𝙋𝙤𝙠𝙚 𝙏𝙝𝙚 𝙇𝙤𝙡𝙡𝙮𝙜𝙖𝙜 𝙇𝙤𝙦𝙪𝙖𝙘𝙞𝙤𝙪𝙨 𝙋𝙚𝙤𝙥𝙡𝙚

  • Home
  • Myanmar
  • Tamwe
  • 𝙋𝙤𝙠𝙚 𝙏𝙝𝙚 𝙇𝙤𝙡𝙡𝙮𝙜𝙖𝙜 𝙇𝙤𝙦𝙪𝙖𝙘𝙞𝙤𝙪𝙨 𝙋𝙚𝙤𝙥𝙡𝙚

𝙋𝙤𝙠𝙚 𝙏𝙝𝙚 𝙇𝙤𝙡𝙡𝙮𝙜𝙖𝙜 𝙇𝙤𝙦𝙪𝙖𝙘𝙞𝙤𝙪𝙨 𝙋𝙚𝙤𝙥𝙡𝙚 The page (PLLP) is a space dedicated to reviving the art of profound dialogue and intellectual curiosity, inspired by the timeless guidance of Islam.

We believe that purposeful speech is a profound trust (amanah) and a means to draw closer to our Creator.

ဒီနေ့ခေတ်ကြီးထဲမှာ နေ့စဉ်ဘဝကို ဖြတ်သန်းရတာ တကယ်ကို မလွယ်ကူလှပါဘူး။ မနက်မိုးလင်းတာနဲ့ ဖုန်းစခရင်ကို ပွတ်၊ သတင်းအဆိုးတွေကြ...
29/06/2026

ဒီနေ့ခေတ်ကြီးထဲမှာ နေ့စဉ်ဘဝကို ဖြတ်သန်းရတာ တကယ်ကို မလွယ်ကူလှပါဘူး။ မနက်မိုးလင်းတာနဲ့ ဖုန်းစခရင်ကို ပွတ်၊ သတင်းအဆိုးတွေကြည့်၊ ပြီးရင် စားဝတ်နေရေးအတွက် သောင်ပြင်လုယက်သလို ကမူးရှုတိုး ရုန်းကန်ကြရတယ်။ ကုန်ဈေးနှုန်း အကျပ်အတည်း၊ အလုပ်အကိုင် အဆင်မပြေမှု၊ အနာဂတ်အတွက် ရေရေရာရာမရှိတဲ့ စိုးရိမ်စိတ်တွေက လူတိုင်းရဲ့ ပခုံးပေါ်မှာ အဆမတန် လေးလံလို့နေပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေကြားထဲမှာ လူတွေက ပိုပြီး အထီးကျန်လာကြသလို ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စကအစ စိတ်ပူပန်တတ်တဲ့ရောဂါ နဲ့ စိတ်ဓာတ်ကျတာတွေကို ရင်ဆိုင်နေကြရတာပါ။

အဆိုးဆုံးကတော့ ဒီလို သံသရာစက်ဝိုင်းထဲမှာ လည်ပတ်ရင်း အလုပ်တွေ အရမ်းများ၊ စိတ်တွေ အရမ်းပင်ပန်းလာတဲ့အခါ ကျွန်တော်တို့အားလုံးဟာ မိမိတို့ကို ဖန်ဆင်းထားတဲ့ အလ္လာဟ်အရှင်မြတ်ကို သတိရတသဖို့ မေ့လျော့လာကြတာပါပဲ။ စိတ်ညစ်စရာရှိရင် ဖုန်းထဲမှာ အချိန်ဖြုန်းလိုက်မယ် ဒါမှမဟုတ် တခြားလောကီအပျော်အပါးတွေနဲ့ ဖြေဖျောက်ဖို့ပဲ ကြိုးစားတတ်ကြတယ်။ တကယ်တော့ ကိုယ့်ကို စိတ်အေးချမ်းမှုအစစ်အမှန် ပေးနိုင်တဲ့ လမ်းပိတ်နေတာတွေကို ဖွင့်ပေးနိုင်တဲ့ အရှင်မြတ်ကို သတိရဖို့ လုံးဝ လွတ်သွားကြတာပါ။

ဒီလို သောကတွေပိပြီး လမ်းပျောက်နေသလို ခံစားရတဲ့အချိန်မျိုးမှာ စိတ်သက်သာရာရစေဖို့နဲ့ ဘဝလမ်းကြောင်း ပြန်ပွင့်သွားစေဖို့အတွက် ကျွန်တော်တို့ အမြဲနှလုံးသွင်းပြီး အမှီသဟဲပြုလို့ရမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်တွေကို ဖတ်ရွတ်ဆုတောင်းလို့ရပါတယ်။

လောကကြီးတစ်ခုလုံး ဘယ်လောက်ပဲ ဆူညံပူလောင်နေပါစေ အရှင်မြတ်က သင့်နှလုံးသားကို တစ်ခဏချင်းမှာ အေးချမ်းသွားအောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ "اَلسَّلَامُ" ဆိုတာ "ငြိမ်းချမ်းမှုကို ပေးသနားတော်မူတဲ့အရှင်" လို့ အဓိပ္ပာယ်ရပြီး ပူလောင်မှုအားလုံးကို ငြှိမ်းသတ်ပေးနိုင်တဲ့ အရှင်ပါ။ ဒီဂုဏ်တော်ကို အမြဲတမ်း နှလုံးသွင်းခြင်းဖြင့် စိတ်ပူပန်တတ်တဲ့ရောဂါ သက်သာလာမယ်။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲဖြစ်ပျက်နေပါစေ ကိုယ့်ရဲ့ ရင်ထဲမှာ တည်ငြိမ်အေးချမ်းမှုကို အမှန်အကန် ခံစားရပါလိမ့်မယ်။ စိတ်ညစ်စရာတွေ ကြုံလာတိုင်း၊ သောကရောက်လာတိုင်း ရင်ဘတ်ပေါ် လက်တင်ပြီး "ယာ စလာမု" (يَا سَلَامُ) လို့ အဓိပ္ပာယ်ကို နှလုံးသွင်းရင်း အကြိမ်ကြိမ် ရွတ်ဖတ်ပါ။ ပြီးရင် ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင် ထားသလိုမျိုးပဲ ပတ်ဝန်းကျင်က လူတွေကိုလည်း ကိုယ့်ရဲ့ နှုတ်လျှာ၊ အပြုအမူတွေနဲ့ မပူလောင်စေဘဲ ငြိမ်းချမ်းမှု ပေးနိုင်အောင် ကြိုးစားပါ။

အလုပ်ထဲမှာ အဆင်မပြေတာ၊ စီးပွားရေး ပိတ်ဆို့နေတာ၊ ဘာလုပ်ရမှန်းမသိ အကြံအိုက်နေတာမျိုးတွေ ရှိလား။ "اَلْفَتَّاحُ" ဆိုတာ "ပိတ်နေတဲ့ တံခါးတွေကို ဖွင့်ပေးတော်မူတဲ့အရှင်၊ လမ်းစပွင့်စေတဲ့အရှင်" ပါ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ နံရံကြီး ပိတ်နေတယ်လို့ ထင်ရပါစေ အရှင်မြတ် ဖွင့်ပေးလိုက်ရင် မမျှော်လင့်တဲ့ဘက်ကနေ လမ်းတွေ အလိုလို ပွင့်သွားတတ်ပါတယ်။ အလုပ်အကိုင်နဲ့ စီးပွားရေးလမ်းကြောင်းတွေမှာ အဆင်မပြေမှု၊ အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ ဇဝေဇဝါဖြစ်နေတဲ့ ကိစ္စတွေမှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဉာဏ်အလင်း ရစေပါတယ်။ မနက်ခင်း အလုပ်မသွားခင် ဒါမှမဟုတ် အလုပ်ခွင်ထဲ ရောက်တဲ့အခါ "ယာ ဖသ်သာဟု" (يَا فَتَّاحُ) ကို အာရုံစိုက်ပြီး အဖန်ဖန် ရွတ်ဖတ် ဆုတောင်းပါ။ ဒါတင်မကဘဲ ကိုယ်တိုင်ကလည်း တခြားသူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးသူ၊ လမ်းစရှာပေးသူ (ဥပမာ- လူတွေကို အဆင်ပြေအောင် ကူညီပေးတာမျိုး) အဖြစ် နေထိုင်ခြင်းဖြင့် အရှင်မြတ်က ကိုယ့်ရဲ့ လမ်းတွေကို ပြန်ဖွင့်ပေးပါလိမ့်မယ်။

ဘဝမှာ သောကရောက်ပြီး လမ်းပျောက်နေပြီလို့ ခံစားရတိုင်း ဒီဂုဏ်တော်နှစ်ပါးကို သတိရပါ။ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ အရှင်မြတ်ကို သတိရတသဖို့ အချိန်လေးတစ်ခုတော့ သီးသန့် ပေးဖြစ်အောင် ပေးကြည့်ပါ။ အရှင်မြတ်က စိတ်ကိုလည်း ငြိမ်းချမ်းစေမှာဖြစ်သလို ရှေ့ဆက်ရမယ့် အလုပ်အကိုင်လမ်းတွေကိုလည်း အကောင်းဆုံး ဖွင့်လှစ်ပေးပါလိမ့်မယ်။ ဒီနေ့ကစပြီး ရင်ထဲက ယုံကြည်မှုအပြည့်နဲ့ လက်တွေ့ ကျင့်ကြံကြည့်လိုက်ပါ အင်န်ရှာဟ်အလ္လာဟ် အရှင်မြတ်ဆီက‌နေ ဂရုဏာတွေနဲ့ သင့်ဘဝရဲ့ အခက်အခဲ၊ သောကဗျာပါဒတွေ ပြေပျောက်ပြီး စိတ်အေးချမ်းလာမယ်ဆိုတာ မလွဲဧကန်ပါပဲ။ လူတိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ ထူးခြားတဲ့ဂုဏ်တော်တွေ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

Afsār bin Walid al-madani (29 jun 2026).

မွန်မြတ်လှတဲ့ အာရှူရာနေ့  မုဟရမ်(၁၀)ရက်နေ့မှာ ဘယ်လိုအမလ်တွေ လုပ်နိုင်သလဲ🤲🏻✨​အစ္စလာမ်သမိုင်းမှာ ထူးခြားမွန်မြတ်မှုတွေ ပြည...
25/06/2026

မွန်မြတ်လှတဲ့ အာရှူရာနေ့ မုဟရမ်(၁၀)ရက်နေ့မှာ ဘယ်လိုအမလ်တွေ လုပ်နိုင်သလဲ🤲🏻✨

​အစ္စလာမ်သမိုင်းမှာ ထူးခြားမွန်မြတ်မှုတွေ ပြည့်နှက်နေတဲ့ လတစ်လကို ပြပါဆိုရင် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူထားတဲ့ လတွေထဲက "မုဟရမ်လ" ကို ပြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မုဟရမ်လရဲ့ ၁၀ ရက်မြောက်နေ့ အာရှူရာနေ့ ဟာ သမိုင်းမှတ်တိုင်ပေါင်းများစွာ စိုက်ထူခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ပါ။

​ဒီလို ထူးခြားတဲ့နေ့ရက်မျိုးမှာ ကျွန်တော်တို့ မွတ်စ်လင်မ်တွေအနေနဲ့ အချိန်တွေကို အလဟသမဖြစ်စေဘဲ အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရရှိနိုင်မယ့် အမလ် ကောင်းမှုကုသိုလ်တွေကို အားစိုက်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီနေ့မှာ ပြုလုပ်နိုင်မဲ့ အမလ်တွေထဲက အချို့ကို မျှဝေပေးချင်ပါတယ်။

🌸 အာရှူရာနေ့ နဖိလ်ရိုဇာဟ်ထားခြင်း

အာရှူရာနေ့မှာ လုပ်ဆောင်နိုင်မယ့် အဓိကနဲ့ အရေးကြီးဆုံး အမလ်ကောင်းမှုကတော့ "နဖိလ်ရိုဇာဟ်ထားခြင်း" ဖြစ်ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ် (ﷺ) က အာရှူရာနေ့မှာ နဖိလ်ရိုဇာဟ်ခြင်းနဲ့ ပတ်သက်ပြီး မိန့်ကြားခဲ့သည်မှာ–

صِيَامُ يَوْمِ عَاشُورَاءَ، أَحْتَسِبُ عَلَى اللهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ

​"အာရှူရာနေ့မှာ နဖိလ်ရိုဇာဟ်ထားခြင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း ပြုလုပ်ခဲ့မိတဲ့ အပြစ်ဂိုနာဟ်တွေကို အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်ပယ်ဖျက်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်" (ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း)
​ဂျူးလူမျိုးတွေနဲ့ သဏ္ဌာန်မတူစေဖို့အတွက် မုဟရမ်လ ၉ ရက်နဲ့ ၁၀ ရက် (သို့မဟုတ်) ၁၀ ရက်နဲ့ ၁၁ ရက်၊ နှစ်ရက် ဆက်တိုက် ရိုဇာဟ်ဆောက်တည်ဖို့ တမန်တော်မြတ်က လမ်းညွှန်ခဲ့ပါတယ်။

🌸 အိမ်သူအိမ်သားများအပေါ် သာမန်နေ့များထက် စေတနာဖြင့် ပေးကမ်းခြင်း အသုံးပြုခြင်း

​ဒီနေ့ဟာ အိမ်သူအိမ်သားတွေကို ကျွေးမွေးလှူဒါန်းဖို့အတွက်လည်း အလွန်မွန်မြတ်တဲ့ နေ့ရက်ပါ။ ဟဒီးစ်တော်တစ်ခုမှာ–

مَنْ وَسَّعَ عَلَى عِيَالِهِ يَوْمَ عَاشُورَاءَ، وَسَّعَ اللهُ عَلَيْهِ سَائِرَ سَنَتِهِ

​"မည်သူမဆို အာရှူရာနေ့တွင် မိမိ၏ မိသားစုအပေါ် စားနပ်ရိက္ခာ သို့မဟုတ် သုံးစွဲမှု အလုံအလောက် စေတနာအပြည့်ဖြင့် ပိုမိုကျယ်ပြန့်စွာ ပေးကမ်းလှူဒါန်းပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား တစ်နှစ်ပတ်လုံး ရိဇ်က်ဗရကသ် စားဝတ်နေရေး စည်းစိမ် တိုးပွားအောင် ပြုလုပ်ပေးတော်မူလိမ့်မည်။"

​ဒါကြောင့် ဒီနေ့မှာ မိသားစုအတွက် ကောင်းမွန်တဲ့ အစားအစာ ချက်ပြုတ်ကျွေးမွေးတာ၊ ကလေးတွေကို ပျော်ရွှင်အောင် ထောက်ပံ့ပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

🌸 အစွမ်းထက် ဒိုအာများနှင့် ဝဇီဖွာများ ဖတ်ရွတ်ခြင်း

အာရှူရာနေ့ရဲ့ နေ့ဘက် မည်သည့်အချိန်တွင်မဆို မိမိရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့အတွက် အလ္လာဟ်အရှင်မြတ်ထံ ဒိုအာတောင်းခံနိုင်ပါတယ်။ အဲ့ထဲကမှ ထူးခြားတဲ့အမလ်တစ်ခု ဝေမျှချင်ပါတယ်။ ​မုဟရမ်လ ၁၀ရက်နေ့ရဲ့ နေ့ဘက် မည်သည့်အချိန်တွင်မဆို ဤကျင့်စဉ်ကို ပြုလုပ်ပါ–

​🔸​ဒရူးဒ် ရှရီးဖ် ကို အစနဲ့ အဆုံးမှာ ၃ ကြိမ်စီ ဖတ်ပါ။
🔸ထို့နောက် အောက်ပါ ဒိုအာ(ယူနွတ်စ်)ကို ၃၃ ကြိမ် ဖတ်ပါ–
​لَا إِلٰهَ إِلَّا أَنْتَ سُبْحَانَكَ إِنِّي كُنْتُ مِنَ الظَّالِمِينَ
​🔸ပြီးနောက် အောက်ပါ အာယသ်တော် အစ္စ်သိရ်ဂျာ ကို ၃၃ ကြိမ် ဖတ်ပါ–
​إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ
​ထိုသို့ ဖတ်ရွတ်ပြီးနောက် မိမိရဲ့ မည်သည့်တရားမျှတသော ရည်ရွယ်ချက်၊ လိုအင်ဆန္ဒ (ဟာဂျသ်) အတွက်မဆို အလ္လာဟ်အရှင်မြတ်ထံတော်တွင် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ဒိုအာတောင်းခံပါ။ အရှင်မြတ်က ကဗူလ်ပြုတော်မူမှာ ဧကန်မလွဲပါပဲ။

🌸 အပြစ်များအတွက် သောင်ဗဟ်ပြု၍ နောင်တရ အမှားဝန်ခံ တောင်းပန်ခြင်း

​မုဟရမ်လဟာ အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတဲ့ အထွတ်အမြတ်လေးလ الأَشْهُرُ الحُرُمُ ထဲက တစ်လဖြစ်လို့ ဒီလမှာ အပြစ်တွေကို ပိုမိုရှောင်ကြဉ်ရမှာ ဖြစ်သလို အာရှူရာနေ့လို နေ့ထူးနေ့မြတ်မှာ မိမိတို့ သိလျက်နှင့်ဖြစ်စေ၊ မသိလျက်နှင့်ဖြစ်စေ ပြုလုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် "သောင်ဗဟ်" ပြုပြီး အလ္လာဟ်အရှင်မြတ်ထံ သနားကရုဏာတော် တောင်းခံဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

- Afsār bin Walid al-madani (25 jun 2026)

ဒိုအာဆုတောင်းခြင်း၏ လျှို့ဝှက်ဆန်းကြယ်သော လမ်းစလူသားတိုင်းရဲ့ ဘဝခရီးလမ်းမှာ မောပန်းနွမ်းနယ်တဲ့ အခိုက်အတန့်တွေ၊ တစ်ခုခုကိ...
21/06/2026

ဒိုအာဆုတောင်းခြင်း၏ လျှို့ဝှက်ဆန်းကြယ်သော လမ်းစ

လူသားတိုင်းရဲ့ ဘဝခရီးလမ်းမှာ မောပန်းနွမ်းနယ်တဲ့ အခိုက်အတန့်တွေ၊ တစ်ခုခုကို ပြင်းပြင်းပြပြ လိုလားတောင့်တမိတဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်ုပ်တို့ဟာ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်ထံ လက်နှစ်ဖက်ကို ဖြန့်ခင်းပြီး တိုးတိုးသက်သာ ရင်ဖွင့်ဆုတောင်းမိတတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ "ငါ တောင်းဆိုနေတဲ့အရာတွေ တကယ်ပဲ ဖြစ်လာပါ့မလား" ဆိုတဲ့ သံသယစိတ်က နှလုံးသားထဲကို ဝင်ရောက်နှောင့်ယှက်တတ်ပါတယ်။

ဒီလို သံသယတိမ်တိုက်တွေကို ရိုက်ခွဲပစ်ဖို့ အစ္စလာမ်သာသနာ့သမိုင်းက အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့ ပညာရှင်ကြီးတွေဟာ ဆုတောင်းခြင်းရဲ့ နက်ရှိုင်းတဲ့ သဘောတရားကို အဆန်းတကြယ် လမ်းညွှန်ပြသခဲ့ဖူးပါတယ်။

ဒုတိယမြောက် ခလီဖာကြီး ဟာဇရသ် အုမရ် (رَضِيَ اللَّهُ عَنْهُ) က ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး အခုလို နှလုံးသားထဲ စွဲငြိစေမယ့် စကားတစ်ခွန်းကို မိန့်ကြားခဲ့ဖူးပါတယ် -

"إِنِّي لَا أَحْمِلُ هَمَّ الْإِجَابَةِ وَلَكِنْ أَحْمِلُ هَمَّ الدُّعَاءِ، فَإِذَا أُلْهِمْتُ الدُّعَاءَ فَإِنَّ الْإِجَابَةَ مَعَهُ."

"ငါ့ရဲ့ ဆုတောင်းချက် အဖြေရမလား ပြည့်မလား ဆိုတာကို ငါ မစိုးရိမ်ဘူး။ ငါ ဆုတောင်းဖြစ်ဖို့ နှလုံးသားထဲ လှုံ့ဆော်မှု ရပါ့မလားဆိုတာကိုပဲ ငါ စိုးရိမ်တယ်။ အကယ်၍ ငါ့ကို ဆုတောင်းဖို့ လှုံ့ဆော်ပေးလိုက်ပြီဆိုရင်၊ အဲဒီဆုတောင်းရဲ့ အဖြေကလည်း ဆုတောင်းခြင်းနဲ့အတူ တစ်ပါတည်း ပါလာပြီးသားပဲ ဖြစ်တယ်။"

ဒီစကားရဲ့ ဆိုလိုရင်းက အလွန်ပဲ လေးနက်လှပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်အစဉ်မှာ တစ်ခုခုကို ပြင်းပြင်းပြပြ တောင်းဆိုချင်စိတ် ဖြစ်ပေါ်လာခြင်းဟာ မတော်တဆမှုတစ်ခု မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်က သင့်ကို အရာတစ်ခုခု ပေးသနားချင်လို့သာ သင့်နှလုံးသားထဲကို အဲဒီဆုတောင်းချင်စိတ် မျိုးစေ့ ချပေးလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပညာရှင်ကြီး အိဗ်နု အလ်-ကိုင်ယင်မ် ကလည်း ဆုတောင်းခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ တွန်းအားနဲ့ ပတ်သက်ပြီး အခုလို အခိုင်အမာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ် -

"إذا ألهم الله لسانك الدعاء، فاعلم أنه يريد أن يعطيك ما تشاء."

"အကယ်၍ အလ္လာဟ်အရှင်မြတ်က သင့်ရဲ့ လျှာကို ဆုတောင်းစကားလုံးတွေ ဆိုစမ်းဖို့ လမ်းပြပေးလိုက်ပြီဆိုရင်၊ သင် တောင်းဆိုနေတဲ့အရာကို အရှင်မြတ်က သင့်ကို ပေးသနားချင်လို့ပဲဆိုတာ သိထားလိုက်ပါ။"

ဆုတောင်းခွင့် ရရှိခြင်းကိုယ်တိုင်ကပဲ ဆုတောင်းချက် ပြည့်ဝတော့မယ့် အမှတ်အသား လမ်းစတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် "ငါ ဒီလောက် တောင်းဆိုနေတာ ဘာလို့ ချက်ချင်း ဖြစ်မလာသေးတာလဲ" ဆိုတဲ့ မေးခွန်း မလွဲမသွေ ရှိလာနိုင်ပါတယ်။

ဒီနေရာမှာ စတုတ္ထမြောက် ခလီဖာကြီး ဟာဇရသ် အလီ (رَضِيَ اللَّهُ عَنْهُ) ရဲ့ အမျှော်အမြင်ကြီးမားတဲ့ အဆိုအမိန့်ကို သတိရဖို့ လိုအပ်ပါတယ်။ သခင်ကြီး အလီက ဆုတောင်းချက်တွေရဲ့ အချိန်အခါနဲ့ ပတ်သက်ပြီး အခုလို လမ်းညွှန်ခဲ့ပါတယ် -

"ربما تأخرت الإجابة ليكون العطاء أعظم وبشكل أفضل في الوقت المناسب لك."

"တစ်ခါတရံမှာ သင့်ဆုတောင်းတွေ ချက်ချင်း အဖြေမရတာဟာ အလ္လာဟ်အရှင်မြတ်က သင့်အတွက် ပိုကောင်းတဲ့အရာကို သင် တကယ်ပဲ အဆင်သင့်ဖြစ်မယ့် အချိန်ကျမှ ပေးသနားချင်လို့ ဖြစ်ပါတယ်။"

ကျွန်ုပ်တို့ လိုချင်တဲ့အချိန်ဟာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအချိန် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အရာခပ်သိမ်းကို သိမြင်တော်မူသော အရှင်မြတ် သတ်မှတ်ထားတဲ့ ပြီးပြည့်စုံတဲ့ အချိန်ကျမှသာ အကောင်းဆုံးသော ပုံစံနဲ့ ဖန်တီးပေးသနားတတ်တဲ့ သဘော ရှိပါတယ်။ ဒါဟာ ကျမ်းမြတ်ကုရ်အာန် စူရာဟ် အလ်-ဗကရဟ်၊ အာယသ်(၁၈၆) တွင် ပါရှိသည့် အရှင်မြတ်၏ ခိုင်မာလှသော ကတိကဝတ်နှင့်လည်း တစ်ထပ်တည်း ကျနေပါတယ် -

"...أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ..."

"...ငါအရှင်မြတ်သည် ဆုတောင်းပန်ထွာသူက ငါ့ထံ ဆုတောင်းပန်ထွာသည့်အခါ ၎င်း၏ ဆုတောင်းချက်ကို နားညောင်းတော်မူ၏..."

သင့်နှလုံးသားထဲမှာ ဆုတောင်းချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်နေပြီဆိုရင် မဆိုင်းမတွဘဲ ယုံကြည်ချက်အပြည့်နဲ့ တောင်းဆိုလိုက်ပါ။ သင့်အတွက် ဖြစ်မလာမယ့်အရာတစ်ခုကို ဆုတောင်းဖို့ အရှင်မြတ်က သင့်နှလုံးသားကို ဘယ်တော့မှ အလဟဿ လှုံ့ဆော်ပေးမှာ မဟုတ်ပါဘူး။ သင် တောင်းဆိုနေတဲ့အရာဟာ အချိန်တန်ရင် သင့်ထံ အရောက်လာမှာဖြစ်ပြီး၊ လက်ရှိအချိန်မှာ သင် လုပ်ဆောင်ရမှာကတော့ ယကီးန် ယုံကြည်ခြင်း အပြည့်နဲ့ စိတ်ရှည်သည်းခံပြီး ထိုပြီးပြည့်စုံတဲ့ အချိန်ကာလကို စောင့်ဆိုင်းနေဖို့ပဲ ဖြစ်ပါတယ်။

Afsār bin Walid al-madani (21 jun 2026).

အိမ်နီးနားချင်း အခွင့်အရေးနှင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်းကျွန်တော်တို့ နေထိုင်တဲ့ ဒီနေ့ခေတ်ဟာ တိုက်ခန်းတ...
11/03/2026

အိမ်နီးနားချင်း အခွင့်အရေးနှင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်း

ကျွန်တော်တို့ နေထိုင်တဲ့ ဒီနေ့ခေတ်ဟာ တိုက်ခန်းတွေ၊ ကွန်ဒိုတွေနဲ့ တစ်အိမ်နဲ့တစ်အိမ် အလွန်နီးကပ်စွာ နေထိုင်လာကြတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုမှု အားနည်းလာတာဟာ စိတ်မကောင်းစရာပါ။ အစ္စလာမ်ဘာသာမှာ အိမ်နီးနားချင်းတွေအပေါ်မှာ ထားရှိရမယ့် ဝတ္တရားတွေကို အလေးအနက် သွန်သင်ထားပါတယ်။

🔶အိမ်နီးချင်းကို ဒုက္ခမပေးခြင်း

ဒီနေ့ခေတ်မှာ အတွေ့ရများတဲ့ ပြဿနာကတော့ အသံဆူညံမှုနဲ့ အမှိုက်ကိစ္စတွေပါပဲ။ ညဘက်တွေမှာ TV အသံကျယ်ကျယ်ဖွင့်တာ၊ ကာရာအိုကေဆိုတာ၊ ဒါမှမဟုတ် အိမ်ရှေ့လမ်းမှာ စည်းကမ်းမဲ့ ကားရပ်တာမျိုးတွေဟာ အိမ်နီးချင်းကို ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ဟဒီးစ်တော်ထဲမှာ တမန်တော်မြတ် (ဆွ) က မိန့်ကြားခဲ့တယ် - "အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ (ကိယာမသ်) ကို ယုံကြည်ပါက မိမိ၏ အိမ်နီးချင်းကို ဒုက္ခမပေးပါစေနှင့်" (ဗုခါရီကျမ်း)။ နောက်ထပ် ဟဒီးစ်တော်တစ်ခုမှာဆိုရင် "ဘယ်သူ့ရဲ့ အိမ်နီးချင်းကမှ ထိုသူ့ရဲ့ ဒုက္ခပေးမှုကနေ ဘေးမကင်းဘူးဆိုရင် အဲ့ဒီလူဟာ အီမာန် (ယုံကြည်မှု) မရှိသူပါ" လို့ ပြောထားပါတယ်။

ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ဆိုရင် ပထမဆုံး လုပ်ရမှာက ကိုယ့်ကြောင့် သူတပါး စိတ်အနှောင့်အယှက် မဖြစ်စေဖို့ပါပဲ။ အထူးသဖြင့် ညဘက်တွေမှာ အသံကျယ်ကျယ်နဲ့ သီချင်းဖွင့်တာ၊ စကားပြောတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ မိမိရဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာ၊ အိမ်ရှေ့လမ်းပိတ်ပြီး ပစ္စည်းတွေ ချထားတာမျိုး မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ကြောင့် အိမ်နီးချင်း စိတ်မချမ်းသာဖြစ်နေရင် အဲ့ဒီလူရဲ့ အီမာန် (ယုံကြည်မှု) က မပြည့်စုံပါဘူး။

🔶ဝေမျှခြင်းနှင့် ဂရုစိုက်ခြင်း

Digital ခေတ်မှာ ကျွန်တော်တို့ဟာ ဖုန်းမျက်နှာပြင်ပေါ်မှာပဲ အချိန်ကုန်နေတတ်ပြီး ဘေးအိမ်ကလူ ဘာဖြစ်နေလဲဆိုတာ မသိတော့ပါဘူး။ စားဝတ်နေရေး ခက်ခဲတဲ့ကာလမှာ ကိုယ့်အိမ်မှာ အလျှံပယ်စားနေပြီး ဘေးအိမ်က ဗိုက်ဟောင်းလောင်းဖြစ်နေတာဟာ အစ္စလာမ့်အမြင်အရ အပြစ်တစ်ခုပါပဲ။ တမန်တော်မြတ် (ဆွ) က အဘူဇရ် (ရဿွီ) ကို မိန့်ကြားခဲ့တယ် - "အို.. အဘူဇရ်၊ အသင် ဟင်းချက်တဲ့အခါ အရည်လေး နည်းနည်း ပိုထည့်ပြီး အသင်၏ အိမ်နီးချင်းကို သတိရပါ (ဝေမျှပါ)" (မွတ်စလင်ကျမ်း)။ ကိုယ့်အိမ်မှာ ဟင်းကောင်းကောင်းချက်ရင်တောင် အိမ်နီးချင်းကို ဝေမျှပေးကမ်းဖို့ တမန်တော်မြတ်က တိုက်တွန်းထားပါတယ်။ ဒါဟာ ပစ္စည်းတန်ဖိုးထက် စေတနာကို အလေးထားတာ ဖြစ်ပါတယ်။ ဟင်းဝေဖို့ မတတ်နိုင်ရင်တောင် အနည်းဆုံး ကိုယ့်ကြောင့် သူတို့ဒုက္ခမရောက်ဖို့နဲ့ လမ်းမှာတွေ့ရင် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ဖို့ဟာ အစ္စလာမ့်ကျင့်ဝတ်အရ တာဝန်ရှိပါတယ်။

ဒီနေ့ခေတ်မှာတော့ အိမ်နီးချင်း အခက်အခဲကြုံတဲ့အခါ ငွေရေးကြေးရေး သို့မဟုတ် လုပ်အားနဲ့ ကူညီပေးတာမျိုးဟာလည်း ဒီသွန်သင်ချက်ထဲမှာ ပါဝင်ပါတယ်။ ​လမ်းမှာတွေ့ရင် ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်တာ၊ နေကောင်းလား မေးမြန်းတာက ခိုင်မာတဲ့ သံယောဇဉ်ကို ဖြစ်စေပါတယ်။ တကယ်လို့ အိမ်နီးချင်း တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် သွားရောက်ကြည့်ရှုတာ၊ အကူအညီ လိုအပ်နေရင် တတ်နိုင်သလောက် ကူညီပေးတာမျိုးဟာ လူသားဆန်တဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

🔶 Privacy နှင့် ဂုဏ်သိက္ခာကို လေးစားခြင်း

Social Media ခေတ်မှာ တစ်ပါးသူရဲ့ အရှက်နဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဓာတ်ပုံရိုက်တင်တာ၊ အတင်းပြောတာတွေဟာ အိမ်နီးချင်းတွေကြားမှာ ယုံကြည်မှု ပျက်ပြားစေပါတယ်။ အိမ်နီးချင်းရဲ့ အားနည်းချက်ကို ဖုံးကွယ်ပေးတာဟာ မွန်မြတ်တဲ့ အပြုအမူဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကို စပ်စုတာ၊ သူတို့ရဲ့ အပြစ်တွေကို လိုက်ရှာတာမျိုးဟာ အလွန်မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် စကားမျိုးကို ကိုယ့်နှုတ်က မထွက်မိဖို့ ထိန်းသိမ်းရပါမယ်။ အပြန်အလှန် လေးစားမှုရှိမှသာ ရေရှည်မှာ ယုံကြည်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။

🔶 ဘာသာမတူသော်လည်း တန်းတူအခွင့်အရေး

ကျွန်တော်တို့ မြန်မာနိုင်ငံလို ဘာသာပေါင်းစုံ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အိမ်နီးချင်းဟာ မွတ်စလင်ဖြစ်စရာ မလိုပါဘူး။ မွတ်စလင်မဟုတ်တဲ့ အိမ်နီးချင်းတွေအပေါ်မှာလည်း အထက်က ဝတ္တရားတွေ အားလုံး တန်းတူ သက်ရောက်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုကို လေးစားရပါမယ်၊ သူတို့ ဒုက္ခရောက်ရင်လည်း ပထမဆုံး ကူညီပေးသူဟာ ကျွန်တော်တို့ ဖြစ်နေရပါမယ်။ ဒါဟာ အစ္စလာမ်ရဲ့ လှပတဲ့ အနှစ်သာရကို လက်တွေ့ ပြသတာပဲ ဖြစ်တယ်။

မျက်မှောက်ခေတ်ရဲ့ အထီးကျန်ဆန်တဲ့ လူနေမှုပုံစံကို ပြောင်းလဲဖို့ဆိုရင် အိမ်နီးချင်းကောင်း ပီသဖို့ လိုပါတယ်။ အစ္စလာမ့်သွန်သင်ချက်တွေအတိုင်း တစ်ဦးကိုတစ်ဦး လေးစားမယ်၊ ဖေးမမယ်ဆိုရင် ခိုင်မာပြီး အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်းကို ကောင်းမွန်စွာ ဆက်ဆံခြင်းဟာ မိမိကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးတွေပဲ ရရှိစေမှာပါ။ အိမ်နီးနားချင်းကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ပဲ လိုပါတယ်။ "ကိုယ့်ကို သူများက ဘယ်လိုဆက်ဆံစေချင်သလဲ၊ အဲ့ဒီအတိုင်း သူတပါးကို ပြန်ဆက်ဆံပါ" ဆိုတဲ့ မူဝါဒကို ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အေးချမ်းသာယာတဲ့ နေရာလေးတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

📝 Afsār bin Walid al-madani (10 Mar 2026).

စကြဝဠာရဲ့ အစနဲ့ ကုရ်အာန်ကျမ်းတော်မြတ်က ဖော်ထုတ်ပြသခဲ့တဲ့ အမှန်တရားများကျွန်တော်တို့ လူသားတွေဟာ ရှေးယခင်ကတည်းက "ငါတို့ ဘယ...
11/03/2026

စကြဝဠာရဲ့ အစနဲ့ ကုရ်အာန်ကျမ်းတော်မြတ်က ဖော်ထုတ်ပြသခဲ့တဲ့ အမှန်တရားများ

ကျွန်တော်တို့ လူသားတွေဟာ ရှေးယခင်ကတည်းက "ငါတို့ ဘယ်ကလာသလဲ၊ ဒီကမ္ဘာကြီးနဲ့ စကြဝဠာကြီးက ဘယ်လိုမျိုး စတင်ဖြစ်တည်လာတာလဲ" ဆိုတဲ့ မေးခွန်းကို အမြဲတမ်း အဖြေရှာခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်မှာ နက္ခတ်ဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက နည်းမျိုးစုံနဲ့ လေ့လာခဲ့ကြပေမယ့် အံ့ဩဖို့ကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကျလာခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဒီအဖြေတွေကို တိတိကျကျ ဖော်ပြထားပြီးသား ဖြစ်နေတာပါပဲ။

🔶အရာအားလုံးဟာ တစ်သားတည်းကနေ စတင်ခဲ့တာလား ?

ခေတ်သစ်သိပ္ပံပညာရဲ့ အကျော်ကြားဆုံး တွေ့ရှိချက်တစ်ခုကတော့ "Big Bang" သီအိုရီပဲ ဖြစ်ပါတယ်။ ဒီသီအိုရီအရ စကြဝဠာကြီးဟာ အစပိုင်းမှာ အလွန်သေးငယ်ပြီး သိပ်သည်းတဲ့ အချက်တစ်ခု (Singularity) အနေနဲ့ တစ်သားတည်း ရှိနေခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ အားပြင်းတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားပြီးမှ ဂြိုဟ်တွေ၊ ကြယ်တွေနဲ့ ဂလက်ဆီတွေ ကွဲထွက်ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို ကျမ်းတော်မြတ်ကုရ်အာန်(၂၁:၃၀) မှာ ဒီလို မိန့်ကြားထားပါတယ် -

أَوَلَمْ يَرَ ٱلَّذِينَ كَفَرُوٓا۟ أَنَّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ كَانَتَا رَتْقًۭا فَفَتَقْنَـٰهُمَا ۖ "

"မိုးကောင်းကင်နှင့် မြေကြီးသည် (အစပိုင်းတွင်) တစ်သားတည်း ဖြစ်နေခဲ့သည်ကို၊ ထို့နောက် ငါအရှင်မြတ်က ၎င်းတို့အား ခွဲထုတ်လိုက်သည်ကို မယုံကြည်သူတို့ မသိကြသလော။"

အဆင့်မြင့် တယ်လီစကုပ်တွေ၊ နည်းပညာတွေ မရှိသေးတဲ့ ခေတ်ကာလမှာ ဒီလို "တစ်သားတည်းကနေ ခွဲထုတ်လိုက်တယ်" ဆိုတဲ့ အချက်ကို အတိအကျ ဖော်ပြထားတာဟာ အလွန်ကို အံ့ဩစရာကောင်းလှပါတယ်။

🔶စကြဝဠာကြီးက တဖြည်းဖြည်း ကျယ်ပြန့်နေတယ်

အရင်တုန်းက သိပ္ပံပညာရှင်တွေဟာ စကြဝဠာကြီးက အရွယ်အစား အသေပဲလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၂၉ ခုနှစ်မှာ အက်ဒွင် ဟတ်ဘယ်လ် (Edwin Hubble) က တယ်လီစကုပ်နဲ့ လေ့လာကြည့်တဲ့အခါ ဂလက်ဆီတွေဟာ တစ်ခုနဲ့တစ်ခု ဝေးရာကို ပြေးနေကြပြီး စကြဝဠာကြီးက တစ်စထက်တစ်စ ပြန့်ကားကျယ်ပြန့်နေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအချက်ကို ကျမ်းတော်မြတ်ကုရ်အာန် (၅၁:၄၇) မှာ ဒီလို ရေးသားထားပါတယ် -

وَٱلسَّمَآءَ بَنَيْنَـٰهَا بِأَيْي۟دٍۢ وَإِنَّا لَمُوسِعُونَ "

"ငါအရှင်မြတ်သည် ကောင်းကင်ယံကို တန်ခိုးတော်ဖြင့် တည်ဆောက်ခဲ့ပြီး၊ အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ၎င်း (ကောင်းကင်ယံ) ကို ပြန့်ကားကျယ်ပြန့်စေသူ ဖြစ်တော်မူ၏။"

ဒီနေရာမှာ သုံးထားတဲ့ အာရဗီစကားလုံးဟာ "ကျယ်ပြန့်နေဆဲ" ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေတာမို့ ခေတ်သစ်သိပ္ပံရဲ့ ရှာဖွေတွေ့ရှိချက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။

🔶ကမ္ဘာမြေကို ကာကွယ်ပေးထားတဲ့ အလွှာများ

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို လေထုအလွှာ (Atmosphere) တွေက ပတ်ပတ်လည် ဝန်းရံထားပါတယ်။ ဒီလေထုအလွှာက နေကလာတဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေနဲ့ အာကာသထဲက ဥက္ကာခဲတွေ ရန်ကနေ ကျွန်တော်တို့ကို ကာကွယ်ပေးထားတာပါ။ တကယ်လို့ ဒီလေထုသာ မရှိရင် ကမ္ဘာပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။

ဒီအကာအကွယ်အကြောင်းကို ကုရ်အာန်ကျမ်းတော်မြတ်မှာ "ငါအရှင်မြတ်သည် ကောင်းကင်ယံ (လေထု) ကို လုံခြုံစိတ်ချရသော အမိုးအဖြစ် ဖန်တီးခဲ့သည်" လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ မမြင်ရတဲ့ လေထုက အမိုးတစ်ခုလို ကျွန်တော်တို့ကို ကာကွယ်ပေးထားတာဟာလည်း ဖန်ဆင်းရှင်ရဲ့ အံ့မခန်း လက်ရာတစ်ခုပါပဲ။

သိပ္ပံပညာဆိုတာ လူသားတွေရဲ့ လေ့လာစမ်းသပ်မှုတွေကနေ ထွက်ပေါ်လာတာဖြစ်ပြီး ကုရ်အာန်ဆိုတာကတော့ ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော် ဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာ တိုးတက်လာလေလေ၊ ကျမ်းစာထဲက အမှန်တရားတွေက ပိုပြီး ခိုင်မာလာလေလေပါပဲ။ ကျွန်တော်တို့ဟာ ဘာသာရေးကို ယုံကြည်မှုသက်သက်တင် မဟုတ်ဘဲ၊ မိမိတို့ ပတ်ဝန်းကျင်နဲ့ စကြဝဠာကြီးကို ဆင်ခြင်တုံတရားနဲ့ လေ့လာကြည့်မယ်ဆိုရင် အရာအားလုံးရဲ့ နောက်ကွယ်မှာ အစွမ်းထက်မြက်တဲ့ ဖန်ဆင်းရှင်တစ်ပါး ရှိနေတယ်ဆိုတာကို ငြင်းလို့မရအောင် တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို လေ့လာရင်း မိမိတို့ရဲ့ အီမာန်ယုံကြည်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

📝 Afsār bin Walid al-madani (10 Mar 2026).

မွတ်စ်လင်မ်တွေက သောကြာနေ့တစ်ရက်ပဲ ဝတ်ပြုကြတာလား❓​ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားဘာသာဝင် မိတ်ဆွေအချို့က "မွတ်စ်လ...
11/03/2026

မွတ်စ်လင်မ်တွေက သောကြာနေ့တစ်ရက်ပဲ ဝတ်ပြုကြတာလား❓

​ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားဘာသာဝင် မိတ်ဆွေအချို့က "မွတ်စ်လင်မ်တွေက သောကြာနေ့မှပဲ ဗလီတက်ကြတယ်၊ သောကြာနေ့ပဲ ဝတ်ပြုကြတယ်" လို့ ထင်မှတ်နေတတ်ကြပါတယ်။ တကယ်တော့ မွတ်စ်လင်မ်တစ်ဦးဟာ တစ်နေ့ကို (၅) ကြိမ် တိတိကျကျ ဝတ်ပြုရတာဖြစ်ပေမဲ့ ဘာကြောင့် အခုလို အမြင်လွဲမှားမှုတွေ ရှိနေရတာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

​မွတ်စ်လင်မ်တွေဟာ နေ့စဉ် (၅) ကြိမ် ဝတ်ပြုကြပေမဲ့ အလုပ်ခွင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ ခွဲပြီး ဝတ်ပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ သောကြာနေ့ နေ့လယ်ပိုင်းမှာတော့ "ဂျုမ္မအဟ်" လို့ခေါ်တဲ့ အစုအဖွဲ့လိုက် ဝတ်ပြုမှုကို ဗလီဝတ်ကျောင်းတော်မှာ မဖြစ်မနေ စုပေါင်းလုပ်ဆောင်ကြရပါတယ်။ ​လူအင်အား အများအပြား ဗလီကို တစ်ပြိုင်နက်တည်း သွားကြတာ၊ ​ဗလီရှေ့မှာ လူစည်ကားတာ၊ ​အလုပ်ခွင်နဲ့ ကျောင်းတွေကပါ ခွင့်ယူပြီး သွားကြတာတွေကြောင့် ပြင်ပလူတွေအတွက် ပိုပြီး သတိထားမိစရာ ဖြစ်စေပါတယ်။

​သောကြာနေ့မှာ ဝတ်ပြုရုံတင်မကဘဲ အေမာမ်ရှေ့ဆောင်ကနေပြီးတော့ သောကြာနေ့ခွသ်ဗဟ် အဆုံးအမ ဒေသနာတွေကို ဟောကြားပါတယ်။ ဒီအချိန်မှာ အသံချဲ့စက်တွေကတစ်ဆင့် အသံထွက်ပေါ်လာတာမျိုးဟာ တခြားရက်တွေထက် ပိုမိုကျယ်လောင်မှု ရှိတဲ့အတွက် တခြားဘာသာဝင်တွေအနေနဲ့ "ဒီနေ့ကတော့ သူတို့ ဝတ်ပြုတဲ့နေ့ပဲ" လို့ အလွယ်တကူ မှတ်သားမိသွားတာမျိုး ဖြစ်နိုင်ပါတယ်။

လူတွေဟာ ယဉ်ကျေးမှုတစ်ခုကို ယေဘုယျ ခြုံငုံသုံးသပ်တဲ့အခါ တခြားဘာသာဝင်များ၏ အလေ့အထများနှင့် နှိုင်းယှဉ်ကြည့်ပြီး ရှူ့မြင်တတ်လေ့ရှိကြပါတယ်။ ​အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ တနင်္ဂနွေနေ့ မှာ ဘုရားကျောင်းတက်တာ၊ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်နေ့ မှာ ကျောင်းကန်သွားတာမျိုးနဲ့ ယှဉ်ပြီး စဉ်းစားကြပါတယ်။ မွတ်စ်လင်မ်တွေအတွက် သောကြာနေ့ဟာ အမွန်မြတ်ဆုံးနေ့ ဖြစ်တဲ့အတွက် တခြားဘာသာဝင်တွေက သူတို့ရဲ့ တစ်ပတ်တစ်ခါ ဘုရားကျောင်းတက်တဲ့နေ့နဲ့ ပုံစံတူမယ်လို့ ယူဆလိုက်ကြတာပါ။

အမှန်တကယ်တော့ ​မွတ်စ်လင်မ်တစ်ဦးအတွက် ဝတ်ပြုခြင်း (ဆွလာသ်) ဟာ သောကြာနေ့မှ မဟုတ်ဘဲ နေ့စဉ် (၂၄) နာရီအတွင်း (၅) ကြိမ် သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ​ဖဂျရ် (အရုဏ်တက်ချိန်)၊ ​ဇုဟိုရ် (နေ့လယ်မွန်းတည့်ချိန်)၊ ​အဆွရ် (ညနေစောင်းချိန်)၊ ​မဂ်ရိဗ် (နေဝင်ချိန်)၊ ​အေရှာ (ညဖက်အချိန်) ဆိုပြီး တစ်နေ့ (၅)ကြိမ် အမြဲဝတ်ပြုရတာပါ။ သောကြာနေ့ဟာ အစုအဖွဲ့လိုက် ပိုမိုစည်ကားပြီး ထင်သာမြင်သာရှိတဲ့အတွက်ကြောင့်သာ တခြားသူတွေက အဲ့ဒီနေ့တစ်နေ့တည်းပဲ ဝတ်ပြုတယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားကြတာ ဖြစ်ပါတယ်။

တကယ်တော့ မွတ်စ်လင်မ်တွေဟာ အရုဏ်တက်ချိန်ကနေ ညဦးပိုင်းအထိ တစ်နေ့တာရဲ့ အချိန်အပိုင်းအခြားအလိုက် ဖဂျရ်၊ ဇုဟိုရ်၊ အဆွရ်၊ မဂ်ရိဗ်နဲ့ အေရှာ ဆိုတဲ့ ဝတ်ပြုမှုတွေကို မပျက်မကွက် လုပ်ဆောင်ကြရပါတယ်။ ဒါဟာ အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်ဖို့ နေ့စဉ် ပြုလုပ်ရတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ သောကြာနေ့ရဲ့ ထူးခြားတဲ့ စည်ကားမှုနဲ့ အစုအဖွဲ့လိုက် ဝတ်ပြုမှု မြင်ကွင်းတွေကြောင့်သာ တခြားသူတွေက အခုလို ထင်မြင်သွားကြတာ ဖြစ်ပါတယ်။

📝 Afsār bin Walid al-madani (12 Feb 2026).

သူတစ်ပါးကို စိတ်ဆင်းရဲစေခြင်းနှင့် ပြန်လာမည့် ဝဋ်ကြွေးကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကျဖြစ်တဲ့ "ကိုယ်ပြုသည့်ကံ ကိုယ့...
10/02/2026

သူတစ်ပါးကို စိတ်ဆင်းရဲစေခြင်းနှင့် ပြန်လာမည့် ဝဋ်ကြွေး

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကျဖြစ်တဲ့ "ကိုယ်ပြုသည့်ကံ ကိုယ့်ဆီထံ" ဆိုတဲ့ စကားကို ခဏခဏ ကြားဖူးကြမှာပါ။ တစ်ခါတလေ ကိုယ်က မတော်တဆဖြစ်စေ၊ တမင်သက်သက်ဖြစ်စေ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ လုပ်လိုက်တဲ့ အပြုအမူတစ်ခုကြောင့် တစ်ဖက်လူမှာ ရင်ဘတ်ထဲကနေ လှိုက်ပြီး စိတ်ဆင်းရဲသွားရတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလို စိတ်ဆင်းရဲအောင် လုပ်မိရင် တူသောအကျိုး ပြန်ခံစားရပါသလားဆိုရင် မလွဲမသွေ ပြန်ခံစားရမှာပါ။

ကျမ်းတော်မြတ်ကုရ်အာန် (၉၉:၇-၈)မှာ အလ္လာဟ်အရှင်မြတ်က အခုလို မိန့်ကြားထားပါတယ်။

"အကြင်သူသည် အနုမြူမြုံ့ခန့်မျှသော ကောင်းမှုကို ပြုခဲ့လျှင်လည်း ၎င်းကို တွေ့မြင်ရမည်။ အကြင်သူသည် အနုမြူမြုံ့ခန့်မျှသော မကောင်းမှုကို ပြုခဲ့လျှင်လည်း ၎င်းကို တွေ့မြင်ရမည်။"

"အနုမြူ" ဆိုတာ မျက်စိနဲ့တောင် မမြင်ရတဲ့ အမှုန်အမွှားလေးပါ။ ကိုယ့်ဘက်ကတော့ "ဘာမှမဟုတ်ပါဘူး၊ နောက်တာပါ၊ စတာပါ" လို့ ထင်ရပေမဲ့ တစ်ဖက်လူရဲ့ နှလုံးသားကို အနုမြူခန့်မျှ စိတ်ထိခိုက်အောင် လုပ်မိရင်တောင် အဲ့ဒီအတွက် အကျိုးဆက်ကို ပြန်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစကားရပ်ဟာ တကယ့်ကို ကြောက်စရာကောင်းပါတယ်။ အနုမြူမျှ ဖြစ်တန်သော်လည်း အလွတ်မပေးဘူးလို့ ပြောထားတာပါ။

တမန်တော်မြတ် (ﷺ) က တစ်ခါတော့ နောက်လိုက်ဆွဟာဗဟ်သာဝကတွေကို မေးခွန်းတစ်ခု မေးပါတယ်။ "အသင်တို့ သိပါသလား၊ အရှုံးပေါ်သူ ဆိုတာ ဘယ်သူလဲ" လို့ မေးမြန်းတဲ့အခါ နောက်လိုက်ဆွဟာဗဟ်သာဝကတွေက "ပစ္စည်းဥစ္စာ မရှိတဲ့သူတွေပါ" လို့ ဖြေကြတယ်။ ထိုအခါ တမန်တော်မြတ်(ﷺ)က ဒီလို ရှင်းပြခဲ့တယ်။ "တကယ့် အရှုံးပေါ်သူဟာ အာခေရသ်တမလွန် နောင်ဘဝ တရားစီရင်တဲ့အခါ ဆွလာသ်ဝတ်ပြုမှုတွေ၊ ရိုဇာဥပုသ်သီလတွေနဲ့ ကုသိုလ်တွေ အများကြီး သယ်လာလိမ့်မယ်။ ဒါပေမဲ့ သူဟာ လောကမှာတုန်းက တစ်ဦးကို ဆဲခဲ့တယ်၊ တစ်ဦးကို စွပ်စွဲခဲ့တယ်၊ တစ်ဦးကို စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ်။ အဲ့ဒီအခါ သူ့ရဲ့ ကုသိုလ်စဝါးဗ်တွေကို နစ်နာသူတွေက ခွဲဝေယူသွားကြမယ်။ ကုသိုလ်စဝါးဗ်ကုန်သွားရင်တောင် နစ်နာသူတွေရဲ့ အပြစ်တွေကို သူ့ခေါင်းပေါ် ပုံချခံရပြီး ငရဲကို အပို့ခံရလိမ့်မယ်။" (မွတ်စ်လင်မ်ကျမ်း)

ဒီဟဒီးဆ်တော်ကို ကြည့်ရင် ကိုယ်က ဘယ်လောက်ပဲ ဘာသာရေး လုပ်နေပါစေ၊ လူအချင်းချင်းအပေါ် စိတ်ဆင်းရဲအောင် လုပ်နေသရွေ့ ကိုယ့်ရဲ့ ကုသိုလ်တွေဟာ လုံခြုံမှုမရှိဘူးလို့ ဆိုတာပါ။ သူတစ်ပါးရဲ့ မျက်ရည်ဟာ ကိုယ့်ရဲ့ ဂျန္နသ်သွားရာလမ်းကို ပိတ်ပစ်နိုင်ပါတယ်။ အစ္စလာမ်မှာ အကြောက်ရဆုံးအချက်က မတရားပြုကျင့်ခံရသူရဲ့ ဆုတောင်း ဒိုအာ ပါပဲ။ တမန်တော်မြတ်က အခုလို သတိပေးထားပါတယ်။ "မတရားပြုကျင့်ခံရသူ၊ စိတ်ဆင်းရဲအောင် အလုပ်ခံရသူရဲ့ ဆုတောင်းဒိုအာ ကို ကြောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူနဲ့ အလ္လာဟ်အရှင်မြတ်ကြားမှာ ဘယ်လို အတားအဆီးမှ မရှိလို့ပါပဲ။" (ဗုခါရီကျမ်း)

ဆိုလိုတာက တစ်ယောက်ယောက်ဟာ ကိုယ့်ကြောင့် ရင်ထုမနာဖြစ်ပြီး "ယာအလ္လာဟ်... ကျွန်တော်မျိုးအား မတရားလုပ်တဲ့သူကို စီရင်တော်မူပါ" လို့ တိုင်တည်လိုက်ရင် အဲ့ဒီတိုင်တည်ချက်ဟာ တိုက်ရိုက်ရောက်သွားပြီး ကိုယ့်ဆီကို ဘေးဒုက္ခအနေနဲ့ ပြန်လာတတ်ပါတယ်။ ဒါဟာ "တူသောအကျိုး" ရဲ့ လက်တွေ့အကျိုးပေးမှုပါပဲ။

ဟဒီးဆ်တော်တစ်ခုမှာ မိဘကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူနဲ့ သူတစ်ပါးကို နှိပ်စက်တဲ့သူဟာ "မသေခင် ဒီလောကမှာတင် အပြစ်ဒဏ်ကို မြည်းစမ်းရမယ်" လို့ ပါရှိပါတယ်။ ဥပမာ သင်ဟာ တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လူပုံအလယ်မှာ ဖျက်ဆီးပြီး စိတ်ဆင်းရဲအောင် လုပ်ခဲ့မယ်ဆိုရင်၊ တစ်နေ့နေ့မှာ သင်ကိုယ်တိုင်လည်း တစ်ဖက်လူဆီကနေ အလားတူ အရှက်ကွဲမှုမျိုးနဲ့ စိတ်ဆင်းရဲမှုကို ပြန်ကြုံရတတ်ပါတယ်။ ဒါဟာ အလ္လာဟ်အရှင်မြတ်က သင့်ကို သင်ခန်းစာပေးတာ ဖြစ်သလို၊ သင်ပြုခဲ့တဲ့ ကံက သင့်ဆီ ပြန်လှည့်လာတာလည်း ဖြစ်ပါတယ်။

အစ္စလာမ်ရဲ့ အနှစ်သာရဟာ "အေးချမ်းခြင်း" ဖြစ်ပါတယ်။ မိမိရဲ့ လျှာနဲ့ လက်ကြောင့် တစ်ပါးသူ မထိခိုက်ဖို့ တမန်တော်မြတ်က အလေးအနက် မှာကြားခဲ့ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်ဆင်းရဲသွားရင် အရှင်မြတ်ဆီမှာပဲ ခွင့်လွှတ်မှုတောင်းလို့ မရပါဘူး။ အဲ့ဒီလူဆီကိုသွားပြီး ဝန်ချတောင်းပန်ရပါမယ်။ နစ်နာသူက ခွင့်လွှတ်မှသာ ကိုယ့်ရဲ့ အပြစ်ကြွေးဟာ ကျေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ စကားတစ်ခွန်း ပြောတော့မယ်ဆိုရင်၊ လုပ်ရပ်တစ်ခု လုပ်တော့မယ်ဆိုရင် "ငါ့ကြောင့် သူများ စိတ်ဆင်းရဲသွားမလား" ဆိုတာကို အမြဲ ဆင်ခြင်သင့်ပါတယ်။ မဟုတ်ရင်တော့ အဲ့ဒီစိတ်ဆင်းရဲမှုဟာ တစ်နေ့နေ့မှာ ကိုယ့်ဆီကို လိပ်စာမမှားဘဲ ပြန်လာပါလိမ့်မယ်။

📝 Afsār bin Walid al-madani (10 Feb 2026).

မျက်နှာဖုံးကွာကျသွားတဲ့ အနောက်အုပ်စုနဲ့ သူတို့ရဲ့ ရွံရှာဖွယ်ရာများ၂၀၂၆ ခုနှစ်ကို ရောက်လာတော့ Jeffrey Epstein ရဲ့ ဖိုင်တွ...
06/02/2026

မျက်နှာဖုံးကွာကျသွားတဲ့ အနောက်အုပ်စုနဲ့ သူတို့ရဲ့ ရွံရှာဖွယ်ရာများ

၂၀၂၆ ခုနှစ်ကို ရောက်လာတော့ Jeffrey Epstein ရဲ့ ဖိုင်တွဲတွေလည်း ပွင့်ထွက်လာပြီဆိုတော့ အနောက်အုပ်စုက လူကြီးလူကောင်း တွေ ဘာဆင်ခြေပေးကြဦးမလဲဆိုတာ စိတ်ဝင်စားစရာပဲ။ နှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာကြီးကို သူတို့ပဲ အမျိုးသမီးအခွင့်အရေးရဲ့ နတ်ဘုရားတွေလိုလို၊ သူတို့ဆီမှာပဲ လွတ်လပ်ခွင့်ရှိသလိုလိုနဲ့ နှာခေါင်းသွေးထွက်အောင် ဟန်ဆောင်ခဲ့ကြတာ အခုတော့ အားလုံး ဗူးပေါ်သျှိုပေါ် ဖြစ်ကုန်ကြပြီ။ အထူးသဖြင့် အစ္စလာမ်သာသနာက အမျိုးသမီးတွေကို ဖိနှိပ်ထားပါတယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်ခဲ့တဲ့ သူတို့ရဲ့ နှုတ်သီးတွေဟာ အခုတော့ ကိုယ့်အပုပ်နံ့ကိုယ် ပြန်ရှူနေရတဲ့ ဘဝ ရောက်သွားကြပြီဖြစ်တယ်။

တကယ်တော့ အနောက်အုပ်စုဆိုတာ အပေါ်ယံ ရွှေပြူးပြီး အတွင်းက ပိုးထိုးနေတဲ့ အဖွဲ့အစည်းပဲ။ Epstein ရဲ့ ကျွန်းပေါ်မှာ သူတို့ ဘာတွေလုပ်ခဲ့ကြသလဲ? အာဏာရှိတဲ့ နိုင်ငံရေးသမားတွေ၊ သူဌေးကြီးတွေနဲ့ "လွတ်လပ်ခွင့်" လို့ အော်နေတဲ့ လူကုံထံတွေဟာ အမျိုးသမီးငယ်လေးတွေကို တိရစ္ဆာန်တွေထက်တောင် ဆိုးဝါးတဲ့ နည်းလမ်းတွေနဲ့ အမြတ်ထုတ်ခဲ့ကြတာ။ ဒါကိုပဲ သူတို့က တိုးတက်တဲ့ ယဉ်ကျေးမှုလို့ ခေါ်ချင်တာလား? သူတို့ပြောတဲ့ "လွတ်လပ်ခွင့်" ဆိုတာ အာဏာရှိတဲ့ ယောကျ်ားတွေက အမျိုးသမီးတွေကို စိတ်ကြိုက် ကစားစရာသဖွယ် အသုံးချဖို့ ရထားတဲ့ လိုင်စင်ပဲ။

အစ္စလာမ်သာသနာကို ကြည့်လိုက်ပါ။ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့၊ သူတို့ရဲ့ တန်ဖိုးကို စောင့်ရှောက်ဖို့ စည်းကမ်းတွေ ချမှတ်ပေးထားတာကို "ဖိနှိပ်မှု" လို့ အနောက်တိုင်း မီဒီယာတွေက တံဆိပ်ကပ်ခဲ့ကြတယ်။ သူတို့က ဘာဖြစ်စေချင်တာလဲ? အမျိုးသမီးတွေကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ကုန်စည်တစ်ခုလို လမ်းပေါ်တင်ရောင်းမှ တိုးတက်တယ် လို့ သတ်မှတ်ချင်ကြတာ။ အခု Epstein ဖိုင်တွေက သက်သေပြလိုက်ပြီ။ အနောက်တိုင်းရဲ့ လွတ်လပ်ခွင့်ဆိုတာ နောက်ကွယ်မှာ အမျိုးသမီးတွေကို နှိပ်စက်ညှင်းပန်းဖို့ ဖန်တီးထားတဲ့ ထောင်ချောက်တစ်ခုပဲ ဆိုတာ။

မီဒီယာတွေကလည်း ဒီအပုပ်နံ့တွေကို ဖုံးဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြသေးတာ။ သူတို့နိုင်ငံက အထက်တန်းလွှာတွေ ရာဇဝတ်မှုကျူးလွန်ရင် "အမှားအယွင်း" လို့ ခေါင်းစဉ်တပ်ပြီး၊ အစ္စလာမ်နဲ့ ပတ်သက်ရင် "အစွန်းရောက်မှု" ဆိုပြီး အော်ကြတယ်။ ဒါဟာ ဘယ်လောက်တောင် ရွံရှာဖို့ကောင်းတဲ့ အမှန်တရားကို မျက်ကွယ်ပြုမှုလဲ။ သူတစ်ပါး အိမ်နီးနားချင်းကို လက်ညှိုးမထိုးခင် ကိုယ့်အိမ်က အမှိုက်ပုံကြီးကို အရင်ရှင်းသင့်တာ။

အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီးပြီး အစ္စလာမ်ကို အပြစ်တင်နေတဲ့သူတွေအနေနဲ့ ဒီ ၂၀၂၆ ရဲ့ အဖြစ်မှန်တွေကို မြင်ပြီး နိုးထကြဖို့ အချိန်တန်ပြီ။ အနောက်အုပ်စုရဲ့ ယိုယွင်းပျက်စီးမှုဟာ ကုလို့မရတဲ့ ကင်ဆာလို ဖြစ်နေပြီ။ သူတို့မှာ သူတစ်ပါးကို ဆရာလုပ်ဖို့၊ ကျင့်ဝတ်အကြောင်း ပြောဖို့ ဘာအရည်အချင်းမှ မရှိတော့ဘူး။ အမှန်တရားဟာ ဘယ်တော့မှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ အခုတော့ ကမ္ဘာကြီးက ကောင်းကောင်းကြီး သိသွားခဲ့ရပြီ။

📝 Afsār bin Walid al-madani (6 Feb 2026).

ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး ကိုယ့်စံနှုန်းကမှ အမှန်လို့ သတ်မှတ်နေကြတာတွေဟာ အင်မတန် ရယ်စရာ...
01/02/2026

ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး ကိုယ့်စံနှုန်းကမှ အမှန်လို့ သတ်မှတ်နေကြတာတွေဟာ အင်မတန် ရယ်စရာကောင်းလှတယ်။ အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင် အနောက်တိုင်းယဉ်ကျေးမှုကို ဗဟိုပြုပြီး တခြားသော ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ဖိနှိပ်ချုပ်ခြယ်မှုအဖြစ် ပုံဖော်နေကြတာဟာ တကယ့်လက်တွေ့ အရှိတရားကို မျက်ကွယ်ပြုတာပဲ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်မှုဆိုတာ အပေါ်ယံကြည့်ရုံနဲ့ မဆုံးဖြတ်နိုင်သလို၊ ကိုယ့်စံနှုန်းနဲ့ မကိုက်ညီတိုင်း အဆိုးမြင်နေတာတွေဟာလည်း အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်။

လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုက အင်မတန်မှ ရှုပ်ထွေးပါတယ်။ ကိုယ်နေချင်သလိုနေ လုပ်ချင်ရာ လုပ်ခွင့်ရှိတာနဲ့ အကန့်အသတ်နဲ့ လုပ်ခွင့်ရှိတာ အစရှိတာတွေ အများကြီးရှိသေးတာပါ။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံက သူ့အရပ်၊ သူ့ဒေသ၊ သူ့ယဉ်ကျေးမှု၊ မြို့ပြဖွံဖြိုးမှုအပေါ်လိုက်ပြီး ပြဌာန်းဥပဒေတွေက မတူကွဲပြားကြတယ်။ US မှာ ကျင့်သုံးတဲ့ဥပဒေတိုင်းက မြန်မာမှာ မရှိနိုင်သလို မြန်မာဥပဒေတွေကို USမှာလည်း မကျင့်သုံးပါဘူး။ ဥပဒေကြောင်းအရ ကြည့်ရင်လည်း ဘာသာခြားတွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ၊ မှတ်ပုံတင်ထုတ်ပေးရာမှာ ခွဲခြားဆက်ဆံတာတွေဟာ စနစ်တကျ ကျင့်သုံးနေတဲ့ ဖိနှိပ်မှုတွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဘာသာရေး အစွန်းရောက် အမုန်းစကားတွေကို မသမာသူလူတချို့က အားပေးအားမြှောက်ပြုနေတာဟာ လူမှုအသိုက်အဝန်းကြားမှာ သံသယနဲ့ အမုန်းတရားတွေကို မျိုးစေ့ချပေးနေတာ ဖြစ်တယ်။

21ရာစုမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အမေးရှိထားတာဆိုတော့ မြန်မာပြည်နဲ့ ဥပမာပြ ပြောရရင် မြန်မာပြည်က ဘာသာရေးလွတ်လပ်ခွင့် အပိတ်ပင်ဆုံးနိုင်ငံတစ်ခုထဲမှာလည်း ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သူမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်တယ်လို့ ဆိုထားပေမဲ့ တစ်ဖက်မှာ နည်းဥပဒေတွေဖြစ်တဲ့ မျိုးစောင့်ဥပဒေတွေထဲက ဘာသာကူးပြောင်းဆိုင်ရာနည်းဥပဒေမှာဆိုရင် ကိုယ်ယုံကြည်ရာ ဘာသာတစ်ခုကနေ နောက်ဘာသာတရားတစ်ခုကို အလွယ်တကူ ကူးပြောင်းလို့မရပါဘူး။ အဲ့လိုဆိုတော့ ယုံကြည်မှုဆိုတာ စိတ်၏သက်ဝင်မှု စိတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍတစ်ရပ်ကို ဗဟိုပြုပြီး ဖြစ်နေတာကြောင့် လူ့စိတ်ခံစားချက်ကို ဥပဒေနဲ့ ကန့်သတ်ချုပ်ခြယ် စိုးမိုးထားတာမျိုး ယခုမြန်မာပြည်မှာပဲ ရှိနေတယ်။ ဒါဟာ အစိုးရခွင့်မပြုရင် ဘယ်ဘုရားကိုမှ ကိုးကွယ်လို့မရဘူးဆိုတဲ့ ပြယုဂ်ပါ။ ဒီထက်ဆိုးဝါးတဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုမျိုး ဘယ်မှာမျှ မရှိ၊ အခြေခံလူ့အခွင့်အရေးကို ဥပဒေနဲ့ ပေါ်တင် ချိုးဖောက်နေတာပဲဖြစ်တယ်။

တသီးပုဂ္ဂလလွတ်လပ်ခွင့်ကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုပေါ်လိုက်ပြီး လွတ်လပ်မှုတွေ အကန့်အသတ် ရှိနေနိုင်တယ်။ အစ္စလာမ်နိုင်ငံတွေ (အများအားဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့) မှာတော့ တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းထားတာရှိတယ်။ ဥပမာ ကိုယ်နေကိုယ်ယ ဝတ်စားဆင်ယင်မှုဆိုင်ရာ အမြင်မသင့်ဘူးဟု ယူဆတဲ့အရာများကို ပိတ်ပင်ခြင်း၊ အရက်သေစာ မူးယစ်များ အထူးပိတ်ပင်တာ၊ မနောစိတ်ကနေ ကာမေသု ဖြစ်ပေါ်စေလာနိုင်တဲ့ ကိလေသာရမ္မက်ပေါ် အာရုံပိုရစေနိုင်မဲ့အရာတွေ ဖယ်ရှားတာ၊ ရှင်းလင်းတာ၊ ပိတ်ပင်တာတွေ အစရှိတာတွေများစွာလည်း ရှိနေနိုင်တယ်။ ဒါဟာ လွတ်လပ်မှုမရှိခြင်းရဲ့ ပြယုဂ်မဟုတ်သလို ဖိနှိပ်မှု၏ ရည်ရွယ်ချက်လည်း မသက်ရောက်နေဘူး။ သူ့အရပ်သူ့ဇာတ်အတွက် ထိုအချက်တွေက လိုအပ်ချက်ဖြစ်ပြီး အနောက်ယဉ်ကျေးမှုကိုသာ လွပ်လပ်မှုရဲ့သင်္ကေတအဖြစ် ယှဉ်ပြပုံဖော်ကြည့်ရင်တော့ လွတ်လပ်တယ်လို့ ခံစားရစေတော့မှာ မဟုတ်ဘူး။ သဘောက အရာရာကို ခရစ်ယာန်လူနေမှုစနစ်နဲ့ ဗဟိုပြုပေတိုင်းလို့မရနေဘူးဆိုတာပါပဲ။

တကယ်တော့ ဘာသာရေးလွတ်လပ်ခွင့်ကို အကြောင်းပြပြီး လူ့စိတ်ကို ဥပဒေနဲ့ ကန့်သတ်ချုပ်ခြယ်နေတဲ့ လုပ်ရပ်တွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ဖြစ်တယ်။ ယဉ်ကျေးမှုကို အကြောင်းပြပြီး စံနှုန်းတွေကို ရောထွေးနေတာဟာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားတာပဲ ဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ယုံကြည်ခွင့်ကို နိုင်ငံတော်ဆိုတဲ့ အာဏာစက်အောက်မှာ ပိတ်လှောင်ထားသရွေ့တော့ ဘယ်နိုင်ငံ၊ ဘယ်ဘာသာက ပိုလွတ်လပ်တယ်လို့ ငြင်းခုံနေတာဟာ အပိုအလုပ်တစ်ခုပဲ ဖြစ်တယ်။ အမှန်တရားကို မျက်မှောက်မပြုဘဲ ကိုယ့်ဘက်ကနေပဲ ကြည့်ပြီး ဝေဖန်နေကြတာတွေကို ရပ်တန်းက ရပ်ဖို့ လိုအပ်နေပြီ ဖြစ်တယ်။ ဒီဖိနှိပ်မှုတွေကို မရပ်တန့်နိုင်သရွေ့ တိုင်းပြည်တစ်ခုရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ကမ္ဘာ့အလယ်မှာ အနက်ရောင် စွန်းထင်းနေဦးမှာ ဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးကနေ သီးခြားခွဲထုတ်ပြီး လူသားတိုင်းရဲ့ ယုံကြည်မှုကို လေးစားတဲ့ စနစ်တစ်ခု မပေါ်ပေါက်မချင်း ဒီငရဲတွင်းကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

📝 Afsār bin Walid al-madani (31 Jan 2026).

Address

Mau Kone Street
Tamwe
11211

Alerts

Be the first to know and let us send you an email when 𝙋𝙤𝙠𝙚 𝙏𝙝𝙚 𝙇𝙤𝙡𝙡𝙮𝙜𝙖𝙜 𝙇𝙤𝙦𝙪𝙖𝙘𝙞𝙤𝙪𝙨 𝙋𝙚𝙤𝙥𝙡𝙚 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share