25/08/2026
အရသာမပြောင်းတဲ့ ဆိုင်နဲ့ အရောင်မပြောင်းသင့်တဲ့ ကျွန် တော် တို့ဘဝ
-----------------------------------------------------------------------------------
နှစ်ဝက် အစည်းအ ဝေး ပြီးတော့ မန္တလေးက ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ သွားစားဖြစ်ခဲ့တယ်။ ငယ်ငယ် ဆယ်ကျော်သက်ကတည်းက စားခဲ့ရတဲ့ အရသာအတိုင်းဘဲ အခုထိ စားလို့ သိပ်ကောင်းတုန်းဆိုတာကိုသတိထားမိခဲ့တယ်။
ခုနောက်ပိုင်း မန္တလေးမှာ ဆိုင်အသစ်တွေ မှိုလိုပေါက်အောင် ပေါ်လာလိုက်၊ ပြိုင်ဆိုင်မှုတွေကြားမှာ တချို့ဆိုင်တွေ ပျောက်သွားလိုက်နဲ့ အပြိုင်အဆိုင်တွေ ဘယ်လောက်ပဲ များများ၊ အဲ့ဒီဆိုင်ကတော့ နေ့လယ်စာစားချိန် မှာ စားပွဲတွေ အပြည့် အခုထိ လူတွေ စည်ကားနေတုန်းပဲ။
ဘာလို့လဲဆိုတော့ သူတို့က မူလအရသာကို အရောင်မပြောင်းဘဲ သစ္စာရှိရှိ ထိန်းထားပေးလို့ဖြစ်ပါတယ်။သူ့အရသာ ကြိုက်တဲ့သူတွေက အဲ့ဒီဆိုင်နားမှာပဲ နှစ်တွေပြောင်းသွားလဲ တိုးပွားနေဆဲဆိုတာသတိထားမိတယ်။
ဒီအတိုင်းပါပဲ၊ ကျွန်တော်တို့ ရဲ့ဘဝမှာလည်း -
သူတပါးကို ကူညီချင်တဲ့စိတ်
ရိုးသားတဲ့စိတ်
ကြင်နာတတ်တဲ့စိတ်
ဖြူစင်တဲစိတ်
အဲ့ဒီ စိတ်ဓာတ်ကောင်းတွေကို ဘေးပတ်ဝန်းကျင်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း၊ အရောင်မပြောင်းဘဲ ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။
အဲ့လို မပြောင်းလဲတဲ့ စိတ်ရင်းနဲ့ သွားမယ်ဆိုရင် ရလာမယ့် ရလဒ်ကောင်းတွေက ကျွန်တော် တို့ကို ဘဝရဲ့ အမြင့်ဆုံးနေရာအထိ ဧကန်မလွဲ ခေါ်ဆောင်သွားပေးမှာဖြစ်ပါတယ်။
ဒါကြောင့် ဘာကြောင့်နဲ့မှ ကိုယ့်ရဲ့ စိတ်ရင်းကောင်းကို အပျောက်မခံပါနဲ့။
ဆိုင်ကောင်းတစ်ဆိုင်ရဲ့ အရသာကို စားဖူးသူတိုင်း သိကြသလိုပဲ၊ ကိုယ့်ရဲ့ ဖြူစင်မှုကို မြင်နိုင်တဲ့ လူကောင်းတွေက အချိန်တန်ရင် ကိုယ့်အနား ရောက်လာပြီး ဘဝမှာ အမြင့်ဆုံးအထိ အတူတူ လျှောက်လှမ်းသွားကြမှာဖြစ်ပါတယ်
------------------------------------------------------------------------------------
ကြက်ဉ ပွပွ ထဲ အစာသွပ်ထားတာကို မြင်တာနဲ့ ဘယ်ဆိုင်လဲဆိုတာ မန္တလေးသားတွေ ခန့်မှန်းနိုင်မှာပါ။
Pastor David Aung Mai