စိတ်ငြိမ်းချမ်းမှု Peace and Calm

  • Home
  • စိတ်ငြိမ်းချမ်းမှု Peace and Calm

စိတ်ငြိမ်းချမ်းမှု Peace and Calm Life Attains only by Maha Satipatthana Vipassana Meditation!

let's stay at one' s Meditation Centre, Monastry,Nunnery, home on these day and
do meritorious deeds, Speeches, thinks as much as we can!

29/04/2026
29/04/2026

🙏🙏🙏

မိဘ/အုပ်ထိန်းသူကိုယ်တိုင်အပ်နှံစာရင်းပေးသွင်းရန်           🛎️🌟🌟🌟ဖိတ်ကြားလွှာ🌟🌟🌟🛎️ကဆုန်လပြည့်ကျော် (၁)ရက် မှ (၇)ရက်နေ့ထိ(...
29/04/2026

မိဘ/အုပ်ထိန်းသူကိုယ်တိုင်အပ်နှံစာရင်းပေးသွင်းရန်
🛎️🌟🌟🌟ဖိတ်ကြားလွှာ🌟🌟🌟🛎️
ကဆုန်လပြည့်ကျော် (၁)ရက် မှ (၇)ရက်နေ့ထိ
(1 . 5. 2026) - (7. 5. 2026) တကြိမ်ထပ်မံ
အပ်နှံ ဝင်ရောက် ပညာပါရမီဖြည့်ကျင့် ရင့်ကျက်ရလေအောင် ကုသိုလ်ယူကြဖို့ ဖိတ်ကြားအပ်ပါသည်
🛎️🛎️🛎️🛎️🛎️
မိဘ/အုပ်ထိန်းသူများကိုယ်တိုင် တရားစခန်းဝင်မည့် ကလေးငယ်များကို English လဆန်း (၁)ရက်နေ့ ညနေ (၄းဝဝ) နာရီ အရောက် ကိုယ်တိုင်လာရောက်အပ်နှံရပါမည်။
အသက် ၈ နှစ် မှစ၍ G 11/ 12 တက္ကသိုလ်တန်း အရွယ်များထိ လက်ခံပါသည်။

🏘️ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကာယ(၁၂)လမ်း၊ ဖြတ်လမ်း(၁) ဘယ်ကွေ့။
ဖုန်း- ၀၉- ၄၄၃ဝဝ၉ဝဝဝ(viber)၊ ၀၉-၇၉၅၈၃၇ဝ၆၈
၀၉- ၂၅၄၂၇၃၈၈၃
[email protected]
🛎️🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🛎️

တပါတည်း ယူဆောင်လာရမည့်ပစ္စည်းများ
အိပ်ယာလိပ်(စောင်၊ ခြင်ထောင်၊ ခေါင်းအုံး)
အဖြူ+အညို (သို့)အဖြူ+ အစိမ်း (၃)စုံ
ညဝတ်ပြင်ပဝတ်စုံ (၃)စုံ
လက်နှိပ်ဓာတ်မီး၊ ဗလာစာအုပ် + ဘောပင်
ရေချိုးခွက်၊ ကိုယ်တိုက် + အဝတ်လျှော်ဆပ်ပြာ
သွားတိုက်ဆေး + သွားတိုက်တံ

လုံးဝမယူလာရမည့်ပစ္စည်းများ
ရွှေ၊ ငွေ၊ လက်ဝတ်လက်စားများ (နားကပ်မှစ၍)
Phone, Tablet
(ပါရှိလာပါက ရုံးခန်း၌သာ အပ်နှံထားရန်၊ အကြောင်းရှိမှ ခေတ္တသုံးရန်)
အချိုရည်မျိုးစုံ + တားမြစ် မုံ့မျိုးစုံ
ကလေး စားနေကျမုံ့ပဲသရေစာများထည့်ပေးလိုက်ပါက
ပုံးဖြင့်သေချာထည့် အမည်တပ်ကာ ယူလာပေး၍ ဆွမ်းစားကျောင်း သတ်မှတ်နေရာ၌သာ လာထားခိုင်းကာ အားလပ်ချိန်၌သာ လာရောက်ထုတ်ယူ စားသောက်ရပါမည်။

နီတိစကား
(၁) ပဌမအရွယ်၌ လောကီပညာနှင့် လောကုတ္တရာ
ပညာသင်ကြားရမည်။
(၂) ဒုတိယအရွယ်၌ စီးပွားဥစ္စာ ရှာဖွေ စုဆောင်း
မည်။
(၃) တတိယအရွယ်၌ သမထ -- ဝိပဿနာ
ဘာဝနာပွားရမည်။

မျက်မှောက်ခေတ်၌ ပဌမအရွယ် သင်ရမည့်ပညာကို လောကီ ပညာလောက်သိကြ၏။
လောကုတ္တရာပညာဟု မသိကြပြီ။
သမထ-ဝိပဿနာ ကျင့်နည်းကို လောကုတ္တရာပညာဆို၏။
ကိုယ်၊ နှုတ်၊ စိတ် သုံးပါးအပြစ်ကင်းဝေး ချမ်းမြေ့ပျော်ရွှင်စွာ သက်ဆုံး တိုင် နေနိုင်ရေး ပထမအရွယ်ကတည်းက လောကုတ္တရာ ပညာပါ သင်ယူလေ့ကျင့်ကြပါစို့။
(လှိုင်မဟာစည် ဆရာတော်)

(၇)ရက်ကလေး လူငယ်အထူးတရားစခန်းပွဲ
ရှုမှတ်၊လေ့ကျင့် သင်ကြားအချိန်ဇယား

နံနက်
ဘုရားရှိခိုး
အရုဏ်ဆွမ်းစား
တရားနာ၊ ထိုင် မှတ်
လမ်းလျှောက်မှတ်
ရေချိုး
လမ်းလျှောက်ရှုမှတ်
နေ့လယ်ဆွမ်းစား၊
အနားယူ / လေ့ကျင့်ခန်း

နေ့လယ်
လမ်းလျှောက်+ရပ်ရှုမှတ်
ဉာဏ်စဥ် ဇယား လေ့လာ
တရားနာ၊မဂ္ဂင်ရှစ်ပါး ဆွေးနွေး
တရားထိုင် + ရပ်
ရေချိုး / ညနေစာ

ညပိုင်း
သီလယူ၊ ဘုရားရှိခိုး၊ တရားနာ
လမ်းလျှောက်ရှုမှတ်
တရားစစ်
အမှတ်သတိဖြင့်အိပ်ဆောင်ပြန်

စောင့်ထိန်းသီလ -- ငါးပါးသီလ

 #ကဆုန်လဆိုင်ရာ_သိမှတ်စရာ🌼🌼🌼🌼🌼🌼🌼🌼🌼🌼 #ကဆုန်လသည် မြန်မာ့ ၁၂-လများတွင် ဒုတိယလ၊ ပြိဿရာသီ၊ စန်းခေါ်သော လမင်းသည် ကောင်းကင်တွင်...
29/04/2026

#ကဆုန်လဆိုင်ရာ_သိမှတ်စရာ
🌼🌼🌼🌼🌼🌼🌼🌼🌼🌼

#ကဆုန်လသည် မြန်မာ့ ၁၂-လများတွင် ဒုတိယလ၊ ပြိဿရာသီ၊ စန်းခေါ်သော လမင်းသည် ကောင်းကင်တွင် ဝိသာခါ နက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းပသည်၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှ ဝါဆိုလပြည့်အထိ ၄-လသည် နွေဥတု၊ ယင်း ၄-လတွင် ကဆုန်လဆန်းပိုင်းသည် နွေဥတု ရှေ့ပိုင်း ၂-လ၏ အဆုံးပိုင်း၊ ကဆုန်လပြည့်ကျော်ပိုင်းသည် နွေဥတု နောက်ပိုင်း ၂-လ၏ အစပိုင်းဖြစ်၍ ကဆုန်လသည် နွေဥတု ၄-လ၏ အလယ်ဗဟိုဖြစ်သည်၊ ဒါကိုကြည့်ရင် နေ့တစ်နေ့၏ နေ့ပိုင်းအလယ် တည့်တည့်အချိန်ကို နေမွန်းတည့်ဆိုသလို ကဆုန်လပြည့်သည်လည်း နွေဥတု ၄-လ၏ အလယ်တည့်တည့်ဖြစ်၍ #နွေမွန်းတည့် ဟု ဆိုနိုင်သည်၊ “ #ကဆုန်_နယုန်၊ #ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ဆွေ့ဆွေ့ခုန်အောင် ပူပြင်းလှသည်၊ #တန်ခူး_ရေကုန်၊ #ကဆုန်_ရေခန်း ဆိုသည့်အတိုင်း မြစ်, ချောင်း, အင်းအိုင်များနှင့်တကွ ရေတွင်းများပင် ခန်းခြောက်လောက်အောင် မြေအောက်ရေများ လည်း ခန်းခြောက်ကုန်ကြ၍ မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီ ဗောဓိပင်များကို ရေသွန်းလောင်းပြီး ညောင်ရေသွန်းပွဲ ကျင်းပလေ့ ရှိသည်၊ ပြိဿရာသီကို နွားလားဥသဘပုံဖြင့် ဖော်ပြလေ့ရှိသည်၊ ရာသီပန်းမှာ စကားဝါပန်း ဖြစ်သည်၊ ဒါကို ရှေးပညာရှင်များက-
နေနန်းရယ်တဲ့ ဖလ်သူရိန်။
တန်ခိုးဥဏှဂူနဲ့၊
ကဆုန်ဟူသည်မာသမှာ၊
ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊
ထွန်းလှတဲ့ ငွေတာရိန်ငယ်၊
ဒွတ္တိံသနေ့စွဲ။
ပန်းစကားဝါ၊
နန်းဘမရာ ကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင် ညောင်ရေသွန်းကြတယ်၊
လွမ်းစရာ့ပွဲ။ (ဦးပြုံးချို) ဟုလည်းကောင်း၊
နေဝန်းငယ် စက်ရှိန်၊
တောက်လောင်ငယ် ထိန်သည်၊
ဖလ်သူရိန် တေဇာကြောင့်၊
ပူဗျာပါ ကဲတဲ့လကိုလေး။
(မဟာအတုလမင်းကြီး) ဟုလည်းကောင်း၊
ကဆုန် ပြိဿာ၊ ဝိသာခါ၊
စကားဝါ ပင်လုံးသင်း။ (ရှေးပညာရှင်) ဟုလည်းကောင်း မိန့်ဆိုထားကြသည်။
ကဆုန်ဝေါဟာရ၌ ပုဂံခေတ်ထိုးကျောက်စာတို့၌ ဤလကို ကုဆုန်, ကဆုန်, ကူဆုန်, ခူဆုန်, ခုဆုန်ဟု အမျိုးမျိုး ခေါ်ဝေါ် ရေးသားခဲ့ကြသည်ကို တွေ့ရသည်၊ ထိုတွင် ကုဆုန်, ကဆုန်ဟူသော ဝေါဟာရ ၂-မျိုးသာ အသုံးတွင်ကျယ်သည်၊ ဆရာကြီး ဦးဖိုးလတ်က မရူဘာသာ, မုဆိုးဘာသာစသော တိဗက်, မြန်မာနှင့် တရုတ်, ထိုင်းဘာသာတို့၌ ကု, ကတို့သည် ရေဟု အဓိပ္ပါယ်ရသည်၊ ယင်းတို့နှင့် အနွယ်တူဖြစ်သော မြန်မာဘာသာ၌လည်း ကု, ကပုဒ်တို့သည် ရေဟု အဓိပ္ပါယ်ရကြောင်း သိသာပေသည်၊ မြန်မာဘာသာ၌ ကု, ကပုဒ်တို့သည် ကုတို့, ကုခန်း, ကုဟာ, ကစွန်း, ကညို့, ကတောက် စသည်တို့၌လည်း ရေဟုပင် အဓိပ္ပါယ်ယူ၍ မြန်မာစကားလုံး ကု, ကတို့ ရေဟောဖြစ်ပုံကို သာဓကဆောင်၍ ရှင်းပြထားပေသည်။
မြန်မာဘာသာ၌ အညာမှ အကြေ (အထက်အရပ်မှ အောက်အရပ်)သို့ စုန်သည်ဆိုရာ၌ စုန်၏ အဓိပ္ပါယ်မှာ မြင့်ရာမှ နိမ့်ရာသို့ သက်ဆင်းခြင်းဖြစ်၏၊ မြန်မာဘာသာ၌ စ, ဆ, ဇ-တို့သည် အချင်းချင်း ပြောင်းလဲတတ်ကြသည်၊ စုန်နှင့် ဆုန်တို့၌ အသံနှင့်အနက်တို့ကို ဆင်ခြင်သော် စုန်သည် မူလဖြစ်ဟန်ရှိ၍ စုန်မှ ဆုန်သို့ သက်ဆင်းလာဟန်ရှိသည်၊ သို့ဖြစ်၍ ဆုန်သည် စုန်ကဲ့သို့ပင် သွန်းခြင်း, လောင်းခြင်း, ဖျန်းခြင်း အဓိပ္ပါယ်ရှိပေသည်၊ မြန်မာဘာသာနှင့် အနွယ်တူဖြစ်သော တရုတ်, ရှမ်း, ကချင် ဘာသာတို့၌ စုန်, ဆုန်ဟူသော ဝေါဟာရသည် သွန်းခြင်း, လောင်းခြင်း, ဖျန်းခြင်း, စီးဆင်းခြင်း, ယိုစီးခြင်း အဓိပ္ပါယ်ရှိကြသည်၊ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော လဟု ဆိုလိုသည်။
ကဆုန်လနှင့် ဗုဒ္ဓဘာသာ
ကဆုန်လပြည့်သည် ဗုဒ္ဓဘာသာနှင့်လည်း တိုက်ဆိုင်လှသည်၊ မြတ်ဗုဒ္ဓသည် ဤကဆုန်လပြည့်နေ့မှာပင်
🔹၁။ ဂေါတမဗုဒ္ဓ အလောင်းတော် သုမေဓာရသေ့ ဘုရားဧကန်ဖြစ်မည့်အကြောင်း #နိယတဗျာဒိတ် ရတော်မူခဲ့သည်၊
🔹၂။ နောက်ဆုံး ဘုရားဖြစ်မည့် ဘ၀ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်နေ့၌ #ဖွားမြင်တော်မူခဲ့သည်၊
🔹၃။ မဟာသက္ကရာဇ် ၁၀၃-ခု၊ (ဘီစီ ၅၈၈) ကဆုန်လပြည့် နောက်ဆုံးအချိန်၌ #ဘုရားအဖြစ်သို့_ရောက်တော်မူခဲ့သည်၊
🔹၄။ မဟာသက္ကရာဇ် ၁၄၈-ခု၊ (ဘီစီ ၅၄၃) ကဆုန်လပြည့် နေ့၌ #ပရိနိဗ္ဗာန်စံတော်မူခဲ့သည်၊ ထို့ကြောင့် ဗျာဒိတော်ခံ၊ ဖွား, ပွင့်, စံ၊ လေးတန်ကြုံတွေ့ ကဆုန်ပြည့်၊ (ပြည့်= လပြည့်၊)ဟု ဆိုရမည်၊
ဤကဆုန် လပြည့်နေ့သည် မြတ်ဗုဒ္ဓ ဖွားမြင်လာခြင်း၊ ဘုရားအဖြစ်သို့ ရောက်ခြင်းတို့ကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံး ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မှုနှင့် ကြုံရသလို ပရိနိဗ္ဗာန် စံတော်မူခြင်းကြောင့် ဝမ်းနည်းပူဆွေး ငိုကြွေးစရာများနှင့်လည်း ကြုံကြိုက်ခဲ့ရသည်၊ မြတ်ဗုဒ္ဓ သည် ဘုရားဖြစ်ပြီးနောက်နှစ် မဟာသက္ကရာဇ် ၁၀၄-ခု၊ ကဆုန်လပြည့်နေ့လောက်မှာ မိမိ မွေးရပ်မြေ ကပိလဝတ်ပြည်သို့ ကြွရောက်ပြီး ဆွေတော်မျိုးတော်တို့ကို ချွေချွတ်တော်မူခဲ့ပါသည်၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကိုလည်း ဤလပြည့်နေ့လောက် မှာပင် သောတာပန်, သကဒါဂါမ်အဖြစ်သို့ ရောက်စေခဲ့ပါသည်၊
ဤကဆုန်လပြည့်သည် ထူးခြားသောနေ့ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ၁၆-နှစ်သား အရွယ်မှ စ၍ ၂၉-နှစ်သား အရွယ်အထိ ကာမဂုဏ်ခံစားရေး လမ်းစဉ်ခေါ် #ကာမသုခလ္လိကာနုယောဂလမ်းစဉ်ဖြင့် အချိန်ကုန်ခဲ့ပါသည်၊ ထိုအချိန်မှာ သူအို, သူနာ, သူသေ, ရဟန်းဟူသော နိမိတ်ကြီး ၄-ပါး ထင်မြင်လာသဖြင့် ထီးနန်းစည်းစိမ်ကို စွန့်ပြီး ဘုရားဖြစ်ရန် ၂၉-နှစ်သားအရွယ်မှာ တောထွက်တော်မူပြီး ဥရုဝေလတော၌ ၆-နှစ်နီးပါး အစာမစားဘဲ ကျင့်ခြင်းစသော လူသာမန်တို့ မလုပ်နိုင်သည့် ခက်ခဲပြင်းထန်လှသော အကျင့်ကို အသွေးအသား ခန်းခြောက်သည့်တိုင်အောင် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲရေး လမ်းစဉ်ခေါ် #အတ္တကိလမထာနုယောဂအကျင့် ဖြင့် အချိန်ကုန်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃-ခု၊ (ဘီစီ ၅၈၈)၊ ကဆုန်လဆန်းလောက်မှ စ၍ ဤအတ္တကိလမထာနုယောဂ လမ်းစဉ်ဖြင့် ဗုဒ္ဓအဖြစ်သို့ မရောက်နိုင်ကြောင်း အသိဉာဏ်ပေါ်လာပြီး ထိုလမ်းစဉ်ကို ပယ်စွန့်လိုက်သည်၊ #မဇ္ဈိမပဋိပဒါလမ်းလိုက်ရန် အတ္တကိလမထာ နုယောဂကြောင့် ကုန်ခမ်းနေသော ခန္ဓာကိုယ်အင်အားကို ဖြည့်တင်း၍ မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင် ၈-ပါး လမ်းစဉ်ကို မှန်မှန်ကျင့်သုံး နေသည်၊ ဤကဆုန်လပြည့်နေ့ နံနက်ပိုင်းမှာ ကိုယ်လက်သုတ်သင်ပြီး သေနာနိဂုံးအနီး ညောင်ပင်အောက်၌ ထိုင်လျက် ဆွမ်းခံချိန်ကို စောင့်ရင်း တရားရှုမှတ် ပွားများနေသည်၊ ထိုအချိန် သုဇာတာသူဌေးသမီး လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ခံယူတော်မူပြီး နေရဉ္ဇရာမြစ်ကမ်းနား၌ ဆွမ်းဘုဉ်းပေးတော်မူသည်၊ ထိုနေရဉ္ဇရာ မြစ်ကမ်းနား၌ တရားရှုမှတ်ရင်း နေ့အဖို့ ကုန်လွန်စေသည်၊ ညနေချမ်းအခါ ဗောဓိမဏ္ဍိုင်သို့ ကြွရောက်စဉ် လမ်း၌ #သောတ္ထိယမည်သော မြက်ရိပ်သမား လှူဒါန်းအပ်သည့် မြက် ၈-ဆုပ်ကို အလှူခံတော်မူ၍ ဖွားဖက်တော် ဗောဓိပင်အောက်၌ မြက် ၈-ဆုပ်ကို ဖြန့်ခင်းလိုက်သောအခါ မြတ်စွာဘုရား၏ ပါရမီတော် အဟုန်တို့ကြောင့် #အပရာဇိတပလ္လင် ပေါ်ပေါက်လာပါသည်။
ဖွားဖက်တော် ၇-ပါးမှာ- အာ, ဗော, ကာ, ယ, ဆန်, ရွှေ, ကဏ်-ဆိုသည့်အတိုင်း အာ- အာနန္ဒာ၊ ဗော- မဟာဗောဓိပင်၊ ကာ- ကာဠုဒါယီအမတ်၊ ယ- ယသော်ဓရာ၊ ဆန်- ဆန္နအမတ်၊ ရွှေ- ရွှေအိုးကြီး ၄-လုံး၊ ကဏ်- ကဏ္ဍကစီးတော်မြင်းဟူသော ၇-မျိုးတို့သည် ဘုရားဖွားသည်နှင့်တစ်ပြိုင်နက် ပေါ်ပေါက်လာသော ဖွားဖက်တော်များ ဖြစ်သည်။ (ဒီ ဋ္ဌ- ၂၊ ၁၈၊ အပ ဋ္ဌ- ၁၊ ၆၅၊) (အံ ဋ္ဌ- ၁၊ ၂၃၄-၌ကား အာနန္ဒာ နေရာ၌ အာရောဟနီယဆင်တော်ဟု ဆိုသည် ။)

ဂေါတမဗုဒ္ဓ အလောင်းတော်သည် ထိုကဆုန်လပြည့် ညနေချမ်းအခါ၌ အပရာဇိတပလ္လင်ထက်မှာ စံတော်မူပြီး ဘုရား မဖြစ်သမျှ ဤပလ္လင်က မထဟူသော အဓိဋ္ဌာန်ဖြင့် #အာနာပါနစတုတ္ထဈာန်ကို ထက်သန်စွာ ရှုမှတ်ပွားများသောအခါ မာရ်နတ်မင်းနှင့် တသင်းဗိုလ်ပါ အပေါင်းတို့က ဘုရားမဖြစ်အောင် သမာဓိပျက်အောင် စစ်သည်ဗိုလ်ပါအပေါင်း မြောက်များစွာဖြင့် ဘုရားအလောင်းတော်ကို တိုက်ခိုက်လာပါသည်၊ မာရ်နတ်မင်းကိုယ်တိုင်ကလည်း တောင်ကြီးလောက်ရှိသည့် ဂိရိမေခလာဆင်ကြီးကို စီးပြီး လက်ရုံးပေါင်းတစ်ထောင် ဖန်ဆင်းလျက် လက်နက်မျိုးစုံတို့ဖြင့် ဘုရားအလောင်းတော်ကို တိုက်ခိုက်လာပါသည်၊ ဘုရားအလောင်းတော်၏ မေတ္တာတော်အဟုန်, ပါရမီတော်အဟုန်တို့ကြောင့် မာရ်နတ်မင်းနှင့် အပေါင်းပါတို့
ပစ်ခွင်းအပ်သော လက်နက် အပေါင်းတို့လည်း #လက်နက်အစွမ်းသတ္တိများ_ကုန်ဆုံးပြီး ဘုရားအလောင်းတော်၏ ခြေတော်အစုံ၌ အမွှေးနံ့သာအသွင် ပန်း ပေါက်ပေါက်အသွင်တို့ဖြင့် ခိုလှုံဦးခိုက်ကြပါသည်၊ ဘုရားအလောင်းတော်သည် နေမဝင်မီမှာပင် #မာရ်နတ်မင်းတည်းဟူသော_ဒေဝပုတ္တမာရ် ကို အောင်မြင်တော်မူ၍ #အာနာပါနစတုတ္ထဈာန် ကို ဆက်လက်ပွားများသောအခါ #ညဉ့်ဦးယံ၏အဆုံး၌ #ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ #သန်းခေါင်ယံ၏အဆုံး၌ #ဒိဗ္ဗစက္ခုဉာဏ်၊ #မိုးသောက်ယံ၏အဆုံး၌ #အာသဝက္ခယခေါ် အရဟတ္တမဂ်ဉာဏ်တော်ကို ရရှိခဲ့သည်၊ အရဟတ္တဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်, #သဗ္ဗညုတဉာဏ်တော်တို့ကို ဆက်လက်ရရှိကာ လောက ၃-ပါး၌ သဗ္ဗညုဗုဒ္ဓအဖြစ် ရောက်တော်မူခဲ့ပါသည်။ (ဗုဒ္ဓဖြစ်မည့် ညက ရခဲ့သည့် ဉာဏ်တော် ၃-ပါးကို ပု, ဒိ, အာ ဟုဆိုလေ့ ရှိကြသည်။)
မြတ်ဗုဒ္ဓ သဗ္ဗညုတဉာဏ်တော်ကို ရရှိချိန်မှစ၍ ကမ္ဘာလောက၌ ရှေးရိုးစွဲ ဖန်ဆင်းရှင်ဝါဒစသည် အယူရှိသည့်ပုဂ္ဂိုလ်များလည်း အမှန်တရား သစ္စာအလင်း ရရှိကြပြီး မရေတွက်နိုင်သော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ သံသရာဝဋ်မှ ထွက်မြောက်ကုန်ကြ သည်၊ မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါ လမ်းစဉ်အချုပ်မှာ မဂ္ဂင် ၈-ပါးပင် ဖြစ်သည်၊ မဂ္ဂင် ၈-ပါးသည် လောကီရေး, လောကုတ္တရာရေး အားလုံးအတွက် အသုံးဝင်သည်၊ လောကုတ္တရာရေးအတွက် သံသရာဝဋ်မှ ထွက်မြောက်ရာလမ်းကြောင်းလည်း ဖြစ်သည်၊ လောကီရေးအတွက် အထက်သုဂတိဘုံသို့ တက်ရောက်ရာလမ်း, စီးပွားရေး ပညာရေး နိုင်ငံရေးစသည် ကြီးပွားတိုးတက်ရာ လမ်းကြောင်းလည်းဖြစ်သည်၊ မဂ္ဂင် ၈-ပါးကို ချုပ်လိုက်လျှင် အဓိက ၃-ချက်ဖြစ်သည်၊ ယင်း ၃-ချက်မှာ-
🔸၁။ #လမ်းမှန်ရွေးနည်း ပညာမဂ္ဂင် ၂-ပါး၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ- ကောင်းမွန်မှန်ကန်သည့် သိမြင်, တွေးခေါ်မှု၊
🔸၂။ #လမ်းမပျောက်အောင် ကိုယ်, နှုတ် စောင့်စည်းမှု သီလမဂ္ဂင် ၃-ပါး၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ- ကောင်းမွန်မှန်ကန်သည့် ကိုယ်, နှုတ် စောင့်ထိန်းမှု၊ (စကားချောစေရန် နှုတ်, ကိုယ်ဟု မဆိုဘဲ ကိုယ်, နှုတ် စောင့်စည်းမှုဟု သုံးထားသည်။)
🔸၃။ #ပန်းတိုင်_မရောက်_ရောက်အောင် တည်တည်ငြိမ်ငြိမ်, သတိထား, ကြိုးစားမှု သမာဓိမဂ္ဂင် ၃-ပါး၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ- ကောင်းမွန်မှန်ကန်သည့် တည်တည်ငြိမ်ငြိမ်, သတိထား, ကြိုးစားမှု။
#လမ်းမှန်_ရွေးလျှောက်၊
#လမ်းမပျောက်စေ၊
#ကြိုးစားချေ၊
#မသွေ ပန်းတိုင်ရောက်။
ဤမဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်း လိုက်သူမှန်သမျှသည် သံသရာဝဋ်မှလည်း ထွက်မြောက်နိုင်သည်၊ လူ, နတ်, ဗြဟ္မာဟူသော သုဂတိဘုံသို့လည်း တက်ရောက်နိုင်သည်၊ ပညာရေး, စီးပွားရေး, နိုင်ငံရေး, လူမှုရေးစသည် လောကီရေးရာ မှန်သမျှလည်း တိုးတက် အောင်မြင်နိုင်သည်၊ ပညာရေး, စီးပွားရေးစသော လောကီရေးရာများ၌ အလုပ်, အပြော၊ အိပ်, ရောနှောမှု၊ အပိုပြု၊ မှတ်ရှု ဆုတ်ယုတ်ကြောင်း ဆိုသည့်အတိုင်း (အံ ၃၊ ၁၄၇-လာ) မလိုအပ်သော အလုပ်ပိုများ၊ အချိန်ဖြုန်း ပြောဆိုမှုများ, အိပ်မှုများ၊ အပေါင်းအသင်း လိုက်စားမှုများ စသည်တို့သည်လည်းကောင်း၊ ခေတ်အားလျော်စွာ အပျော်အပါး လိုက်စားမှု, လွန်မင်းစွာ ဂိမ်းဆော့မှု စသည်တို့ သည်လည်းကောင်း ကိုယ်, နှုတ် မစောင့်စည်းမှုများပင် ဖြစ်သည်။ (စာရှည်မည်စိုး၍ အကျဉ်းချုပ်သာ ညွှန်ပြလိုက်ပါသည်။)

မြတ်ဗုဒ္ဓသည် လမ်းစဉ်မှန်ကို #ညွှန်ပြသူသာဖြစ်သည်၊
ကျင့်သုံးရမှာက မိမိတို့၏ တာဝန်ဖြစ်သည်၊ မြတ်ဗုဒ္ဓ ဟောကြားသည့် လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးမှ လွတ်မြောက်နိုင်ကြမည် ဖြစ်ရုံမက ငြိမ်းချမ်းသော ကမ္ဘာလောကကြီး ဖြစ်နိုင်ပါသည်။ (ဓမ္မပဒ၊ မဂ္ဂဝဂ်၊ ဂါထာ- ၂၇၆)
မြတ်ဗုဒ္ဓ ညွှန်ပြခဲ့သည့်အတိုင်း ညီညွတ်ငြိမ်းချမ်း တိုးတက်သော ကမ္ဘလောကကြီး ဖြစ်အောင် တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရင်း ကဆုန်လဆိုင်ရာ သိမှတ်စရာ ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
(ဤကဆုန်လပြည့်ဆိုင်ရာ သိမှတ်လိုက်နာစရာများကို ၁၃၇၆-ခု၊ ၁၃၈၅-ခုနှစ်တို့ကလည်း သင့်လျော်သလို ရေးသားခဲ့ သေးပါသည်။)

ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်)
နိုင်ငံတော်သြဝါဒါစရိယ၊
အဘိဓဇမဟာရဋ္ဌဂုရု၊
အဂ္ဂမဟာပဏ္ဍိတ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
ကဆုန်လဆန်း ၃-ရက်၊ ၁၃၈၆-ခု။
(မေလ ၁၀၊ ၂၀၂၄) သောကြာနေ့။

#ဇေတဝန်စာပေ (မင်္ဂလာဒုံ)က
ရေးကူး-မှတ်တမ်းတင်ပူ​ဇော်သည်

03/03/2026

သမာဓိ နှင့် ဝိပဿနာဉာဏ်

Address

Kaya 11 Street

11021

Alerts

Be the first to know and let us send you an email when စိတ်ငြိမ်းချမ်းမှု Peace and Calm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to စိတ်ငြိမ်းချမ်းမှု Peace and Calm:

  • Want your place of worship to be the top-listed Place Of Worship?

Share