10/06/2026
🙏🙏🙏မောရသုတ်🙏🙏🙏
၅။ မောရသုတ် - ရန်သူတို့ ဖမ်းဆီးခြင်း မခံရစေရန်နှင့် ဘေးကင်းလွတ်မြောက်စေရန် အန္တရာယ်ကင်း ဂါထာတော်အဖြစ် ရွတ်ဖတ်သောသုတ်။
မောရသုတ်သည် မြတ်စွာဘုရားရှင်လက်ထက်တော်က ရဟန်းတစ်ပါး ကာမဂုဏ်တရားများကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး သာသနာတော်မှ လူထွက်ချင်စိတ် ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ ဟောကြားခဲ့သော သုတ်တော်ဖြစ်ပါသည်။
ဘုရားရှင်က ထိုရဟန်းအား မိမိဘုရားမဖြစ်မီ "ရွှေဥဒေါင်းမင်း" ဖြစ်စဉ်ဘဝက ရွတ်ဖတ်ပူဇော်ခဲ့သဖြင့် ရန်သူကျော့ကွင်းမျိုးစုံမှ (၇) နှစ်တိုင်တိုင် ဘေးကင်းလွတ်မြောက်ခဲ့ရသော ဥဒေါင်းမင်း၏ အန္တရာယ်ကင်း ဂါထာတော်မြတ် ကို ပြန်လည်ဟောကြားပေးခဲ့ပါသည်။
မောရသုတ္တပါဠိ နှင့် မြန်မာအနက်
၁။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
မြန်မာအနက်: လောက၏မျက်စိသဖွယ်ဖြစ်သော၊ ပြိုင်ဘက်ကင်းသောမင်း ဖြစ်တော်မူသော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော၊ မြေပြင်တစ်ခုလုံးကို လင်းထိန်စေတတ်သော ဤနေမင်းသည် ပေါ်ထွက်၍လာပါပြီ။ ရွှေအဆင်းရှိ၍ မြေပြင်ကို လင်းစေတတ်သော ထိုနေမင်းကို ငါသည် ရှိခိုးပါ၏။ ထိုနေမင်း၏ စောင့်ရှောက်မှုကို ခံယူ၍ ငါသည် ယနေ့တစ်နေ့လုံး ဘေးရန်ကင်းကွာစွာ နေထိုင်ပါအံ့။
၂။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
မြန်မာအနက်: ခပ်သိမ်းသောတရားတို့ကို အကြွင်းမဲ့သိမြင်တော်မူကြကုန်သော မွန်မြတ်သည့် ဗြာဟ္မဏ (ဘုရား၊ ရဟန္တာ) အရှင်မြတ်တို့အား ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ထိုအရှင်မြတ်တို့သည် ငါ့ကို စောင့်ရှောက်ကြပါစေကုန်။ ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်တို့အားလည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်တော်မူပြီးသော အရှင်မြတ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် လွတ်မြောက်ခြင်းတရားအားလည်းကောင်း ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ထိုရွှေဥဒေါင်းမင်းသည် ဤသို့ အန္တရာယ်ကင်းပရိတ်ကို ရွတ်ဆိုပြီးမှသာ နေ့အဖို့၌ ကျက်စားရာတောသို့ သွားလာလေ၏။
(အထက်ပါ ဂါထာနှစ်ပုဒ်သည် နံနက်ခင်းတွင် ရွတ်ဖတ်ရသော ဂါထာများဖြစ်ပြီး၊ အောက်ပါဂါထာများသည် ညနေခင်း နေဝင်ချိန်တွင် ရွတ်ဖတ်ရသော ဂါထာများဖြစ်ပါသည်)
၃။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
မြန်မာအနက်: လောက၏မျက်စိသဖွယ်ဖြစ်သော၊ ပြိုင်ဘက်ကင်းသောမင်း ဖြစ်တော်မူသော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော၊ မြေပြင်တစ်ခုလုံးကို လင်းထိန်စေတတ်သော ဤနေမင်းသည် ချုပ်ငြိမ်း (ဝင်) သွားပါပြီ။ ရွှေအဆင်းရှိ၍ မြေပြင်ကို လင်းစေတတ်သော ထိုနေမင်းကို ငါသည် ရှိခိုးပါ၏။ ထိုနေမင်း၏ စောင့်ရှောက်မှုကို ခံယူ၍ ငါသည် ယနေ့ညဉ့်တစ်ခွင်လုံး ဘေးရန်ကင်းကွာစွာ နေထိုင်ပါအံ့။
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသမကပ္ပယီ။
မောရသုတ္တံ နိဋ္ဌိတံ။
မြန်မာအနက်: ခပ်သိမ်းသောတရားတို့ကို အကြွင်းမဲ့သိမြင်တော်မူကြကုန်သော မွန်မြတ်သည့် ဗြာဟ္မဏ (ဘုရား၊ ရဟန္တာ) အရှင်မြတ်တို့အား ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ထိုအရှင်မြတ်တို့သည် ငါ့ကို စောင့်ရှောက်ကြပါစေကုန်။ ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်တို့အားလည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်တော်မူပြီးသော အရှင်မြတ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် လွတ်မြောက်ခြင်းတရားအားလည်းကောင်း ငါ၏ရှိခိုးခြင်းဖြစ်ပါစေ။ ထိုရွှေဥဒေါင်းမင်းသည် ဤသို့ အန္တရာယ်ကင်းပရိတ်ကို ရွတ်ဆိုပြီးမှသာ ညဉ့်အဖို့၌ ကျိန်းစက်အိပ်ပျော်ခြင်းကို ပြုလေ၏။
မောရသုတ်တော်သည် သဘာဝတရား၏ အလင်းဆောင် "နေမင်း" ၏ ကျေးဇူးသစ္စာနှင့် သဗ္ဗညုဘုရားရှင်တို့၏ "ဉာဏ်တော်၊ လွတ်မြောက်မှုတရားတော်" တို့ကို အာရုံပြုကာ သစ္စာဓိဋ္ဌာန်ပြု ကာကွယ်ခြင်း ဖြစ်ပါသည်။
ဤသုတ်တော်ကို နေ့စဉ် နံနက်ခင်းနှင့် ညနေခင်းများတွင် ရွတ်ဖတ်ပူဇော်ပါက ရန်သူတို့၏ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကျော့ကွင်းထောင်ခြင်း၊ မတရားစွပ်စွဲခြင်းနှင့် နှိပ်စက်ညှဉ်းဆဲခြင်း ဘေးရန်တို့မှ ကင်းဝေးစေနိုင်ပါသည်။ အထူးသဖြင့် အမှုအခင်းများ ကြုံတွေ့နေရချိန် သို့မဟုတ် ချုပ်နှောင်ခြင်း ခံနေရချိန် များတွင် ဘေးကင်းလွတ်မြောက်စေရန် အားထားရွတ်ဆိုကြသော အစွမ်းထက် ပရိတ်တော်ဖြစ်ပါသည်။
#ဓမ္မလမ်းစဉ်
#ဗုဒ္ဓ
#မြတ်စွာဘုရားရှင်
#တရား
#မောရသုတ်
#ပရိတ်ကြီး