သာသနာ့အလင်းဆောင်ရိပ်သာ

  • Home
  • Myanmar
  • Hlegu
  • သာသနာ့အလင်းဆောင်ရိပ်သာ

သာသနာ့အလင်းဆောင်ရိပ်သာ Monastery & Meditation Center

15/01/2026

စားရင် စားတယ်မှတ်
********************
စောစောက ကိုးရီးယားကျောင်းဒကာဒကာမိသားစုနှင့်ဝါဝါတို့ရဲ့ အာဟာရဒါနအလှူအကြောင်းရေးရင်း စားတာနဲ့စပ်ကာ ကမ္မဋ္ဌာန်းနည်းပြဆရာဘဝ တရားစစ်မေးခဲ့တာလေး ပြေးမြင်မိပါတယ်။
ကိုယ်က ယောဂီတွေကို တရားစစ်ဆေးပေးတဲ့အခါ သမ္ပဇညပဗ္ဗပိုင်းလာအတိုင်း အသေးစိတ် လှုပ်ရှားမှု့ ရှု့မှတ်မှု့ကအစ မေးတတ်ပါတယ်။
ဒီတော့ တချို့ယောဂီများက အကြောင်းမသိခင်မှာ ကိုယ်နဲ့ တရားစစ်ဆေးခံရမှာကို အတော်ကြောက်ကြတဲ့အကြောင်း လျှောက်ထားကြတာလဲရှိရဲ့။
ထားတော့ -
ပြောချင်တာက အဲ့သလို စစ်စစ်ပေါက်ပေါက်မေးရင်းက တနေ့ကျ ယောဂီတစ်ယောက်ကို "ယောဂီ ထမင်းစားတာရော မှတ်ရဲ့လား"လို့ မေးတဲ့အခါ "မှတ်ပါတယ်ဘုရား"လို့ ပြန်လျှောက်ပါတယ်။
ဒါနဲ့ "ကဲ မှတ်တယ်ဆိုရင် မှတ်ပုံ သိပုံလေး ပြောပြစမ်းပါ"ဆိုတော့
"တပည့်တော် စားတယ်စားတယ်မှတ်တော့ အထက်သွားတွေက တတောက်တောက်နဲ့ အောက်ကို လာကြိတ်ခြေတာ တွေ့ရပါတယ်ဘုရား"တဲ့။

ဒါနဲ့ပဲ "ဟဲ့ ယောဂီ ..သေချာရဲ့လား၊အထက်သွားက သွားကြိတ်ခြေတာလား၊အောက်သွားက သွားကြိတ်ခြေတာလား
နောက်နေ့ သေချာလေး ပြန်မှတ်ခဲ့ဦး"လို့ ရယ်ချင်စိတ်ကို မြိုသိပ်ကာ
ပြောလွှတ်လိုက်ရတယ်။
ဒီလိုနဲ့ ညနေခင်း တရားပွဲချိန်ကျ စားတာနဲ့စပ်ပြီး ယောဂီတွေ ရှု့မှတ်တတ်ဖို့ရာ သင်ပေးရင်းက မပျင်းရအောင် ဟာသလေးစွက်ကာ ပြောပြမိပါတယ်။
မဟာစည်ထဲ တရားဝင်စဉ်က ပျဉ်းမနားဆရာတော်ကြီးက ယောဂီဒကာတစ်ယောက်ကို တရားစစ်မေးပါတယ်။
အဲ့သလို တရားစစ်မေးတဲ့အခါ "ဒကာကြီး စားတဲ့အခါရော မှတ်ရဲ့လား"ဆိုတော့ "မှတ်ပါတယ်ဘုရား"တဲ့။
ဒါဆို "မှတ်ပုံမှတ်နည်းလေး ပြောပြစမ်းပါ"ဆိုတော့ "ကြီးတဲ့အတုံး ငါ့အတုံးလို့ မှတ်ပါတယ်ဘုရား"လို့ လျှောက်သတဲ့။
အခုလဲ ယောဂီတွေ စားတာ မှတ်ရဲ့လားဆိုတော့ "မှတ်ပါတယ်ဘုရား၊ကြီးတဲ့အတုံး ငါ့အတုံး"ဆိုတာလိုမျိုး ဖြစ်နေသလားပဲ ဆိုပြီးတော့ပေါ့။
ဘူဖေးယူရင်း ကြီးတဲ့အသားတုံး ငါ့အသားတုံးလို့ မှတ်နေမှာ စိုးရသကိုး။
တကယ်အမှတ်နဲ့စားရင် အစားအစာတွေ အစာအိမ်ထဲရောက်သည်အထိ ဝါယောလေဓာတ်ဦးဆောင်တဲ့ဓာတ်တွေက ဘယ်လိုပို့ဆောင်ပေးတာကအစ အလုပ်လုပ်ပုံတွေအထိ သိရှိလာရပါတာပါပဲ။
စသိလာကာစဆို ဆက်စားချင်စိတ်တောင် မရှိတော့ဘူးရယ်။
စက်ထဲ စက်ဆီထည့်သလို ဒါစားမှ ငါ့ခန္ဓာကိုယ်က တရားအလုပ် ဆက်လုပ်နိုင်မှာလို့ နှလုံးသွင်းကာ စားယူရတာပါ။
အစာနဲ့ပတ်သက်ပြီး ဘာရသတဏှာမှ မလာနိုင်တော့ဘူးရယ်။
ဒါက မှတ်ဖူးတဲ့ယောဂီတွေ သိကြမှာပါ။အထူးအဆန်းတော့မဟုတ်ပါဘူး။

13/01/2026

ဖြောင့်ဖြောင့်သွားတော့ မြန်မြန်ရောက်တာပေါ့
*******************************************
ဒီအကြောင်းလေးကတော့ နဂိုက မေးခဲ့ဖူးသူရှိလို့ ရေးခဲ့ဖူးသလို အခုလဲ ယောဂီဟောင်းတစ်ယောက်က ဖုံးနဲ့လှမ်းတရားလျှောက်လို့ ရေးချင်လာမိပြန်တယ်။
လိုတဲ့သူတွေအတွက် အသုံးတည့်ဖို့ပေါ့။
အဲ့ဒါကတော့ ဝိပဿနာတရား ရှု့ပွားရာမှာ ပင်တိုင်တစ်ခုကိုပဲ အဓိက မိန်းပစ်မှတ်အနေနဲ့ထားကာ စွဲစွဲမြဲမြဲ မှတ်နိုင်အောင် ကြိုးစားတာနဲ့ ပေါ်ရာပေါ်ရာ အာရုံအများကြီးကို လိုက်ရှု့မှတ်တာ ဘာကွာသလဲဆိုတာလေးပါ။
ဒါနဲ့စပ်ကာ တောစခန်းရိပ်သာမှာနေစဉ်က စင်္ကာပူမှာနေတဲ့ အမေရိကန်သူ ယောဂီမတစ်ယောက်က လျှောက်ထားဖူးပါတယ်။
သူကတော့ ကိုယ့်ရဲ့သရုပ်ပြအလုပ်ပေးတရားကို အင်္ဂလိပ်လို အသံနဲ့ ကွက်တိကျအောင် ဘာသာပြန်အသံထွက်ပေးတဲ့ အင်ထရူးရဲ့ အမျိုးသမီးလို့ သိရပါတယ်။
လပ်ဗီးတူဂဲသားလား ဘာလားတော့ မသိဘူးပေါ့လေ။
အဲ့ဒါ တရားစစစ်မေးတော့ ကိုယ်က မမေးရသေးခင် သူက စ,မေးတော့တာပါ။
သူမေးပုံကတော့ "သူမဟာ တရားအားထုတ်လာတာ အကြိမ်ပေါင်း မနည်းတော့ပါဘူးတဲ့၊ဆရာအမျိုးမျိုးလဲ ကြုံတွေ့ခဲ့ရပါတယ်တဲ့၊
အဲ့ဒီမှာ တချို့ကမ္မဋ္ဌာန်းဆရာတွေက ပေါ်ရာပေါ်ရာလိုက်မှတ်ဖို့ ညွှန်ကြားကြတယ်တဲ့၊တချို့ ကမ္မဋ္ဌာန်းဆရာတွေကတော့ ပင်တိုင်တစ်ခုကိုပဲ အဓိကထားကာ စွဲစွဲမြဲမြဲမှတ်နိုင်အောင် ညွှန်ကြားကြတယ်တဲ့၊အဲ့ဒါ ဘယ်ဆရာတွေက မှားနေကြတာလဲတဲ့၊ညွှန်ပြပုံကမတူတော့ တဖက်
ဖက်ကတော့ မှားနေမယ်လို့ သူယူဆပါတယ်တဲ့၊အဲ့ဒါ အခု သူကရော ဘယ်လိုရှု့မှတ်ရမှာပါလဲ"တဲ့။
ဒါနဲ့ပဲ သူ့ကိုပြန်မေးကာ အဖြေပေးလိုက်ရတယ်"နှစ်ခုစလုံးက မမှားပါဘူးလို့၊ယောဂီအနေနဲ့ ဘယ်နည်းလမ်းနဲ့ ရှု့မှတ်ရမလဲဆိုတာကိုတော့ ယောဂီကိုပဲ ပြန်မေးရတော့မှာပါပဲ။
ယောဂီက မြန်မာပြည် ခဏခဏလာပြီး တရားအားထုတ်ဖူးတာဆိုတော့ ဒီကနေ ရန်ကုန်ကို သွားတတ်တယ်မဟုတ်လားဆိုတော့ "သွားတတ်ပါတယ်"တဲ့။
ဒါဖြင့် ယောဂီအနေနဲ့ ဒီကနေ ရန်ကုန်သွားတဲ့အခါ ရန်ကုန်ကို တိုက်ရိုက်သွားသူနဲ့ လမ်းမနာ ဟိုဝင်ဒီဝင်လုပ်ပြီးမှ သွားတဲ့သူ ဘယ်သူက အမြန်ရောက်မလဲ။
တိုက်ရိုက်မသွားပဲ အင်းတကော်ဝင်လိုက် လှည်းကူးဝင်လိုက် ထောက်ကြန့်ဝင်လိုက်လုပ်နေရင် ရန်ကုန်ကို မြန်မြန်ရောက်မလား။
ဘယ်မှမဝင်ပဲ တိုက်ရိုက်သွားသူက မြန်မြန်ရောက်မလား ဆိုတော့-
"အဲ့ဒါကတော့ တိုက်ရိုက် သွားသူက မြန်မြန်ရောက်တာပေါ့ဘုရား"တဲ့။
ဒါနဲ့ပဲ"အဲ့ဒါ ငါပေးတဲ့အဖြေပဲ၊မင်းက မြန်မြန်ရောက်ချင်သလား နှေးနှေးရောက်ချင်သလား ကိုယ့်ဘာသာကို ရွေးပါ။
တခါတည်း ဖြောင့်ဖြောင့်မတ်မတ် တိုက်ရိုက်သွားရင်တော့ မြန်မြန်
ရောက်မယ်၊လမ်းခရီး ဗဟုသုတတော့ သိပ်မရဘူးပေါ့လေ။
အဲ ဖြောင့်ဖြောင့်မသွားပဲ ဟိုဝင်ဒီဝင်လုပ်ပြီးမှ သွားရင်တော့ အရောက်နှေးမယ်၊လမ်းခရီးဗဟုသုတတော့ မဝင်တဲ့သူနဲ့စာရင် ပိုရတာပေါ့လေ၊ယောဂီအနေနဲ့ ကြိုတာရွေးပေါ့"လို့ ပြောပြရတယ်။
ဆက်ပြောပြမိတာက "ဘုရားကလွဲရင် အရှင်သာရိပုတြာမထေရ်လို အနုပဒနည်းနဲ့ ဝိပဿနာရှု့နိုင်သူလွဲလို့ ကျန်တဲ့သာဝကတွေကတော့ တစ်စိပ်တဒေသကိုပဲရှု့ကာ ရဟန္တာဖြစ်ကြရတာပါ"လို့လဲ ပြောပြမိသလို ကြားဖူးနားဝရှိထားတဲ့ ရွှေဥမင်ဆရာတော်ကြီးကမေးလို့ ဝေဘူဆရာတော်ကြီး ဖြေကြားတော်မူတယ်ဆိုတဲ့အဖြေလေးကိုလည်း တဆက်တည်း ပြောပြဖြစ်မိပါသေးတယ်။
ရွှေဥမင်ဆရာတော်က တရားလှည့်လည်အားထုတ်ရင်း ဝေဘူဆရာတော်ကြီးထံ ဝင်ရောက်ဖူးမြေနာ်ရင်း ဝိပဿနာ ရှု့မှတ်မှု့နဲ့စပ်ကာ "တစ်ခုတည်း အသားပေးရှု့မှတ်တာနဲ့ ပေါ်ရာပေါ်ရာ အာရုံအများကြီးကို လိုက်မှတ်တာ ဘယ်ဟာက ကောင်းပါသလဲဘုရား"လို့ မေးလျှောက်တဲ့အခါ "တစ်ခုတည်းက ပိုအားရှိတာပေါ့"လို့ ဝေဘူဆရာတော်ကြီးက ဖြေကြားတော်မူပါသတဲ့။
တကယ်လဲ ကိုယ်တွေ့အရပြောရရင် ပင်တိုင်တစ်ခုတည်းကို စွဲစွဲမြဲမြဲ မှတ်နိုင်အောင် ကြိုးစားပေးတာက ပင်ပန်းပေမယ့် သိမြင်မှု့အပိုင်းမှာတော့ မြန်လဲမြန်သလို ဉာဏ်အမြင်လဲ ပိုရှင်းတတ်ပါတယ်။(ပေါ်ရာပေါ်ရာ လိုက်မမှတ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး)
ပင်တိုင်မှတ်နိုင်လျှက်နဲ့ ပေါ်ရာပေါ်ရာ အကုန်လိုက်ရှု့တာကတော့ အားစိုက်ရမှု့အပိုင်းမှာ နည်းနည်းသက်သာပေမယ့် အရောက်နှေးပြီး ဉာဏ်အမြင်ကျ မရှင်းလင်းတတ်ပါဘူး။
ဒီတော့ အကောင်းဆုံးကတော့ မြန်မာတွေ ထမင်းစားတဲ့အခါ ဟင်းလေးငါးခြောက်မျိုးနဲ့ ထမင်းအဓိကထားကာ စားကြသလို မှတ်စရာပင်တိုင်အာရုံတစ်ခုကို သတ်သတ်မှတ်မှတ် အဓိကထားမှတ်ကာ ပင်တိုင်မမှတ်နိုင်လောက်အောင် လွှမ်းမိုးဝင်ရောက်လာတဲ့ အာရုံမျိုးဖြစ်တဲ့အခါကျမှသာ ပေါ်ရာပေါ်ရာအာရုံများကို မှတ်ပေးသင့်ပါတယ်။
ဒါလဲ အကြာကြီး လိုက်မှတ်မနေပဲ သိတဲ့ခဏ သိရုံမျှမှတ်ကာ ပင်တိုင်ဆီ စိတ်ပြန်ကပ်အောင် ကြိုးစားမှတ်ပေးခြင်းသာပါပဲ။
ဘာ့ကြောင့်လဲဆိုက ဉာဏ်အမြင် မြင်သိတဲ့အခါကျ ဓာတ်မီး အကျဲကြီးနဲ့ထိုးကြည်တာနဲ့ ဓာတ်မီးအစုနဲ့ထိုးကြည့်တာ အမြင်ကြည်လင်တာချင်းကွာသလို ကွာလို့ပါ။
ကိုယ်ကတော့ ယောဂီအခြေအနေလိုက်ကာ ညွှန်ကြားပြသပေးပါတယ်။
အသက်ကလဲငယ်,သမာဓိဉာဏ်အားလဲပြည့်စုံလို့ တသမတ်တည်း လိုက်နိုင်တဲ့ယောဂီမျိုးဆို ပင်တိုင်အဓိက အားထည့်ကာ လိုက်မှတ်ခိုင်းပါတယ်။
အသက်ကကြီး (အသက်ငယ်ပေမယ့်) သမာဓိဉာဏ်အား မပြည့်ဝသူ,စိတ်များသူတွေကိုတော့ ပင်တိုင်အဓိက လိုက်မမှတ်နိုင်က ပေါ်ရာပေါ်ရာ လိုက်မှတ်ခိုင်းပြီးမှ တဖြေးဖြေး ရှု့ကွက်ကို ပြန်ချုံ့ ယူစေပါတယ်။

03/01/2026

ကိုယ့်ကိုယ်ကို ရှာမှပါ
*********************
"သူများအပျောက် ဘောက်သောက်ဖွေရှာ,သံသာစခန်း ပင်ပန်းလှပါ"ဆိုတဲ့အတိုင်း သတွာတွေဟာ သူများအပျောက် လိုက်ရှာနေကြတာများတယ်၊ကိုယ့်အပျောက်ကိုကျ ရှာရကောင်းမှန်း သိပ်မသိကြဘူး။
ဒီ့အတွက် သံသာစခန်းမှာ ပင်ပန်းကြရတယ်ပေါ့။
ဒါကတော့ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ဝတ္ထုက လာတဲ့စကားလေးပါ။
မင်းသားသုံးဆယ် တောထဲသွား ပျော်ပွဲစားထွက်ကြရင်း သူတို့ရဲ့လက်ဝတ်ရတနာပစ္စည်းတွေကိုယူကာ ထွက်ပြေးသွားတဲ့မိန်းမကို လိုက်ရှာကြတယ်။
ဒီတင်ပဲ ဘုရားနဲ့တွေ့ကာ "ကိုယ့်ကိုယ်ကိုရှာဖို့က ပိုအရေးကြီးလှပုံကို "ဟောပြတော်မူပါတယ်။
ဒီလိုပါပဲ။
လောကလူသားတွေဟာ အားကိုးရာရနိုးနဲ့ မျှော်ကိုးကာ အားကိုးစရာကို ရှာကြဖွေကြတယ်။
ရလာသမျှ အားကိုးရာလို့ ထင်မှတ်ထားသမျှဟာ အဆုံးမှာကျ ဘာအားကိုးရာအစစ်မှ ဟုတ်မနေဘူးရယ်။
"န သန်တိ ပုတ်တာ တာဏာယ၊န ပိတာ နာပိ ဗန်ဓဝါ၊
အန္တကေ နာဓိပန္နဿ၊နတ္ထိ ဉာတီသု တာဏတာ"ဆိုတဲ့အတိုင်း အားကိုးရာအဖြစ်နဲ့ ပုံအပ်ကာချစ်ရတဲ့ သားသမီး ဇနီးကြင်ယာ လင်သား ညီအကိုမောင်နှမကစလို့ နောက်ဆုံးကာလ ရောက်ပြီဆိုတဲ့အခါကျ အားကိုးလို့ မရတော့ပါဘူး။
နောက်ဆုံးကျ "အတ္ထာ ဂေဟေ နိဝတ္တန္တိ၊သုဿာနေ မိတ္တဗန္ဓဝါ၊
သုကတဒုက္ကဋံ ကမ္မံ၊ဆာယာဝ အနုယာယိနီ"ဆိုတာလိုပဲ အားကိုးစရာ သက်မဲ့ပစ္စည်းတွေက အခန့်သားနဲ့ နောက်လူခံစားဖို့ အိမ်ပေါ်မှာ ကျန်နေရစ်ကြပါတယ်။
သက်ရှိလူသားဖြစ်တဲ့ ဇနီးမယားကြင်ယာ သားသမီး မိတ်ဆွေသင်္ဂဟတွေကတော့ အသံဆိုးဖြင့် အမျိုးမျိုးအော်ဟစ်ကာ သုဿာန်မှာ စွန့်ပစ်ချန်ထားခဲ့ကြပါတယ်။
အသံဆိုးလို့ဆိုရတာက ဟိုက သူတို့ပြုတဲ့ကုသိုလ်လေး အမျှပေးဝေတာကို သာဓုခေါ်မလို့ စောင့်နေတာကို သူတို့က "အမလေး ဘယ်သူရဲ့ဘယ်ဝါရဲ့ သွားနှင့်ပြီလား၊ထားရစ်ခဲ့ပြီလား"ဆိုကာ အသံကုန်ဟစ်ကာ ငိုကြွေးနေတော့ သွားလေသူခမျှာ လန့်ဖျတ်ပြီးသကာလ သာဓုတောင် မခ​ေါ်နိုင်တော့ပဲ အဝေးဆီ ပြေးရတော့တာပါပဲ။
ဒါ့ကြောင့် ကိုယ်ကတော့ ချစ်လို့ခင်လို့ ငိုပေမယ့် ဟိုသွားလေသူအတွက်တော့ အသံဆိုးလို့ ဆိုကြတာပါ။
ဘယ့်နှယ် ကုသိုလ်ပြုကာ အမျှပေးဝေပါတယ်ဆိုမှ မျက်နှာလေး ကြည်ကြည်သာသာထားပေးမှ ယူတဲ့သူကလဲ ယူချင်မှာပေါ့။
ငိုယိုပြီးပေးတော့ သူ့ဟာက မပေးချင်လို့ပဲ ငိုနေသလိုလို ဘာလိုလိုရယ်။
သတိထားစရာပလေ။
ဒါ့ကြောင့်ပဲ ကိုယ်တွေကတော့ ကိုယ့်ခမည်းတော်ဆုံးတဲ့အခါတုန်းက ညီအကိုမောင်နှမတွေကို မငိုမိအောင် ပြောပြပြီးသကာလ ကိုယ်တိုင်ပဲ တရားပေးကာ ရေစက်ချ အမျှပေးဝေဖြစ်ပါတယ်။

ဆေးပြီးတော့ ဈေးအလှည့်*************************စောစောက ဘုရားရဲ့ ဆေးကြေငြာအကြောင်းရေးရင်းက နောက်ထပ် ပေါ်လာတာလေးက ဘုရားရှင်...
02/01/2026

ဆေးပြီးတော့ ဈေးအလှည့်
*************************
စောစောက ဘုရားရဲ့ ဆေးကြေငြာအကြောင်းရေးရင်းက နောက်ထပ် ပေါ်လာတာလေးက ဘုရားရှင်ရဲ့ ဈေးရောင်းပို့စ်လေးပါ။
"ဗျာဓိတံ ဇနတံ ဒိသွာ၊အမတာပဏံ ပသာရယိ၊
ကမ္မေန တံ ကိဏိတွာန၊အမတံ အာဒေထ ဘိက္ခဝေါ"ဆိုပြီး သူရောင်းတဲ့ပစ္စည်းကို တန်ရာတန်ကြေးပေးကာ ဝယ်ယူကြဖို့ပေါ့။
လောကလူသားတွေ ဈေးရောင်းကြ ဈေးဝယ်ကြတဲ့အခါ ရောင်းတဲ့သူကလဲ သူ့ပစ္စည်း ဘယ်လောက်ကောင်းကြောင်း ဝယ်ချင်စိတ်ပေါက်အောင် ပြောရောင်းကြသလို ဝယ်သူကလဲ သူသဘောကျအသုံးလိုက တန်ရာတန်ကြေးပေးကာ ဝယ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊လောက သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှဆိုတာက အိုနာသေနဲ့ဆက်စပ်ကာ ကုန်ပျောက်ပြုန်းတီး ပျက်ဆီးခြင်းမှာ အဆုံးသတ်သွားကြရတာ။
ဒီလို အိုနာသေတွေနဲ့ ရောထွေးနေကြရတာကို ဘုရားရှင်က သိမြင်တော်မူတာမို့ နိဗ္ဗာန်ဈေးခင်းကာ "အမတ"ခေါ်တဲ့ ပစ္စည်းကို ဝယ်ယူကြဖို့ ဈေးခေါ်တော်မူပါတယ်။
အမတဆိုတာ မသေမျိုးပစ္စည်းပါပဲ။
ဘယ်လိုဘယ်နည်းနဲ့ ဝယ်ယူရမလဲဆိုတော့ "ကမ္မေန တံ ကိဏိတွာန"တဲ့။
လုပ်အားဒါနပေးကာ ဝယ်ယူရပါ့မယ်တဲ့။
အချိုအချောင် အလကားသက်သက်တော့ မရပါဘူး။
အဲ့ဒီ မသေမျိုးပစ္စည်းဆိုတာက ဘာလဲဆိုတော့ ကာယဂတာသတိပါ။
ကိုယ်ကာယအပေါ်မှာ ဖြစ်ပေါ်နေသမျှတွေကို စောင့်ကြည့်ပေးတဲ့သတိလေးပေါ့။(တရားရှာ ကိုယ်မှာတွေ့ဆိုတာပေါ့)
အဲ့ဒီ ကာယဂတာသတိနဲ့ နေခြင်းအလေ့ရှိသူဟာ မကြာမတင်မှာ မဂ်ဖိုလ်ရကြမှာမို့ မသေကြရတော့မည့်သူတွေပါ။
ဒီကာယဂတာသတိမရှိက ဘယ်တော့မှ မဂ်ဖိုလ်မရနိုင်တဲ့အတွက် ထပ်တလဲလဲ တစ်ဘဝပြီးနောက်တစ်ဘဝ သေကြေနေကြရဦးမှာပါ။
(အပ္ပမတ္တာ န မီယန္တိ၊ယေ ပမတ္တာ ယထာ မတာ)လို့ ဆိုထားပေသကိုး။

ဘုရားဖော်ပေး တရားဆေး*************************မနေ့က ပြည်ပကဒကာတစ်ယောက်က လိုင်းပေါ်မှာ မိတ်လာဖွဲ့လို့ ပရိုဖိုင်ကြည့်လိုက်တဲ...
02/01/2026

ဘုရားဖော်ပေး တရားဆေး
*************************
မနေ့က ပြည်ပကဒကာတစ်ယောက်က လိုင်းပေါ်မှာ မိတ်လာဖွဲ့လို့ ပရိုဖိုင်ကြည့်လိုက်တဲ့အခါ ဘုရားနဲ့စပ်ရာတွေတွေ့တာနဲ့ ပြန်လက်ခံလိုက်ပါတယ်။
အဲ့ဒါနဲ့ မက်ဆင်ဂျာက လာမိတ်ဆက်မှ ကိုယ့်စာအုပ်ကို ထုတ်ဝေခဲ့ကြတဲ့အဖွဲ့ကမှန်း သိရပါတယ်။
ဒီစာအုပ်က
"ယေကေစိ ဩသဓာ လောကေ၊ဝိဇ္ဇန္တိ ဝိဝိဓာ ဗဟူ၊
ဓမ္မောသဓသမံ နတ္ထိ၊ဧတံ ပိဝထ ဘိက္ခဝေါ"ဆိုတဲ့ ဘုရားရှင်ကိုယ်တော်တိုင် သူ့ဆေးကောင်းကြောင်း ကြေငြာထားတဲ့ ဆေးကြော်ငြာလေးကို အခြေခံကာ "ရောဂါနဲ့ယောဂီ"ဆိုတဲ့အမည်ပေးကာ ဓမ္မဒါနအနေနဲ့ ရေးသားထုတ်ဝေထားတာလေးပါ။
တရားကို ဘယ်လိုရှု့မှတ်ပွားများအားထုတ်က ဘယ်လိုအခြေအနေမျိုးမှာ ရောဂါဆိုးတွေက ပျောက်ကင်းနိုင်တယ်ဆိုတာကို လက်တွေ့ ကိုယ်တိုင်အားထုတ်စဉ်က နှစ်ရှည်လများ ခံစားနေခဲ့ရတဲ့ အစာအိမ်
ရောဂါ ပျောက်ကင်းသွားပုံကို အခြေခံကာ ရေးသားခဲ့တာပါ။
အခြေခံရှု့မှတ်နည်းလေးတွေကပါတော့ တောစခန်းရိပ်သာကြီးမှာနေစဉ်က ကိုယ်တရားပြသပေးခဲ့ရတဲ့ အမေရိကန်သူ ယောဂီဒကာမက "ယောဂီတွေအတွက် ဒီစာအုပ်က အကျိုးများတယ်၊သူတို့အဖွဲ့ကလူတွေလဲ သဘောကျကြတယ်၊လိုရင်းပွိုင့်လေးတွေထုတ်ကာ အင်္ဂလိပ်ဘာသာ ပြန်ခွင့်ပြုပါ"ဆိုတာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။
ပြောချင်တာက ဘုရားဖော်ပေးထားခဲ့တဲ့ သတိပဋ္ဌာန်ဆေးဟာ စနစ်တကျနဲ့ အသေအချာသောက်သုံးပေးက ဝဋ်နာကံနာကလွဲလို့ ရောဂါမှန်သမျှ ပျောက်ကင်းစေနိုင်ပါတယ်။
အနည်းဆုံး ဗောဇ္ဈင်တရားတွေ ဖြစ်ပွားတတ်တဲ့ဉာဏ်စဉ်အထိရောက်အောင်တော့ ကျင့်ဆောင်ဖို့ပဲ လိုပါတယ်။
တကယ်လို့ အဲ့ဒီဉာဏ်စဉ်အထိ မရောက်ရှိလို့ ရောဂါမပျောက်ဦးတောင် ဒီတရားအားထုတ်တဲ့ကုသိုလ်ကြောင့် ဆေးကောင်းသမားကောင်းနဲ့ တွေ့ရတတ်သလို ရောဂါဝေဒနာကြောင့် စိတ်ညစ်ညူးနေရတာမျိုးမဖြစ်ပဲ "ကိုယ်သာနာပြီး စိတ်မနာတဲ့အဖြစ်မျိုး"နဲ့ စိတ်ကို အများကြီး သက်သာရာ ရစေနိုင်ပါတယ်။
ဒါတင်မက ဒီဆေးကို သောက်သုံးပေးခြင်းက အိုနာသေဇာတ် ဒုက္ခဇာတ်တွေရဲ့ အမြစ်ပြတ်ရာ နိဗ္ဗာန်ကိုလည်း မြန်မြန်ရရှိစေပါတယ်။
ဘုရားကတော့ သူ့ဆေးဟာ လောက ရရှိရှိသမျှဆေးတွေထဲမှာ အကောင်းဆုံးဆေးဖြစ်ကြောင်း အထက်ပါဂါထာလေးနဲ့ ကြေငြာမောင်းခတ်ထားပါတယ်။
ဒီတော့ ရောဂါပျောက်ချင်သပဆိုရင်တော့ ဆေးသောက်မပျင်းဖို့ လိုသပေါ့။
လောကဥပမာနဲ့ပြောရရင် -ရောဂါတခုခုဖြစ်လို့ ဆေးခန်းသွားပြရင် ဆရာဝန်က စမ်းသပ်စစ်ဆေးကာ ဆေးပေးပါတယ်။
ဆောင်ရန်ရှောင်ရန်တွေရောပေါ့။
အဲ့ဒါကို ပေးတဲ့ဆေးကျ မသောက်ပဲ,ဆောင်ရန်ရှောင်ရန်ကျ မဆောင်ပဲ မရှောင်ပဲ"ကျွန်ုပ် ဆရာဝန်ကြီးကို ယုံကြည်ပါတယ်၊ကိုးကွယ်ပါတယ်၊ရောဂါပျောက်ပါရစေ"ဆိုပြီး ယုံကြည်ကိုးကွယ် ဆုတောင်းနေရုံနဲ့က ဘယ်လိုလုပ် ရောဂါပျောက်ပမလဲ။
ပေးတဲ့ဆေးကိုလည်းသောက် ဆောင်စရာကိုလည်းဆောင် ရှောင်ရမည့်အရာတွေကိုလည်း ရှောင်ပေးပါမှ ရောဂါက ပျောက်မှာပါ။
ဒီလောကဥပမာလိုပါပဲ။
ရောဂါပျောက်ချင်ရင် ဘုရားကို ယုံကြည်ကိုးကွယ်ပါ၏လို့ လုပ်နေရုံမျှနဲ့ မလုံလောက်ပါဘူး၊
ဘုရားပေးတဲ့ဆေးလဲ သောက်သုံးပေးဖို့လိုသလို ဘုရားရှင်က ဆောင်ပွားပါလို့ ညွှန်ကြားထားတာတွေကိုလည်း ဆောင်ပွားပေးရမယ်၊ရှောင်ရှားပါလို့ ညွှန်ပြထားတဲ့ ညွှန်ပြချက်တွေကိုလည်း ရှောင်ရှားပေးရမယ်။
ဒါမှပဲ ရောဂါက ပျောက်ကင်းမှာပါ။

29/12/2025

သမာဓိလွန်တော့ တွန့်
*********************
ကမ္မဋ္ဌာန်းနယ်ပယ်မှာ "ဝီရိယလွန်တော့ ကွန့်၊သမာဓိလွန်တော့ တွန့်"ဆိုတဲ့စကားလေး ပြောဆိုကြတာရှိပါတယ်။
ဝီရိယလွန်တော့ ကွန့်ဆိုတာက သိပ်တက်ကြွလွန်းအားကြီးရင် စိတ်က နဘေးကို ကွန့်သွား ပျံ့ထွက်သွားတတ်တာကို ဆိုလိုပါတယ်။
သမာဓိလွန်တော့ တွန့်ဆိုတာက တနေရာထဲမှာထိုင်ပြီး တခုခုကို ကြာရှည်စွာ စူးစိုက်ကြည့်တဲ့အခါ လိုအပ်တဲ့ဝီရိယအားက နည်းပါးလာတာနဲ့အမျှ စိတ်က ကြုံ့လာပြီး ပျင်းရိတွန့်ဆုတ်တဲ့ဖက် ပါသွားတဲ့သဘောကို ဆိုလိုပါတယ်။
ထိနမိဒ္ဓ ဝင်လာတတ်တဲ့သဘောပေါ့။
ထိနဆိုတာ စွမ်းအားမထုတ် တွန့်ဆုတ်တာ၊မိဒ္ဓဆိုတာက ပျော့ခွေကျသွားတာ၊ဒါကို ငိုက်မြည်းတယ်လို့ ဆိုကြသပေါ့။
ထိုင်ပြီး စာကျက်တဲ့အခါ ကြုံဖူးကြမှာပါ။
ဒီထိနမိဒ္ဓဆိုတာက ယောဂီတွေရဲ့ အဖော်အပေါင်း ဘော်ဒါတွေပါပဲ။
အားထုတ်တာကြာလာလေ ထိနမိဒ္ဓက ဝင်လာတတ်လေပါ။
ယောဂီဟောင်ူတွေ ထိုင်လျှက်နဲ့ အိပ်တတ်လာတာ ဒီသဘောတွေပဲပေါ့။
ယောဂီတွေရဲ့ဘော်ဒါလို့ဆိုရတာက သူက အာရုံကောင်းနဲ့တွေ့လို့ လိုက်ပါသွားလေ ခန္ဓာကိုယ်ကို ထိန်းညှိပေးထားရတဲ့ ဝီရိယက နည်းပါးလာလေဖြစ်ကာ ခန္ဓာကိုယ်က ကိုင်းကျလာပြီး အိပ်ပျော်သွားတတ်လို့ပါ။
ယောဂီကိုယ်တိုင်တောင် မသိလိုက်ဘူးရယ်။
မှတ်စရာပင်တိုင်အာရုံက သိမ်မွေ့နူးညံ့ကာ မှတ်လို့ကောင်းလာလေ သတိမထားက ပို၍ ကြုံရလေပါ။
ဘာ့ကြောင့်လဲဆိုက စိတ်က အာရုံနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားလေတော့ ခန္ဓာကိုယ်ကို ထိန်းညှိထားရတဲ့ ကာယိကဝီရိယအားက နည်းပါးသွားပါတယ်။
ဒီအခါ ခန္ဓာကိုယ်က ကိုင်းကျလာတဲ့အတွက် သူ့ရဲ့ခန္ဓာဗေဒဖြစ်စဉ်အရ ဦးနှောက်ဆီကို သွေးပို့မှု့က ပြတ်တောင်းပြတ်တောင်းဖြစ်လာကာ ခေါင်းက မကြည်နိုင်တော့ပဲ ငြှီစီစီဖြစ်လာကာ အိပ်ချင်သွားတော့တာမို့ပါ။
တကယ်ဆို စိတ်က ဝသီဘော်ကျအောင် မရှု့မှတ်နိုင်သေးသမျှ အလုပ်နှစ်ခုကို လုပ်ပေးနေရပါတယ်။
တစ်ခုက ရှု့မှတ်တဲ့အလုပ်၊တစ်ခုက ခန္ဓာကိုယ်ကို မတ်နေအောင် ထိန်းညှိပေးရတဲ့အလုပ်ပါ။
အဲ့သလို လုပ်ပေးနေရာက မှတ်စရာအာရုံနောက်ပဲ စိတ်က နစ်မြောပြီး ပါသွားတဲ့အခါ ခန္ဓာကိုယ်ကို ထိန်းညှိပေးတဲ့အားက နည်းပါးသွားတဲ့အတွက် ထိုင်လျှက် အိပ်ငိုက်မှု့တွေ ဖြစ်လာတော့တာပါ။
ယောဂီကလဲ သတိထား၊ကမ္မဋ္ဌာန်းဆရာကလဲ ဒါမျိုးက ဘယ်အချိန်ဘယ်အပိုင်းရောက်ချိန်မှာ ဖြစ်တတ်တယ်ဆိုတာကို သိရှိကာ ညွှန်ကြားပေးနိုင်မှရယ်ပါ။
မဟုတ်လို့ကတော့ သမာဓိလွန်ကာ တွန့်ရင်းက ရှေ့ဆက်မတက်နိုင်တော့ဘူးရယ်။
ထိုင်လျှက် အိပ်တတ်လာတာပဲ အမြတ်ကျန်မှာပါ။

အိပ်ကမ္မဋ္ဌာန်း*************ဒါလေးကတော့ ကမ္မဋ္ဌာန်းအားထုတ်မှု့နဲ့စပ်ကာ အရှင်သောဏမထေရ်ကို နည်းပေးလမ်းပြဆုံးမတော်မူတဲ့ စကား...
29/12/2025

အိပ်ကမ္မဋ္ဌာန်း
*************
ဒါလေးကတော့ ကမ္မဋ္ဌာန်းအားထုတ်မှု့နဲ့စပ်ကာ အရှင်သောဏမထေရ်ကို နည်းပေးလမ်းပြဆုံးမတော်မူတဲ့ စကားလေးနဲ့စပ်ကာ ပေါ်လာမိတာလေးပါ။
ဇာတ်ကြောင်းလေး အကျဉ်းချုပ်ပြောရရင် -
အရှင်သောဏမထေရ်ဆိုတာ လူ့ဘဝတုန်းက တကယ့် ပီဘိသူဌေးသားရယ်ပါ။
မိဘတွေက ဘယ်လောက်အထိ ဇိမ်ရှိရှိထားသလဲတော့မသိ ခြေထောက်နဲ့မြေကြီးကို မထိရတဲ့အခါ ခြေဖဝါးလေးတွေမှာကို အမွှေးနုလေးတွေက ပေါက်လို့နေပါတယ်။
ဗိမ္ဗိသာရမင်းကြီးကိုယ်တိုင် ထူးဆန်းလို့ တကူးတက နန်းတော်ခေါ်ကာ ကြည့်ရှု့ခဲ့ရသူပါ။
အဲ့သလောက်အထိ သိမ်မွေ့နူးညံ့လှတဲ့သူဌေးသားရယ်။
အဲ့ဒါ နောက်ကျတော့ ဘုရားတရား နားကြားရပြီးသကာလ ရဟန်းပြုလာကာ ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ပါတယ်။
တရားရချင်ဇောက အားကြီးလှတော့ လမ်းတအားလျှောက်ကာ အားထုတ်ရာက ခြေဖဝါးတွေဘာတွေကွဲလို့ စင်္ကြန်လမ်းတလျှောက် သွေးချင်းချင်း နီးရဲနေပါတော့တယ်။
ဒါကို ဘုရားရှင်ကသိတဲ့အခါ ဒီထဲမှာပါတဲ့စကားလေးနဲ့ နည်းလမ်းပြတော်မူတယ်။
"ဝီရိယနဲ့သမာဓိ ညီမျှအောင်လုပ်ကာ အားထုတ်ဖို့နဲ့ ဣန္ဒြေတွေ ညီမျှစွာထားကာ အားထုတ်ဖို့ပါ"
ဒါကိုယူကာ ဆိုလိုကြတာကတော့ သွား-ရပ်-ထိုင်-လျောင်း ဆိုတဲ့ နေထိုင်မှု့ပုံစံ ဣရိယာပုထ်လေးပါးမှာ သွားတာနဲ့ ရပ်ရတာက ဝီရိယကို လွန်ကဲစေတဲ့ နေထိုင်မှု့ပုံစံပါ။
အားစိုက်ရမှု့ များတယ်ပေါ့။
ထိုင်တာနဲ့အိပ်တာကတော့ သူက အငြိမ်ဆိုတော့ စိတ်တည်ငြိမ်မှု့သမာဓိကို အားပေးစေတဲ့ မှတ်နည်းပါ။
ဝီရိယက ပါပေမယ့် သမာဓိက ပိုများတယ်ပေါ့။
ဒီနေရာမှာ သမာဓိ ဝီရိယလို့ဆိုတာက လိုအပ်တဲ့ အစစ်အမှန် ဝီရိယမျိုး,သမာဓိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး၊သမာဓိလိုလို လှည့်စားတတ်တဲ့ ကောသဇ္ဇနဲ့ ဝီရိယလိုလို ဟန်ဆောင်တတ်တဲ့ ဥဒ္ဓစ္စတို့ကို ဆိုလိုတာပါ။
တရားတိုးတက်ရေးမှာ အားပေးတဲ့ အစစ်အမှန်ဝီရိယမျိုး,ဆိုလို့ကတော့ "မရသမျှ မထဘူးကွ"ဆိုတဲ့ ကာမံ တစော စ နှာရု စအစချီတဲ့စာလာအတိုင်း ဝီရိယထားနိုင်လေ ကောင်းလေပါ။
သမာဓိလဲ ထို့အတူပါပဲ၊ဘုရားရှင်လို မိုးကြိုးပစ်တာတောင်မသိလိုက်တဲ့ ကမ္မဋ္ဌာန်းအာရုံတည်းမှာပဲ စွဲမြဲစွာတည်နိုင်လေ ကောင်းလေပါ။
အခု ဒီမှာပြောတဲ့ သမာဓိ ဝီရိယဆိုတာက အတုအယောင် ဟန်ဆောင်လှည့်စားတတ်တဲ့ ဥဒ္ဓစ္စနဲ့ကောသဇ္ဇကို ဆိုလိုတာပါ။
အထိုင်များ အလှဲများရင် သွေးလည်ပတ်မှု့ရော စိတ်ပြန့်ပြူးမှု့ရောက အားနည်းသွားတဲ့အတွက် ပျင်းရိငြီးငွေ့ကာ အိပ်ချင်လာတတ်ပါတယ်။
အဲ စင်္ကြန်နဲ့ရပ်တာကျတော့ အားအလွန်စိုက်ရတဲ့အတွက် ကြာလာက တက်ကြွရာကနေ ပျံ့လွင့်သွားတတ်ပါတယ်။
ဒီ့အတွက် ဒီသမာဓိနဲ့ဝီရိယ ညီမျှနေစေဖို့ရာ တရားအားထုတ်တဲ့အခါ ဣရိယာပုထ်မျှတစွာထားကာ အလုပ်လုပ်ဖို့ လိုပါတယ်။
ဒီအထဲမှာ ရပ်တာနဲ့ အိပ်မှတ်တာက တစ်ခုက ဝီရိယကို လွန်လွန်ကဲကဲဖြစ်စေရပြီး တစ်ခုကတော့ ဝီရိယက မပါသလောက်ဖြစ်တာနဲ့ ဒီဣရိယာပုထ်နှစ်ခုကို တရားအားထုတ်ရာမှာ အဓိကဣရိယာပုထ်အဖြစ် မညွှန်ပြကြပါဘူး။
အိပ်မှတ်က ခဏနဲ့ အိပ်ပျော်သွားနိုင်သလို ကြာရှည်ရပ်မှတ်က မူးဝေလာပြီးသကာလ လဲမကျဖို့ ထိန်းနေရတာနဲ့တင် အမှတ်ဆီ စိတ်မရောက်နိုင်တဲ့အတွက်ကြောင့်ပါ။
လုံးဝ မမှတ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ရပ်စရာကြုံရင်မှတ်၊အိပ်စရာရှိလို့ အိပ်ရတဲ့အခါမျိုးမှာတော့ မှတ်ပေါ့။
ဒါမှလဲ ဘယ်ဣရိယာပုထ်နဲ့နေနေ အမှတ်က မလွတ်မှာကိုး။
မဟာစည်နည်းအရ တစ်နာရီထိုင် တစ်နာရီ စင်္ကြန်လျှောက်မှတ်လို့ ချမှတ်ထားတာက ဒီထဲကစာအရ သမာဓိနဲ့ဝီရိယ ညီမျှနေစေဖို့အတွက်ပါ။
ဒီဣရိယာပုထ်နှစ်ခုကတော့ စင်္ကြန်က ဝီရိယကို အားကောင်းစေတဲ့မှတ်နည်းဖြစ်သလို ထိုင်မှတ်တာကတော့ သမာဓိကို အားကောင်းစေတဲ့မှတ်နည်းမို့ပါ။
သူတို့နှစ်ခုမှာ တစ်ခုက ဝီရိယပိုတဲ့မှတ်နည်းဆိုသော်ငြား အတော့်အတန်ဆိုက လွန်တဲ့အထိ ဖြစ်မသွားဘူးပေါ့၊နှေးနှေးလျှောက်မှတ်စေတာဟာ ထိန်းပေးတဲ့သဘောပါပဲ၊
နှေးမှ သမာဓိကလဲ ဝင်အလုပ်လုပ်ခွင့်သာမှာကိုး။
တခါ ထိုင်မှတ်တာကျတော့လဲ သမာဓိအားကောင်းစေတဲ့မှတ်နည်းဆိုသော်ငြား ခန္ဓာကိုယ်ကို ပြုတ်ကျမသွားအောင် မတ်မတ်ထားပြီး မှတ်ရတာဆိုတော့ ဝီရိယကလဲ ဝင်အလုပ်လုပ်ခွင့် ရနေပါတယ်။
ဒီနည်းအားဖြင့် ဘုရားက သမာဓိနဲ့ဝီရိယကို ညီနေအောင် ထိန်းညှိစေတာပါ။
ဘယ်လိုနေနေ မှတ်လို့ရတယ်ဆိုပေမယ့် တရားထိုင်တဲ့အခါ ခန္ဓာကိုယ်ကို မတ်မတ်ထားပါဆိုတာ အလကားပြောထားတာမဟုတ်ဘူးရယ်။
ခန္ဓာကိုယ်ကို မတ်နေအောင် ထိန်းပေးရတဲ့ ဝီရိယပါနေမှသာ အိပ်မငိုက်မှာဖြစ်သလို အထက်အောက် သွေးလေလျှောက်ရာမှာ ချောမွေ့စေတာမို့ ဦးနှောက်သေးရောက်ကာ ကြည်လင်ပြတ်သားစွာ မှတ်နိုင်မှာပါ။
တကယ်လဲ တရားမှတ်နေစဉ် အဲ့သလိုဖြစ်စဉ်ကို မြင်လာရတာပါပဲ။
ထားတော့
ဆက်ပြောရရင် အထက်ကပြောခဲ့တဲ့ အိပ်ကမ္မဋ္ဌာန်းဆိုတာနဲ့စပ်ပြီး အိပ်ပြီးတော့မှတ်က ခဏနဲ့ အိပ်ပျော်သွားတတ်တယ်ဆိုတာလေးပါ။အိပ်ဆေးမလိုဘူးပေါ့။
သေလုမြောပါးကာလတို့ ရောဂါတွေဘာတွေရလို့ အိပ်ယာထဲပက်လက် နေရတဲ့အခါ ဒီကမ္မဋ္ဌာန်းက အလေ့အကျင့် ကြိုလုပ်ထားက အတော်
အသုံးကျတာပါပဲ။
ညည အိပ်ယာဝင်ချိန် လေ့ကျင့်ပေးထားက မခက်လှဘူးရယ်။
ခဏနဲ့အိပ်ပျော် ခဏနဲ့အိပ်ရေးဝ အိပ်ရာထလဲ ခေါင်းကြည်စေပါတယ်။

17/12/2025

Experienced ယောဂီဖြစ်ဖို့
*************************
ဒါလေးကတော့ တောစခန်းမှာနေစဉ်က ကြုံတွေ့ခဲ့ရတာလေးပါ။
နိုင်ငံခြားသား အထူးတရားစခန်းပွဲ အမျိုးသားဓမ္မာရုံမှာ အမျိုးသားယောဂီတွေကို ထိမ်းသိမ်းရတော့ တနေ့ကျ ဟောင်ကောင်က ယောဂီတစ်ယောက်က လာလျှောက်ပါတယ်"သူ့ကို နေရာပြောင်းခွင့်ပေးဖို့၊ဟိုး အနောက်မှာ သီးခြားသွားထိုင်ချင်ပါရစေပေါ့"ဆိုပြီး။
ဒါနဲ့ "ယောဂီက ဘာဖြစ်လို့ နေရာပြောင်းချင်ရတာလဲ"လို့ မေးတဲ့အခါ "ဒီပန်ကာလည်သံနဲ့ နာရီလက်တံသံ တချက်ချက်က သူ့အတွက် အနှောင့်အယှက်ဖြစ်လို့ပါ"တဲ့။
ဒီတော့ ပြောပြရတယ်"အဲ့ဒီအတွက်နဲ့တော့ နေရာပြောင်းပေးလို့ မရပါဘူး၊နိုင်အောင် ကြိုးစားမှတ်ပေးပါ၊ယောဂီကို နေရာပြောင်းပေးရင် တခြားယောဂီတွေကလဲ ယောဂီနည်းတူ တောင်းဆိုလာကြလိမ့်မယ်၊အဲ့ဒါဆို ဟိုတကွက်ဒီတကွက်နဲ့ အကုန်ခက်ကုန်လိမ့်မယ်"လို့ ။
ဒီအခါ သူက "ဆာဓု ဆာဓု"ပါပေါ့။
ကိုယ်ကလဲ ဒီပြဿနာ ဒီမှာတင် ပြီးပြီပေါ့ဆိုကာ ဝမ်းပန်းတသာ။
ဘယ်ဟုတ်မလဲ၊အဲ့ဒါ နေ့လည်ကျ ထဖောက်ပါရော။
ဆွမ်းစားချိန်ကျ ဆွမ်းစားနေရင်း ယောဂီတွေဖက် မသိမသာ အကဲလိုက်ကြည့်တဲ့အခါ အဲ့ဒီယောဂီက ထမင်းကို ခပ်သုတ်သုတ်စားကာ အစောကြီး ထသွားတာကို တွေ့လိုက်ရတယ်။
ဒါနဲ့ပဲ မသင်္ကာတာနဲ့ ကိုယ်လဲ ခပ်မြန်မြန် ဆွမ်းအဆုံးသတ်ကာ နောက်က လိုက်သွားပါတယ်။
အဲ့ဒီမှာ တွေ့လိုက်ရတာက ပုဆိုးကို ခါးတောင်းကြိုက်ကာ ဓမ္မာရုံတိုင်ကြီးကို ဖက်တက်ပြီး ပန်ကာကိုဖြုတ်ဖို့ လုပ်နေတာပါပဲ။
ဒါနဲ့ပဲ "ဟေ့..ယောဂီ အဲ့ဒါ ဘာလုပ်နေတာလဲ၊ပြန်ဆင်းပါ"ဆိုတော့ "သူ လုံးဝ သီးမခံနိုင်တော့လို့ပါ၊ဘယ်လိုမှ မှတ်လို့မရဘူး၊နားထဲကို ဒုန်း ဒုန်း ဒုန်းဆိုပြီး တူနဲ့ထုသလို ဖြစ်နေလို့ပါ"တဲ့။
ဒါနဲ့ "ဟ..တခြားယောဂီတွေလဲ ဒီလိုမှတ်နေတာပဲ၊မင်းလဲ ရအောင်
မှတ်ပေါ့ကွ၊အခုဖြစ်နေတာက မင်းတစ်ယောက်တည်း ဖြစ်နေတာကွ"ဆိုတော့ "သူတို့က Experiencedယောဂီတွေ မှတ်နိုင်မှာပေါ့"လို့ ပြန်ပြောပါတယ်။
ဒါနဲ့ပဲ "ယောဂီလို့ မင်းကို မနှစ်ကလဲ လာအားထုတ်တာ ငါတွေ့လိုက်ရတယ်၊အခု ဒီနှစ်ရောပဲ၊တကယ်ဆို မင်းသာ ပေါ်လာသမျှကို မှတ်စရာပဲလို့ သဘောထားကာ သီးခံမှတ်ပေးမယ်ဆိုက အခုချိန်ဆို မင်းလဲ သူတို့လို Experiencedယောဂီ ဖြစ်နေလောက်ပြီ၊အခုကျ အဲ့သလို သီးခံမမှတ်ခဲ့တော့ ဘာExperiencedယောဂီမှ ဖြစ်မလာခဲ့ဘူး၊ဒီအတိုင်းသာ သီးခံမှတ်မပေးရင် မင်းဘဝ ဘယ်တော့မှ Experiensedယောဂီလဲ ဖြစ်လာမှာမဟုတ်တော့ဘူး၊ကြုံလာသမျှကို သီးခံမှတ်ပေးမှ Experiencedယောဂီ ဖြစ်လာမှာပေါ့"လို့ ပြောလိုက်ရတယ်။
အဲ့ဒီတော့မှ "သူ နားလည်သဘောပေါက်ပါပြီ၊ဆာဓု ဆာဓုပါ၊ကျေးဇူးတင်ပါတယ်"လို့ ဖြစ်သွားတော့တာ။
ပြောချင်တာက ကြုံလာသမျှကို အတွေ့ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် စိတ်ပျက်စိတ်ဆိုးစရာစသည်ပဲဖြစ်ဖြစ် ဘာပဲပေါ်လာလာ မှတ်စရာမျှလို့ သဘောထားကာ မှတ်ပေးတဲ့အကျင့် လုပ်ပေးမှ ယောဂီရင့် ဖြစ်လာမှာပါ။
အဲ့သလိုမှမဟုတ်ရင်တော့ ရိပ်သာဝင်တဲ့အခေါက်ရေသာများသွားမယ် ဘာအသိဉာဏ်ရင့်ကျက်တဲ့ယောဂီမှ ဖြစ်လာမှာမဟုတ်ဘူးရယ်။
အခက်အခဲလေးကြုံလာလိုက် ပြင်ချင်သလို ပြန်ချင်သလို ရွစိရွစိလုပ်လိုက်ဆို ကြာလာက တရားကြောက်ရောဂါပါ ဝင်လာတတ်ပါတယ်။
အဲ့ဒီအချိန် အဲ့ဒီအခြေအနေရောက်မှာကို ကြောက်လာတော့တာပါ။
ကျော်လွှားနိုင်အောင်မှ မကြိုးစားတာကိုး။
မကြိုးစားတော့ ဘာတရားအရသာမှလဲ မတွေ့၊တရားအရသာ မတွေ့ဖူးတော့ "ဟာကွာ တရားထိုင်ရတာ ခါးညောင်းတာ အိပ်ရေးပျက်တာ အဖတ်တင်ပါတယ်ကွာ"ဆိုတာတွေဖြစ်လာကာ တရားနဲ့က ကြာလေဝေးလေဖြစ်လာတော့တာပါ။
ဒီမှာတင်ပဲ တဘဝစာမက နစ်နာကုန်တော့တာပဲပေါ့။

17/12/2025

ပသန္နစိတ္တ ဖြစ်ပါမှ
******************
ဒီနေ့ ညောင်ပင်ရွာသို့ သာသနာ့နောင်တော်ကြီးဦးအဂ္ဂရဲ့ ဖခမည်းတော်ရက်လည် ကြွဖြစ်ခဲ့ပါတယ်။
အဲ့ဒီမှာ ရွှေသံလျင်ဆရာတော်က တရားပေးတော့ "ရဟန်းခမည်းတော်မယ်တော်တွေ ကမ္ဘာနဲ့ချီကာ အပါယ်မကျတတ်ပုံကို "မူလပဏ္ဏာသအဋ္ဌကထာစကား အကိုးပြကာ ဟောပြသွားပါတယ်။
ဘာ့ကြောင့်အပါယ်မကျတာလဲဆိုရင် ပသန္နစိတ္တကြောင့်ပါတဲ့။
သီဟိုဠ်လာ စာချဆရာတော်တစ်ပါးဝတ္ထုကြောင်းလေးနဲ့ပေါ့။
ပသန္နစိတ္တဆိုတာ ကြည်လင်ဝမ်းမြောက်တဲ့စိတ်ပါပဲ။
ကိုယ်မကြာခဏ ပြောခဲ့ဖူးသလိုပဲ၊ကိုယ့်သားရဟန်းရှိတဲ့ ခမည်းတော်
မယ်တော်တွေဆိုတာ သားရဟန်းကိုအကြောင်းပြုကာ စိတ်က မကြာမကြာ ကျောင်းကန်ဘုရားဖက် စိတ်ရောက်နေတတ်ပါတယ်။
ပြီးတော့ ကိုယ့်သားရဟန်းရဲ့ သာသနာပြုကုသိုလ်တွေကိုလဲ ဝမ်းမြောက်နေတတ်ပါတယ်။
ဒီစိတ်ကပဲ ရဟန်းခမည်းတော်မယ်တော်တွေကို အပါယ်မကျအောင် ကယ်မ,ပေးကြတာပါ။
စောစောကပြောတဲ့ ပသန္နစိတ္တ-ကြည်လင်ဝမ်းမြောက်တဲ့စိတ်ဆိုတာပဲပေါ့။
ဒီ့အတူပါပဲ၊ကိုယ့်ရဲ့ ရင်နှစ်သီးခြာ သားရတနာမဟုတ်သော်ငြား ရဟန်းခံထားပြီးသကာလ ရဟန်းဒကာဒကာမအဖြစ် ခံယူထားကြသူတွေမှာလည်း သားအရင်းနှင့်မခြား စိတ်ကထားပြီး "ကိုယ့်သားရဟန်းရှိတယ်အမှတ်နဲ့"စိတ်က အမြဲသတိရ,ကျောင်းမကြာခဏ စိတ်ရောက်ကာ ကြည်လင်ရွှင်ပြ ဝမ်းသာနေကြရင်ဖြင့် သူလဲပဲ ကမ္ဘာနဲ့ချီကာ အပါယ်မကျတဲ့အထဲ ပါမှာပါပဲ။
အခုခေတ် အောက်ပိုင်းမှာ ခေတ်စားနေတဲ့ ရဟန်းခံကံထပ်တွေလို တခါခံပြီးရော "သူကလဲ ကိုယ့်ရဟန်းမှန်းမသိ၊ဟိုကလဲ ရဟန်းဒကာဒကာမမှန်းကိုမသိ"ဆိုတာမျိုး ပွဲပြီးမီးသေ မေ့မေ့ပျောက်ပျောက်မျိုးဆိုရင်တော့ ဒီကြည်လင်တဲ့စိတ်က စွဲစွဲမြဲမြဲတည်ဖို့ ခက်တာပါပဲ။
သူ့ဟာက ပေါ်ပင်လို အလုပ်မျိုးကိုး။
တကယ် သားအရင်းအခြာလိုစိတ်ပေါက်ကာ ကြည်လင်ဝမ်းမြောက်တဲ့စိတ် ထားနိုင်ရင်ကတော့ အပါယ်မကျတဲ့အထဲ ပါကြမှာပဲပေါ့။

13/11/2025

ကျဲနေက အကျယ်ကစ
**********************
ဒီနည်းလမ်းကတော့ ပထဝီကသိုဏ်း ရှု့မှတ်ရာမှာ ပေးထားချက်ဖြစ်တဲ့ ရှု့ကွက်ကို နမူနာယူကာ ယောဂီဘဝတုန်းက လက်တွေ့အားထုတ်
ကြည့်ဖြစ်တဲ့နည်းလေးပါ။
ပထဝီကသိုဏ်း ရှ့တဲ့ပုဂ္ဂိုလ်ဟာ သမာဓိကျဲသူဆိုက ရှု့ကွက်မြေဝိုင်းကို တလင်းပြင်လောက် အကျယ်အဝန်းသတ်မှတ်ကာ စတင်ရှု့ရပါတယ်။
ဒီလိုပေးခြင်းက ဟိုဟိုဒီဒီ ပြေးလွှားကာ ပြန့်ကျဲနေတတ်တဲ့စိတ်ကို မျက်စိတဆုံးပမာဏလောက်အထိ ပြေးခွင့်ပေးပြီးမှ တဖြည်းဖြည်းချင်းနဲ့ ပြန်ချုပ်ယူတဲ့နည်းပါ။
နွားပေါက်စကို ကြိုးရှည်ရှည်နဲ့လှန်ကာ ပြေးခွင့်ပေးထားပြီးမှ ချုပ်ယူနည်းလိုပ။
အဲ မူလကတည်းက သမာဓိကောင်းသူကျ စကောပမာဏ မြေဝိုင်းလေးသတ်မှတ်ကာ ပထဝီကသိုဏ်းကို စရှု့ဖို့ ရှု့ကွက်ပေးထားပါတယ်။
ဒီရှု့နည်းက သမထအရာမှာ ပေးထားတာပေမယ့် ဝိပဿနာဆိုင်ရာမှာလဲ အသုံးတည့်လှတာ တွေ့ရပါတယ်။
အာရုံတွေများ ,စိတ်တွေများလို့ပဲဖြစ်ဖြစ် ၊စိတ်နဲ့ကိုယ် မကပ်နိုင်
လောက်အောင် အလုပ်ရှုတ်နေလို့ဖြစ်ဖြစ် ၊ရောဂါဝေဒနာ ဖိစီးလာလို့ပဲဖြစ်ဖြစ် စိတ်ကို တနေရာတည်း စုစည်းကာ ရှု့မှတ်လို့ မရနိုင်လောက်တဲ့အခါမျိုးမှာ ဒီလိုနည်းမျိုးနဲ့ပြန်စမှ အလုပ်ဖြစ်တတ်ပါတယ်။
ဘာမှတ်မယ်လို့ ပင်တိုင်မသတ်မှတ်တော့ပဲ စိတ်ကို ခန္ဓာကိုယ်အနှံ့ပို့ကြည့်ကာ စိတ်ထဲ ထင်ရှားပေါ်လာသမျှကိုပဲ အလိုက်သင့် မှတ်ပေးလိုက်ခြင်းပါ။
မှတ်နေကျပင်တိုင်တခုတည်းမှာ စိတ်ကို ဆွဲကပ်လိုက်က သူက ကြာရှည်မတည်နိုင်တာမို့ သူ့ကို ရှု့ကွက်အကျယ် ပေးလိုက်တဲ့သဘောပါပဲ။
ဒီနည်းက စိတ္တာနုပဿနာပိုင်းရောက်တဲ့အခါတွေမှာလဲ အတော်အသုံးတည့်ပါတယ်။
နဂိုက အားထုတ်ဖူးပြီးသားယောဂီတွေ တရားအလုပ်နဲ့ အဆက်ပြတ်တာကြာလို့ ပြန်စတဲ့အခါမျိုးတွေမှာလဲ မြန်မြန်သမာဓိရလာစေပါတယ်။
အိမ်နေရင်း အားထုတ်လိုကြတဲ့ ယောဂီအဟောင်းတွေအတွက်
အကောင်းဆုံးနည်းလည်း ဖြစ်ပါတယ်။
တနေကုန် အလုပ်တွေနဲ့ အချိန်ကုန်စိတ်ရှုတ်နေရတော့ တခါတည်း အာရုံတခုအပေါ်မှာ စိတ်ကိုထားနိုင်ဖို့က မလွယ်ပဲကိုး။
နောက်ပြီး ညည အိပ်မပျော်ကြတဲ့သူတွေအတွက်လဲ ဒီနည်းက ကောင်းလှပါတယ်။
အိပ်ရာပေါ် အသာလှဲပြီး ခေါင်းကနေ ခြေဖျားအထိ စိတ်ပို့ကာ ပေါ်သမျှ အကုန်လျှောက်လိုက်ကြည့်ပေးက ခဏနဲ့ အိပ်ပျော်သွားသလို မနက်အိပ်ရာထကျရင်လဲ ကြည်ကြည်လင်လင် ဖြစ်နေစေပါတယ်။

13/11/2025

မေတ္တာနဲ့စပ်သမျှ
****************
ငယ်ငယ်က ဂန္ဓာရုံနံနက်ခင်းဩဝါဒမှာ မေတ္တာနဲ့စပ်ကာ ဘုန်းကြီးကုဏ်က ရှင်းပြပါတယ်။
မေတ္တာပို့ရာမှာ ဩဒိဿမေတ္တာနဲ့အနောဒိဿမေတ္တာဆိုပြီး နှစ်မျိုးရှိကြောင်း။
ဩဒိဿမေတ္တာဆိုတာ ဘယ်သူဘယ်ဝါလို့ ရည်စူးကာ ပို့ရတဲ့မေတ္တာဖြစ်ပြီး အနောဒိဿမေတ္တာဆိုတာကတော့ ဘယ်သူဘယ်ဝါရယ်လို့ မရည်စူးပဲ အားလုံးကို ခြုံငုံပို့တဲ့မေတ္တာဖြစ်တယ်ဆိုပြီးတော့ပါ။
ရည်စူးပို့တယ်ဆိုတာက "မိဘတွေ ကျန်းမာပါစေ၊ဆရာသမားတွေ ကျန်းမာပါစေ"စသည်ဖြင့် ကိုယ်ပို့လိုရာကို အမည်တပ်ကာ ရည်စူးပို့တာမျိုးပါ။
မည်သူမည်ဝါရယ်လို့ မရည်စူးပဲပို့တဲ့မေတ္တာဆိုတာကတော့ "လုံးစုံများစွာ,သတ္တဝါ,ချမ်းသာကိုယ်စိတ် မြဲပါစေ"ဆိုတာလိုမျိုး အကုန်ခြုံငုံကာပို့တဲ့မေတ္တာမျိုးပါပဲ။
ဒီနှစ်မျိုးထဲမှာ ဩဒိဿမေတ္တာကတော့ ပို့သူရော အပို့ခံရသူပါ အကျိုးခံစားရစေတဲ့ မေတ္တာပို့နည်းပါ။
ဘာ့ကြောင့်ဆို ကံချင်း ဆက်သွယ်မှု့ရှိတာကြောင့်မို့လို့ပါ။
ဒါကို လိပ်မကြီးဥပမာပေးကာ ပြောပြပါတယ်။
ပင်လယ်လိပ်မကြီးတွေဟာ ဥဥဖို့ အချိန်ကျလာပြီဆိုရင် သဲသောင်ပြင်ပေါ်တက် ကျင်းတူးကာ ဥထားခဲ့ကြပါတယ်။
ဥ ,ဥပြီးတာနဲ့ ကြက်များလို ဝပ်မနေတော့ပဲ ရောက်ရာပေါက်ရာ ပင်လယ်ထဲ လျှောက်သွားနေတော့တာပါ၊သူ့ဥရှိရာ ပြန်မလာတော့ပါဘူး။
ဒါပေမယ့် သူ့စိတ်ကတော့ သူ့ဥလေးတွေ အကောင်ပေါက်လာစေဖို့ မေတ္တာစိတ်လေးကတော့ ရှိနေတာပါပဲတဲ့။
ဒီမေတ္တာစိတ်ကြောင့်ပဲ လိပ်ဥလေးတွေဟာ အချိန်ကျက အကောင်အဖြစ်နဲ့ ပေါက်ဖွားလာရပါတယ်တဲ့။
အဲ အကယ်၍များ လိပ်မကြီးဟာ အန္တရာယ်တခုခုကျရောက်လို့ သေသွားပြီဆိုပါက အဲ့ဒီလိပ်ဥလေးတွေဟာ အကောင်အဖြစ်နဲ့ ပေါက်ဖွားမလာနိုင်တော့ပဲ ပုပ်ပွသွားကြပါတော့သတဲ့၊
ဒါဟာ ဘာ့ကြောင့်လဲဆိုရင် လိပ်မကြီးရဲ့မေတ္တာ မရတော့လို့ပါတဲ့။
ဒါက ဘာကိုပြောချင်တာလဲဆိုတော့ မေတ္တာဆိုတဲ့အရာက ပကတိမျက်စိနဲ့ မမြင်ရပေမယ့် စွမ်းအားသတ္တိ အပြည့်ရှိတယ်လို့ ဆိုလိုတာပါ။
ဒီ့အတွက် ကိုယ်နု့ဆိုင်ရာ ဒကာဒကာမတွေကို ဩဒိဿမေတ္တာ ပို့ပေးကြဖို့ ဆရာတော်က ဆုံးမတော်မူတာပါ။
ဒီမေတ္တာမျိုးက ပို့တဲ့သူကိုယ်တိုင်လဲ စိတ်အေးချမ်းမှု့ရစေသလို အပို့ခံရတဲ့သူမှာလဲ မေတ္တာကိုခံယူတတ်က ကောင်းကျိုးချမ်းသာရခြင်းစတဲ့ အကျိုးသက်ရောက်မှု့ တွေ ရရှိစေတာမို့ နှစ်ဖက်ရမေတ္တာလို့ ဆိုရမှာပါပဲ။
အဲ အနောဒိဿမေတ္တာဆိုတာကျတော့ ..သူက ဒီကနေသာ "ကမ္ဘာသူကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ"ဆိုပြီး မေတ္တာပို့နေတာ အခြားတဖက်မှာက စစ်ပွဲတွေဖြစ်လို့ သေသူသေ,သဘာဝဘေးကြောင့် သေသူသေနဲ့ ဒုက္ခဖြစ်နေကြတာ၊ကံချင်း ဆက်သွယ်မှု့မှ မရှိတာကိုး။
ဒီမေတ္တာမျိုးကတော့ ကိုယ့်အတွက် စိတ်အေးချမ်းသာ ရဖို့,စိတ်ငြိမ်းချမ်းဖို့ရာအတွက်ပဲ အဓိကထား ပို့ရသလိုဖြစ်စေတာမို့ တဖက်ရမေတ္တာမျိုးပါပဲ။
တဖက်က ရ,မရတော့ မသေချာဘူးပေါ့။
ဒီမေတ္တာမျိုးကလဲ ကိုယ့်ရဲ့ စိတ်ကလေး ငြိမ်းအေးချမ်းသာရှိစေဖို့ ပို့ဖို့လိုတာပါပဲ။တဖက်က ကိုယ်ပို့သလို ဖြစ်,မဖြစ်ကတော့ က္မဿကာလို့ပဲ ဆိုရမှာပေါ့။

12/11/2025

ရွှေဘုံပေါ်မှာ စံရလဲ
******************
"ရွှေဘုံပေါ်မှာ,စံရလဲ,တရားမသိရင် ရင်လေးဖွယ်၊
တဲကုတ်ထဲမှာ နေရလဲ,တရားသိရင်,ရင်အေးဖွယ်၊
နေရေး သေရေး,အစဉ်တွေးလို့,ရင်အေးအောင် ကြံကြစေလိုတယ်,
မြင်ရာမှာ ငါမလုပ်နဲ့,နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှု့ရမယ်၊
ကြားရာမှာ ငါမလုပနဲ့,နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှု့ရမယ်။
နံရာမှာ ငါမလုပ်နဲ့ ,နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှု့ရမယ်။
စားရာမှာ ငါမလုပ်နဲ့,နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှု့ရမယ် "စသည်ဖြင့်
မြင် ကြား နံ စား ထိ သိ ဆိုတဲ့ဒွါရခြောက်ပါးက ပေါ်လာသမျှအပေါ်မှာ ငါ ငါ့ဥစ္စာစသည်လို့ မယူစွဲပဲ "နာမ်နဲ့ရုပ် အလုပ်လုပ်နေကြတာပဲ၊ဒီနာမ်ရုပ်နှစ်ပါးကလည်း အမြဲမပြတ် ဖြစ်ပျက်နေတာပဲ"လို့ ဉာဏ်နဲ့ထင်ထင် ရှု့မြင်နိုင်က သေရေး စိတ်အေးရတာမို့ တဲကုတ်ထဲမှာနေရလဲ ပူလောင်နေရတာမျိုး မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
ငယ်ငယ်က ကြားခဲ့ဖူးတဲ့ အရှင်ဥတ္တမကျော်ရဲ့ တရားလေးပေါ့။
တရားလေးကတော့ အတော်ကောင်းသားပါပဲ။
ဒွါရခြောက်ပါးက ပေါ်လာသမျှနဲ့စပ်ကာ "ရုပ်တွေရဲ့ ဖောက်ပြန်မှု့မျှ,နာမ်တရားတွေရဲ့ တွေးကြံမှု့မျှပဲ၊ဒီအထဲမှာ ဘာငါမှမပါဘူး"လို့ ဉာဏ်နဲ့မြင်အောင် ရှု့သိနေနိုင်က ဘယ်သေရမှာ ကြောက်တော့မလဲ။
မကြောက်ဆို သေတယ်ဆိုတာလဲ ဒီဘဝဖြစ်ရမည့် ဒီရုပ်ဒီနာမ်နှစ်ခု တခဏမျှ ပြတ်ဆဲသွားချင်းမျှပဲလို့ သဘောပေါက်နေတော့ ဘယ်ကြောက်တော့မလဲ၊သူ့ဟာက ထူးမှမထူးဆန်းတော့တာ။
ဒီလိုသဘောမပေါက်လို့သာ သေရမှာ ကြောက်နေကြတာကိုး။
တရားသိရင် ရင်အေးဖွယ်ဆိုတာ ဒါပြောတာပါ။
အဲ့သလိုဖြစ်လာအောင် ကြိုးစားထားဖို့တော့ လိုသပေါ့။
တရားတော်တွေကတော့ ကောင်းပြီးသားချည်းပါ၊မလုပ်နိုင် မကျင့်သုံးနိုင်တာကပဲ ခက်နေတာရယ်။

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when သာသနာ့အလင်းဆောင်ရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share