Myanmar Dominicans

Myanmar Dominicans ငါ့နောက်သို့လိုက်လော့။ (မာတေဦး ၈း၂၂)

၃၀ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄) ဩဝါဒ
26/10/2024

၃၀ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄)
ဩဝါဒ

၃၀ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄)

ချစ်လှစွာသော ယုံကြည်သူဓမ္မမိတ်ဆွေအပေါင်းတို့၊ ယနေ့ ၃၀ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့မှာ ကျွန်ုပ်တို့ ကြားနာ ထောက်ရှုရသည့်ကျမ်းသုံးကျမ်း ရှိပါတယ်။ ပထမကျမ်းကို ပရော်ဖက်ကြီး ဂျေရမိယ (ယေရမိ)ကျမ်းမှ ကောက်နုတ်ထားပြီး အစ္စရေးလူမျိုးတို့ကို ပြည်တော်ပြန်ဖို့ ဘုရားသခင် ကယ်တင်တော်မူသောကြောင့် ရွှင်လန်းစွာ သီချင်းဆိုကြလော့ဆိုပြီး မျှော်လင့်ခြင်းတို့ပြည့်ဝ၍ ဝမ်းမြောက်စရာသတင်းကောင်းကို ကြားနာရပါတယ်။ ဒုတိယကျမ်းကိုတော့ သံပေါလူး၏ ဟေဗြဲမြို့သားတို့ထံ ရေးသောစာမှ ကောက်နုတ်ထားပြီး ရဟန်းချုပ်အကြောင်းကို ပြောဆိုထားပါတယ်။ အဲဒီ ရဟန်းချုပ်သည် မိမိကိုယ်တိုင်၌ပင် အားနည်းချက်အမျိုးမျိုးရှိသဖြင့် အသိပညာကင်းမဲ့သည့် ဆိုးသွမ်းသူတို့အား ကြင်နာစွာ ဆက်ဆံနိုင်စွမ်းရှိသည်ဟု ဆိုပါတယ်။ ထို့နောက် ခရစ်တော်ကို ဘုရားသခင်မှ ၎င်းရဟန်းချုပ်နေရာကို ခန့်အပ်တော်မူကြောင်းကို ကြေငြာထားပါတယ်။ တတိယကျမ်းဖြစ်တဲ့ ဧဝံဂေလိကျမ်းကိုတော့ သံမာကုကျမ်းမှ ကောက်နုတ်ထားပြီး မျက်မမြင်ဘာတီမေဦးကို စက္ကုအလင်းပေးကုသ၍ ဝမ်းမြောက်စေခဲ့ပါတယ်။ ထို့အပြင် အဲဒီလို တန်ခိုးလက္ခဏာနဲ့ ကုသခြင်းဟာ ကာယကံရှင်ရဲ့ ယုံကြည်ခြင်းကြောင့် ဖြစ်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ခရစ်တော်က “သင်၏ယုံကြည်ခြင်း သင့်ကိုကယ်တင်တော်မူပြီ” ဟု မိန့်ဆိုခဲ့ပါတယ်။ ဤကျမ်းသုံးကျမ်းကို တရားထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကို ကျွန်ုပ်တို့ရဲ့ရဟန်းချုပ်ဖြစ်သော ခရစ်တော်ဘုရားရှင်၌ ထားရှိကြဖို့ တရားမှတ်ယူရပါတယ်။

ဒီနေ့ ဂျေရမိယရဲ့ ကျမ်းကို အဓိက တရားမှတ် ခွန်အားယူစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ အတွေ့အကြုံနဲ့ တစ်ထပ်တည်းကျနေလို့ပါပဲ။ ဂျေရမိယရဲ့ သတင်းကောင်းပါးတဲ့အချိန်မှာ အစ္စရေးလူမျိုးတွေဟာ တိုင်းတစ်ပါးလက်အောက်မှာ တကွဲတပြားစီဖြစ်နေပြီး ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လတ်ခြင်းမရှိသလို မိမိနေရပ်ပြန်ရဖို့လည်း ဝေးနေချိန် ဖြစ်ပါတယ်။ အရာရာဆုံးရှုံးလို့ အနာဂတ်မဲ့ချိန်၊ မျှော်လင့်ချက် ကင်းမဲ့နေချိန် ဖြစ်ပါတယ်။

ဒီအစ္စရေးလူမျိုးတွေလိုပါပဲ။ ဒီနေ့ ကျွန်ုပ်တို့ရဲ့ နိုင်ငံသူ/သားများစွာဟာ အရာရာဆုံးရှုံးလို့ အနာဂတ်မဲ့နေကြပါတယ်။ လွတ်လပ်မှုပျောက်ဆုံးပြီး တရားမျှတမှုလည်း ကင်းမဲ့နေပါတယ်။ အဲဒီအစား ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နှိပ်စက်ခြင်းတွေကို ခါးစည်းခံနေရပါတယ်။ စစ်ပွဲများကြောင့် အိုးအိမ်တွေ မတရားဆုံးရှုံးကြရတယ်။ အသက်တွေ တန်ဖိုးမဲ့စွာ ဆုံးရှုံးနေရတယ်။ နေရပ်စွန့်ခွာပြီး မလုံမခြုံ ခိုလှုံနေကြရတယ်။ လူ့ဂုဏ်သိက္ခာတွေ ပျောက်ဆုံးနေရတယ်။ လူငယ်များစွာ အနာဂတ်ပျောက်သွားတယ်။ မျှော်လင့်ချက် မဲ့လာကြတယ်။
ဒီလိုအချိန်မှာ ဂျေရမိယရဲ့ မျှော်လင့်ခြင်းနဲ့ ဝမ်းမြောက်စရာသတင်းကောင်းကို လက်တွေ့ကျကျ ကြားရမယ်ဆိုရင် ကျွန်ုပ်တို့ ဘယ်လောက်ထိ ဝမ်းသာမိမလဲဆိုတာ တွေးမိပါတယ်။ စာနာမိပါတယ်။

ဂျေရမိယရဲ့ သတင်းကောင်းမှာ “ထာဝရဘုရားမိန့်ဆိုသည်ကား ယာကုပ်အမျိုးတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ကိုယ်တော်၏လူမျိုးဟူသော အစ္စရေးအမျိုးတို့ကို ကယ်တင်တော်မူပြီ။ သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍ မြေကြီးစွန်းမှ သိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူ၊ ကလေးငယ်များနှင့် အမျိုးသမီးများပါလျက် အားလုံးကို ကယ်တင်မည်။ ဆုတောင်းပတ္ထနာပြုသော ထိုသူတို့ကို ငါပို့ဆောင်မည်။... အရပ်ရပ်သို့ ကွဲပြားလျက်ရှိသော လူမျိုးစုတို့ကို တဖန်စုစည်း၍ သိုးထိန်းသည် မိမိသိုးစုကို စောင့်ရှောက်သကဲ့သို့ ကိုယ်တော်သည် စောင့်ရှောက်တော်မူမည်။ သူတို့ထက် အင်အားကြီးသော လူ၏လက်မှ သူတို့ကို ကယ်လွှတ်တော်မူပါပြီ။”

မျှော်လင့်ခြင်းခွန်အားတို့ ပြည့်စုံနေတဲ့ သတင်းစကားဖြစ်ပါတယ်။ မကြာမီ ဒီလိုသတင်းစကားဟာ ဒုက္ခအမျိုးမျိုးခံစားနေရတဲ့ ကျွန်ုပ်တို့ဆီကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကို ယုံကြည်ခြင်းနဲ့ ဆက်လက် ဆုတောင်း၍ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပန်းတိုင်အတွက် ယုံကြည်ချက်ဟာ အခြေခံနဲ့ အဓိက ဖြစ်ပါတယ်။
ယုံကြည်ခြင်းဆိုတာ မိမိမျှော်လင့်သောအရာများကို စိတ်ချသေချာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ကို မျှော်လင့်ထားတဲ့ ပန်းတိုင်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းသော ပန်းတိုင်ကို ရောက်ရှိဖို့ ယုံကြည်ရာတွေ ပျောက်သွားလို့ မရပါဘူး။ ကိုယ်ကျင့်တရားတွေ ပျောက်သွားလို့ မရဘူး။ ခံယူချက်ကောင်းတွေ ပျက်စီးသွားလို့ မရဘူး။ အဲဒီလို ယုံကြည်ချက်ကောင်းတွေကို ခိုင်ခိုင်မာမာ ကိုင်စွဲရင်း မျှော်လင့်ချက်နဲ့ လုပ်ဆောင်ကြတဲ့အခါ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာပါ။

ဒီနေ့ ဧဝံဂေလိကျမ်းထဲက ဘာတီမေဦးဟာ မျက်စိကုသခြင်းရလို့ ယုံကြည်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ အရင်ယုံကြည်ခဲ့လို့ ကုသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝမှာ ဘာတီမေဦးလို မျက်စိအလင်း မကွယ်ဖူးဘူးဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာ အလင်းပျောက်ကွယ်နေတတ်ပါတယ်။ ကိုယ့်ကျင့်တရားအလင်း ပျောက်ကွက်နေတတ်ပါတယ်။ တရားမျှတမှုအလင်း၊ စာနာမှုအလင်း ပျောက်ကွယ်နေတတ်ပါတယ်။ မျှော်လင့်ချက် အလင်းပျောက်ကွယ်နေတတ်ပါတယ်။ ဝိညာဉ်အလင်း ပျောက်ကွယ်နေတတ်ပါတယ်။ တရားဓမ္မအလင်း ပျောက်ကွယ်နေတတ်ပါတယ်။ ဒီနေ့ ပျောက်ကွယ်နေတဲ့ အလင်းကို ပြန်လည်ရရှိအောင် ဘာတီမေဦးလိုပဲ “ဒါဝိဒ်၏သား အကျွန်ုပ်ကို သနားပါ”လို့ ချည်းကပ်ဆုတောင်းကြပါစို့။

အလင်းရှင်ခရစ်တော်ဘုရားသည် ကျွန်ုပ်လောက ပျောက်ဆုံးနေသော အလင်းကျေးဇူး၊ သမ္မာတရားအလင်းကို အမြန်ဆုံး ကုသပေးပါစေ။ အာမင်။

ဒိုမီနီကန်ကိုယ်တော်

၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄) - ဩဝါဒ
20/10/2024

၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄) - ဩဝါဒ

၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄) - ဩဝါဒ

ချစ်လှစွာသော ယုံကြည်သူဓမ္မမိတ်ဆွေအပေါင်းတို့၊ ယနေ့ ၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့မှာ ကျွန်ုပ်တို့ ကြားနာ ထောက်ရှုရသည့်ကျမ်းသုံးကျမ်း ရှိပါတယ်။ ပထမကျမ်းကို ပရော်ဖက်ဟေရှယကျမ်း ၅၃မှ ကောက်နှုတ်ထားပါတယ်။ ဤပရော်ဖက်ဟေရှယကျမ်း ၅၃ဟာ The Fourth Servant Song လို့ခေါ်တဲ့ စတုတ္ထမြောက် အစေခံတေးထဲက ဖြစ်ပါတယ်။ ဒီအစေခံတေးထဲမှာ ဘုရားသခင်ရဲ့ အစေခံ၊ ပုဂ္ဂိုလ်ဖြစ်တဲ့သူ လုပ်ဆောင်ရမယ့် အချက်နှစ်ချက်ကို ယနေ့ကျမ်းမှာ တွေ့ရှိရပါတယ်။ အဲဒါတွေကတော့ ၁။ ဒုက္ခဝေဒနာတွေ ခံစားနေရပါစေ ဖြောင့်မတ်ခြင်းတရားကို တစ်ပါးသူတို့အပေါ် အမြဲတည်ပေးရမယ်။ ၂။တစ်ပါးသူတို့၏အပြစ်ကို ခွင့်လွှတ်ခြင်းပေး၍ သူတို့အတွက် ဆုတောင်းပေးရမယ်လို့ ဆိုပါတယ်။

ဒီအချက်နှစ်ချက်ကို ပြန်ပြောရမယ်ဆိုရင် ဘုရားသခင်ရဲ့ အစေခံ၊ ပရော်ဖက်၊ လူပုဂ္ဂိုလ်တစ်ဦးဟာ သူတစ်ပါး ကိုယ့်အပေါ်မှာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ သူတစ်ပါးကိုယ့်အပေါ်မှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ၊ ကောင်းကျိုးပြုသည်ဖြစ်စေ၊ ဆိုးကျိုးပေးသည်ဖြစ်စေ၊ မိမိဟာ ကောင်းပေးနေရမယ်၊ ဖြောင့်မတ်နေပေးရမယ်။ ကိုယ့်အပေါ်မှာ ကျူးလွန်တဲ့အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးရုံမကဘဲ အဲဒီလူတွေအတွက် ပြန်ပြီး ဆုတောင်းပေးရမယ်လို့ တရားမှတ်မိပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ဒါဟာ တော်တော့်ကို မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ လူတော်တော်များများဟာ ကိုယ့်အပေါ်ကောင်းတဲ့သူကိုသာ ကိုယ်က ပြန်လည်ကောင်းမွန်ချင်ကြပြီး ကိုယ့်အပေါ်မှာ မကောင်းတဲ့သူကိုတော့ လစ်လျူရှုထားချင်ကြတယ်။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေအတွက် ကောင်းတဲ့စိတ် မွေးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အများစုက ထင်မှတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်ုပ်တို့လောကမှာ ဒီလိုအတ္တကြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကြီး ရှိနေတာတော့မဟုတ်ဘူး။ တခါတရံ ကိုယ်မယုံနိုင်လောက်အောင် မေတ္တာပြနေတဲ့သူတော်စင်တွေ၊ တဖက်လူက သူ့အပေါ်မှာ ဘယ်လောက် မကောင်းတာတွေ ပြုနေပါစေ၊ သူက စိတ်ကောင်းထားပေးနေတာတွေကိုလည်း တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလို သူတော်စင်တွေကို မြင်မိတော့ အထက်က ဘုရားရဲ့ပုဂ္ဂိုလ်တစ်ဦးလို့ အသိမှတ်ပြုမိကြမှာပါ။ ဒါ့ကြောင့်မို့ အဲဒီလို ဘုရားရဲ့လူတစ်ဦးအဖြစ် သူတစ်ပါးအပေါ်မှာ အမြဲဖြောင့်မတ်နေပေးဖို့၊ သီးခံခွင့်လွတ်ပေးဖို့၊ ပြန်လည်ဆုတောင်းပေးဖို့ဆိုတဲ့ စိတ်ထားလေးတွေ မွေးမြူဖို့ဆိုတာ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒီအချက်နှစ်ခုကို ကျွန်ုပ်တို့ နားလည်ကြမယ်ဆိုရင် ဒုတိယကျမ်းဖြစ်တဲ့ ဟေဗြဲမြို့သားတို့ထံ ရေးသောစာမှာ သံပေါလူးက ခရစ်တော်ကို ရဟန်းချုပ်အဖြစ် ရည်ညွှန်းထားတာကို တွေ့ရှိရပါတယ်။ အဲဒီရဟန်းချုပ်ဆိုတာ အထက်က ဘုရားရဲ့အစေခံကို ပြန်လည်ရည်ညွှန်းပါတယ်။ ထူးခြားတာက အဲဒီဘုရားရဲ့အစေခံ ပုဂ္ဂိုလ်ဟာ သာမန် လူသားထဲက မဟုတ်ဘဲ ခရစ်တော်ဘုရားရှင်ကိုယ်တိုင် ဖြစ်နေတာမို့ ပြီးပြည့်စုံတဲ့ စိတ်ထားကောင်း ရှိပါတယ်။ ကျွန်ုပ်တို့လို အပြစ်သားများအတွက် ဒုက္ခဝေဒနာတွေ ခံစားရပြီး အသက်ကိုပင် စွန့်ရပေမယ့်လည်း ကျွန်ုပ်တို့အတွက် အဆုံးထိအောင် ကောင်းမွန်ပေးသော ဘုရား၊ ကျွန်ုပ်တို့အပြစ်တွေကို ခွင့်လွတ်ပေးပြီး ကယ်တင်ခြင်းတရားကို ပေးသော ဘုရားပင် ဖြစ်ပါတယ်။ မိမိကိုယ်ကို ဆက်ကပ်ပြီး ကျွန်ုပ်တို့ကို ကယ်တင်သော ဘုရားပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်နှင့်တူအောင် လိုက်ကျင့်နေထိုင်အသက်ရှင်နေကြတဲ့ ကျွန်ုပ်တို့ ခရစ်ယာန်များဟာ သူတစ်ပါး ကိုယ့်အပေါ်မှာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ မိမိကိုယ်ကိုယ် ကိုယ်ကျင့်တရားကောင်းအောင်နေကြရမယ်။ သူတစ်ပါးအတွက် ကောင်းသော စိတ်၊ မြင့်မြတ်သော စိတ်ထားလေးတွေ မွေးမြူကြရမှာ ဖြစ်ပါတယ်။

ဒီလိုစိတ်ထားကောင်းလေးတွေ မွေးမြူနိုင်မှ ယနေ့ဧဝံဂေလိကျမ်း၏အနှစ်သာရဖြစ်တဲ့ “လူသားသည် သူတစ်ပါးက အစေခံသည်ကို ခံယူရန်ကြွလာသည်မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက်ကို စွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာသည်” ဆိုတာကို နားလည်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ ဘုရားကို မိမိလိုချင်တဲ့ဆုရဖို့၊ ဖြည့်ပေးဖို့သာ ချည်းကပ်တတ်ကြပါတယ်။ ဒါကို သံယောကုပ်နဲ့ သံယောဟန် ညီအစ်ကိုနှစ်ယောက်ရဲ့ ချည်းကပ်ပုံက သက်သေပြနေပါတယ်။ ဒါပေမယ့် ဘုရားရဲ့ အကြံအစည်နှင့် လူတွေရဲ့ အကြံအစည် မတူပါဘူး။ ဘုရားရဲ့လမ်းစဉ်နဲ့ လူတွေရဲ့ လမ်းစဉ်ဟာလည်း မတူကြပါဘူး။ လူဟာ ဖောက်လွဲဖောက်ပြန်တဲ့ သဘောရှိသည်မို့ လူရဲ့အတွေး၊ လမ်းစဉ်တွေဟာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ အရှေ့အနောက်မညီဘဲ တစ်သမတ်တည်း မတည်ကြပါဘူး။ ဘုရားသခင်ကတော့ ဖြောင့်မတ်ခြင်းအပြည့်နှင့် တစ်သမတ်တည်း ရှိတာမို့ သူရဲ့လမ်းစဉ်တွေဟာလည်း အဆုံးထိတိုင် ဖြောင့်မတ်ပါတယ်။ ဒါ့ကြောင့် “လူကို ယုံစားခြင်းထက် ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းသည် သာ၍ကောင်းသည်” လို့ ဆာလံကျမ်း ၁၁၈ မှာ ကျမ်းရေးသူက ဆိုပါတယ်။

ဒါ့ကြောင့် ဘုရားရဲ့လမ်းစဉ်ပေါ်မှာ သံသယမရှိဘဲ ယုံကြည်ပါ။ တစ်ချို့အရာတွေက မဖြစ်နိုင်ဘူးဟု ထင်ရပေမယ့်လည်း တကယ့်ကျင့်ကြံတဲ့အခါ အောင်မြင်မှုရရှိပြီး ဘဝဟာလည်း နေပျော်စရာ ဖြစ်လာပါတယ်။ ဒီတော့ တစ်ပါးသူရဲ့ အစေခံခြင်းကို မက်မောနေတာထက် တစ်ပါးသူကို အစေခံနိုင်အောင် ကြိုးစားကြည့်ပါ။ တစ်ပါးသူကို ကိုယ့်အပေါ်ကောင်းရမယ်လို့ မျှော်လင့်နေတာထက် ကိုယ်က တစ်ပါးသူအပေါ်မှာ စိတ်ကောင်း ထားပေးနိုင်အောင် ကြိုးစားကြည့်ပါ။ တစ်ပါးသူအနေဖြင့် ကိုယ့်အပေါ်မှာ တရားမျှတရမယ်ဆိုတာထက် ကိုယ်က တစ်ပါးသူအပေါ်မှာ တရားမျှတနိုင်အောင် ကြိုးစားကြည့်ပါ။ မိမိအမှားကို သီးခံခွင့်လွတ်ပေးတဲ့သူကို မျှော်လင့်နေတာထက် ကိုယ့်အပေါ်မှာ အမှားပြုသူတွေကို ခွင့်လွတ်နိုင်အောင် ကြိုးစားကြည့်ပါ။ မိမိက စတင်ပြီး ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားအသက်ရှင်ပါ။ ကောင်းသောစိတ်၊ ကောင်းသောအတွေးတို့ဖြင့် မိမိဘဝ မိမိပတ်ဝန်းကျင်ကို မိမိက စတင်လို့ ကြိုးစား ဆောက်တည်ပါ။ ကျေနပ်စရာကောင်းသော၊ နေပျော်သော၊ မွေ့လျော်သော ဘဝကို ကျွန်ုပ်တို့ ပိုင်ဆိုင်လာပါလိမ့်မယ်။

ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးခွန်အားများ ခံစားရရှိကြပါစေ။

ဒိုမီနီကန်ကိုယ်တော်

16/10/2024
၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄)ချစ်လှစွာသော ယုံကြည်သူဓမ္မမိတ်ဆွေအပေါင်းတို့၊ ယနေ့ ၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့...
12/10/2024

၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (၂၀၂၄)

ချစ်လှစွာသော ယုံကြည်သူဓမ္မမိတ်ဆွေအပေါင်းတို့၊ ယနေ့ ၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့မှာ ကျွန်ုပ်တို့ မှတ်သားနာယူရမည့်အဓိက တရားတော်မှာ “ခရစ်တော်ဘုရားရှင်သည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် နှုတ်ကပတ်တော် ဖြစ်သည်” ဆိုတဲ့ တရားတော်ပင်ဖြစ်ပါတယ်။

ဉာဏ်ပညာဆိုတဲ့အတိုင်း ကျွန်ုပ်တို့ ကြားနာရတဲ့ ပထမကျမ်းသည် ပညာပါရမီကျမ်းမှ ကောက်နှုတ်ထားခြင်းဖြစ်ပြီး ဉာဏ်ပညာကို ပုဂ္ဂိုလ်အဖြစ်ဖော်ပြထားပါတယ်။ “သူမ” ဆိုတဲ့ ဉာဏ်ပညာကို အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာ၊ ရွှေ၊ ငွေ ဥစ္စာဓနတွေထက် အဆတစ်ရာမက တန်ဖိုးရှိပြီး ဒီလောကဥစ္စာဓနတွေဟာ ဉာဏ်ပညာရှေ့မှ ရွှံ့ဖြစ်ကြရတယ်။ “ကာယအလှအပ ဉာဏ်ပညာဆိုတဲ့ သူမဟာ ပို၍ လှသည်” တဲ့။ “ကောင်းသော အရာဟူသမျှသည် သူမနှင့်အတူ ရောက်လာသည်” တဲ့။ သူမကို ပိုင်ဆိုင်သူဟာ အားလုံးကို ပိုင်ဆိုင်ရခြင်းပါပဲ။

ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းတွေပြုလုပ်တဲ့အခါ ဖန်ဆင်းခြင်းတစ်ခု ပြုလုပ်ပြီးတိုင်း “ဤအရာသည် ကောင်းမြတ်တော်မူပေ၏” ဟု မှတ်ချက်ပြုလေ့ရှိပြီး နှစ်သက်တော်မူပါတယ်။ အပြစ်ထဲမကျရောက်ခင် မူလဖန်ဆင်းခြင်းတိုင်းဟာ ကောင်းမြတ်ကြတယ်။ ဘာကြောင်လဲဆိုတော့ ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြင့် ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဘုရားသခင်သည် လုံးဝဥဿုံ ကောင်းမြတ်တော်မူသည်။ လုံးဝဥဿုံ လှပတင့်တယ်တော်မူသည်။ လုံးဝဥဿုံ ပြည့်စုံတော်မူသည်။ ဖန်ဆင်းခံအရာ သတ္တဝါတို့မူကား အပြစ်တရားကြောင့် မူလ ဖန်ဆင်းခြင်းမှာ ရရှိခဲ့တဲ့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ လှပတင့်တယ်ခြင်း၊ ပြည့်စုံခြင်းစတာတွေကို တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ကျန်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကျန်ရှိနေတဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် ပြည့်စုံခြင်းကို ပြန်လည်ရရှိနိုင်ဖို့ အဓိက ဉာဏ်ပညာကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ဉာဏ်ပညာကို ရှာဖွေတွေ့ရှိသူတွေကို တရားပေါက်သူ၊ သူတော်စင် ရဟန္တာတွေလို ကျွန်ုပ်တို့ အသိအမှတ်ပြုကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေအတွက် လောကစည်းစိမ်းချမ်းသာကို တတ်မက်စရာလို့ မမြင်ဘဲ အဲဒီ လောကစည်းစိမ်းချမ်းသာအားလုံးရဲ့ မိခင်ကြီး ဉာဏ်ပညာသာလျှင် တစ်ခုတည်းသော တတ်မက်စရာလို့ အသိမှတ်ပြု လက်ခံကြတာဟာ ကျွန်ုပ်တို့အတွက် တရားမှတ်စရာပါပဲ။ သံမာတေဦး ၁၃း၄၄ မှာ ကောင်းကင်နိုင်ငံတော်သည် လယ်မြေ၌ဝှက်ထားသော ရတနာနဲ့တူသည်တဲ့။ အဲဒီရတနာကို ရဖို့အတွက် လယ်ငှားလုပ်သူက မိမိမှာ ရှိသမျှအရာအားလုံးကို ရောင်းချပြီး အဲဒီရတနာဝှက်ထားတဲ့ လယ်ကွက်ကို ဝယ်ယူပါသတဲ့။ နောက်ပုံဥပမာတစ်ခုကလည်း ပုလဲကုန်သည်ကြီးက တန်ဖိုးအကြီးဆုံး ပုလဲကို တွေ့တဲ့အခါ သူ့မှာရှိတဲ့ ပုလဲအားလုံးကိုတောင် ရောင်းပြီး အဲဒီပုလဲလေးကို ဝယ်ယူပါသတဲ့။ ဉာဏ်ပညာကို တွေ့ရှိတဲ့သူတွေဟာ သူတို့လိုပဲ မိမိမှာရှိသမျှအားလုံးကို စွန့်ပြီး အဲဒီ ဉာဏ်ပညာကို ရအောင် ယူကြပါတယ်။ “ကျွန်ုပ်တို့၏နှလုံးသားသည် တန်ဖိုးမဖြတ်နိုင်သော ဉာဏ်ပညာတော်နှင့် မပေါင်းစပ်သရွေ့ မောပမ်းနေရသည်” လို့ စိန့်ဩဂုတ်စတင်းကလည်း တရားပေးထားပါတယ်။

ယနေ့ ဖတ်ရှု့ရတဲ့ ဧဝံဂေလိကျမ်းမှာလည်း “ကောင်းမြတ်သော ဆရာသခင်” လို့ ယေဇူးဘုရားရှင်က အသိမှတ်ပြု ချည်းကပ်ခဲ့တဲ့ လူငယ်လေးဟာ သူ့ရဲ့လောကစည်းစိမ်တွေကို မစွန့်လွှတ်နိုင်တဲ့အတွက် ကောင်းကင်ဘဏ္ဉာ၊ ဉာဏ်ပညာကို ရယူဖို့ အဆင်သင့်မဖြစ်ခဲ့ပဲ ဝမ်းနည်းစွာ ပြန်သွားခဲ့တာကို တွေ့ရှိရပါတယ်။ ယနေ့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အဲဒီလူငယ်လို ဖြစ်နေကြမှာပါ။ ဒီနေ့ ရုပ်ပိုင်းဆိုင်ရာတွေ အင်မတန် ဖွံ့ဖြိုးတိုးတက်လာပေမယ့်လည်း ကျွန်ုပ်တို့ မပြည့်စုံလာကြပါ။ ဖျော်ဖြေရေး ယန္တရားတွေ စုံစုံလင်လင် ပေါများလာပေမယ့် ကျွန်ုပ်တို့ ပျော်ရွှင်မှု မရကြပါ။ ဒီနေ့ ဆင်းရဲမှုတွေ ပပျောက်အောင် စီမံကိန်းတွေ အများကြီး ပေါ်ပေါက်လှုပ်ရှားနေပေမယ့် ဆင်းရဲသားတွေ ပိုများလာတာလည်း လက်တွေ့အမှန်တရားတစ်ခုပါပဲ။ ဒါဆို ဘာလိုအပ်နေလို့လဲ မေးစရာရှိပါတယ်။ အဖြေကတော့ ဉာဏ်ပညာကင်းမဲ့နေလို့ပါပဲ။ ဉာဏ်ပညာ ဆိုတဲ့ Wisdom နှင့် ဉာဏ်ရည်ဆိုတဲ့ (Intelligence) ဟာ မတူဘူးဆိုတာ နားလည်ရပါမယ်။ ဉာဏ်ရည်ဆိုတာ လူတစ်ယောက်၏ပင်ကိုယ်အရည်အသွေးတစ်ခုဖြစ်ပြီး လုပ်ရည်ကိုင်ရည်ကို စွမ်းအားမြှင့်ပေးပါတယ်။ ဉာဏ်ပညာဆိုတာကတော့ ဘဝအတွေ့အကြုံတွေကို ဆင်ခြင်တုံတရားနဲ့ သုံးသပ်ဆင်ခြင်ပြီး ဘဝကို အကောင်းဆုံး၊ အကျေနပ်ဆုံးနှင့် အပျော်ရွှင်ဆုံး အသက်ရှင်နိုင်အောင် အလင်းပြပေးပါတယ်။ မိတ်ဆွေ သင်နှင့်ကျွန်ုပ်ကော ဉာဏ်ပညာကို လက်ခံဖို့ အဆင်သင့်ဖြစ်ကြပြီလား။ ဒါမှမဟုတ် ဘဝရဲ့ လှည့်ဖြားခြင်းတွေထဲမှာ ရုန်းကန်နေဆဲလား။ ဒီနေ့ တရားမှတ်ကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒုတိယအနေနဲ့ ခရစ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း ထောက်ရှု့ကြည့်ပါ့မယ်။ ဟေဗြဲဦးမြို့သားတို့ထံ ရေးတဲ့စာမှာ သံပေါလူးက “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်လှုပ်လျက်ရှိပြီး အသွားနှစ်ဖက်ရှိသော ဓါးတကာတို့ထက် ပို၍ထက်မြက်လေသည်။” လို့ရေးသားထားပြီး “လူတစ်ယောက်ရဲ့ စိတ်၊ ဝိညာဉ်၊ အကြံအစည်နှင့် ရည်ရွယ်ချက်တွေ”ကို ထိုးဖောက်မြင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အမှန်ပါပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နေ့စဉ် သေသေချာချာ ဖတ်ရှု၊ ကြားနာသူနဲ့ လျစ်လျူရှုသူတွေဟာ အင်မတန်မှ ကွာခြားကြပါတယ်။ နှုတ်ကပတ်တော်ကို နေ့စဉ် သေသေချာချာ ဖတ်ရှု၊ ကြားနာသူတွေဟာ အထက်က ဉာဏ်ပညာ အကြောင်းကို သိရှိ လက်ခံလာပြီး အကျိုးကျေးဇူးတွေကိုပါ ခံစားရလို့ ဘဝမှာ ပျော်ရွှင် မွှေ့လျော်သူတွေ ဖြစ်လာကြပါတယ်။ လောကဓံ အခက်ခဲတွေကနေ မလွတ်ကင်းကြပေမယ့်လည်း သူတို့မှာ နှုတ်ကပတ်တော်က ပေးတဲ့ ခွန်အားနဲ့ ရင်ဆိုင်ရဲကြတယ်၊ ဉာဏ်ပညာနဲ့ ကျော်လွှားကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လစ်လျူရှုသူတွေဟာ ဘဝကို လေးလေးပင်ပင်နဲ့ အသက်ရှင်ကြတယ်။ လောကဓံကို မရင်ဆိုင်ရဲဘဲ ပတ်ပြေးရင်း ဘဝကို အရှုံးပေးကြတာကို ဆင်ခြင်မိပါတယ်။

ဒီနေ့ ကျွန်ုပ်တို့ကော ဘုရားသခင်၏ ဉာဏ်ပညာနှင့် နှုတ်ကပတ်တော်ကို လက်ခံဖို့ အဆင်သင့်ဖြစ်ကြပြီလား။ ဘဝကို ဘယ်လို အသက်ရှင်နေကြလဲ။ တရားမှတ်ရင်း ဆက်လက် ရှင်သန်ကြပါစို့။

ဒိုမီနီကန်ကိုယ်တော်

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ပုပ်ရဟန်းမင်းကြီးဦးဆောင်ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ပွဲများဖြစ...
06/10/2024

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ပုပ်ရဟန်းမင်းကြီးဦးဆောင်

ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ပွဲများဖြစ်ပေါ်လာနေမှုကြောင့် အန္တရာယ်ကြီးကျရောက်နေသော "ကမ္ဘာကြီး" ငြိမ်းချမ်းရေး ရရှိရန် အထူးရည်ရွယ်၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ရောမမြို့ရှိ စိန့်မေရီမေဂျာဘာစီလီကာကြီးတွင် ယနေ့ညနေ၊ စိပ်ပုတီး၏သခင်မပွဲနေ့ အကြိုအဖြစ် ဦးဆောင် ဆုတောင်းခဲ့ပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၇ ရက်နေ့၊ စိပ်ပုတီး၏သခင်မ ပွဲတော်နေ့ကိုလည်း "ကမ္ဘာ့ငြိမ်းချမ်းရေး"အတွက် အစာရှောင်၊ ခြိုးခြံဆုတောင်းကြဖို့ တစ်ကမ္ဘာလုံးကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

အမုန်းတရားတွေကို တောက်လောင်စေသူတို့၏ နှလုံးသားများကို ပြောင်းလဲစေပါ။ သေကြေပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေသော လက်နက်များ၏အသံဆိုးများကို ချုပ်ငြိမ်းစေပါ။ လူတွေရဲ့နှလုံးသားကို နာကြည်းစေသော အကြမ်းဖက်မှုတို့ အဆုံးသတ်ပါစေ။ တိုင်းနိုင်ငံများကို အုပ်ချုပ်နေကြသော ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များ၌ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်ရန် လှုံ့ဆော်ပေးပါစေ။" ဟု ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးပါတယ်။

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများ၊ သူတော်စင်များနှင့် လူများစွာတို့ ပါဝင် စိပ်ပုတီးစိပ် ဆုတောင်းခဲ့ကြပါတယ်။

"မတရားမှုနှင့် စစ်ပွဲများအကြား အခက်ခဲမျိုးစုံနှင့် အတိဒုက္ခရောက်နေသူတို့အတွက် ဆုတောင်းပေးပါတယ်" ဟု ဆုတောင်းပေးခဲ့ပါတယ်။

ဒိုမီနီကန်ကိုယ်တော်

ပုံ - Vatican News

၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့။*********************************သံမာကု ၁၀း၂-၁၆"ဘုရားသခင်ဖက်စပ်တော်မူသောအရာကို လူသည်မခွဲခ...
06/10/2024

၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့။
*********************************
သံမာကု ၁၀း၂-၁၆
"ဘုရားသခင်ဖက်စပ်တော်မူသောအရာကို လူသည်မခွဲခွာစေနှင့်။"

တရားဥပဒေဘောင်ထဲမှာတော့ လက်ထပ်ထိမ်းမြှားခြင်းလည်း တရားဝင်သလို၊ ကွာရှင်းပြတ်ဆဲခြင်းလည်း တရားဝင်ပါတယ်။ ဒါပေမယ့် ဥပဒေဆိုတာ လူတွေရဲ့ နှလုံးသားမာကြောခြင်းကြောင့် အသုံးချခံ ထွက်ပေါက်တစ်ခုသာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ တရားတော်လမ်းစဉ် ရှိပါတယ်။ ဘုရားသခင်ရဲ့ မူလစီမံကိန်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူသားမျိုးနွယ်စုအတွက် အဓိက အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်။ မိသားစုရဲ့ အခြေခံအရင်းအမြစ်ပါပဲ။ လူယောကျ်ားနှင့် လူမိန်းမတို့ဟာ ဘုရားသခင်ဖန်ဆင်းကတည်းကပင် တစ်ဦးကိုတစ်ဦး ပြည့်စုံစေကြပြီး အပြန်အလှန်မှီခိုကြရင်း နှစ်ဦးသည်တစ်သားတည်းဖြစ်ရပါတယ်။ ဒါ့ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားဆက်ဆံ၍ သစ္စာရှိရှိဖြင့် တရားတော်နှင့်ညီသော အိမ်ထောင်စု၊ မိသားစု တစ်ခုကိုတည်ထောင်အစပျိုးရင်း လူ့အသိုင်းအဝိုင်းတစ်ခုလုံးထိ တိုးတက်စေရပါတယ်။ လူ့သားအသိုင်းအဝိုင်းတစ်ခုလုံး၏ အရင်းအမြစ်ဟာ ဒီမိသားစုလေးက စတင်တာပါ။

ဒီမိသားစုလေးတွေပျက်စီးခြင်းဟာ ၎င်းထက်ကြီးမားတဲ့ လူ့အသိုင်းအဝိုင်းကြီးပျက်စီးရာ လမ်းစဖြစ်နေပါလိမ့်မယ်။ ပျက်စီးနေတဲ့ မိသားစုမှ ပေါက်ဖွားလာတဲ့ ကလေးငယ်များဟာလည်း အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှု့ရေးဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာ ခြိုးတဲ့တဲ့ လူငယ်များဖြစ်လာစေပြီး ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းကို ဆုတ်ယုတ်စေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့မိသားစုတစ်ခုဟာ အချင်းချင်းနားလည်ပေးတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း အပြန်အလှန်လေးစားဆက်ဆံတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း တစ်ဦးဟာတစ်ဦးအတွက် အသင့်ရှိနေတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်းလက်ချင်းဆက်၍ ဆုတောင်းတတ်တဲ့ မိဘနှစ်ပါးတို့ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဆုတောင်းခြင်းမှာ စည်းလုံးတဲ့မိသားစုဟာ အမြဲအတူတကွစည်းလုံးနေပါတယ်။ တရားရှိတဲ့မိသားစုမှာ ဘုရားရှိပါတယ်။ ဘုရားရှိတဲ့မိသားစုမှာ မေတ္တာတရားတို့ရှိပါတယ်။ မေတ္တာတရားရှိတဲ့မိသားစုမှာ ပြည့်စုံတဲ့ဘဝ၊ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝတို့ ရှိနေပါတယ်။

ဒီနေ့ခေတ်ကာလမှာ ဥပဒေပြုပုဂ္ဂိုလ်တွေကိုယ်တိုင် တရားတော်အတိုင်း မဖြောင့်မတ်ကြတဲ့အတွက် ဥပဒေကို အသုံးချပြီး ထွက်ပေါက်မျိုးစုံနဲ့ လက်ထပ်ထိမ်းမြှားခြင်းအမျိုးမျိုး၊ ကွာရှင်းပြတ်ဆဲခြင်းအမျိုးမျိုးကို တရားဝင်အောင် ကြိုးစားလုပ်ဆောင်ကြတယ်။

ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ကို အကန့်အသပ်တစ်ခုထိသာ ဖြောင့်မတ်စေပါတယ်။ ဥပဒေအရသာ မှန်တယ်လို့ပြောရပါတယ်။ ဒါပေမယ့် တရားတော်ကတော့ လူတစ်ဦးတစ်ရဲ့ ဖြောင့်မတ်ခြင်းကို ပြီးပြည့်စုံစေပါတယ်။

ဒိုမီနီကန်ကိုယ်တော်

စိန့်ဒေါမိနစ်အား မယ်တော်သခင်မ ဖော်ပြခဲ့သော စိပ်ပုတီး၏ တစ်ဆယ့်ငါးခုသော ကတိတော်များ။၁။ သဒ္ဓါကြည်ညိုသောစိတ်ဖြင့် ငါ၏စိပ်ပုတ...
01/10/2024

စိန့်ဒေါမိနစ်အား မယ်တော်သခင်မ ဖော်ပြခဲ့သော စိပ်ပုတီး၏ တစ်ဆယ့်ငါးခုသော ကတိတော်များ။

၁။ သဒ္ဓါကြည်ညိုသောစိတ်ဖြင့် ငါ၏စိပ်ပုတီးကို စိပ်၍ ဆုတောင်းကြသူတိုင်းအား ငါ၏ အထူးကာကွယ်မှိုင်းမခြင်းနှင့် ထူးခြားသော ကျေးဇူးတော်များကို ငါကတိပေးသည်။

၂။ ဇွဲလုံလဖြင့် ငါ၏စိပ်ပုတီးကိုစိပ်၍ ဆုတောင်းကြသူတိုင်းသည် သိသာထင်ရှားသော ကျေးဇူးတော်များကို ရရှိလိမ့်မည်။

၃။ စိပ်ပုတီးသည် ငရဲမီးဒဏ်မှ ကာကွယ်ပေးနိုင်သော ဝတ်ရုံတန်ဆာဖြစ်သောကြောင့် မကောင်းမှုများမှကင်းလွတ်စေ၍ အပြစ်ရှိသောအခြေအနေမှ ကယ်တင်ပေးလိမ့်မည်။ ထို့အပြင် ယုံကြည်ခြင်းလွဲမှားသော အခြေအနေမှလည်း သင်တို့ကို ကာကွယ်ပေးလိမ့်မည်။

၄။ စိပ်ပုတီးသည် ကောင်းသောပါရမီများနှင့် ကောင်းသောအလေ့အကျင့်ကို တိုးပွားစေပြီး ဝိညာဉ်များအတွက် ဘုရားရှင်၏ ကြွယ်ဝသော ကရုဏာကိုရရှိစေမည်။ ဤလမ်းစဉ်များဖြင့် ဝိညာဉ်သည်လည်း သန့်ရှင်းစင်ကြယ်လာလိမ့်မည်။

၅။ စိပ်ပုတီးစိပ်၍ ငါ့အားယုံကြည်ကိုးစားသူတိုင်းသည် ပျက်စီးခြင်းသို့ မရောက်စေရ။

၆။ နက်နဲရာအချက်များကိုထောက်ရှု၍ စိပ်ပုတီးစိပ်၍ ဆုတောင်းကြသူတိုင်းသည် ကံကြမ္မာဆိုး သို့မဟုတ် ဆိုးသောသေခြင်းဖြင့် သေရလိမ့်မည်မဟုတ်။ အပြစ်သားသည် ပြောင်းလဲခြင်းရရှိ၍ ဖြောင့်မတ်သူတို့သည် ကျေးဇူးတော်များ တိုးပွား၍ ထာဝရအသက်နှင့်ထိုက်တန်သူများ ဖြစ်လာကြလိမ့်မည်။

၇။ စစ်မှန်သောသဒ္ဓါကြည်ညိုခြင်းဖြင့် စိပ်ပုတီးစိပ်၍ ဆုတောင်းကြသူတိုင်းသည် အသင်းတော်၏ နှစ်သိမ့်ခြင်း သို့မဟုတ် ကျေးဇူးတော် (စက္ကရမင်တူး) မခံရဘဲ မသေစေရ။

၈။ စိပ်ပုတီးစိပ်သူတိုင်းသည် အသက်ရှင်နေသည်ဖြစ်စေ၊ သေဆုံးပြီးနောက်ဖြစ်စေ ဘုရားသခင်၏ အလင်းတော်အောက်မှာ ကြွယ်ဝသော ကျေးဇူးတော်များကို သူတော်သူမြတ်များနှင့်ထပ်တူ ခံစားရပေလိမ့်မည်။

၉။ စိပ်ပုတီးအား သဒ္ဓါကြည်ညိုသူတိုင်းအား ငရဲငယ်မှ ချက်ချင်း ကယ်ချွတ်ပေးမည်။

၁၀။ စိပ်ပုတီးစိပ်သူတိုင်းသည် ကောင်းကင်နိုင်ငံတော်တွင် ဘုန်းတော်ဂုဏ်တော်ကို စံစားရလိမ့်မည်။

၁၁။ စိပ်ပုတီးစိပ်၍ တောင်းလျှောက်သောအခါ သင်တောင်းသောဆုသည် ပြည့်လိမ့်မည်။

၁၂။ စိပ်ပုတီးစိပ်ခြင်းကို ဖြန့်ဝေသူတိုင်းသည် ၎င်းတို့လိုအပ်ချိန်တိုင်းမှာ လိုအပ်သောဆုကို ငါ့အားဖြင့် ရရှိစေရမည်။

၁၃။ စိပ်ပုတီးစိပ်သူတိုင်းသည် အသက်ရှင်စဉ်ဖြစ်စေ သေဆုံးပြီးနောက်ဖြစ်စေ ကောင်းကင်နိုင်ငံရှိ ရဟန္တာ သူတော်သူမြတ်များအဖွဲ့တွင် ပါဝင်စံစားနိုင်ဖို့ ငါ့သားတော်ထံမှ ကတိတော် ရရှိထားပြီး ဖြစ်သည်။

၁၄။ ယုံကြည်စွာဖြင့် ဇွဲရှိရှိ စိပ်ပုတီးစိပ်သူတိုင်းသည် ငါ၏ချစ်သားသမီးများဖြစ်ကြ၍ ယေဇူးခရစ်တော်၏ ညီအစ်ကိုမောင်နှများဖြစ်ကြသည်။

၁၅။ ငါ၏စိပ်ပုတီးအား သဒ္ဓါကြည်ညိုခြင်းသည် နောင်ဘ၀ သုခချမ်းသာအတွက် အထူး နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်။

ဖာသာရ် ပေါလ်အောင်မြင့်ဝင်း O.P
ဒိုမီနီကန်ကိုယ်တော်

အရက်သောက်ခြင်းနှင့် မူးယစ်ခြင်းတစ်ခါက ဘုန်းကြီးကို “အရက်သောက်တာ အပြစ်လား” လို့ အမေးခံရဖူးပါတယ်။ ဘုန်းကြီးလည်း လွှတ်ကနဲဆိ...
24/08/2024

အရက်သောက်ခြင်းနှင့် မူးယစ်ခြင်း

တစ်ခါက ဘုန်းကြီးကို “အရက်သောက်တာ အပြစ်လား” လို့ အမေးခံရဖူးပါတယ်။ ဘုန်းကြီးလည်း လွှတ်ကနဲဆိုသလို “အရက်သောက်တာ အပြစ်မဟုတ်ဘူး။ မသောက်တတ်ဘဲ သောက်တာက အပြစ်” လို့ချက်ချင်းဖြေပေးမိခဲ့တယ်။

ဟုတ်ပါတယ်။ ကက်သလစ်အသင်းတော်ရဲ့ သွန်သင်ချက်မှာ အရက်သောက်ခြင်းကို ပင်ကိုယ်အပြစ်တစ်ခုအဖြစ် မသတ်မှတ်ထားပါဘူး။ သို့ပေမယ့်လည်း မူးယစ်ခြင်းကိုတော့ အပြစ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သွန်သင်ထားပါတယ်။ ပြောရမယ်ဆိုရင်တော့ “တန်ဆေး လွန်ဘေး” ဖြစ်ပြီး အပြစ်ထဲသို့ ကျရောက်စေတယ်လို့ သွန်သင်ထားခြင်းပါ။ အထက်က ဘုန်းကြီးစကားနဲ့ ပြန်ပြောရရင်တော့ သောက်တတ်ရင် အပြစ်မဖြစ်ဘဲ မသောက်တတ်ဘဲ မူးအောင်သောက်ရင် အပြစ်ဖြစ်စေပါတယ်။

ပြသနာက မူးယစ်ခြင်းပါ။ မူးယစ်ခြင်းဟာ အပြစ်ပါ။

အရက်စသောက်တဲ့အချိန် ဘာပြသနာမှ မဖြစ်ပါ။ ဖြစ်ဖို့ အကြောင်းတရားလည်း မတွေ့မိပါ။ သိုပေမယ့်လည်း အရက်သောက်ခြင်းမှ မူးလာချိန်မှာတော့ ပြသနာများ စတင်ပါတယ်။ အဲဒီလို မူးယစ်ခြင်းရဲ့ ပြသနာတွေကို ကျနော်တို့ရဲ့ ဘုရားကျောင်းဝန်းတွေထဲမှာ မြင်တွေ့နေရတာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဘုန်းတော်ကြီး ယခင်တာဝန်ယူခဲ့သည့် ဘုရားကျောင်းဝန်းအပါအဝင် သာသနာတော်တော်များများမှာ ဒီမူးယစ်ခြင်း ပြသနာတွေ ရှိနေတာဟာ သွန်သင်မှုအားနည်းခြင်း၊ လေ့လာမှု အားနည်းခြင်း နှင့် ဘုရားကျောင်းဝန်းကို အလွဲသုံးစားလုပ်ခြင်းတစ်ခုလို့ ရှုမြင်မိပါတယ်။ ဘုရားကျောင်းပုရဝုဏ်နှင့် မူးယစ်ခြင်းဟာ လုံးဝ (လုံးဝ) မအပ်စပ်တဲ့အရာတစ်ခုပါပဲ။

အရက်သောက်ခြင်းနှင့် မူးယစ်ခြင်းကို ခွဲခြားနားလည်နိုင်မယ်ဆိုရင်တော့ “အရက်သောက်တာ အပြစ်လား” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို သင်ကိုယ်တိုင် နားလည်ပါလိမ့်မယ်။

ရောမဩဝါဒ စာစောင် (၁၄း၂၁)မှာတော့ သံပေါလူးက ယခုလို သွန်သင်ထားပါတယ်။ “သူတစ်ပါးအား အပြစ်သို့ ကျရောက်စေမည်ဆိုပါက စပျစ်ရည်သောက်ခြင်းမှ စ၍ မည်သည့် အပြုအမူကိုမဆို မပြုလုပ်လျှင် မှန်ကန်သင့်မြတ်ပေ၏။”

ဒိုမီနီကန်ကိုယ်တော်

တရားဟောသူတော်စင်များအသင်းဂိုဏ်းတည်ထောင်သူ စိန့်ဒေါမိနစ်နှစ်စဉ်ဩဂုတ်လ ၈ ရက်နေ့ကို စိန့်ဒေါမိနစ်အား အောက်မေ့သတိရဖွယ်နေ့အဖြ...
07/08/2024

တရားဟောသူတော်စင်များအသင်းဂိုဏ်းတည်ထောင်သူ စိန့်ဒေါမိနစ်

နှစ်စဉ်ဩဂုတ်လ ၈ ရက်နေ့ကို စိန့်ဒေါမိနစ်အား အောက်မေ့သတိရဖွယ်နေ့အဖြစ် အသင်းတော်ကြီး၏ ဝတ်ပြုကိုးကွယ်ရာ ပြကထိန်တွင် ပြဌာန်းကျင်းပကြသည်။

စိန့်ဒေါမိနစ်အကြောင်း ပြောကြရာတွင် သူ၏ဆုတောင်းခြင်းအားကြီးပုံကို ပို၍ ပြောဆိုတတ်ကြသည်။ အပြစ်သားများခွင့်လွှတ်ခြင်းရဖို့၊ ပြောင်းလဲခြင်းရှိဖို့ နေ့နေ့ညည အမြဲဆုတောင်းတတ်သူ ဖြစ်သည်။ “သူသည် ဘုရားသခင်နှင့်စကားပြော၍ ဘုရားသခင်အကြောင်းကိုသာ ပြောချင်သူ” ဖြစ်သည်ဟု သူ၏အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများနှင့် ကိုရင်များက ပြောဆိုလေ့ရှိကြသည်။

ပုပ်ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂)က “ဘုရားသခင်နှင့်စကားပြော၍ ဘုရားသခင်အကြောင်းကိုသာပြောသည်“ ဟူသော စိန့်ဒေါမိနစ်၏စိတ်ထားကို အင်မတန်သဘောကျကြောင်း ပြောဆိုလေ့ရှိသည်။ ဒိုမီနီကန် အသင်းဂိုဏ်းဝင်များနှင့် တွေ့ဆုံသော အခမ်းအနားတစ်ခုတွင် အရှင်သူမြတ်ကြီးက “စိန့်ဒေါမိနစ်လို ဘုရားသခင်အား တွေ့ကြုံခံစားရသောသူသည်သာ ဘုရားသခင်အကြောင်းကို ပြောဆိုနိုင်လိမ့်မည်“ ဟု မှတ်ချက်ပြုခဲ့သည်။ ဆိုလိုသည်မှာ စိန့်ဒေါမိနစ်ကဲ့သို့ ဘုရားသခင်နှင့်စကားပြောသူ၊ ဆုတောင်းခြင်းပြုသူသာ ဘုရားသခင်အကြောင်းကို ဟောပြောနိုင်မည် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)ကလည်း စိန့်ဒေါမိနစ်ကို “ဆုတောင်းခြင်းအားကြီးသော ပုဂ္ဂိုလ်“ ဟု ၎င်း၏ မြတ်သောအယူဝါဒ သွန်ခြင်းမိန့်ခွန်းမှာ မှတ်ချက်ပြုခဲ့သည်။ “စိန့်ဒေါမိနစ်သည် ဝိညာဉ်များ ကယ်တင်ခြင်းရဖို့အတွက်၊ အထူးသဖြင့် သူ့ခေတ်သူ့ကာလအတွင်း အယူဝါဒလွဲမှားခြင်းသို့ ကျရောက်နေသော ဝိညာဉ်များ ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းရဖို့အတွက် ဝိညာဉ်တော်ဘုရား၏လမ်းညွှန်မှုနှင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာတို့ဖြင့် မဆုတ်မနစ် ကြိုးစား သာသနာပြုခဲ့သည်။ ဧဝံဂေလိသစ္စာသုံးပါးဖြစ်သော နာခံခြင်း၊ ဆင်းရဲခြင်းနှင့် ဖြူစင်ခြင်း သစ္စာတို့ကို ပူးတွဲကျင့်ကြံရင်း ခရစ်ယာန်ဘဝအသက်တာ၏ ပြည့်စုံခြင်းကို လျှောက်လှမ်းခဲ့သည်။ ထိုကဲ့သို့ လျှောက်လှမ်းသော ခြေလှမ်းတိုင်းတွင် ဆုတောင်းမေတ္တာသည် ခွန်အားဖြစ်၍ အသီးအပွင့်တွေ ပေးခဲ့သည်”ဟု အရှင်သူမြတ်ကြီးက မိန့်ဆိုခဲ့သည်။

ဒိုမီနီကန်ကိုယ်တော်

၁၇ ကြိမ်မြောက် သာမန်တနဂနွေနေ့ ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းစာဟာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများခြင်းလို့ အမျာ...
27/07/2024

၁၇ ကြိမ်မြောက် သာမန်တနဂနွေနေ့

ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းစာဟာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများခြင်းလို့ အများသိကြတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်ကို သံယောဟန်ကျမ်းထဲမှာပဲ မဟုတ်ဘဲ စီနော့တစ်ကျမ်းများလို့ ခေါ်တဲ့ သံမာတေဦး၊ သံမာကု နဲ့ သံလုကာကျမ်းများမှာလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ မတူတဲ့အချက်ကတော့ စီနော့တစ်ကျမ်းများမှာတော့ ဒီတန်ခိုးလက္ခဏာကို ဖော်ဆောင်ရခြင်းရဲ့ အကြောင်းတရားကတော့ ခရစ်တော်ဟာ သူ့နောက်လိုက်လာတဲ့ လူအုပ်ကြီးအပေါ် ကရုဏာသက်မိလို့ ဆိုပါတယ်။ အချိန်အားဖြင့် နောက်ကျနေပြီး စားဖို့အတွက် ပြင်ဆင်ချိန် မရှိကြတာမို့ ကရုဏာသက်တယ်လို့ ဖော်ပြထားပါတယ်။ သံယောဟန်ကျမ်းမှာတော့ အဲဒီလိုမဟုတ်ဘဲ သူ့နောက်လိုက်လာတဲ့ လူအုပ်ကြီးကို တာဝန်ယူဖို့ ဖိလစ်ကို စမ်းသပ်မေးမြန်းတာလို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ခရစ်တော် ဘာလုပ်ရမယ်ဆိုတာကို ကြိုတင် သိရှိပြီးသား ဖြစ်လို့ တာဝန်ပေးခံရရင် ဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်လို့ မေးမြန်းစုံစမ်းတာလို့ ဆိုပါတယ်။ ဒါ့အပြင် စီနော့တစ်ကျမ်းများမှာ ဒီပွားများခြင်းဖြစ်ရပ်ကို ခရစ်တော်ရဲ့ တန်ခိုးလက္ခဏာတစ်ခုအဖြစ် ဖော်ပြထားကြပြီး သံယောဟန်ကျမ်းမှာတော့ ခရစ်တော်ရဲ့ ဘုရားဖြစ်ကြောင်း ပြသတဲ့ အမှတ်လက္ခဏာခုနှစ်ခုထဲက စတုတ္ထမြောက် အမှတ်လက္ခဏာအဖြစ် ဖော်ပြထားပါတယ်။ ခရစ်တော်ဘုရားရှင်က သူကိုယ်တိုင် ကယ်တင်ရှင်ဖြစ်ကြောင်းနဲ့ ဒီလောကသို့ လာရတဲ့ သူ့ရဲ့သာသနာပြုခြင်းမှာ လူသားအားလုံးကယ်တင်ဖို့ဖြစ်ကြောင်း ဖော်ပြဖို့ သံယောဟန်ကျမ်းမှာ အမှတ်လက္ခဏာ ခုနှစ်နဲ့ ဖော်ပြထားပါတယ်။ ဒါတွေကတော့ စီနော့တစ်ကျမ်းများနဲ့ သံယောဟန်ကျမ်း ကွာခြားပုံလေးကို အနဲငယ် ဝေမျှပေးတာပါ။

ဒီနေ့ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ပွားများပြီး လူအုပ်ကြီးကို ဝဝလင်လင် ကျွေးမွေးအပြီးကို အကြွင်းအကျန်တွေကို ကောက်တာကို တောင်း ၁၂ တောင်း ရတယ်လို့ ဆိုပါတယ်။ ဒီတန်ခိုးလက္ခဏာနဲ့ပတ်သက်လို့ အချက် ၅ ချက်ကို တရားမှတ်ဖို့ ဝေမျှပေးချင်ပါတယ်။

၁။ ကရုဏာတရားနဲ့ ဘုရား၏ဆောင်မခြင်း
သူ့နောက်လိုက်လာတဲ့ လူအုပ်ကြီးအတွက် စိုးရိမ်ပူပန်ပေးတဲ့ ခရစ်တော်ရဲ့စိတ်ဟာ သူရဲ့ ကရုဏာတရားကို ပြသနေပါတယ်။ ဘုရားသခင်ဟာ လူတွေအပေါ် ဝိညာဉ်ရေးကောင်းဖို့တစ်ခုတည်းသာ မဟုတ်ဘဲ ခန္တာလိုအပ်ချက်တွေကိုပါ ဂရုစိုက်ကြောင်း ပြသနေပါတယ်။ ဒါ့အပြင် ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးကို ကလေးငယ်တစ်ဦးဆီကရတဲ့ အစားအစာအနဲငယ်နဲ့ ဝလင်အောင် ကျွေးမွေးတာဟာ ဘုရားရှင်ရဲ့ တန်ခိုးလက္ခဏာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာရှိတဲ့ နည်းနည်းလေးဆိုတာ ဘုရားလက်ထဲမှာ ပေါများကြွယ်ဝခြင်းပါပဲ။ ကိုယ့်ဆီမှာရှိတဲ့ အဲဒီနည်းနည်းလေးတွေကို တကိုယ်ကောင်းစိတ်နဲ့ ဖက်တွယ်မထားဘဲ ရက်ရောစွာ အသုံးပြုခွင့် ပေးလိုက်ပါ။ သင် အံ့ဩရလောက်အောင် ပေါများကြွယ်ဝနေမှာပါ။

၂။ ယုံကြည်ခြင်း
အထက်က တန်ခိုးလက္ခဏာဖြစ်လာဖို့ သင်ယုံကြည်ဖို့ လိုအပ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ဒီလူအုပ်ကြီးကို ဘယ်လိုကျွေးမွေးဧည့်ခံမလဲလို့ ဖိလစ်ကို မေးတဲ့အခါ ဖိလစ်ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်လိုက်တာပါပဲ။ ဖိလစ်ရဲ့ တုန့်ပြန်မှုဟာ သဘာဝကျပါတယ်။ သာမန်အားဖြင့် ဒီလူအုပ်ကြီးကို ကျွေးမွေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လူသားတွေရဲ့ အကန့်အသပ်ပါပဲ။ ဒါပေမယ့် ဘုရားသခင်အတွက် မဟုတ်ပါ။ ယုံကြည်ခြင်းကြောင့် မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ယုံကြည်ခြင်းကို စမ်းစစ်ပါ။

၃။ ကိုယ်တော်မြတ်ရဲ့ အမှတ်သကေတ
မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို လူအုပ်ကြီး အဝ သုံးဆောင်နိုင်အောင် ပြောင်းလဲပေးတဲ့ တန်ခိုးဟာ ဒီနေ့ ဘုန်းတော်ကြီးများ ပူဇော်ကျင်းပပေးတဲ့ မုန့်နဲ့စပျစ်ရည်ကိုလည်း ကိုယ်တော်ရဲ့အသားနဲ့အသွေးဖြစ် အဟုတ်အမှန် ပြောင်းလဲပေးပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးနဲ့ ကျနော်တို့ ခရစ်ယာန်များအတွက် ဝိညာဉ်အဟာရ ပေးနေပါတယ်။

၄။ ကောင်းချီးမဂလာကြွဝခြင်း
လူအုပ်ကြီး ဝဝလင်လင်စားပြီးချိန် စားကြွင်းစားကျန်တွေ လိုက်ကောက်တာ ၁၂ တောင်းရတယ်လို့ဆိုပါတယ်။ ဂဏန်းအက္ခရာ ၁၂ ဆိုတာ ပြည့်စုံကြွဝယ်ခြင်းပါပဲ။ ဘုရားသခင်ဆီက ကောင်းချီးမဂလာတွေဟာ ကျနော်တို့အတွက် လတ်တလောက်လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းပေးတာမဟုတ်ဘဲ ကျနော်တို့ တောင်းတာထက်၊ တွေးထားတာထက်ကို ပိုလျှံပါတယ်။ ဒီကြွယ်ဝခြင်းဟာ ကောင်းကင်နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံမှာ ကျနော်တို့ အားလုံးအတွက် ပြည့်စုံကြွယ်ဝပါတယ်။

၅။ ခရစ်တော်ရဲ့ ဘုရားအဖြစ်တော်နဲ့ သာသနာပြုခြင်းကို သိမှတ်ခြင်း
လူအုပ်ကြီးဟာ ခရစ်တော်ကို ပရော်ဖက်တစ်ပါးလို အသိမှတ်ပြုပြီး ထွက်မြောက်ရာကျမ်းထဲက မိုးဇယ်လို သူတို့ကို ရောမအင်ပါယာလက်အောက်မှ လွတ်မြောက်စေမယ့် ဘုရင်အဖြစ် တင်မြှောက်ချင်ကြပါတယ်။ ဒါဟာ ခရစ်တော်ကို နားမလည်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ တခြားဘက်ကို တစ်ဦးတည်း ထွက်သွားတယ်လို့ ဆိုပါတယ်။ ခရစ်တော်ဟာ ဘုရားဖြစ်ပါတယ်။ သူဟာ လူမျိုးတစ်စုတည်းအတွက်မဟုတ်ဘဲ လောကီသားအားလုံးအတွက် ဖြစ်ပါတယ်။ သူ့ရဲ့ သာသနာပြုခြင်းဟာလည်း လူသားအားလုံး အပြစ်က ကယ်တင်ခြင်းရဖို့ပါပဲ။ သူ့ရဲ့နိုင်ငံတော်ဟာလည်း ဒီလောကီနဲ့ မသက်ဆိုင်ဘဲ ဝိညာဉ်ရေးနဲ့ သက်ဆိုင်ပါတယ်။

ကျနော်တို့လည်း ဒီလောကီရေးရာအတွက်ပဲ အသက်မရှင်ဘဲ ထာဝရအသက်ရတဲ့ ကောင်းကင်နိုင်ငံတော်အတွက် ဗဟိုပြုပြီး ရှင်သန်နိုင်အောင် ကြိုးစားကြပါစို့။

ဒိုမီနီကန်ကိုယ်တော်

၁၂ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ ဗတ်စကိုဒကားမားလို စွန့်စားစူးစမ်းသူတွေခေတ်မတိုင်က ကမ္ဘာကြီးဟာ ပန်းကန်ပြားလို ပြားနေပြီး ...
22/06/2024

၁၂ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဗတ်စကိုဒကားမားလို စွန့်စားစူးစမ်းသူတွေခေတ်မတိုင်က ကမ္ဘာကြီးဟာ ပန်းကန်ပြားလို ပြားနေပြီး အဆုံးမှာ ချောက်နက်ကြီးတွေ ရှိတယ်လို့ လူတွေယူဆခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီချောက်နက်ကြီးတွေထဲမှာ စွန့်စားသူတွေ ပြုတ်ကျ ပျောက်ဆုံးသွားတယ်ဆိုပြီး လူတွေဟာ မစွန့်စားရဲတော့ဘဲ ရှိနေခဲ့ပါတယ်။ ပင်လယ်ဆိုတာကလည်း နက်ရှိုင်းပြီး မာယာများသကိုး။ ဒါပေမယ့်လည်း အဲဒီပင်လယ်ကြီးကို ရင်ဆိုင်ဖြတ်လျှောက်ခဲ့တဲ့အခါမှာတော့ စွန့်စားသူတွေဟာ လှပကြွယ်ဝတဲ့ နယ်မြေသစ်တွေကို တွေ့ရှိခဲ့ကြရတယ်မဟုတ်လား။ ဘဝဟာ အဲဒီလိုပါပဲ၊ ရင်ဆိုင်လျှောက်လှမ်းမှ ပိုပြီး အဓိပ္ပာယ်ရှိလာတယ်။

ဒီနေ့ ဧဝံဂေလိကျမ်းထဲမှာလည်း ခရစ်တော်ဘုရားရှင်က တပည့်တော်ကြီးတွေကို “တဖက်ကမ်းကို ကူးကြစို့” လို့ မိန့်ဆိုပါတယ်။ တစ်နေရာထဲမှာပဲ အဓိပ္ပာယ်မဲ့ ရပ်နေတာမျိုးမဟုတ်ဘဲ ဘဝဆိုတာ လျှောက်လှမ်းနေရတာပါပဲ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သက်တောင့်သက်သာအရပ် (Comfort zone)ကနေ ထွက်ကြဖို့ ပြောတာကို ပြန်သတိရမိပါတယ်။ လူတိုင်းလူတိုင်း သက်တောင့်သက်သာအရပ်မှာ တွယ်ကပ်နေချင်ကြတာ သဘာဝပါ။ ဘဝလုံခြုံမှု၊ သေချာမှု၊ အဆင်ပြေမှု၊ ကောင်းစားမှုတွေမှာ လူတိုင်း တွယ်ကပ်ချင်ကြပါတယ်။ ဒါပေမယ့် ဒီသက်တောင့်သက်သာရှိမှုတွေဟာ အနိစ္စ မမြဲတာကို သိလာတဲ့အခါ စိုးရိမ်မှုတွေနဲ့ ဘဝပျက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။

တကယ်တော့ သက်တောင့်သက်သာအရပ်ကနေ ထွက်ခြင်းဆိုတာ စိုးရိမ်ကြောင့်ကျမှုတွေကို စွန့်လွတ်ခြင်း၊ ယုံကြည်ခြင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး လမ်းသစ်တွေကို လျှောက်လှမ်းခြင်း၊ အလုပ်အသစ်တွေကို လုပ်ဆောင်ခြင်း၊ မတူတဲ့ လူတွေနဲ့ ထိတွေ့ပြီး ညှိနှိုင်းပြင်ဆင်၍ ဘဝကို ဖန်တီးခြင်းပါ။

သေချာတာတစ်ခုကတော့ ဘဝဆိုတာ ရပ်တန့်နေလို့ မရပါဘူး။ ဘဝ ရပ်တန့်ပြီဆိုရင်တော့ ထာဝရ ရပ်တန့်သွားမှာပါ။ဘဝ သေသွားပါလိမ့်မယ်။

ဖျားနာမှုတွေ၊ ဒုက္ခအခက်ခဲတွေ၊ ဝေဒနာတွေ၊ စုံစမ်းခံရမှုတွေ၊ ပြသနာတွေဟာ ဘဝရဲ့ မုန်တိုင်းတွေပါပဲ။ ကျနော်တို့ဘဝကို ခက်ခဲအောင် သူတို့ လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို သတ္တိရှိရှိ ရင်ဆိုင် ဖြတ်ကူးနေတာက ဘဝရဲ့ တန်ဖိုးတစ်ခုပါပဲ။ ကိုယ့်ဘဝရဲ့ အရည်ချင်းစစ် စာမေးပွဲတွေပါပဲ။

ဒီနေ့ မုန်တိုင်းနဲ့ ကြုံတွေ့ရလို့ စိုးရိမ်ပူပန်နေတဲ့ တပည့်တော်ကြီးတွေကို မေးတဲ့ ခရစ်တော်ရဲ့ မေးခွန်းက “သင်တို့၌ ယုံကြည်ခြင်းမရှိသလော့” တဲ့။

ဒိုမီနီကန်ကိုယ်တော်

Address

စိန့်ဒေါမီနစ်ကျောင်းတိုက်
Yangon

Telephone

+959408154953

Website

Alerts

Be the first to know and let us send you an email when Myanmar Dominicans posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Myanmar Dominicans:

Share