16/08/2026
ဘာလို့ ဒေါသထွက်တာလဲ😡
🕊️ဧဒင်ဥယျာဉ်ထဲမှာ ဘုရားသခင်က ယောင်္ကျားနှင့် မိန်းမကို ဖန်ဆင်းပြီး နှစ်ယောက်လုံးကို အာဒံလို့ အမည်ပေးတယ်။ (က၅:၂၊မ၁၉:၄) သူတို့က အို၊နာ၊သေခြင်းကင်းတယ်။ လောဘ၊ ဒေါသ လည်းမရှိကြဘူး။ (၁ယော ၃:၉)
🌿ဥယျာဉ်မှာရှိတဲ့ ကောင်း၊မကောင်း သိကျွမ်းရာအပင်က ဘုရားနှင့် စာတန်ကို ပုံဆောင်တယ်။ အဲ့အပင်ရဲ့ အသီးကတော့ သခင်နှစ်ဦးနှင့် ဆိုင်လို့စာတန်ကို ရည်ညွှန်းခြင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျမ်းစာက ဖန်ဆင်းရှင်တပါးတည်းကိုသာ ကိုးကွယ်ရမှာ ဖြစ်တယ်။(ထွက် ၂၀:၃) ထိုအပင်၏ အသီးကို စားရင် မုချသေမယ်ဆိုတာက ယေရှုနှင့်စာတန် ကို တစ်ပြိုင်တည်း ကိုးကွယ်ရင် ငရဲသွားရမယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ (က ၂:၁၆-၁၇၊ မ ၆:၂၄)
🐲စာတန်က ကောင်းကင်က နှင်ချခံထားရလို့ ခံပြင်းဒေါသထွက်လျက်ရှိတယ်။ (ဟေရှာ ၁၄:၁၂-၁၅၊ဗျာ ၁၂:၁၂) သူက ဖန်ဆင်းခံဖြစ်လို့ ဖန်ဆင်းရှင် ဘုရားကို သတ်မရတော့ ဘုရားသားကို သတ်ဖို့ကြံစည်တယ်။ (တ ၁၃:၁၀၊ယော ၁၀:၁၀) ဒါကြောင့်ဘုရားက သမ္မာသတိရှိဖို့ နှင့် လိုအပ်လာရင်ခေါ်ပါလို့ မိန့်ကြားထားတယ်။ (၁ပေ ၅:၈၊ ယေရမိ ၃၃:၃) သို့သော် တကယ်တမ်း အရေးကြုံလာတဲ့ အခါ လူက ဘုရားစကားကိုမေ့ပြီး စာတန်ရဲ့ဖြားယောင်း သွေးဆောင်ခြင်းထဲမျောပါသွားပြီး တားမြစ်သီးကို စားသုံးမိခဲ့ကြတယ်။ (က ၃:၁-၆) အဲ့ကြောင့် ကျိန်ခြင်းခံရပြီး ဧဒင်ဥယျာဉ်ထဲက နှင်ထုတ်ခံခဲ့ရတယ်။ (က၃:၂၃)
🍁အပြင်လောကရောက်တော့ နှစ်ယောက်စလုံးကို ဥယျာဉ်ထဲကလို အာဒံလို့ မခေါ်တော့ဘူး။ (က၅:၂) အိမ်ထောင်ဦးစီးဖြစ်လာမဲ့ အပြစ်သားခင်ပွန်းသည်ကို အာဒံလို့ ဆက်လက်ခေါ်တွင်ပေမဲ့ သူ့ဇနီးကိုတော့ အာဒံကို အမည်သစ်ပေးခိုင်းတယ်။ အာဒံကလည်း ကျိန်ခြင်းကြောင့် သားဖွားရတော့မဲ့ အပြစ်သားမိန်းမကို ဧဝလို့ မှည့်လိုက်တယ်။ အဓိပ္ပာယ်က အပြစ်သားအပေါင်းတို့၏ မိခင်ဟူ၍ ဖြစ်တယ်။ (က ၃:၂၀)
🐲တားမြစ်သီးကို စားလိုက်တယ်ဆိုတာ ဥယျာဉ်ထဲက စာတန်က ခန္ဓာကိုယ် အသွေးအသားထဲဝင်ပြီး လူ့အသက်ကိုပါ သိမ်းပိုက်သွားခြင်းကို ဆိုလိုတယ်။ (ဝတ် ၁၇:၁၁) စာတန်ဆိုတာ လောဘ၊ဒေါသ၊မောဟ၊ မနာလို၊ ဝန်တို စတဲ့ မကောင်းမှု ဒုစရိုက်ရဲ့ မူလဇာစ်မြစ်ဖြစ်တယ်။ (၁ပေ ၅:၈၊ ယော ၈:၄၄) လူတိုင်းရဲ့ သွေးထဲမှာ စာတန်ရှိနေခြင်းကြောင့် လောကမှာ လောဘ၊ ဒေါသကင်းသူ တစ်ယောက်မျှ မရှိခြင်း ဖြစ်တယ်။ (ဆာ ၅၁:၅၊ ရော ၃:၁၀)
🌿လူသားကျဆင်းပြီးနောက် ဗီဇအပြစ်နှင့် ဒုစရိုက်အပြစ်ဆိုပြီး ပေါ်ပေါက်လာတယ်။ (၁ယော ၅:၁၆) ဥပမာ-သွေးထဲရှိနေတဲ့ ဗီဇအပြစ်က အပင်ရဲ့ အမြစ်ဖြစ်ပြီး ကံသုံးပါးအားဖြင့် ပေါ်ပေါက်တဲ့ ဒုစရိုက်အပြစ်ကတော့ အကိုင်းအခက်နှင့် အရွက်များဖြစ်တယ်။ အပင်ကို ရှင်းပစ်ချင်ရင် အမြစ်ကို လှန်လိုက်တာနဲ့ ကျန်တာအလိုလို ခြောက်သွေ့သွားမှာ ဖြစ်တယ်။ထိုနည်းတူ သွေးထဲမှာရှိနေတဲ့ စာတန်ကို အမြစ်ပြတ်ချေမှုန်းလိုက်ရင် အကိုင်းအခက်များဖြစ်တဲ့ ကံသုံးပါးဖြင့် ကျူးလွန်မိတဲ့ ဒုစရိုက်အပြစ်ရှိသမျှတို့သည် အလိုအလျောက်ပယ်ရှင်းပြီး ဖြစ်သွားပါတယ်။
🌵စာတန်က သွေးထဲမှာ စိုးမိုးထားလို့ လူ့နည်း၊လူ့ဟန်၊လူ့အစွမ်းနှင့် မဖြေရှင်းနိုင်ဘူး။ ဒါကြောင့် ဗီဇအပြစ်ပြသနာကို ဖြေရှင်းပေးဖို့ရန် ဖန်ဆင်းရှင်ကိုယ်တိုင် ယေရှုအမည်ဖြင့် လူ့ဇာတိခံယူကာ ကြွဆင်းခဲ့ခြင်း ဖြစ်တယ်။ (ဗြဲ ၉:၂၂၊ မ၁:၂၁) ထို့နောက် လက်ဝါးကပ်တိုင်ပေါ်မှာ စာတန်ပါရှိတဲ့ တလောကလုံးရဲ့ အပြစ်သွေးများကို ယူဆောင်ပြီး ရောမစစ်သားအားဖြင့် နံဖေးတော်ကို လှံနှင့် ထိုးစေတယ်။ ထိုအခါ သွေးနှင့် ရေပန်းထွက်လာတယ်။ (ယော ၁:၂၉၊ ယော ၁၉:၃၄) ယေရှုနံကြားက စီးထွက်လာတဲ့ သွေးက သင်နှင့် ကျွန်ုပ် အပါအဝင် လူသားအားလုံးရဲ့ အပြစ်သွေးများဖြစ်တယ်။ ရေကတော့ ယေရှု၏ အသွေးတော်
ဖြစ်တယ်။ အဓိပ္ပာယ်က တလောကလုံးရဲ့ အပြစ်ရှိသမျှကို ယေရှု၏ အသွေးတော်ဖြင့် သွန်းလောင်းဆေးကြောပေးခဲ့ခြင်း ဖြစ်တယ်။ (ဟေရှာ ၅၃:၅၊ ၁ယော ၁:၇) ဒါဟာ အပြစ်ရဲ့ မူလဇာစ်မြစ်ကို အမြစ်ပြတ် ချေမှုန်းပေးခဲ့ခြင်း ဖြစ်တယ်။ အမှုပြီးပြီ။ (ယော ၁၉:၃၀)
🍀ဘုရားဘက်ကတော့ လူသားအားလုံးကို စာတန်သားကနေ ဘုရားသားအဖြစ် ပြန်လည်ပြောင်းလဲပေးခဲ့ပြီးဖြစ်တယ်။ သို့သော် ယုံကြည်ဝန်ခံသူသာ ဘုရားသားအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပြီး မယုံကြည်သူကတော့ စာတန်သားအဖြစ် ဆက်ရှိနေမှာဖြစ်တယ်။ (ယော ၃:၁၆-၁၈)
ဒါကြောင့် ငရဲသွားရတယ်ဆိုတာ ယေရှုမကယ်လို့ မဟုတ်ဘဲ ကယ်ပြီးပြီဆိုတာကို မယုံလို့ ငရဲကျခြင်းသာ ဖြစ်တယ်။
🪵မယုံကြည်သူတွေက စာတန်သားမို့ အပြစ်လုပ်တာ မဆန်းပေမဲ့ ယုံကြည်သူတွေကျ ယေရှုက အပြစ်ရှိသမျှ ဆေးကြောပေးပြီးပြီဆိုပြီး ဘာလို့ လောဘ၊ဒေါသတွေ ဆက်ရှိနေသေးတာလဲဆိုတော့ လူမှာ ဝိညာဉ်နှင့် ခန္ဓာဆိုပြီး နှစ်ပိုင်းရှိတယ်။
၁။ ဝိညာဉ် = ယေရှုကို ယုံတာနဲ့ ချက်ချင်း ဝိညာဉ် ကယ်တင်ခြင်း ရတယ်။ (လု ၂၃:၄၃)
၂။ ခန္ဓာ = ယေရှုကို ယုံတာနဲ့ ချက်ချင်း ခန္ဓာက ကောင်းကင်စာရင်းဝင်သွားတယ်။ ဒါကိုကျမ်းစာက သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်တယ်လို့ ခေါ်တယ်။ (ယော ၅:၂၄) ဘာလို့လဲဆိုတော့ လူက ယုံပြီးချက်ချင်း သေသွားတာမှ မဟုတ်တာ။ သဘောက စာတန်ကြောင့် သေပုပ်တတ်ခြင်းမှ ယေရှုကြောင့် မသေမပုပ်တတ်ခြင်းသို့ ကူးပြောင်းခြင်းကို ဆိုလိုတယ်။ (၁ကော ၁၅:၅၃) ဒါဟာ သေရင် ငရဲမသွားရတော့ဘူးဆိုတဲ့ အာမခံချက်လည်း ဖြစ်တယ်။ ( ယော ၁၁:၂၅)
🌲ယေရှုကို ယုံတယ်ဆိုပေမဲ့ အသက်ရှင်နေသ၍ နှလုံးသားထဲမှာ သခင်နှစ်ဦးဆက်ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် လမ်းပြတဲ့ သခင်မှန်ဖို့လိုတယ်။ (ယော ၁၄:၆၊ ယောရှု ၁:၈) ဒါကြောင့် နှုတ်ကပတ်တော်နှင့် မသွားတတ်ရင် စာတန်ညွှန်တဲ့ လမ်းသွားရလိမ့်မယ်။ (ဂလ ၅:၁၇) စာတန်က ယုံကြည်သူတွေကို ငရဲပြန်မချနိုင်တော့ပေမဲ့ စိတ်ဆင်းရဲမှု ဒုက္ခအမျိုးမျိုးပေးနိုင်တယ်။ (၁ပေ ၅:၈) ပြီးတော့ စာတန်လည်း ကျမ်းစာဖတ်တယ်ဆိိုတာ မမေ့ဖို့လိုတယ်။ (လု ၄:၁၀-၁၁) ဒါကြောင့် ကျမ်းစာကို ပိုင်းခြားပြီး နားမလည်ရင် ခံသွားရနိုင်တယ်။ (၂တိ ၂:၁၅၊ ယော ၁၇:၃၊ ဧ ၄:၁၃)
ကျမ်းစာထဲမှာ ကျမ်းတတ်နှင့် ဖာရိရှဲတို့က ယေရှုလုပ်သမျှ အမြဲဆန့်ကျင်ပြီး ဒေါသူပုန်ထကြတယ်။ ယေရှုကြောင့် လူနာမျိုးစုံ အံ့ဖွယ်အနာငြိမ်းပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ သို့သော် ဖာရိရှဲတို့က အတူ မဝမ်းမြောက်နိုင်ကြဘူး။ (မ ၁၂:၁-၂၄) သူတို့က ကျမ်းစာကို တော့ အလွတ်ရတယ်။ သို့သော် ပိုင်းခြားနားလည်
ဉာဏ် သူတို့မှာ မရှိလို့ဖြစ်တယ်။ အဲဒီဉာဏ်ကို သန့်ရှင်းသော ဝိညာဉ်တော်ကသာ ပေးနိုင်တယ်။ ကိုယ့်ဉာဏ်နှင့် မရဘူး။ (ယော ၁၆:၁၃၊ သု ၃:၅) ဒါကြောင့် ဝိညာဉ်တော် ဖွင့်ပြဖို့ ဆုတောင်းပြီး ကျမ်းစာဖတ်ဖို့ လိုတယ်။
🍂ဒီနေ့မှာလဲ သူများ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်တာကို အလကားနေရင်း မနာလို၊ စိတ်တို ဖြစ်နေပြီဆိုရင် ဒါဟာ စာတန်ရဲ့ လက္ခဏာနော်။ ဘုရားသားဆိုပြီး မုဒိတာပွါးရမှာကို မပွါးနိုင်ဘူးဆိုရင်တော့ နှုတ်ကပတ်တော် ဆေးခန်းပြဖို့ လိုအပ်နေပါပြီ။ (၂ တိ ၂:၁၅)
🍀ကျမ်းစာက ဝမ်းမြောက်သောသူတို့နှင့် အတူဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့် အတူ ငိုကြွေးခြင်းကို၎င်း ပြုကြလော့ ဟုဆိုထားပါတယ်။ (ရော ၁၂:၁၅၊ ၁ပေ ၄:၈)
🌱စာတန်က ချီဆောင်ခြင်းကာလအထိ ဆက်လက်လှုပ်ရှားနေမှာ ဖြစ်သောကြောင့် လောဘ၊ ဒေါသတွေကို ဆက်ပြီး တွေ့မြင်နေရအုံးမှာ ဖြစ်တယ်။ အနည်းအများကတော့ ဘုရားစကားကို နာခံလိုက်လျှောက်မှုအပေါ် ကွဲပြားသွားနိုင်ပါတယ်။
#ဘုရားသခင်သင့်ကိုသိပ်ချစ်တယ်နော်
#ဘုရားသခင်ကအသက်ရှင်ပြီးခေါ်ရင်ထူးတဲ့ဘုရားဖြစ်လို့လိုအပ်ရင်_ကူရာမဲ့ချိန်ခေါ်ကြည့်လိုက်ပါနော်
✍️ S Moe Han အမှတ်စဉ်(၃၄) 16 August 2026
📲 SLN