Bodhi Thukha - ဗောဓိသုခ

Bodhi Thukha - ဗောဓိသုခ Inner peace hart of each human being is the foundation for world peace. Dhammacakka U Mg Mg
Bodhithukha Meditation Hall.

အမြဲတမ်းတရားစခန်း ဖွင့်လှစ်ထားပါသည်။
ယောဂီသူတော်ကောင်းများသည်
နေ့စဥ် ကမ္မဋ္ဌာန်းတရား ရှုပွားနေကြပါသည်။

#ဆွမ်းအာဟာရဒါန ကုသိုလ်ပြုလှူဒါန်းလိုပါက
အရုဏ်ဆွမ်း - နှစ်သောင်းကျပ်၊
နေ့ဆွမ်း - သုံးသောင်းကျပ်၊
အရုဏ်ဆွမ်း + နေ့ဆွမ်း = ငါးသောင်းကျပ်နှုန်းဖြင့်
လှူဒါန်းနိုင်ကြပါသည်။

ဆရာဓမ္မစက္ကဦးမောင်မောင်
ဖုန်း - 095127330 (Wave money)

 #ဗောဓိပက္ခိယတရား (၃၇) ပါးတရားဓမ္မမဂ်ဉာဏ်၏အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပ...
24/01/2025

#ဗောဓိပက္ခိယတရား (၃၇) ပါး

တရားဓမ္မမဂ်ဉာဏ်၏အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။

ဗောဓိယာ မဂ်ဉာဏ်၏၊
ပက္ခေ အဖို့၌ (ဝါ) အပင်းအသင်း၌၊
ဘဝါ ဖြစ်ကုန်သောတရားတို့တည်း၊
ဣတိ ဤသို့သော အကြောင်း ကြောင့်၊
ဗောဓိပက္ခိယာ ဗောဓိပက္ခိယ မည်ကုန်၏။

(ဗောဓိပက္ခိယဒီပနီ)
ဗောဓိပက္ခိယတရားစုများကား

(က) သတိပဋ္ဌာန် (၄) ပါး
(ခ) သမ္မပ္ပဓာန် (၄) ပါး
(ဂ) ဣဒ္ဓိပါဒ် (၄) ပါး
(ဃ) ဣန္ဒြေ (၅) ပါး
(င) ဗိုလ် (၅) ပါး
(စ) ဗောဇ္ဈင် (၇) ပါး
(ဆ) မဂ္ဂင် (၈) ပါး

စုစုပေါင်း ၃၇ ပါးရှိသည်။

(က) သတိပဋ္ဌာန် (၄) ပါး
သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်။

၎င်းတို့မှာ

ကာယာနုပဿနာ သတိပဋ္ဌာန် ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှူအမြင် အထင်စွဲမြဲသော သတိတရား။
ဝေဒနာနုပဿနာ သတိပဋ္ဌာန် သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
စိတ္တာနုပဿနာ သတိပဋ္ဌာန် သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
ဓမ္မာနုပဿနာ သတိပဋ္ဌာန် ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

တို့ဖြစ်သည်။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

(ခ) သမ္မပ္ပဓာန် (၄) ပါး
သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန်ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပာယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တနည်းအားဖြင့် ကိစ္စလေးပါးကို ပြီးစေနိုင်သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပာယ်ရရှိပါသည်။

တရားကိုယ်အားဖြင့် ဝီရိယ တပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့်လေးမျိုးဖြစ်သောကြောင့် သမ္မပ္ပဓာန် (၄) ပါး ပြားရပါသည်။ သမ္မပ္ပဓာန် (၄) ပါးကား ဖော်ပြလတ္တံပါအတိုင်း ဖြစ်သည်။

၁။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော အကုသိုလ်တရား(ဥပ္ပန္န အကုသိုလ် အတိတ်အကုသိုလ်၊ ပစ္စုပ္ပန်အကုသိုလ်)တို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ်တရားကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်များသာ တိုးပွားလာမည်၊ ပူပန်ခြင်းကြောင့်ပြုမိသော အကုသိုလ်လည်း ပျောက်မည်မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

၂။ မိမိသန္တာန်၌ နောင်ဖြစ်လတ္တံသော အကုသိုလ်တရား(အနုပ္ပန္န အကုသိုလ် အနာဂတ် အကုသိုလ်)တို့ကို နောင်ဘဝအဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွားလာစေခြင်းငှာ ဒါနမှု သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ်ပြုလုပ်နေရမည်ဟု ဆိုလိုပါသည်။

၃။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရား(ဥပ္ပန္န ကုသိုလ် အတိတ်ကုသိုလ်၊ ပစ္စုပ္ပန်ကုသိုလ်)တို့ကို နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွားစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။

၄။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရား(အနုပ္ပန္န ကုသိုလ် အနာဂတ် အကုသိုလ်)တို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု သီလမှု ဘာဝနာမှု စသည်ကို ပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

(ဂ) ဣဒ္ဓိပါဒ် (၄) ပါး
ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ်ပါယျရရှိပါသညျ။ ဣဒ္ဓိပါဒ်သည် ဖော်ပြလတ္တံပါအတိုင်း (၄) ပါး ရှိပါသည်။

၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊
၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။

၁။ ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူးထက်သန်သော ဆန္ဒကြောင့် ပြီးစီးပြည့်စုံ လာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည်ကပင် ကောင်းသေး၏ဟု မရဘဲ နေရသည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုးဖြစ်သည်။

၂။ ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေးအကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးရှိသည့် ဝီရိယကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည်ရောက်မည်ပေါက်မည်ဟု အထင်ရှိနေသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပန်းခံရသော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။

၃။ ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင်နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မသဘာဝတို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသောသူသည် လောကီတရား ချမ်းသာစီးပွားမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။

၄။ စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာရသည့်အခါမှစ၍ အလွန်အကြူး ထက်သန်ခိုင်မာသော စိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွားမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန်ပရိယတ်မှုများ၌ နေရသော်လည်း ထိုအမှုတို့၌ စိတ်မပါ စိတ်မရှိ၊ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည်နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။

(ဃ) ဣန္ဒြေ (၅) ပါး
ဣန္ဒြေငါးပါး ၌ ဣန္ဒြေဆိုသည်ကား ဣန္ဒဿ ကမ္မံ ဣန္ဒြိယံ၊ ဣန္ဒဿ = အစိုးရမင်း၏၊ ကမ္မံ = အစိုးရမှုသည်၊ ဣန္ဒြိယံ = ဣန္ဒြေမည်၏။ အစိုးရမင်း၏ အစိုးမှုဆိုသည်ကား မိမိအုပ်ချုပ်ရာဌာန၌ မိမိအလိုကို တစ်စုံတစ်ယောက်သောသူကမျှ မလှန်မပြန်နိုင်မှုတည်း။ ဤအရာ၌ကား စိတ်ကို အစိုးရမှုသည် လိုရင်းတည်း။ ထိုဣန္ဒြေသည် ငါးပါးရှိ၏။ ၎င်းငါးပါးတို့မှာ

(၁) သန္ဓိန္ဒြေ
(၂) ဝီရိယိန္ဒြေ
(၃) သတိန္ဒြေ
(၄) သမာဓိန္ဒြေ
(၅) ပညိန္ဒြေ
(ဤသည်တို့သည် ဣန္ဒြေငါးပါး ဖြစ်သည်။)

(၁) သန္ဓိန္ဒြေ
သန္ဓိန္ဒြေ ဆိုသည်မှာ သဒ်ဓါပငျ ဖြစ်သည်။ ထိုသဒ်ဓါသညျ အစိုးရမျိုး ဖြစ်သည်။ ပကတိသဒ်ဓါ, ဘာဝနာသဒ်ဓါဟူ၍ နှစ်ပါးရှိသည်။

ပကတိသဒ်ဓါ
ပကတိ လူတို့၌ ဒါနမှု, သီလမှု, အတုအပ ဘာဝနာမှုနှင့် ဖြစ်၍နေသော သဒ်ဓါသညျ ပကတိသဒ်ဓါမညျ၏။ ထိုပကတိသဒ်ဓါသညျ စိတ်ကို အစိုးရ၏ ဆိုသော်လည်း အထက်၌ ပြဆိုခဲ့ပြီးသော သူရူးဥပမာအတိုင်း ပကတိလူတို့ စိတ်ရူးစိတ်နောက်ကို ပျောက်ငြိမ်းအောင် အုပ်ချုပ်နိုင်သည်မဟုတ်၊ ထိုစိတ်ရူးစိတ်နောက်အတိုင်းမှာ အလိုက်သင့် လိုက်လျော၍ ဒါနပြုရုံမျှ စိတ်ကို အစိုးရ၏။ သဒ်ဓါမရှိခဲ့လြှငျ စိတ်သည်ဘယ်အခါမှ ကောင်းမှုကုသိုလ်ဆီ မသိပြီ၊ မကောငျးမှု၌သာ မွေ့လျော်၏။ သီလဝိသုဒ္ဓိဖြည့်ကျင့်မှု, တရားကျမ်းဂန် သင်ကြားလေ့ကျင့်မှု စသည်တို့၌လည်း အတူတူပင် ဖြစ်သည်။

ဤကား ပွားများခြင်း မရှိသော ပကတိသဒ်ဓါ၏ အစိုးရမှုနှင့် ဖြစ်နိုင်သော ပကတိကုသိုလ်မျိုး ဖြစ်သည်။ ကမ္မဋ္ဌာန်းအမှုနှင့် တွေ့ခဲ့လျှင် ထိုပကတိသဒ်ဓါသညျ စိတ်ကို အစိုးမရ၊ စိတ်သည် သဒ်ဓါကို လှန်ပြန်ကန်ကျောက်၍ လွတ်ရာတပါးသို့ ထွက်သွား၏၊ ပကတိသဒ်ဓါကို ဤအရာ၌ မလိုအပ်။

ဘာဝနာသဒ်ဓါ
ဘာဝနာသဒ်ဓါဆိုသညျမှာ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာအလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော သဒ်ဓါသညျ ဘာဝနာသဒ်ဓါ မည်၏။

ဤဘာဝနာသဒ်ဓါကို ဗောဓိပက္ခိယအရာ၌ သဒ္ဓိန္ဒြေ ဆိုသည်။ ကမ္မဋ္ဌာန်းအာရုံတို့၌ စိတ်ရူး, စိတ်နောက် ပျောက်ငြိမ်း၍ စိတ်ကြည်ရောက်ခြင်း ဖြစ်သည်။ စိတ်မည်သည် သူကြည်ရာအာရုံ၌ နေရမှ ငြိမ်သက်တော့သည်။ အာနာပါနဿတိ အစရှိသော ကာယဂတာသတိကို အားထုတ်မှုသည် ထိုဘာဝနာသဒ်ဓါကို ပျိုးထောင်ပြုပြင်မှုပင် ဖြစ်သည်။ ကာယဂတာသတိစွဲ၍ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါထဲ၌ စိတ်ကို မြဲအောင် ထားနိုင်လျှင်ပင် ဘာဝနာသဒ်ဓါကို ရသည်။ သမထကိစ္စ, ဝိပဿနာကိစ္စတို့နှင့် အဆင့်ဆင့်ပွားများ၍ သွားပါမူကား ယခုဘဝ၌ပင်လျှင် သက္ကာယဒိဋ္ဌိနိုင်ငံကြီး (၃) ရပ်ကို အကုန်ဖြိုဖျက်နိုင်သော အားအစွမ်းသို့ ရောက်၏။ သမထအလုပ်, ဝိပဿနာအလုပ်တို့ကိုမူကား ကျမ်းဂန်အရာ၌ အလွန်လိမ္မာသော ဆရာဥပနိဿယကိုမှီ၍လုပ်မှ နေရာကျနိုင်မည်။

(၂) ဝီရိယိန္ဒြေ
ဝီရိယိန္ဒြေ ဆိုသည်မှာ ဝီရိယပင် ဖြစ်သည်။ ပကတိဝီရိယ, ဘာဝနာဝီရိယဟူ၍ နှစ်ပါး ရှိ၏။ ကာယကဝီရိယ, စေတသိကဝီရိယဟူ၍လည်း နှစ်ပါး ရှိ၏။ ပကတိဝီရိယတွင် သိသာပြီ။ လောကမှုတို့၌ ပကတိဝီရိယလွန်ကဲသောသူတို့မှာ ဘာဝနာဝီရိယ ထမြောက်လွယ်၏။ ပိဏ္ဍပါတ်ဓုတင်၊ နိသဇ်ဓုတင်၊ ရုက္ခမူဓုတင်၊ အဗ္ဘောကာသိကဓုတင်၊ သုသာန်ဓုတင် အစရှိသော ဓုတင်မှုကြီးများသည် ကာယိကဝီရိယဘာဝနာမှုတို့ပင် ဖြစ်သည်။ ကာယိကဝီရိယဘာဝနာကို ထူထောင်မိ၍ အအိပ်အနေ နည်းပါးသဖြင့် ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံငြားသော်လည်း ဘာဝနာမနသိကာရ ထက်သန်မှုဟူသော စေတသိကဝီရိယ မရှိခဲ့သည်ရှိသော် ထွက်သက်ဝင်သက်စသော ကမ္မဋ္ဌာန်းအာရုံသည် ထင်မြင်စွဲမြဲခြင်းသို့ မရောက်နိုင်။ နေ့, ရက်, လ, နှစ်သာ ကြာညောင်း၍ သွား၏။ အာရုံမူကား ထူးလှသည်မရှိ၊ စိတ်ကြည်မှုလည်း ထူးလှသည်မရှိ။

ခပ်သိမ်းသော လုပ်မှုကိုင်မှုတို့၌ပင်လျှင် အလုပ်ကို လူက မြန်မြန်နိုင်တဲမှ နေရာကျသည်။ လူကို အလုပ်ကနိုင်နေလျှင် နေရာမကျပြီ။ လူကို အလုပ်က နိုင်မှုဆိုသည်မှာ အတုအပ ဝီရိယနှင့်သွပ်၍ အလုပ်အရာမထင်တဲ့နိုင်ဘဲ နေ့ရက်ကြာညောင်းရှိလတ်သော် ဣရိယပထဒုက္ခညှဉ်းဆဲမှုနှင့်ပင် ထိုအလုပ်၌ ပျင်းရိခြင်းဖြစ်၍ နေ၏။ ပျင်းရိခြင်း ဖြစ်လေလေ အလုပ်အရာမထင်လေလေ၊ အလုပ်အရာမထင်လေလေ ပျင်းရိခြင်း ဖိစီး၍ လာလေလေ ဖြစ်၏။ ထိုအရပ်ကို လွှတ်၍ အလုပ်တစ်ပါး ပြောင်းရသော် ကောင်းနိုးနိုးထင်၏၊ မကြာမကြာ အလုပ်ပြောင်း၏၊ ဝီရိယညံ့ဖျင်းသောသူကို အလုပ်ကနိုင်မှုတည်း။

ကမ္မဋ္ဌာန်းအလုပ်မည်သည် ကာယိကဝီရိယ, စေတသိကဝီရိယ (၂) ပါး ပြည့်စုံသောသူမှသာ အမြန်အထမြောက်နိုင်၏။

ကာယဂတာသတိ တည်ထောင်မိသည်မှစ၍ တစ်နေ့တစ်ခြား တိုးပွား၍လာသော ဘာဝနာဝီရိယကို ဤဗောဓိပက္ခိယအရာ၌ ဝီရိယိန္ဒြေဆိုသည်။ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ပျင်း, စိတ်ရိ ပျောက်ငြိမ်း၍ စိတ်ထက်သန်မှုသို့ ရောက်ခြင်းတည်း၊ စိတ်မည်သည် စိတ်သန်ရာ အာရုံ၌ နေရမူ ပျော်တော့သည်။ ဤသည်နောက်၌ ဘာဝနာဝီရိယ ထူထောင်မှု အဆင့်ဆင့် ပွားများမှုတို့မှာ သဒ္ဓိန္ဒြေအတိုင်း သိလေ။

(၃) သတိန္ဒြေ, (၄) သမာဓိန္ဒြေ, (၅) ပညိန္ဒြေ
သတိန္ဒြေဆိုသည်မှာ ဤဗောဓိပက္ခိယအရာ၌ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါ၌ ကောင်းစွာတည်ထောင်မိသော ကာယဂတာသတိမှစ၍ လောကုတ္တရာ သမ္မာသတိမဂ္ဂင်တိုင်အောင် ကြီးပွား၍သွားသော သတိပဋ္ဌာနခေါ်သော ဘာဝနာသတိကို ဆိုလိုသည်။ သမာဓိန္ဒြေ, ပညိန္ဒြေ တို့လည်း ဤနည်းတူ ဖြစ်သည်။

ဤန္ဒြေငါးပါး တစ်လုံးတစ်စည်းတည်းဖြစ်ခြင်း

ထွက်သက်ဝင်သက်အစရှိသော သတိပဋ္ဌာန်အာရုံ၌ စိတ်၏ မငြိမ်မသက်မှုကို သမာဓိန္ဒြေသည် ပယ်သတ်၏။ စိတ်၏ တွေဝေမှုန်မှေးမှုကို ပညိန္ဒြေသည် ပယ်သတ်၏။ ရှေး၌ဖြစ်သော သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ (၃) ပါးတို့ကား သမာဓိန္ဒြေ, ပညိန္ဒြေ (၂) ပါးတို့ကို အထွတ်အမြတ်သို့ရောက်အောင် မင်းမြှောက်သမားတို့ပေတည်း။ ကာယဂတာသတိပဋ္ဌာန်တည်ထောင်မိ၍ စိတ်ကိုအစိုးရသောဖြစ်သို့ ရောက်ကြသောအခါ သမထလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သမာပတ်ရှစ်ပါးဖြစ်လာ၏၊ ပညိန္ဒြေသည် ဣန္ဒိဝိဓ အစရှိသော အဘိညာဉ် (၅) ပါး ဖြစ်လာ၏။ ဝိပဿနာလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သုညတသမာဓိ, အနိမိတ္တသမာဓိ, အပ္ပဏိဟိတသမာဓိ (၃)ပါး ဖြစ်လာ၏။ ပညိန္ဒြေသည် ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅)ပါး, အနုပဿနာဉာဏ်သုံးပါး, ဝိပဿနာဉာဏ်ဆယ်ပါး, မဂ်ဉာဏ်လေးပါး, ဖိုလ်ဉာဏ်လေးပါး, ပစ္စဝေက္ခဏာဉာဏ် (၂၆) ပါး ဖြစ်လာသည်။

ဤကား ဣန္ဒြေငါးပါးတို့၏ တစ်လုံးတစ်စည်းတည်း ဖြစ်ကြပုံကို ပြဆိုခန်း ဖြစ်သည်။

(င) ဗိုလ် (၅) ပါး
၁။ သဒ်ဓါဗိုလျ = သဒ်ဓါဖွင့ျ ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၂။ ဝီရိယဗိုလ် = ဝိရီယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၄။ သမာဓိဗိုလ် = သမာဓိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၅။ ပညာဗိုလ် = ပညာဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

ယင်းဗိုလ်များမှာလည်း ဣန္ဒြေငါးပါးကဲ့သို့ပင် ပကတိဗိုလ်များမဟုတ်ဘဲ ဘာဝနာဗိုလ်များဖြစ်ကြသည်။

(စ) ဗောဇ္ဈင် (၇) ပါး
ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိပါသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်။

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

(၃) ဝီရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။

(၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။ စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။

မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ စာမျက်နှာ (၆ဝ)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၇၈)၌ အကျယ်ရှု။

ဗောဓိဿ+အင်္ဂါ = ဗောဇ္ဈင်္ဂါ

ဗောဓိဿ = သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏
အင်္ဂါ = အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း

ဗောဇ္ဈင်္ဂါ သစ္စာလေးပါး သိကြောင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကိုပွားစီးစေရသည် ဟူ၏။

ဗောဇ္ဈင် ၇-ပါး

(၁) သတိသမ္ဗောဇ္ဈင် အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း သတိ စေတသိက်
(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင် တရား စိစစ်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း ပညာ စေတသိက်
(၃) ဝီရိယသမ္ဗောဇ္ဈင် လုံ့လစိုက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း ဝီရိယစေတသိက်
(၄) ပီတိသမ္ဗောဇ္ဈင် နှစ်သက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း ပီတိ စေတသိက်
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် အေးမြခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်
(၆) သမာဓိသမ္ဗောဇ္ဈင် စိတ်၏တည်ကြည်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း ဧကဂ္ဂတာစေတသိက်
(၇) ဥပေက္ခာသမ္ဗောဇ္ဈင် လျစ်လျူရှုခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း တတြမဇ္ဈတ္တတာစေတသိက်

(ဆ) မဂ္ဂင် (၈) ပါး
၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ၊
၃။ သမ္မာဝါစာ = မှန်သောစကား၊
၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ် ၊
၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊
၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊
၈။ သမ္မာသမာဓိ = မှန်သော တည်ကြည် စူးစိုက်မှု၊

၁။ သမ္မာဒိဋ္ဌိ
မှန်ကန်သော အသိအမြင်ကို ခေါ်သည်။

ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း၊

၂။ သမ္မာသင်္ကပ္ပ
မှန်ကန်သော အကြံအစည်ကို ခေါ်သည်။

ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း၊[၃]

၃။ သမ်မာဝါစာ
အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။

မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[၃]

၄။ သမ်မာကမ်မန်တ
အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောအမှုကို ပြုခြင်းကို ခေါ်သည်။

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[၃]

၅။ သမ်မာအာဇီဝ
မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။

အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်ခြင်း၊

၆။ သမ်မာဝါယာမ
မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။

မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း၊

၇။ သမ်မာသတိ
မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။

ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း၊

၈။ သမ်မာသမာဓိ
မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။

ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း၊

မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ
သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသော မိစ္ဆာဒိဋ္ဌိ (အယူမှား) နိုင်ငံကြီးကို ဖျက်ဆီးပြီး သစ္စာလေးပါးအလင်းတရားကိုမြင်နိုင်သော သမ္မာဒိဋ္ဌိအယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်းအကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသောအကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပအကြံသာ ဖြစ်သည်။ ယင်း သမ္မာသင်္ကပ္ပ အကြံအစည်မျိုးရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတမျိုးကိုသာ ပြောဆိုမည်ဖြစ်ပါသည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာရှိသူသည် ထို့ထက်ရုန်းရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။

အမြင်များ၊ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝ ဖြစ်လာပါသည်။ အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယ သာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။ ထိုအခါ သီလ သမာဓိ ပညာ အမှုတို့၌ စွဲမြဲသော သမ္မာသတိမဂ္ဂင် နှင့် သမ္မာသမာဓိမဂ္ဂင်တို့လည်း ဆက်ကာဆက်ကာ တည်ရှိလာရပါသည်။

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစုဖြစ်၍ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု ဖြစ်သည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ အဒိန္နာဒါနကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ ပိသုဏဝါစာ ဖရုဿဝါစာ သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။

ကိုး ဗုဒ္ဓဘာသာကောင်းတစ်ယောက် သာသနာရေးဝန်ကြီးဌာန
ဝင်းမေတ္တာဆိုဒ် မှတဆင့်
TT

02/10/2024
 #ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ  #အရူပဈာန်လေးပါးအားထုတ်ပုံ #အဘိညာဉ်အကြောင်း #မြေကသိုဏ်းပွားများအားထုတ်ပုံကသိုဏ်း ၁၀-...
29/08/2023

#ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ
#အရူပဈာန်လေးပါးအားထုတ်ပုံ
#အဘိညာဉ်အကြောင်း

#မြေကသိုဏ်းပွားများအားထုတ်ပုံ

ကသိုဏ်း ၁၀-ပါးတို့တွင် မြေကသိုဏ်းကို ပွားများအားထုတ်လိုသော လူ၊ ရဟန်းတို့သည် ညိုရောင်၊ ရွှေရောင်၊ နီရောင်၊ ဖြူရောင် လေးဆူသော အဆင်း ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှာ လည်းကောင်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှာလည်းကောင်း -

နေအာရုဏ်ရောင် အဆင်းရှိသော မဝါလွန်း၊ မနီလွန်းသော မြေနီနှုန်း မြေစေးစေးကို သဲအမှိုက်မပါရအောင် ညက်စွာဆင့်၍ ရေနှင့်ဖျော်လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ လှည်းဘီးဝန်းကဲ့သို့၊ ကျောက်ပျဉ်ကဲ့သို့ အဝိုင်းမြေချပ်ကို ပြုလုပ်၍ ကြည့်ရှုမည့်ဘက်မှ ချောမှုန့်ညက်ညောစွာ စည်မျက်နှာကဲ့သို့ပြု၍ ကလနား၏ ယပ်ဝန်းအနားပတ်ကဲ့သို့ ဒန်ပူတစ်ပြားလောက် အဖြူဖြစ်စေ၊ အစိမ်းဖြစ်စေ ဆေးမင်အနားပတ် သုတ်လိမ်းတင်ထားအပ်၏။

ကသိုဏ်းဝန်းပြုလုပ်ရာ၌ ။ ။ တစ်ထွာထက် လျော့လိုလျှင် လက်နှစ်သစ်၊ လက်သုံးသစ်လောက် လျော့အပ်၏။ တစ်ထွာထက်ပိုလိုလျှင် လက်လေးသစ်၊ ရှစ်သစ်လောက်ပိုအပ်၏။ ကသိုဏ်းဝန်းငယ်လျှင် စိတ်နိုင်လွယ်သည်။ နိမိတ်ရလွယ်သည်။ စိတ်မူကား ကြပ်ကြပ်မထွား။ ကသိုဏ်းဝန်းကြီးလျှင် စိတ်နိုင်ခဲသည်။ နိမိတ်ရခဲသည်။ စိတ်မူကား ကြပ်ကြပ်ထွား၏။ ထိုကသိုဏ်းဝန်းကို အညစ်အကြေး မစွန်းရ။ မပွန်းပဲ့ရအောင် ကောင်းမွန်ရိုသေစွာ ထားအပ်၏။ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာထားအပ်၏။
(ဤကား ကသိုဏ်းဝန်းပြုလုပ်ပုံးတည်း)

#ပရိကမ္မနိမိတ်

ကသိုဏ်းဝန်းပြုလုပ်ပြီးလျှင် သား၊ ငှက်၊ တိရိစ္ဆာန်၊ လူသံဆိတ်ငြိမ် အချိန်အေးမြသော မြို့ပြ၊ ပြည်ရွာ၊ ဂေဟာ၌လည်းကောင်း, လူရှင်မနှော ဆိပ်ငြိမ်သော တောအရပ်၌လည်းကောင်း တစ်ယောက်တည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေထိုင်လျက် ကသိုဏ်းဝန်းကို မနီးမဝေး ရှေ့လက် လှမ်းမီလောက်မှာ ငုံ့လည်းမငုံ့ရ၊ မော့လည်းမမော့ရ မျက်စိနှင့် တန်းနေအောင် ထောင်ထားပြီးလျှင် ဘုရားရှင်၏ ဂုဏ်တော်များကို အနည်းငယ် အောက်မေ့ရှေ့ခိုး၍ -

ငါ၏ပတ်ဝန်းကျင်၌ရှိသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေဟု စူးစူးစိုက်စိုက် မေတ္တာပို့၍ -

ငါသည် မချွတ်ဧကန် သေရလိမ့်မည်၊ ဘယ်သောအခါ သေရမည်လည်းမသိ၊ မသေမီ တရားကို အားထုတ်မှဟု အနည်းငယ် မရဏသညာကို ဖြစ်စေ၍ -

ဤကသိုဏ်းအကျင့်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပညာရှိတို့၏ ကျင့်စဉ်ဟု အောက်မေ့ဆင်ခြင်လျက် ကသိုဏ်းဝန်း၌ ရိုသေခြင်းကို ဖြစ်စေ၍ -

ဤအကျင့်ဖြင့်ပင်လျှင် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပညာရှိတို့သည် အိုနာသေရေး ဒုက္ခဘေးတို့မှ လွတ်ကြလေပြီ။ ငါသည်လည်း အိုနာသေရေး ဒုက္ခဘေးတို့မှ လွတ်မြောက်ရန် ဤအကျင့်သည် ငါ၏မှီခိုကိုးကွယ်ရာ အစစ်တည်းဟု ဆင်ခြင်၍ -

ကသိုဏ်းဝန်း၌ အလွန်မြတ်နိုးနှစ်သက်လျက် အလွန်လိုချင်သော အာသာဆန္ဒဖြင့် ထိုပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအပ်၏။
(ဤကား ပရိကမ္မနိတ်မိတ်ထင်ပုံတည်း)

#ဥဂ္ဂဟနိမိတ်

ထိုပထဝီ မြေကသိုဏ်းဝန်းကို မျက်စိနှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ် ထင်မြင်၍လာအောင် ကသိုဏ်းဝန်း၌ စိတ်ကို အာရုံစူးစိုက်၍ ကြည့်ရှုအပ်၏။

မြေကြီးဝန်းတစ်ခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်မြင်၍ ပါလာအောင် ပြူးပြူးစိစိ ကြည့်ရှု၍ ယူအပ်၏။ စိတ်၌ စွဲထင်၍မြင်လာလျှင် မျက်စိကိုမှိတ်၍စမ်းလေ။

မျက်စိမှိတ်သော အခါ၌လည်း ဖွင့်၍ကြည့်နေတုံးကလို မြေကြီးဝန်းကို ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ်ရပြီဟုမှတ်။ မရသေးလျှင် မျက်စိကိုဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ယူရာ၏။ မျက်စိကို ခဏခဏမှိတ်၍လည်း မစမ်းအပ်။ ကြာနိုင်သမျှကြာအောင် ကြည့်ရှုယူ၍ စမ်းအပ်၏။ ကြည့်ရှုဖန်များလျှင်ရ၏။

ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှု၍ယူရာ၌ "ပထဝီကသိုဏ်း . . ပထဝီကသိုဏ်း" ဟု ပါစပ်က မရွက်ရ။ စိတ်ထဲ၌သာ "မြေ . . မြေ" ဟု မှတ်ရသည်။

ကြည့်ရှုရာ၌ မျက်စိကို ခပ်မှေးမှေးလုပ်၍ မကြည့်ရ။ အိပ်ချင်တတ်သည်။ စိတ်ပျော့တတ်သည်။ ရခဲတတ်သည်။ ထို့ကြောင့် မျက်စိကို ဖွင့်နိုင်သမျှဖွင့်၍ ကြည့်ရသည်။ အလွန်အကျွန်ကြီးလည်း မဖွင့်ရ။ မျက်တောင်ကိုလည်း မခပ်ဘဲ နေနိုင်သမျှ နေရသည်။ ကြာလျှင် အိပ်ချင်လာတတ်သည်။ အိပ်ချင်လေလေ မျက်စိကိုပြူးလေလေ ပြူးရသည်။

အိပ်ချင်၍လာသောအခါလည်းကောင်း၊ မျက်စိကို မှေး၍ စိတ်သညာကို ပျော့စေ၍ ကြည့်သော်လည်းကောင်း ကသိုဏ်းဝန်းနှစ်ခု မြင်လာတတ်၏။ မမြင်စေအပ်။ စိတ်အမှတ်ကို သန်သန်ခိုင်ခိုင်ထား၍ ကြည့်အပ်၏။ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ အခြားအာရုံကို ပြေးသွားကြံစည်၍လည်း နေတတ်၏။ မနေစေအပ်။ ကသိုဏ်းအာရုံမှာတပါး အခြားမရှိစေအပ်။ ကြပ်ကြပ်သတိပြုအပ်၏။

ကြာသောအခါ စိတ်မော၍ ဝီရိယလျော့ပြီး ပျင်းလာတတ်သည်။ မပျင်းစေအပ်။ ဝီရိယကို ကြီးစွာထားပြီး ကြည့်ရှုရသည်။

စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိကာ ခဏခဏ နားနေချင်တတ်သည်။ ကိုယ်ကို လုပ်ချင်တတ်သည်။ ခဏခဏမနားအပ်။ မလုပ်အပ်။ လုံ့လစိုက်၍ အားထုတ်ရာ၏။

အချို့သောသူတို့သည် မကြာမီပင် အလွယ်တကူဖြင့် နိမိတ်ရနိုင်သည်။ အချို့သော သူတို့မှာကား ပင်ပင်ပန်းပန်း အချိန်ကြာညောင်းစွာ ကြိုးစားအားထုတ်မှ နိမိတ်ရသည်။ ကြိုးစားကြည့်ရှု၍ မျက်လုံးမှိတ်လျှင် အာရုံ၌ မြင်လာသော ကသိုဏ်းဝန်းကို ဥဂ္ဂဟနိမိတ်ဟုခေါ်သည်။ ပြင်ပကသိုဏ်းဝန်းကိုကား ပရိကမ္မနိမိတ်ဟုခေါ်သည်။ ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်နှင့် တထေရာတည်းတူ၏။ ဥဂ္ဂဟနိမိတ်ရသောအခါ စိတ်သည် ဥဂ္ဂဟနိမိတ် မြေကသိုဏ်းဝန်းကိုသာ တွယ်၍နေတော့၏။ စိတ်သည် များစွာ မပြေးလွှားတော့ပြီ။

မျက်စိကို ဖွင့်ထားလျှင် ရှေ့၌ရှိသော မြေကသိုဏ်းကိုမြင်၏။ မျက်စိကိုမှိတ်လိုက်စေကာမူ မြေကသိုဏ်းဝန်းကိုသာ မြင်၍နေတော့၏။ မျက်စိကိုမှိတ်၍ ပက်လက်နေလျှင် မျက်နှာပေါ်မှာ ကသိုဏ်းဝန်းကြီး မိုးလျက်နေ၏။ မောက်လိုက်လျှင်လည်း မျက်နှာအောက်က ကသိုဏ်းဝန်းကြီးကို မြင်၍နေတော့၏။

ရေငုတ်လျှင်လည်း ကသိုဏ်းဝန်းကိုမြင်၏။ မျက်နှာကို လက်ဝါးဖြင့် ပိတ်ဖုံးထားလျှင်လည်း ကသိုဏ်းဝန်းကို မြင်နေတော့၏။

ညဉ့်အိပ်သောအခါ၌လည်း ကသိုဏ်းဝန်းကို မြင်နေတော့၏။ အိပ်ပျော်သွားမှသာ မြေကသိုဏ်းဝန်းကို မြင်ရာကနေ မေ့ခနဲ ဘဝင်ကျ၍ အိပ်ပျော်သွားတော့သည်။

အိပ်ရာမှနိုးလျှင်လည်း ကသိုဏ်းဝန်းကြီးကို မြင်၍နိုးလာ၏။

ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သောအခါ ခပ်မှောင်မှောင် အခန်းထဲမှာ မျက်စိမမှိတ်ဘဲ ဖွင့်ထားလျှင်လည်း မြေကသိုဏ်းဝန်းကိုသာ မြင်၍နေတော့၏။ ထိုအခါ စင်္ကြံသွားရင်းလည်း ရှုနိုင်တော့၏။ ဥဂ္ဂဟနိမိတ်ရသည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော စိတ်တို့သည် အတန်ငယ် ကင်းကွာလျက် တဖြည်းဖြည်း နည်းပါး၍သွားလေသည်။

#မှတ်ချက်
ဥဂ္ဂနိမိတ်ရသောအခါ ရသောနိမိတ်ကို မပျောက်ပျက်ရအောင် ဂရုစိုက်ရသည်။ ပျောက်ပျက်သွားပါက အစကနေ ပြန်ရှုရပါသည်။

(ဤကား ဥဂ္ဂဟနိမိတ်ထင်ပုံတည်း)

#ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ်ရသောအခါ ပြင်ဖက်မြေကသိုဏ်းဝန်းကို တော်ရာမှာသိမ်းထားကာ စိတ်ထဲ၌ မြင်နေသော ဥဂ္ဂဟနိမိတ် မြေကသိုဏ်းဝန်းကိုသာ စွဲမြဲစွာ ကြည့်ရှုရာ၏။ ထိုသို့ စွဲမြဲစွာ အားထုတ် ကြည့်ရှုဖန်များလာသောအခါ မြေကသိုဏ်းဝန်းသည် တဖြည်းဖြည်း သိမ့်မွေ့၍လာကာ အကြောင်းအခြစ်မရှိဘဲ ရသစ်စ ဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက ချောညက်သိမ်မွေ့ နုနယ်၍လာ၏။ စိတ်သည် အလွန်နှစ်သက် ပျော်မွေ့ဖွယ်ကောင်းသော အဖြစ်သို့ ရောက်၍လာ၏။ ဘယ်လောက်ပင်ကြာအောင် ရှု၍နေသော်လည်း ပျင်းလာခြင်း၊ ဂနာမငြိမ်သောစိတ်များ ပေါ်လာခြင်း မရှိတော့ပေ။ နဂိုစိတ်ထက် အလွန့်အလွန့် သိမ်မွေ့သွားပြီး စိတ်ထဲ၌ မြင်နေသော ကသိုဏ်းဝန်းအား ရှု၍နေရခြင်းကို အလွန်နှစ်သက်လာလေ၏။ ထိုကဲ့သို့နိမိတ်ကို ပဋိဘာဂနိမိတ်ဟုခေါ်သည်။

ထိုပဋိဘာဂနိမိတ်ရသောအခါ -
(၁) ကာမဂုဏ်ခံစားလိုသော ကာမဆန္ဒနီဝရဏ၊
(၂) အမျက်ဒေါသဟူသော ဗျာပါဒနီဝရဏ၊
(၃) ငိုက်မျဉ်းထိုင်းမှိုင်းခြင်းဟူသော ထိနိမိဒ္ဓနီဝရဏ၊
(၄) ပျံ့လွင့်ခြင်း, ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊
(၅) ဤကဲ့သို့ ပထဝီမြေကသိုဏ်းဝန်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ ဖြစ်သည်ဟု ရေးသောဆရာ, ဟောပြောသောဆရာသည် "အဟုတ်တကယ် အမှန်ပဲသိ၍ ရေးလေသလား, ပြောလေသလား၊ အဟုတ်တကယ် အမှန်မသိဘဲ စမ်းရေးလေသလား, ပြောလေသလား" ဟု ကမ္မဋ္ဌာန်း၌ ယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏ၊

ဤနီဝရဏငါးပါးတို့သည် စိတ်သန္တန်၌ တစ်ခါတည်း ကင်းရှင်းသွားလေသည်။

ထို့နောက် -
(၁) စိတ်ကို အာရုံပေါ်သို့ရောက်အောင် လွင့်တင်ခြင်းသဘော ဝိတက်၊
(၂) အာရုံပေါ်သို့ ရောက်ပြီးသောစိတ်ကို မကျရအောင်၊ မပျက်ရအောင် ကူညီခြင်းသဘော ဝိစာရ၊
(၃) နှစ်သက်ခြင်း ပီတိ၊
(၄) ကိုယ်, စိတ် အေးမြချမ်းသာခြင်း သုခ၊
(၅) စိတ်ငြိမ်သက်တည်ကြည်ခြင်း ဧကဂ္ဂတာ၊

ဤ စျာန်အင်္ဂါငါးပါးတို့သည်လည်း အတန်ငယ် အားကောင်း၍ ပေါ်လာကြကုန်၏။

ဤစျာန်အင်္ဂါတို့သာမဟုတ်၊ စျာန်အင်္ဂါတို့နှင့် လိုက်လျောနိုင်သော ကြွင်းသော စေတသိက်တရားတို့လည်း ပေါ်၍လာကြကုန်၏။ ထိုအခါ သတိတရားများ အလွန်ထင်၏။ အမိရင်ခွင်တွင်း နိုစို့သည့်အချိန်ထိရောက်အောင် ပြုဖူးသမျှ အမှုကိစ္စတို့ကို အကုန်လုံးပြန်၍ အမှတ်ရ၏။ စိတ်များလည်း အလွန်ကြီးထွား၏။ လျင်မြန်၏။ စကြာဝဠာတံတိုင်းပေါ်သို့ စိတ်နှင့်ပြေးသွား လျှောက်ပတ်လိုက်လျှင် လက်ဖျစ်တစ်တွက် အတွင်းမှာပင် ပတ်မိ၏။ စိတ်ရှုသွားရာ အရပ်မှန်ကို ထင်ထင်ရှားရှားကြီး ပေါ်၍လိုက်၏။ ဝိတက်သန်ပုံများမှာလည်း အလိုရှိရာအရပ်ကို လွတ်လိုက်တိုင်း တန်းခနဲ ပြေးရောက်၏။ ရှုပ်ထွေးလျက်မရှိပြီ။

သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ်သို့ ရောက်နိုင်လျှင် တိဟိတ်ပုဂ္ဂိုဟ်ဟု မှတ်လေ။ တိဟိတ်ပုဂ္ဂိုဟ်တို့မှသာလျှင် ဤအဆင့်သို့ ရောက်နိုင်သည်။ တိဟိတ်ပုဂ္ဂိုဟ် မဟုတ်လျှင် ဤအဆင့်သို့ မရောက်နိုင်။ အားမထုတ်ဘဲနေ၍ ဤအဆင့်သို့ မရောက်သောသူတို့ကိုလည်း ဒွိဟိတ်ဟု မမှတ်ရ။ အားထုတ်ပါလျက် ဤအဆင့်သို့ ရောက်ချိန်တန်၍ မရောက်မှသာ ဒွိဟိတ်ဟု မှတ်ရမည်။

အားထုတ်ရာမှာလည်း အချို့မှာ ၃, ၄, ၅ နှစ်သာ ကြာသလို အချို့မှာ နှစ် ၂၀, ၃၀ ကြာမှ ဤနေရာသို့ ရောက်နိုင်၏။ စျာန်, မဂ်, ဖိုလ် တရားထူးတို့ကို ရရှိနိုင်ကြသည်။ ဤအဆင့်သည် တိဟိတ်, ဒွိဟိတ် ခွဲသော နေရာတည်း။ ဤအဆင့်သို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်သည် အလိုဆန္ဒရှိက စျာန်, မဂ်, ဖိုလ် တရားထူးကို ဧကန်မချွတ် ယူနိုင်တော့၏။
(ဤကား ပဋိဘာဂနိမိတ်ထင်ပုံတည်း)

#မြေကသိုဏ်းပွားများအားထုတ်ပုံ (၄)

#ပထမစျာန်

ဤသို့ ပဋိဘာဂနိမိတ်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို အဖန်ဖန် ကြည့်ရှုပွားများဖန် များလာသောအခါ စိတ်သည် တဖြည်းဖြည်း ပို၍ ငြိမ်သက်တည်ကြည် အေးချမ်းလာပြီး စိတ်အာရုံသစ်တစ်မျိုး ခံစားလာရ၏။ ထိုအခါ၌ ဖြစ်ပေါ်သောစိတ်ကို စျာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ပထမစျာန်စိတ်ဟုခေါ်သည်။ ပထမစျာန်ကို ရပြီးနောက် ပထမစျာန်ကို ခိုင်မြဲအားကောင်းလာအောင် အဖန်ဖန်အားထုတ်မှုပြုလုပ်ရ၏။

#ဒုတိယစျာန်

ပထမစျာန်ကို အဖန်ဖန် အားထုတ်မှုပြုပြီးနောက် ဒုတိယစျာန်ကို တက်ခြင်းငှာ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် -

(၁) ယခုငါရထားသော ပထမစျာန်စိတ်သည် အောက်ကျသေး၏။

(၂) စိတ်အနှောက်အယှက်(နီဝရဏ) ဟူသော ရန်သူနီးသေး၏။

(၃) ဝိတက်ပါခြင်းကြောင့် အလွန်လှုပ်ရှားလျက် ငြိမ်သက်မှုအစွမ်း ညံ့ဖျင်းသေး၏။

(၄) ဝိတက်မပါလျှင် သည်ထက်ပို၍ သိမ်မွေ့ငြိမ်သက်ရာ၏။

ဤသို့ဆင်ခြင်၍ ဝိတက်မပါစေလိုသော ဆန္ဒဖြင့် ထိုပဋိဘာဂနိမိတ်ကိုပင်လျှင် 'မြေ . . မြေ' ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ရှုပွားသောအခါ စိတ်ထဲ၌ ဝိတက်သည် တစ်ဖြည်းဖြည်း သိမ်မွေ့လာပြီး ပထမစျာန်သို့ ရောက်သကဲ့သို့ ဝိတက်မပါဘဲ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ စျာန်အင်္ဂါလေးပါးသာပါသော ဒုတိယစျာန်သို့ ရောက်လာ၏။ ဤစျာန်ကိုလည်း ရှေ့နည်းတူ ခိုင်မြဲအားကောင်းအောင် အဖန်ဖန်အားထုတ်ရ၏။

#တတိယစျာန်

ဒုတိယစျာန်ကို အဖန်ဖန် အားထုတ်မှုပြုပြီးနောက် တတိယစျာန်ကို တက်ခြင်းငှာ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် -

(၁) ဒုတိယစျာန်သည် အောက်ကျသေး၏။

(၂) ဝိတက်ဟူသော ရန်သူနီးသေး၏။

(၃) ဝိစာရပါရှိခြင်းကြောင့် ငြိမ်သက်မှုအစွမ်း ညံ့ဖျင်းသေး၏။

(၄) ဝိစာရမပါလျှင် သည်ထက်ပို၍ သိမ်မွေ့ငြိမ်သက်ရာ၏။

ဤသို့ဆင်ခြင်၍ ဝိစာရမပါစေလိုသော ဆန္ဒဖြင့် ပဋိဘာဂနိမိတ်ကိုပင်လျှင် 'မြေ . . မြေ' ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ရှုပွားသောအခါ စိတ်ထဲ၌ ဝိစာရသည် တစ်ဖြည်းဖြည်း သိမ်မွေ့လာပြီး ဒုတိယစျာန်သို့ ရောက်သကဲ့သို့ ဝိစာရမပါဘဲ ပီတိ၊ သုခ၊ ဧကဂ္ဂတာ စျာန်အင်္ဂါသုံးပါးသာပါသော တတိယစျာန်သို့ ရောက်လာ၏။ ဤစျာန်ကိုလည်း ရှေ့နည်းတူ ခိုင်မြဲအားကောင်းအောင် အဖန်ဖန်အားထုတ်ရ၏။

#စတုတ္ထစျာန်

တတိယစျာန်ကို အဖန်ဖန် အားထုတ်မှုပြုပြီးနောက် စတုတ္ထစျာန်ကို တက်ခြင်းငှာ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် -

(၁) တတိယစျာန်သည် အောက်ကျသေး၏။

(၂) ပီတိဟူသော ရန်သူနီးသေး၏။

(၃) ပီတိပါရှိခြင်းကြောင့် ငြိမ်သက်မှုအစွမ်း ညံ့ဖျင်းသေး၏။

(၄) ပီတိမပါလျှင် သည်ထက်ပို၍ သိမ်မွေ့ငြိမ်သက်ရာ၏။

ဤသို့ဆင်ခြင်၍ ပီတိမပါစေလိုသော ဆန္ဒဖြင့် ပဋိဘာဂနိမိတ်ကိုပင်လျှင် 'မြေ . . မြေ' ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ရှုပွားသောအခါ စိတ်ထဲ၌ ပီတိသည် တစ်ဖြည်းဖြည်း သိမ်မွေ့လာပြီး တတိယစျာန်သို့ ရောက်သကဲ့သို့ ပီတိမပါဘဲ သုခ၊ ဧကဂ္ဂတာ စျာန်အင်္ဂါနှစ်ပါးသာပါသော စတုတ္ထစျာန်သို့ ရောက်လာ၏။ ဤစျာန်ကိုလည်း ရှေ့နည်းတူ ခိုင်မြဲအားကောင်းအောင် အဖန်ဖန်အားထုတ်ရ၏။

#ပဉ္စမစျာန်

စတုတ္တစျာန်ကို အဖန်ဖန် အားထုတ်မှုပြုပြီးနောက် ပဉ္စမစျာန်ကို တက်ခြင်းငှာ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် -

(၁) စတုတ္တစျာန်သည် အောက်ကျသေး၏။

(၂) သုခဟူသော ရန်သူနီးသေး၏။

(၃) သုခပါရှိခြင်းကြောင့် ငြိမ်သက်မှုအစွမ်း ညံ့ဖျင်းသေး၏။

(၄) သုခမပါလျှင် သည်ထက်ပို၍ သိမ်မွေ့ငြိမ်သက်ရာ၏။

ဤသို့ဆင်ခြင်၍ သုခမပါစေလိုသော ဆန္ဒဖြင့် ပဋိဘာဂနိမိတ်ကိုပင်လျှင် 'မြေ . . မြေ' ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ရှုပွားသောအခါ စိတ်ထဲ၌ သုခသည် တစ်ဖြည်းဖြည်း သိမ်မွေ့လာပြီး ကောင်းသည်ဟုလည်း ခံစားခြင်းမဟုတ်၊ မကောင်းဟုလည်း ခံစားခြင်းမဟုတ်၊ ကောင်းမှုမကောင်းမှု နှစ်ဘက်သို့ မကျဘဲ အလယ်အလတ်ခံစားခြင်း ဥပေက္ခာဝေဒနာဖြစ်လာပြီး ဧကဂ္ဂတာနှင့်တကွ စျာန်အင်္ဂါ နှစ်ပါးနှင့်ပြည့်စုံသော ပဉ္စမစျာန်သို့ ရောက်လာ၏။ ဤစျာန်သည် ငါးကြိမ်မြောက် ဝင်စားသောစျာန်ဖြစ်၍ ပဉ္စမစျာန်ဟု ခေါ်သည်။ ဤစျာန်ကိုလည်း ရှေ့နည်းတူ ခိုင်မြဲအားကောင်းအောင် အဖန်ဖန်အားထုတ်ရ၏။

အချို့သောပုဂ္ဂိုလ်တို့မှာ ဝိတက်နှင့် ဝိစာရကို တစ်ကြိမ်တည်း ပယ်ချနိုင်၍ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္တစျာန်ဟူ၍ စျာန် ၄-ဆင့်သာရှိသည်။

#အထုံပါရမီရှိသူ၊ မရှိသူနှင့် ကသိုဏ်းဝန်း

ပထဝီကသိုဏ်းဖြင့် စျာန်ရအောင်လုပ်ယူရာတွင် ရှေးအတိတ် နီးသောဘဝက ပထဝီမြေကသိုဏ်းနိမိတ်ကို ရခဲ့ဖူးသော အထုံပါရမီ ရှိသူမှာ မြေကသိုဏ်းဝန်း မပြုလုပ်ဘဲ ပကတိမြေပြင်ကို 'မြေ . . မြေ' ဟု ကြည့်ရှုပွားများခြင်းဖြင့် နိမိတ်ရ၊ စျာန်ရနိုင်သည်။

အထုံပါရမီ မရှိခဲ့သောသူမှာ မြေကသိုဏ်းဝန်းလုပ်၍ ရှုမှသာ နိမိတ်ရ၊ စျာန်ရနိုင်သည်။

#ရေကသိုဏ်းပွားများအားထုတ်ပုံ

ရေကသိုဏ်းကို ကြည့်ရှုပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသောဘဝက ရေကသိုဏ်းကျင့်စဉ် အောင်မြင်ခဲ့သော အထုံပါရမီရှိသူ ဖြစ်ခဲ့လျှင် ပကတိ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာ၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်၊ ရေတွင်း တို့ကို ကြည့်ရှုရုံမျှဖြင့် နိမိတ်ရနိုင်သည်။ အထုံပါရမီမရှိသူ ဖြစ်ခဲ့လျှင် တစ်တောင်လောက် (သို့) တောင်ဆုပ်လောက် (လက်သီးဆုပ်၍တောင်ခြင်း) အဝကျယ်သော စောက်နက်သော အိုး၊ ခွက်၊ စည်ပိုင်း စသည်တို့၌ ကြည်လင်သော ရေကိုထည့်၍ ရှုရာ၏။

ရှုနည်းကို ပထဝီမြေကသိုဏ်းရှုပုံအတိုင်း စတုတ္ထစျာန်ထိရောက်အောင် ရှုရာ၏။

ဥဂ္ဂနိမိတ်သည် ပရိကမ္မနိမိတ်ခေါ် ပြင်ဖက်ရေကသိုဏ်းဝန်းနှင့် တစ်ထေရာတည်းတူ၏။ ပြင်ဖက်ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှားသည့်အတိုင်း၊ အပွက်ပါလျှင် အပွက်အတိုင်း ထင်၏။ ပဋိဘာဂနိမိတ်ကား အပွက်မရှိ၊ လှုပ်ရှားခြင်းမရှိ။ အလွန်ငြိမ်သက်လျက် ဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက သာလွန်၍ ကြည်လင်စွာထင်၏။ မှန်သားညိုကဲ့သို့ တစ်သားတည်း အလွန်ကြည်လင်စွာထင်၏။ စျာန်ပေါ်ပုံ၊ စျာန်တက်ပုံတို့မှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ဖြစ်၏။ ဤကသိုဏ်းလည်း စျာန်လေးပါးစလုံးကို ဖြစ်စေ၏။

(ရေကသိုဏ်းပွားများအားထုတ်ပုံ ပြီး၏။)

#လေကသိုဏ်းပွားများအားထုတ်ပုံ

လေကသိုဏ်းကိုလည်း ရှေ့အတိတ် နီးသောဘဝက လေကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီ ရှိသူဖြစ်လျှင် ကောင်းကင်ပြင်မှာ လွင့်တိုက်နေသည့် လေကိုပင် ဖမ်း၍ နိမိတ်ရအောင် ယူနိုင်၏။

အထုံပါရမီ မရှိသူဖြစ်လျှင် မြက်ပင်ဖျား၊ ပြောင်ပင်ဖျား၊ ကြံပင်ဖျား၊ ဝါးရုံပင်ဖျား၊ သစ်ကိုင်းဖျားတို့ကို လေတိုက်၍ တဖြတ်ဖြတ် လှုပ်နေသောအခါ ထိုလှုပ်နေသော မြက်ပင်ဖျား၊ ပြောင်ပင်ဖျား၊ ကြံပင်ဖျား၊ ဝါးရုံပင်ဖျား၊ သစ်ကိုင်းဖျားတို့ကို ဤနေရာ၌ လေတွေ ပြေးလွင့်တိုက်ခတ်နေသည်ဟု သိပေးပြီး "လေ . . . လေ" ဟု စိတ်ထဲက မှတ်ယူ၍ ဖမ်းရမည်။ ထို့ပြင် လေတိုက်သည့်နေရာတွင် ကိုယ်ကို လေတိုက်ခံ၍ လေကိုထိမှန်းသိသော နေရာတို့ကို သိပေးပြီး စိတ်ထဲ၌ "လေ . . . လေ" ဟု မှတ်ပြီး ဖမ်းယူ၍လည်းရ၏။

ဤကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့လည်းကောင်း၊ မီးခိုးကဲ့သို့လည်းကောင်း စီးသွားပြေးလွင့်သော အခြင်းအရာဖြင့် လှုပ်ရှားလျက်ထင်၏။ ပဋိဘာဂနိမိတ်ကား မလှုပ်မရှား ငြိမ်သက်စွာထင်၏။ စျာန်ပေါ်ပုံမှာ မြေကသိုဏ်းနည်းအတိုင်း ပေါ်၏။ ဥဂ္ဂနိမိတ်၌ ရေကို မျက်စိဖြင့် မမြင်ရသော်လည်း မီးခိုးတို့၊ ရေတို့ ကဲ့သို့ပင်တည်း။

(လေကသိုဏ်းပွားများအားထုတ်ပုံ ပြီး၏)

#မီးကသိုဏ်းပွားများအားထုတ်ပုံ

မီးကသိုဏ်းကိုလည်း ရှေ့အတိတ် နီးသောဘဝက အားထုတ်ခဲ့ဖူးသော အထုံဝသီပါရမီ ရှိခဲ့လျှင် မီးပုံ၊ မီးကျီး၊ မီးတောက်၊ ဆီးမီး၊ ဖယောင်းတိုင် တို့ကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏။ အထုံဝသီပါရမီ မရှိခဲ့လျှင် မီးတောက်ကိုသော်လည်းကောင်း၊ မီးကျီးစုကိုသော်လည်းကောင်း ဖြစ်စေ၍ မပူလောက်သော အနီး၌ထား၍ ရှုပွားရာ၏။

ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်ခေါ် ပြင်ဖက်ကသိုဏ်းနှင့် တစ်ထေရာတည်းတူ၏။ အခိုးပါလျှင် အခိုးအတိုင်း၊ အစိတ်စိတ်ကွဲ၍ပါလျှင် အစိတ်စိတ်ကွဲ၍ ထင်၏။ ပဋိဘာဂနိမိတ်ကား အခိုးအငွေ့အချိန်ကင်းလျက် မီးခဲ့တစ်ခုတည်း တစ်သားတည်း ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(မီးကသိုဏ်းပွားများအားထုတ်ပုံ ပြီး၏)

#အညိုကသိုဏ်းပွားများအားထုတ်နည်း

ရှေ့အတိတ်နီးသောဘဝက အညိုကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီရှိခဲ့လျှင် ကသိုဏ်းဝန်းပြုလုပ်စရာ မလိုဘဲ အညိုမှန်သမျှ အလုံးစုံသောဝတ္ထုကို ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။ အထုံပါရမီမရှိလျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်တဲ့ သစ်သား၊ စက္ကူထူ တစ်ခုခုကို ကသိုဏ်းဝန်းပြုလုပ်၍ အညိုဆုံးသောဆေးကို သုတ်လိမ်းကာ "အညို . . . အညို" ဟု စိတ်ထဲကမှတ်၍ ရှုပွားရမည်။

ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်ခေါ် ပြင်ပကသိုဏ်းဝန်းနှင့် တစ်ထေရာတည်းတူ၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆရာမက ညိုချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားညိုယပ်ဝန်းကဲ့သို့ ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်းပေါ်၏။

(အညိုကသိုဏ်းပွားများအားထုတ်ပုံပြီး၏)

#အနီကသိုဏ်းပွားများအားထုတ်ပုံ

ရှေ့အတိတ်နီးသောဘဝက အနီကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီရှိခဲ့လျှင် နီနီမြင်သမျှကို ကြည့်ရှုပွားများခြင်းဖြင့် နိမိတ်ရနိုင်၏။ အထုံပါရမီမရှိခဲ့လျှင် တစ်ထွာလောက်ရှိသော သစ်သားဝန်း (သို့) အဝန်းတစ်ခုခုကို အနီရောင်သုတ်၍ ရှုမှတ်ရမည်။

ဥဂ္ဂဟနိမိတ်ကား ပြင်ပကသိုဏ်းဝန်း ပရိကမ္မနိမိတ်နှင့် တစ်ထေရာတည်းတူ၏။ ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆရာမက ချောမွေ့ပြောင်လင်းလျက် ပတ္တမြားနီအဝန်းကဲ့သို့ အလွန်နှစ်သက်ဖွယ်ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(အနီကသိုဏ်းပွားများအားထုတ်နည်းပြီး၏)

#အဖြူကသိုဏ်းပွားများအားထုတ်ပုံ

ရှေ့အတိတ်နီးသောဘဝက အဖြူကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီရှိခဲ့လျှင် ဖြူဖြူမြင်သမျှကို ကြည့်ရှုပွားများခြင်းဖြင့် နိမိတ်ရနိုင်၏။ အထုံပါရမီမရှိခဲ့လျှင် တစ်ထွာလောက်ရှိသော သစ်သားဝန်း (သို့) အဝန်းတစ်ခုခုကို အဖြူရောင်သုတ်၍ ရှုမှတ်ရမည်။

ဥဂ္ဂဟနိမိတ်ကား ပြင်ပကသိုဏ်းဝန်း ပရိကမ္မနိမိတ်နှင့် တစ်ထေရာတည်းတူ၏။ ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆရာမက ချောမွေ့ပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ်ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(အဖြူကသိုဏ်းပွားများအားထုတ်နည်းပြီး၏)

#အဝါကသိုဏ်းပွားများအားထုတ်ပုံ

ရှေ့အတိတ်နီးသောဘဝက အဝါကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီရှိသူ ဖြစ်ခဲ့လျှင် ကသိုဏ်းဝန်း မပြုပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။ အထုံပါရမီ မရှိခဲ့လျှင် တစ်ထွာလောက်ရှိသော သစ်သားဝန်း (သို့) အဝန်းတစ်ခုခုကို အဝါရောင်သုတ်လိမ်း၍ စိတ်ထဲ၌ "အဝါ. . .အဝါ" ဟု မှတ်၍ ရှုပွားရပေသည်။

ဥဂ္ဂဟနိမိတ်ကား ပြင်ပကသိုဏ်းဝန်းနှင့် တူ၏။ ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆရာမက ဝါချောပြောင်လင်းလျက် ပတ္တမြားဝါယပ်ဝန်းကဲ့သို့ ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(အဝါကသိုဏ်းပွားများအားထုတ်ပုံ ပြီး၏)

#အလင်းကသိုဏ်းပွားများအားထုတ်ပုံ

အလင်းကသိုဏ်းဆိုသည်မှာ အမိုးပေါက်၊ နံရံပေါက်များမှ နေရောင်ဝင်လာ၍ ကြမ်းပြင်၊ နံရံ စသည်တို့တွင် ထင်နေသော နေရောင်ကွက်ကို ဆိုလိုသည်။ ထိုနေရောင်ကွက်ကို "အလင်း. . .အလင်း" ဟု စိတ်ထဲကမှတ်၍ ရှုပွားခြင်းဖြစ်သည်။ နေရောင်ကွက်သည် ကြာရှည်မခံ၍ ရှုရခက်နေလျှင် မှန်ကို နေရောင်အလင်းကွက်ဖက်သို့ မျက်နှာလှည့်ထားပြီး တန်ပြန်လင်းလာသည့် အလင်းကွက်ကို ရှုပွားရသည်။ ညဉ့်အခါ၌ မီးရောင်အလင်းကို အခန်းတွင်းသို့ ထင်စေ၍ ရှုပွားရပေသည်။

ဥဂ္ဂဟနိမိတ်ကား ပြင်ပကသိုဏ်းဝန်း ပရိကမ္မနိမိတ်နှင့် တစ်ထေရာတည်းတူ၏။ ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆရာမက ပြောင်လင်းလျက် အရောင်လုံး၊ အရောင်ခဲကဲ့သို့ အလွန်နှစ်သက်ဖွယ်ထင်၏။ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(အလင်းကသိုဏ်းပွားများအားထုတ်နည်းပြီး၏)

#ကောင်းကင်ကသိုဏ်းပွားများအားထုတ်ပုံ

ကောင်းကင်ကသိုဏ်းဆိုသည်မှာ အမိုးပေါက်၊ နံရံပေါက်၊ ပြတင်းပေါက်များကို ဆိုလိုသည်။ ကြည့်ရှုလိုသောအခါ အခေါင်မိုးကိုဖြစ်စေ၊ နံရံကိုဖြစ်စေ ၂-ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်၍ ထိုအပေါက်ကိုကြည့်၍ "ကောင်ကင်ဟင်းလင်း . . . ကောင်းကင်ဟင်းလင်း" ဟု စိတ်ထဲ၌မှတ်၍ ရှုပွားရမည်။

(အဝိုင်းမှသာမဟုတ်၊ လေးထောင့် ပြတင်းပေါက်ကိုလည်း ကြည့်ရှုနိုင်၏။ နိမိတ်ရသည်သာ လိုရင်းတည်း။)

ဥဂ္ဂနိမိတ်ကား အမိုးစွန်း၊ နံရံစွန်းများနှင့်တကွ မြင်သည့်အတိုင်း ထင်၏။ ပဋိဘာဂနိမိတ်ကား အစွန်းများပျောက်၍ ကောင်ကင်ဟင်းလင်း သတ်သတ် ထင်၏။ စျာန်ပေါ်ပုံမှာ မြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

(ကောင်းကင်ကသိုဏ်းပွားများအားထုတ်ပုံပြီး၏)

#ကသိုဏ်းကမ္မဋ္ဌာန်းမှတ်ဖွယ်

အဆင်းကသိုဏ်း၌ မည်းနက်သောကသိုဏ်း၊ အစိမ်းကသိုဏ်း နှစ်ခုလုံးကို အညိုကသိုဏ်းဟု ခေါ်ဆိုရေတွက်အပ်၏။

ထိုနည်းတူ အနီနှင့်နီးစပ်သော ကသိုဏ်းအားလုံးကို အနီကသိုဏ်း၊ အဝါနှင့်နီးစပ်သော ကသိုဏ်းအားလုံးကို အဝါကသိုဏ်း၊ အဖြူနှင့်နီးစပ်သော ကသိုဏ်းအားလုံးကို အဖြူကသိုဏ်းဟု စသဖြင့် ခေါ်ဆိုရေတွက်အပ်၏။

ကသိုဏ်းကို ကြည့်ရှုပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိစိတ်တွင် တွယ်တာပုံရသော ကသိုဏ်းတစ်ခုခုကို ရှေ့ဦးစွာ ကြည့်ရှု၍ စျာန် ၄-ပါးကို ဖြစ်စေရာ၏။ ကသိုဏ်းနိမိတ်တစ်ခုခုကို ရရှိအောင်မြင်ပြီးလျှင် ကြွင်းသောကသိုဏ်းတို့ကို အလွယ်တကူဖြင့် ကြည့်ရှု၍ နိမိတ်ရနိုင်၏။

အထုံပါရမီမရှိသော သူတို့မှာ မြေကသိုဏ်း၊ ရေကသိုဏ်း၊ လေကသိုဏ်း၊ အလင်းကသိုဏ်း တို့သည် ခက်ခဲ၏။ နိမိတ်ရခဲ၏။ မီးကသိုဏ်း၊ ကောင်းကင်ကသိုဏ်း တို့သည် နိမိတ်ရလွယ်၏။ အလွယ်ဆုံးမှာ အဆင်းကသိုဏ်းဖြစ်သည်။ အဆင်းကသိုဏ်းသည် လုပ်ရလည်းလွယ်၊ ကြည့်ရလည်းလွယ်၊ နိမိတ်ရလည်းလွယ်၏။

အဆင်းကသိုဏ်းသည် စ၍ရှုပွားသူတို့အတွက် အိပ်ငိုက်မှု၊ ထိုင်းမှိုင်းမှုကို လျင်မြန်စွာ ကင်းကွာစေတတ်သည်။ စိတ်ကို အလျင်အမြန် ကြည်လင်စေတတ်သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် ကသိုဏ်းတို့တွင် အဖြူကသိုဏ်းကို အသာဆုံး၊ အမြတ်ဆုံးဟု ဧတဒဂ်ထားတော်မူ၏။

(ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ ပြီး၏။)

#အာရုပ္ပကမ္မဋ္ဌာန်းကိုပြဆိုခန်း

(၁) #ပထမာရုပ္ပကမ္မဋ္ဌာန်းပွားများအားထုတ်ပုံ

အာရုပ္ပ ၄-ပါးကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်းဖြင့် စတုတ္ထစျာန်သမာပါတ်ကိုရ၍ မြဲမြံခိုင်ခံအောင် အဖန်ဖန်ပွားများပြီးသော် အာရုံ၌မြင်နေသော နိမိတ်ဟူသော ရုပ်တရားကိုလည်းကောင်း၊ ရုပ်တရားရှိနေသေးသော ရူပစျာန်ကိုလည်းကောင်း ညံ့ဖျင်းသေးသည်ဟု အပြစ်မြင်၍ အရူပစျာန်မှသာ ပို၍သိမ်မွေ့၏ဟု နှလုံးသွင်းလျက် အရူပစျာန် အာကာသနဉ္စယတနစျာန်ကို တက်ရန် -

ကသိုဏ်းနိမိတ်အာရုံဖြင့် စတုတ္ထစျာန်ကိုဝင်စားပြီး စျာန်မှထကာ မြင်နေသောနိမိတ်ကို အာရုံပြု၍ ကြည့်ရှုရသည်။ အတန်ငယ် ကြည့်ရှုပြီးသော် ဤနေရာ၌ နိမိတ်မရှိ၊ ကောင်းကင်ဟင်းလင်းဟု ရှုပွားရမည်။ မြင်နေသောနိမိတ်ကို နှလုံးမသွင်းတော့ဘဲ ကောင်းကင်ဟင်လင်း အနေဖြင့် အဖန်ဖန် နှလုံးသွင်း၍ ရှုပွားသည်ရှိသော် မြင်နေသောနိမိတ် ကွယ်ပျောက်ကာ ထိုနိမိတ်နေရာ၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာ၏။

ဤစျာန်၌ ကောင်းကင်ဟင်းလင်း နိမိတ်အာရုံလည်းရှိပြီး ဥပေက္ခာနှင့် ဧက္ကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးလည်းရှိ၏။ သို့သော် ဤစတုတ္ထစျာန်သည် ရုပ်တရားအာရုံ နိမိတ်အဝန်းကို ပယ်ဖျောက်ရန် ကြိုးစားရသောစျာန်ဖြစ်၍ အရူပစျာန်ဟုခေါ်၏။ ကောင်းကင်ဟင်းလင်းအဝန်းကို အာရုံ၌ တွယ်တာနေသောကြောင့် အာကာသနဉ္စယတနစျာန်ဟုလည်း ခေါ်၏။ ပထမရအပ်သော အရူပစျာန်ဖြစ်၍ ပထမာရုပ္ပစျာန်ဟုလည်း ခေါ်၏။

(၂) #ဒုတိယာရုပ္ပကမ္မဋ္ဌာန်းပွားများအားထုတ်ပုံ

ပထမာရုပ္ပစျာန်ကို မြဲမြံခိုင်ခံ့အောင် အဖန်ဖန် ပွားများပြီး၍ အထက် အရူပစျာန်ကို တက်လိုလျှင် ဤစျာန်ကို အောက်ကျသေးသည်ဟု မှတ်၍ အထက်စျာန်ကို တက်ရာ၏။ ထို့ကြောင့် ပထမာရုပ္ပစျာန်ကို ဝင်စားပြီး အဆုံးအစမရှိသောကောင်းကင်ကို အာရုံပြုကာ "ဝိညာဉ်. .ဝိညာဉ်" ဟု မှတ်လျက် အဖန်ဖန်ရှုပွားလေသော် ဒုတိယမြောက် အရူပစျာန်ကို ရောက်၏။

ဤစျာန်၌ အနန္တကောင်းကင်အာရုံလည်းရှိပြီး ဥပေက္ခာနှင့် ဧကဂ္ဂတာ စျာန်အင်္ဂါနှစ်ပါးလည်းရှိ၏။ အနန္တကောင်းကင်ကိုသာလျှင် အာရုံ၌ မှီတွယ်နေသောကြောင့် ဝိညာဏဉ္စယတနစျာန်ဟု ခေါ်၏။ ဒုတိယမြောက် ရအပ်သောစျာန်ဖြစ်၍ ဒုတိယာရုပ္ပစျာန်ဟုလည်း ခေါ်၏။

(၃) #တတိယာရုပ္ပကမ္မဋ္ဌာန်းပွားများအားထုတ်ပုံ

ဒုတိယာရုပ္ပစျာန်ကို မြဲမြံခိုင်ခံ့အောင် အဖန်ဖန် အားထုတ်ပြီးသော် အထက် တတိယာရုပ္ပစျာန်ကို တက်လိုသောအခါ ဤစျာန်ထက် အထက်စျာန်ကသာ သာလွန်မြင့်မြတ်၏ဟု နှလုံးသွင်းလျက် အထက်စျာန်ကို တက်ရာ၏။

တက်လိုသောအခါ ပထမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ ဒုတိယာရုပ္ပစျာန်ကို ဝင်စားကာ စျာန်မှထပြီးလျှင် ယခု ငါအာရုံပြုထားသော အနန္တကောင်းကင်သည် "မရှိ … ဘာမှမရှိ" ဟု နှလုံးသွင်း၍ ထိုအနန္တကောင်းကင်အာရုံကို ပျောက်အောင် ရှုပွားလိုက်သည်ရှိသော် အနန္တကောင်းကင်အာရုံကို မြင်နေရာကနေ မမြင်ဘဲ ဖြစ်သွား၏။

မရှိခြင်းကို အာရုံပြု၍ "ဘာမှမရှိဘူး … အနည်းငယ်မျှမရှိဘူး" ဟု စိတ်ထဲက မှတ်လျက် ထိုမရှိခြင်းကို အဖန်ဖန် နှလုံးသွင်း၍ ကြည့်ရှုပွားများလတ်သော် တတိယမြောက် အရူပစျာန်ကို ရောက်၏။

ဤစျာန်၌ နိမိတ်အာရုံမရှိတော့ဘဲ ဥပေက္ခာနှင့် ဧကဂ္ဂတာ ဟူ၍ စျာန်အင်္ဂါနှစ်ပါးသာရှိ၏။ ဘာအာရုံမှမရှိဘဲ သဘာဝပညတ်သာလျှင် တည်ရာမှီရာ ရှိခြင်းကြောင့် အာကိဉ္စညာယတနစျာန်ဟု ခေါ်၏။ တတိယမြောက် ရအပ်သော အရူပစျာန်ဖြစ်၍ တတိယာရုပ္ပစျာန် ဟုလည်းခေါ်၏။

(၄) #စတုတ္ထာရုပ္ပကမ္မဋ္ဌာန်းပွားများအားထုတ်ပုံ

တတိယာရုပ္ပစျာန်ကို မြဲမြံခိုင်ခံ့အောင် အဖန်ဖန် အားထုတ်ပြီးသော် ဤစျာန်ထက် အထက်စျာန်က သာလွန်မြင့်မြတ်၏ဟု နှလုံးသွင်း၍ အောက်စျာန်ကို မုန်းကာ အထက်စျာန်သို့ တက်လိုသောအခါ တတိယာရုပ္ပစျာန်ကို ဝင်စားပြီး စျာန်မှထပြီးလျှင် "ဤစျာန်စိတ်သည် အလွန်သိမ်မွေ့၏၊ ငြိမ်သက်၏" ဟု စိတ်ထဲ၌မှတ်၍ အဖန်ဖန် နှလုံးသွင်းသော်၊ ကြည့်ရှုပွားများသော် စတုတ္ထမြောက် အရူပစျာန်သို့ ရောက်၏။

ဤစျာန်၌ ဘာနိမိတ်အာရုံမျှမရှိတော့ဘဲ စတုတ္ထစျာန်ကဲ့သို့ ဥပေက္ခာနှင့် ဧကာဂ္ဂတာဟူ၍ စျာန်အင်္ဂါနှစ်ပါးသာရှိ၏။ ဤစျာန်စိတ်သည် ရုန့်ရင်းသောသညာမရှိ၊ အလွန်သိမ်မွေ့သော သညာမျှသာရှိခြင်းကြောင့် နေဝသညာနာသညာယတနစျာန်ဟု ခေါ်၏။ စတုတ္ထမြောက်ရအပ်သော အရူပစျာန်ဖြစ်၍ စတုတ္ထာရုပ္ပစျာန်ဟုလည်း ခေါ်၏။ ဤစျာန်ကိုလည်း မြဲမြံခိုင်ခံ့အောင် အဖန်ဖန် ပွားများအားထုတ်သင့်၏။

#ဝိမောက္ခ ၈-ပါး၊ #သမာပတ် ၈ပါး၊ #အနုပုဗ္ဗဝိဟာရသမာပတ် ၉-ပါး

၁။ ရူပစျာန် ၄-ပါး၊ အရူပစျာန် ၄-ပါး ဤနှစ်ခုပေါင်း ၈-ပါးကို နီဝရဏဟူသော စိတ်အနှောက်အယှက်မှ ကင်းလွတ်ခြင်းကြောင့် ဝိမောက္ခ ၈-ပါး ဟူ၍လည်း ခေါ်၏။

၂။ ဝင်စားအပ်ခြင်းကြောင့် သမာပတ် ၈-ပါး ဟူ၍လည်း ခေါ်၏။

၃။ ဤသမာပတ် ၈-ပါး ထဲသို့ နိရောဓသမာပတ်ကို ထည့်သွင်းလျှင် သမာပတ် ၉-ပါး ဖြစ်၏။

၄။ ဤ ၉-ပါးသော သမာပတ်ကို အစဉ်အတိုင်း ဝင်စားအပ်ခြင်းကြောင့် အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါး ဟူ၍လည်း ခေါ်၏။

ဤသမာပတ် ၉-ပါးကို ကာမရာဂ ကင်းစင်ပြီးသော ရုပ်ရှိသော အနာဂါမ်၊ ရဟန္တာ ပုဂ္ဂိုလ်နှစ်ဦးတို့သာလျှင် ဝင်စားနိုင်၏။

#အနုပုဗ္ဗဝိဟာရသမာပတ် ၉-ပါး ဝင်စားပုံ

ရှေ့ဦးစွာ ပထမစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထိုပထမစျာန်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု တိလက္ခဏာ တင်ရှုအပ်၏။ ပြီးလျှင် ဒုတိယစျာန်ကို ဝင်စား၍ စျာန်မှထပြီး ရှေ့နည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု တိလက္ခဏာ တင်ရှုအပ်၏။ ဤနည်းဖြင့် အာကိဉ္စညာယတန သမာပါတ်တိုင်အောင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု တိလက္ခဏာတင်ရှု၍ ပြီးသောအခါ နိရောဓသမာပါတ် ဝင်စားရာမှထ၍ အလျင်အမြန် စုတိစိတ်များ ကျမသွားအောင် စုတိစိတ်ကျမည့် အခါများ ဝေးသေးသလားဟု ကြည့်မျှော်၍ မ

Address

TawraShwegu Street, PaukTaw Village
Twante

Telephone

+19595127330

Website

Alerts

Be the first to know and let us send you an email when Bodhi Thukha - ဗောဓိသုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Bodhi Thukha - ဗောဓိသုခ:

Share