03/06/2026
“ဥပေက္ခာ”
ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေက အဓိပ္ပာယ်ကောက် လွဲနေတယ်။ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊ ကရုဏာထက်လည်း သာတယ်၊ မုဒိတာထက်လည်း သာတယ်။
ဥပေက္ခာဆိုတဲ့ သဘောတရားက လူဆိုတာ သူ့ ကံနဲ့သူဖြစ်တာ၊ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း ဩော်၊ ဒီကောင်ကတော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ဝမ်းမသာဘူး။ ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာ လို့ခေါ်တယ်။ စိတ်ဓာတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓာတ်တည်ငြိမ်ပြီး လူကို လျစ်လျူ မရှုဘူး၊ လူ့ရဲ့အပြုအမူကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာလုပ်တယ်။
ဆိုပါစို့၊ လူတစ်ယောက် အကူအညီလိုနေတယ်၊ ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့ ခိုင်းတယ်။ စိတ်မဆိုးဘူး၊ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ခိုင်းတယ်၊ ဝမ်းမသာဘူး၊ လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။ ဝမ်းသာတယ်တို့၊ စိတ်ဆိုးတယ်တို့ဆိုတာက စိတ်မှာ တည်ငြိမ်မှုမရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့သဘောကို ပြနေတာ။
ဥပေက္ခာမှာ တည်ငြိမ်မှုမရှိဘူးဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ဥပေက္ခာကို ဘာသာပြန်တဲ့အခါမှာ equanimity နဲ့ ပြန်တာ။ mental calmness စိတ်က တည်ငြိမ်နေတာ၊ စိတ်ဓာတ် တည်ငြိမ်နေတာ။ အခု မြန်မာတွေက ဘယ်လိုအဓိပ္ပာယ်ကောက်လဲ ဆိုလို့ရှိရင်တော့ ဥပေက္ခာဆိုတာ အေး၊ ကိုယ်နဲ့မတည့်တဲ့သူ ဒီကောင် မခေါ်မပြောဘဲနေလိုက်တယ်၊ ဥပေက္ခာပြုထားတယ်၊ မခေါ်မပြောဘူး။ စကားလည်း မပြောဘူး၊
သူ့ ဘာမှမလုပ်ဘူး၊ အဲဒါ ဥပေက္ခာ၊ ဒီလိုပဲမဟုတ်ဘူး။ အဲဒီ ဥပေက္ခာကတစ်မျိုး၊ ဒီ မွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။
မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး။ လုပ်သင့်တာ လုပ်တယ်၊ ဒါမှ တကယ့်ဥပေက္ခာ။ ဆဲလည်းဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်တယ်။ ချီးမွမ်းရင်လည်းဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကိုလုပ်ပေးတယ်။ စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်။ ဒါမှ တကယ့် ဥပေက္ခာပါ။
ဆိုလိုတာက ဥပေက္ခာသည် လူပုဂ္ဂိုလ်ကို လျစ်လျူရှုတာ မဟုတ်ဘူးတဲ့။ ပုဂ္ဂိုလ်လုပ်တဲ့ အပြုအမူကို လျစ်လျူရှုတာ။ သူပြောချင်တာတွေ ပြောပါစေ၊ ဂရုမစိုက်ဘူး၊ ငါလုပ်သင့်တာ ငါလုပ်သွားမယ်။ အဲဒါမှ ဥပေက္ခာ။
ကြည့်လေ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-
“ဝဓကေ ဒေဝဒတ္တေ စ၊ စောရေ အင်္ဂုလိ+မာလကေ။
ဓနပါလမှိ ရာဟုလေ စ၊ သဗ္ဗတ္ထ သမကော မုနိ။”
မြတ်စွာဘုရားကို -သ-တ်ဖို့ ကြိုးစားတဲ့ ဒေဝဒတ်၊ နောက်က ဓားကြီးနဲ့ခုတ်မလို့လိုက်တဲ့ အင်္ဂုလိမာလ၊ ထိုး-သ-တ်မလို့လာတဲ့ နာဠာဂီရိဆင်ကြီး၊ ရာဟုလာသားတော်။ အဲဒီလေးယောက်အပေါ်မှာ စိတ်ဓာတ် တူညီအောင် ထားနိုင်တယ်ဆိုတာ စဉ်းစားသာကြည့်။
ဘုန်းကြီးတို့တတွေ ထားနိုင်မှာလား။ တစ်ညီတည်းကို စိတ်ထားနိုင်တာ။ အဲဒါ ဥပေက္ခာပေါ့။ ခွဲခြားပြီးတော့ မမြင်တော့ဘူး။ -သ-တ်ဖို့ ဓားထမ်းပြီးတော့လိုက်တဲ့ လူ-သ-တ်သမားနဲ့ သားတော်ရာဟုလာ ခွဲခြားပြီးမမြင်ဘူး၊ အတူတူပဲ၊ စိတ်ဓာတ် တည်ငြိမ်နေတာ။ ဘာဖြစ်လို့ မြတ်စွာဘုရား စိတ်ဓာတ်တည်ငြိမ်တုန်းဆိုတော့ ဘုရားမှာ လောဘ၊ ဒေါသမှ မရှိတာ။ ဘက်လိုက်တယ်ဆိုတာ လောဘတို့ ဒေါသ တို့ မောဟတို့ရှိမှ ဘက်လိုက်တာ။
လောဘရှိရင် ဘက်လိုက်ပြီ ဆန္ဒာဂတိ၊ ဒေါသ ဆိုရင်လည်း ဘက်လိုက်ပြီ ဒေါသာဂတိ၊ အမှန်မသိရင်လည်းပဲ ဘက်လိုက်ပြီ မောဟာဂတိ၊ ကြောက်လို့ ဘက်လိုက်တယ် ဘယာဂတိ၊ ဟော အဂတိ ၄-ပါး ဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ ပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟကြောင့် စိတ်ဓာတ် ယိမ်းယိုင်မှုကိုဆိုတာ။ လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ ပုဂ္ဂိုလ် တွေရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်နေတယ်။ equanimity အမြဲတမ်း တည့်မတ်တည်ငြိမ်နေတယ်။ ဟိုဘက် ဒီဘက် လှုပ်ရှား ယိမ်းယိုင်မှုမရှိဘူး။ တည့်မတ်တည်ငြိမ်သွားတာ။ အဲဒီလိုဖြစ်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့တရားတွေ ပွားများပြီးတဲ့ အခါ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဥပေက္ခာ တရားကိုပွားရတယ်။ အဲဒီလို ဥပေက္ခာတရားကိုပွားလိုက်တဲ့အခါမှာ အဲဒီ ပုဂ္ဂိုလ်ဟာ တကယ့် စိတ်ဓာတ်တည်ငြိမ်တဲ့ သူတော်စင်ဖြစ်သွားပြီ၊ အလွန်မြင့်မြတ်သွားပြီ။
ကြည့်လေ၊ မေတ္တာဆိုတဲ့ နှလုံးသားက နည်းနည်း စိတ်လှုပ်ရှားမှုရှိတယ်၊ မငြိမ်ဘူး။ သူက သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားပြီး သတ္တဝါတွေ ချမ်းသာကြပါစေဆိုတဲ့ လှုပ်ရှားမှုလေးတွေရှိတယ်။ ကရုဏာကလည်း သနားတဲ့စိတ်ဆိုတော့ စိတ်လှုပ်ရှားမှုလေးတစ်ခုပဲ။ မုဒိတာဆိုတာကလည်း ဝမ်းမြောက်ဝမ်းသာတာ ဆိုတော့ စိတ်လှုပ်ရှားမှုလေး တစ်ခု။ ငြိမ်တာ မဟုတ်ဘူး၊ လှုပ်ရှားမှုလေးတွေနဲ့ သွားနေတာ။ စိတ်လှုပ်ရှားမှု (emotion)တွေ ရှိတယ်။ ဥပေက္ခာကျတော့ စိတ်လှုပ်ရှားမှုဆိုတာ လုံးဝမရှိတော့ဘူး၊ ငြိမ်နေပြီ။ အဲဒီလို ငြိမ်နေတာက ပိုပြီးတော့ အဆင့်အတန်းမြင့်တယ်။
society မှာနေတဲ့အခါ အဲဒီလို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ နဲ့နေပါ။ မြတ်စွာဘုရားက ရွေးချယ်ရမယ့်လမ်းတစ်ခုကို ဟောတာ။ ဒါ ဘယ်တရား၊ ဘယ်ဘာသာလို့ ပြောတာမဟုတ်ဘူး၊ လူတိုင်းလူတိုင်း ကျင့်သုံးနိုင်မယ့်တရားတွေ ချည်းပဲနော်။
- ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ -
🙏🙏🙏