Christian Literature & Gospel Truth

Christian Literature & Gospel Truth - စာဖတ်သူများ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ သိ​မြင်နားလည်လာစေရန် ရည်ရွယ်သည်။

 #ဝတ်ပြုခြင်းအစီအစဉ်ဟာ ဘယ်လိုရှိသင့်သလဲ။ - ဒီကနေ့ အသင်းတော်များစွာမှာ ဝတ်ပြုခြင်းအစီအစဉ်ကို ပေါ့ပေါ့တန်တန် ဖြစ်သလိုလုပ်ဆ...
05/09/2026

#ဝတ်ပြုခြင်းအစီအစဉ်ဟာ ဘယ်လိုရှိသင့်သလဲ။

- ဒီကနေ့ အသင်းတော်များစွာမှာ ဝတ်ပြုခြင်းအစီအစဉ်ကို ပေါ့ပေါ့တန်တန် ဖြစ်သလိုလုပ်ဆောင်လာကြတယ်။
- အချို့အသင်းတော်တွေရဲ့ ဝတ်ပြုခြင်းအစီအစဉ်က အစဉ်အလာတစ်ခု ပုံစံအဖြစ်ပဲ လုပ်ဆောင်နေသလို၊ အချို့ကျတော့ လူတွေရဲ့ အိုင်ဒီယာတွေပေါ်မှာ အခြေခံပြီး လူ့အကြိုက်ပုံစံတွေနဲ့ အစီအစဉ်တကျမရှိဘဲ လုပ်ဆောင်လာကြတယ်။
- ထင်ရာမြင်ရာလျှောက်လုပ်တဲ့ ဝတ်ပြုတာတွေလည်း ဒီကနေ့ လိုင်းပေါ်မှာ များစွာတွေ့ရသလို၊ ဝတ်ပြုအစီအစဉ်တွေလည်းပဲ ရောက်တတ်ရာရာ ဖြစ်နေတာတွေ့ရပါတယ်။
- ဥပမာ - ဘုရားကို ဗဟိုမပြုဘဲ အခြားအရာတွေကိုပဲ အာရုံရောက်စေတဲ့ Music တွေ၊ ဖရိုဖရဲကခုန်တာတွေ၊ မှောက်လျက်လဲကျတာတွေ၊ အခြားသောဘာသာစကားပြောတာတွေ၊ ဝိညာဉ်တော်နဲ့မူးနေတာတွေ၊ ပရောဖက်ပြုတာတွေ … အစရှိသဖြင့် မျိုးစုံပါပဲ။
- ဝတ်ပြုတာဟာ ရိုးရိုးရှင်းရှင်းနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုပေမယ့်၊ အစီအစဉ်တကျမရှိဘဲ ဖရိုဖရဲ ထင်ရာမြင်ရာ လျှောက်လုပ်လို့တော့ မရပါဘူး။
- ဒီနေရာမှာ အချို့အနေနဲ့ မေးခွန်းမေးစရာရှိနိုင်ပါတယ်။ “ဘုရားသခင်က တနင်္ဂနွေနေ့မှာ ပြုလုပ်ရမယ့် ဝတ်ပြုခြင်းအစီအစဉ်ကို အတိအကျ သတ်မှတ်ထားလို့လား” ဆိုပြီးတော့ပါ။
- “သတ်မှတ်ထားတာမရှိလို့ မိမိကြိုက်သလို ကိုးကွယ်မယ်၊ အဓိကလိုအပ်တာက စိတ်နှလုံးမှန်ကန်ဖို့ပဲ” ဆိုပြီး ပြောသူတွေလည်း ရှိကြမှာပါ။
- ဟုတ်ပါတယ်။ ဝတ်ပြုခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး အတိအကျ သတ်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် “မိမိစိတ်ကြိုက် စီစဉ်ပြီး ကိုးကွယ်လို့ရတယ်” လို့လည်း မပြောထားပါဘူး။
- ဘာကြောင့်လဲဆိုတော့ “ဘုရားသခင်က သူ့ကိုကိုးကွယ်တဲ့အရာကို ဘယ်လိုရှိသင့်လဲဆိုတာ” သွန်သင်ထားလို့ပဲ ဖြစ်ပါတယ်။
- ဘုရားသခင်ကို ကိုးကွယ်တဲ့အခါ၊ “သန့်ရှင်းသောတန်ဆာကို ဆင်၍” (ဆာလံ ၂၉း၂)၊ “တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့” (၁ကော ၁၄း၄၀) လို့ မိန့်ကြားထားပါတယ်။
- ဒီကျမ်းပိုဒ် ၂ ပိုဒ်မှာ သွန်သင်တာက “ဝတ်ပြုကိုးကွယ်ခြင်းဟာ သန့်ရှင်းခြင်းနှင့် တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း ဖြစ်ဖို့” သွန်သင်နေပါတယ်။
- ဘုရားသခင်က “ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ” တဲ့ (၁ကော ၁၄း၃၃)။ တနည်းအားဖြင့် ဘုရားသခင်ဟာ ရှုပ်ထွေးခြင်း၊ ဖရိုဖရဲဖြစ်စေတဲ့အရာကို စတင်တဲ့သူမဟုတ်ဘူး ဆိုလိုနေတာပါ။
- ဒါကြောင့် ဝတ်ပြုခြင်းအစီအစဉ်မှာ ပါဝင်တဲ့အရာတစ်ခုချင်းစီတိုင်းဟာ ဘုရားသခင်တစ်ပါးတည်းကိုသာ ဗဟိုပြုပြီး၊ ရိုသေခြင်းရှိစေဖို့အတွက် သမ္မာကျမ်းစာနှင့်အညီ ဂရုတစိုက် အစီအစဉ်တကျပြုလုပ်ဖို့ရန် လိုအပ်ပါတယ်။
- ဝတ်ပြုခြင်းအစီအစဉ်ဟာ လူတွေရဲ့ ဖန်တီးတီထွင်တဲ့ အိုင်ဒီယာကို အခြေခံပြီး၊ မိမိစိတ်ကြိုက် (သို့) လူ့အကြိုက်လုပ်ဆောင်ဖို့ လုံးဝမဟုတ်ဘူးဆိုတာကို ရေးသားဖော်ပြလိုက်ပါတယ်။
- ဒါဆိုရင် ဝတ်ပြုခြင်းကို ဘယ်လို အစီအစဉ်တကျပြင်ဆင်ကြမလဲ။
- To be continued:

In Christ,
Htin Htut



 #ဒီကနေ့ခေတ်မှာ တမန်တော်ရှိသလား။ - ဒီကနေ့ခေတ် အသင်းတော်များမှာ အချို့သောပုဂ္ဂိုလ်များက မိမိကိုယ်ကို တမန်တော်များဖြစ်ကြတယ...
14/06/2026

#ဒီကနေ့ခေတ်မှာ တမန်တော်ရှိသလား။

- ဒီကနေ့ခေတ် အသင်းတော်များမှာ အချို့သောပုဂ္ဂိုလ်များက မိမိကိုယ်ကို တမန်တော်များဖြစ်ကြတယ်လို့ ကြွေးကြော်ကြသလို၊ ယုံကြည်သူများအပေါ် တမန်တော်အခွင့်အာဏာကို ကျင့်သုံးလျှက်ရှိနေကြပါတယ်။
- အချို့အသင်းတော်များက အသင်းတော်ကိုဦးဆောင်ဖို့နဲ့ ဗျာဒိတ်ယူပါရုံအသစ်များကို ခံယူဖို့ ဘုရားသခင်က တမန်တော်အရာကို ချီးမြောက်နေဆဲဖြစ်တယ်လို့ ခံယူကြပါတယ်။
- ဒီအချက်တွေက “ဓမ္မသစ်ကျမ်းစာထဲမှာ တွေ့ရတဲ့တမန်တော်များကဲ့သို့၊ ဒီကနေ့ခေတ်မှာကော တမန်တော်များရှိသလား” ဆိုတဲ့ အရေးကြီးတဲ့မေးခွန်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။
- ဒီမေးခွန်းကိုဖြေဆိုဖို့ဆိုလျှင် သမ္မာကျမ်းစာထဲမှာ တမန်တော်၏အဓိပ္ပါယ်၊ အရည်အချင်းများပတ်သက်ပြီး ဘယ်လိုဖော်ပြထားသလဲဆိုတာကို ဦးစွာကြည့်ရှုလေ့လာခြင်းဖြင့် ဆန်းစစ်ရပါမယ်။
- မိမိကိုယ်ကို “တမန်တော်” လို့ ကြွေးကြော်တိုင်း ဘလိုင်းကြီးယုံကြည်ဖို့ရန်တော့မဟုတ်ပါဘူး။
- သမ္မာကျမ်းစာ၏ သွန်သင်ချက်ကို ကြည့်ခြင်းအားဖြင့်သာ ဒီကနေ့ခေတ်မှာ တမန်တော်ရှိသေးသလား (သို့) မရှိတော့ဘူးလားဆိုတဲ့အဖြေကို ဆုံးဖြတ်ရမှာပါ။

#တမန်တော်ဆိုတာဘာလဲ။

- “တမန်တော်” စကားလုံးဟာ ဂရိစကားလုံးဖြစ်တဲ့ apostolos ကနေလာပြီး၊ “စေလွတ်ခြင်းခံရသူ” (သို့) “သတင်းစကားသယ်ပို့သူ” လို့ အဓိပ္ပါယ်ရှိပါတယ်။
- ခရစ်တော်၏တမန်တော်များဟာ ခရစ်တော်ကိုယ်တိုင် အထူးရည်ရွယ်ချက်အတွက် ခေါ်ခြင်းခံရသူများဖြစ်ပြီး၊ မဟာစေခိုင်းချက်ကို တိုက်ရိုက်ပေးအပ်ခြင်း ခံရသူများဖြစ်ကြပါတယ် (မဿဲ ၂၈း၁၉-၂၀၊ မာကု ၁၆း၁၅)။
- ရှင်လုကာ ၆း၁၂-၁၃ မှာ၊ သခင်ယေရှုက သူ့နောက်လိုက်တဲ့လူအုပ်ကြီးထဲကနေ အထူးရည်ရွယ်ချက်အတွက်၊ သေးငယ်တဲ့အဖွဲ့တစ်ခုကို ရွေးချယ်ခဲ့ပါတယ်။
- ဒါပေမယ့် သူ မရွေးချယ်သေးတဲ့အချိန်မှာ ခမည်းတော်ဘုရားရဲ့အလိုတော်ကို ဦးစွာ တညဉ့်လုံးဆုတောင်းပဌနာပြုခြင်းဖြင့် ရှာဖွေခဲ့ပါတယ်။
- ဒါက သခင်ယေရှုအနေနဲ့ တပည့်တော်ရွေးချယ်တာဟာ၊ အမှတ်တမဲ့လုပ်ဆောင်တဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာနားလည်နိုင်ပါတယ်။
- ကြီးမားတဲ့ဆုံးဖြတ်ချက်မချခင်မှာ သခင်ယေရှုတောင်မှ တညဉ့်လုံးဆုတောင်းပြီး၊ ဘုရားသခင်ရဲ့အလိုတော်ကို ရှာဖွေခဲ့တာဟာ ကျွန်တော်တို့အသက်တာမှာလည်း ဘာပဲစတင်လုပ်ဆောင်ဖို့ပြင်ဆင်ပါစေ ဘုရားကို ဘယ်လောက်တောင် ကိုးစားဖို့လိုအပ်သလဲဆိုတာကို သွန်သင်နေပါတယ်။
- မနက်မိုးလင်းတဲ့အခါ တပည့်တော် ၁၂ ပါးကို နာမည်နှင့်တကွရွေးချယ်ပြီး၊ ဝိညာဉ်လူများကို ဖွဲ့စည်းခဲ့ပါတယ်။
- ထို့နောက် တပည့်တော်များကို “တမန်တော်” အမည်ပေးခဲ့ပြီး၊ ပထမဦးဆုံး “တမန်တော်” စကားလုံးကို တွေ့ရတာဖြစ်ပါတယ် (လုကာ ၆း၁၃)။
- သူတို့တွေဟာ မိမိကိုယ်တိုင် တမန်တော်အရာကို ခန့်အပ်ခြင်းမဟုတ်ဘဲ၊ ယေရှုခရစ်တော်ကိုယ်တိုင် တရားဝင် “တမန်တော်” လို့ ခေါ်ခြင်းခံရသောများ ဖြစ်ခဲ့ကြပါတယ်။

- ဒါဆို ဒီကနေ့ခေတ်မှာကော တမန်တော်ရှိနိုင်သလား။ ဒီမေးခွန်းကို ဖြေဆိုဖို့ဆိုလျှင် သမ္မာကျမ်းစာထဲမှ တမန်တော်များရဲ့ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများကိုလည်း လေ့လာကြည့်ရှုရပါမယ်။ ဒါဆို တမန်တော်များရဲ့ အရည်အချင်းများက ဘာတွေလဲ။

#တမန်တော်၏အရည်အချင်းများ

(၁) “တမန်တော်အရာ” ကို သခင်ယေရှုခရစ်တော်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခြင်း ရှိရပါမည် (လုကာ ၆း၁၃)။ မိမိကိုယ်တိုင်၊ အခြားတစ်ဦးဦး၊ အသင်းတော်၊ ကောင်စီ၊ ဂိုဏ်းဂဏ (သို့) အဖွဲ့အစည်းတစ်ခုခုမှ တမန်တော်အရာကို ခန့်အပ်ခြင်း လုပ်ဆောင်၍ မရပါဘူး။
(၂) တမန်တော်များဟာ သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တာကို ကိုယ်တိုင်မျက်မြင်သက်သေရှိရမည် (တမန် ၁း၂၁-၂၆၊ ၁ကော ၉း၁၊ ၁၅း၇-၈)။
(၃) တမန်တော်များဟာ အသင်းတော်ရဲ့တိုက်မြစ်ဖြစ်ရပါမယ် (ဧဖက် ၂း၂၀)။
(၄) တမန်တော်များက အသင်းတော်ကိစ္စတွေမှာ အခွင့်အာဏာအပြည့်အဝရှိရပါမယ် (တမန် ၅း၁-၁၁၊ ၁၉း၁၃-၁၇)။
(၅) တမန်တော်များရဲ့ ဟောပြောချက် (၁သက် ၂း၁၃) နဲ့ သူတို့ရဲ့ အရေးအသားတွေဟာ ကျရှုံးခြင်းမရှိရပါ (ဧဖက် ၂း၂၀၊ ၂ပေ ၁း၂၀-၂၁)။ သမ္မာကျမ်းစာဟာ ပြည့်စုံပြီဖြစ်တဲ့အတွက် ဗျာဒိတ်ယူပါရုံအသစ်များလည်း မရှိတော့ပါဘူး။
(၆) တမန်တော်များက ကောင်းကင်ဘုံမှာ ထာဝရနေရာနဲ့ ထူခြားတဲ့ဂုဏ်အသရေ ရှိရပါမယ် (ဗျာ ၂၁း၁၄)။ တမန်တော်အရာကို ပိုင်ဆိုင်သူများဟာ ၁၂ ဦးသာ ဖြစ်ပါတယ်။
(၇) တမန်တော်များက အံ့ဩဘွယ်ရာ နမိတ်လက္ခဏာလုပ်ဆောင်ဖို့ရန် အထူးဆုကျေးဇူးအပ်နှင်းခြင်းခံရပါမယ် (မသဲ ၁၆း၁၇-၂၀ cf တမန် ၂း၄၃၊ ၅း၁၂၊ ၁၄း၃၊ ၁၅း၁၂၊ ၁၉း၁၁-၁၂)။

- ဒီကနေ့ခေတ်မှာ တမန်တော်၏ အရည်အချင်းများအားလုံးနှင့် ပြည့်မှီတဲ့လူ တစ်ဦးမှမရှိတော့ပါဘူး။
- ဒါကြောင့် ဘယ်သူမှ မိမိကိုယ်ကို ခရစ်တော်၏တမန်တော်ဖြစ်ပါတယ်လို့ ကြွေးကြော်ပြီး၊ အခွင့်အာဏာသုံးလို့မရပါဘူး။
- သမ္မာကျမ်းစာမှာ တမန်တော်ပေါလုက မိစ္ဆာတမန်တော်များနဲ့ပတ်သက်ပြီး သတိပေးထားတယ်နော့် (၂ကော ၁၁း၁၃-၁၄၊ ၁၂း၁၂)။
- တမန်တော်ယောင်ဆောင်သောသူကိုလည်း စစ်ဆေးဖို့ ကျမ်းစာမှာ ဖော်ပြထားတယ်နော့် (ဗျာ ၂း၂)။
- ဒါကြောင့် ဒီဆောင်းပါးကို ရေးသားသူ ကျွန်ုပ်အနေဖြင့် “ခရစ်တော်၏တမန်တော်အရာ” ဟာ တမန်တော်ခေတ်ကတည်းက ရပ်စဲသွားပြီလို့ ယုံကြည်ပါတယ်။
- တမန်တော်ဟာ ၁၂ ပါးသာရှိခဲ့ပြီး (ဗျာ ၂၁း၁၄)၊ ထို ၁၂ ပါးမှလွှဲ၍ တခြားသောတမန်တော်များ ထပ်၍မရှိတော့ပါ။
- ဒီကနေ့ခေတ်မှာ တမန်တော်ဖြစ်ပါတယ်လို့ ကြွေးကြော်သူများဟာ ကျမ်းစာထဲတွင်တွေ့ရတဲ့ တမန်တော်များ၏ အရည်အချင်းပြည့်မှီခြင်းလုံးဝမရှိတဲ့အတွက် တမန်တော်အတုများလို့သာ ခံယူပါတယ်။
- ဒီကနေ့အသင်းတော်ကို တမန်တော်များမဟုတ်ဘဲ၊ သင်းအုပ်ဆရာများ၊ အမှုတော်ဆောင်များက ဘုရားသခင်၏နုတ်ကပတ်တော်အခွင့်အာဏာအားဖြင့် ဦးဆောင်ရမှာဖြစ်ပါတယ် (၁ တိ ၃း၁-၇၊ တိတု ၁း၅-၉)။

In Christ,
Htin Htut

from Charismatism Q&A by Dr Jeffrey Khoo

 #ရှင်ယုဒဩဝါဒစာစောင်- ပထမဦးစွာ ဘုရားသခင်၏ကျေးဇူးတော်ကို အထူးပင်ချီးမွမ်းပါသည်။ - ဘုရားသခင်၏ ကူညီမစမှုကြောင့် ရှင်ယုဒဩဝါဒ...
05/06/2026

#ရှင်ယုဒဩဝါဒစာစောင်

- ပထမဦးစွာ ဘုရားသခင်၏ကျေးဇူးတော်ကို အထူးပင်ချီးမွမ်းပါသည်။
- ဘုရားသခင်၏ ကူညီမစမှုကြောင့် ရှင်ယုဒဩဝါဒစာစောင်ကို အနက်ပြန်ရေးသားခြင်း ပြီးစီးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
- အထူးသဖြင့် ဤစာစောင်ကို အနက်ပြန်ရေးသားရာတွင် Rev Dr Jeffrey Khoo နှင့် Rev Samuel Joseph တို့မှ အနက်ပြန်ထားသည့် စာအုပ်များကို အခြေခံကာ၊ ဘာသာပြန်ခြင်းနှင့် ကိုးကားခြင်းများကို လုပ်ဆောင်၍ ရေးသားခဲ့ပါသည်။
- ဤစာစောင်ကို ၂၀၂၄ ခုနှစ်၊ ကျွန်ုပ်ကျမ်းစာကျောင်း တတိယနှစ်တက်ချိန်တွင် exegesis လုပ်ဆောင်ခွင့်ရရှိခဲ့ပြီး၊ ဘုရားသခင်၏ နိုးဆော်ခြင်းကြောင့် မြန်မာဘာသာဖြင့် စတင်လေ့လာရေးသားဖို့ ဖြစ်လာခဲ့ပါသည်။
- ထိုသို့လေ့လာရေးသားရာတွင် ဤစာစောင်ထဲရှိ သတင်းစကားများကို ကျွန်ုပ်၏အသက်တာနှင့် ဓမ္မအမှုတော်အတွက် ပိုမိုရှင်းလင်းစွာနားလည်လာခဲ့ပါသည်။
- ဤစာစောင်တွင် တမန်တော်ရှင်ယုဒက ယုံကြည်သူများကို အသင်းတော်အတွင်း အမှတ်တမဲ့ဝင်ရောက်စိမ့်ဝင်နေသည့် မှားယွင်းသောဆရာများ၊ အထူးသဖြင့် အယူလွဲဖောက်ပြန်ခြင်းများရှိနေတာကို သတိပေးထားပြီး၊ ယုံကြည်သူများသည် ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစားတိုက်လှန်ခြင်းရှိကြဖို့ရန် နိုးဆော်ထားသည့် စာစောင်ဖြစ်ပါသည် (ရှင်ယုဒ ၃)။
- ဤစာစောင်သည် ယနေ့ခေတ်အသင်းတော်များနှင့် အလွန်ပင်သက်ဆိုင်သောစာစောင်ဖြစ်ပါသည်။
- ယနေ့ယုံကြည်သူများသည် ဤစာစောင်ကို လျစ်လျူမရှုသင့်ဘဲ၊ အသင်းတော်အတွင်း အယူလွဲဖောက်ပြန်ခြင်းများကို နားလည်ထားဖို့ လိုအပ်ပါသည်။
- ထို့ကြောင့် ကျွန်ုပ်အနေဖြင့်လည်း ယုံကြည်သူများဖတ်ရှုနိုင်ဖို့ရန် ပြန်လည်မျှဝေလိုက်ပါသည်။
- ဖတ်ရှုသည့်အခါ၊ ဘုရားသခင် သင့်ကို စာစောင်ထဲမှ သတင်းစကားကို ပိုမိုရှင်းလင်းစွာ နားလည်ခြင်းပေးပါစေ။

#ရှင်ယုဒဩဝါဒစာစောင်ကို အောက်ပါ links များတွင် အစအဆုံး (အပိုဒ်ငယ် ၁ မှ ၂၅အထိ) ဖတ်ရှုလို့ရပါသည်။

၁။ #ရှင်ယုဒဩဝါဒစာစောင်ကို လေ့လာရေးသားရန်အစပြုခြင်း https://www.facebook.com/share/p/1CNLiPUZxy/

၂။ #ရှင်ယုဒဩဝါဒစာစောင်ကို ဘယ်သူရေးသားခဲ့တာလဲ? (ရှင်ယုဒ ၁က)
https://www.facebook.com/share/p/1X4jdK2TFj/

၃။ #ရှင်ယုဒဩဝါဒစာစောင်ကို မည်သူ့ထံသို့ ရေးသားထားတာလဲ။ (ရှင်ယုဒ ၁ခ)
https://www.facebook.com/share/p/1AQcZCSSt8/

၄။ #စာစောင်လက်ခံရရှိသူများထံ ရှင်ယုဒ၏ နုတ်ခွန်းဆက်သခြင်း (ရှင်ယုဒ ၂)
https://www.facebook.com/share/p/1EruEhr21E/

၅။ #ရှင်ယုဒဩဝါဒစာစောင်ကို ရေးသားသည့် ရည်ရွယ်ချက်က ဘာလဲ။ (ရှင်ယုဒ ၃)
https://www.facebook.com/share/p/1KLx69T5Mq/

၆။ #ရှင်ယုဒဩဝါဒစာစောင်ကို ရေးသားသည့်အကြောင်းအရင်းက ဘာလဲ။ (ရှင်ယုဒ ၄)
https://www.facebook.com/share/p/1BsZSTVDMo/

၇။ #ဘုရားသခင်က ဘာကြောင့် က္ကသရေလလူမျိုးတွေကို တောထဲမှာ ​ တရားစီရင်ခဲ့တာလဲ။ (ရှင်ယုဒ ၅)
https://www.facebook.com/share/p/1DQ7ZUj7GZ/

၈။ #ဘုရားသခင်က ပုန်ကန်တဲ့ကောင်းကင်တမန်များကို ဘာလုပ်ဖို့ မှောင်မိုက်ထဲမှာ ချုပ်နှောင်ထားတာလဲ။ (ရှင်ယုဒ ၆)
https://www.facebook.com/share/p/1D8VNTStVt/

၉။ #ဘုရားသခင်က သောဒုံမြို့နှင့်ဂေါမောရမြို့နှစ်မြို့ကို ဖျက်စီးခဲ့တာနဲ့ပတ်သက်ပြီး၊ ဘာ​ကြောင့်ပုံသက်သေအနေဖြင့်ထားထားတာလဲ။ (ရှင်ယုဒ ၇)
https://www.facebook.com/share/p/186urF2cKd/

၁၀။ #ရှင်ယုဒဩဝါဒစာစောင်မှ အယူလွဲဖောက်ပြန်သူများ၏ပုံသဏ္ဍာန်လက္ခဏာများ လေ့လာဖို့ရန်စတင်ခြင်း (ရှင်ယုဒ ၈-၁၉)
https://www.facebook.com/share/p/14THmazvnRu/

၁၁။ #အယူလွဲဖောက်ပြန်သူများရဲ့ ပုံသဏ္ဍာန်လက္ခဏာက ဘာတွေလဲ။ (ရှင်ယုဒ ၈)
https://www.facebook.com/share/p/1C7avrMf4z/

၁၂။ #မာရ်နတ်ကို ဆုံးမပိုင်တဲ့ အခွင့်အာဏာဟာ ဘယ်သူ့မှာရှိသလဲ။ (ရှင်ယုဒ ၉)
https://www.facebook.com/share/p/14Rjpe7ygaZ/

၁၃။ #အယူလွဲဖောက်ပြန်သူတွေဟာ မိမိကိုယ်ကို ဘယ်လိုပုပ်ပျက်စေတတ်ကြသလဲ။ (ရှင်ယုဒ ၁၀)
https://www.facebook.com/share/p/1A4R8hVuTN/

၁၄။ #ဘာကြောင့်ကာက္ကနဟာ အမင်္ဂလာရှိတာလဲ။ (ရှင်ယုဒ ၁၁က)
https://www.facebook.com/share/p/1DYgKYrTjK/

၁၅။ #ဘာကြောင့် ပရောဖက်ဗာလမ်က အမင်္ဂလာရှိတာလဲ။ (ရှင်ယုဒ ၁၁ခ)
https://www.facebook.com/share/p/1ARjQ3VFwV/

၁၆။ #ဘာကြောင့် ကောရက အမင်္ဂလာရှိတာလဲ။ (ရှင်ယုဒ ၁၁ဂ)
https://www.facebook.com/share/p/1aYkv6f6jH/

၁၇။ #ကျွန်ုပ်အသင်းတော်၌ရှိခြင်းဟာ ကောင်းကြီးဖြစ်သလား (သို့) အစွန်းအကွက်လား။ (ရှင်ယုဒ ၁၂က)
https://www.facebook.com/share/p/17uybbrQ4S/

၁၈။ #ကျွန်ုပ်၏ယုံကြည်ခြင်းသည် သမ္မာကျမ်းစာ၌ အမြစ်တွယ်ခြင်းရှိပါသလား။ (ရှင်ယုဒ ၁၂ခ)
https://www.facebook.com/share/p/186RBtHTYw/

၁၉။ #ကျွန်ုပ်ဟာ အပြင်ပန်းမှာသာ အသက်ရှိတယ်လို့ မြင်နေရပါသလား။ (ရှင်ယုဒ ၁၂ဂ)
https://www.facebook.com/share/p/1GZ6copN18/

၂၀။ #ကျွန်ုပ်အသက်တာက ခရစ်တော်ရဲ့သဏ္ဍာန်ကိုဖော်ပြမှာလား (သို့) အရှက်ရစရာလုပ်ရပ်လား။ (ရှင်ယုဒ ၁၃က)
https://www.facebook.com/share/p/1CK4jz7zS6/

၂၁။ #ကျွန်ုပ်ဟာ မှန်ကန်သောလမ်းကြောင်းနောက်ကို လိုက်နေပါသလား။ (ရှင်ယုဒ ၁၃ခ)
https://www.facebook.com/share/p/1CPGWvwV7i/

၂၂။ #ကျွန်ုပ်ရဲ့စိတ်သဘောထားက ဘာကိုဖော်ပြနေသလဲ။ (ရှင်ယုဒ ၁၄-၁၅)
https://www.facebook.com/share/p/1CMpBQ8Swd/

၂၃။ #ကျွန်ုပ်ရဲ့စိတ်သဘောထားက ဘာကိုဖော်ပြနေသလဲ။ ((ရှင်ယုဒ ၁၆က၊ခ)
https://www.facebook.com/share/p/18Nzm3xjWG/

၂၄။ #ကျွန်ုပ်ဟာ မိမိတပ်မက်ခြင်းအတိုင်း အသက်ရှင်နေသူလား။ (ရှင်ယုဒ ၁၆ဂ)
https://www.facebook.com/share/p/1U4jGov5Kt/

၂၅။ #ကျွန်ုပ်ရဲ့စကားအပြောအဆိုက ဘာကိုဖော်ပြနေသလဲ။ (ရှင်ယုဒ ၁၆ဃ)
https://www.facebook.com/share/p/1CJuSdkGSv/

၂၆။ #သူတပါးကို ချီးကျူးစကားပြောလိုက်တဲ့နောက်ကွယ်မှာ ကျွန်ုပ်ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်က ဘာလဲ။ (ရှင်ယုဒ ၁၆င)
https://www.facebook.com/share/p/1FhXp4j75x/

၂၇။ #တမန်တော်များ သတိပေးနှင့်ပြီးသောစကားများကို ကျွန်ုပ်မေ့လျော့နေမိသလား။ (ရှင်ယုဒ ၁၇-၁၈)
https://www.facebook.com/share/p/1EBDxd2JqP/

၂၈။ #ကျွန်ုပ်အသက်တာ၌ အယူလွဲဖောက်ပြန်သည့်လက္ခဏာ ရှိနေပါသလား။ (ရှင်ယုဒ ၁၉)
https://www.facebook.com/share/p/1NKkmb7dQc/

၂၉။ #ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်ုပ်ရဲ့တာဝန်ဝတ္တရားက ဘာလဲ။ (က) (ရှင်ယုဒ ၂၀)
https://www.facebook.com/share/p/1HMUF6bJQs/

၃၀။ #ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်ုပ်ရဲ့တာဝန်ဝတ္တရားက ဘာလဲ။ (ခ) (ရှင်ယုဒ ၂၁)
https://www.facebook.com/share/p/1L6cYvhxvV/

၃၁။ #အခြားသူများအပေါ် ပြုရမယ့် ကျွန်ုပ်ရဲ့တာဝန်ဝတ္တရားက ဘာလဲ။ (ရှင်ယုဒ ၂၂-၂၃)
https://www.facebook.com/share/p/1E1ie8zg7P/

၃၂။ #ထိမိ၍လဲခြင်းမှ စောင်မပေးနိုင်သောသူဟာ ဘယ်သူလဲ။ (ရှင်ယုဒ ၂၄)
https://www.facebook.com/share/p/1B8MKsV7hm/

၃၃။ #ဘုရားသခင်ဟာ သင့်ရဲ့ချီးမွမ်းခြင်းကို ခံထိုက်သလား။ (ရှင်ယုဒ ၂၅)
https://www.facebook.com/share/p/1LQ21g2GyF/

In Christ,
Htin Htut

19/05/2026

Thanks for being a top engager and making it onto my weekly engagement list! 🎉 Khinzaw Awiqwang, Josephjrpong Mayit

 #အခြားသောဘာသာစကားဆုကျေးဇူးမှာ ကောင်းကင်တမန်ဘာသာစကားပါဝင်နိုင်သလား။ - ဒီကနေ့ခေတ် အခြားသောဘာသာစကားပြောသောသူတွေဟာ “ငါတို့က...
17/05/2026

#အခြားသောဘာသာစကားဆုကျေးဇူးမှာ ကောင်းကင်တမန်ဘာသာစကားပါဝင်နိုင်သလား။

- ဒီကနေ့ခေတ် အခြားသောဘာသာစကားပြောသောသူတွေဟာ “ငါတို့က လူဘာသာစကားကိုပြောတာမဟုတ်ဘူး။ ကောင်းကင်တမန်ဘာသာစကားကိုပြောကြတာဖြစ်တယ်” ဆိုပြီးပြောလေ့ရှိပါတယ်။
- သူတို့အမြဲကိုးကားပြီးပြောတဲ့ကျမ်းပိုဒ်က ၁ကော ၁၃း၁ မှာ တမန်တော်ပေါလုဖော်ပြထားတဲ့ “ကောင်းကင်တမန် ဘာသာစကား” ဆိုတဲ့စကားလုံးပဲ ဖြစ်ပါတယ်။
- ဒါပေမယ့် ဒီနေရာမှာ ‌မေးခွန်းမေးစရာရှိတာက “ကောင်းကင်တမန်ဘာသာစကား” ဆိုတာဘာလဲ။
- ကောင်းကင်တမန်တွေက ဘယ်လိုဘာသာစကားကို သုံးတာလဲ။
- သေချာတာကတော့ ကောင်းကင်တမန်တွေ စကားပြောတဲ့အခါ ဆက်သွယ်လို့ရတဲ့ဘာသာစကားတစ်ခုကို သုံးတယ်ဆိုတာ သမ္မာကျမ်းစာအားဖြင့် နားလည်လို့ရနိုင်ပါတယ်။
- ဘာဖြစ်လို့လဲဆိုတော့ သမ္မာကျမ်းစာမှာ ကောင်းကင်တမန်တွေက လူနဲ့ဆက်သွယ်တဲ့အခါ လူဘာသာစကားဖြစ်တဲ့ (ဟေဗြဲ၊ အာရမိ၊ ဂရိ) စကားတွေကို သုံးတယ်ဆိုတာတွေ့ရတာကိုး။
- ဥပမာတစ်ခုအနေနဲ့ပြောရရင် ဂါ‌ဗြေလက မာရိထံသို့ သတင်းသယ်ဆောင်လာတဲ့အခါမှာ မာရိနားလည်တဲ့စကားနဲ့ ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ် (လုကာ ၂း၂၆-၃၈)။ “မာရိ... အာလာဘာ၊ ရှာလာပါ၊ ဒါဒါဒါဒါ၊ တူရကီ၊ မူရကီ၊ စူရကီယား၊..” ဆိုပြီး၊ မာရိနားမလည်တဲ့စကားတွေနဲ့ ပြောခဲ့မယ်လို့မထင်ပါဘူး။

- ဒါဆို ကောင်းကင်တမန်တွေဆီမှာ သူတို့အချင်းချင်းဆက်သွယ်ဖို့ ကိုယ်ပိုင်အထူးဘာသာစကားများရှိမလား။
- ဒါကတော့ ကျမ်းစာမှာ အတိအကျမဖော်ပြထားတဲ့အတွက် အတိအကျမပြောနိုင်ပါဘူး။
- အကယ်လို့ ကောင်းကင်တမန်များက ကိုယ်ပိုင်အထူးဘာသာစကားရှိမယ်ဆိုရင်တောင် ကျမ်းစာမှာမဖော်ပြထားတော့ ဘယ်လိုစကားလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ။
- ပြီးတော့ ကောင်းကင်တမန်ဘာသာစကားကိုပြောတယ်ဆိုတဲ့သူတွေကို မေးချင်တာက သူတို့ပြောတဲ့စကားဟာ ကောင်းကင်တမန်ဘာသာစကားဖြစ်တယ်ဆိုတာကို အမှန်တကယ် သက်သေပြနိုင်သလား။ ပြနိုင်တယ်ဆိုရင် ဘာနဲ့ ဘယ်လိုသက်သေပြမှာလဲ။
- ကောင်းကင်တမန်ဘာသာစကားပြောတယ်ဆိုရင်၊ သူတို့ပြောတာ ဘာကိုဆိုလိုတာလဲဆိုတာ အဓိပ္ပါယ်ရှင်းပြနိုင်သလား။
- သူတို့ပြောတာက ဘယ်လိုရှိတယ်၊ ဘယ်လိုအလုပ်ဖြစ်တယ်ဆိုတာ သဒ္ဒါအရကော သက်သေပြနိုင်သလား။
- ဘာကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ကောင်းကင်တမန်ဘာသာစကားပြောစေပြီး၊ သူ့ကို ဆက်သွယ်ခိုင်းတာလဲ။
- အကယ်လို့ ကောင်းကင်တမန်ဘာသာစကားကိုပြောနိုင်တယ်ဆိုရင် ဘယ်သူ့ကိုဆက်သွယ်ပြီးပြောတာလဲ။ ကောင်းကင်တမန်နဲ့ပြောတာလား။
- ပြီးတော့ ကောင်းကင်တမန်ဘာသာစကားကို အသုံးပြုပြီး၊ ဘုရားကိုစကားပြောစရာကောလိုအပ်လို့လား။ ဘုရားက လူစကားကို နားလည်ပြီးသားမဟုတ်ဘူးလား။
- ဒါမှမဟုတ် သူတို့က ကောင်းကင်တမန်တွေကနေတဆင့်ဘုရားကိုဆက်သွယ်ပြီး ပြောတာလား။
- ကောင်းကင်တမန်တွေဟာ ဘုရားသခင်ရဲ့ တမန်တွေဖြစ်တယ်နော့်။ လူတွေရဲ့ တမန်တွေမဟုတ်ဘူး။
- သမ္မာကျမ်းစာမှာ ကောင်းကင်တမန်တွေကနေတဆင့် ဘုရားကိုဆက်သွယ်ဖို့ ဘယ်နေရာမှာမှ မပြောထားပါဘူး။
- ကျွန်ုပ်တို့ဘုရားသခင်နဲ့စကားပြောတဲ့အခါ၊ ခရစ်တော်၌ သန့်ရှင်းသောဝိညာဉ်တော်၏မစခြင်းဖြင့် တိုက်ရိုက်ဆုတောင်းတာဖြစ်တယ်နော့် (၁တိ ၂း၅၊ ရောမ ၈း၂၆)။
- ကောင်းကင်တမန်ကို ဆုတောင်းဖို့၊ ကောင်းကင်တမန်အားဖြင့်ဆုတောင်းဖို့ တားမြစ်ထားသလို၊ ကျမ်းစာမှာ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။ အဲ့လိုဆုတောင်းသောနေလျှင် သင်ဟာ အယူလွဲနေပါပြီ။

- ငါတို့က လူဘာသာစကားပြောတာမဟုတ်ဘူး၊ ကောင်းကင်တမန်ဘာသာစကားပြောတယ်ဆိုတဲ့သူတွေက တမန်တော်ပေါလုရဲ့ ၁ကော ၁၃း၁ ကိုမှားယွင်းစွာနားလည်ပြီး၊ ကျင့်သုံးနေတာပဲဖြစ်ပါတယ်။
- ဘာဖြစ်လို့လဲဆိုတော့ ၁ကော ၁၃ ထဲမှာ တမန်တော်ရှင်ပေါလုရဲ့ အဓိကပြောတဲ့အကြောင်းအရာက ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အခြားသောဘာသာစကားအကြောင်းမဟုတ်တာကြောင့်ပါ။
- ဒါပေမယ့် ကောင်းကင်တမန်ဘာသာစကားမရှိနိုင်ဘူးလို့တော့ ကျွန်တော့အနေနဲ့ အခိုင်အမာပြောဆိုတာတော့ မဟုတ်ပါဘူး။ ဒီကျမ်းပိုဒ်မှာ တမန်တော်ပေါလုရဲ့ အဓိကဆိုလိုရင်းကို နားလည်ဖို့လိုအပ်တယ်လို့ ပြောချင်တာပါ။

- ၁ကော ၁၃း၁-၂ကို သေချာဖတ်တဲ့အခါမှာ တမန်တော်ပေါလုက အတိသယဝုတ္တိအလင်္ကာကို အသုံးပြုရေးသားထားတာပဲဖြစ်ပါတယ်။
- ဒီနေရာမှာ တမန်တော်ပေါလုက “ငါကောင်းကင်တမန်ဘာသာစကားကိုပြောနိုင်တယ်၊ နက်နဲတဲ့အရာရှိသမျှနဲ့ သိပ္ပံအတတ်အမျိုးမျိုးကို တတ်တယ်၊ တောင်တွေကိုရွေ့နိုင်တဲ့ယုံကြည်ခြင်းအမျိုးမျိုးနဲ့ပြည့်စုံတယ်လို့ပြောတာမဟုတ်ဘဲ၊ အဲ့လိုအရာတွေအားလုံး ပြောနိုင်ခဲ့ရင်တောင်၊ လုပ်ဆောင်နိုင်ခဲ့ရင်တောင် ချစ်ခြင်းမေတ္တာမရှိလျှင်၊ ဘာမှမဟုတ်ဘူး၊ အချည်းနှီးပဲလို့ ရိုးရှင်းစွာပြောလိုက်တာဖြစ်ပါတယ်” (၁ကော ၁၃း၁-၂)။
- ဒါပေမယ့် အချို့ ကောင်းကင်တမန်ဘာသာစကားကို ပြောနိုင်တယ်ဆိုတဲ့သူတွေက “ငါတို့က ကောင်းကင်တမန်ဘာသာစကားကိုပြောတယ်ဆိုတာ မိမိကိုယ်ကိုတည်ဆောက်ဖို့ (Personal edification) ဖြစ်တယ်” လို့လည်းပြောတတ်ကြပါတယ်။
- ဒါကြောင့် ကောင်းကင်တမန်ဘာသာစကားကို ပြောပြီးရင် ခံစားချက်ကောင်းတယ် (feel good) ဆိုပြီး ပြောဆိုကြတယ်။
- ဒီနေရာမှာ edify စကားလုံးက ဂရိစကားလုံး oikodomeo ကနေလာပြီး၊ “တည်ဆောက်သည်” လို့အဓိပ္ပါယ်ရတာမှန်ပါတယ်။
- ဒါပေမယ့် သူတို့ပြောသလို ခံစားချက်ကောင်းတာကိုဆိုလိုတာမရှိပါဘူး။
- “တည်ဆောက်”တာဟာ အသိဉာဏ်တိုးပွားခြင်း (သို့) ဝိညာဉ်ရေးရာသိမြင်ရှင်းလင်းဖို့ရန်အတွက် သွန်သင်မှုကို လက်ခံယူတာကိုပြောတာပါ။
- ဒီတည်ဆောက်ခြင်းမှာ နားလည်သဘောပေါက်ခြင်းပါဝင်ပါတယ်။
- နားလည်သဘောပေါက်ခြင်းလည်းမရှိတဲ့စကားတွေနဲ့ ဘယ်လိုမှတည်ဆောက်လို့မရပါဘူး။
- ဒီကနေ့ပြောနေကြတဲ့ကောင်းကင်တမန်ဘာသာစကားဖြစ်တဲ့ “အာလာဘာ၊ ရှာလာဘာ၊ ဒါဒါဒဒါ......” ဆိုပြီးပြောနေတာတွေက ဘာကိုဆိုလိုတာလည်းဆိုတာတောင်မသိဘဲ၊ ဘယ်လိုကိုယ့်ကိုကိုယ်တည်ဆောက်လို့ရမှာလဲ။
- ဒါကြောင့် တမန်တော်ပေါလုရဲ့စကားကို ငှါးပြီးပြောရရင် သူတို့တွေပြောနေတာက “အသံမြည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်ကြ၏ (၁ကော ၁၃း၁)” လို့ပြောရမှာပါပဲ။
- ဒါ့အပြင် တမန်တော်ပေါလုသွန်သင်တဲ့စကားမှာ၊ “အသင်းတော်၌ အခြားသောဘာသာစကားဖြင့် စကားတစ်သောင်းကိုပြောနိုင်သည်ထက်၊ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏” (၁ကော ၁၄း၁၉)။
- ဒါကြောင့် အဆုံးသတ်ပြောရရင်၊ သူတို့ပြောတဲ့ ကောင်းကင်တမန်ဘာသာစကားဟာ သမ္မာကျမ်းစာထဲက တမန်တော်တွေပြောခဲ့တဲ့အခြားသောဘာသာစကားလုံးဝမဟုတ်ဘဲ၊ အဓိပ္ပါယ်မရှိဘဲ မိမိကိုယ်ကိုဖန်တီးထားတဲ့စကား စိတ်ကြွပြီးဗလုံးဗထွေးပြောနေခြင်းသာဖြစ်တယ်လို့ သမ္မာတရားအရဖော်ပြပါရစေ။

In Christ,
Htin Htut

from Charismatism Q&A, written by Dr Jeffrey Khoo

 #အခြားသောဘာသာစကားဆိုတာဘာလဲ။ - အခြားသောဘာသာစကားပြောနိုင်တဲ့ဆုကျေးဇူးရရှိတာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အံ့ဩဖွယ်ဆုကျေးဇူး...
16/05/2026

#အခြားသောဘာသာစကားဆိုတာဘာလဲ။

- အခြားသောဘာသာစကားပြောနိုင်တဲ့ဆုကျေးဇူးရရှိတာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အံ့ဩဖွယ်ဆုကျေးဇူးများထဲမှ တစ်ခုဖြစ်ပါတယ် (၁ကော ၁၂း၁၀)။
- ဒီဆုကျေးဇူးကိုရရှိသူဟာ အခြားသောဘာသာစကားကို အရင်ကတခါမှတော့ သင်ဖူးခြင်းမရှိခဲ့ပေမယ့် သဘာဝလွန်ပြောနိုင်တာဖြစ်ပါတယ်။
- အခြားသောဘာသာစကားဟာ မူရင်းဂရိစကားလုံး “glossa” ကနေလာတာဖြစ်ပြီး၊ (Glossary in English) “ဘာသာစကား” လို့ အဓိပ္ပါယ်ရှိပါတယ်။
- အခြားသောဘာသာစကားကို အခြားဂရိစကားလုံး “dialektos” (English – dialect)၊ “ဒေသိယစကား” ဆိုပြီးလည်း အသုံးပြုဖော်ပြထားတာရှိပါတယ် (တမန် ၁း၁၉၊ ၂း၆၊ ၈၊ နှိုင်း - တမန် ၁း၁၉၊ ၂၁း၄၀၊ ၂၂း၂၊ ၂၆း၁၄)။
- ပင်တေကုတ္တေနေ့မှာ တမန်တော်တွေ အခြားသောဘာသာစကားကိုပြောခဲ့တဲ့အခါ၊ ပါးရှား၊ အာရှ၊ အီဂျစ်၊ အီတလီ၊ အာရပ်၊ စတဲ့ဘာသာစကားတွေကို ကိုယ်စားပြုတဲ့ ဘာသာစကား (သို့) ဒေသိယစကားနဲ့ ပြောခဲ့ကြတယ် (တမန် ၂း၉-၁၁)။
- ဒါပေမယ့် ဒီနေရာမှာ တမန်တော်တွေပြောခဲ့တဲ့ အခြားသောဘာသားစကားဟာ ဗလုံးဗထွေးပြောခဲ့တာမဟုတ်သလို၊ အဓိပ္ပါယ်မရှိတဲ့ “အာလာဘာ၊ ရှလာဘာ၊ ဒါဒဒဒါ...” ဆိုပြီးပြောခဲ့တာလည်းမရှိခဲ့ပါဘူး။
- ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့စကားတွေကို ကြားတဲ့သူတိုင်းက အဓိပ္ပါယ်ကို နားလည်ခဲ့ကြတယ် (တမန် ၂း၆၊ ၈)။
- ဒါကြောင့် တမန်တော်တွေပြောတာကို ကြားတဲ့သူတွေက “ဤသူများသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းအချင်းပြောဆိုကြ၏” (တမန် ၂း၁၁)။

In Christ,
Htin Htut

from Charismatism Q&A, written by Dr Jeffrey Khoo

 #ဘုရားသခင်ဟာ သင့်ရဲ့ချီးမွမ်းခြင်းကို ခံထိုက်သလား။  #ရှင်ယုဒ ၂၅ ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊...
04/05/2026

#ဘုရားသခင်ဟာ သင့်ရဲ့ချီးမွမ်းခြင်းကို ခံထိုက်သလား။

#ရှင်ယုဒ ၂၅
ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက်ရှိတော်မူစေသတည်း။ အာမင်။”

- ကယ်တင်ခြင်းဟာ ဘုရားသခင်ရဲ့အငန်းအတာ၊ ဘုရားသခင်ပဲ လုပ်ဆောင်တာဖြစ်တယ်ဆိုတာ နားလည်လာတဲ့အခါ ကျွန်တော်တို့ဟာ ဘုရားသခင်ကို “ကျေးဇူးတင်တယ်” Gvray e Oqa ie ဆိုတဲ့ စကားကိုပဲ ပြောချင်မှာဖြစ်ပါတယ်။
- ဘုရားသခင်ရဲ့နာမကိုသာ ချီးမွမ်းချင်မှာဖြစ်ပြီး၊ ဘုရားသခင်ကသာလျှင် အသက်ရှင်ကြောင်း၊ စစ်မှန်သောဘုရားဖြစ်ကြောင်းကို ချီးမွမ်းပြောဆိုနေမှာဖြစ်ပါတယ်။
- ဒါကြောင့် ရှင်ယုဒကလည်း ဘုရားသခင်ဟာ တစ်ဆူတည်းသော ဘုရားဖြစ်တာကို ဖော်ပြထားပြီး၊ ဘုရားသခင်ပိုင်ဆိုင်တဲ့ ဂုဏ်အင်္ဂါလက္ခဏာများကို ချီးမွမ်းရင်း သူ့ရဲ့စာစောင်ကို နိဂုံးချုပ်ထားပါတယ်။

- ရှင်ယုဒ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ဂုဏ်အင်္ဂါလက္ခဏာတွေက -
- ၁။ (doxa) - ဒါက ဘုန်းတန်ခိုးကို ရန်ညွန်းပြောဆိုတာဖြစ်ပါတယ်။ ယေရှုခရစ်တော်ကလည်း သူ့ရဲ့ ဘုရားဘုန်းတော်ကို တောင်ပေါ်မှာ ထင်ရှားပြသခဲ့တာကို ပေတရု၊ ယာကုပ်၊ ယောဟန်တို့က သက်သေမြင်ခဲ့တယ် (မဿဲ ၁၇:၁-၁၃၊ မာကု ၉း၂-၁၃၊ လုကာ ၉း၂၈-၃၆)။
- ရှင်ယောဟန်ကလည်း ယော ၁း၁၄မှာ ခရစ်တော်ရဲ့ဘုန်းကို မြင်ရပြီဖြစ်ကြောင်း သက်သေခံထားပါတယ်။
- ၂။ (megaloosunee) - ဒါက ဘုရားသခင်ရဲ့ ရှင်ဘုရင်ဖြစ်ခြင်းကို ရည်ညွန်းတာဖြစ်ပါတယ်။
- ဒီစကားလုံးကို ဓမ္မသစ်ရဲ့ အခြားနှစ်နေရာမှာသာတွေ့ရပြီး ဟေဗြဲဩဝါဒစာစောင် (၁း၃၊ ၈း၁) တွင် အသုံးပြုထားပါတယ်။
- သူ့ရဲ့ပလ္လင်ဟာ အခြားပလ္လင်များရဲ့ အထက်မှာဖြစ်ပြီး၊ သူဟာ ဘုရင်တို့ရဲ့ ဘုရင်၊ အရှင်တို့ရဲ့အရှင်ဖြစ်ပါတယ် (ဗျာ ၁၉း၁၆)။
- သူ့ရဲ့ကြီးမြတ်ခြင်းဟာ အဆုံးစွန်ဖြစ်ပြီး၊ ခမ်းနားထယ်ဝါမှုဟာ တုပစရာမရှိပါ။
- ၃။ (kratos) - ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ရည်ညွန်းပါတယ်။
- ဘုရားသခင်ဟာ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိတဲ့အရာအားလုံးအပေါ်မှာ စိုးမိုးအုပ်ချုပ်ပိုင်သော အခွင့်အာဏာရှိသူဖြစ်ပါတယ်။ (ကော ၁း၁၆-၁၉)
- ၄။ (exousia) - ဘုရားသခင်ရဲ့ အရာခပ်သိမ်းတတ်စွမ်းသောဘုရားဖြစ်တာကို ရည်ညွန်းပါတယ်။ ဒီနေရာမှာ ယေရှုခရစ်တော်ဟာ သခင်ဖြစ်တယ်ဆိုတာကို အဓိကပြောဆိုခြင်းဖြစ်ပါတယ် (မဿဲ ၂၈း၁၈၊ ဖိလိပ္ပိ ၂း၉-၁၁)။

- glory, majesty, dominion, and power ဟာ ဘုရားသခင်ပိုင်ဆိုင်တဲ့ ဂုဏ်အင်္ဂါလက္ခဏာများဖြစ်ပြီး၊ သူ့ရဲပိုင်ဆိုင်ခြင်းဟာ ထာဝရအတိတ်ကာလမှစ၍၊ ထာဝရကမ္ဘာအဆက်ဆက်ထိတိုင်အောင် ပိုင်ဆိုင်သူဖြစ်ပါတယ်။
- ဒါကြောင့် ဒီလောက်ထိ ကြီးမြတ်တဲ့ဘုရား၊ ကျွန်တော်တို့ကို အယူလွဲဖောက်ပြန်ခြင်းမှ စောင်မနိုင်သောဘုရား၊ စစ်မှန်သောအာမခံချက်ကို ပေးသောဘုရားကို သင်အကြွင်းမဲ့ နှလုံးသားထဲမှသိလျှင် ဘုရားကို မချီးမွမ်းဘဲ နေနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ဘုန်းအသရေပေးခြင်း၊ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တဲ့ဘုရားဖြစ်တယ်ဆိုတာ နားလည်သွားလို့ပါ။
- ဒါ့အပြင်ကျွန်ုပ်တို့အသက်တာမှာ ဘာပဲလုပ်လုပ်၊ ဘယ်ကိုပဲသွားသွား ဘုရားသခင်ထံ အပ်နှံခြင်းရှိမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်ုပ်တို့ကို ပိုင်ဆိုင်သူဖြစ်ပြီး၊ ကျွန်ုပ်တို့အသက်တာထဲမှာ ဘုရားသခင်ရဲ့အုပ်စိုးခြင်း၊ အခွင့်အာဏာကို အပြည့်အဝနားလည်သွားလို့ပါ။
- ဘုရားသခင်ရဲ့တတ်စွမ်းနိုင်ခြင်းကို နာလည်ပြီး၊ ဘုရားကလွဲပြီး တခြားအရာများကိုလည်း ကျွန်ုပ်တို့ ကိုးစားချင်တော့မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ရှေ့အနာဂတ်အားလုံးဟာ ဘုရားသခင်ရဲ့လက်တော်ထဲမှာပဲ ရှိတာကို နားလည်လာတဲ့အခါ၊ ဘုရားသခင်ရဲ့အလိုတော်ကို ဝန်ခံခြင်းနဲ့ပဲ အသက်ရှင်ချင်သူ ဖြစ်သွားတာပါ။ ဒါကြောင့် သင့်အသက်တာမှာ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ မပြောဘဲနေနိုင်မှာမဟုတ်ပါဘူး။

- ဒါကြောင့် ကျွန်ုပ်တို့အသက်တာမှာ အလွန်ကောင်းမြတ်တဲ့ဘုရား၊ အပြည့်အဝ ကိုးစားလို့ရတဲ့ဘုရား၊ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တဲ့ဘုရားသခင်ရဲ့ နာမတော် ဘုန်းကြီးခြင်းရှိပါစေ။ အာမင်။

In Christ,
Htin Htut


Jeffrey Khoo, "The Burning Bush Vol 22 No 2," (July 2016).
Samuel Joseph, "RPG," (April to June 2020).

🙂

 #ထိမိ၍လဲခြင်းမှ စောင်မပေးနိုင်သောသူဟာ ဘယ်သူလဲ။  #ရှင်ယုဒ ၂၄“ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှ...
02/05/2026

#ထိမိ၍လဲခြင်းမှ စောင်မပေးနိုင်သောသူဟာ ဘယ်သူလဲ။

#ရှင်ယုဒ ၂၄
“ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသောသူတည်းဟူသော၊”

- အပိုဒ်ငယ် ၂၄-၂၅ မှာ ရှင်ယုဒက အလွန်ပဲ အဓိပ္ပါယ်ရှိတဲ့ကောင်းကြီးမင်္ဂလာပေးခြင်းဖြင့် နိဂုံးချုပ်ထားပါတယ်။
- အယူလွဲဖောက်ပြန်မှုများကြားထဲမှာ၊ ထိမိ၍ လဲခြင်းမရှိစေဖို့ ကျွန်ုပ်တို့ကို စောင်မနိုင်သောသူ တစ်ဦးတည်းရှိတာကို ဖော်ပြထားပြီး၊ ထိုသူဟာ “ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသော ဘုရားသခင်၊ ငါတို့သခင်ယေရှုခရစ်” ဖြစ်တယ်လို့ ပြောပြထားပါတယ် (ရှင်ယုဒ ၂၅)။
- ဒီကျမ်းပိုဒ်မှာ “စောင့်ရှောက်ခြင်း” phulaxai စကားလုံးက စောင့်ကြပ်ခြင်း၊ ကာကွယ်ခြင်းကို ဆိုလိုပြီး၊ အပိုဒ်ငယ် ၂၁ ထဲမှ “စောင့်ရှောက်” teereoo စကားလုံးနဲ့တော့ ကွဲပြားပါတယ်။
- ဒီစကားလုံးက သတိနဲ့ကွယ်ကာစောင့်ရှောက်ခြင်း အိုင်ဒီယာရှိပါတယ်။ ဆိုလိုတာက ဘုရားသခင်ဟာ ကျွန်တော်တို့ကို ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေဖို့ သတိနဲ့ ကွယ်ကာစောင့်ရှောက်ပေးတာကို ပြောနေတာပါ။
- Context အရ၊ အယူလွဲဖောက်ပြန်ခြင်း၊ သေပြီးနောက် ဝိညာဉ်ပျက်စီးဆုံးရှုံးခြင်းထဲမှ ကွယ်ကာစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။
- ဘုရားက သူ့သားသမီးတွေအပေါ် စောင့်ရှောက်ဖို့ရန် ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။ သူ့ရဲ့စောင့်ရှောက်ခြင်းက ဘယ်တုန်းကမှ မကျရှုံးခဲ့ပါဘူး။
- တနည်းအားဖြင့်ပြောရလျှင်၊ စစ်မှန်တဲ့ ဘုရားသားသမီးတွေဟာ အယူလွဲဖောက်ပြန်သူ လုံးဝမဖြစ်ဘူး။ ဝိညာဉ်ကယ်တင်ခြင်းခံရသူဟာ ကယ်တင်ခြင်းဆုံးရှုံးစရာမရှိဘူးလို့ ပြောနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့ရဲ့ အကွယ်အကာဖြစ်ပြီး၊ စောင့်ရှောက်ပေးတဲ့အတွက်ကြောင့်ပါ။
- ဆာလံဆရာရဲ့ ဆာလံ ၁၂၁ မှာ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး သီချင်းဖွဲ့ဆိုထားပါတယ်၊ “ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။ ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ။ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူလိမ့်မည်။”

- ဒါ့အပြင် သူဟာ “အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော ဘုရားသခင်” ဖြစ်ပါတယ်။ ဆိုလိုတာက ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို အဆုံးထိစောင်မမယ့်သူဖြစ်တာကို ပြောနေတာပါ။
- နောက်ဆုံးသောနေ့ရက်မှာ ကျွန်ုပ်တို့ဟာ အပြစ်ကင်းသောသူအဖြစ် ဆက်သခြင်းခံရမှာဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကတိတော်ပါပဲ။
- “အပြစ်မရှိဘဲ” amoomos စကားလုံးက “အညစ်အကြေး (သို့) အစွန်းအထင်းကင်းခြင်း၊” ဆိုတဲ့အိုင်ဒီယာရှိပါတယ်။ ဒီစကားလုံးကို အပြစ်တင်စရာမရှိသူ၊ အညစ်အကြေးနဲ့ကင်းစင်သော သိုးသငယ် (ယေရှုခရစ်တော်) ကို ရည်ညွန်းပြီး အသုံးပြုထားပါတယ် (၁ပေ ၁း၁၈-၁၉)။ ဒါက ကျွန်ုပ်တို့ဟာ ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့် ဘုရားရှေ့မှာ အပြစ်ကင်းသောသူဖြစ်တယ်လို့ ဆက်သခြင်းခံရမှာကို ဆိုလိုပါတယ်။
- တနေ့မှာ ကျွန်တော်တို့ဟာ အပြစ်မှ လုံးဝလွတ်ကင်းသူတွေဖြစ်မှာဖြစ်ပြီး၊ အဲ့ဒီအချိန်ဟာ ချီဆောင်ခြင်းအချိန်ဖြစ်ပါတယ် (၁ကော ၁၅း၅၃)။
- ထိုအချိန်မှာ ယုံကြည်သူများအားလုံးဟာ ဘုန်းအသရေရှိတဲ့ ခန္တာကို လက္ခံရရှိပြီး၊ ဘယ်တော့မှ ပျက်စီးခြင်းမရှိတဲ့သူအဖြစ် ထာဝရအသက်ရှင်ခြင်း ရရှိမှာဖြစ်ပါတယ်။
- ဒါကြောင့် ကျွန်တော်တို့ခရစ်ယာန်တွေဟာ ပျော်ရွှင်တာနဲ့မတူတဲ့ ဝမ်းမြောက်ခြင်းကို ခံစားရရှိတာမဟုတ်ပေဘူးလား။

- ချစ်သောဓမ္မမိတ်ဆွေများ၊ သင်ဟာ ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစားတိုက်လှန်တဲ့အခါ၊ သင့်ကို စောင်မနိုင်သောဘုရား၊ ကယ်တင်တော်မူသောအရှင်၊ ယေရှုခရစ်တော်ဘက်မှာပဲ ရပ်တည်ဖို့လိုပါတယ်။
- ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်ရဲ့ ခွန်အားနဲတိုက်လှန်နိုင်မှာမဟုတ်ဘဲ၊ ဘုရားကို ကိုးစားခြင်းအားဖြင့်၊ ဘုရားက တိုက်လှန်ပေးမှသာ အောင်မြင်ခြင်းရရှိနိုင်မှာမို့လို့ပါ။ “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဖက်၌ နေနိုင်မည်နည်း” (ရော ၈း၃၁)။”
- ဒီကနေ့ အယူလွဲဖောက်ပြန်မှုတွေကြားထဲမှာ သင့်ကို ထိမိ၍လဲခြင်းမှကင်းလွှတ်စေဖို့ စောင်မနိုင်သောသူဟာ ဘုရားသခင်သာလျှင်ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်အပေါ်မှာ စိတ်ချမှုအပြည့်အဝနဲ့အတူ ထာဝရပြည့်စုံခြင်းနေ့ရက်ကို ယုံကြည်မျော်လင့်ပြီး အသက်ရှင်ကြဖို့ရန်ဖြစ်ပါတယ်။

In Christ,
Htin Htut


Jeffrey Khoo, "The Burning Bush Vol 22 No 2," (July 2016).
Samuel Joseph, "RPG," (April to June 2020).
🙂

 #အခြားသူများအပေါ် ပြုရမယ့် ကျွန်ုပ်ရဲ့တာဝန်ဝတ္တရားက ဘာလဲ။  #ရှင်ယုဒ ၂၂-၂၃“ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သန...
17/04/2026

#အခြားသူများအပေါ် ပြုရမယ့် ကျွန်ုပ်ရဲ့တာဝန်ဝတ္တရားက ဘာလဲ။

#ရှင်ယုဒ ၂၂-၂၃
“ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။ ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။”

- ရှင်ယုဒက ယုံကြည်သူများကို အယူလွဲဖောက်ပြန်ခြင်းမှ မိမိကိုယ်ကို မည်သို့ကာကွယ်ရမယ့် တာဝန်ဝတ္တရားကို သွန်သင်အပြီးမှာ၊ ထပ်မံပြီး အခြားသူများကို မည်သို့ကူညီရမယ့် တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး သွန်သင်ထားပါတယ်။

- ဒီတာဝန်ဝတ္တရားဟာ (၁) “ #ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြ” ဖို့ရန်ဖြစ်ပါတယ်။
- Diakrinoo စကားလုံးက “ပိုင်းခြား၍ ကောင်းစွာသိမြင်သည်” လို့အဓိပ္ပါယ်ရှိပါတယ်။
- ကျွန်ုပ်တို့ဟာ အယူလွဲဖောက်ပြန်သူတွေနဲ့ လည့်ဖျားခြင်းခံနေရတဲ့ ယုံကြည်သူများအကြား ကောင်းစွာပိုင်းခြားသိနိုင်ဖို့ရန် ဘုရားသခင်ရဲ့ ခေါ်ခြင်းခံရသူတွေဖြစ်ပါတယ်။
- အချို့ယုံကြည်သူများဟာ အယူလွဲဖောက်ပြန်သူများတော့ မဟုတ်ကြပါဘူး။
- ဒါပေမယ့် သူတို့ဟာ မှားယွင်းသောသွန်သင်ခြင်းနဲ့ မိနေပြီး၊ လည့်ဖျားခြင်း ခံနေရတဲ့သူတွေ၊ ခံရဆဲဆဲရှိသူတွေဖြစ်နေပါတယ်။ ဒါကြောင့် သူတို့အခြေအနေကို ကျွန်ုပ်တို့ဟာ ကောင်းမွန်စွာ သိနားလည်ထားပြီး၊ သမ္မာတရားလမ်းမှန်ကို ရောက်လာအောင်ကူညီရမှာဖြစ်ပါတယ်။
- ထိုသို့ကူညီတဲ့အခါ၊ သူတို့ရဲ့ အခြေအနေတိုင်းကို တူညီတဲ့စံနှုန်းနဲ့မဟုတ်ဘဲ၊ သင့်လျော်ကိုက်ညီစွာ၊ ပညာရှိစွာ ပိုင်းခြားဖို့ရန် လိုအပ်ပါတယ်။

- “သနားကြလော့” eleeite စကားလုံးက တစ်စုံတစ်ယောက်ကို “နူးညံသောစိတ်” (သို့) “သနားသောစိတ်နဲ့” ကူညီခြင်း၊ သူတစ်ပါးအပေါ် ဂရုဏာပြသခြင်းကို ဆိုလိုပါတယ်။
- ထို့သို့ လည့်စားခြင်းခံနေရတဲ့သူတွေကို ကြိမ်းမောင်းဆဲဆိုဖို့၊ အပြစ်တင်ပြီး စိတ်ပျက်စရာစကားတွေနဲ့ ပြောဖို့တော့မဟုတ်ပါဘူး။
- သူတို့လည့်စားခံနေရတာသိပေမယ့်၊ ငါနဲ့မဆိုင်ပါဘူး၊ ငါ့ကိစ္စမဟုတ်ပါဘူး ဆိုပြီး ကျော်သွားဖို့လည်း မဟုတ်ပါဘူး။ သင်ဟာ ယုံကြည်သူစစ်မှန်လျှင် သူတို့ကို သနားသောစိတ်ရှိကို ရှိရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်က ဘုရားသခင်ရဲ့ သနားခြင်းကို ခံရပြီးသားသူဖြစ်နေလို့ပါပဲ။
- လည့်စားခြင်းခံနေရတဲ့သူများဟာ ယုံကြည်ခြင်းမှာ ငယ်သောသူများ၊ ဝိညာဉ်ရေးရာမှာအားနည်းသောသူများ၊ သမ္မာတရားလမ်းမှန်ကို ရောက်ဖို့ လိုအပ်နေသူများဖြစ်ပါတယ်။
- ဥပမာ - သခင်ယေရှုခရစ်တော်ကို အတိအလင်းငြင်းပယ်သော ပေတရုပင်လျှင် ဂါလိလဲအိုင်နားမှာ ပြန်လည်ပြုပြင်ခြင်း သနားခြင်းကို ခံခဲ့ရပါတယ်။
- ပေတရုက အယူလွဲဖောက်ပြန်သောသူတော့မဟုတ်ခဲ့ပါဘူး။ အမှားကျူးလွန်နိုင်ပြီး၊ ဝိညာဉ်ရေးရာမှာ ရုန်းကန်နေရတဲ့ သန့်ရှင်းသူဖြစ်ခဲ့တာပါ။
- အဲ့လိုလူတွေ လိုအပ်တဲ့အရာက နူးညံ့သောလက်၊ စိတ်ရှည်ခြင်း၊ သမ္မာတရားအားဖြင့် ဆုံးမပြုပြင်ခြင်းတို့ဖြစ်ပါတယ် (၂တိ ၂း၂၅-၂၆)။
- သခင်ယေရှုက တောင်ပေါ်ဒေသနာမှာ “သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတံ့” ဆိုပြီးလည်း သွန်သင်ထားပါတယ် (မဿဲ ၅း၇)။
- ဒါကြောင့် ဒီလူတွေအပေါ်မှာ နူးညံ့သောစိတ်နဲ့ သနားခြင်းရှိဖို့၊ ပြသဖို့လိုအပ်တာကို ရှင်ယုဒက သွန်သင်ထားတာဖြစ်ပါတယ်။

- ဒါပေမယ့် အချို့တို့ကိုကျတော့ သနားခြင်းမဟုတ်ဘဲ
- ၂။ “ #ကြောက်ရွံ့ခြင်းနှင့်တကွ မီးထဲမှဆယ်နှုတ်ကယ်တင်ကြ” ဖို့ရန် လိုအပ်ပါတယ် (ရှင်ယုဒ ၂၃)။
- “အချို့တို့ကို” စကားလုံးက သင်ကြားဖို့မလွယ်ကူသောသူများ၊ ခေါင်းမာသောယုံကြည်သူများကို ရည်ညွှန်းပါတယ်။
- ဒီလူတွေဟာ မှားယွင်းသောဆရာများရဲ့ လွမ်းမိုးခြင်းကို ခံရပြီးသားသူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သတိပေးပြီး၊ အရေးပေါ်ချဉ်းကပ်တာတွေလုပ်ဆောင်မှပဲ တုန့်ပြန်မယ့်သူတွေဖြစ်ပါတယ်။

- “ကယ်တင်ကြလော့” sozete ဆိုတဲ့စကားလုံးက အမိန့်စကားဖြစ်ပြီး၊ အန္တရာယ်၊ ပျက်စီးခြင်းမှ ကယ်တင်ဖို့ရန် ဆိုလိုပါတယ်။
- ဘာလို့လဲဆိုတော့ ဒီလူတွေဟာ အန္တရာယ်ဇုံ အခြေအနေမှာ ရှိနေလို့ဖြစ်ပါတယ်။
- သူတို့ဟာ မီးထဲမှာနေသကဲ့သို့ဖြစ်ပြီး ကြောက်ရွံ့ခြင်းနဲ့ ဆွဲနုတ်ဖို့လိုအပ်ကြတယ်။
- “ကြောက်ရွံ့ခြင်း” phobo စကားလုံးဟာ စိုးရိမ်စိတ်ဖြင့်၊ အရေးပေါ်ကယ်တင်ခြင်းကို ရည်ညွှန်းပါတယ်။
- ဒီနေရာမှာ ရှင်ယုဒက သူတို့ကိုကယ်တင်ခြင်းဖြင့် ထာဝရအသက်ကို ပေးဖို့ပြောနေတာမဟုတ်ပါဘူး။
- ဆိုလိုတာက မှားယွင်းသောဆရာတွေအားဖြင့် လည့်စားခြင်းခံနေရတဲ့သူတွေကို ဘုရားသခင်ရဲ့ တရားစီရင်ခြင်း ခံရမယ့်နေရာမှ ကယ်တင်ခြင်းကို ပြောနေတာဖြစ်ပါတယ်။
- ဒီလိုကယ်တင်းခြင်းဟာ တစ်ခါ၊ နှစ်ခါပဲ လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ အမြဲလုပ်ဆောင်ဖို့ဖြစ်ပါတယ်။
- ဥပမာ - သောဒုံနဲ့ဂေါမောရမြို့နှစ်မြို့ကို စီရင်ခြင်းရောက်လာသောအချိန်က ကောင်းကင်တမန်တို့ဟာ လောတမိသားစုကို “ဖင့်နွဲ့ခြင်း” ရှိကြတဲ့အတွက်ကြောင့် သောဒုံမြို့မှ လက်ဖြင့် ဆွဲထုတ်သလိုပဲ လုပ်ဆောင်ဖို့လိုအပ်ပါတယ် (ကမ္ဘာ ၁၉း၁၅-၁၆)
- ဒီလိုလူတွေကို သနားဖို့အချိန်လွန်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် ပြင်းထန်စွာဆုံးမဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာလျှင် သူတို့ဟာ “ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်း ခံရမည်” ဖြစ်ပါတယ် (တိ ၁း၁၃)။
- ဒါကြောင့် သူတို့ ကယ်တင်ခြင်းခံရဖို့ရန် သူတို့ရဲ့ အခြေအနေဟာ ကြောက်ရွံစရာကောင်းကြောင်း သိစေခြင်းဖြင့် ဆုံးမရပါမယ်။
- အဲ့ဒီလိုလုပ်နေစဉ်အတွင်းမှာပဲ ကျွန်ုပ်တို့ကိုယ်တိုင်လည်း “ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ”ရပါမယ်။ ဆိုလိုတာက သူတို့ကို ကယ်တင်နေစဉ်အတွင်းမှာ ကိုယ်ကိုတိုင် အပြစ်မပြုမိဖို့ သတိထားရမှာကို ပြောနေတာပါ။
- ကိုယ်ကျင့်တရားညစ်ညူးစေတဲ့အရာ၊ ဇာတိအသွေးအသားတောင့်တတဲ့အရာတွေအားဖြင့် မလွမ်းမိုးမိစေဖို့ ဆင်ခြင်သတိထားရပါမယ်။ တနည်းအားဖြင့် အပြစ်သားကို ကယ်တင်ခြင်းအမှု၌ ပါဝင်နေချိန်မှာ၊ အပြစ်ကို မုန်းဖို့၊ အပြစ်ထဲမကျရောက်မိစေဖို့ သတိထားရမှာပါ။
- ဒါမှသာလျှင် မိမိအသက်တာဟာ သန့်ရှင်းသော ပုံသက်သေကောင်းရှိပြီး၊ မိမိအသက်တာအားဖြင့် သူတို့ဟာ ဘုရားကို တွေ့မြင်လာနိုင်မှာဖြစ်ပါတယ်။

- ချစ်သောဓမ္မမိတ်ဆွေများ၊ ဒီကနေ့ ယုံကြည်သူတွေ “ယုံကြည်ခြင်းတရားဘက်မှ ကြိုးစားတိုက်လှန်ခြင်း” (ယုဒ ၃) ဟာ နှုတ်အားဖြင့် ငြင်းခုံရုံပဲမဟုတ်ပါဘူး။
- ဦးနှောက်အသိဉာဏ်သက်သက်ပဲလည်း မဟုတ်သလို၊ အမြင်ဖလှယ်ရုံ ဆွေးနွေးခြင်းသက်သက်ပဲ မဟုတ်ပါဘူး။
- ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစားတိုက်လှန်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ အသက်တာနဲ့ ပတ်သက်လျှက်ရှိတာဖြစ်ပါတယ်။
- ဒါကြောင့် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်ပြီး၊ သူတပါးတို့ကို သနားကြင်နာခြင်းဖြင့်၎င်း၊ အချို့တို့ကို ပြင်းထန်တဲ့ဆုံးမခြင်းဖြင့်၎င်း ဖြစ်တယ်ဆိုတာကို ရှင်ယုဒက ကျွန်ုပ်တို့သူတစ်ပါးအပေါ် ပြုရမည့်တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး တိုက်တွန်းထားတာဖြစ်ပါတယ်။

In Christ,
Htin Htut


Jeffrey Khoo, "The Burning Bush Vol 22 No 2," (July 2016).
Samuel Joseph, "RPG," (April to June 2020).

🙂

Address

9A Gilstead Road
Singapore
309063

Telephone

+6586487289

Website

Alerts

Be the first to know and let us send you an email when Christian Literature & Gospel Truth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Christian Literature & Gospel Truth:

Shortcuts

Share