A Phyu Aphyu

A Phyu Aphyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Phyu Aphyu, Mandalay.

တိမ်တွေပေါ်က လိမ့်ကျခြင်း(၁)ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းသည် မြန်မာပြည်ကိုခေါ်သလားမသိ။ငယ်ငယ်က မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတ...
05/02/2019

တိမ်တွေပေါ်က လိမ့်ကျခြင်း(၁)

ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းသည် မြန်မာပြည်ကိုခေါ်သလားမသိ။
ငယ်ငယ်က မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲဟု ဆရာမကို မေးမိရာ ထိပ်ခေါက်ခံရသည်။ အဖြေကားမရ။

သားသားကြီးရင် ဘာလုပ်မလဲဟု အမေက မေးသောအခါ အာကာသယာဉ်မှူးလုပ်မည်ဟု ဖြေဖြစ်သည်။ နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။

အိမ်ရှေ့က အဝီစိတွင်းကြောင့် ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ အလျှံအပယ်ရှိလိမ့်မည်ဟု အယူမှားမိပြန်သည်။

အိမ်ကဘုရားစင်သည် ကျွန်တော့်မုန့်ဖိုးထက်ပို၍ အကုန်အကျများ၏။ အမေသည် ဘုန်းဘုန်းကြွလာသောအခါ နံနက်စောစောထ၍ ချက်ပြုတ်ထားသော ဆွမ်းကိုကပ်၏။ သီလရှင်များလာသောအခါ ကန်တော့ပါသေးရဲ့ဟု ဆို၏။ gender ခွဲကြောင်း ဝေဖန်မိ၍ အမေက မျက်စောင်းခဲ၏။

မနက်တိုင်း ကြေးစည်ထု၍ ဘုရားရှိခိုးသောအဘွားထံတွင် ဘုရားရှိခိုး ပါဠိစာသားများ၏ အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။ အဖွားက ကုသိုလ်ရတယ်လူလေးရဲ့ဟုသာ ပြောတတ်ရှာလေသည်။

ဘုရားဆွမ်းတော်ကို အမက သူစားချင်သောသစ်သီးများ ဝယ်၍ တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။ ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။ ဘုရားပန်းများကိုကား ရက်ခြားလွှင့်ပစ်ရသဖြင့် အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း တော်သေးတယ်။ အခုဟာက ဘုရားက ပန်လို့လားဟဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။

အဖေသည် တစ်ရက် ထူးထူးဆန်းဆန်းစကားကို ဆို၏။ ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။ ရှိစုမဲ့စု စုထားသော ငွေကလေးကို ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည်ဟု ထင်မှတ်မှားနေခဲ့ဖူးသည်။ ယခုမူ ဘုရားဖူးစရိတ်တဲ့။ အဖေ့သူငယ်ချင်းသည် အရက်ဆိုင်ဖွင့်ထားသည်။ ချဲဒိုင်လည်း ကိုင်သည်။ ဘုရားဖူးလုပ်ငန်းလည်း ကားတွေထောင်ထားပြီးလုပ်သည်။ ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ကျွန်တော်အဖေ့ကို မေးမိသည်။ အဖေ အိမ်ကဘုရားက ဖူးရတာ ရိုးသွားလို့လားဟု။
အဖေက အခုသွားဖူးမယ့် ဘုရားတွေက တန်ခိုးကြီး ဘုရားတွေ ဆုတောင်းပြည့်ဘုရားတွေတဲ့။

ဂေါဓမမြတ်စွာဘုရား၏ ဆင်းတုတော်တို့သည် အိမ်တွင်ထား၍ ကိုးကွယ်လျှင် တန်ခိုးအာနိသင်လျော့နည်းကြောင်း နှင့် ကြီးကြီးထုဆစ်ထားသော ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို ထိုစဉ်ကမှ ကျွန်တော် သိလိုက်ရသည်။ ဟုတ်ပေမည်။ အိမ်က ဆင်းတုတော်လေးသည် ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ မသုတ်သင်နိုင် ရှာတော့ပေ။ နောက်ပြီး သောက်တော်ရေနှင့် ဆွမ်းတော် လည်း နေ့တိုင်းကပ်လှူပသရသည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူပါလျက် စားခြင်းသောက်ခြင်းမကင်းနိုင်သေး။ အိမ်ဘုရားမဟုတ်ဘဲ အများကိုးကွယ်သည့် ဘုရားဆင်းတုကြီးကြီးများတွင်မူ ဆွမ်းစားရန်မလို။ စားခြင်း သောက်ခြင်းမရှိ။ တန်ခိုးကြီးလိုက်ပါပေ့။

အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည် အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။ အဖေ့ထံ ဒေါ်လေးသမီး ကျွန်တော့်အမဝမ်းကွဲက ငိုယို၍ ငွေကြေးအကူအညီလာတောင်းသည်။ အဖေက ဘုရားဖူးရန်စုထားသောပိုက်ဆံများ ပဲ့မည်ဆို၍ အထိမခံ။ ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။ တန်းခိုးကြီးဘုရားတွေမှာ ဒေါ်လေးအတွက်အလှူပြုကာ ဆုတောင်းပေးမည်ဖြစ်ကြောင်း ဖြောင့်ဖျပြောဆိုသဖြင့် အမဖြစ်သူသည် ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။

သို့နှင့် ကျွန်တော်လည်း ဘုရားဖူးလိုက်ပါခဲ့ရ၏။ မြန်မာပြည်တွင် တောင်းစားနေသော သူတောင်းစား ပေါများကြောင်းကို ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ ကျွန်တော်သိ၏။ ဘုရားတွင် ကပ်လှူထားသော ရွှေပြားများသည် ထိုသူတောင်းစား လူမွဲဖွပ်ဘိုးအေများကို လှောင်ပြနေသကဲ့သို့ဖြစ်၏။

ဘုရားသည် ၇ရက်သားသမီးများကို တစ်ပြိုင်နက်ဆုတောင်းပူဇော်ခြင်းမခံလိုပေ။ ကျွန်တော်၏ ကလေးအတွေးလည်း ဖြစ်ကောင်းဖြစ်မည်။ အဖေက သောကြာထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ အမေက အင်္ဂါထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ ဘုရားသည် အာရုံမများအောင် ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။

လူတချို့သည် မွေးနေ့အထူးအစီအစဉ်အဖြစ် ဘုရားရေသပ္ပာယ်နေကြ၏။ သက်စေ့ပူဇော်၏။ မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။ ချမ်းတုန်နေရော့မလားဟုလည်း ကျွန်တော်တွေးမိ၏။
ဤအဖြစ်ကို ရိပ်စားမိပုံရသော လူတစ်စုသည် ဘုရားအနီးတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အနွေးဓာတ်ပေး၏။
နောက်တော့ သူတို့သည်လည်း စေတနာကြောင့်ဟုတ်မတူဟု ကျွန်တော်တွေးမိသည်။ ယတြာအရ လာရောက်ပူဇော်စီရင်နေခြင်းဖြစ်ဟန် တူ၏။ အကြောင်းမှာ ဖယောင်းတိုင်ကို အရေအတွက်အတိအကျ ပူဇော်နေသောကြောင့် ဖြစ်လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာသည်။ အာရုံရှိနေ၏။ အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။ ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့် ကျပ်တိုက်ခြင်းခံနေရရှာ၏။

ဘုရားစောင်းတန်းများတွင် ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။ ပန်းပုဆရာသည် သူ၏ပေါင်တွင်ဆင်းတုကို ညှပ်၍ထု၏။ ငရဲမကြီးဘူးလားဟု အဖေ့ကို ကျွန်တော်မေးကြည့်မိသောအခါအဖေက အနေကဇာမတင်ရသေးသဖြင့် ငရဲမကြီးကြောင်းဆိုသည်။ ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။ တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ ဤသို့သာ ကလေးအတွေးဖြင့် ကျွန်တော်မှတ်ထားလိုက်သည်။

ကျွန်တော်ဘဝင်မကျသည့်အချက်တစ်ခုရှိသေး သည်။ ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက် အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည် နှာခေါင်းချွန်၍ တရုတ်ပြည်မှဆင်းတုများသည် နှာခေါင်းပြားကာ ကျွန်တော်တို့ဆီတွင် ဗမာဆန်နေရတာပါလဲဟု အဖေ့ကို ကျွန်တော်မေးခဲ့သည်။

အဖေသည် ပါရမီရင့်သန်နေပုံရ၏။ ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။ အမေကတော့ တစ်မျိုးပြောသည်။
မိုးကြိုးပစ်မယ်သတိထားနေတဲ့။ မိုးကြိုးသည် ကျွန်တော့်အားမပစ်။ ရွာတောင်ပိုင်းက မိဘကိုလုပ်ကျွေးပြုစုနေရှာသော မောင်ကျော်ဆိုသည့် တရားသမားလေးအား ပစ်သွားသည်။ သိကြားမင်းသည် အိုပြီထင်၏။ လက်မတည့်ရှာတော့ပေ။

ကျွန်တော်တို့ ဘုရားဖူးခရီးမှ ပြန်အလာတွင် ဒေါ်လေးဆုံးရှာလေပြီ။

ဆက်ပါဦးမည်။

PK Myanmar

တိမ်တွေပေါ်က လိမ့်ကျခြင်း(၂)

ကျွန်တော်တက္ကသိုလ်ကျောင်းသားဘ၀တွင် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများကို ဖတ်မိသည်။ ထိုအထဲတွင် ဘုရားဖူးသွားခြင်းဟူသော ၀တ္ထုတိုလေးတစ်ပုဒ်ပါသည်။ ဦးဖိုးကျား၏ ထိုဝတ္ထူသည် ကိုယ်တွေ့ဝတ္ထုဟုဆိုသော်လည်း လီယိုတော်လ်စတွိုင်း၏ ၀တ္ထုတစ်ပုဒ်နှင့် ဇာတ်လမ်းကျောရိုးတူနေသည်က ထူးဆန်း၏။ ကိုယ်တွေ့အမှီးဝတ္ထုလားတော့ မပြောတတ်။

ဤ၀တ္ထု၌ လူငယ်လေးက လမ်းတွင် ဒုက္ခရောက် နေသူကို ပါသမျှငွေလေးဖြင့် စိုက်ထုတ်ကူညီရင်း ဘုရားဖူး မရောက်လိုက်ပုံကို ရေးထားသည်။ ၀တ္ထုတိုတွင် ဦးဖိုးကျားပေးချင်သော message မှာ ဘုရားဖူးသွားသူထက် ဘုရားကဖြစ်စေချင်သော လူသားတွေ အပေါ် မေတ္တာထား စောင့်ရှောက် သူက ပိုမြတ်သည်ဟူသော အချက်ပင် ဖြစ်သည်။

မှန်သည်။ ကျွန်တော် ဤ၀တ္ထုကိုဖတ်ရင်း ဆုံးသွားသောဒေါ်လေးကို သတိရမိသည်။ ဒေါ်လေးနာမကျန်းဖြစ်၍ ဆေးရုံတင်ရန် ငွေကြေးအခက်အခဲဖြစ်သည်ကို အဖေမကူညီခဲ့။ ဘုရားဖူးသွားမည့်ငွေကို မသုံးရက်နိုင်ခဲ့။ ဦးဖိုးကျားဝတ္ထုထဲက ဇာတ်ကောင်နှင့် ကွာလှသည်ဟု ကျွန်တော်တွေးမိသည်။ အဖေက ဒေါ်လေးကျန်းမာရေး အတွက် တန်ခိုးကြီးဘုရားများတွင် အလှူအတန်း လုပ်ကာ မေတ္တာပို့ ဆုတောင်းခြင်း ကိုမူ ပြုခဲ့ပါသေးသည်။ အဖေပို့သသောမေတ္တာဖြင့် ဒေါ်လေးသေခဲ့ရပါပြီ။

အဖေက သေနေ့စေ့လို့ သေတာပါကွယ်ဟု ဖြေသိမ့်သည်။ အမေက သူဝဋ်ကျွတ်တာပေါ့လေ၊ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ ဟု ပြေပျောက်စကားဆိုသည်။ သေတာ၊ မသေတာက သူ့အကြောင်း၊ သူ့ကံမှန်သော်လည်း သေရေးရှင်ရေး အကူအညီတောင်းတာကို ဘယ်ဆွေမျိုးမှ အားမကိုးရဘူးဟု အမ၀မ်းကွဲက စိတ်နာစကားဖြင့် အတေးအမှတ်ထားကာ မကြာမကြာစောင်းချိတ်ပြောသည်ကိုမူ ကြားထဲက ကျွန်တော် မျက်နှာပူမိပါသည်။

တစ်ချိန်က စာပေလောကတွင် အနုပညာသည် ပြည်သူအတွက်နှင့် အနုပညာသည် အနုပညာအတွက်ဟူသော အဆို ၂ ခု အပြင်းအထန် အငြင်းအခုံဖြစ်ဖူးသည်။ ကျွန်တော်ကမူ ဘာသာတရားသည် လူအတွက်လား၊ ဘာသာတရားသည် ဘာသာတရားအတွက်လားဟု debate လုပ်ချင်စိတ်ပင် ပေါ်ခဲ့ဖူးသည်။

ဘုရား၊ တရား၊ သံဃာကို ကျွန်တော်ကိုးကွယ်သည်။ သို့သော် တရားသည် အခရာဟု ထင်သည်။ တရားကို ပယ်လျှင် ဘုရားနှင့် သံဃာသည် အဓိပ္ပာယ်မဲ့၏။ တရားကို သိမြင်၍ ဘုရားကို ကိုးကွယ်ရခြင်းဖြစ်သည်။ သို့သော် ဘုရားဟောသောတရားကို မသိ၊ မကျင့်လျှင် ရုပ်တုများ ကျောက်တုံးများကို ကိုးကွယ်ဦးခိုက်နေရုံ သက်သက်၊ အကျိုးမဲ့လှသည်ဟု ကျွန်တော်ထင်သည်။ တရားမဲ့ဟောပြောသော သံဃာကို ကိုးကွယ်နေလျှင် လည်း သင်္ကန်းရုံထားသူကို လူလူချင်း ကိုးကွယ်နေသည်နှင့် မခြား။ သောနုတ္တမုဆိုးလည်း ဆဒ္ဒန်ဆင်မင်းကို သတ်ရန် သင်္ကန်းကို ခုတုံးလုပ်ခဲ့သေးသည်။ ဒေ၀ဒတ်လည်း သင်္ကန်းဝတ်နှင့် ဖြစ်သည်။

ဘုရားကို ကိုးကွယ်သည်။ ဘုရားအတွက် အလုပ်ရှုပ်ရသည်။ ဘုရားကိုယ်စား ဆင်းတု၊ စေတီများကို မှန်းဆ ကြည်ညိုကြသည်။ သို့သော် ဆွမ်းတော်၊ ပန်း၊ ဆီမီးကပ်လှူခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ ဌာပနာခြင်းတို့သည် ဘုရားကိုကိုးကွယ်ခြင်းကြောင့် ဘုရားကပေးသော ၀တ္တရားများလော။ ကျွန်တော် နားမလည်ပါ။

တရုတ်ပြည်က စွယ်တော်ပင့်လာသောအခါ ရွှေငွေရတနာများချွတ်၍ ရက်ရောစွာ ထည့်လှူကြသည်ကို မြင်ကြသည်။ တီဗွီတွင် တခမ်းတနားပြသည်။ မြင်တွေ့ကြားသိသူတိုင်း သာဓုအနုမောဒနာ ခေါ်ကြသည်။ ကျွန်တော်ကမူ ရိုးရိုးတွေးသည်။ စွယ်တော်သည် မည်သည့်စရိတ်စကအတွက် သုံးစွဲရန် ဤမျှအလှူရွှေငွေများ ကို လိုအပ်နေသနည်း။ စွယ်တော်က မလို။ စွယ်တော်ကို ဘန်းပြသူများအတွက် လိုသည်။ စွယ်တော်ကို ဘန်းပြ၍ မြန်မာပြည်က ရွှေငွေရတနာများကို တရုတ်ကြီးက သယ့်ယူသွားသည်။ ကောင်းလေစွ။ ကိုယ့် အားနည်းချက်နှင့် ကိုယ်ပဲကိုး။

ဗုဒ္ဓဘာသာမြန်မာတို့သည် အလှူအတန်းလွန်စွာရက်ရောကြသည်။ ၁၂ လရာသီ ဘာသာရေးပွဲတော်များသည် အလှူနှင့်သာ တည်ဆောက် ထားသည်။ အလှူခံမဏ္ဍပ်အပေါဆုံးသော တိုင်းပြည်သည် မြန်မာပြည်ဖြစ်၏။ အလှူရေစက်လက်နှင့်မကွာဟု ယူသော်ရ၏။ မြန်မာတို့၏ မွဲဆေးဟု ယူလျှင်မူ ဘုရားစူးတတ်၊ မိုးကြိုးပစ်တတ်ပါသည်။

သံဃာတော်တို့သည် အလှူအကြောင်းကို ကောင်းစွာဟောကြား၏။ သံဃာကို ဆွမ်းကပ်ခြင်းအကျိုး၊ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း အကျိုးကို ကောင်းစွာဟောကြား၏။ စိတ်ပြုစိတ်ပြင် တရားတို့ကို မဟော မဟုတ်။ ဟောသည်။ ဤတရားမျိုးကို တရားနာပရိသတ်မကြိုက်။ ကျင့်ရာမှာ ခက်၍ဖြစ်မည်။ ငွေရှိလျှင် လှူရခြင်းက လွယ်ကူသည်။ ဤသို့ဖြင့် ဘုရားကို ကိုးကွယ်မိ၍ ဘုရားအတွက် တစ်ဘ၀လုံးပေးဆပ်နေရသည်။ ဘုရားက ပရိနိဗ္ဗာန်ပြုလေပြီ။ ဘာအကျိုးမှ ခံစားရမည်မဟုတ်။ ဂေါပကများနှင့် အကျိုးဆောင်များကား အကျိုးများလှသည်။ သံဃာကို ကိုးကွယ်မိ၍ သံဃာကိုလည်း တစ်ဘ၀လုံး ပေးဆပ်နေရသည်။ သံဃာသည် လည်း မပေးဆပ်၍ မဖြစ်။ ဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နေရသည်မဟုတ်ပါလော။

အလုံးစုံကို ခြုံကြည့်သော် ဘာသာတရားသည် Bussiness တစ်ခုသာဟု ကျွန်တော်မြင်မိတော့သည်။ ဘာသာတရားသည် ဘာသာတရား အတွက်သာ ဖြစ်နေ၏။ ဘာသာဝင်တို့သည် ဘာသာတရားကို ကိုးကွယ် မိသောကြောင့် ဘာသာတရားအတွက် ပြန်လည်အလုပ်အကျွေး ပြုနေကြ ရသည်ဟုသာ မြင်သည်။ ကျွန်တော့် အား လမ်းပြပေးကြပါကုန်။

တကယ်တော့ ကျွန်တော်သည် ကုသိုလ်၊ အကုသိုလ်၊ အတိတ်ကံ၊ သံသရာ၊ နိဗ္ဗာန်စသည်တို့နှင့် ဓာတ် မတည့်ရာကနေ ဘာသာတရားဆိုသည်ကိုပင် သံသယစိတ်ရှိလာခဲ့သူဖြစ်ပါသည်။ မိတ်ဆွေ ကျေနပ်မည် မဟုတ်ကြောင်း သိပါသည်။ ကျွန်တော်ရှင်းပြသည့်အခါတွင်မူ အော် ဒီလိုဆိုရင်တော့ ဟုတ်တာပေါ့ဟု ရယ်ပါလိမ့်မည်။

သို့သော် လောလောဆယ် မိုးရွာနေပါသည်။ သိကြားမင်းသည် ၀ရဇိန်လက်နက်ကို ချိန်ရွယ်နေ လောက်ပြီထင်သောကြောင့် ကျွန်တော်တွေးမိသမျှ အကုန်မပြောဘဲ တချို့ကိုလျှိုထားလိုက် ပါဦးမည်။ နေသာသောတစ်နေ့တွင် ဆက်ပြောပါမည်။

နောက်တစ်ကြောင်းမှာ ဆရာထင်လင်းဦးနှင့် အဖော်လုပ်ပေးရန် လတ်တလောမအားသေးပါ။

ဆက်ရန်----

PK Myanmar

တိမ်တွေပေါ်က လိမ့်ကျခြင်း(၃)

ကျွန်တော်သည် သနားစရာကောင်းလေစွ။ ဘာသာတရားနှင့်ပတ်သက်၍ သံသယစိတ်ကြီးထွားနေပေ၏။ သံသယသည် အလွန်ကြောက်စရာကောင်းသည်။ အယူလွဲမှားမှုဖြစ်စေရန် ပထမခြေလှမ်းသည် သံသယပင် ထင်၏။

ကျွန်တော့်အတွက် ကူကယ်ရာပုဂ္ဂိုလ်လိုအပ်သည်။ ထို့ကြောင့် သံသယတို့ပြေပျောက်စေရန် ကျောင်းပိတ်ရက်တွင် ရွာဦးကျောင်းဆရာတော်ထံ သိလိုသည်များကို မေးလျှောက်ရတော့သည်။

PK ။ ။အရှင်ဘုရား၊ နိဗ္ဗာန်ဆိုတာ ဘာလဲဘုရား။
ဆရာတော်။ ။ ဘ၀ချုပ်ငြိမ်းရာ၊ ဆင်းရဲခြင်းအပေါင်းကင်းရာ၊ ဘာမှမရှိတော့တာ နိဗ္ဗာန်ပဲ ဒကာလေးရဲ့။

PK ။ ။တင်ပါ့၊ အဲဒီနိဗ္ဗာန်ဆိုတာတပည့်တော်မမြင်ရလို့ ယုံလို့မရဘူးဖြစ်နေတယ်ဘုရာ့။

ဆရာတော်။ ။ ဒါတော့ဒကာရယ်၊ တို့မြတ်စွာဘုရားက ယုံကြည်မှုကို မတောင်းဆိုပါဘူး။ လေ့လာခိုင်းတယ်။ ကာလာမသုတ်မှာ-----

ဆရာတော် မိန့်ကြားသော ကာလာမသုတ်ကို ကျွန်တော်အရှည်ပြန်မပြောလိုတော့ပါ။ ဆရာတော်ကတော့ဖြင့် အသေးစိတ်ရှင်းပြသည်။ အမှန်တော့ ကာလာမသုတ်ကို ကျွန်တော်လေ့လာဖူးသည်။ ဘယ်သူ့မှမယုံဘဲ ကိုယ်တိုင်စူးစမ်းဖို့ ဖြစ်သည်။

ဆရာတော်။ ။ ---အဲဒါကြောင့် တို့ဗုဒ္ဓ၀ါဒဟာ သံသယနဲ့စပြီး သုညမှာဆုံးတယ်ဒကာ။

သံသယနှင့်စသည်ဆိုပါလား။ ကျွန်တော်အားတက်သွားသည်။ ငါ လမ်းမမှားသေး။ ယခုမှ လမ်းမှန်ပေါ် တည့်တည့်ရောက်နေခြင်း ဖြစ်သည်။ ဘာသာတရားအပေါ်သံသ၀င်မိသော ကျွန်တော်၏ စိတ်ကို ကျွန်တော်ဂုဏ်ယူလိုက်မိသည်။ ဆရာတော်ကတော့စကားဆက်နေဆဲ။

ဆရာတော်။ ။ ----ဗုဒ္ဓ၀ါဒက အနတ္တ၀ါဒ။ တည်မြဲတဲ့အရာ ဘာမှမရှိဘူး။ အားလုံးအနိစ္စချည်းပဲ။ သင်္ခါရတရားကိုမလွန်မြောက်နိုင်ဘူး။

PK ။ ။တင်ပါ့၊ သူ့ဘာသာသူပျက်မယ့်ဟာကို တပည့်တော်တို့က ဘာလုပ်နေစရာလိုလဲ ဘုရာ့။

ဆရာတော်။ ။ ဘုရားရှင်ဟောတဲ့တရားက ဆင်သေကောင်နား တ၀ဲလည်လည်နဲ့ ပင်လယ်ထဲမျောပါသွားတဲ့ငှက်လို သောင်ကမ်းမမြင် ဖြစ်မှာစိုးလို့။ အဲလိုမဖြစ်အောင် ကျင့်ရတဲ့တရား။ လောဘ၊ အမိုက်၊အမျက်၊ရမ္မက်တွေခြုံလွှမ်းပြီး မမြဲတဲ့ခန္ဓာကြီးကို အဟုတ်မှတ်စွဲလန်းနေရင် သံသရာအဓွန့်ရှည်နေမှာစိုးလို့ နိဗ္ဗာန်နဲ့ဝေးနေမှာစိုးလို့ ကျင့်ရတဲ့တရား။

PK ။ ။တင်ပါ့။ သံသရာဆိုတာက ဘာလဲဘုရာ့။

ဆရာတော်။ ။ အဖန်တလဲလဲ ကျင်လည်ရာ ဘ၀ရဟတ်ဆိုပါတော့ဒကာ။ ၃၁ ဘုံရှိတယ်။------(ဆရာတော်က ၃၁ ဘုံကို အကျယ်ရှင်းသည်။)
PK ။ ။တင်ပါ့ဘုရား။ သံသရာက ဘယ်ကစလဲဘုရား။

ဆရာတော်။ ။ သံသရာရဲ့အစကို ဒကာသိလို့ ဘာအကျိုးထူးမှာလဲ။

PK ။ ။ထူးပါတယ်ဘုရား။ သံသရာမှာ အစမှတ်တော့ ရှိရမှာပါဘုရား။ အဲဒီအစမှတ်က ဘယ်ကဖြစ်သလဲဆိုတာ သိဖို့လိုပါတယ်။ အဲဒါမှ သံသရာအယူအဆဟာ ယုတ္တိရှိ၊ မရှိ တွေးချင့်လို့ရမှာပါဘုရား။ သံသရာရဲ့အစဟာ ဘယ်သတ္တ၀ါလဲ။ သူကဘယ်လိုဖြစ်လာလဲ။ သိချင်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒကာက ကြက်ဥနဲ့ကြက်မ ဘယ်ကစသလဲဆိုတာလို ဖြစ်နေပြီ။ ဘယ်တော့မှ အဖြေမရနိုင်ဘူး။

PK ။ ။တင်ပါ့ဘုရား၊ ကြက်မက စပါတယ်ဘုရား။ ကြက်ဥဆိုတာ သန္ဓေရဲ့ထွက်ကုန်ပါဘုရား။ ကြက်မတစ်ကောင်တည်းနဲ့လည်း အဆင်မပြေလောက်ပါဘူးဘုရား။ ကြက်ဖလည်းရှိဖို့လိုပါတယ်ဘုရား။ ဥပြီးရင် ၀ပ်ပေးရဦးမှာပါဘုရား။ ဒါမှ ကြက်ပေါက်လေးတွေထွက်လာမှာပါ။

ဆရာတော်။ ။ အင်း ဒကာကဘယ်ဘက်ကို စိတ်ယိမ်းနေပြီဆိုတာ ဦးဇင်းသဘောပေါက်ပြီ။ ဒကာက ဆင့်ကဲဖြစ်စဉ်ကို လက်ခံချင်တာလား။ ဖန်ဆင်းရှင်ဝါဒကို လက်ခံချင်တာလား တစ်ခုခုပဲ။ ဘာကြောင့်၊ ဘယ်သူ့ကြောင့်ဖြစ်လာတယ်ဆိုတာကို ရှာနေလို့ကတော့ အချိန်ကုန်တာပဲ အဖတ်တင်မယ်ဒကာ။ အဖြေရမှာ မဟုတ်ဘူး။ မြတ်စွာဘုရားက ကမ္မ၀ါပါကော- ကံ၏အကျိုးပေးပုံကို ကြံစည်ခြင်းမပြုအပ်၊ လောကောစိန္တာလို့ခေါ်တဲ့ လောကတည်ပုံကို ကြံစည်ခြင်းလည်းမပြုအပ်လို့ တားမြစ်ထားတယ်ဒကာရဲ့။ ကြံစည်ရင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်းဖြစ်မယ်လို့ အင်္ဂုတ္ထိုရ်ပါဠိ စတုက္ကနိပါတ်မှာ လာတယ်ကွဲ့။

PK ။ ။ဘုရားက သဗ္ဗညုတ သိစပ်မြင်နှံ့တဲ့ ဉာဏ်တော်ကို ရထားပြီးတော့ ဒါလေးတောင် မပြောခဲ့ဖူးလားဘုရား။

ဆရာတော်။ ။ အေး၊ ဘုရားရှင်က မြားမှန်နေတဲ့သူကို မြားအရင်နှုတ်ပြီး ဆေးကုမလား။ မြားလာရာကို ရှာမလားတဲ့။

PK ။ ။မြားလာရာကို ရှာရပါမယ်ဘုရား။ ဘုရားအလောင်းဆဒ္ဒန်ဆင်မင်းက မြားမှန်တော့ မြားလာရာကို ရှာပါတယ်ဘုရား။ မဟုတ်ရင် မြားတွေက ဘယ်ကမှန်းမသိဘဲ ထပ်ထပ်လာနေဦးမှာပါဘုရား။ ဆဒ္ဒန်ဆင်မင်းက မြားပစ်သူသောနုတ္ထိုရ်ကိုတွေ့တော့ ရန်ငြိုးကြီးတဲ့ သုဘဒ္ဒါလွှတ်လိုက်တာမှန်း သိရပါတယ်ဘုရား။ လောင်စာရန်ညိုး မီးဆက်မပျိုးနိုင်အောင် စွယ်တော်ကို ကိုယ်တိုင်ဖြတ်ပြီး လှူလိုက်တာမဟုတ်လားဘုရား။ ဘုရားအလောင်း ဆဒ္ဒန်ဆင်မင်းရဲ့ အရေးအပါဆုံးဘ၀မှတ်တိုင်က ဒီအချက်ပါဘုရာ့။ ဘုရားရှင်ကလည်း ဒီဂုဏ်ကို ဖော်ထုတ်ချင်လို့ ဒီဇာတ်ကို ဟောတယ်လို့ နားလည်ပါတယ်ဘုရာ့။ ဒါကြောင့် မြားလာရာကိုသိဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ အထင်းကြီး၊ အရှင်းကြီးပါဘုရာ့။

ဆရာတော်။ ။ အမလေး၊ မောင်တတ်ပရယ်။ ဟားဟားဟား။ မင်းနဲ့တော့မလွယ်ဘူး။ စဉ်းစား စဉ်းစား ရူးသွားလိမ့်မယ်ကွ သိလား။

PK ။ ။တင်ပါ့ ဒါဆိုလည်း တပည့်တော် သံသရာကနေ လွတ်ဖို့ ဘာလုပ်ရမလဲဘုရာ့။

ဆရာတော်။ ။ သံသရာကနေလွတ်ဖို့ လောကီ ကာမဂုဏ် တဏှာခြုံကနေ ရုန်းထွက်ရမှာပေါ့ဒကာ။

PK ။ ။တောထွက်ရမှာလား ဘုရား။
ဆရာတော်။ ။ ထွက်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဒကာ။

PK ။ ။ဗုဒ္ဓဘာသာဝင်အားလုံးတောထွက်ကြရင် ဆွမ်းကို ဘယ်သူချက်ကျွေးမှာလဲဘုရာ့။ ဘာသာခြားတွေဆီမှာ ဆွမ်းခံရမှာလား။

ဆရာတော်။ ။ ကတ်သီးကတ်သတ်ဒကာရယ်။ လူတိုင်းတောထွက်ကြပါဆိုရင်တောင် ထွက်မယ်ထင်သလား။

PK ။ ။ မထင်ပါဘူးဘုရာ့။ ဒါဆိုတောထွက်သူနဲ့ မထွက်တဲ့သူ၊ သာသနာ့ဘောင်ဝင်သူနဲ့ မ၀င်တဲ့သူ ဘယ်သူက အလင်းဘက်မှာရှိပြီး ဘယ်သူကအမှောင်ဘက်မှာ ရှိနေတာလဲဘုရာ့။

ဆရာတော်။ ။ ဒါက အရှင်းကြီးပါဒကာရယ်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာတွေကြားမှာ လောကီအာရုံကပ်ငြိကျင်လည်နေသူတွေက သာသနာ့ဘောင်ကို မခိုဝင်နိုင်သေးသရွေ့ အမှောင်ဘက်ခြမ်းမှာ ရှိနေတာပေါ့။

PK ။ ။တင်ပါ့၊ ဒါဆို အလင်းထဲက သူတော်ကောင်းတွေက အမှောင်ထဲက ငမိုက်သားတွေကို မှီခိုပြီး သူတို့ရှာဖွေလှူတန်းတာကို ဘုဉ်းပေးပြီး ကိုယ်လွတ်ရုန်းသလို ဖြစ်မနေဘူးလားဘုရား။ ဒီတရားကို တစ်ကမ္ဘာလုံး ကျင့်သုံးရင် မလွယ်လောက်ဘူးထင် တယ်နော့ဘုရား။

ကိလေသာတွေ၊ သမုဒယနှောင်ကြိုးတွေ၊ ဃရာဝါသကိစ္စတွေ---အင်း ဒါတွေဟာ ဘုရားအလိုအရ နိဗ္ဗာန်နဲ့ဝေးမယ့်ကိစ္စတွေမဟုတ်လားဘုရား။ ဘုရားရှင်တောင် ညီတော်အာနန္ဒာကို လက်ထပ်မယ့်ဆဲဆဲကနေ ရဟန်းဘောင်ဝင်ဖို့ ဆွဲခေါ်ထုတ်သွားသေးတာပဲ။

ဒီတရားကို လူတွေအားလုံးကျင့်သုံးရင် လူတွေမျိုးတုန်း ကုန်မှာ သေချာတယ်ဘုရား။ အားလုံးအိမ်ထောင်မပြုရင် တခြား နတ်ဘုံ၊ ဗြဟ္မာ့ဘုံ၊ တိရစ္ဆာန်ဘုံတွေက သူတို့ဘယ်လောက်ကုသိုလ် ကောင်းမှုတွေလုပ်ပြီး ကြိုးစားကြိုးစား လူဖြစ်မှာ မဟုတ်တော့ဘူးဘုရား။ လူတွေလည်း ထပ်မမွေးလို့ လူတွေက မျိုးတုန်း၊ အခြားဘုံလောကသားတွေက လူ့ပြည်လာဖို့ ပါမစ်မရတော့ ကျန်ဘ၀တွေမှာပဲ ကျင်လည်။ လူမဖြစ်ကြတော့နိဗ္ဗာန်နဲ့ ပိုဝေး၊ သံသရာအဓွန့်ရှည်၊ နောက်ပွင့်မယ့်ဘုရားကလည်း လူ့ပြည်မှာ အိမ်ထောင်သားမွေး မပြုကြ၊ ဘုရင်ဆိုတာလည်းမရှိ၊ အားလုံးတောထွက်ပြီး ကိလေသာတွေ စွန့်နေကြတော့ ဘယ်မိဖုရားဗိုက်ထဲမှာ ၀င်စရာမရှိလို့ ပွင့်ခွင့်ရရှာမယ်မထင်ပါဘူးဘုရား။

အဲဒီလို တစ်ကမ္ဘာလုံး ကိုးကွယ်ကျင့်သုံးနာခံလိုက်ရင် ကမောက်ကမတွေဖြစ်ကုန်နိုင်ခြေရှိနေတာကိုက တပည့်တော်ရဲ့ သံသယတွေ မကျေပျက်နိုင်တဲ့ အကြောင်းပါပဲဘုရား။

ဒါနဲ့အရှင်ဘုရား။ နောင်ပွင့်မယ့်ဘုရားက အိုမန်၊ ဆော်ဒီနဲ့ ဆွဇ်ဇာလန် ၃ နိုင်ငံထဲက တစ်နိုင်ငံမှာ ပွင့်လိမ့်မယ်လို့ တပည့်တော်ထင်တယ်ဘုရား။ အဲဒီ ၃ နိုင်ငံပဲ ဘုရင်စနစ်ပြည့်ပြည့်၀၀ကျင့်သုံးတာ ကျန်လို့ပါ။ အရိမေတ္တေယျဘုရားက ဘုရင့်သားတော်ဖြစ်မယ်လို့ ဗျာဒိတ်ရှိရဲ့မဟုတ်လားဘုရား။ ဘာပဲဖြစ်ဖြစ် ဘုရင်စနစ်ပူးတွဲရှိနေတဲ့ နိုင်ငံတွေကိုပါ တပည့်တော်ရှောင်မယ် ဘုရား။ ဦးပုညရဲ့ တူတူပုန်း မေတ္တာစာထဲကလို ဘုရားပွင့်မယ်ကြားရင် တပည့်တော်ပြေးပုန်းပါမယ်ဘုရား။

သံသယနဲ့စပြီး တစ်ခုခုရတာကို တပည့်တော် လိုချင်ပါတယ်ဘုရား။ သံသယနဲ့စပြီး သုညမှာ ဆုံးတာကြီးကတော့ မနိပ်ဘူးထင်ပါတယ်ဘုရား။ ကုသိုလ်အကျိုးဆိုတာ ဘဏ်မှာ ငွေစုတာနဲ့တူပါတယ်ဘုရား၊ နိဗ္ဗာန်ရောက်တဲ့ နေ့ဟာ ဘဏ်ဒေ၀ါလီခံတဲ့နေ့ပဲထင်ပါတယ်ဘုရား။ ဒါမှမဟုတ် အိမ်ပြောင်၊ အိုးပြောင်၊ ရှိသမျှပြောင်ပြီး ချဲထိုးလိုက်တာ ပေါက်တော့မှ ဒိုင်ထွက်ပြေးလို့ မိမွေးတိုင်း ဖမွေးတိုင်းကျန်ခဲ့တဲ့ အဖြစ်မျိုးနဲ့ တူပါတယ်ဘုရား။

ဒါနဲ့တပည့်တော် အလုပ်လေးရှိလို့ ပြန်ပါဦးမယ်ဘုရား။

သည်လိုနှင့် ကျွန်တော်သည် ပြောချင်ရာကို ဇွတ်တရစပ်ပြောပြီး ဆရာတော့ကို ဦးချကန်တော့ကာ နှုတ်ဆက်ပြန်ခဲ့လိုက်ပါသည်။

ဆရာတော်က ကြွ ကြွ ဒကာ။ နို့မို့ဆို ငါပါ စက်ကွင်းမလွတ်ဖြစ်တော့မယ်။ ကြွပါတော့ဟု အားရ၀မ်းသာခွင့်ပြုလိုက်လေသတည်း။

ဆက်ပါဦးမည်။
PK Myanmar

တိမ်တွေပေါ်က လိမ့်ကျခြင်း(၄)

ကာလာမသုတ်သည် ကျွန်တော်၏ စူးစမ်းဝေဖန်တတ်သည့်အကျင့်နှင့် ပနံတင့်လှ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓအား အလွန်တရာကြည်ညို မိ၏။ ကျွန်တော်လေ့လာမိသော ဗုဒ္ဓဝါဒသည် ဘာသာတရားတစ်ခုဟု ကျွန်တော်မမြင်။ ကျင့်စဉ်တစ်ရပ် ဒဿနတစ်ခုမျှသာဖြစ်သည်။

ဗုဒ္ဓသည် ကိုးကွယ်ခံလိုသည့် အရိပ်အယောင်မရှိ။ မိမိသိသောတရားကို ဝေမျှလိုစိတ်သာ ရှိသည်။ ကျင့်မှရမည်။ ကိုးကွယ်နေ၍ မရနိုင်။ကျင့်ရန်ဟုဆိုရာတွင်လည်း မိမိတရားသာ အကောင်းဆုံးဟု အာမခံချက် တန်းမပေး။ လေ့လာဦးလော့။ ဆင်ခြင်ဦးလော့ ဟုသာ နှပ်ကြောင်းပေးသည်။

တရားကို အသေဆုပ်ကိုင်ခြင်းကိုလည်း အားမပေး။ တရားကို ဖောင်ကဲ့သို့ ကျင့်စေသည်။ အသုံးချပြီး မလိုတော့က စွန့်ရန်သာ သွန်သင် သည်။ မြက်ထုံးသယ်သော လူ ၂ ဦး အနက် တစ်ဦးသည် ဝါဂွမ်းကို ပြောင်းသယ်ခဲ့ကြောင်း ကျန်တစ်ဦးမှာ မြက်ထုံးကို သည်အထိ အပင်ပန်းခံ သယ်လာခဲ့ပြီမို့ မစွန့်ပစ်ဘဲ ဆက်သယ် ကြောင်း ပို၍ တန်ဖိုးရှိသော ဝါဂွမ်းကို ပြောင်းသယ်သူကဲ့သို့ တရားကို ပိုကောင်းရာဖြင့် အစားထိုးပြောင်းလဲ ရန် တပည့်သားရဟန်းတို့ကို မြတ်ဗုဒ္ဓ အလင်းပြခဲ့ဖူးလေသည်။

ကျွန်တော်သည် မြတ်ဗုဒ္ဓအလိုကျ တရားအသစ်ကို ရှာဖွေရတော့မည်ဟု တွေးမိသည်။ သာသနာသည် ၂၅၀၀ သက်တမ်းတွင် ဘုရားသာသနာ ကုန်ဆုံး၍ သိကြားသာသနာသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်ကြောင်း မုနိမြတ်စွာ ကိုယ်တော်တိုင်မဟော သော်လည်း ပညာရှင်တို့က ပိဋကတ်တော်မှ ထုတ်ယူဆင်ခြင်သော နည်းဖြင့် expire date ကို တံဆိပ်ကပ် သတ်မှတ်ကြလေပြီ။

သင်္ခါရနယ်တွင် သာသနာလွတ်စေဟု မြတ်ဗုဒ္ဓလည်း ခြွင်းချက်ဖြင့် ဟောမသွား။ မတည်မြဲမည့်အရာကို ကိုယ်တိုင်အသေဆုပ်ကိုင်ထားလျှင်လည်း ပင်ပန်းမည်။ သူတစ်ပါး လက်မမြဲမည်ကို တွေးပူနေလျှင်လည်း သောက မောဟများရုံသာ အဖတ်တင်မည်။

လူသည် မိဘကို ပြန်ပြင် ပြန်ပြောင်း လုပ်မရသော်လည်း တစ်ကိုယ်ရည်ဘဝခရီးအတွက် ယုံကြည်ကိုးကွယ်မှုကို ပြောင်းလဲနိုင်သည်။ အနော်ရထာကို ဗမာဟုဆိုလျှင် အရည်းကြီးရဟန်းတို့ကို ကိုးကွယ်စဉ်က အနော်ရထာသည် လူမျိုးခြားမဟုတ်ခဲ့။ လူမျိုးသည် ပြောင်းလဲပြင်ဆင်၍ မရ။ ယုံကြည် ကိုးကွယ်မှုကိုကား ပြောင်းလဲ ပြင်ဆင်၍ ရသည်။

ထို့ကြောင့်လည်း အနော်ရထာသည် ထေရဝါဒ ဗုဒ္ဓသာသနာကို အလွယ်တကူ ကူးပြောင်းသက်ဝင်နိုင်ခဲ့သည်။ အရည်းကြီးတို့သည် အနော်ရထာအား အမျိုးသားသစ္စာဖောက်ဟု ရိုးစွပ်ခဲ့ကြလေမည်လားမသိ။ အရည်းကြီးသာသနာအတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များ ရှိခဲ့လေမည်လား။ အရည်းကြီးတို့က မိမိတို့ယုံကြည်ကိုးကွယ်မှုကို အိမ်ရှင်ဘာသာတရားဟုဆိုကာ ထေရဝါဒဗုဒ္ဓဘာသာကို ဧည့်သည်ဘာသာတရားဟု ဆိုခဲ့ကြသေးသလားမပြောတတ်။

ရှင်အရဟံကိုအကြောင်းပြု၍ မင်းနှင့်ပြည်သူတို့ ထေရဝါဒသို့ ကူးပြောင်းနှုန်းများခဲ့လေရာ အရည်းကြီးရဟန်းတို့သည် မျိုးစောင့်ဥပဒေများတော့ ပြဋ္ဌာန်းနိုင်ခဲ့ပုံမရပေ။ နောက်ဆုံးတော့ အရည်းကြီးသာသနာသည် သင်္ခါရသဘောကို မလွန်မြောက်နိုင်သောကြောင့် တိမ်ကောပပျောက်ခဲ့ရပေပြီ။

သာသနာပျောက်သော်လည်း ဗမာ သို့မဟုတ် မြန်မာတို့သည် ဘာသာတရားအသစ်စက်စက်ဖြင့် စိတ်သစ် လူသစ် သစ်လွင်တောက်ပ လာခဲ့ကြပါသည်။

ကျွန်တော့်အဖို့ မြန်မာတို့၏ ထိုအပြုအမူသည် မြတ်ဗုဒ္ဓဟော တရားနှင့်အညီ အဟောင်းကို ပယ်ပစ်၍ အသစ်ကို တွယ်ချစ်ခဲ့ကြသည်ဟုသာ မြင်သည်။

အနော်ရထာခေတ်သည် နှစ်တစ်ထောင်နီးပါး ကြာခဲ့ပေပြီ။ ဗုဒ္ဓ၏ တရားတော်တို့သည်လည်း နှစ် ၂၅၀၀ ကျော်ခဲ့ပေပြီ။ ကျွန်တော်လည်း ဗုဒ္ဓအဆုံးအမနဲ့အညီ တရားသစ်ကိုရှာမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဟု ဆိုရမည်ထင်၏။ သူငယ်ချင်းတစ်ယောက်ကား ခရစ်တော်နှင့် ပတ်သက်သည့် သတင်းကောင်းများကို ကျွန်တော်ထံ သယ်ဆောင်လာလေ၏။

ဆက်ပါမည်။

PK Myanmar

တိမ်တွေပေါ်က လိမ့်ကျခြင်း(၅)

ကျွန်တော်သည် သတင်းကောင်းကို သယ်ဆောင်လာသော သူငယ်ချင်းကို အကြောင်းပြု၍ ခရစ်ယာန် ဘာသာကို စတင်လေ့လာဖြစ်၏။ ဆန်းဒေးစကူးကို စွဲမြဲလာသည်။ ဘုရားကျောင်းတက်ရသည်ကို ကျွန်တော် ပျော်လာသည်။ ဓမ္မတေးသံတို့သည် စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်နိုင်စွမ်းရှိသည်။ ဆည်းလည်းသံလွင်တို့သည် ကြည်နူးစိတ်ကို ယိုဖိတ်စေကာ သန္တရသကို ပေး၏။ ခရစ်စမတ်ပွဲတော်သည် ကျွန်တော့်အတွက်ပို၍ သက်ဝင် လှပလာသည်။ ချစ်ခြင်း၊ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို နက်ရှိုင်းစွာ သင်ယူခဲ့သည်။ ခရစ်တော်၌ ယုံကြည်ခြင်းဖြင့် အပြစ်တို့ဆေးကြောခံရမည်ကို တွေးမိတိုင်း အိမ်သစ်တစ်လုံးကို ပိုင်ဆိုင်ရသကဲ့သို့ ကျွန်တော်ပျော်၏။ ခရစ်တော်၌ အိပ်ပျော်ရန်မူကား တွေးမိတိုင်း ပျော်အောင်မအိပ်နိုင်သေးပေ။

ကျွန်တော်သည် ၂.၄ ဘီလီယံရှိသော မိသားစုအသိုက်အမြုံကြီးတွင် အပါအ၀င်တစ်ယောက်ဖြစ်လိုခဲ့သည်။ ခက်သည်က စောဒက၀င်တတ်သောညဉ်ဆိုးသည် ကျွန်တော့်အတွက် မကောင်း။ ဘယ်အသိုင်းအ၀ိုင်းနှင့်မှ အံဝင်မည်မဟုတ်တော့ပေ။ ယခုလည်း ကျွန်တော်သည် ထာဝရဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ဖြစ် လာစေရန် နှစ်ခြင်းခံသင့်သလော၊ ဖြန်းခြင်းခံသင့်သလော မဝေခွဲနိုင်ပေ။ သရဏဂုံမှသည် ဗတ္တိဇံဆီသို့ အကူးအပြောင်းတွင်ပင် ကျွန်တော်က ကညာစစ်နေမိသေးသည်။

ခရစ်တော်သည် သားတော်ဟုဆိုရာ၌ တင်စားသည်ဟူသော အယူကို လက်ခံရမည်လော။ ခရစ်တော်သည် ဘုရားသခင်၏ သားတော်အစစ်လော။ သုံးပါးတစ်ဆူလော။ တစ်ပါးတည်းဝါဒလော။ ဘုရားသခင်သည် လူ့ဇာတိခံသလော။ လူအသွင်ဖြင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်တင်ခံရလေသလော။ ခရစ်ယာန်ဟု ခံယူပြီးနောက် အယူအဆများ ကြီးမားစွာကွဲပြားနေရခြင်းသည် ကျွန်တော့်အတွက် ရှုပ်ထွေးမှုကို ဖြစ်စေနိုင်ပါသည်။ Baptists သည် အမှန်လော။ Roman Catholics သည် အမှန်လော။ Orthodox လော။ Protestants လော။

မဖြစ်တော့ချေ။ ကျွန်တော်သည် ကျမ်းစာကို အသေအချာလေ့လာမှဖြစ်မည်။ သမ္မာကျမ်းစာကို စ၍ စေ့စေ့ငုငုလေ့လာကြည့်သောအခါ ကမ္ဘာဦးကျမ်းမှာတင် ကျွန်တော်ပြဿနာတက်နေတော့ သည်။ ဘုရားသခင်သည် ကမ္ဘာကြီးကို ၆ ရက်နှင့်ဖန်ဆင်းသည်။ ၇ ရက်မြောက်နေ့တွင် ဘုရားသခင်ငြိမ်ဝပ်စွာ နားနေတော်မူ သည်။ ထိုခုနှစ်ရက်သည် လက်ရှိကမ္ဘာ၏ ရက်သတ္တပတ်နှင့် တူလေစွ။

ပထမနေ့တွင် ဘုရားသခင်သည် အလင်းကိုလည်းကောင်း၊ နေ့နှင့်ညကိုလည်းကောင်း ဖန်ဆင်းတော်မူ သတတ်။ တတိယနေ့တွင် မြက်ပင်၊ စပါး၊ သီးနှံပင်တွေပေါက်စေသည်။ စတုတ္ထနေ့တွင် နေ့ရက်၊ နှစ်အပိုင်းအခြားတို့ ဖြစ်စေဖို့ ကောင်းကင်မှာ အလင်းအိမ်ကို ဖန်ဆင်းသတဲ့။ နေ့ကို အုပ်စိုးတဲ့ အကြီးတစ်လုံး(နေ)၊ ညကို အုပ်စိုးတဲ့ အငယ်တစ်လုံး(လ)နှင့် ကြယ်တွေကို ဖန်ဆင်းသတဲ့။ ကျွန်တော် ချာချာလည်ပေပြီ။

စတုတ္ထနေ့မှ နေနှင့်လကို ဖန်ဆင်းပြီး ပထမနေ့ကတည်းက အလင်းဘယ်ကရပါသနည်း။ နေ့နှင့်ည ဘယ်လိုဖြစ်ပါသနည်း။ နေကို ကမ္ဘာလှည့်ပတ်ပြီးမှ နေ့နှင့်ည ဖြစ်ပေါ်သည်မဟုတ်ပါလော။ ဒုက္ခော။

စတုတ္ထနေ့မှ နေနှင့် လကို ဖန်ဆင်းပြီး သစ်ပင်တွေက တတိယနေ့မှာ ဘယ်လိုရှင်သန်ပေါက်ရောက်ပါသလဲ။ နေရောင်ခြည်မရှိဘဲ သစ်ပင်တွေမရှင်သန်နိုင်ကြောင်း သိပ္ပံအချက်အလက်ကို ယနေ့ခေတ် ကလေးကအစ သိကြသည်ပဲ။

ဘုရားသခင်သတ်မှတ်သော ရက် ၇ ရက်သည် နေ့နှင့်ညပေါင်း တစ်ရက်တဲ့။ ၂၄ နာရီတစ်ရက်လား။ နေ့နှင့်ည ပေါင်းစပ်ပါဝင်သည့်တစ်ရက်သည် ကမ္ဘာ၏ ရက်သတ်မှတ်ပုံ မဟုတ်ပါလော။ ဘုရားသခင်သည် စကြ၀ဠာ နေအဖွဲ့အစည်းတစ်ခုလုံးနှင့် မသက်ဆိုင်ဘဲ ကမ္ဘာနှင့်သာသက်ဆိုင်သည့် ကမ္ဘာပေါ်က ဘုရားသခင်လော။ စတုတ္ထနေ့တွင် နေကို ဖန်ဆင်းပြီး စတုတ္ထနေ့အဖြစ်သတ်မှတ်ရေတွက်နိုင်သော နေ့နဲ့ညအပေါင်း ရက် အပိုင်းအခြားသည် နေမရှိဘဲ မည်သို့ ဖြစ်ပေါ်ပါသလဲ။

ကျွန်တော်သည် သမ္မာကျမ်းစာကို ဉာဏ်ခါးတောင်းကျိုက်၍ မနည်းလိုက်ဖတ်ရသော်လည်း ဘ၀င်ကျသည့် အဖြေကိုကား မရခဲ့ပေ။ ဘုရားသခင်၏စကားတွင် လူ၏အရေးအသားများ စွက်ဖက်ပြင်ဆင်မှုများနှင့် ၀င်ရောက်ခြေထိုးခံထားရသလော။ သို့တည်းမဟုတ် တင်စားချက်များလော။ ဘာသာစကားသည်လည်း တစ်ခါတစ်ရံရှုပ်ထွေးတတ်သည်မဟုတ်လော။

ကျွန်တော်သည် ချစ်ခွင့်ပန်ထားမိသောမိန်းကလေးထံမှ အဖြေရလုဆဲဆဲတွင် ထိုမိန်းကလေး နောက်ကြောင်း မရှင်းသည့်သတင်းကို ရလိုက်မိသကဲ့သို့ ဆုပ်လည်းဆူးစားလည်းရူးမည့်ကိန်း ဆိုက်ခဲ့တော့သည်။ သမ္မာ ကျမ်းစာသည် ဟီးဘရူး၊ အာရမိုက်၊ ဂရိ၊ အင်္ဂလိပ် အဆင့်ဆင့်ဘာသာပြန်ယူထားကြောင်းသိရသဖြင့် ဘာသာစကားတစ်ခုနှင့်တစ်ခု အကူးအပြောင်းတွင် ဤသို့ဖြစ်ကုန်သည်လော။

တကယ်တော့ ဘာသာစကားရှုပ်ထွေးမှု၏ တရားခံသည်လည်း ဘုရားသခင်သာလျှင် ဖြစ်သည်။ ဗာဗုလုန်မြို့ ဖြစ်တည်ခြင်း သမိုင်းအစကို ပြန်ရှုပါလော့။ လူတို့သည် တစ်ချိန်က ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆိုကြ၏။ နောဧခေတ် ရေလွှမ်းမိုးပြီးနောက် ကျန်ရစ်သော လူသားမျိုးနွယ်သည် စည်းလုံးကာ မြို့သစ်တည်၍ မိုးကောင်းကင်အထိတက်နိုင်သော ရဲတိုက်ကို ဆောက်၏။ ဘုရားသခင်သည် မြို့နှင့်ရဲတိုက်ကို ကြည့်ရှုရန်ဆင်းလာ၏။ ဘုရားသခင်သည် သိစပ်မြင်နှံ့သူမဟုတ်တုံလော။ ဆင်း၍ကြည့်ရသည်ဆိုပဲ။ လူသားသည် လူမျိုးတစ်မျိုးတည်း ဘာသာစကားတစ်မျိုးတည်းဖြစ်သောကြောင့် ဤသို့ ကြံစည်စွမ်းဆောင်နိုင် ကြသည်ကို ဘုရားသခင်လိုလားပုံမရ။ လူတွေအကွဲကွဲအပြားပြားဖြစ်ကာ ဘာသာစကားလည်း ရှုပ်ထွေး စေအောင် ဘုရားသခင်က အမိန့်ပေးခဲ့သည်ဟူ၏။ (ကြည့်- ကမ္ဘာဦးကျမ်း၊ ၁၁း ၁-၉)။

ထို့ကြောင့်လည်း ဘုရားသခင်၏ ကျမ်းစာအပေါ် ကျွန်တော်သည် ဘုရားသခင်အလိုကျ ရှုပ်ထွေးကာ ဆိုလိုရင်းနားမလည် ဖြစ်နေဟန်ရှိပါသည်။

မဖြစ်တော့ချေ။ ကျွန်တော်သည် သမ္မာကျမ်းစာကို အလုံးစုံနားလည်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားရပေဦးမည်။ လောလောဆယ်တွင် ယေရှုကိုယ်တော်၏ မေတ္တာတရားနှင့် ဘုရားသခင်အကြောင်းကိုသာ စူးစမ်းလေ

01/02/2019
ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့ ဒီပုဒ်မတွေကို တပ်ဘက်က ဖြေလျှော့ပြင်ဆင်ပေးချိန် တန်ပါပြီ ....NLD ၏ပြည်သူများသိရှိစေရန် ဖွ...
30/01/2019

ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့ ဒီပုဒ်မတွေကို
တပ်ဘက်က ဖြေလျှော့ပြင်ဆင်ပေးချိန် တန်ပါပြီ ....

NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
------------------------------------------------------------------------

၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု
အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် "
ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)

၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် "
ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )

၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့်
ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ်
ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )

၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး
ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက
ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )

၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)

၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင်
နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )

၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ )
ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ
ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁

၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း ။

၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း ။ ပုဒ်မ - ၃၃၈

၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း

၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆

၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။
ပုဒ်မ - ၄၂၁ (ခ ) ၄၂၅

စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော
ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

ZN.H 🇦🇺

အခြေခံဥပဒေကို  ပြင်ဖို့ခက်ရင် အသစ်စွဲပါ လက်ရှိတိုင်းပြည်ရဲ့အခြေအနေသည် အခြေခံဥပဒေသစ်ရေးဆွဲပြီး အုပ်ချုပ်စီမံမှသာ အသင့်တော...
27/01/2019

အခြေခံဥပဒေကို ပြင်ဖို့ခက်ရင် အသစ်စွဲပါ

လက်ရှိတိုင်းပြည်ရဲ့အခြေအနေသည် အခြေခံဥပဒေသစ်ရေးဆွဲပြီး အုပ်ချုပ်စီမံမှသာ အသင့်တော် အကောင်းမွန်ဆုံးဖြစ်မည်ထင်

အာဏာရအစိုးရဆိုတာ အခြေခံဥပဒေသစ်ရေးဆွဲခွင့်ရှိတယ်

သို့မဟုတ်

အများစုဆန္ဒသည်သာ


မည်သည့်ဥပဒေကိုမဆို ခေတ်အခါအပြောင်းအလဲအရသော်၎င်း တရားမျှတမှု တစ်စုံတစ်ရာအတွက် ပြဌာန်းဥပဒေတစ်ရပ်ရပ်ဟာ လိုအပ်ချက်ကြီးလွန်းနေရင်သော်၎င်း

တရားစီရင်ရေးအတွက် တရားမျှတဖို့နှင့် တရားဥပဒေ စိုးမိုးဖို့ အခြေအနေတွေ အလွန်လျော့နည်းနေရင် သော်၎င်း

အဖွဲ့စည်းတစ်ခု လူတစ်စုအတွက်သာ အသုံးဝင်ပြီး လူအများစု အတွက် မျှမှုမရှိ သင့်လျော်ကောင်းမွန်ခြင်းအလျင်းမရှိရင်သော်၎င်း
စသဖြင့် အခြေအနေတွေ ဆိုက်လာခဲ့ရင်

ထိုဥပဒေနေရာမှာ သင့်တော်ကောင်းမွန် တရားမျှတသော ဥပဒေတွေပေါ်ပေါက်လာဖို့

ဖွဲ့စည်းအုပ်ချုပ်ပုံအရ အစိုးရတစ်ရပ်ရဲ့ စီမံမှုယန္တရားအတိုင်း ဥပဒေပြုရေးမဏ္ဍိုင်ကနေ နိုင်ငံတေည်နှင့် နိုင်ငံသားတို့အတွက် တရားမျှတဖို့ တရားဥပဒေ စိုးမိုးဖို့
လိုအပ်သောဥပဒေတွေကို အသစ်ရေးဆွဲပြီးမှ မသင့်တော်သောဥပဒေတွေကို ဖျက်သိမ်းပြစ်ရတာဟာ နိယာမကျင့်ထုံး နိုင်ငံတကာစံထုံးပါပဲ

တစ်ခါတစ်လေမှာ ကန့်ကွက်ချင်သောသူတွေရှိနိုင်ပါတယ် ဒါဆိုရင် အငြင်းပွားမှုကို အဆုံးသတ်စေရန် လွှတ်တော်၌ဖြစ်စေ နိုင်ငံသားတို့ရဲ့ ဆန္ဒမဲတွေနှင့်ဖြစ်စေ မဲပေးရွေးချယ်စေခြင်းဖြင့် ဆုံးဖြတ်ရပါတယ်

ထိုသို့ ဆုံးဖြတ်လို့ လူအများစုကထောက်ခံတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့ အဖွဲ့စည်းဟာ နိုင်ငံတော်ပုန်ကန်မှုမြောက်စေပါတယ် ပြည်သူအများစုရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်ပါတယ်

အလုပ်တိုင်းမှာ ဖြေရှင်းစရာနည်းလမ်းရှိပါတယ်
ခု ၂၀၀၈ခုနှစ်အခြေခံဥပဒေကို လည်း အစိုးရတစ်ရပ်ဟာ အသစ်ရေးဆွဲလို့ရတယ်ဆိုတာ ကျနော် အရင်တင်ထားခဲ့ post ကို ပြန်သုံးသတ်လို့ရပါတယ်

အခြေခံဥပဒေမည်သည် နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးအတွက် အကျိုးရှိစေရန်အတွက်သော်လည်းကောင်း

ကာကွယ်မှုရစေရန်အတွက်သော်လည်းကောင်း လုံခြုံမရှိစေရန်အတွက်သော်လည်းကောင်း

တရားမျှတမှု တရားသောဥပဒေတွေလွှမ်းမိုးနေစေရန်သော်လည်းကောင်း

နိုင်ငံသားတို့ရဲ့တူမျှသောအခွင့်အရေးတွေရရှိရန်သော်လည်းကောင်း

လွတ်လပ်သောကိုးကွယ်မှုနှင့်အတူ စစ်မှန်သောဘာသာတရားတွေရဲ့ ကိုးကွယ်မှုဆိုင်ရာအခွင့်အရေးတွေမဆုံးရှုံးစေရန်သော်လည်ကောင်း

ကိုယ်ပိုင်ဖန်တီးနိုင်သောစွမ်းအားဖြင့် အပြစ်ဖြစ်စေသောဥပဒေတစ်ရပ်ရပ်ကိုမကျော်လွန်မကြူးလွန်ဘဲ စီးပွားရေး လူမှုရေး ရင်းနှီးမြုပ်နှံမှုနှင့်နည်းပညာများကို လွတ်လပ်၍တရားမျှတစွာလုပ်ကိုင်ခွင့်ရစေရန်သော်လည်းကောင်း

သတ်မှတ်ပြဌာန်းရေးဆွဲရသောအရာဖြစ်သည်

အခြေခံဥပဒေတွင် လူပုဂ္ဂိုလ်တစ်ဦးဦးအား ရည်ရွယ်တိုက်ခိုက်ရန်အတွက်သော်လည်းကောင်း

လူပုဂ္ဂိုလ်တစ်ဦးဦးကိုဦးတည်ရည်ရွယ်ပြီး ထိုသူရဲ့အခွင့်အရေးတွေကို ချိုးဖောက်တားမြစ်ပိတ်ပင်ရန်အလိုငှာ သော်လည်းကောင်း လုံးဝပြဌာန်ရေးဆွဲလို့မရပေ

ထိုအပြင် အခြေခံဥပဒေတွင် လူပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အဖွဲ့စည်းအသင်းတစ်ခုခုအားဖြစ်စေ

ထိုအရာတို့အတွက် ကာကွယ်လို၍ဖြစ်စေ အခွင့်ထူးခံပေးချင်လို၍ဖြစ်စေ

ထိုသူတို့ရဲရှိရင်းစွဲအပြစ်တွေ နောက်ထပ်ကြူးလွန်နိုင်သော ပြစ်မှုတွေအတွက်ကာကွယ်လို၍ဖြစ်စေ လွတ်မြောက်လို၍ဖြစ်စေ လုံးဝသတ်မှတ်ရေးဆွဲလို့မရပေ

နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား ၁၃၅မျိုးလုံးအတွက် တပြေးညီ တရားမျှတအောင် တရားဥပဒေစိုးမိုးအောင် ခွင့်တူညီမျှမှုရှိအောင်ရေးဆွဲရမည်ဖြစ်သည်

၂၀၀၈ ခုနှစ်အခြေဥပဒေ အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများ ထဲမှ ပုဒ်မ ၄ တွင်လည်း

" နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် "

ဟုပြဌာန်းထားခြင်းသည်ပင်လျှင် အထက်မှာကျနော်ပြောတဲ့အရာတွေကို ရည်ညွှန်းပြီးသားဖြစ်နေပါပြီ

သို့ရာတွင် နိုင်ငံတော် အစိုးရသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လက်ရှိတည်ဆဲအခြေခံဥပဒေသည် နိုင်ငံတော်နှင့်နိုင်ငံသားအများစုတို့အတွက် ( သို့တည်းမဟုတ် နိုင်ငံ့လူဦးရေ သို့မဟုတ် မဲပေးနိုင်သော လူဦးရေ ၅၀% ကျော်အတွက် ) တစ်စုံတစ်ရာ တရားမျှတမှုမရှိဟု ထင်ရှားရင်သော်လည်းကောင်း

နိုင်ငံသားအများစု( နိုင်ငံအတွင်းက နိုင်ငံသားဖြစ်ခွင့်ရှိသူအများစု သို့တည်းမဟုတ် မဲပေးနိုင်သူဦးရေအများစု ) ကလည်း လက်ရှိအခြေဥပဒေသည် သူတို့အတွက် တရားမျှတမှုမရှိဟု ထင်ရှားစွာတောင်းဆိုလာရင်သော်လည်းကောင်း

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားပြည်သူတို့ရဲ့လိုလားချက်အရ ပြည်သူတွေရဲ့ အများစုဆန္ဒကိုလိုက်လျောရမည့်မူအရ

လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း အပြည့်အဝလုံးဝကို အခွင့်အရေးရှိပါသည်

မဖြစ်မနေလည်းလုပ်ပေးဖို့လိုပါသည် ပြည်သူအများစုရဲ့တစ်ဦးချင်းကိုယ်စီရဲ့လိုလားချက်ဟာအရေးပါလိုအပ်လာပါတယ်

ဒီနေရာမှာ ပြောစရာနှစ်ချက်ရှိပါတယ် ပြင်ဆင်ခြင်း ဆိုတဲ့အပိုင်းနှင့် အသစ်ရေးဆွဲခြင်းဆိုတဲ့အပိုင်းပါ

ပြင်ဆင်တဲ့အခါ လက်ရှိအခြေခံဥပဒေအတိုင်းသွားနေရမှာဖြစ်ပြီး

အသစ်ရေးဆွဲတဲ့အခါ
အာဏာရအစိုးရတစ်ရပ်ရဲ့ သူ့ရဲ့မူဝါဒလမ်းစဉ်တစ်ကို အကောင်အထည်ဖော်ခွင့်ရှိနေလို့

zero setting သဘောအတိုင်း အခြေခံဥပဒေသာမက နိုင်ငံတော်တိုးတက်ကောင်းမွန်ရေးအတွက် မည်သည့်ကိစ္စမဆို လုပ်ပိုင်ခွင့်ရှိနေပါတယ်

နိုင်ငံတကာအစိုးရမူဝါဒတွေလေ့လာရင် သိနိုင်ပါလိမ့်မယ်

ဒီနေရာမှာ ပြည်သူကရွေးချယ်တင်မြှောက် ထားသော အပြည်သူ့အစိုးရဲ့ အလုပ်တာဝန်တွေကို အစိုးရလက်အောက် တနည်း သမ္မတလက်အောက်မည်သည့်အဖွဲ့အစည်းမဆို နိုင်ငံတော်အတွက် သမ္မတကဦးဆောင်ပြီး ကောင်းစေချင်တဲ့မူဝါဒအတိုင်းလည်းသွားတယ် တိုင်းရင်းသားပြည်သူအများစုကလည်းလက်ခံရဲ့နှင့် မိုက်ကြေးခွဲသလို ဆန်ကျင်သူရှိလာရင် ထိုအဖွဲ့အစည်းသိုးမဟုတ် လူပုဂ္ဂိုလ်ဟာ အာဏာဖိဆန်မှု နိုင်ငံတော်ပုန်ကန်မှုတောင်မြောက်ပါတယ်

ဒါ့အပြင် နိုင်ငံတော်အစိုးရနှင့်ပြည်သူတိုင်းရင်းသား တွေသာမက ကမ္ဘာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များရဲ့ ဘုံရန်သူအဖြစ် သတ်မှတ် ခြေမုန်းနိုင်ပါတယ်

အခြေခံဥပဒေမှာ သေချာလေ့လာရင်
တိုင်းပြည်ရဲ့အမြင်ဆုံးအာဏာရှိသူဟာ အာဏာရပါတီက အဆိုတင်သွင်း မဲပေးရွေးချယ်ထားသော သမ္မတသာအာဏာအရှိဆုံးဆိုတာတွေ့ရပါလိမ့်မယ်
ဒါ့ကြောင့်မို့ နိုင်ငံအတွင်းရှိ မည်သည့်အဖွဲ့အစည်း မည်သည့်တပ်ဖွဲ့မဆို နိုင်ငံတော် သမ္မတရဲ့ ဦးဆောင်မှုအောက်တွင်သာ ရှိရမည် ဆိုတာ ၂၀၀၈ခုနနှစ်အခြခံဥပဒေကလည်း သက်သေခံပြီးသား ဖြစ်နေပါပြီ

ဒီနေရာမှာ အများစု အငြင်းပွားနေသောအချက်သည် လက်ရှိ ၂၀၀၈ခုနှစ်အခြေခံဥပဒေရဲ့ အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများထဲမှ ပုဒ်မ ၂၀ အပုဒ်ခွဲ ( စ )

" တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန် ရှိသည် " လို့ ပြဌာန်းရေးဆွဲထားပေမဲ့

တပ်မတော်သည် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍လည်းကောင်း

တပ်မတော်သည် လက်ရှိတည်ဆဲ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံအခြေခံဥပဒေကိုသာ ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ဟူ၍လည်းကောင်း တိကျပြတ်သားစွာပြဌာန်းထားခြင်းမရှိသည့်အတွက်

တပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့အများစုလိုအပ်ချက်အရရေးဆွဲသည့် မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမဆို ကာကွယ်ရမည့်အဓိကတာဝန်ရှိသည်ဟု အဓိပ္ပာယ်သက်ရောက်စေမှာဖြစ်ပါတယ်

သို့ပါသောကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်လာလို့ လက်ရှိအာဏာရအစိုးရက ဦးစီး၍ အသစ်ရေးဆွဲမည့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်ရမည့်သဘောသက်ရောက်သွားစေတဲ့အတွက်

အကယ်၍ လက်ရှိအစိုးရသည် နိုင်ငံသားအများစုရဲ့ဆန္ဒအရ အခြေခံဥပဒေကို အသစ်ရေးဆွဲပြဌာန်းပြီး တရားမျှတပြီး ပွင့်လင်းမြင်သာစေသောနည်းဖြင့် လူထုဆန္ဒမဲခံယူခြင်းဖြင့် အတည်ဖြစ်လာမည့် အခြေခံဥပဒေကိုလည်းကာကွယ်ရမည်အဓိကတာဝန်ရှိသူမှာ တပ်မတော်ဟုဆိုအပ်ပါသည်

ပြင်မပြင် အသစ်ရေးဆွဲမဆွဲဟူသည်ကတော့ လက်ရှိအခြေခံဥပဒေသည် ကျနော်အထက်မှာ ဖော်ပြခဲ့သလို အချက်တစ်ခုခုနှင့်ညှီစွန်းနေရင်တော့ စစ်မှန်၍တရားမျှတသောအခြေခံဥပဒေမဖြစ်နိုင်လို လုံးဝလုံးဝပြင်ဆင်သင့်ပါသည် သို့တည်းမဟုတ် လုံးဝအသစ်ရေးဆွဲရမည်ဖြစ်ပါသည်

အထက်မှာကျနော်ဖော်ပြခဲ့တဲ့အချက်တစ်ခုခုနှင့် မငြှီစွန်းရင်တော့ပြင်ဆင်ခြင်း အသစ်ရေးဆွဲခြင်းမလိုပါဘူး

ထိုအခါ အသစ်ရေးဆွဲသောအခြေခံဥပဒေနှင့် လက်ရှိတည်ဆဲဥပဒေနှစ်ခုမှာ သဘောထားဆန္ဒကွဲပြားမှုရှိနေရင် ထောက်ခံမှုကန့်ကွက်မှုဟာ အနည်းအများမတိမ်းမယိမ်းဖြစ်နေရင်

နောက်ဆုံးအခြေအနေအရ အငြင်းပွားကြရင်တော့ လက်ရှိတည်ဆဲ အခြေခံဥပဒေရယ် နောက်အသစ်ရေးဆွဲတဲ့အခြေခံဥပဒေရယ် ဒီနှစ်ခုထားပြီး နှစ်ခုထဲက တစ်ခုကို ပြည်သူအများစုအား ဆန္ဒမဲပေးဆုံးဖြတ်စေခြင်းဖြင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ် မဲပေးနိုင်တဲ့သူဦးရေ၏ ၅၀% ကျော်ရဲ့ဆန္ဒမဲပေးပြီး ရွေးချယ်တဲ့ ဥပဒေဟာ အတည်အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်

အခြေခံဥပဒေနှစ်ရပ်မှာ အများစု မထောက်ခံတဲ့ အခြေခံဥပဒေကတော့ ဖျက်သိမ်းရမှာဖြစ်ပါတယ်

အားလုံးအားလုံးသောမိတ်ဆွေအပေါင်းတို့ခင်ဗျား ကျနော့်ရဲ့ ဒီ post ဟာ ဘယ်ဘက်ကိုမှ တိမ်းစောင်းရေးထားခြင်းမဟုတ်ပါ ကျနော့်ရဲ့ တွေ့ရှိချက်နှင့် အငြင်ပွားသူနှစ်ဘက်ကြားမှာ ဓမ္မအဓိဋ္ဌာန်ကျကျရေးထားတာပါ ရွေးချယ်မှုတိုင်း တိုင်းရင်းသားပြည်သူအများစုဆန္ဒကိုသာအတည်ယူရတာပါ အကောင်းဆုံးအငြင်းပွားမှုအဆုံးသတ်ဖို့ကတော့ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကအကောင်းဆုံးပါ

တပ်မတော်ဘက်ကဖြစ်ဖြစ် အစိုးရအပိုင်းကဖြစ်ဖြစ် နိုင်ငံသာနိုင်ငံသားတွေရဲ့ အငြင်းပွားမှုကိုအဆုံးသတ်စေရန် လွတ်လပ်၍တရားမျှတသော ဆန္ဒမဲပေးခြင်းဖြင့် အဆုံးသတ်အောင်လုပ်လို့ရပါတယ် ဒါမှလည်း ဒါကကောင်းတယ်ဟိုဟာကကောင်းတယ်ဘာမှငြင်းစရာမရှိတော့မှာပေါ့

ဒါ့အပြင် အာဏာရအစိုးရတစ်ရပ်ဟာ တိုင်ပြည်ရဲ့လိုအပ်ချက်အရ ဦးဆောင်ပြီး အခြေခံဥပဒေတစ်ခုကို ရေးဆွဲလို့ရတယ်ဆိုတာ အောက်ပါ ဥပမာတွေကိုကြည့်ရင် သဘောပေါက်နိုင်ပါတယ်

ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေထဲမှာ မကျေနပ်သူကျေနပ်သူတွေကြားမှာ အများဆုံးအငြင်းအခုံဖြစ်နေကြတာဟာ Constitutions of the Republic of the Union of Myanmar ( 2008 ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ) ပြင်ဆင်ခြင်းမပြင်ဆင်ခြင်းတွေပဲဖြစ်ကြပါတယ် ဒီကိစ္စနှင့်ပက်သက်ပြီး ကျနော့်လေ့လာတွေရှိချက်ကို ကျနော်မြင်သလောက်တင်ပြပေးပါ့မယ်

တကယ်တော့ အခြေခံဥပဒေဆိုတာ ပြင်ဆင်ခြင်းမပြင်ဆင်ခြင်းဆိုတာကို ဒီနေရာမှာမပြောလိုတော့ပါဘူး လိုအပ်လာရင် အသစ်ရေးဆွဲလို့ရတယ်ဆိုတာ ကျနော်မြင်သလောက်ပြောပြပါ့မယ်

2008ခုအခြေခံဥပဒေ တစ်ခုလုံးမှာလည်း ပြင်ဆင်ခြင်းကိစ္စသာပါရှိပြီး အသစ်မရေးဆွဲရဆိုတာမပါရှိပါဘူး

ဆိုလိုတာက ဒီနေရာမှာ အာဏာရ ပြည်သူ့အစိုးရဟာ အခြေခံဥပဒေသစ် ရေးဆွဲမယ်ဆိုပြီး လွှတ်တော်မှာ အဆိုတင်သွင်း မဲခွဲဆုံးဖြတ် အတည်ယူပြီး ရေးဆွဲခွင့် အနှောက်ယှက်မရှိ ရနေတာ တွေ့ရပါတယ်

တကယ်တော့ အခြေခံဥပဒေဆိုတာ ပြည်သူတွေကိုယ်စားပြု ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်အနေနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချက်ရှိခြင်းကြောင့်သော်လည်းကောင်း ခေတ်အခြေအနေအချိန်အခါအရ ပြောင်းလဲအသစ်ဆွဲဖို့လိုအပ်ရင်သော်လည်းကောင်း နိုင်ငံသားတို့အတွက် တရားမျှတမှုမရှိဟုသိသာထင်ရှားရင်သော်လည်းကောင်း နိုင်ငံသားအခွင့်ရေးလူ့အခွင့်အရေးတွေအရတရားမျှတမှုတွေမရှိဘူး သို့မဟုတ် လိုအပ်ချက်တွေရှိနေ၍ပြည့်စုံဖို့လိုအပ်နေရင်သော်လည်းကောင်း

ပြည်သူတင်မြှောက်ထားသော အစိုးရဟာ အခြေခံဥပဒေကိုရေးဆွဲပြီး ပြည်သူတွေရဲ့အများစုဆန္ဒကိုမဆန့်ကျင်ဘဲ လွတ်လပ်တရားမျှတသော ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသားတို့၏ မဲပေးနိုင်သူဦးရေ၏ တစ်ဝက်ကျော်ရတယ်ဆိုရင် အသစ်ရေးဆွဲသောအခြေခံဥပဒေသည် အတည်ဖြစ်ပြီး ဆန္ဒမဲပေးနိုင်သူရဲ့တစ်ဝက်ကျော်က ကန့်ကွက်ဆန္ဒပြတယ်ဆိုရင်တော့ ရှိရင်းစွဲအခြေခံဥပဒေသာအတည်ဖြစ်ပါတယ်

ဒါကိုထင်ရှားအောင် သက်သေသာဓကနှင့်ကျနော် တင်ပြပါ့မယ် ကျနော်တို့ နိုင်ငံမှာ နဂိုအစတည်းက 1947 ခုနှစ် Burma Constitutions law ရှိပြီးသာပါ ဒါကို 1962ခုနှစ် တော်လှန်ရေးကောင်စီ ဦးနေဝင်းအစိုးရအာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးနှင့်အုပ်ချုပ်ပြီး တိုင်းပြည်ရဲ့ အချိန်အခါအပြောင်းလဲနှင့် အခြေအနေအပြောင်းလဲကြောင့် 1974ခုနှစ်မှာ အခြေခံဥပဒေကို 1947 ခြေဥကို ခြေပြုပြီး လုံးဝအသစ်ရေးဆွဲခဲ့တာတစ်ကြိမ်

အဲဒီ 1974 ခုနှစ် အခြေခံဥပဒေဟာလည်း 1988 အရေးအခင်းနှင့်အတူ ကမောက်ကမဖြစ်ခဲ့ပြီး 1990 ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အစိုးရဖွဲ့နိုင်သောမဲနိုင်သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရဲ့အာဏာသိမ်းမှုနှင့်ထပ်ကြုံပြီး အဲဒီအာဏာသိမ်းစစ်အစိုးရကပဲ 1993 ခုနှစ်မှာ ညီလာခံစခေါ်ပြီး 2008 ခုနှစ် ညောင်နှစ်ပင်ကြမှ 2008ခုနှစ်မေလထဲမှာဘဲ ပြည်လုံးကျွှတ်ဆန္ဒခံယူပြီး အခြေခံဥပဒေကို အတည်ပြုခဲ့လို့ ခုအချိန်ထိ ဒီအခြေခံဥပဒေအတိုင်းသွားနေဆဲပါ

အထက်ပါ ကိစ္စတွေကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းအစိုးရပင်ဖြစ်စေ ရွေးချယ်ခံပြည်သူကိုယ်စားပြုအစိုးရပင်ဖြစ်စေ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏လိုအပ်ချက်အရ အစိုးရတစ်ရပ်ဟာ ဦးဆောင်ပြီး အခြေအနေအချိန်အခါနှင့်ကိုက်ညီတဲ့ အခြေခံဥပဒေကိုရေးဆွဲခွင့်လုံးဝအပြည့်အဝရှိပြီး ဒီမိုကရေစီအစိုးရဖြစ်တာကြောင့် ဆန္ဒမဲရှင် ပြည်သူတွေကိုချပြပြီး လွတ်လပ်ပြီး တရားမျှတသော ပြည်လုံးကျွှတ်ဆန္ဒခံယူခြင်းဖြင့် အတည်ပြုခြင်း အတည်မပြုခြင်းကိုလုပ်လို့ရတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်

ဒီလောက်ဆိုရင် စာဖတ်သူမိတ်ဆွေတွေ သဘောပေါက်လောက်ပါပြ

ဒါကတော့ ကျနော့်ရဲ့ တွေ့ရှိချက်အတိုင်း logic ကျကျ ချပြောပြတာပါ ဟုတ်မဟုတ် သင့်မသင့် တော်မတော် ကောင်းမကောင်း ကိုယ့်ဘာသာကိုယ်စဉ်းစားကြပေါ့


အားလုံးကိုကျေးဇူးတင်ပါသည်


မဟာအနန္တပါလ ( အပ္ပမာဒ ဒီမိုကရေစီ )

Address

Mandalay

Telephone

09427768104

Website

Alerts

Be the first to know and let us send you an email when A Phyu Aphyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share