03/05/2026
အကျင့်သီလဖြင့် တရားပြခြင်း
အေဒီ ၁၅၀၀ ပြည့်လွန်နှစ်များက (Jesuit) ဂျက်စွက် သာသနာပြု အသင်းဂိုဏ်းမှ စိန့်ဖရန်စစ်ဇေးဗီးယား (St. Francis Xavier) နဲ့ သူ့ရဲ့အဖော်တွေ ဂျပန်နိုင်ငံကို ရောက်လာချိန်မှာ သူတို့ဟာ လုံးဝ ဆင်းရဲနွမ်းပါးစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရှင်းပြီး ဟောင်းနွမ်းနေတဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ကာ လမ်းမတွေပေါ်မှာ ခြေဗလာနဲ့ လျှောက်သွားခဲ့ကြတယ်။ လပေါင်းများစွာတိုင်အောင် သူတို့ကို ဂျပန် ဒေသခံတွေက အလွန်ရန်လိုတဲ့ အပြုအမူတွေနဲ့ ဆက်ဆံခဲ့ကြပါတယ်။ ခဲတွေနဲ့ ပေါက်ကြတယ်၊ ဆဲဆိုကြတယ်၊ လူရာမသွင်းဘဲ ဖယ်ကြဉ်ထားခဲ့ကြပါတယ်။
တစ်နေ့မှာတော့ ယာမာဂူချီ (Yamaguchi) မြို့ရဲ့ လူစည်ကားတဲ့ ကွင်းပြင်တစ်ခုမှာ ဇေးဗီးယားရဲ့ အဖော်ဖြစ်သူ ဘရာသာ ဂျူအန် ဖာနန်ဒက်ဇ် (Brother Juan Fernandez) ဟာ သမ္မာကျမ်းစာကို သူသိတတ်တဲ့ ဂျပန် ဘာသာစကားနဲ့ အသံထွက် ဖတ်ပြနေခဲ့ပါတယ်။ အဲဒီနေ့က လူအုပ်ကြီးဟာ ပိုပြီးတော့တောင် ရန်လိုနေခဲ့ကြပါတယ်။
ရုတ်တရက်ဆိုသလို ဒေါသထွက်နေတဲ့ လူတစ်ယောက်ဟာ လူအုပ်ကြီးထဲကနေ ရှေ့ကို တိုးထွက်လာခဲ့ပါတယ်။ သူဟာ ဘရာသာ ဖာနန်ဒက်ဇ်ရဲ့ အနီးကပ်ဆုံးကို သွားပြီး ဆဲဆိုကာ သူ့မျက်နှာကို တံတွေးနဲ့ အားပါးတရ ထွေးချလိုက်ပါတယ်။
အဲဒီအချိန်မှာ အနီးအနား ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားလိုက်တာနဲ့ မိမိရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ချက်ချင်း ဓားရှည် ဆွဲထုတ်ပြီး ဖြေရှင်းလေ့ရှိတဲ့ ဂျပန် ယဉ်ကျေးမှုမှာ ဒီနိုင်ငံခြားသားက ဘယ်လို ပြန်တုံ့ပြန်မလဲဆိုတာကို လူအုပ်ကြီးက စောင့်ကြည့်နေခဲ့ကြပါတယ်။
ဒါပေမယ့် ဘရာသာ ဖာနန်ဒက်ဇ်ဟာ မကျေမနပ် ဟန်အမူအရာမျိုး၊ ပြန်လည်အော်ဟစ်တာမျိုး မလုပ်ခဲ့တဲ့အပြင် အနည်းငယ်တောင် တုန်လှုပ်သွားခြင်း မရှိခဲ့ပါဘူး။ သူဟာ သူ့အိတ်ကပ်ထဲက လက်ကိုင်ပဝါ အဝတ်စလေး တစ်စကို တည်တည်ငြိမ်ငြိမ်ပဲ ထုတ်လိုက်ပြီး သူ့မျက်နှာက တံတွေးတွေကို သုတ်လိုက်ပါတယ်။ ပြီးတော့ ဒေါသထွက်တဲ့ စကားတစ်ခွန်းမှ မဆိုဘဲ သူ့ရဲ့ စာအုပ်ကို ပြန်ငုံ့ကြည့်ကာ သူ ဟောပြောနေတဲ့ နေရာကနေပဲ ဆက်ပြီး ဟောပြောနေခဲ့ပါတယ်။
ဒီလောက် မယုံနိုင်စရာကောင်းတဲ့ သည်းခံနိုင်စွမ်းကို မြင်တွေ့လိုက်ရတဲ့ လူအုပ်ကြီးထဲက တီးတိုးပြောဆိုသံတွေ ထွက်လာပါတယ်။
လူအုပ်ကြီးက (လှောင်ပြောင်လျက်) " ကြည့်စမ်း! ဒီဘရာသာက သူရဲဘောကြောင်တဲ့သူပဲ။ သူ့ကိုယ်သူ ကာကွယ်ဖို့တောင် သတ္တိမရှိဘူး။ သူ့ရဲ့ ဘုရားသခင်ကြောင့် ဒီလူ ပျော့ညံ့စေတာပဲ!"လို့ အော်ပြောပါတယ်။
ဘေးနားကကြည့်နေသူ: "ဒီလို စော်ကားခံရတာကို ဓားရှည် မထုတ်ဘဲ ငြိမ်ခံနေတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒီလူ ဒေါသမထွက်တတ်ဘူးလား။"လို့ မေးခွန်းထုတ်ပါတယ်။
လူအုပ်ကြီးရဲ့ အနောက်ဘက်မှာ တိတ်ဆိတ်စွာ ရပ်နေသူတစ်ယောက်ကတော့ အလွန်ပညာတတ်ပြီး လူရိုသေ ရှင်ရိုသေ ဂျပန်ပညာရှိတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒီသာသနာပြုတွေရဲ့ သွန်သင်ချက်တွေကို အလွန်သံသယရှိစွာနဲ့ စောင့်ကြည့်နေခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီဖြစ်ရပ်လေးက သူ့အတွက် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။
ပညာရှိကြီးက ထွက်လာပြီး လူအုပ်ကြီးကို လှမ်းပြောလိုက်ပါတယ်။
“မင်းတို့အားလုံး မျက်ကန်းတွေပဲ။ သူရဲဘောကြောင်တဲ့သူဆိုရင် ကြောက်ပြီး ထွက်ပြေးသွားမှာပေါ့။ ငွေကြေးနဲ့ အာဏာအတွက် လိမ်ညာနေတဲ့သူဆိုရင်လည်း သူ့ရဲ့ မာနကို ကာကွယ်ဖို့ ပြန်ချမှာပေါ့။ ဒါပေမယ့် ဒီလူက အဲဒီလို လုပ်ရပ်နှစ်ခုလုံးကို မလုပ်ခဲ့ဘူး။"
ဘေးနားကကြည့်နေသူ: "ဒါဆို သူက ဘယ်လိုလူစားလဲ။"လို့ မေးခွန်းထုတ်ပါတယ်။
ဂျပန် ပညာရှိကြီးက "သူ့ဆီမှာ ငါတို့ နားမလည်နိုင်တဲ့ ငြိမ်းချမ်းမှုတစ်ခု ရှိတယ်။ ဒီလောက် ဆိုးဆိုးရွားရွား အရှက်ခွဲခံရမှုကို ဒေါသလုံးဝမထွက်ဘဲ/ လက်စားချေလိုစိတ် လုံးဝမရှိဘဲ အပြည့်အဝ တည်ငြိမ်စွာနဲ့ သည်းခံနိုင်တာ... ဒါဟာ အားနည်းချက် မဟုတ်တော့ဘူး။ ဒီလို သည်းခံနိုင်စွမ်း ကြီးမားတယ် ဆိုတာ သဘာဝလွန် ခွန်အား တစ်ခုပဲ။ ကိုယ့်ရဲ့ ဒေါသကို ဒီလောက် ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ဖို့ သင်ပေးတဲ့ တရားဟာ ကောင်းကင်ဘုံက လာတာ သေချာတယ်။"လို့ သုံးသပ်ပြပါတယ်။
အဲဒီ သည်းခံခြင်း ပါရမီကို ပြသနိုင်လိုက်တဲ့ အတွက် ယာမာဂူချီမြို့မှာ ကက်သလစ် ရဟန်းများ အပေါ် လူထုရဲ့ ရန်လိုမှုတွေကို သိသိသာသာ လျော့ကျသွားပါတယ်။ ဒီလို အရှက်ရစေတဲ့ လုပ်ရပ်ကို သည်းခံပြမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ပညာရှိဟာ ကက်သလစ် ရဟန်းများကို အလွန်ပဲ လေးစားသွားခဲ့ပြီး အဲဒီနေ့မှာပဲ သူ့အိမ်ကို ဖိတ်ကာ တရားဟောဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီ ပညာရှိကြီးဟာ ဂျက်စွက် သာသနာပြု ခရီးစဉ်မှာ ပထမဆုံး ခရစ်ယာန် ဘာသာဝင် ဖြစ်လာတဲ့ အသုတ်မှာ ပါဝင်လာပါတယ်။ ဒီပညာရှိကြီးက ခရစ်ယာန် ဘာသာဝင်ဖို့ ဆေးကြောခြင်း ခံယူပြီးနောက် အခြား ဂျပန် ဒေသခံ အများအပြားကလည်း ခရစ်ယာန် ဘာသာဝင်များ ဖြစ်လာကြပါတယ်။
ကက်သလစ် သာသနာပြုများဟာ ဒေသခံများရဲ့ နှလုံးသားကို ငွေကြေး၊ သြဇာအာဏာနဲ့ သိမ်းသွင်းခဲ့တာ မဟုတ်သလို ဒေသခံများရဲ့ ရိုးရာထုံးတမ်းတွေကိုလည်း မထီလေးစား မပြုခဲ့ပါဘူး။ အဲဒီအစား မွန်မြတ်တဲ့ ပါရမီများကိုသာ ကျင့်ကြံပြီး စံနမူနာကောင်း ပြသခဲ့တာ ဖြစ်ပါတယ်။
အချုပ်ဆိုရလျှင်
ခရစ်တော်၏ တရားတော် - ငြိမ်းချမ်းခြင်းအား လက်တွေ့ကျင့်ကြံခြင်း (Faith in Action)၊
အမျက်ဒေသ မထွက်ခြင်း (Peace Over Anger)၊
စစ်မှန်သော အင်အားကို နှိမ့်ချခြင်းဖြင့် ပြသခြင်း (Humility)၊
စော်ကား ရိုင်းပြမှုအား ချစ်ခြင်းမေတ္တာဖြင့် သည်းခံခြင်း (Patience)၊
အမှန်တရား အတွက် သက်သေခံခြင်း (Witness)
နှင့်
အခက်အခဲ ကြုံချိန် ခွင့်လွှတ်ခြင်းဖြင့် ဘုရားရှင်အား ယုံကြည်ကိုးစားခြင်း (Trust in God)
ဆိုသည့် ပါရမီထူး ပါရမီမြတ်များအား ယခု ဖြစ်ရပ်မှ ရရှိခဲ့ပါတယ်။
အသင်းတော်ရဲ့ ရှေးဦး သာသနာပြုများရဲ့ ဖြစ်ရပ်အားဖြင့် မိမိရဲ့ ခရစ်ယာန် ယုံကြည်ခြင်း အားကောင်းလာစေဖို့ ရည်ရွယ်ရင်း ဒီဖြစ်စဉ်ကို ဝေမျှအပ်ပါတယ်။
👇ခုဆောင်းပါးကို အစ၊ အလယ်၊ အဆုံး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
ယခုလို ဆောင်းပါးမျိုးကို နှစ်သက်တယ် ဆိုရင် ခုလို ဆောင်းပါးတင်တိုင်း မြင်တွေ့နိုင်ဖို့ ဤ A-Lin Credo စာမျက်နှာကို Follow လုပ်ထားပြီး သင့် ဆွေမျိုး မိတ်ဆွေများလည်း Follow လုပ်ပေးဖို့ အားပေးနိုင်ပါတယ်။
ပို့စ်တွေကိုလည်း Share ပေးခြင်းဖြင့် ကူညီနိုင်ကြောင်း သတင်းစကား ပါးလိုပါတယ်။
အီစတာ ဝမ်းမြောက်ခြင်းဖြင့်
Lawrence - A-Lin Credo
27 April 2026