The Word Of God Myanmar . Pastor Thet Win

The Word Of God Myanmar . Pastor Thet Win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Word Of God Myanmar . Pastor Thet Win, Church, Madaya.

17/12/2020

ပျိုးခင်းစာစောင် အမှတ်စဉ် ( ၄၂ )

စာမျက်နှာ ( ၁၂ ) အမှုတော်ဆောင်အသက်တာ

အမှတ်စဉ် ( ၁ ) ဧလိသားတို့​၏ စရိုက်

အမှုတော်ဆောင်သည် ဘုရား​သခင်၏ကျွန်ဖြစ်သည်။ ကျွန်သည်အစေခံဖြစ်သည်။ အစေခံသည် စေခိုင်းသမျှကိုပြုရန်ဖြစ်သည်။ မိမိစိတ်ကြိုက်အသက်ရှင်၍မဖြစ်ချေ။ မိမိကိုမိမိမပိုင်၊ သခင်သည် မိမိကိုပိုင်သည်။ သခင်စိတ်နှင့်အသက်ရှင်ရမည်။ အမှုတော်ဆောင်သည် ဘုရားသခင်​၏ထိန်းချုပ်မှုအောက်၌ အသက်ရှင်သည့် အရုပ်တရုပ်ကဲ့သို့ မိမိကိုယ်ကို ခံယူနိုင်ရမည်။

အမှုတော်ဆောင်သည် သာမန်ခရစ်ယာန်ကဲ့သို့ သမ္မာတရား၌ကျင်လည်ရုံမျှ အသက်ရှင်၍မဖြစ်ချေ။ ဘုရားသခင့် စိတ်တော်ကို နူးညွတ်နှစ်သက်စေရန် သတိကြီးစွာ အားထုတ်အသက်ရှင်ရမည်။ ဧလိသား ယဇ်ပုရောဟိတ်ပျိုဟောဖိနပ်နှင့် ဖိနဟတ်ကဲ့သို့သော မှားယွင်းမှုမျိုး မလွန်ကျူးမိစေရန် အရေးကြီးလှသည်။ ထိုယဇ်ပုရောဟိတ်ပျိုတို့သည် ဘုရားကိုမသိ၊ အဓမ္မလူဖြစ်ကြသည်။

အမှုတော်ဆောင်သည် မိမိ​၏အလုပ်ရှင် မိမိသခင်ကို မသိ၍မဖြစ်ချေ။ သိရုံမက အကျွမ်းဝင်ရမည်။ မိမိသခင်၊ မိမိအရှင်​၏အကြိုက်ကိုသိရမည်။မိမိအရှင်​၏ အကြိုက်ကိုလိုက်ရမည်။ မိမိအရှင်နှစ်သက်သည့်စရိုက်ကိုကျင့်ရမည်။ အဓမ္မလူမဖြစ်ရ။ ဖြောင့်မတ်ရမည်။ သစ္စာရှိရမည်။ ကောင်းမြတ် ရပါမည်။ အမှုတော်ဆောင်လည်းလူဘဲဟူ၍ မိမိကိုမိမိ မညှာတာရ၊ ပေါ့ပေါ့ပျက်ပျက်မတွေးခေါ်ရချေ။

ဖခင်ဧလိသည် မိမိသားတို့အား ဆုံးမသော်လည်းကြပ်တည်းစွာမဆုံးမ၊ သူ​၏သားတို့သည်ဘုရားဝတ်ကို လူများရွံစရာဖြစ်အောင်ပြုကြသည်။ ယဇ်ပူဇော်ခြင်းငှာ လာရောက်သည့်သူများထံမှ မိမိအစေပါတို့ကိုစေလွှတ်ပြီး ကင်စရာအမဲသားအစိမ်းကိုသာပေးရန် တောင်းစေသည်။ ပြုတ်ပြီးသောအမဲသားကိုမယူ ဟုဆိုလေ့ရှိကြသည်။

ယဇ်ပူဇော်သောသူက ဆီဥကိုအရင်မီးရှို့ပါရစေဟု တောင်းပန်သော်လည်း နားမထောင်တတ်၊ မပေးလျှင်အနိုင်ပြုမည်ဟုဆိုတတ်ကြသည်။ ထို့အပြင် ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသော မိန်းမနှင့် မှားယွင်းခြင်းအမှုလည်းပြုကြသည်။ ဖခင်ဧလိသည် သားတို့အားသတိပေးသော်လည်း သူတို့သည်နားမထောင်ဘဲနေကြ​၏။

ဘုရားသခင်​၏လူတယောက်သည် ဧလိထံရောက်လာပြီး သင့်အဘအမျိုးကို ငါ့ရှေ့မှာ အစဉ်သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည် ဟုအမိန့်တော်ကိုပြန်ပေးခဲ့သည်။

ဧလိသည် မိမိ​၏သားတို့ကို ဘုရာသခင့်အပေါ်မှာ ချီးမြှောက်သောကြောင့် ဧလိအမျိုး၌ အိုသောသူမရှိရ ဟုဘုရားသခင်မိန့်တော်မူလေသည်။ ဧလိသည် သားတို့နှင့်တကွ တရက် တည်းသေခဲ့ရလေသည်။ ဘုရားသခင့်အမှုတော်မြတ်၌ ကိုးကွယ်ခြင်းဆိုင်ရာဝတ်တွင် အကြီးဆုံးပုဂ္ဂိုလ်အဖြစ် ချီးမြှောက်ခြင်းခံရသော်လည်း ဘဝနိဂုံးကို အရုပ်ဆိုးစွာ အဆုံးသတ်ခဲ့ကြရလေသည်။

ယနေ့အမှုတော်ဆောင် သင်းအုပ်ဆရာ၊ ဓမ္မဆရာများလည်း သတိပြုကြရန် အထူးလိုအပ်သည်။ ခရစ်ယာန်များ​၏ အဦး အနု အထွဋ် ဆယ်ဘို့တဘို့ တို့ကိုစားသောက်ကြရပြီး ကောင်းပေ့မှန်သမျှကိုခံယူဆက်ဆံကြရသည်ကို သတိပြုရမည်။ ဧလိသားများကဲ့သို့ ဘုရားကို အကျွမ်းမဝင်ဘဲ အမှုတော်ဆောင်လုပ်နေပါက ဘုရားဝတ်ကို သူတပါးရွံရှာဖွယ်ဖြစ်စေသူ၊ ဘုရားအမျက်တော်ကိုနှိုးဆော်သူ ဖြစ်ကြပေမည်။

အမှုတော်ဆောင်သည် ငွေကိုမတပ်မက်ရ။ မစင်ကြယ်သောစီးပွားကို လက်မခံရ။ မတရားသဖြင့် သူတပါးဥစ္စာကို မလုယူ အနိုင် မသိမ်းယူရ။ ဘုရားဝတ်ပြုရန်ရောက်လာသည့် မိန်းမများကို မပြစ်မှားရ။ အပျိုဖြစ်စေ၊ မိန်းမလွတ်ဖြစ်စေ၊ မုတ်ဆိုးမဖြစ်စေ၊ လင်ရှိမိန်းမဖြစ်စေ မပြစ်မှားရ။ ယောက်ျားတို့​၏ တပ်မက်စိတ်ကို ဖယ်ရှားရမည်။

အမှုတော်ဆောင်သည် မိမိတဦးတည်း ဘုရားစိတ်တော်တွေ့အောင်နေရမည်မဟုတ်ချေ။ မိမိ​၏ဇနီး သားသမီး မိသားစုဝင်အားလုံးကို ကောင်းမွန်စွာ သွန်သင်ဆုံးမပြီး အုပ်စိုးနိုင်ရပါမည်။ မိသားစုရှေ့၌၎င်း၊ ခရစ်ယာန်အများရှေ့၌၎င်း မိမိကိုယ်တိုင် ပုံသက်သေပြနိုင်သူဖြစ်ရမည်။ လောဘလွန်ကျူးခြင်းကို လုံးဝရှောင်ကြဉ်ရမည်။ မှားယွင်းမှုကို သတိနှင့်ဖယ်ရှားရမည်။

အမှုတော်ဆောင်သည် ထင်တိုင်းကြဲ၍ မရချေ။ မိမိစိတ်အလိုဆန္ဒရှိသည်အတိုင်းမလုပ်ဆောင်ရချေ။ သမ္မာတရားအတိုင်း ကျင့်စောင့်ရမည်။ ဆိုးရွားသောအမှုတော်ဆောင်မဖြစ်ရ။ ကိုယ်တိုင်ဘုရားကိုရိုသေရမည်။ ဘုရားဝတ်ကိုလည်း ပရမ်းပတာမပြုရ။ စားသော်ရှိသောက်သော်ရှိသခင်ဘုရား မျက်နှာကိုထောက်ရှုရမည်။ မိမိသိုးစုရှေ့၌ အလင်းပြရမည်။

ပတ်ဝန်းကျင်၌လည်း ဂုဏ်အသရေရှိသူဖြစ်ရန်လိုပါသည်။ ကျင့်ကြံ၊ပြုမူ၊ ပြောဆို၊ နေထိုင်၊ သွားလာရာမှာလည်း သမ္မာသတိရှိရမည်။ ဘုန်းနာမတော်ကို ရှုတ်ချစေသည့် အမှု လုံးဝမပြုမိရန်အရေးကြီးလှသည်။ သူတပါးကို လမ်းပြသွန်သင်နိင်သူဖြစ်ရန်လိုအပ်သည်။ စိတ်ဖြေးညင်းသောသူဖြစ်ပြီး ကြမ်းတမ်းရိုင်းစိုင်းသည့်အမူအကျင့်မရှိရန် အထူးဂရုစိုက်ရမည်။

သူတပါးကိုချစ်တတ်သူ၊ ကိုယ်အမှုကိုသာမရှုမှတ်ဘဲ သူ့အမှုကိုရှုမှတ်တတ်သူလည်းဖြစ်ရန်လိုသည်။ စင်ကြယ်စွာအသက်ရှင်ပြီး လူတိုင်းနှင့် အသင့်အတင့် နေနိုင်ရန် ကြိုးစားရမည်။ ဧဝံဂေလိတရားနှင့်ဆက်ဆံပြီး ဆင်းရဲခံနိုင်ရမည်။ ဩဝါဒ ပေးခြင်း၌ မပျင်းရိဘဲအားထုတ်ရမည်။ ဆုတောင်းပဌနာပြုခြင်း၊ သမ္မာတရား၌ လေ့ကျက်ခြင်းရှိရန် အစဉ်ကြိုးစားရမည်။

ဒုစရိုက်မပြုဘဲ သုစရိုက်ကိုသာပြုကျင့်ရမည်။ ဘုရားကိုရိုသေသဖြင့် လှူကြသည့် အလှူငွေကို အလွဲသုံးစားမပြုရ။ မိမိ​၏ ပြုမူကျင့်ကြံလေရာမှာ ဘုရားသခင်ကို ချီးမြှောက်ရမည်။ မိမိကိုယ်ကိုမှစ၍ မိမိ​၏ သားသမီးများကို မချီးမြှောက်ရ။ ကျေးဇူးတော်နှင့်ထိုက်လျောက်စွာ ကျင့်ရမည်။ မိမိ​၏ ဘုရားသခင်ကိုသာ ချီးမြှောက် ပစားရမည်။

ဧလိသည် ဘုရားထက် မိမိသားတို့ကို ချီးမြှောက်သဖြင့်၎င်း၊ မိမိသားတို့အား ဆုံးမသော်လည်း ကြပ်တည်းစွာ မပြုသဖြင့်၎င်း ဘုရားသခင်ကိုစိတ်ပျက်စေခဲ့သည်။ ထို့ကြောင့် သူ​၏မျိုးစဉ်ဆက် အသက်တိုကြရသည်။ ဧလိသားနှစ်ယောက်သည်လည်း ဘုရားကိုမသိကြသဖြင့်၎င်း၊ ဘုရားဝတ်ကို သူတပါးရွံရှာဖွယ် ဖြစ်အောင်ပြုကြသဖြင့်၎င်း၊ တဲတော်၌စုဝေးသောမိန်းမနှင့် တဲတော်တံခါးနားမှာ မှားယွင်းသဖြင့်၎င်း ဘုရား​၏အမျက်တော်ကိုခံရကြသည်။

ဧလိသားနှစ်ယောက် တို့သည် အဘ​၏ဆုံးမစကားကို လစ်လျူသဖြင့် သတိပေးခြင်းကို နာမခံဘဲနေသောကြောင့် ရန်သူလက်၌ ပျက်စီးရကြသည်။ ယနေ့ အမှုတော်ဆောင်တို့ အမြင့်ဆုံးသော ဘုရားသခင်​၏ အမှုတော်ကို ထမ်းရွက်ခွင့်ရသည့်အရာကို တန်ဖိုးထားတတ်လျက် သတိရှိစွာ အသက်ရှင်လုပ်ဆောင်ရမည်။ ဓမ္မဆရာ၊ ဆရာမ အဖြစ်ကိုခံယူသူသည် အဓမ္မအမှုကိုပြုပြီး မမှားယွင်းမိစေရန်နှင့် ငွေကိုတပ်မက်ပြီး တရားကိုမလွန်ကျူးမိစေရန် အထူးသတိပြုရမည်။

အမှုတော်ဆောင် တဦး​၏ အကျင့်သီလနှင့် မစပ်အပ်သည့် ဧလိသားနှစ်ယောက်​၏ စရိုက်ကဲ့သို့ ပြုကျင့်နေပါက နောင်တနှင့် အမြန်ပြင်ဆင်ရမည်။ ဧလိကဲ့သို့ မိမိသားသမီးများအားတတ်တိုင်းထားပါက အရှက်တကွဲ အကျိုးနည်းရပြီး ထာဝရဆုံးရှုံးခြင်းသို့ ရောက်ရှိကြရမည်ကို အမှုတော်ဆောင် ဓမ္မဆရာ၊ဆရာမတိုင်း သတိပြုကြစေလိုပါသည်။

" ငါ့ကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။ " ဟူသော *ထာဝရဘုရား​၏ မိန့်တော်မူချက်ကို အမှုတော်ဆောင် အယောက်စီတိုင်းသတိနှင့် မှတ်သားစေလိုပါသည်။

ပြီးပါပြီ။

23/11/2020

ပျိုးခင်းစာစောင် အမှတ်စဉ် ( ၄၂ )

စာမျက်နှာ ( ၁၁ ) အံ့ဩဘွယ်ရာနိမိတ်လက္ခဏာများ

အမှတ် ( ၂ ) '' ကွယ်ကာပေးတော်မူသော ကျွန်ုပ်​၏ဘုရား "

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ( ၁၆ ) ရက် မနက် ရန်ကုန် မှ ကျွန်ုပ်နှင့် သားကြီး ကားမောင်းပြီး မတ္တရာနေအိမ်သို့ ပြန်လာခဲ့ကြသည်။ သားကြီးသည် ဇနီးသည်သားမွေးထားသဖြင့် အိမ်ရောက်ချင်ဇောဖြင့် ကားကို လီဗာover တင်တင်ပြီးမောင်းသည်ကို သတိပေးနေသော်လည်း မရသဖြင့် သူ့အားမမောင်းခိုင်းတော့ဘဲ ကျွန်ုပ်ကိုယ်တိုင် ဆုတောင်းပြီး မောင်းနှင်လာခဲ့သည်။

နေ့လည်ထမင်းစားပြီး ပြန်ထွက်လာချိန်၌ ကျွန်ုပ် အိပ်ငိုက်လာသည်။ အိပ်မငိုက်အောင် အအေးဗူးသောက်လိုက် သီချင်းဖွင့်လိုက်လုပ်ရင်း ဆက်လက်မောင်းနှင်လာခဲ့သည်။ မည်သည့် အချိန်၌ အိပ်မိသွားပြီး မည်မျှကြာသည်ကိုမသိ ပြန်သတိရသည့်အချိန်တွင် ကားသည် လမ်းမအတိုင်းဖြောင့်ဖြောင့်သွားနေသည်။ ဆုတောင်းပြီး သတိနှင့် ဆက်လက်မောင်းနှင်လာပြန်သော်လည်း နောက်ထပ် နှစ်ကြိမ် မထင်မှတ်ဘဲ ပြန်အိပ်မိပြန်သည်။

ထိုနှစ်ကြိမ်လုံးတွင်လည်း ပြန်နိုးလာချိန်၌ လမ်းမအတိုင်းဖြောင့်တန်းစွာသွားနေသည့်မိမိ​၏ကားကို အံ့ဩဘွယ်တွေ့ရသည်။ သားကြီးကားမောင်းလျှင် အန္တရာယ်ဖြစ်မည်စိုးသည့် ကျွန်ုပ်၊ ကိုယ်တိုင်မောင်းမှ ပိုကြောက်စရာကောင်းနေသည်။ ကျွန်ုပ်တို့အထင်အတိုင်း သတိရှိနေနိုင်လွန်း၍ အန္တရာယ်ကင်းရသည်မဟုတ်ချေ။ သတိလက်လွတ်ဖြစ်ချိန်၌ပင် အန္တရာယ်ကင်းစေတော်မူသောသူကားထာဝရဘုရားဖြစ်ပေသည်။

ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးလှသည်။ ကျန်းမာရေးအတွက် ကုသခြင်းထက် ရောဂါမဖြစ်အောင်ကာကွယ်ခြင်းသည်သာ၍ကောင်းသည်။ မီးလည်းမလောင်အောင်ကြိုတင် ဆီးတားထားရန်လိုအပ်သည်။ ထို့အတူ ယာဉ်မောင်းရာတွင်လည်း အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် စက်ပစ္စည်းကြိုတင်စစ်ဆေးခြင်း၊ ယာဉ်မောင်းသူ အရက်သေစာမသောက်စားရန်၊ သတ်မှတ်ထားပေးသည့် ယာဉ်မောင်းနှုန်းထက်မကျော်ရန်၊ ယာဉ်မောင်းသူအိပ်မငိုက်ရန် စလိုးဒေါင်းလုပ်ထားခြင်း မှအစ ပြုထားသော်လည်း ရန်ကုန်မန္တလေးအမြန်လမ်း၌ မကြာခဏ ကားမှောက်လေ့ရှိတတ်သည်။

ကျွန်ုပ်လည်း သတိပြုရင်းနှင့်ပင် အိပ်ငိုက်သွားခဲ့သည်။ နောက်တရက် ( ၁၇ ) ရက်နေ့တွင် ထိုအမြန်ကားလမ်း၌ ကျွန်ုပ်ကားနှင့် အမျိုးစားတူသည့် ကားတစီး မှောက်သဖြင့် ပျက်စီးရုံမက လူပါသေသည့် သတင်း သတင်းစာထဲ၌ပါလာသည်။ ကျွန်ုပ်သုံးကြိမ်တိတိ အိပ်ငိုက်ပြီးသတိလစ်ခဲ့သော်လည်း အန္တရာယ်မကျရောက်ခဲ့ပါ။ ကားရော လူပါ ဘုရားသခင် ကွယ်ကာပေးသနားတော်မူခဲ့၍သာ အသက်ရှင်လျက် အိမ်ပြန်ရောက်နိုင်ခဲ့သည်။

မိမိကိုမိမိ မကာကွယ်နိုင်သည့်အချိန် များစွာရှိတတ်ပါသည်။ မထင်မှတ်ဘဲ ရောဂါရတတ်သည်။ မမြော်လင့်ဘဲ မြေငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ စစ်ဘေး၊ ကာလနာဘေး၊ ငတ်မွတ်ဘေး၊ လူဆိုးဘေး ဘေးအမျိုးမျိုးကြုံရတတ်သည်။ ထိုအခြေနေမှာ ကိုယ်ကိုကိုယ် မကာကွယ်နိုင်ဖြစ်ရသည်။ ဆရာဝန်မည်မျှပင်စွမ်းစွမ်း အရာမထင် ဖြစ်တတ်သည်။ ဆေး မည်မျှပင် ကောင်းကောင်း အာနိသင် မသက်ရောက်နိုင်ရှိတတ်သည်။

အဆောက်အဦးမည်မျှပင်ခိုင်ခံ့ပါစေ ပြိုကျပျက်စီးတတ်သည်။ စည်းကမ်းစနစ်ကြီးလျက်ပင် မီးဘေးသင့်တတ်ကြသည်။ ငြိမ်းချမ်းချင်ပါလျက် စစ်ဘေးရှောင်ဘဝရောက်နေတတ်သည်။ အလုပ်ကြိုးစားလုပ်ပါလျက် ငတ်မွတ်ခြင်းရောက်တာမျိုး၊ လူဆိုးသူခိုးနှင့် နဖူးတွေ့ဒူးတွေ့တွေ့တာမျိုး၊ ကျန်းမာရေးလိုက်စားလျက်နှင့် ကာလနာကပ်ဘေး​၏ နှိပ်စက်မှုခံရတာမျိုး၊ အနတ္တလူသားပီသစွာ အနိစ္စခန္ဓာသာပိုင်ဆိုင်ရသူဘို့ ထိုဘေးအသွယ်သွယ်က ခြိမ်းခြောက်လေ့ရှိနေပေသည်။

သင်္ခါရတရားကို မလွန်ဆန်နိုင်သူ လူသားများ မဟုတ်ပါလား။ မိမိကိုမိမိ ဂရုစိုက်လျက်နှင့်၊ မိမိကိုယ်ကို အထင်ကြီးရက်သားနှင့်၊ သတိပညာကြီးစွာ ကာကွယ်ရေးစီမံကိန်းအကြီးအကျယ်ချမှတ်ရင်းနှင့်ပင် တမဟုတ်အတွင်းဘေးသင့်သဖြင့် အစအနရှာမရ ပျောက်ပျက်တတ်သူ မဟုတ်လား။မိမိကိုမိမိအထင်ကြီးပြီး မိမိကိုမိမိကာကွယ်နိုင်သယောင် မာနထောင်လွှားတတ်သူ လူသားများထဲက လူသားတဦးဖြစ်သည့် ကျွန်ုပ်လည်း သားကြီးကိုကားမမောင်းစေဘဲ ကိုယ်တိုင်မောင်းခဲ့ပါသည်။

ကျွန်ုပ်အထင် လီဗာ over တင်မောင်းခြင်းကြောင့် အသက်အန္တရာယ်ကျရောက်မည်စိုးပြီး ကျွန်ုပ်မောင်းလျှင်ဘေးကင်းမည် ဟူ၍ဖြစ်သည်။ အရာရာ၌ သတိပညာကြီးသည် ဟုမိမိကိုမိမိ ထင်မှတ်ခဲ့မိသည်မှာအမှန်။ သို့သော် လီဗာ တင်မောင်းသည်ထက် ပိုအန္တရာယ်ဖြစ်စေနိုင်သည့် အိပ်ငိုက်ခြင်းကို သုံးကြိမ်တိတိ လွန်ကျူးမိခဲ့သည်။ မိမိကိုယ်ကို မကာကွယ်နိုင်သည့် ထိုပျကိစီးခြင်းဘေးမှ ကျွန်ုပ်အား ကွယ်ကာ မစပေးတော်မူသည့် ဘုရားသခင်​၏ ကျေးဇူးတော်ကို ချီးမွမ်းပါ​၏ Halleluja Amen.

ကျွန်ုပ်​၏သားကို ကျွန်ုပ်စိတ်မချသကဲ့သို့ ထာဝရအဘ ဘုရားသခင်ကောင်းကင်ဘုံအရှင်သည် သူ့သားသမီးများအား စိတ်မချဘဲ အစဉ်ဂရုတစိုက် ကွယ်ကာပေးသနားတော်မူလျက်ရှိနေတော်မူပေသည်။ ထိုဘုရားသည် မိမိကိုမိမိ မကာကွယ်နိုင်သည့်ကျွန်ုပ်အား အစဉ် ကွယ်ကာပေးတော်မူသော ကျွန်ုပ်​၏ ဘုရားပေ။ Glory God. Amen,

ပြီးပါပြီ။

20/11/2020

ပျိုးခင်းစာစောင် အမှတ်စဉ် ( ၄၂ )

စာမျက်နှာ ( ၁၀ ) အံ့ဩဘွယ်ရာနိမိတ်လက္ခဏာများ

အမှတ် ( ၁ ) '' အလိုဆန္ဒဖြည့်ဆည်းပေးသည့်ဘုရား "

လူဖြစ်သောကြောင့် လူအသီးသီး မိမိအလိုဆန္ဒများ ရှိတတ်ကြသည်ချည်းပင်။ သမ္မာ ကျမ်းစာ၌ "လူဆိုးတို့အကြောင်းကြောင့်စိတ်မပူနှင့်။ မတရားသဖြင့်ပြုသော သူတို့ကို မငြူစူနှင့်။ ....ထာဝရဘုရားကိုခိုလှုံ၍ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍ သစ္စာတရားကိုကျက်စားလော့။ ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။" ဟုဖော်ပြထားပေသည်။

အလိုပြည့်စုံရန်အတွက် ရှောင်ရန်နှစ်ချက် သည်အနည်းငယ်ခက်ခဲသည်။ လွန်ကျူးလွယ်သည့် အချက်နှစ်ခုဖြစ်သည်။"လူဆိုးတို့အကြောင်းကြောင့်စိတ်မပူနှင့်" ဟူသောပထမရှောင်ရန်အချက်သည်မလွယ်ချေ။ လူဆိုးသူခိုးဘေးပြုတတ်သူတို့ကြောင့်လူတိုင်း စိတ်ပူမိတတ်သည်။ အန္တရာယ်ပြုမည့် လူဆိုး အတွက်ကြောင့် စိုးရိမ်စိတ်၊ ပူပန်စိတ်ဝင်လာတတ်သည်မှာ သဘာဝဖြစ်သည်။

ထိုအချက်ကိုရှောင်ရမည်။ အကြောင်းမှာ ထိုလူဆိုးတို့လက်ထဲမှ ဘုရားသခင်ကွယ် ကာကယ်နှုတ်ပိုင်ကြောင်း ယုံကြည်စိတ်ချရမည်ဖြစ်သည်။စိတ်ပူခြင်းသည် ဘုရားသခင်အား စိတ်မချခြင်းကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဒုတိယအချက်သည်လည်း ရှောင်ရန်ခက်ခဲပါသည်။ " မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်" ဟုတားမြစ်ထားသည်။

မတရားသောသူသည် မိသားစုအဝင်ထဲ၌ပင်ရှိနေတတ်သည်။ မိဘ ၊ သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ အဒေါ် ၊ ဦးလေး ၊ တူ ၊ တူမ ၊ ယောက္ခထီး/မ၊ ချွေးမ ၊ သားမက်၊ ဇနီး၊ခင်ပွန်း နှင့် ဆွေမျိုး မိတ်ဆွေများလည်းဖြစ်နိုင်သည်။ မိမိ​၏အထက်လူကြီး ၊ အုပ်ချုပ်သူ ၊ အာဏာရှိသူ ၊ အစိုးရသူ လည်းဖြစ်နိုင်သည်။

ထိုမတရားသူတို့​၏ မတရားမှုကိုငြူစူရုံမက တုန့်ပြန်မိတတ်ကြသည့် လူ့သဘောကို လွန်ဆန်ပြီး မတရားပြုသူတို့ကို မငြူစူဘဲနေရမည့်အမှုသည် မလွယ်ကူချေ။ သို့သော် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် ၊ချစ်သဖြင့် ၊ ရိုသေသဖြင့် ထိုမတရားမှုပြုသူကို လစ်လျူရှုရမည်ဖြစ်သည်။ သည်းခံခွင့်လွှတ်ရမည်ဖြစ်သည်။အပြစ်မြင်၊ အပြစ်တင် ငြူစူမှုပင် မပြုရချေ။

ထို့အပြင်ပြုရန် ငါးချက်ကိုပါတဆက်တည်းပြုကြရမည်ဖြစ်သည်။ ဘရားကိုခိုလှုံရမည်၊ ကောင်းသောအကျင့်ကိုကျင့်ရမည် (လူ၊ ငွေကြေး၊ ဗေဒင်တန်ဆာ၊ နတ်အားမကိုးရ )၊
ပြည်တော် ၌ နေရမည်( သမ္မာတရားလွှမ်းမိုးမှုအောက်၌ ) ၊ သစ္စာတရား၌ကျက်စားရမည် ( အခြားဘုရားဝတ်ကို လုံးဝမပြုရ )၊ ထာဝရဘရား၌မွေ့လျော်ခြင်းရှိရမည် (ကျမ်းစာဖတ်၊ဆုတောင်း၊ချီးမွမ်းသီဆို၊နှုတ်ကပတ်တော်ကို ဆင်ခြင်၊ဟောပြော ) ၊ ထို ငါးချက် ကိုပြုက စိတ်နှလုံးအလိုပြည့်စုံခွင့်ရပေမည်။

ရံဖန်ရံခါ ရှောင်ရန်နှစ်ချက် နှင့် ဆောင်ရန်ငါးချက်ကို မပြုနိုင်ဘဲရှိတတ်ကြသည်။ ထိုအချိန်၊ ထိုအခြေနေမျိုး၌လည်း ဘုရားထံ ဆုတောင်းအသနားခံခြင်းအားဖြင့် မိမိတို့ အလိုဆန္ဒကို တောင်းလျှောက်တင်ပြ၍ရသည်ကို မမေ့အပ်ပေ။

၂၀၁၅ ခု၊ အောက်တိုဘာလ၊ ( ၁၄ ) ရက်နေ့သည်ကျွန်ုပ်ရန်ကုန်တွင် အစည်းအဝေးအတွက်ရောက်နေသည့်နေ့ဖြစ်သည်။ ( ၁၃ ) ရက်နေ့မနက်တွင် မတ္တရာ နေအိမ်မှ သားကြီးနှင့် ပဲခူးသို့ခရီးထွက်ခဲ့ကြသည်။ ပဲခူးမြို့ တည်းသည့်အိမ်သို့ ရောက်ကြပြီး မကြာပါ သားကြီး​၏ ဇနီးမီးဖွားမည့်လက္ခဏာပြနေပြီဟု အကြောင်းကြားလာလေသည်။ ခန့်မှန်းသတ်မှတ်ထားသည့်ရက်သည်လိုသေးသည်။ ဆေးရုံတင်ရန် ဖုန်းနှင့် ကျွန်ုပ် စီစဉ်ပေးသည်။

ဆေးရုံမှဆရာမကြီးမှ ခွဲမွေးမှရမည်ဖြစ်သဖြင့် မနက်၌ခွဲမည်ဖြစ်ကြောင်း တင်ပြလာပါသည်။ ကျွန်ုပ်က မခွဲလိုပါ။ ရိုးရိုးမွေးရန်သာ ဆန္ဒရှိသည်။ထို့ကြောင့် ဖြစ်နိုင်လျှင်မခွဲရန်အသင်းသားယုံကြည်သူဆရာမကြီးအားပြန်လည်အကြောင်းကြားလိုက်ပါသည်။သို့သော်မနက်ရောက်သောအခါနေ့လည်၌ခွဲမွေးရန်အားလုံးစီစဉ်ထားပြီးပြီဖြစ်ကြောင်းသတင်းရောက်လာသည်။ကျွန်ုပ်ဘာမျှမတတ်နိုင်ပါ။မခွဲလိုသဖြင့်ထပ်မံဆုတောင်းရင်းနှုတ်ကပတ်တော်ဝေငှရန်အတွက်ရန်ကုန်သို့ခရီးဆက်ခဲသည်။

ဆေးရုံမွေးဖွား စရိတ်ကို ဆရာမကြီးမှ အကုန်အကျ အကုန်တာဝန်ယူခဲ့ပါသည်။ ကျွန်ုပ်သည်လည်း အကုန်အကျကြောင့်မဟုတ်ဘဲ အစဉ်အလာအတိုင်း ရိုးရိုးမီးဖွားစေလိုသဖြင့်ဖြစ်သည်။ ရန်ကုန်သို့ရောက်ရှိပြီး အစည်းအဝေးထဲဝင်ခါနီးအချိန်အထိ ဘာမျှမထူးခြားပါ။ထို့အတွက်ကြောင့်ဘုရားအား ကျွန်ုပ် အသနားတော်ခံဆုတောင်းပြီးလက်တော်သို့အပ်နှံခဲ့သည်။အချိန်ကျ၍ နှုတ်ကပတ်​တော်ဝေငှသည်။

တာဝန်ပြီးဆုံးချိန်၌ ကျွန်ုပ်ဆက်သွယ် မေးမြန်းသည့်အခါ ကောင်းမွန်စွာ မွေးဖွားခဲ့ပြီဖြစ်ကြောင်းကြားလိုက်ရသည်။ ကျွန်ုပ်​၏ ဆန္ဒအတိုင်း ကျွန်ုပ်​၏ချွေးမသည် ခွဲမမွေးရဘဲ ရိုးရိုးမွေးခဲ့ရသဖြင့် ဘုရားသခင်​၏ ကျေးဇူးတော်ကို ကျွန်ုပ် ချီးမွမ်းပါသည်။ ဘုရားသခင်သည် သူချစ်သည့်သားသမီးများအား အလိုဆန္ဒ ဖြည့်ပေးသောဘုရားဖြစ်တော်မူသည်။ ထို့ကြောင့် ရှောင်ရန်၊ ဆောင်ရန် နှုတ်ကပတ်တော်ကို ပေးထားသည်။ ထိုသို့မဟုတ်ဘဲ *ဆုတောင်းအသနားတော်ခံခြင်း* အားဖြင့်လည်း အလိုဆန္ဒပြည့်ခွင့်ကို ဘုရားသခင်သည် ပေးသနားတော်မူလျက် ရှိပေသည်။ Halleluja Amen.

ပြီးပါပြီ။

16/11/2020

ပျိုးခင်းစာစောင် အမှတ်စဉ် ( ၄၂ )

စာမျက်နှာ ( ၉ ) ခရစ်ယာန်အသက်တာ

အမှတ် ( ၇ ) " သမ္မာတရား နှင့် ကျွန်ုပ်အမြင် "

လူအယောက်စီတိုင်းကို ကယ်တင်ခြင်းသို့ ရောက်ရန် နှင့် ကယ်တင်ခြင်းသို့ ရောက်ရ သူတိုင်း သမ္မာတရားကိုသိရန် ဘုရားသခင် အလိုတော်ရှိ​ကြောင်း နှုတ်ကပတ်တော်၌ ဖော်ပြထားသည်။ လောကီသား စာတန်လူဘဝမှ ခရစ်ယာန် ဘုရားသား ဖြစ်လာရန် သခင်ယေရှုကိုမိမိ​၏ ကယ်တင်ရှင် အဖြစ် စိတ်နှလုံးနှင့် ယုံကြည်ပြီး နှုတ်နှင့်ဝန်ခံရသည်။ သခင်ယေရှုကို ကိုးကွယ်ယုံကြည်သူသည် သမ္မာတရား၌ ကျင်လည်ရသည်။ သမ္မာတရားသည် ခရစ်ယာန်အသက်တာ​၏ အထိန်းအကွပ် ဖြစ်သည်။

ထို့ကြောင့် ခရစ်ယာန်မှန်လျှင် သမ္မာတရားကို မသိ၍မဖြစ်၊ နာခံသင်ယူလေ့ကျက်ရသည်။ ယခုနေ့ရက်များ၌ သမ္မာတရားကို ပိုင်းခြားသိခြင်းထက် ချီးမွမ်းသီဆိုကခုန်ခြင်းကို အလေးထား သင်ယူလာကြသည်။ ခရစ်ယာန်အသက်တာ၌ ချီးမွမ်းခြင်းသည် အရေးကြီးလှသော်လည်း သမ္မာတရားကိုလစ်လျူသည့် ချီးမွမ်းခြင်းမမည်သည့် သီဆိုမှုနှင့်ကခုန်ခြင်းသည် လူကိုမြူးတူးစေသည့်အရာတခုသာဖြစ်နေသည်ကို ခရစ်ယာန်တို့သတိမပြုမိကြချေ။

ဘုရားကျောင်းတိုင်း၌ ထိုသီဆိုကခုန်ခြင်းသည် ဝိညာဉ်တော်လှုပ်ရှားမှု၊ နိုးထခြင်းဟု ထင်မှတ်လာကြကာ ဝတ်ပြုကိုးကွယ်ခြင်းအစမပြုမီ နာရီဝက်ထက်မက တနာရီ ဝန်းကျင်အထိ ပြုလေ့ပြုထရှိလာကြသည်။ ထုံးတမ်းတခုကဲ့သို့၎င်း၊ အစဉ်လာတခုကဲ့သို့၎င်းပြုလာကြရာ ဝတ်ပြုကိုးကွယ်ခြင်းကိုမူ တနာရီအတွင်း အပြီးပြုရန်သတ်မှတ်လာကြသည်။ နှုတ်ကပတ်တော်ကို မိနစ်နှစ်ဆယ်၊ နာရီဝက်ခန့်သာခံယူကာ တစ်နာရီမျှပင် နားထောင်ရန် သည်းမခံနိုင်ကြချေ။

လက်ထပ်မင်္ဂလာဆောင်ဝတ်ပြုပွဲ၌ သတို့သားနှင့် သတို့သမီးကို၎င်း၊ လာရောက်ချီးမြှင့်သည့်ဧည့်ပရိတ်သတ်ကို၎င်း အရေးတယူထားကာ ဘုရားကို ဝတ်ကျေတန်းကျေရှိခိုးပြီး နှုတ်ကပတ် တော်ဟောပြောခြင်းကိုပင်မပြုဘဲနေလာကြသည်။ ဝတ်ပြုကိုးကွယ်ခြင်းကို လူလူချင်းမိတ်သဟာယဖွဲ့ခြင်းအဖြစ် ခရစ်ယာန်အများပြုလာကြသည်။ ဈာပနဝတ်ပြုအစီစဉ်၌လည်း ထိုနည်း၎င်းပင် ဝတ်ကျေတန်းကျေ ကမန်းကတန်းဝတ်ပြုလာကြသည်။

ဘုရားသခင်ကို ရိုသေခြင်းထက် လူလူချင်းကိုရိုသေခြင်း၊ ဘုရားသခင်ကိုဂုဏ်ပြုခြင်းထက် လူလူချင်းကို ဂုဏ်ပြုခြင်း၊ ဘုရားကိုကိုးကွယ်ခြင်းအမှုထက် သားသမီးကျောင်းကြိုပို့ရေး၊ မိမိလုပ်ငန်းဆောင်ရွက်ရေး တို့ကို အာရုံစူးစိုက်လာကြသဖြင့် လူမှုရေးလုပ်ငန်းတခုကဲ့သို့ ကိုးကွယ်ဝတ်ပြုခြင်းကိုပြုလာကြသည်။ ဘုရားကျောင်း၌ ကိုးကွယ်ဝတ်ပြုကြရာမှာလည်း ဝတ္တရားတခုအဖြစ်ပြုလာကြသည်။ စေတနာကြည်ဖြူစိတ်ပါမလာဘဲ ဝတ်ပြုနေကြသည်။

ထို့အတူ ဝတ်ပြုကိုးကွယ်ရာ၌ မပါမဖြစ်သည့် ချီးမွမ်းသီဆိုခြင်းသည်လည်း ဘုရားသခင်ကိုနူးညွတ်စွာ စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းသီဆိုခြင်းကိုပြုကြမည့်အစား မိမိတို့​၏စိတ်ပျော်ရွှင်အားရမှု၊ ပရိသတ်အားစိတ်နူးညွတ်ပျော်ရွှင်စေမှုကို အဓိကလုပ်ဆောင်လာကြသည်။ လူငယ်အများစု​၏ စိတ် ထဲ၌ ကတတ်ရမည် ဆိုတတ်ရမည် ဟူသောအသိစိတ်ကို အဓိကထားလာကြပြီး ဘုရားထက် ပရိသတ်ကိုအာရုံစိုက်နေကြသည်။

မိမိတို့သီဆိုနေမှုသည် လူရှေ့၌ မည်မျှပင် နားထောင်ကောင်းပါစေ၊ ဘုရားနားတော်မရောက်လျှင် အချည်းနှီးဖြစ်သည်ကို မသိကြရှာချေ။ မည်မျှပင်အော်ဟစ် ကခုန် သီဆို တီးခတ်နေပါစေ၊ ဘုရားသခင့် အသိအမှတ်ပြုခြင်းမခံရက နှမြောစရာသာဖြစ်သည်။ မြန်မြန်ဆန်ဆန် ကမန်းကတမ်း ကိုးကွယ်မှုပြုသည့် ထိုအစည်းအဝေး၌ သခင်ခရစ်တော်ပါဝင်မည်မဟုတ်ပါ။ ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားကိုပြုကြခြင်းဖြစ်သည်။

Fellowship အချင်းချင်းမိတ်သဟာယဝတ်ပြုကြရာတွင် သခင်ယေရှုနာမ၌ ပြုကြသဖြင့် သက်သေခံချီးမွမ်းခြင်း၊ ဆုတောင်းပဌနာပြုခြင်း၊ အခက်အခဲကိုတင်ပြခြင်း၊တယောက်နှင့်တယောက် တိုက်ထွန်း နှိုးဆော်ခြင်း၊ သီဆိုချီးမွမ်းခြင်းအမျိုးမျိုးပြုကြရာဝယ် လွတ်လပ်သော်လည်း Worship ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းပြုသည့်အခါမူ chairman ​၏အစီအစဉ် နှင့် ဒေသနာတော်ဝေငှခြင်း၊ ခံယူခြင်းတို့၌ပါ ဘုရားသခင်ကို ရိုသေပြပ်ဝပ်ခြင်းလက္ခဏာပီပြင်နေစေရမည်ဖြစ်သည်။

အထူးသဖြင့် Sunday Church ၌ Worship service ပြုချိန်တွင် ဘုရားကို ပြပ်ဝပ် ကိုးကွယ်မှုပြုကြရသည်။ မိသားစုအိမ်များ၌မူ နိုးထမှုအတွက်မိတ်သဟာယ ဖွဲ့ခြင်းကို အဓိကထားဝတ်ပြု ကြခြင်းဖြစ်သဖြင့် လွတ်လပ်စွာအခက်အခဲများကိုဖော်ပြ ဆုတောင်းခံချက်တင်ပြခြင်းများပြုနိုင်လေသည်။ Prayer meeting ဆုတောင်းဝတ်ပြုခြင်း အစီစဉ်များ၌မူ စုပေါင်းဆုတောင်းခြင်းမှစ၍ အမျိုးမျိုးသောဆုတောင်းခြင်းတို့ကိုပြုကြရသည်။

ဘုရားသခင်သည် သန့်ရှင်းတော်မူသည်။ ကြီးမြတ်တော်မူသည်။ စနစ်ကြီးသည်။ ပရမ်းပတာ၊ ပေါ့ပေါ့ပျက်ပျက်၊ စည်းမဲ့ကမ်းမဲ့၊ ညစ်ညစ်ညမ်းညမ်း၊ ဖရိုဖရဲ ပြုကျင့်ခြင်းကို လုံးဝမနှစ်သက်ချေ။ သို့ဖြစ်သဖြင့် လူတို့အတွက် သမ္မာတရားတည်း ဟူသော နှုတ်ကပတ်တော်ကို ပေးထားလေသည်။ ထိုနှုတ်ကပတ်တော်ကို နာခံပြီး၊ သမ္မာတရားဘောင်ထဲ၌ ပြုကျင့်ရမည်။ မည်သည့်အမှုကိုမျှ မိမိစိတ်ကြိုက် မပြုကျင့်ရပေ။

ယခုနေ့ရက်များ၌ အသင်းတော် ဘုရားကျောင်းများတွင် သမ္မာတရား ကွယ်ပျောက်လုသထက် ကွယ်ပျောက်လာပြီး၊ လွဲမှားသော အယူဝါဒတို့က နေရာယူနေလေပြီ။ သို့ဖြစ်၍ တစတစ စိမ့်ဝင်လာသည့် ဩဝါဒအလေအလွင့်နောက်သို့ မသိမသာ လိုက်ပါသွားသည့် ခရစ်ယာန်များပြားသည်ထက်များပြားလာသဖြင့် အထူးသမ္မာသတိရှိရန်လိုအပ်ပေသည်။ သမ္မာတရားကိုနှစ်သက်ပါလျက် လွဲမှားသော သွန်သင်သွေးဆောင်ခြင်းနောက်သို့ တရွေ့ရွေ့ပါသွားကြရလေသည်။

ကျေးဇူးတော်ကို မိမိတို့​၏ ကိလေသာတပ်မက်ခြင်းအလို့ငှာ မှောက်လှန်လျက် ဒုစရိုက်ပြုလည်း ကောင်းကင်နိုင်ငံဝင်ရသည် အစရှိသဖြင့်သွန်သင်သည့် အဖွဲ့အစည်းများစွာပေါ်လာနေပြီ။ သမ္မာတရား၌လေ့ကျက်ခြင်းမရှိသည့် ခရစ်ယာန်များစွာလမ်းလွဲနေကြသည်။ ခရစ်တော်အယောင်ဆောင်သူတို့သည်လည်း ကမ္ဘာအနှံ့ ပေါ်လာနေကြပြီ။ ထောက်ပံ့ကြေးပေးပြီး မိမိတို့​၏ အယူဝါဒ နောက်ပါလာရန် အပြိုင်အဆိုင် လုပ်ဆောင်နေကြသည့် အသင်းတော်အမည်ခံ အဖွဲ့အစည်း များစွာရှိသည်။

သခင်ယေရှု မိန့်တော်မူခဲ့နှင့်သည့်အတိုင်း ယခုနေ့ရက်ကာလသည် ခဲယဉ်းဆိုးယုတ်သည်နှင့်အမျှ ဇာတိတပ်မက်ခြင်းအတိုင်း အသက်ရှင်သူ ခရစ်ယာန်အများ သွေးဆောင်၍ နိုင်ကြသဖြင့် ဖောက်ပြန်နေကြလေပြီ။ စိတ်နှလုံးကောင်းသည့်ခရစ်ယာန်အချို့လည်း သမ္မာတရားမသိသဖြင့် ပါသွားကြသည်။ သိုးရေခြုံထားသည့်တောခွေး အမှုတော်ဆောင်များကို ခရစ်ယာန်များ မပိုင်းခြားတတ်ကြသဖြင့် လွဲမှားကြပြီ။

အသီးကိုကြည့်ပြီးအပင်​၏ သဘောကိုသိနိုင်ကြောင်း သခင်ယေရှုမိန့်တော်မူခဲ့သည်။ ခရစ်ယာန်များ အမှုတော်ဆောင်ဆိုသူတိုင်းကို လက္ခံရမည်မဟုတ်ချေ။ အာရုန်​၏သားနှစ်ယောက်သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မပြုသဖြင့် မီးလောင် ဒဏ်သတ် ခံရပြီး သေဆုံးကြရသည်။ ယနေ့ကာလ၌လည်း ထာဝရဘုရားသခင် နှစ်သက်တော်မူသည့် ဝတ်ပြုကိုးကွယ်ခြင်း၊ ချီးမွမ်းသီဆိုခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဆုတောင်းပဌနာပြုခြင်း ကိုသာပြုကြရန်အရေးကြီးလှပေသည်။

ဘုရားသခင်သည် မိမိအား ကိုးကွယ်ဝတ်ပြု ပူဇော်ချီးမွမ်းရာတွင် ရိုသေနာခံခြင်း နှင့် ကြည်ဖြူစေတနာစိတ် ကိုသာအဓိကအလိုရှိသည်။ ယခုအခါ အော်ဟစ်ခုန်ပေါက် ကြမ်းရမ်း တီးခတ်သီဆိုနေကြခြင်းကို သခင်ဘုရား နှစ်သက်တော်မူမည်လော။ တင့်တယ်လျောက်ပတ်စွာ နူးညံ့သိမ်မွေ့ခြင်း၊ ငြိမ်သက်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်မှုကို မနိုးထဟုယူဆလာသည့်ခေတ်ဖြစ်ရာ ခရစ်ယာန်အများ လွဲချော်နေကြသည်။

သခင်ခရစ်တော်က စိတ်နှလုံးနှိမ့်ချခြင်းကို မင်္ဂလာရှိသည်ဟုဆိုလေသည်။ အကြောင်းမှာ မာန်တက်လာသည့်အခါ အလိုလို အူမြူးနေတတ်သည်။ အူမြူးခြင်းက ရိုင်းစိုင်းရမ်းကားသည့် အပြုအမူများကို ဖြစ်ပေါ်လာစေတတ်သည်။ စိတ်မသာညည်းတွားခြင်းကို မင်္ဂလာရှိသည်ဟု သခင် ဘုရားက မိန့်တော်မူခဲ့သည်။ ထိုစိတ်သဘောသည် လူကိုဖြေးညှင်းစွာ သွားလာတတ်စေသဖြင့်ဖြစ်သည်။ ထို့အပြင် စိတ်နူးညံ့သိမ်မွေ့သောသူသည် မင်္ဂလာရှိကြောင်း သခင်ဘုရားမိန့်တော်မူပေသည်။

နူးညံ့သိမ့်မွေ့ခြင်းသည် တင့်တယ်လျောက်ပတ်စွာ ပြောဆိုပြုမူစေလေသည်။ ယခုအခါ ထိုလက္ခဏာများ ကင်းမဲ့ကာ ကြမ်းရမ်းတီးခတ် အော်ဟစ် ခုန်ပေါက် သီဆိုကြမှသာ ဝိညာဉ်တော်နိုးထမှုဟု တလွဲယူဆလာကြသည်မှာ စိတ်ပျက်စရာကောင်းလှပေသည်။ ဘုရားကျောင်းဟုပင်မထင်ရတော့ဘဲ နတ်ကနား ရောက်နေသည့်အလား နားမခံသာ နှလုံးအောင့်လောက်သည်ထိပြုနေကြရာ ထိုအရာသည်သာနိုးထမှုအမှန်ဟု လက်ခံနေကြသည်။

စုပေါင်းဆုတောင်းရာမှာလည်း လူအများဆုတောင်းသံကြောင့် ထွက်ပေါ်လာသည်းအသံကား ဘာမျှမဖြစ်သော်လည်း သူ့ထက်ငါ အသံပိုကျယ်အောင် အပြိုင်အော်ဟစ်နေကြသည်မှာ စိတ်ပျက်စရာပေ။ တမန်တော်ပေါလုက အစဉ်မပြတ်ဝမ်းမြောက်ကြရန် သတိပေးထားသည်။ ခဲယဉ်းဆိုးယုတ်ရာကာလ၌ ဝမ်းမြောက်နိုင်ရန် ခက်ခဲသည်။ ဝမ်းမြောက်နိုင်မှ ချီးမွမ်းသီဆိုနိုင်ပေမည်။ ချီးမွမ်းနိုင်မှ ဘုန်းတော်ထင်ရှားပေမည်။

ယနေ့မှာမူ ဝမ်းမမြောက်ဘဲ အူမြူးကြသည်။ အူမြူးခြင်းကြောင့် စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကြရာ တည်ဆောက်စရာမရှိ ဘုန်းတော်မထင်ရှား ကြမ်းရမ်း သီဆိုအော်ဟစ်ကြခြင်းကား ဘုရားသခင်ကို ချီးမွမ်းသည်နှင့်ပင်မတူတော့ချေ။ ထိုသို့ပြုသည်ထက် ပျောက်ဆုံးသောဝိညာဉ်များအတွက် စိတ်မသာညည်းတွားတတ်ကြလျှင် သာ၍ မင်္ဂလာရှိပေမည်။ နူးညံ့သိမ်မွေ့ ဖြည်းညှင်းခြင်းသဘောနှင့် ဘုရားထံတိုးဝင်တတ်လျှင် သာ၍ မင်္ဂလာရှိကြပေမည်။

ကြည်ဖြူစေတနာစိတ်မပါ ရိုသေနာခံခြင်းမပါသည့် အပြိုင်အဆိုင် စည်းလွတ်ဘောင်လွတ် အော်ဟစ်ကကြခုန်ပေါက်ကြသည့် သီဆိုသံကို Corona Virus အားဖြင့် ဘုရားသခင်ရပ်တန့်စေခဲ့ပြီ။ ဘုရားနားတော်ကိုပါ ငြီးငွေ့စေကြပြီ။ ဝတ်ရုံတကားကားနှင့်မိမိကိုမိမိ ဂုဏ်ပြုပြီး တည်ခင်းသည့် ပွဲလန်း၊ စားသောက်ပွဲတို့ကို ဘုရားသခင် ရွံရှာခဲ့ပြီ။ ဧဝံဂေလိတရားဟောကြား​ပြီး ဆင်းရဲခြင်းနှင့်ဆက်ဆံခြင်းကို မလိုလားကြဘဲ လူလူချင်းထံမှ ချီးမြှင့်သည့် ဒေါက်တာဘွဲ့၊ မဟာဘွဲ့လက်မှတ်ကို ပိုအထင်ကြီးကြသည့် ဆရာနှင့် တပည့်များ​၏ ဝတ်ပြုခြင်းကို ဘုရားရှင်မခံယူလိုပြီ။

Church ကို နတ်ဝင်သည်တို့ ကျက်စားရာနေရာကဲ့သို့ ဖြစ်စေသူတို့အားလည်း ဆိတ်ငြိမ်စွာ နေစေလေပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သင်​၏ နူးညွတ်စွာသောနှလုံးသားမှ အကြွင့်မဲ့ ချီးမွမ်းခြင်း၊ ကြည်ဖြူစေတနာစိတ်နှင့် ရိုသေပြပ်ဝပ် ကိုးကွယ်ဝတ်ပြုခြင်းကိုသာ အလိုတော်ရှိသော ဘုရားဖြစ်သည်ကို သမ္မာတရားကဖွင့်ပြထားသည်။ ဒံယေလကဲ့သို့ စိတ်နှလုံးပါလျက် သစ္စာနှင့်တကွဆုတောင်းခြင်း၊ နေဟမိကဲ့သို့ အစာရှောင်ပြီး၊ စိတ်မသာညည်းတွားခြင်းနှင့် အသနားတော်ခံခြင်းမျိုးကို အလိုတော်ရှိပေသည်။

အူမြူးကခုန်ပေါက်ကာ အော်ဟစ်သီဆိုတီးခတ်ကြသည့်အစား နှိမ့်ချသောတန်ဆာကိုဝတ်ဆင်လျက် ဧဝံဂေလိတရားကို ဝေငှခြင်းနှင့် ဘုရားသခင့်အထံတော်၌ အစာရှောင်ခြင်းနှင့်တကွ တိုးလျှိုး အသနားခံ ဆုတောင်းခြင်းကိုသာ ခရစ်ယာန်တိုင်း တွင်တွင် ပြုတတ်ကြပါမူ စစ်မှန်သောနိုးထမှုကြီး တကယ့်တကယ် ရရှိကြပေလိမ့်မည်။ ခရစ်ယာန်တို့သည် သမ္မာတရားကို ပိုင်းခြား၍ သိလျက် သာမညကို သာမည၊ အဓိကကို အဓိက အဖြစ် အမှန်ကိုအမှန်အတိုင်း သိမြင်ကြစေလိုပါသည်။

ပြီးပါပြီ။

11/11/2020

ပျိုးခင်းစာစောင် အမှတ်စဉ် ( ၄၂ )

စာမျက်နှာ ( ၈ ) ခရစ်ယာန်အသက်တာ

အမှတ် ( ၆ ) '' မျက်မှောက်ကာလ နှင့် ခရစ်ယာန်လူငယ် "

ခရစ်ယာန်အိမ်ထောင်သည် အသင်းတော်​၏ အခြေခံမဏ္ဍိုင် တခုဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်လူငယ်များအနေဖြင့် အိမ်ထောင်ဘက်ပြုခြင်းကို ပေါ့ပေါ့ပျက်ပျက် သဘောမထားမိကြရန် အရေးကြီးလှသည်။ အသင်းတော်​၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတခု အဖြစ် နေရာယူရမည့် မိမိအိမ်ထောင်သည် သမ္မာတရားနှင့် ညီညွတ်စွာတည်ဆောက်ထားသည့် အိမ်ထာင်ဖြစ်ရမည်။ ခရစ်ယာန်ပီပီသသ အိမ်ထောင်ဘက် ပြုကြရန်၊ သတိပြုကြရန် လိုအပ်လှပေသည်။

ယခုနေ့ရက် မျက်မှောက်ကာလ ခေတ်လူငယ်များသည် တရားဝင်လက်ထပ်ပြီး အတည် တကျအိမ်ထောင်နှင့်၊ သားသမီးမွေးခြင်းကို မကျင့်သုံးလိုကြတော့ချေ။ အိမ်ထောင်မပြုဘဲ နှစ်ဦးသဘောတူ ပေါင်းသင်းပြီး သာသည်နာသည်မတွက်ဘဲ သွေးသားဆက်ဆံခြင်းကို ခေတ်မီသည်ဟု ယူဆကြလေသည်။ တိရိစ္ဆာန်များကဲ့သို့ပင် စည်းမရှိ၊ ဘောင်မရှိ စိတ်ကြိုက် ကြုံရာ ကျဘန်းပေါင်းဘော်မှုကို ပြုကြသည်။ အိမ်ထောင်မိသားစု​၏ တန်ဖိုးမဖြတ်နိုင်သည့် အနှစ်သာရကို မဆက်ခံချင်ကြချေ။

မိဘများ အနေဖြင့်သော်၎င်း၊ အစိုးရမင်းအာဏာ အနေဖြင့်သော်၎င်း၊ ဘာသာရေး အနေဖြင့်သော်၎င်း၊ လူမျိုးရေးအနေဖြင့်သော်၎င်း မကြပ်မတ်နိုင်ကြတော့ချေ။ နှစ်ဦးသဘောတူလျှင် ပြစ်မှုမမြောက် ဟု လူငယ်များစွာ ယူဆကာ လွန်ကျူးနေကြသည်။ တည်းခိုခန်း၊ Hotel များ၌ ချိန်းတွေ့ကြသည်။ ပြည်တန်ဆာကဲ့သို့ပင် သွေးသားဆက်ဆံမှုနှင့် ငွေကြေးကိုသာ ခံယူသည့် မိန်းမအများရှိကြသည်။ ပြည်တန်ဆာထက်ပင် အခြေနေဆိုးသည့် လူငယ်မိန်းမအများ နှမြောစရာကောင်းလှပေသည်။

ကျောက်ခေတ် လူသားများကဲ့သို့ ရှက်ရမှန်း ကြောက်ရမှန်းမသိ၊ အိမ်ထောင်မိသားစုတခုပင် ကောင်းမွန်စွာ မတည်ထောင်ချင်သည့် ထိုလူငယ်များနှင့် အနာဂတ် အသင်းတော် နှင့် တိုင်းပြည်သည် မတွေးဝံ့စရာ၊ စိတ်ခြောက်ခြားစရာကောင်းလှ​၏။ ထိုလူငယ်များကြား ခရစ်ယာန်လူငယ် အများအပြား ပါဝင်နေလေသည်။ လူပျို အပျို အရေခြုံပြီး ဘုရားရှေ့၌ အပြစ်တင်စရာဖြစ်နေကြသည့် ခရစ်ယာန်လူငယ်အများ နှမြောစရာ ကောင်းလှပါသည်။

ခရစ်ယာန် အိမ်ထောင်သစ် များစွာတိုးပွားလာပြန်သော်လည်း အသင်းတော်​၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တခု အဖြစ် မတည်ဆောက်နိုင်ကြချေ။ ထို့အပြင် ခရစ်ယာန်မိန်းမအချို့မှာလည်း သာသနာပ လောကီမိန်းမများကဲ့သို့ပင် အငယ်အနှောင်းမယားပြုခံသူ၊ တိတ်တိတ်ပုန်းမယားပြုခံသူ၊ မယားပြိုင်၊ နောက်မယားအဖြစ် ပြောင်ပြောင်တင်းတင်းပြုခံသူ ဖြစ်ကြသည်မှာ ဝမ်းနည်းစရာ ကောင်းလှပေသည်။ ထိုထက်ဆိုးသည်မှာ မတရားသောမေထုန်​၏ အထွဋ်ဖြစ်သည့် လိင်တူဆက်ဆံခြင်းကိုပါ ခရစ်ယာန်များကြား၌ မြင်တွေ့ကြရသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းလှပေသည်။

ခရစ်ယာန်အိမ်ထောင်သစ်များသည် အသင်းတော်​၏ နောက်မျိုးဆက်သစ်တာဝန်ယူမည့်သူများဖြစ်ကြရာ အိမ်ထောင်ဘက်ပြုမမှားမိကြစေရန် အထူးပင်လိုအပ်သည်။ ယောက်ျား မိန်းမ ချစ်ကြိုက်ခြင်း၊ အသွေးသားဆန္ဒအတွက်ဖြေရှင်းခြင်း၊ စီးပွားအဆင်ပြေမှုကိုဦးစားပေးခြင်း သက်သက်ဖြင့် အိမ်ထောင်ဘက်မပြုအပ်ပါလေ။ သမ္မာတရားလမ်းညွှန်အတိုင်း ရှောင်ရန်၊ ဆောင်ရန်တို့ကိုသတိပြုပြီး ရွေးချယ်လက်ထပ်သင့်ကြပေသည်။

အသွင်မတူ၊ အိမ်သူမဖြစ် ဆိုသည့်အတိုင်း မညီသောထမ်းပိုးကို မတင်သင့်ကြချေ။ အိမ်ထောင်ပြိုကွဲခြင်း၊ ပေါင်းနေပြန်လည်း တကျက်ကျက်စကားများ၊ ငြင်းခုံ၊ ရန်ဖြစ်ခြင်း၊ တို့သည်မင်္ဂလာမရှိပေ။ မယုံကြည်သူကို လက်ထပ်ယူခြင်း၊ လူသစ်မဖြစ်သော အမည်ခံခရစ်ယာန်ကို လက်ထပ်ယူခြင်း တို့သည် အသင်းတော်ကို အထောက်အကူမဖြစ်စေဘဲ ဘုန်းနာမတော်ရှုတ်ချစရာသာဖြစ်သည်။ ခရစ်ယာန်အိမ်ထောင်သစ်သည် သာယာသော အိမ်ထောင်၊ စံယူထိုက်သောအိမ်ထောင်ဖြစ်ရန်လိုအပ်သည်။

သမ္မာတရားကို အခြေခံမထားဘဲ တည်ဆောက်သည့် အိမ်ထောင်သစ်သည် အစစအရာရာ အဆင်ပြေသယောင်ရှိသော်လည်း အသင်းတော်​၏ ခန္ဓာကိုယ်အစိတ်အပိုင်း၌ ပါဝင်ဖွဲ့စည်းမှုမရှိနေပါက အကျိုးမရှိချေ။ အိမ်ထောင်ပြုခြင်း၊ သားသမီးမွေးဖွားခြင်း သည်ဘုရားသခင်ကိုယ်တော်တိုင် ကြံစည်စီမံတော်မူသည့် အရာဖြစ်သည်။ ထိုအိမ်ထောင်သည် မင်္ဂလာဆောင်လက်ထပ်ခြင်းဖြင့် အစပြုရပြီး မင်္ဂလာရှိသည့်မိသားစု တခုအဖြစ် ရပ်တည်လာခြင်းကို ဘုရားသခင်အလိုရှိသည်။

ခရစ်ယာန်လူငယ်တိုင်းသည် ဘုရားသခင်နှင့် အသင်းတော်အပေါ်သစ္စာစောင့်သောသူ၊ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်ခံ့သောသူဖြစ်ရန် အထူးလိုအပ်သည်။ အခြေနေတခုခုကြောင့် မယုံကြည်သူနှင့် အိမ်ထောင်ဘက်သောသူဖြစ်လျှင် မိမိ​၏ခင်ပွန်းအား သခင်ဘုရားထံ ပြောင်းလဲလာစေရန် ကူညီပေးရမည်။ ဘုရားသခင်မနှစ်သက်ဆုံးနှင့် အမုန်းဆုံးအရာသည် အခြားတပါးသော ဘုရားအမှု၊ ဘုရားဝတ်ကိုပြုခြင်း၊ ကိုးကွယ်ရှိခိုး၊ အရိုအသေပေးခြင်းဖြစ်သည်။

ဘုရားသခင်သည် အာဗြဟံအား ဆွေမျိုးအသိုက်အဝန်းနှင့် မိဘနေရပ်ကိုစွန့်ပြီး၊ ခါနာန်ပြည်သို့သွားရောက်တည်းခိုစေခဲ့သည်။ ထိုအခါ စာရာသည်မိမိခင်ပွန်းနှင့်အတူ ထာဝရဘုရား၌ တလုံးတဝ ပါလာခဲ့သည်။ ဣဇာက်သည်လည်း ရေဗက္ကကို လက်ထပ်ယူသည့်အခါ ခင်ပွန်းယောက်ျားနှင့် ထာဝရဘုရား၌ တစိတ်တဝိညာဉ်တည်းပါလာခဲ့သည်။ ယာကုပ်လည်းထိုနည်း၎င်း သူ့မယားများနှင့် သားသမီးများသည် ထာဝရဘုရားထံဝင်စားကြသည်။ ယောသပ်​၏မယား အာသနတ်သည်လည်း ခင်ပွန်းနှင့်တထပ်တည်း ဘုရားသခင့်လက်ခံခြင်းခံရသည်။

မောရှေ​၏မယား ဇိပေါရကိုလည်း ဘုရားသခင်ကလက်ခံခဲ့သည်။ အကြောင်းမှာ ခင်ပွန်းသည်အား ချစ်ကြောက်ရိုသေဝန်ခံ သဖြင့်ဖြစ်သည်။ ခရစ်ယာန်ယောက်ျားတိုင်း မိမိလက်လပ်ယူသည့် မိန်းမကို မိမိနှင့်တထပ်တည်းကျစေပြီး ဘုရားကိုဝန်ခံလာစေရန်လိုသည်။ မိမိသည် ခရစ်တော်၌ တည် နေလျှင် မိမိ​၏ဇနီးသည် အလိုလို ပါလာပေမည်။ အိမ်ထောင်ဦးစီးဖြစ်သည့် ယောက်ျား​၏ဦးခေါင်းသည် ခရစ်တော်ဖြစ်သည်။ ထိုသခင်ခရစ်တော်​၏ အုပ်စိုးခြင်းကို ယောက်ျားသည် အမြအစဉ်ဝန်ခံရမည်။

မိမိသည် ခရစ်တော်​၏အုပ်စိုးခြင်းကို ဝန်ခံသကဲ့သို့ မိမိ​၏ခင်ပွန်းဇနီးသည် အမည်ခံခရစ်ယာန်ဖြစ်စေ၊ သာသနာပလူဖြစ်စေ မိမိ၏ အုပ်စိုးခြင်းကို အလိုအလျောက်ဝန်ခံနေပေမည်။ အကယ်၍ မိမိသည် ခရစ်တော်ကို မခန့်မညားပြုပါက ဇနီးသည်​၏ အစိုးတရပြုခြင်း၊ မထီမဲ့မြင်ပြုခြင်းကို ခံရပြီး အကျိုးနည်းရပေမည်။ သို့ဖြစ်၍ အိမ်ထောင်မပြုမီ ခရစ်ယာန်လူငယ်တိုင်း ဝိညာဉ်ရေးရာ ရင့်ကျက်သူဖြစ်ရန် လေ့ကျင့်ထားရမည်။

ပညာစုံ၊ အလုပ်အကိုင်ရှိ၊ စီးပွားအခြေအနေကောင်းမွန်ခြင်းတို့သည် အိမ်ထောင်၌ လိုအပ်ပေသည်။ သို့သော် ထိုသို့အဆင်ပြေရုံဖြင့် ခရစ်ယာန်အိမ်ထောင်ကောင်းတခု တည်ဆောက်ရန်မလုံလောက်ပ့ါ။ ခရစ်တော်​၏အုပ်စိုးခြင်းကို ဝန်ခံတတ်ရန် ရှေးဦးစွာ လေ့ကျင့်ယူထားရမည်။ သို့မှသာ မိမိ​၏အိမ်ထောင်ကို ကောင်းမွန်စွာ အုပ်စိုးနိုင်ပေမည်။ မိမိလက်ထပ်သည့်ခင်ပွန်းသည် ခရစ်ယာန်တဦးမဖြစ်ခဲ့ပါက မိမိသည် ဧသတာကဲ့သို့ ဘုရားသခင်နှင့်အစာရှောင် ဆုတောင်း မိဿဟာယဖွဲ့သူဖြစ်ရန် ကြိုးစားအားထုတ်နေရပေမည်။

ခရစ်ယာန်မဟုတ်သော ယောက်ျားနှင့်ပေါင်းဘက်သော ခရစ်ယာန်အမျိုးသမီးသည် မိမိ​၏ခင်ပွန်းအား သီလဖြင့် သခင်ဘုရားထံသွေးဆောင်ရမည်ကို သတိပြုရမည်။ ဘဝနှင့်အိမ်ထောင်ကိုရေစုန် မျှောစေရန်မဟုတ်ချေ။ မိမိပြုခဲ့သည့် သာသနာပလူကို လက်ထပ်ယူသည့် ပထမအမှားကို အိမ်ထောင်ကွဲခြင်း၊ အခြားတပါးဘုရားဝတ်ကို ပြုခြင်းတည်းဟူသော ဒုတိယအမှား ကိုမလွန်ကျူးမိရန်တာဝန်ယူရမည်။ ထိုတာဝန်သည် သင်းအုပ်ဆရာနှင့်မဆိုင်သကဲ့သို့ မိဘဆွေမျိုးများနှင့်လည်းမဆိုင်ချေ။ မိမိတဦးနှင့်သာ ဆိုင်ပေသည်။

သို့ဖြစ်၍ မိမိ​၏အိမ်ထောင်ဘက်အတွက် ဘုရားသခင်ထံ ဆုတောင်းတတ်ရန်လိုအပ်သည်။ အာဗြဟံ​၏ကျွန်သည် ဣဇက်အတွက်မိန်းမရှာထွက်သည့်အခါ ဘုရားသခင်ထံ တိကျစွာတောင်းလျှောက် အသနားခံခဲ့သည်။ ထိုအခါ ရေဗက္ကကို အဆင်ပြေချောမွေ့စွာတွေ့ဆုံခဲ့ရသည်။ ယနေ့ခရစ်ယာန်လူငယ်များသည်လည်း ဘုရားသခင်ထံ တိကျစွာ ဆုတောင်းတတ်ကြရန်သာလိုသည်။ ဘုရားသခင်သည် အာဒံအတွက် ဧဝကိုပေးသနားတော်မူသကဲ့သို့ ခရစ်ယာန်လူငယ်တိုင်းအတွက် အသီးအသီး ပြင်ဆင်ပေးနှင့်တော်မူပေသည်။

ခရစ်ယာန်လူငယ်တို့သည် အိမ်ထောင်မပြုမီကတည်းကမိမိလက်ထပ်သည့် ခင်ပွန်းအား မိမိကိုမိမိ ချစ်သကဲ့သို့ ချစ်ရမည် ဟူသောအချက်ကို သတိပြုမှတ်သားရမည်။ ခရစ်တော်သည်အသင်းတော်ကိုချစ်တော်မူသကဲ့သို့ မိမိ​၏ခင်ပွန်းဇနီးအား မိမိ​၏အသားကဲ့သို့ချစ်လျက် တန်ဖိုးထားရမည်။ ခရစ်တော်သည်အသင်းတော်အားကျွေးမွေးပြုစုတော်မူသကဲ့သို့ မိမိ​၏ဇနီးအားပြုစုကျွေးမွေးရမည်။ ခရစ်ယာန်မိန်းမသည်လည်း မိမိ​၏ခင်ပွန်းယောက်ျားအား အစဉ်ရိုသေ၊ ဝန်ခံရမည်။

ခရစ်တော်ကိုခန့်ညားသောအားဖြင့်တယောက်အောက်တယောက် ကိုယ်ကိုနှိမ့်ချလျက်နေကြရမည်။ သို့မှသာခရစ်တော်​နင့် အသင်းတော်၏ ပုံသဏ္ဌာန်ကို ဖော်ဆောင်နိုင်ကြမည်။ အသင်းတော်သည် အပြစ်အနာဆာကင်းပြီး သန့်ရှင်းစင်ကြယ်ရသကဲ့သို့ ခရစ်ယာန်အိမ်ထောင်သည်လည်း အပြစ်တင်ခြင်းနှင့်ကင်းလွတ်ရမည်။ ခရစ်တော်​၏ အရိုးတော်ဝင်အသားတော်ဝင် ဖြစ်ကြသဖြင့်ဖြစ်သည်။

သို့ဖြစ်၍ ခရစ်ယာန်လူငယ်တို့ အရက်သေစာမှီဝဲခြင်း၊ ကာမဂုဏ်၌လွန်ကျူးခြင်း၊ အချိန်ကို အချည်းနှီးကုန်ဆုံးစေခြင်းများမပြုအပ်ပါ။ ယခုကာလတွင် မောင်တထမ်းမယ်တရွက် ခေတ်စားလာသဖြင့် ယောက်ျားရောမိန်းမပါ ဝင်ငွေရှာကြရသည်။ ခရစ်ယာန်အိမ်ထောင်၌မူ ခင်ပွန်းသည်သည်မိမိ​၏ အိမ်ထောင်ကို ကျွေးမွေးရန်တာဝန်ရှိသူဖြစ်ပြီး ဇနီးသည် မိမိခင်ပွန်းအားရိုသေဝန်ခံပြီး မိသားစုကိုစောင့်ရှောက်ရမည်ဖြစ်သည်။ ခေတ်ကာလရေစီးကြောင်းအရ မိန်းမများသည် ငွေရှာနေရသဖြင့် သမ္မာတရားလမ်းညွှန်ကို မလိုက်နာနိုင်ဖြစ်ကြရလေသည်။

သို့သော် မိန်းမသည် ဘုရင်မ ဖြစ်ခဲ့သော်၎င်း၊ သမ္မတဖြစ်ခဲ့သော်၎င်း၊ လုပ်ငန်းခွင်၌ မည်မျှပင်ပင်အကြီးအကဲဖြစ်ပါစေ မိမိအိမ်၌မူ ခင်ပွန်း​၏အုပ်စိုးခြင်းကိုဝန်ခံရမည့်ဝတ္တရား မပျက်ကွက်ရချေ။ ထို့အတူယောက်ျားသည် သူဌေးကြီးဖြစ်စေ၊ ရာထူးအာဏာ မြင့်မားသူဖြစ်ပါစေ၊ မိမိအိမ်၌ဇနီးကိုမိမိကိုမိမိ ကဲ့သို့ချစ်ရမည့်ဝတ္တရားပျက်ကွက်၍ မရသည်ကိုမှတ်သားရမည်။ ခရစ်ယာန်အိမ်ထောင်​၏ အဓိက အုတ်မြစ်သည် ခရစ်တော်ကိုခန့်ညားခြင်းဖြစ်သည်။

သို့ဖြစ်သောကြောင့် ခရစ်ယာန်လူငယ်တို့ အိမ်ထောင်ဘက်ရွေးချယ်ရာတွင် လူ့ဉာဏ်၊လူ့အတွေး၊ လူ့အမြင်၊ လူ့အကြိုက်၊ လူ့သဘော၊ လူ့အခြေအနေနှင့်ရွေးချယ်ခြင်းမပြုဘဲ သမ္မာတရားလမ်းညွှန်အတိုင်း ချိန်ထိုးပြီး လက်ထပ်ခြင်းပြုကြရမည်။ ခရစ်တော်ကို ခန့်ညားသည့် မိန်းကလေး ၊ မိန်းမ ၊ ယောက်ျား ကိုရွေးချယ်လက်ထပ်သင့်ကြသည်။ ခရစ်တော်အုပ်စိုသည့် အိမ်ထောင်မဖြစ်ပါက ဥစ္စာကြွယ်ဝ၊ ဂုဏ်အင်ပြည့်ဝနေလည်း ဘုရားသခင့်ရှေ့တော်၌ အမင်္ဂလာအိမ်ထောင်သာဖြစ်နေပေမည်။

ခရစ်ယာန်လူငယ်တို့ အိမ်ထောင်ပြုခြင်းကို မင်္ဂလာဆောင်ခြင်းနှင့်အစပြုပြီး မင်္ဂလာရှိသည့် မိသားစုအဖြစ်ရပ်တည်နိုင်ရန် သင့်အိမ်ထောင်ဘက်ကို ဆုတောင်းပဌနာပြုခြင်းအားဖြင့် ရွေးချယ်ပါလေ။ ထို့အပြင်သမ္မာတရားနှင့် ချိန်ထိုးပြီး အိမ်ထောင်ဘက်ကို ရွေးချယ်ပါလေ။ သို့ပြုမှသာ ခရစ်တော်​၏ ကိုယ်ခန္ဓာအဝင်ဖြစ်သည့် သင့်အိမ်ထောင်မိသားစုသည် မင်္ဂလာနှင့်ပြည့်စုံနိုင်ပေလိမ့်မည်။

*ခရစ်ယာန်လူငယ်တိုင်း အိမ်ထောင်ဘက်ပြုခြင်းကို လေးလေးနက်နက် သဘောထားစေလိုပါသည်။

ပြီးပါပြီ။

Address

Madaya

Website

Alerts

Be the first to know and let us send you an email when The Word Of God Myanmar . Pastor Thet Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category