ်ဒေသမျှပင် ပြပါလောဟုဆိုရာ နဂါးမင်းသည် ဘုရားအသွင် ဖန်ဆင်းပြ ကြောင်း မဟာဝင် စသည်၌ လာရှိ၏။

ရှေးအခါ မဇ္ဈိမဒေသတွင် ဗုဒ္ဓဝါဒီ သူတော်စင်တို့ မြတ်စွာဘုရား၏ကိုယ်စားတော် ဗောဓိပင်ပုံ၊ စေတီ ပုထိုးပုံ၊ ဓမ္မစကြာ ပုံစသော အမှတ်လက္ခဏာများကိုသာ ထုလုပ်ကိုးကွယ်လေ့ရှိကြ၏။ ယင်းသို့ရှိခဲ့ရာ အိန္ဒိယ အနောက်မြောက်ပိုင်းမှ ဂန္ဓာရ တိုင်းသားတို့ ဗုဒ္ဓဝါဒီများဖြစ်လာကြသည်။ ယင်းတို့အထဲတွင် မိလိန္ဒမင်းကြီးသည် ထင်ရှားသောပုဂ္ဂိုလ်ဖြစ်၏။ ထိုဂန္ဓာတိုင်း သားတို့သည် ကျောက်ဆစ်အနုပညာရပ်၌ အလွန်လိမ္မာ၏။ သူတို့လက်ထက်ကျမှပင် ဘုရားရုပ်ပွားတော်များ စတင် ပေါ်ပေါက်လာသည်ဟု သုတေသနပြုလုပ်ကြသော ပုဂ္ဂိုလ်တို့ ဆိုကြသည်။ ယင်းသို့ ရုပ်တုတော် ဆင်းတုတော်များကဲ့သို့ ဤအနေကဇာတင်ခြင်း အလေ့အထမှာလည်း ဇင်းမယ်ပြည်မှစ၍ ဖြစ်ပေါ်လာပြီးလျှင် ထိုမှတစ်ဆင့် ဤမြန်မာနိုင်ငံသို့ ရောက်လာဟန်တူသည်ဟု ပညာရှိများဆိုကြသည်။ ဘုရားကိုးဆူ

အနေကဇာတင်ပုံ
အနေကဇာမတင်မီ ဘုရားဒါယိကာ ဒါယိကာမတို့သည် အနေကဇာတင်မည့် ဥဒ္ဒိဿကစေတီတော်အား ဆွမ်း၊ ခဲဘွယ်၊ ပန်း၊ နံ့သာ၊ ဆီမီး၊ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွားစသည်တို့သည် လှူဒါန်းပူဇော်ကြသည်။ ပင့်ဖိတ်ထားသော သံဃာတော် တို့အား ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ် စသော အထူးထူးသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းပူဇော်ကြသည်။ ပင့်ဖိတ်ထားသော မိတ်သင်္ဂဟတို့အားလည်း ဧည့်ခံကျွေးမွေးကြသည်။

ထို့နောက် သံဃာတော်တို့သည် ပန်း၊ နံ့သာ၊ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွား စသည်တို့ကို ကိုင်ဆောင်ကာ အနေကဇာ တင်မည့် ဥဒ္ဒိဿကစေတီတော်ကို ရှိခိုးလျက်-

အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟာကာရံ ဂဝသေန်တော၊ ဒုက်ခာ ဇာတိ ပုနပ်ပုနံ။
ဂဟကာရကဒိဋောသာ ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။
သဗ္ဗာတေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈေဂါ။ ဟူသော ဥဒါန်းနှစ်ဂါထာကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။
ထိုနှစ်ဂါထာအဓိပ္ပာယ်ကား-

အဖန်ဖန် ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲလှသောကြောင့် ခန္ဓာအိမ်သည် ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသော ငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ပြေးသွားခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခု မြင်အပ်ပြီ။ ခန္ဓာအိမ်ကို နောက်တစ်ဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ကိလေသာတည်း ဟူသော အခြင်းအရာ နယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ကုန်ပြီ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ငါရပြီဟု ဆိုလိုသည်။
ထို့နောက်−

ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
ယဒါဟဝေ ပါတုဘဝန္တိဓမ္မာ စသော ဥဒါန်းဂါထာများ၊
ဇယန္တော ဗောဓိယာ မူလေ စသော အဘိသေက ဂါထာများ၊
ဘုရားဂုဏ်တော်များ၊ ဇယော ဟိ ဗုဒ္ဓဿသိရီ မတောအယံ စသော နဂါး ဂဠုန် နတ်ဗြဟ္မာတို့ ဝမ်းမြောက်ဝမ်းသာ ဟစ်အော် ကြွေးကြော်ကြသော ဥဂ္ဃေါသန ဂါထာများကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။

ထို့နောက် သုနက္ခတ္တံ သုမင်္ဂလံ စသော အာသီသ ဂါထာများကို ရွတ်ဆိုပူဇော်ကာ အနေကဇာတင် ကြသည်။ အချို့လည်း စုပေါင်း အနေကဇာတင်ပြီးသောအခါ ရဟန်းသံဃာ တစ်ပါးပါးက အမွှေးနံ့သာရည် ထည့်ထားသော ဖလားကိုကိုင်၍ သပြေခက်ကို အမွှေးနံ့သာရည်တွင် နှစ်ကာ ရုပ်တုတော်၊ ဆင်းတုတော်၏ အထက်၌ ဇယန္တော ဗောဓိယာမူလေ စသော အဘိသေကဂါထာတို့ကို ရွတ်ဆိုလျက် အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ ဗုဒ္ဓါအဘိသိက် သွန်းလောင်းကြသည်။ ဤသို့ပြုလုပ်ခြင်းမှာ ရာဇဘိသိက်၊ မင်္ဂလာဘိသိက်၊ သိရိပဝေသနာ ဘိသိက် သွန်းလောင်းခြင်းတို့ကို နည်းယူ၍ ပြုလုပ်ကြဟန် တူသည်။ (ဤအနေကဇာတင်ခြင်းကို ရဟန်းသံဃာတော်များသာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် လူပုဂ္ဂိုလ်များလည်း တင်ကောင်းကြသည်ဟု မှတ်ရမည်။)

အနေကဇာတင်ခြင်း အကျိုး
အနေကကဇာတင်ခြင်းမှာ မြတ်စွာဘုရားကို ပူဇော်ခြင်းဖြစ်၍ ယခုပစ္စက္ခဤဘဝ၌ပင် ကျက်သရေမင်္ဂလာ တိုးတက်၍ အသက် ရှည်ခြင်း အဆင်းလှခြင်းစသော ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံပြီးလျှင် နတ်ပြည်နိဗ္ဗာန်ရောက်နိုင်ခြင်း အကျိုးရှိ၏။ သာမန်ဖြစ်သော ရုပ်တုတော် ဆင်းတုတော်ကို အနေကဇာ တင်ပြီးသောအခါ သက်တော်ထင်ရှား ဘုရားကဲ့သို့ အလွန် တန်ခိုးအာနုဘော်ကြီးမားလာသည်ဟု စိတ်တွင် ထင်မှတ်လာရသည်။ ရုပ်ပွားတော် ဆင်းတုတော်ကိုလည်း သက်တော် ထင်ရှား ဘုရားနှင့်မခြား လေးစားကြသည်။ ယင်းသို့ သက်တော်ထင်ရှား ဘုရားနှင့်မခြား စိတ်စေတနာ အညီအမျှထား နိုင်မူ အကျိုးအာနိသင်လည်း အညီအမျှပင် ရနိုင်၏။ ထိုကြောင့် အနေကဇာတင်ခြင်းသည် များမြတ်သော အကျိုး အာနိသင်ရှိသော ကောင်းသော အလေ့အထတစ်ခုဟု မှတ်ယူသင့်ပေသည်။ [၁]

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
#တိပိဋကမြန်မာပြန် #တိပိဋက #တရား #ဘာသာရေး #ဓမ္မ #အနေကဇာတင်

မစ္ဆရိယ နဲ့ စာဂ ...မစ္ဆရိယ ဆိုတာ အခွင့်အရေးမှန်သမျှ ကိုယ်တစ်ယောက်ပဲ လက်ဝါးကြီး အုပ်ချင်တယ်၊ ကိုယ်တစ်ယောက်ထဲပဲ အောင်မြင်ခ...
08/02/2024

မစ္ဆရိယ နဲ့ စာဂ ...

မစ္ဆရိယ ဆိုတာ
အခွင့်အရေးမှန်သမျှ ကိုယ်တစ်ယောက်ပဲ လက်ဝါးကြီး အုပ်ချင်တယ်၊

ကိုယ်တစ်ယောက်ထဲပဲ
အောင်မြင်ချင်တယ်၊ ကြီးပွါးချင်တယ်၊ တခြားသူတွေ
အောင်မြင်ကြီးပွါးတာကို မလိုလားဘူး၊

ကိုယ်တစ်ယောက်ထဲပဲ နာမည်ကြီးချင်တယ်၊
တခြားသူတွေ နာမည်ကြီးလာမှာကို မလိုလားဘူး၊

အဲဒီလို တွန့်တိုမှုမျိုးကို မစ္ဆရိယ လို့ခေါ်တာ၊
အဲဒီ့စိတ်ဓါတ်က လူတိုင်းလိုလိုမှာ အနည်းနဲ့အများ
ရှိတတ်တယ်။

စာဂ ဆိုတာကျတော့ အဲဒီ့လို မဟုတ်ဘူး၊ စွန့်လွှတ်တယ်၊ အနစ်နာခံတယ်၊ င့ါဟာရယ်လို့ မသတ်မှတ်ဘူး၊
ငါ့မှာ ဒါရှိရင် သူ့မှာလည်း ဒါမျိုး ရှိပါစေ၊
ဒီလိုမျှဝေတတ်တဲ့သဘောကို စာဂ လို့ခေါ်တယ်။

မျှဝေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်က စားစရာလေး မုန့်လေးတစ်ချပ်
ရလာရင်လည်း တစ်ဖဲ့စီ စားမယ်ဆိုတဲ့စိတ်ဓါတ်မျိုး
ရှိလာတယ်၊ အဲဒါမျိုးကို စာဂ လို့ခေါ်တယ်။

အဲ့ဒီ မစ္ဆရိယဆိုတဲ့ အညစ်အကြေးကင်းနေမှ စာဂ ဆိုတဲ့
ဒါနဆိုတာ ပေါ်လာတာ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

 #ဗုဒ္ဓ၏အဆုံးအမ_၉_ချက်************************🙏🙏🙏🙏၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း         ကိုယ်လုပ်သမျှ အကောင်းအဆ...
06/02/2024

#ဗုဒ္ဓ၏အဆုံးအမ_၉_ချက်
************************🙏🙏🙏🙏

၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း

ကိုယ်လုပ်သမျှ အကောင်းအဆိုးကို ကိုယ်ပဲ တာဝန်ယူ၊ တာဝန်ခံရမယ်။ ကောင်းတာ လုပ်ပြီးလည်း လူသိအောင် လိုက်ကြွားနေစရာ မလိုသလို၊ မကောင်းတာ လုပ်ပြီးရင်လည်း ရှောင်လွှဲလို့ မရဘူး။ ဒါတွေအကုန်လုံးက တစ်နေ့ကိုယ့်ဆီ ပြန်ရောက်လာမှာပဲ။

ဒီအတွက် သူများတွေ မဟုတ်တာ လုပ်ပြီး ကြီးပွားနေတိုင်းလည်း ကိုယ်လိုက်မလုပ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်နိုင်လာလိမ့်မယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း ဖြစ်ပါတယ်။

၂။ အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံခြင်း

ဗုဒ္ဓက အကြောင်းမဲ့ ဖြစ်နေတာ ဘာမှမရှိဘူးလို့ ဆိုတယ်။ အားလုံးဟာ အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ဖြည့်ဆည်းဖို့ လိုလိမ့်မယ်။

ဥပမာ ကွန်ပျူတာ တက်ချင်ရင် ကွန်ပျူတာ သင်ပေါ့။ ပိုက်ဆံချမ်းသာချင်ရင် ပိုက်ဆံချမ်းသာစေမဲ့ အကြောင်းတရားတွေကို လုပ်ပေါ့။ စိတ်ညစ်ညူးစေမဲ့ အရာတွေကို လုပ်နေပြီး စိတ်ချမ်းသာချင်လိုက်တာ အော်နေလို့တော့ မရဘူးပေါ့။ စနစ်အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုလည်း ဂုဏ်တော်ပုတီး စိပ်နေရုံနဲ့တော့ ဘယ်ရမလဲ။ ဆိုင်ရာအကြောင်းတရားတွေကို ဖြည့်ဆည်းမှ ရမှာပေါ့။

အဲ့လို မဟုတ်ဘဲ ဗေဒင်မေးမယ်၊ ယတြာချေမယ်၊ အဆောင်အယောင်တွေ၊ နတ်တွေကို အားကိုးနေမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ ပြောလို့ မရနိုင်သေးပါဘူး။

၃။ အစွန်းမရောက်ခြင်း

မဇ္ဈိမ ပဋိပဒါဆိုတာ ဘာလာလာ ကြားချဖို့ မဟုတ်ဘူး။ အစွန်းမရောက်တာကို ဆိုလိုတာပါ။ မလိုအပ်တဲ့ ဒုက္ခဆင်းရဲတွေ ခံနေတာလည်း အစွန်းတစ်ဖက်၊ ကာမဂုဏ်စည်းစိမ်တွေ ခံစားပြီး ယစ်မူးနေတာလည်း အစွန်းတစ်ဖက်။ ဒီနှစ်ခုလုံးကို ရှောင်ရှားပြီး အစွန်းလွတ်အောင် နေတာပါ။

သေချာစဉ်းစားကြည့်ရင် ဘဝရဲ့ အစိတ်အပိုင်းအားလုံးမှာလည်း အသုံးတည့်ပါတယ်။ ဥပမာ အောင်မြင်လိုစိတ် မရှိရင် လူက ဘာမှဖြစ်ထွန်းမှာ မဟုတ်ဘူး။ အောင်မြင်လိုစိတ် လွန်ကဲသွားပြန်ရင်လည်း မဟုတ်တဲ့နည်းတွေနဲ့ ကြိုးစားမိတတ်တယ်။

Balanced diet, Balanced Life, Work Life Balance စသဖြင့် ပြောနေကြတာတွေ အကုန်လုံးဟာလည်း ဒီသဘောပါပဲ။

၄။ ကြိုးစားအားထုတ်မှု

ဗုဒ္ဓဟာ ကြိုးစားအားထုတ်ခြင်းကို အထူးအလေးထားပါတယ်။ မဂ္ဂင် ၈ ပါးမှာလည်း မှန်သော အားထုတ်မှု (Right effort) ဆိုတာကို ထည့်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံထားတဲ့သူဟာ မကြိုးစားလို့ကို မရဘူး။

ဘဝမှာ ပြည့်စုံဖို့ဆိုလည်း ကြိုးစားရတယ်။ ကျန်းမာဖို့လည်း ကြိုးစားရတယ်။ ကုသိုလ်ပြုဖို့ဆိုလည်း ကြိုးစားရတယ်။ တရားထိုင်မယ်ဆိုလည်း ထိုင်နည်းတွေ လေ့လာရတယ်။ ကိုယ်တိုင်ထိုင်ကြည့်ရတယ်။ အဆင်မပြေရင် အတွေ့အကြုံရှိသူကို မေးမြန်းရတယ်။ အဲ့တော့မှ တဖြည်းဖြည်း အဆင်ပြေလာတာ။

၅။ စဉ်းစားဆင်ခြင်မှု

ဗုဒ္ဓဝါဒမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေမှာ အားအနည်းဆုံးကလည်း အဲဒါပဲ။ ပညာရေးစနစ်နဲ့လည်း ဆိုင်တာပေါ့။ ဦးနှောက်တွေကို စဉ်းစားဖို့ထက် မှတ်သားဖို့၊ လိုက်နာဖို့၊ နာယူဖို့ပဲ လေ့ကျင့်ပေးလိုက်တဲ့အခါ ဗုဒ္ဓဖြစ်စေချင်တာနဲ့က တခြားစီ ဖြစ်လာတယ်။

ဗုဒ္ဓအဆုံးအမတွေထဲမှာ ကာလာမသုတ် ဆိုတာ ထင်ရှားသလောက် အင်မတန်လည်း လေးစားစရာ ကောင်းတယ်။ ဘယ်သူပြောလို့မှ မဟုတ်ဘဲ ကိုယ်တိုင်အသိနဲ့သာ လက်ခံပါ ဆိုပြီး ဟောခဲ့တာ။ ဘာကိုမဆို ဝေဖန်ပါ။ ဆန်းစစ်ပါ။ စဉ်းစားပါ။ ဘုရားအဆုံးအမတွေကိုတောင်မှ ဘာကြောင့် ဒီလိုဆုံးမခဲ့တာလဲ၊ တားမြစ်ခဲ့တာလဲ၊ တိုက်တွန်းခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို နားလည်ရင် ကိုးကွယ်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

၆။ ကိုယ်ချင်းစာတရား

လူ့ဘောင်အဖွဲ့အစည်းတစ်ခု သာယာဖို့ဆိုတာ ကိုယ်ချင်းစာတရားရှိတဲ့ လူတွေ လိုအပ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်စောင့်ထိန်းကြရတဲ့ ငါးပါးသီလဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို အခြေခံတာပဲ။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်တာ ဖြစ်လို့ မဟာဒါနလို့လည်း ဆုံးမခဲ့တယ်။

ဒီတော့ ကုသိုလ်ရဖို့ ဆိုတာမျိုးလောက် မဟုတ်ဘဲ ကိုယ်ချင်းစာတရားကို ကိုယ့်စိတ်ထဲမှာ မွေးမြူနိုင်ဖို့ လိုတယ်။ ဥပမာ ဆေးလိပ်မသောက်တတ်တဲ့သူရှေ့မှာ ဆေးလိပ်မသောက်ရဘူး ဆိုတာ ငါးပါးသီလထဲ မပါဘူး။ သို့သော် ကိုယ်ချင်းစာတရား ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်။ လုပ်သင့် မလုပ်သင့် ကွဲကွဲပြားပြား ဖြစ်သွားလိမ့်မယ်။

၇။ မေတ္တာ၊ ကရုဏာထားဖို့

ဒါလည်း ဗုဒ္ဓအဆုံးအမတွေမှာ မကြာခဏ ကြားရတဲ့အချက် ဖြစ်တယ်။ မေတ္တာဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားမျိုးကို ဆိုလိုတာ။ ကောင်းစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ အဲ့လိုစိတ်ကလေးထားပြီး ဘယ်သူ့ကိုမဆို ကူညီတယ်။ နှုတ်အားဖြင့် ဖေးမတယ်။ အားပေးတယ်။ ကရုဏာဆိုတာကတော့ သနားကြင်နာမှုပေါ့။ ဆင်းရဲဒုက္ခရောက်နေသူတွေကို စောင့်ရှောက်တယ်။ မျှဝေတယ်။ ဒါတွေဟာ ကိုယ်ချင်းစာတရားလိုပဲ သာယာတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့မှာ သိပ်လိုအပ်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်တယ်။

၈။ စိတ်ဗဟိုပြု သင်ကြားမှု

ဗုဒ္ဓအဆုံးအမတွေကို Mind-centered teaching လို့လည်း ဆိုကြတယ်။ လေ့လာမိသလောက် ဘာသာတရား အားလုံးထဲမှာ စိတ်ကို အသေးစိတ်အကျဆုံး ဟောကြားခဲ့တာ ဗုဒ္ဓပဲ။ သတ္တဝါတွေမှာ ကိုယ်နဲ့ စိတ်၊ ရုပ်နဲ့ နာမ် ဆိုပြီး ရှိတယ်။ အဲဒီစိတ်ဆိုတာကိုမှ ၄ ခု ထပ်ခွဲလိုက်သေးတယ်။ ရုပ်နဲ့ ပေါင်းလိုက်တော့ ၅ ခု။ ဒါကို ခန္ဓာ ၅ ပါးလို့ ခေါ်တယ်။ တစ်နည်းအားဖြင့် စိတ်ကို ခွဲခြမ်းစိတ်ဖြာလိုက်တာပဲ။

မေတ္တသုတ်မှာဆို မေတ္တာထားနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့မှာ ဘယ်လိုအချက်တွေ လိုအပ်သလဲ အသေးစိတ် ဟောထားတယ်။ စိတ်အညစ်အကြေးတွေဆိုရင်လည်း စိတ်ပုပ်၊ စိတ်ယုတ်ကိုမှ ခေါ်တာ မဟုတ်ဘူး။ အတိတ်ရောက်လိုက်၊ အနာဂတ်ရောက်လိုက်နဲ့ ပျံ့လွင့်နေတာသည်လည်း စိတ်ကို ညစ်နွမ်းစေတဲ့ အညစ်အကြေးပဲတဲ့။ မနာလိုတာကလည်း စိတ်အညစ်အကြေးပဲ။ အရှက်အကြောက် မရှိတာကလည်း စိတ်အညစ်အကြေးပဲတဲ့။

တရားထိုင်တာ၊ ဝိပဿနာ အားထုတ်တာတွေကလည်း တကယ်တော့ ကိုယ့်စိတ်ကို လေ့လာနေခြင်း၊ ပိုင်းခြားရှုမြင်ခြင်း၊ ကုသနေခြင်းပါပဲ။ ဒါကြောင့် စိတ်နဲ့ ပတ်သက်လို့ အားထုတ်မှု၊ လေ့ကျင့်မှု တစ်စုံတရာ ရှိနေမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

▪️၉။ အစွဲအလမ်းတွေကို ဖြတ်တောက်ဖို့

ဗုဒ္ဓဝါဒက သံသရာဆိုတာ ရှိတယ်။ တစ်ဘဝပြီးတစ်ဘ၀ ဖြစ်နေရတယ်လို့ ဆိုတယ်။ ဘဝဖြစ်ခြင်းဟာ ဒုက္ခဆင်းရဲပဲ။ ဘာလို့ ဒုက္ခဖြစ်တာလဲဆိုတော့ မတည်မြဲလို့၊ ကိုယ်မပိုင်လို့၊ အစိုးမရလို့။ ဒီတော့ နှစ်သက်စရာ မကောင်းဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘုံတစ်ခု မဟုတ်ဘူး။ ဘဝအသစ် ထပ်မဖြစ်တော့ခြင်းကို ဆိုလိုတာ။ သံသရာ မလည်တော့တာပေါ့။ အဲ့လိုလွတ်မြောက်ဖို့ဆို တဏှာဆိုတဲ့ အစွဲအလမ်းကို ဖြတ်တောက်ဖို့ လိုလိမ့်မယ်။ ဗုဒ္ဓရဲ့ တကယ့်အရေးကြီး သင်ကြားမှုတွေဖြစ်တဲ့ သစ္စာ ၄ ပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့ ဆိုတာကလည်း ဒါကိုပဲ အကျဉ်းအကျယ် ဟောထားတာပဲ။

နောက်ဆုံး၊ အဲ့လိုနိဗ္ဗာန်ကို မလိုချင်ပါဘူး၊ သို့မဟုတ် သံသရာဆိုတာကို မယုံပါဘူး ဆိုရင်တောင် ခုလက်ရှိဘဝမှာပဲ စဉ်းစားကြည့်။ စိတ်အေးချမ်းမှုနဲ့ စိတ်စွဲလမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်။ စိတ်စွဲလမ်းမှု များလေလေ စိတ်မအေးချမ်းရလေပဲ။ ငွေ ၁ သိန်း ခိုးခံရလို့ ဘာမှမဖြစ်ဘူး။ 'ကိုယ်ပိုင်တဲ့' ငွေ ၁ သိန်း ခိုးခံရတယ်ဆိုမှ လူက ပူလောင်တာလေ။ သက်ရှိသတ္တဝါကို စွဲလမ်းမယ်။ ပစ္စည်းဥစ္စာကို စွဲလမ်းမယ်။ ငွေကို စွဲလမ်းမယ်။ ရာထူး၊ ဂုဏ်ဒြပ်ကို စွဲလမ်းမယ်။ ဘာကိုပဲ စွဲလမ်းစွဲလမ်း သေချာတာက ပူပန်ရမှာပဲ။ ဒါကြောင့် စိတ်အေးချမ်းချင်တဲ့သူဟာ စွဲလမ်းမှုကို လျှော့ချဖို့ လိုအပ်တယ်။

ဒီ ၉ ချက်ကတော့ ဗုဒ္ဓဟောကြားချက်တွေထဲမှာ မကြာခဏ ကြားရလေ့ရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓ အထူးပြုပြီး ဆုံးမခဲ့တာတွေပေါ့။ တခြားလည်း ကျန်ကောင်းကျန်နိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကျင့်သုံးနေထိုင်မှသာ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။
🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹
🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼
.⃣🙏🌹🙏🌹🙏⃣
#ရိုသေလေးစားလျှက်⃣🙏🌷🙏🌷🙏🌷🙏🌷🙏⃣
#မေတ္တာများစွာဖြင့်....☆☆☆☆☆
⃣☞🌹♠🅣🅐🅜♠🌹☜⃣
⃣🙏💗🙏💗🙏💗🙏💗🙏⃣
#စာပေချစ်သူများကိုလေးစားလျှက်
⃣🙏💕🙏💕🙏💕🙏💕🙏⃣

Address

Mandalay
Mandale
05011

Telephone

+959797300237

Website

Alerts

Be the first to know and let us send you an email when Dhamma Yadanar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Dhamma Yadanar:

Share