10/09/2015
သာသနာ့ အာဇာနည် ဆရာတော်ကြီး ဘဒ္ဒန္တ စန္ဒြမဏိ ၏ အတ္ထုပတ္တိအကျဉ်း
(အရင်ဆုံး အိန္ဒိယ နိုင်ငံဗုဒ္ဓဘာသာ သမိုင်း ကို အနည်းငယ်ရေးသားလို၏ )အားလုံးသိကြသည့်အတိုင်း ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် အိန္ဒိယ နိုင်ငံ မဇ္ဈိမဒေသ ၌ပွင့်တော်မူခဲ့၏ ၊ ထိုမဇ္ဈိမ၌ ဗုဒ္ဓသက်တော်ထင်ရှားရှိခဲ့စဉ်အချိန်က ဗုဒ္ဓသာသနာလွန်စွာစည်ကားပြန့်ပွားခဲ့၏ ၊ဗုဒ္ဓမြတ်စွာ မဟာပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက်၊ ဗုဒ္ဓမြတ်စွာ ထားရစ်တော်မူသော သာသနာတော်တည်းဟူသော ရေစီးကြောင်းသည် တစ်ဖြောင့်တည်းစီးဆင်းရန်ဖြစ်သော်လည်း ရံခါ ရှေ့ကပိတ်ဆို့ ခံရသဖြင့်တဖြောင့်တည်းစီးဆင်းရာမှ ကောက်ကောက်ကွေ့ကွေ့ စီးဆင်းခဲ့ရသည်လည်းရှိ၏ ရံခါရှေ့မှ လမ်းကြောင်းပြောင်းအောင်ကြိုးပမ်းမှု့
တို့ကြောင့်ထိုအတားအဆီးတို့ကို တအားနင်းကျော်ပြီး စီးဆင်းခဲ့ရသည်လည်းရှိ၏ ထိုသို့ သာသနာတော်ရေစီး၏ ကြုံတွေ့ခဲ့ရသော
အခက်အခဲ့နှင့်အတားအဆီး တို့ကို ကျော်ဖြတ်ရာ၌ အဓိကနည်းလမ်းတခုဖြစ်သော သင်္ဂါယနာတင်ခြင်းဖြင့် ဖြတ်ကျော်ခဲ့သည်၊
ထိုသင်္ဂါယနာတို့သည်ကား၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်ပြီးနောက် သုံးလအကြာ တွင် အရှင်မဟာကဿ ပ ဦးဆောင်ပြီး ရဟန္တာငါးရာတို့ဖြင့်
ပဌမ သင်္ဂါယနာတင်၍ လည်းကောင်း။ ထိုနောက်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး အနှစ်
၁၀၀ အကြာတွင် အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာ တို့သည်
ဒုတိယ သင်္ဂါယနာ တင်၍လည်းကောင်း၊ထို့နောက် အနှစ်၂၃၅ နှစ်အကြာတွင် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ဦးစီးသော ရဟန္တာမထေရ်တို့သည်တတိယ သင်္ဂါယနာ တင်၍ လည်းကောင်း၊ သင်္ဂါယနာ
တင်ပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿ နှင့် မင်းကြီး သီရိဓမ္မာသောက မင်းကြီးတို့စီစဉ်၍ ကိုးတိုင်းကိုးဌာန သို့သာသနာပြုရဟန်းများစေလွတ်၍ ဗုဒ္ဓမြတ်စွာ ထားရစ်ခဲ့သော သာသနာတော်ရေစီးကြောင်း အိန္ဒိယ ၌တွင် သာမက နောက်နိုင်ငံများစွာ တို့တွင်လည်း စီးဆင်းစေခဲ့သည်၊
ထို့နောက် အသောကဘုရင်နောက်ပိုင်း တွင် အိန္ဒိယနိုင်ငံ၌ ဘာသာခြားတို့၏
လွှမ်းမိုးမှုကြောင်း အိန္ဒိယ နိုင်ငံ၌ ဗုဒ္ဓသာသနာ တော်ရေစီးကြောင်း ကောင့်ကွေ့ (တဖြည်း၂ လုံးဝနီးပါး ကွယ်ပျောက်ခဲ့) စေခဲ့လေသည်၊
ဗုဒ္ဓသာသနာတော် သည်အိန္ဒိယ ၌နှစ်ပေါင်း တစ်ထောင်ခန့် တိမ်မြုတ်နေခဲ့ပြီး
၁၉ ရာစုများအတွင်းသို့ရောက်လာသောအခါ ပြန်လည်ပေါ်ထွန်းစပြုလာသည်
ထိုသို့ရာစုနှစ်ပေါင်းများစွာ ဗုဒ္ဓသာသနာ တိမ်မြုတ်နေခဲ့သော အိန္ဒိယ နိုင်ငံ၌
ဗုဒ္ဓသာသနာ ပြန်လည်ပေါ်ထွန်းလာစေရန် ဗုဒ္ဓဘာသာ နိုင်ငံအချို့ မှ ပုဂ္ဂိုလ်များနှင့် နောက်နိုင်ငံအချို့ မှ ပုဂ္ဂိုလ်များက ကြိုးပန်းဆောင်ရွက်လာခဲ့ကြ
သည်၊ ထိုသို့ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များတွင် အိန္ဒိယ အစိုးရ ရှေးဟောင်း
ကျောက်စာ ဌာနမှ ဝန်ကြီး ဆာအလက်ဇန္ဒားကန်နဂဟန်၊ အနာဂါရိက ဓမ္မပါလ၊စသည်တို့သည် ရှေ့တန်းမှ ဆောင်ရွက်သူများဖြစ်သကဲ့သို့
မြန်မာနိုင်ငံမှ ဆရာတော်ဘဒ္ဒန္တ စန္ဒြမဏိသည်လည်း ရှေ့တန်းမှ ဦးဆောင်
ဦးရွက်ပြုသူတစ်ဦးဖြစ်လေသည်၊
ကျေးဇူးတော်ရှင် ဆရာတော်ဦးစန္ဒြမဏိမဟာထေရ်မြတ်လောင်းလျှာကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော်
ဦးအောင်ကျော်နှင့် မယ်တော် ဒေါ်မိဝင်းယေ တို့မှ ၁၈၇၅ ခု၊မေလ ၂၅ ရက်နေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်၊ ငယ်နာမည်မှာ သာပန်းဦးဖြစ်ပြီး မွေးချင်း သုံးယောက်အနက် သားဦးရတနာ လည်းဖြစ်သည်
အသက် ၁၂ နှစ်အရွယ်တွင် စစ်တွေမြို့ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်
ကို ဥပဇ္ဈယ်ပြုလျက် ရှင်သာမဏေအဖြစ်သို့ဝင်ရောက်ခဲ့သည်၊ စစ်တွေ၊မော်လမြိုင်၊ မန္တလေး စသောမြို့များတွင်နာမည်ကျော် စာသင်တိုက်ကြီးများ၌ ပါဠိ ပိဋကတ်စာပေများကို လေ့လာသင်ကြားခဲ့သည်
သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ ရှင်သာမဏေဘဝ ဖြင့်ပင် အိန္ဒိယ နိုင်ငံသို့ရောက်ရှိခဲ့ပါသည်၊ ဆရာတော်သည် ဘင်္ဂလားဒေရှ်နိုင်ငံ၊ ပန်းဝါမြို့တွင်မြင့်မြတ်သော ရဟန်းအဖြစ် သို့ရောက်ရှိခဲ့ပါသည် ၊ ထို့နောက် အိန္ဒိယ နိုင်၌ အခြေချ နေထိုင်ကာ ပျောက်ကွယ်နေသာ မြတ်ဗုဒ္ဓသာသာနာတော်ကိုပြန်လည်ရှင်သန်လာအောင် အခက်ခဲပေါင်းများစွာကိုရင်ဆိုင်လျက် သံဝေဇနိယ ဌာနများတွင် ဗုဒ္ဓသာသနိက အဆောက်အဦးများ ဆောက်လုပ်၍ သာသနာပြုတော်မူခဲ့ပါသည်၊ ကုသိနာရုံဒေသ တွင်မူလတန်း ၊အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် ဗုဒ္ဓဒီဂရီကောလိပ် တို့ကိုလည်းကောင်း၊ အခမဲ့
ဆေးပေးခန်းများကိုလည်းကောင်း တည်ထောင်ဖွင့်လှစ်ပေးခဲ့သည်၊ ၄င်းအပြင် ဆရာတော်သည် ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာ တင်ပွဲသို့လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် နီပေါနိုင်ငံ၊ခေတ္တမန္ဒူ မြို့၌ကျင်းပခဲ့သည့် ကမ္ဘာဗုဒဘာသာ ညီလာခံသို့လည်းကောင်း၊ အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်
အဖြစ်တက်ရောက်ခဲ့ပါသည်၊
ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများစွာထဲမှ ထူးခြားသည့် သာသနာပြုလုပ်ဆောင်ချက်တခုမှာ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရားရေးရာဝန်ကြီး ဒေါက်တာ အမ္ဘေဒကာ ဦးဆောင်သည့် အိန္ဒိယ နိုင်ငံသား ၄ သိန်းကျော်တို့အား (Diksha bhumi, nagpur, maharashtra)မဟာရာစထရာပြည်နယ် ၊နာဂပူရ်မြို့ ၊ဒိက်ချာဘူမိ အရပ်၌ ဗုဒ္ဓဘာသာ အဖြစ်သို့ သွတ်သွင်း ချီးမြင့်ပေးခဲ့ခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့် ဆရာတော်သည် အိန္ဒိယ နှင့် နီပေါ နိုင်ငံတို့၌ ရာစုနှစ်ပေါင်းများစွာ
ပျောက်ကွယ်နေခဲ့သော မြတ်ဗုဒ္ဓ သာသနာတော်ပြန်လည်ရှင်သန်လာအောင်
ဆောင်ရွက်တော်မူရင်း ၁၉၇၂ ခု၊မေလ ၈ ရက်နေ့တွင်၊ ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူခဲ့သည့် ကုသိနာရုံ မလ္လာမင်း တို့၏ အင်ကြင်းဥယာဉ်တွင် တစ်ဘဝတာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။
ဆရာတော်ကြီး၏ ဘဝတသက်တာ အံ့ချီျးဖွယ်ရာ သာသနာပြု (ပရဟိတ)လုပ်ငန်းများမှာ အောက်ပါ အတိုင်းဖြစ်သည်။
*** ဗုဒ္ဓဘာသာ လုံးလုံးလျားလျား ကွယ်ပျောက်နေခဲ့သော မဇ္ဈိမဒေသ အိန္ဒိယ နိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘဝတစ်ခုလုံးကိုနှစ်မြုပ်ကာ သာသနာပြုတော်မူခဲ့သည်။
***ရတနာဂီရိတွင် သီပေါမင်းနှင့် အိန္ဒိယနိုင်ငံ၏ သာသနာရေးကိစ္စများကို
အကြိမ်ကြိမ် ဆွေးနွေးတော်မူခဲ့သည်။
***သံဝေဇနိယ ဌာနများတွင် အမြော်အမြင်ကြီးစွာဖြင့် မြန်မာဘုန်းတော်ကြီး
ကျောင်းများကို တည်ဆောက်တော်မူခဲ့သည်။
***ကုသိနာရုံ တွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်တို့ကို ဖွင့်
ပေးခဲ့ပြီး အခမဲ့ဆေးပေးခန်းများကိုလည်း ဖွင့်ပေးခဲ့သည်။
***ဓမ္မပဒ၊မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခနသုတ်၊ နှင့် သိဂိ င်္တိသုတ်တို့ကိုလည်းကောင်း၊ "သောရောဒယ နှင့် အဉ္ဇန နိဒါန်း "အမည်
ရှိစာအုပ်တို့ကို သက္ကတ ဘာသာမှ မြန်မာဘာသာ သို့လည်းကောင်း၊ ဒေသခံများ သာသနာပြုရာတွင် လွယ်ကူချော့မွေ့စေရန်
အခြားစာအုပ်များကို ဟိန္ဒီဘာသာ သို့လည်းကောင်း ပြန်ဆိုရေးသားတော်မူခဲ့သည်။
***ဘိက္ခူ သစ္စဝံသ၊ စာပေပညာရှင်ဒေါက်တာ ရာဟုလာသံကစ္စည်း၊ဘိက္ခု ဒေါက်တာ ဗုဒ္ဓရက္ခိတ(Banglore, Mahabodhi Society Founder ဘင်ဂလိုရ် မဟာဗောဓိအသင်းတည်ထောင်သူ)၊ဘိက္ခု ကဿ ပ(ယခု နာလန္ဒာ တက္ကသိုလ် တည်ထောင်သူ)၊ဘိက္ခု အာနန္ဒာကောသလ္လ၊ ဘိက္ခု အဉ္ဖု တာနန္ဒ နှင့်ပညာဝံသ စသော အိန္ဒိယ နိုင်ငံသား ပညာတတ်ရဟန်းတော်များမွေးထုတ်ပေးခဲ့သည်။
***မြန်မာနိုင်ငံ၌ ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယ ရဟန်းတော်များ ကိုယ်စားကြွရောက်တော်မူခဲ့ပြီး၊၁၉၅၅ခုနှစ်တွင် ခေတ္တမန္ဒူ မြို့ ၌ နီပေါဘုရင်ဦးဆောင်ကျင်းပသော ကမ္ဘာဗုဒ္ဓဘာသာ
ညီလာခံသို့ တက်ရောက်တော်မူခဲ့သည်။
***၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ ဗဟိုတရားရေးရာဝန်ကြီး ဒေါက်တာ အမ္ဘေဒကာ အပါအဝင် အိန္ဒိယနိုင်ငံသား ဟိန္ဒူ ဘာသာဝင် ၄ သိန်းကျော်တို့အား အိန္ဒိယ နိုင်ငံ နာဂပူရ်
မြို့၌ ဗုဒ္ဓဘာသာ အဖြစ်သို့ သွတ်သွင်းပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကိုစိတ်ဝင်စား သူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာများ ကို အကြီးအကျယ် ရရှိတော်မူခဲ့သည်
***ဤမျှ ကြီးကျယ်သော သာသနာပြုလုပ်ငန်းများကို(ပရဟိတ) ဆောင်ရွက်တော်မူခဲ့သော ကမ္ဘာ့သာသနာပြု ဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ် မေလ ၈ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာကျောင်း၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ဆရာတော်ပျံလွန်တော်မူခြင်းကြောင့် ဂေါ်ရပူရ် ခရိုင်နှင့် ကုသိနာရုံ နယ်တဝိုက်တွင် အစိုးရ အရာရှိများက ဆရာတော်ကြီးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မူလတန်းမှ တက္ကသိုလ်ကောလိပ် အထိ ကျောင်းများပိတ်ပေးခဲ့ကြသည် ဂေါ်ရပူရ် တက္ကသိုလ်၌ ကျင်းပနေဆဲ
စာမေးပွဲများကို ရက်များရွေ့ပေးခဲ့ကြသည်၊ ထို့အပြင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဝမ်းနည်းကြောင်း သဝဏ်လွာများ ကြေးနန်းစာဖြင့် ၅၉၆ စောင်၊ လက်ရေးမူဖြင့်ည၇၀၉ စောင်တို့ကို ပို့ပေးခဲ့ကြသည်။
ထို ၁၂၇၈ စောင်သော ဝမ်းနည်းမှု သဝဏ်လွာများရောက်ရှိလာခြင်းက ဆရာတော်ကြီးအား ကမ္ဘာ က မည်ရွှေ့မည်မျှ လေးစားကြည်ညို ကြသည် မည်ရွှေမည်မျှ တန်ဖိုးထားကြသည်ကို သက်သေ သာဓက မီးမောင်းထိုးပြခြင်းပင် ဖြစ်ပါသည်။
မှတ်ချက်။
ဆရာတော်ကြီးနှင့်ပက်သက်၍ရေးထားသည့် စာအုပ်များမှ ကောက်နုတ်
ရေးသားခြင်းဖြစ်သည်။