17/03/2024
{{{တကယ် ဟုတ်ရဲ့လား}}}
😂😂😂😂😂
တခါတုန်းက ရွာတရွာမှာ ဒေါ်အိမ်မြဲ ဆိုတဲ့ -အဖွားအိုတစ်ယောက် ရှိတယ် ။ သူ့မှာ အသက်သုံးဆယ်လောက်ရှိတဲ့ -သားတယောက် ရှိတယ်။ သူ့သားကိုလည်း အလွန်ချစ်တယ် ။
ဒေါ်အိမ်မြဲဟာ …ရွာဦးကစေတီရဲ့ လှိုင်ဂူအတွင်းရှိ
နှီးဘုရား ဆင်းတုတော်ကြီးကို မနက်တိုင်း ဆွမ်းအမြဲ ကပ်လှူတယ် ။ ဆွမ်းကပ်ပြီးတဲ့အခါ ဘုရားမှာလည်း -
"အရှင်ဘုရား … တပည့်တော်မသည် ၊ဤဆွမ်း၊ရေချမ်း၊ပန်းတို့ ကပ်လှူရသော ကုသိုလ် ကောင်းမှုကြောင့် ၊
နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုဖြင့် ရောက်ရပါလို၏ အရှင်ဘုရား" လို့ ဆုတောင်းလေ့ရှိတယ် ။
ရွာဦးစေတီနားက နွားစားကျက်မှာ နွားကျောင်းတဲ့ နွားကျောင်းသား 'ငနောက်'ဆိုသူက ၊ဒေါ်အိမ်မြဲ ဆုတောင်းတာကို နေ့တိုင်း ကြားနေရတယ် ။
နွားကျောင်းသား'ငနောက်'က အဖွားအိုကို စ,ချင်တာနဲ့ ၊
နောက်တနေ့ မနက်စောစော - အဖွားဒေါ်အိမ်မြဲ ဆွမ်းကပ်လာတာမြင်တော့ -ဘုရားဆင်းတုတော်ရဲ့နောက်မှာ ပုန်းပြီး စောင့်နေလိုက်တယ် ။
ဒေါ်အိမ်မြဲက ထုံးစံအတိုင်း ဆွမ်းကပ်အမျှဝေ ဆုတောင်းတာပေါ့ ။ ဆုတောင်းလို့လည်း ပြီးရော - -
နွားကျောင်းသား'ငနောက်'က ဆင်းတုတော် နောက်ကနေပြီး ၊
"သာဓု, သာဓု, သာဓုပါ ဒကာမကြီး …၊ ဒကာမကြီး … အမြဲ ဆုတောင်းနေတဲ့ 'နိဗ္ဗာန်မဂ်ဖိုလ်'ရက်တိုတိုနဲ့ -
ရောက်ချင်လို့တောင်းတဲ့ဆုကို (၇)ရက်အတွင်း ပြည့်စေဗျား…"လို့ အသံဖျက်ပြီး ဆုပေးလိုက်သတဲ့ ။
အဖွား ဒေါ်အိမ်မြဲလည်း …အသံကြားလိုက်တော့ -
ဘုရားကို အမြန်ရှိခိုး ဦးချကာ …မျက်စေ့ မျက်နှာပျက်ပြီး အိမ်ကို တန်းပြန်သွားပါတော့တယ် ။
အဲဒီနေ့ကစပြီး ဒေါ်အိမ်မြဲခမျာ …သားကိုခွဲပြီး (၇)ရက်အတွင်း နိဗ္ဗာန် သွားရမှာကို တွေးပြီး မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်နဲ့ တမှိုင်မှိုင် ဖြစ်နေတော့တာပေါ့ ။
နိဗ္ဗာန်ကို(၇)ရက်အတွင်း သွားရမှာကို တွေးပြီး ၊ ဘုရားဆွမ်းတော်လည်း -သွားမကပ်နိုင်၊ မစားနိုင် မသောက်နိုင်
မအိပ်နိုင် ဖြစ်နေတာကို ၊ သားဖြစ်သူက သတိထားမိပြီး ၊
သူ့အမေ ဘုရားကို ဆွမ်းကပ်ပြီးအပြန်မှာ၊ ဒီလို ဖြစ်သွားတာဆိုတာ စဉ်းစားမိတော့ - အစ,အနောက်သန်တဲ့ ၊
နွားကျောင်းသား 'ငနောက်'ရဲ့ လက်ချက်ဖြစ်မှာပဲ ဆိုတာကို - ရိပ်မိလို့ ၊နွားကျောင်းသားကို သွားမေးတယ် ။
"ဟေ့ကောင် 'ငနောက်'…ငါ့အမေ ရှာဦးဘုရားကို
ဆွမ်းတော်ကပ် အပြန်ကစပြီး အခု ဘုရားဆွမ်းတော်လည်း သွားမကပ်တော့ပဲ ၊မစားနိုင်၊မသောက်နိုင်နဲ့
တမှိုင်မှိုင်ဖြစ်ပြီး မျက်နှာလည်း မကောင်းဘူး ။ မင်း …
ငါ့အမေကို စလိုက်၊ နောက်လိုက်သေးသလား" လို့
မေးလိုက်တော့မှ -
နွားကျောင်းသားက သူနောက်လိုက်မိတဲ့ အကြောင်း
ပြောပြပြီး ဝန်ခံတယ် ။ နွားကျောင်းသား 'ငနောက်'က -
"နောက်နေ့ ခါတိုင်း ဆွမ်းကပ်ချိန်မှာ မင်းအမေကို ရွာဦးဘုရားကို ရောက်အောင်ခေါ်ခဲ့ပါ ။ ငါ , အဆင်ပြေအောင်
ပြန်လုပ်ပေးပါမယ်" လို့ ပြောပြလိုက်တယ် ။
သားဖြစ်သူက သူ့အမေ ဒေါ်အိမ်မြဲကို ချော့မေးတော့ ၊ ဒေါ်အိမ်မြဲက -
"ဘုရားက(၇)ရက်အတွင်း နိဗ္ဗာန်ကို သွားရမယ်လို့ ပြောလိုက်တယ် ။အမေ သားကိုမခွဲနိုင်ဘူး သားရယ် "လို့
ပြောပြတော့ -
သားက သူ့အမေကို ပြောပြတယ် ။
"အမေရယ် ကိုယ့်ဘုရားနဲ့ ကိုယ်ပဲဟာ…တောင်းပန်ပြီး ပြန်ပြင်ခိုင်းလို့ ရပါတယ် အမေရယ် … ။ မနက်ကျရင် ဘုရားကို - ဆွမ်းတော် ပြန်ကပ်လိုက်နော် … ။
သားရော လိုက်ခဲ့ပါ့မယ် အမေ ,ဆုတောင်းတဲ့အခါ 'သားနဲ့ မခွဲနိုင်လို့ နိဗ္ဗာန်ကို မလိုက်လိုသေးကြောင်း' -
ဘုရားကို ပြန်လျှောက်ကြတာပေါ့ " လို့ ပြောပြတော့မှ -
"အေးပါသားရယ် ၊ မနက်ကျရင် သားနဲ့ အမေနဲ့ အတူတူ
ဘုရားဆွမ်းတော် သွားကပ်ကြတာပေါ့" လို့
ဒေါ်အိမ်မြဲက သားကိုပြန်ပြောတယ် ။
မနက် ရောက်တော့ ဘုရားကိုသွားပြီး -ဆွမ်းကပ်ကြတယ် ။ ဆွမ်းကပ်ပြီး၊ သားသင်ပေးတဲ့အတိုင်း …
" အရှင်ဘုရား … တပည့်တော်မသည် -သားကိုမခွဲနိုင်လို့ ၊ နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ မသွားလိုသေးပါ ဘုရား" လို့ ပြောပြီး လျောက်ထားတောင်းပန်တော့မှ ၊
ဆင်းတုတော် နောက်က နွားကျောင်းသား 'ငနောက်' က
အသံဖျက်ပြီး ပြောတယ် ။
"အေးပါ - ဒါယိကာမကြီးရယ် …ကိုယ်ဘုရားနဲ့ ကိုယ်ပဲဟာ ၊ ကိစ္စမရှိပါဘူး ။နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့
မသွားချင်သေးရင်လည်း - ရပါတယ် ။
ဒကာမကြီးသားနဲ့ -စိတ်အေး လက်အေးနေပါ… "လို့
ပြောလိုက်မှ -
ဒေါ်အိမ်မြဲလည်း ပြုံးရွှင်သွားပြီး ၊ ဘုရားကို ဦးချကာ -
သားအမိနှစ်ယောက် အိမ်ကို ပြန်သွားကြပါတော့တယ် ။
# ချစ်မိတ်ဆွေတို့ရော …နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့
တကယ် ရောက်ချင်ကြပြီလား ? ? ?
# သား၊ သမီး၊ ပစ္စည်းဥစ္စာတွေနဲ့ တကယ် ခွဲနိုင်ပြီလား
? ? ?
🤣 🤣 🤣 🤣 🤣
✍️ ကိုဇေယျာ (ကြေးစပယ်)
စွယ်စုံ Empathy