15/04/2026
ထာဝရ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြလိမ့်မည်။
အမျိုးသမီးတစ်ဦး၏ စိတ်ဝိညာဉ်ကို ကုသခြင်း
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဆုလာဘ်တစ်ခုဖြစ်ပြီး ကြိုးစားအားထုတ်မှုနဲ့ ရယူရတာမဟုတ်ပါဘူး... သင်ဘယ်လိုပဲဖြစ်နေပါစေ၊ ဘုရားသခင်က သင့်ကို အခုရှိရင်းစွဲအတိုင်း ချစ်နေတယ်ဆိုတာကို အရင်ဆုံး လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်...
ဘုရားသခင်က သင့်အပြစ်တွေကို ခွင့်လွှတ်ပြီးပြီဆိုရင် သင်ကိုယ်တိုင်လည်း သင့်အတိတ်က အမှားတွေအတွက် နောင်တရနေတာကို ရပ်တန့်ပြီး မိမိကိုယ်ကို ပြန်လည်ခွင့်လွှတ်ဖို့ အရေးကြီးပါတယ်... အတိတ်ကအမှားတွေကို ပြန်တွေးပြီး နာကျင်မနေပါနဲ့တော့...
တစ်ပါးသူအပေါ် အငြိုးထားခြင်းဟာ မိမိကိုယ်ကိုသာ ပြန်လည်နာကျင်စေတာ ဖြစ်ပါတယ်...သင့်ကို ဒုက္ခပေးခဲ့သူတွေအတွက် ကောင်းချီးပေး ဆုတောင်းပေးခြင်းဖြင့် စိတ်၏လွတ်မြောက်မှုကို ရှာဖွေပါ....
မိမိရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကိုပဲ အာရုံစိုက်နေမယ့်အစား မိမိမှာရှိတဲ့ ကောင်းကြီးတွေကို ရေတွက်ပြီး ကျေးဇူးတော်ကို ချီးမွမ်းပါ....
အတိတ်က အဖြစ်အပျက်တွေဟာ သင်နာကျင်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ပေမယ့်၊ အဲဒီနာကျင်မှုထဲမှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခြင်းကတော့ သင့်ရဲ့ တာဝန်သာ ဖြစ်ပါတယ်... မိမိဘဝအတွက် ကိုယ်တိုင်တာဝန်ယူပြီး ပြောင်းလဲဖို့ ကြိုးစားပါ...
နှုတ်ကပတ်တော်ဟာ စိတ်ဝိညာဉ်အတွက် ဆေးတစ်ခွက် ဖြစ်ပါတယ်... စိတ်ရဲ့ စစ်တလင်းမှာ ရန်သူရဲ့ လှည့်ဖျားမှုတွေကို တိုက်ထုတ်နိုင်ဖို့ နှုတ်ကပတ်တော်ကို အမြဲလေ့လာနေဖို့ လိုပါတယ်....
ယေရှုက လာဇရုကို ထွက်လာခဲ့လော့လို့ ခေါ်သလိုမျိုး၊ သင်ဟာလည်း စိတ်ပျက်အားငယ်မှု ကျင်းထဲကနေ ထွက်လာဖို့ အချိန်တန်ပြီ....
သင်ခံစားခဲ့ရတဲ့ အရှက်တရမှုတွေအတွက် ဘုရားသခင်က နှစ်ဆသော ကောင်းကြီးနဲ့ ပျော်ရွှင်မှုကို ပြန်ပေးမှာဖြစ်သည်.. အတိတ်က နောင်တတွေကို ဖယ်ရှားပြီး ဘုရားသခင်ပေးတဲ့ အနာဂတ်အသစ်ကို ရယူလိုက်ပါ....
ဟေရှာယ 61:7 (MYJ)
“သင်တို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည်။”
✍️Max. N. Awma
May God bless you all!