01/08/2023
သာသနာတော်နှစ် ၂၅၆၇-ခုနှစ်
ဂေါဇာသက္ကရာဇ် ၁၃၈၅-ခုနှစ်
ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့ထူးနေ့မြတ်မှာ
လှည်းကူးမြို့ ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာ ၌ ဥပုသ်သီတင်းသည်များ၊ ယောဂီများ
လာရောက် တရားဘာဝနာလာရောက်အားထုတ်ကြပုံရိပ်မှတ်တမ်း။
တရားရဖွယ် အခွင့်ကောင်းလေးသွယ်
=========================
တစ်လောက ဆွမ်းစားပင့်လို့ ဒကာတစ်ဦးအိမ်မှာ
ဆွမ်းစားပြီး ဒကာက သိချင်တာလေးလျှောက်ထားပါရစေဆိုပြီး လျှောက်ထားလေသည်၊တပည့်တော်တို့ ဗုဒ္ဓဘာသာဖြစ်ရတာ ကံကောင်းပါသလားတဲ့
အလွယ်ဖြေရရင်တော့ ကံကောင်းပါတယ်လို့ပဲ ဖြေရမှာပါပဲ၊ သို့သော် ဗုဒ္ဓဘာသာဖြစ်တိုင်းတော့ ကံမကောင်းပါဘူးလို့ ဖြေဆိုခဲ့ရတယ်။ ဗုဒ္ဓဘာသာမဟုတ်သော်လည်း ဗုဒ္ဓရဲ့အဆုံးအမကိုကျင့်သုံးနေရင် ကံကောင်းတယ်လို့ဆိုရပါမယ်။ ဗုဒ္ဓဘာသာများအဖို့ အခြားသော ဘာသာများထက်စာလျှင် အခွင့်ကောင်း ၄ မျိုး ပိုရနိုင်တယ်လို့ဆိုချင်ဆိုနိုင်ပါတယ်။
၁။ ဗုဒ္ဓုပ္ပါဒခဏော=ဘုရားပွင့်တော်မူသောအခါဖြစ်၍ သာသနာတော်ကြီးနှင့် ယနေ့တွေ့ကြုံရခြင်းဟူသော အခွင့်အခါကောင်း။
၂။ မဇ္ဈိမဒေသဥပ္ပတ္တိခဏော=သာသနာထွန်းကားသောအရပ်ဒေသ၌ လူဖြစ်ရခြင်းဟူသော အခွင့်အခါကောင်း။
၃။ သမ္မာဒိဋ္ဌိယာပဋိလဒ္ဓခဏော= အယူကောင်းအယူမှန် အမြင်ကောင်းအမြင်မှန် ရရှိနေခြင်းဟူသော အခွင့်အခါကောင်း။
၄။ ဆန္နံအာယတနာနံ အဝေကလ္လခဏော= မျက်စိ,နား,နှာ.လျာ,ကိုယ်,စိတ် တည်းဟူးသောအကြည်ဓာတ် ၆ပါး မချို့တဲ့ပဲ ပြည့်စုံနေခြင်းဟူသော အခွင့်အခါကောင်း ဟူ၍ တရားထူးတရားမြတ်ရနိုင်သော အခွင့်အခါကောင်း ( ၄ ) မျိုး ရနိုင်ကြောင်း ဓမ္မပဒ အဋ္ဌကထာမှာ ပြဆိုထားသည်။
ဒီအခွင့်ရေးများရနိုင်တဲ့ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို
ကံကောင်းနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
{ဆောင်} ဘုရားပွင့်လာ၊သာသနာ၊တွေ့တာခွင့်ကောင်းဖြစ်ပေသည်။
သာသနာထွန်းပါ၊အရပ်မှာ၊နေတာခွင့်ကောင်းဖြစ်ပေသည်။
အယူကောင်းရှိတာ၊မိမိမှာ၊ မှန်စွာခွင့်ကောင်းဖြစ်ပေသည်။
အကြည်ဓာတ်ခြောက်ဖြာ၊ပြည့်စုံတာ၊မှန်စွာ ခွင့်ကောင်းဖြစ်ပေသည်။
အခွင့်အခါကောင်းကို လက်မလွတ်တမ်းကျင့်သုံးနိုင်ကြ၍ ၊ကံကောင်းသူများဖြစ်နိုင်ကြပါစေကြောင်း
ဆန္ဒဖြင့်----------------
ရွှေတောင်ကုန်းအရှင်
၁-၈-၂၀၂၃/ သြဂုတ်