14/03/2024
အများစုက ဒါနနဲ့တင် ကျေနပ်ကြသလို ဒါနလုပ်နိုင်ရင်ဘဲ အပါယ်မကျတော့သလိုလို သီလစောင့်ယုံ ပုတီးစိတ်ယုံ ပဠာန်းပူဇော်ယုံနဲ့ဘဲ ဘဝမှာ ချမ်းသာဖို့ အခက်ခဲပြေလည်ဖို့ ကျန်းမာဖို့ အဓိကထားပြီး ကုသိူလ်ကောင်းမှုတွေ လုပ်ကြတဲ့သူ များပါတယ်။
ဝိပဿနာကုသိုလ်အတွက်ကြ မလုပ်နိုင်ကြဖူး။ လုပ်ရကောင်းမှန်း သိပေမယ့် မလုပ်ချင်ကြဖူး။ ဒီအလုပ်နဲ့ ဒီအလုပ်အကြောင်း နာယူလေ့လာဖို့ကြ တွန့်ဆုတ်ကြတယ်။ အပါယ်မကျဖို့ အရေးထက် ဒီတဘဝ ကောင်းစားရေးကိုဘဲ ဦးစားပေးချင်ကြတယ်။
ကိုယ်လဲ တချိန်က အဲ့အတိုင်းဘဲ။ သင်္ကြန်တွင်းလောက် အလုပ်နားရက်ရတုန်း ရိပ်သာ ၁၀ရက်လောက် ဝင်နိုင်ရင်ဘဲ ဘဝကူးကောင်းတော့မှာလိုလို နတ်ပြည်တက်တော့မှာလိုလိုဘဲ။ ၁၀ရက်လဲ ကျော်သွားရော အရင်လိုဘဲ မေ့လျော့သွားပြန်ရောနဲ့။
အလုပ်မလုပ်ရဘဲ အိမ်ရှင်မဘဝနဲ့ နေတဲ့အချိန်တချို့ကျ အိမ်အလုပ် အိမ်တာဝန်ပြီးချိန် ဘုရားလေးရှိခိုး ပုတီးလေးစိတ် ပဌာန်းလေးရွတ် စီးပွားတိုးတက်ဖို့ လိုအင်လေးတွေပြည့်ဖို့ စသဖြင့် အလိုဇောလေးတွေနဲ့ ဘုရားတရား လုပ်တယ်ပေါ့။
၂၀၁၆နောက်ပိုင်းမှ ဝိပဿနာ တရားကို တစိုက်မတ်မတ်လေ့လာနာယူသလို တရားလဲ ပိုထိုင် ပိုလုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သေခြင်းတရားကို မေ့လျော့ထားတုန်းဘဲ။ ကိုယ့်အတွက် သေခြင်းတရားဆိုတာ ဝေးနေတုန်းဘဲ။ စိတ်ငြိမ်းချမ်းချင်လို့ စိတ်အေးလို့ တရားထိုင်တယ်။ တရား ရချင်တယ်ဆိုတာ မပါဘူး။ တရားအလုပ်ပုံမှန်လုပ်ဖြစ်နေရင် အပါယ်မလားဘူးပေါ့ သူလိုကိုယ်လို ယုံကြည်ချက်ဘဲရှိတယ်။
၂၀၂၃ မေမေ ကွယ်လွန်ခြင်းဟာ ကိုယ့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေမှုတခုဆီ ရောက်စေခဲ့တယ်။
သေခြင်းတရားကို အနီးကပ် မြင်ခဲ့ရတဲ့ရိပ်သာဆေးရုံမှာ သေခါနီးလူနာအတွက် စုပေါင်းတရားထိုင်ဖြစ်ခဲ့တဲ့အခိုက်အတန့် နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေကြတဲ့ လူနာတွေကို အနီးကပ်မြင်ခွင့်ရပြီး သံဝေဂဉာဏ် အသိတရားရတယ်။ အဲ့နောက်ပိုင်းတရားပိုနာဖြစ်လာတယ်။
အခု သြဇီရောက်တဲ့အချိန် ...... တရားဟာ အလင်းတန်းတခုလို ကိုယ့်ကို ဆွဲခေါ်သွားခဲ့တယ်။ နေ့စဥ် နာယူကျင့်ကြံ အားထုတ်ဖြစ်တယ်။ အသိနဲ့ စွန့်တယ်။ အာရုံပေါ်လာတဲ့အပေါ် ဉာဏ်က လိုက်သိပြီး ဆုပ်ကိုင်မှုတွေကို လျော့လျော့လာဖို့ ကြိုးစားတယ်။
ကံနဲ့ ကံ၏ အကျိုးတရားတွေကို ပိုပြီး ယုံကြည်လာတယ်။
အရင်က တခါမှ မနာယူခဲ့ဖူးတဲ့ မဟာစည်ဆရာတော်ကြီး
မဟာဗောဓိမြိုင်ဆရာတော်ကြီး
သဲအင်းဂူဆရာတော်ကြီးများ
မိုးကုတ်ဆရာတော်ကြီး
ဖားအောက်ဆရာတော်ကြီး
မြေဇင်းတောရဆရာတော်ကြီး
သဘာဝဆရာတော်ကြီး
စတဲ့ အလုပ်ပေးတရားတွေ ဝိပဿနာတရားတွေ အကုန်နာဖြစ်ရင်း အချိန်တိုင်း တရားနဲ့ နေဖြစ်ရင်း.........
လွတ်မြောက်ရာနိဗ္ဗာန်ကို ဤဘဝ ဤခန္ဓာနဲ့တင် ရနိုင်ဖို့ ကြိုးစားအားထုတ်ရင် ရကို ရနိုင်မယ်ဆိုတဲ့ သဒ္ဓါတရားကိုမြှင့်တင်ရင်း ယုံကြည်ချက်က ပိုခိုင်မာလာတယ်။
အပ္ပမာဒေန သံဗ္ဗာဒေထ
မိမိကိုယ်သာ ကိုးကွယ်ရာအမှန်
ရတနာမွှန်း
၁၄ မတ် ၂၀၂၄