BPM Pekhon Diocese

BPM Pekhon Diocese ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာ သမ္မာကျမ်းစာအဖွဲ့မှ လှိုက်လှဲစွာကြိုဆိုပါ၏

ဇူလိုင်လ (၂၃) ရက်၊ ၂၀၂၄ ခုနှစ်ပထမကျမ်း။ ပရောဖက် မိက္ခာကျမ်း ၇၊ ၁၄-၁၅၊ ၁၈-၂၀ဧဝံဂေလိကျမ်း။ ရှင်မာတေးဉီး ၁၂၊ ၄၆-၅၀၄၆။ ကိုယ်...
22/07/2024

ဇူလိုင်လ (၂၃) ရက်၊ ၂၀၂၄ ခုနှစ်
ပထမကျမ်း။ ပရောဖက် မိက္ခာကျမ်း ၇၊ ၁၄-၁၅၊ ၁၈-၂၀
ဧဝံဂေလိကျမ်း။ ရှင်မာတေးဉီး ၁၂၊ ၄၆-၅၀

၄၆။ ကိုယ်တော်သည် လူအစုအဝေးကို ဟောပြောနေတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်တွင် ရပ်နေကြ၏။ ၄၇။ ထိုအခါ လူတစ်ဉီးက ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်ဘက်၌ ရပ်နေကြပါသည်ဟု လျှောက်လေ၏။ ၄၈။ သို့သော် ကိုယ်တော်က ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများကား မည်သူတို့နည်းဟု မိမိအားပြောသောသူကို မေးတော်မူပြီးလျှင်၊ ၄၉။ တပည့်တော်များဘက်သို့ မိမိ၏လက်တော်ကိုဆန့်တန်းလျက် ဤသူတို့ကား ငါ၏အမိနှင့် ငါ့ညီအစ်ကိုများပေတည်း။ ၅၀။ အကြောင်းမူကားကောင်ကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူဟူသမျှသည် ငါ၏ညီအစ်ကို၊ ငါ၏နှမနှင့် ငါ၏အမိဖြစ်သတည်းဟု မိန့်တော်မူ၏။

ကျမ်းပိုဒ်ထောက်ရှုချက်။ ။ ခွဲခြားဆက်ဆံခြင်းဆိုတဲ့အရာ မွေးဖွားခြင်းနှင့်အတူပါလာတဲ့အရာတစ်ခု မဟုတ်ပါဘူး။ လူတွေ နောက်မှပညတ်ထားတဲ့အရာတစ်ခုပါ။ မေတ္တာတရားဟာ မျက်နှာစာများတယ်။ သနားကြင်နာခြင်းဆိုတာလည်း မေတ္တာတရားရဲ့ မျက်နှာစာတစ်ခုပါပဲ။ တချို့က ပိုလျှံ၊ တချို့က ငတ်သေ၊ တစ်ချို့က ဝမ်းနည်းပူဆွေး၊ တချို့ကျတော့ ပျော်နေကြတယ်။ ကမ္ဘာခြား၊ နိုင်ငံခြားနေလို့တော့မဟုတ်ဘူး စိတ်ချင်းခြားနေကြလို့ပါပဲ။ (မြသန်းတင့်)။ မေတ္တာတရားလုပ်ငန်း၊ ပရဟိတလုပ်ငန်းဆိုတာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အယုတ်၊ အမြတ်၊ အလတ် မရွေးပါဘူး။ ဒါကြောင့် စုစည်းခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းကို လုပ်ဆောင်သောသူအားလုံးဟာ ဘုရားရဲ့သားသမီးတွေပါပဲ။ ခရစ်တော်၌ အားလုံးဟာ ညီအစ်ကိုတွေပါပဲ။

အခြေခံသမ္မာကျမ်းစာသင်တန်း အမှတ်စဉ် (၃၈)(၃၉) (၄၀)၊ သမ္မာကျမ်းစာနေ့ (၂၀၂၃)
17/06/2024

အခြေခံသမ္မာကျမ်းစာသင်တန်း အမှတ်စဉ် (၃၈)(၃၉) (၄၀)၊ သမ္မာကျမ်းစာနေ့ (၂၀၂၃)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်၊ စနေနေ့ ပထမကျမ်း။ ။ မိက္ခာ ၂: ၁-၅ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၂: ၁၄-၂၁ ၁၄။ ဖာရီဇေးဦးတို့သည...
15/07/2022

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်၊ စနေနေ့

ပထမကျမ်း။ ။ မိက္ခာ ၂: ၁-၅
ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၂: ၁၄-၂၁

၁၄။ ဖာရီဇေးဦးတို့သည်လည်း ထွက်သွားကြ၍ ကိုယ်တော့်ကို မည်ကဲ့သို့ လုပ်ကြံနိုင်မည့် အကြောင်း တိုင်ပင် ကြ၏။
၁၅။ ယေဇူးသည်ကား ဤအကြောင်းကိုသိသောအခါ ထိုအရပ်မှ ထွက်ခွာသွားတော်မူ၏။ များစွာသော လူတို့သည်လည်း နောက်တော်သို့ လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုသူတို့၌ ရှိသမျှသော ရောဂါဝေဒနာများကို ပျောက်ကင်းစေတော်မူ၍၊
၁၆။ မိမိ၏ သတင်းတော်ကို မပျံ့နှံ့စေရန် သူတို့အား မိန့်မှာ တော်မူ၏။
၁၇။ ဤအကြောင်းအရာသည်ကား ပရောဖက် အီဇာယ ၏ ဟောထားချက် ပြည့်စုံစေမည့် အကြောင်းတည်း။
၁၈။ ဟောထားချက်သည်ကား ငါရွေးကောက်သော ငါ၏အစေခံ၊ ငါအလွန်နှစ်သက်၍ ချစ်မြတ်နိုးရသောသူကို ကြည့်လော့။ သူ့အပေါ်၌ ငါ၏ဝိညာဉ်တော်ကို သက်ရောက်စေသဖြင့် သူသည် တရားစီရင်တော်မူခြင်းအကြောင်းကို လူမျိုးခြားတို့အား ဟောကြားလိမ့်မည်။
၁၉။ သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းတို့ကို ပြုလိမ့်မည်မဟုတ်။ သူ၏ အသံကိုလည်း လမ်းမများ၌ မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
၂၀။ သူသည် တရားမျှတမှု စိုးမိုးလာသည့်တိုင်အောင် ကြေနေသည့် ကျူပင်ကို မချိုး၊ တငွေ့ငွေ့လောင်နေသော မီးစာကိုလည်း ငြိမ်းသတ်လိမ့်မည်မဟုတ်။
၂၁။ လူမျိုးခြားတို့သည်လည်း သူ၏ နာမတော်၌ မျှော်လင့်အားထားကြလိမ့်မည်ဟူ၍ လာသတည်း။

ထောက်ရှုချက်။ ။ အကြမ်းမဖက်တဲ့ လမ်းစဉ်ဟာ ထင်ထားတာထက် အလုပ်ဖြစ်တယ်ဆိုတာ သမိုင်းကို ပြန်လှန်ကြည့်ရင် ငြင်းချက်ထုတ်လို့မရတဲ့သက်သေတွေ တွေ့ရပါလိမ်မယ်။ အကြမ်းဖက်ခြင်းနဲ့ ငြိမ်းချမ်းရေးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ခရစ်တော်ဘုရားရှင်ကစ ဗုဒ္ဓ၊ နစ်ဆင်မန်ဒဲလား၊ ဂန္ဒီ၊ မာတင်လူသာ၊ ဒေါ်အောင်ဆန်းဆုကြည် စတဲ့ပုဂ္ဂိုလ်ကြီး ပုဂ္ဂိုလ်မြတ်တွေက ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့အခါ အကြမ်း ဖက်နည်း မသုံးဘူးဆိုတာကို တွေ့ရတယ်။ ကျူပင်ကို မချိုး၊ တောက်လောင်နေတဲ့ မီးကိုတောင် ငြိမ်းသတ်မှာ မဟုတ်ဘူးဆိုတာကို ဒီကနေ့ ကြားနာရတဲ့ကျမ်းက သက်သေထူနေတယ်။ အရာရာကို ချစ်ခြင်းမေတ္တာဖြင့် အနိုင်ယူခြင်း။ အဆိုးကို အကောင်းဖြင့် အနိုင်ယူခြင်း ဆိုတဲ့ ခရစ်တော်ရဲ့ ကျင့်စဉ် Win - Win လမ်းစဉ်ဖြစ်တယ်။
အရှုံးပေးတိုင်းလည်း ရှုံးတာမဟုတ်၊ တောင်းပန်တိုင်းလည်း မှားတာမဟုတ်၊ သည်းခံတိုင်းလည်း ကြောက်တာမဟုတ်ပါဘူး။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ သောကြာနေ့ ပထမကျမ်း။ ။ ဟေရှာယ ၃၈: ၁-၆၊ ၂၁-၂၂၊ ၇-၈ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၂: ၁-၈ ၁။ ထိ...
14/07/2022

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ သောကြာနေ့

ပထမကျမ်း။ ။ ဟေရှာယ ၃၈: ၁-၆၊ ၂၁-၂၂၊ ၇-၈
ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၂: ၁-၈

၁။ ထိုအချိန်၌ ယေဇူးသည် ဥပုသ်နေ့တွင် ဂျုံခင်းများကို ဖြတ်လျှောက်၍သွားစဉ် တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံပင်မှ အနှံများကို ဆွတ်ခူး၍ စားကြလေ၏။
၂။ သို့သော် ဤအချင်းအရာကို ဖာရီဇေးဦးတို့ မြင်ကြလျှင် သူတို့က ကြည့်ပါ၊ ကိုယ်တော်၏တပည့်တော်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအရာကို ပြုနေကြပါတကားဟု ကိုယ်တော်အား လျှောက်ကြ၏။
၃။ ကိုယ်တော်ကလည်း ထိုသူတို့အား မိန့်တော်မူသည်ကား ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူပါသောသူတို့သည် ဆာလောင်သောအခါ သူသည် မည်သို့ပြုသည်ကို သင်တို့ မဖတ်ဖူးကြသလော။
၄။ သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ရဟန်းတို့မှတစ်ပါး မိမိသော်လည်းကောင်း၊ မိမိနှင့်အတူ ပါသော သူတို့သော်လည်းကောင်း မစားအပ်သော ရှေ့တော်တင်မုန့်ကို စားခဲ့ကြသည်ကို မဖတ်ဖူးကြသလော။
၅။ ထို့ပြင် ရဟန်းတို့သည် ဗိမာန်တော်၌ ဥပုသ်ကို ချိုးဖောက်သော်လည်း အပြစ် မသင့်ကြောင်းကို ပညတ်တရားကျမ်း၌ သင်တို့ မဖတ်ဖူးကြသလော။
၆။ သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ကြီးမြတ်သောအရာသည် ဤနေရာ၌ ရှိသတည်း။
၇။ ငါအလိုရှိသည်ကား ကရုဏာ သနားခြင်းဖြစ်၏။ ယဇ်ပူဇော်ခြင်းမဟုတ်ဟူသော စကားကို နားလည်ကြလျှင် သင်တို့သည် အပြစ်ကင်းသောသူတို့ကို အပြစ်စီရင်ကြလိမ့်မည် မဟုတ်။
၈။ အကြောင်းမူကား လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သတည်းဟု မိန့်တော်မူ၏။

ထောက်ရှုချက်။ ။ လူတွေဟာ အမှန်တရားကို ကြားချင်တာမဟုတ်ဘဲ သူတို့ပြောနေတာတွေမှန်တယ် ဆိုတာကိုပဲ ကြားချင်ကြတာ ဆိုတဲ့စာသားလေးကို ဖတ်ခဲ့ရဖူးတယ်။ သူတို့ပြောတာ ဟုတ်တာ မဟုတ်တာအပထား၊ ကျိုးကြောင်းဆီလျော်တာ မဆီလျော်တာ အပထား၊ အဓိပ္ပါယ်ရှိတာ မရှိတာ အပထား၊ လေးနက်တာ မလေးနက်တာ အပထား သူတို့ပြောနေတာတွေ မှန်တယ်ဆိုတဲ့ ထောက်ခံချက်ကို လိုချင်ကြတာ။ အားနည်းချက်နဲ့လူသားမို့ လူတိုင်း ကိုယ်စီမှာ မူမမှန်တဲ့ရောဂါတစ်မျိုးစီရှိကြတယ်လို့ ပြောလို့ရမယ်ထင်တယ်။ မပြည့်စုံတဲ့ လူချင်းတူတူမို့ အပြစ်ကို ရှာရင် အပြစ်ကိုပဲ တွေ့မှာ ဆိုတာမြေကြီးလက်ခတ်ရင်တော့ လွှဲရင် လွှဲဦးမှာ။
ဒီကနေ့မှာ ဖာရီဇေးဦးတွေက တပည့်တော်တွေ ဆာလောင်မွတ်သိပ်လို့ ဂျုံခင်းထဲက ဂျုံပင်မှ အနှံတွေကို ဆွတ်ခူးပြီး စားတာကိုတွေ့တော့ အပြစ်တင်၊ အပြစ်ရှာတယ်။ အပြစ်မရှိအပြစ်ရှာတာကိုက သူတို့ရဲ့ ဝါသနာလို့ ပြောလို့ရတယ်။ ပြဿာနာက ပြဿာနာမဟုတ်ဘူး၊ ပြဿာနာရဲ့ အဖြေကို ရင်မဆိုင်တာကိုက ပြဿာနာဖြစ်တယ်။ ပြဿာနာတိုင်းမှာ အဖြေရှိတယ်၊ အကြောင်းရင်းရှိတယ်။ ဒါမဲ့ လူတွေက အကြောင်းရင်း ရှာဖို့၊ အဖြေရှာဖို့မကြိုးစားဘဲ ပြစ်တင်ဝေဖန်ဖို့လောက်ပဲ စိတ်စောနေကြတယ်။ ဒါကြောင့် ပြဿာနာက ကြီးသထက်ကြီးသွားတာဖြစ်တယ်။ တပါးသူရဲ့ခံစားချက်ကို နားမလည်ဘဲ ကိုယ်ထင်ရာ ရမ်းတမ်းပြီး ထင်ကြေးပေးတဲ့အခါ တစ်ဖက်လူကို နှစ်နာမှုတွေ ဖြစ်ကုန်တဲ့အဖြစ်တွေ လူတိုင်းလိုလို ကြံဖူးကြမှာပါ။ အကြောင်းစုံသိလိုက်ရမှဘဲ အဖြစ်ကသနားစရာ ဖြစ်မှန်းသိသွားတာတွေ ခဏခဏပါပဲ။ ဒါကြောင့် ခရစ်တော်ဘုရားရှင်က ပြစ်တင်ဝေဖန်တဲ့စိတ်နဲ့မဟုတ်ဘဲ သနားကြင်နာတဲ့စိတ်နဲ့ လူတိုင်းအပေါ် ထားရှိဖို့ မိန့်မှာ နေတာ ဖြစ်တယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်၊ ကြာသပတေးနေ့ ပထမကျမ်း။ ။ အီဇာယ ၂၆း ၇-၉၊ ၁၂၊ ၁၆-၁၉ဧဝံဂေလိကျမ်း။ ။ ရှင်မတေးဦး ၁၁: ၂၈-၃၀ ၂၈။...
13/07/2022

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်၊ ကြာသပတေးနေ့

ပထမကျမ်း။ ။ အီဇာယ ၂၆း ၇-၉၊ ၁၂၊ ၁၆-၁၉
ဧဝံဂေလိကျမ်း။ ။ ရှင်မတေးဦး ၁၁: ၂၈-၃၀

၂၈။ ယေဇူးက ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။
၂၉။ ငါ၏ ထမ်းပိုးကိုယူ၍ ထမ်းလျက်၊ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိ၏။ သင်တို့၏ စိတ်ဝိညာဉ်သည်လည်း သက်သာရာ ရလိမ့်မည်။
၃၀။ အကြောင်းမူကား ငါ၏ ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ၏ ဝန်သည်လည်း ပေါ့၏ဟု မိန့်တော်မူ၏။

ထောက်ရှုချက်။ ။ တခါက ဦးပေကြီးတစ်ယောက် လမ်းလျှောက်ရင်း အုန်းခြံတစ်ခြံထဲဝင်လာတယ်။ ခြံပိုင်ရှင်ကိုတွေ့တော့ အုန်းသီးတောင်းတယ်။ ခြံပိုင်ရှင်ကလည်း ရတယ် ဦးပေကြီး၊ သယ်နိုင်သလောက် အလကားယူသွားဆိုပြီး ပြောလိုက်တယ်။ ဒါနဲ့ ဦးပေကြီးက ဟုတ်ပြီ ဆိုပြီး လက်နှစ်ဖက်နဲ့နိုင်သလောက် သယ်၊ ဂျိုင်းကြားတွေညှပ်၊ ခေါင်းပေါ် ရွက်၊ ဒါနဲ့တောင် မကျေနပ်သေးဘဲ ခြောက်ထောက်နဲ့ အိမ်ထိ အုန်းသီးကိုကန်ပြီး ယူပြန်တယ်လို့ ဆိုတယ်။ အလကားရရင် အကုန်ယူမယ်၊ အသုံးဝင်တာ မဝင်တာ အပထား ဆိုတဲ့ လူစားမျိုး လောကမှာ အများသား။ ဒါ့ကြောင့် လောကမှာ လူဆိုတဲ့ သတ္တဝါထက် သနားစရာကောင်းတဲ့ သတ္တဝါ ရှိမယ်မထင်။ ပစ္စုပ္ပန်ရဲ့ ဝန်တွေနဲ့ မနိုင့်တနိုင် ဖြစ်နေတာတောင် အတိတ်၊ အနာဂတ်တွေရဲ့၀န်တွေကိုပါ ဖက်တွယ်ထားတဲ့ လောဘကြီးတဲ့သတ္တဝါတွေလို့ ပြောလို့ရတယ်။ လိုချင်တာနဲ့ လိုအပ်တာ၊ လုပ်ချင်တာနဲ့ လုပ်သင့်တာ၊ ပြောချင်တာနဲ့ ပြောသင့် ပြောအပ်တာ၊ သုံးတာနဲ့ ဖြုန်းတာ၊ အဓိကနဲ့ သာမည၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ စတာတွေကို သဲသဲကွဲကွဲမခွဲခြားတတ်နေသရွေ့တော့ ကိုယ့်ဝန်ကို ပိပြီး ဒီလိုနဲ့ လူ့ဘ၀စခန်းသွားကြရဦးမှာပဲ။
ဒါကို လူ့ဘုံ ဒုက္ခ၊ လူ့သဘောသဘာဝအကြောင်းကို နှောကြေပြီး လောကကို အောင်နိုင်တဲ့ သခင်ခရစ်တော်က -ငါ့ထံသို့လာပြီး အားယူကြ၊ ငါ့ထံမှ လောကကိုအောင်မြင်နိုင်တဲ့ နည်းနာတွေ လာပြီး သင်ယူကြဆိုပြီး ကျွန်ုပ်တို့ကို ဖိတ်ခေါ်တယ်။ သခင်ခရစ်တော်ရဲ့ နည်းနာက - ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။ သခင်ခရစ်တော်က စကြာ၀ဠာတစ်ခုလုံးကို ထမ်းထားတာတောင် သူ့ရဲ့ ဝန်က ဘာလို့ ပေါ့တယ်လို့ ပြောရတာလဲ။ အဲ့ဒါ အချစ်ကြောင့် ဖြစ်တယ်။ စစ်မှန်တဲ့ ချစ်ခြင်းဟာ ဘုရားဆီကနေပဲလာတယ်။ အချစ်က အတ္တဆန်နေသရွေ့၊ အတ္တ ပါနေသရွေ့ နာကျင်ရဦးမှာပဲ။ ကြေကွဲ ရဦးမှာပဲ။ အချစ်မပါရင် တစ်ဆိတ်ကို တစ်အိတ် လုပ်မှာပဲ၊ အချစ်ပါရင်တော့ တစ်အိတ်ကို တစ်ဆိတ်လို့ပဲ မြင်မှာ သေချာတယ်။ ၀န်ချင်းတူတာတောင် အချစ်များရင် ပိုပေါ့တယ်၊ အချစ်နည်းရင် ပိုလေးမှာ သေချာတယ်။ မေတ္တာတရားထက် စွမ်းတဲ့ အားဖြည့်ဆေး ဒီလောကမှာ ရှိမယ်မထင်။ ချစ်ခြင်းမေတ္တာနှင့်အတူ၊ ချစ်ခြင်းမေတ္တာအားဖြင့်၊ ချစ်ခြင်းမေတ္တာ၌ ရှင်သန်ပြီး အရာရာလုပ်ဆောင်သွားခြင်း ဆိုတဲ့ ခရစ်တော်ရဲ့လမ်းစဉ်ဟာ အားဖြစ်စေသလို၊ ဝန်လည်း ပေါ့၊ ခရီးလည်း ရောက်။ ခရစ်တော်ဘုရား လျှောက်ပြခဲ့ပြီးပြီ။ ဒီထက် ခိုင်မာတဲ့ သက်သေ လိုချင်သေးလို့လား။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်နေ့ ပထမကျမ်း။ ။ ဖရောဖက် အီဇာယ ၁၀: ၅-၇၊ ၁၃-၁၆ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၁ : ၂၅-၂၇ ၂၅။ ထိုအ...
12/07/2022

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်နေ့

ပထမကျမ်း။ ။ ဖရောဖက် အီဇာယ ၁၀: ၅-၇၊ ၁၃-၁၆
ဧဝံဂေလိကျမ်း။ ။ ရှင်မာတေးဦး ၁၁ : ၂၅-၂၇

၂၅။ ထိုအချိန်ကာလ၌ ယေဇူး မိန့်တော်မူသည်ကား ကောင်းကင် နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသော အဖ၊ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်းပါ၏။
၂၆။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ မြတ်သော အလိုတော်ပေတည်းဟု ဆိုပြီးမှ၊
၂၇။ ငါ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အား လွှဲအပ်တော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူကမျှ သားတော်ကို မသိ၊ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှတစ်ပါး အခြားမည်သူမျှ မသိ။

ထောက်ရှုချက်။ ။ ကလေးတွေ ဆုတောင်းရင် ပြည့်တယ် ဆိုပြီး ငယ်ငယ်တုန်းက လူကြီးသူမ၊ မိဘတွေပြောတာကို သတိရမိတယ်။ အစတော့ကလေးတွေ ဆုတောင်းချင်စိတ်ရှိလာအောင် မိဘတွေက ဒီစကားကို ပြောတာ ဖြစ်မှာပါဆိုပြီး သိပ်အလေးမထားမိခဲ့ဘူး။ အခုအသက်လေးရလာတော့ ဒီစကားကို ပြန်စမြုံ့ပြန်ကြည့်လိုက်တော့ မမှားဘူးဆိုတာကို တွေ့လာတယ်။ ကလေးတွေရဲ့ သဘောသဘာဝက အပြစ်ကင်းတယ်၊ အပူအပင်ကင်းတယ်၊ ဟန်ဆောင်မှုကင်းတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေဟာ ဘုရားရဲ့ရင်ခွင်တော်ကနေ လာတာ သိပ်မကြာသေးတော့ ဘုရားနဲ့နီးတယ်လို့ ပြောလို့ရတယ်။ လောကထဲကို နေလာတာကြာလာတော့ ဘုရားနဲ့ ပိုပိုဝေးဝေးသွားကြတယ်။ ဒါက ငြင်းချက်ထုတ်လို့မရတဲ့ တရားသဘော တစ်ခုလို့ပြောရင် မှားမယ်မထင်။ ဇရာထောင်းတယ်၊ ရင့်လာတယ်ဆိုတာက အပြစ်ရဲ့ ဆိုးကျိုးတစ်ခု၊ ဟန်ဆောင်မှု၊ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေနဲ့ ပြည့်နေတဲ့ ဒီလူ့ပြည်မှာ အပြစ်ကင်းစင်မှုဆိုတာကြီးကို အဘယ်မှာရှာလို့ တွေ့နိုင်ပါ့မလဲ။ တော်ရုံတန်ရုံ တရားလေးနဲ့တော့ အလုပ်ဖြစ်မယ် မထင်။ ပါရမီဖြည့်ဖက်ကောင်းဖို့လိုတယ်။ သားတော် ခရစ်တော်ဘုရားနဲ့ အမိမယ်တော်တို့လိုမျိုး ပါရမီဖြည့်ဖက်ကောင်းမှ တရားမြဲမှာ။ ဒါကြောင့် လူကြီးတွေ ဆုတောင်းတာ ဘာကြောင့် တော်ရုံနဲ့ မပြည့်ရတာလဲဆိုတာ ကြည့်လိုက်တော့ လောဘ၊ အတ္တကို ဖက်ပြီး ဘုရားကို ကျောလို့။ အတွေးအခေါ်၊ လေယူလေသိမ်းကစ ပြောင်းလဲသွားတာ။ ဘုရားပေးလို့ရတယ် ဆိုတဲ့ အတွေးကနေ ငါလုပ်လို့ ငါရတယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာ။ ဘုရားကို ဗဟိုပြုရာကနေ အတ္တကိုဗဟိုပြုတာ ဖြစ်သွားတော့ ဘုရား၊ တရားနဲ့ဝေး။ ဘုရားနဲ့ဝေးတော့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံ၊ အသနားခံ သံကို ဘုရားက မကြားရတော့ဘူး။ လောဘ၊ မောဟ၊ အတ္တတွေက ကျွန်ုပ်တို့နဲ့ ဘုရားကြားမှာ မဟာတံတိုင်းလို ကာရံထားလို့။
မောဟတွေက စိတ္တစက္ခု နှစ်ကွင်းကိုအမှောင်ချထားတော့ ဘုရားရဲ့ တန်းခိုး၊ အနုဘော်တော်တွေကိုလည်း မတွေ့ရတော့ဘူး။ ဒါကြောင့် ဒီကနေ့ ခရစ်တော်ဘုရားရှင်က ဘုရားရှင်ရဲ့ နက်နဲရာကို ပညာရှိသူတို့အား ထိမ်ဝှက်ထားပြီး ငယ်ရွယ်သူတို့အား ဖော်ပြတဲ့အတွက် အဖခမည်းတော်ဘုရားကိုချီးမွမ်းတယ်။ အတ္တ၊ လောဘ၊ မောဟတွေ ဖက်နေသရွေ့တော့ ဘုရားနဲ့ဝေးနေဦးမှာပဲ။ ဘုရားနဲ့ဝေးနေသရွေ့တော့ ဆုတောင်းပြည့်ဖို့ ဝေးနေဦးမှာပဲ။

ဝတ်ပြုရာကျမ်း  ၂၅:၈-၁၃ (ဂျူဗလီနှစ်)လားဇရုရွာတည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေစင်ဂျူဗလီပွဲ (၁၄-၅-၂၀၂၂)*ဂျူးလူမျိုးတွေက Tru...
14/05/2022

ဝတ်ပြုရာကျမ်း ၂၅:၈-၁၃ (ဂျူဗလီနှစ်)
လားဇရုရွာတည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေစင်ဂျူဗလီပွဲ (၁၄-၅-၂၀၂၂)
*ဂျူးလူမျိုးတွေက Trumpet / Coronet ဆိတ်ဦးချို မှုတ်ပြီး ကြေငြာ။
*ဂျူဗလီနှစ်ဆိုတာ -
၁။ လွတ်မြောက်ခြင်းနှစ်
၂။ အကြွေးတွေလျှော်ပစ်ခြင်းနှစ်
၃။ အနားယူခြင်းနှစ်
(Fr Paul Plai)

လယ်ထွန်တိုက်နယ်၊လယ်ထွန်ကျေးရွာတွင် ကျင်းပသည့် အမှတ်စဉ်(၃၉) အခြေခံ သမ္မာကျမ်းစာသင်တန်း(၉-၁၂.၅.၂၀၂၂)
11/05/2022

လယ်ထွန်တိုက်နယ်၊လယ်ထွန်ကျေးရွာတွင် ကျင်းပသည့် အမှတ်စဉ်(၃၉) အခြေခံ သမ္မာကျမ်းစာသင်တန်း
(၉-၁၂.၅.၂၀၂၂)

၂၀-၂၃.၃.၂၀၂၂ ခုနှစ် အမှတ်စဉ်(၃၆)၊ စစ်ရှောင်စခန်းမှာ ကျင်းပပြုလုပ်သည့် အခြေခံ သမ္မာကျမ်းစာသင်တန်း
26/03/2022

၂၀-၂၃.၃.၂၀၂၂ ခုနှစ် အမှတ်စဉ်(၃၆)၊ စစ်ရှောင်စခန်းမှာ ကျင်းပပြုလုပ်သည့် အခြေခံ သမ္မာကျမ်းစာသင်တန်း

From dust you come, to dust you shall return!
01/03/2022

From dust you come, to dust you shall return!

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် တနင်္လာနေ့ပထမကျမ်း။ ။ ဓမ္မရာဇဝင် ပထမစာစောင် ၁: ၁-၈ဧဝံဂေလိကျမ်း။ ။ မာကု ၁: ၁၄-၂၀၁၄။ ယောဟန်...
09/01/2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် တနင်္လာနေ့
ပထမကျမ်း။ ။ ဓမ္မရာဇဝင် ပထမစာစောင် ၁: ၁-၈
ဧဝံဂေလိကျမ်း။ ။ မာကု ၁: ၁၄-၂၀

၁၄။ ယောဟန် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယေဇူးသည် ဂါလေလေးယနယ်သို့ ကြွလာ၍ ဘုရားသခင်၏သတင်းကောင်းကို ကြေညာ ဟောပြောလျက်၊
၁၅။ မိန့်တော်မူသည်ကား အချိန်ကာလသည် ပြည့်စုံလေပြီ။ ဘုရားသခင်၏နိုင်ငံတော်သည်လည်း တည်လုနီးပြီ။ နောင်တရကြ၍ ဧဝံဂေလိတရားတော်ကို ယုံကြည်ကြလော့ဟူ၍ ဖြစ်၏။
၁၆။ ကိုယ်တော်သည် ဂါလေလေးယပင်လယ်ကမ်းနားတစ်လျှောက် ကြွသွားတော်မူစဉ် စီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့သည် ပင်လယ်တွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ အကြောင်းမူကား သူတို့သည် တံငါသည်များ ဖြစ်ကြ၏။
၁၇။ ထိုအခါ ယေဇူးက သူတို့အား ငါ့နောက်သို့လိုက်ကြလော့၊ ငါသည်သင်တို့အား လူကို ဖမ်းသော တံငါဖြစ်စေမည်ဟု မိန့်တော်မူ၏။
၁၈။ သူတို့သည်လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကို ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
၁၉။ ထို့နောက် ကိုယ်တော်သည် ရှေ့သို့ အနည်းငယ် ကြွသွားတော်မူသောအခါ ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ညီ ယောဟန်တို့သည် မိမိတို့၏ လှေထဲ၌ ပိုက်ကွန်များ ဖာထေးနေကြသည်ကို မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်သည် ချက်ချင်းပင် သူတို့ကို ခေါ်တော်မူသဖြင့် သူတို့သည်လည်း မိမိတို့၏ဖခင် ဇေဘေဒေးဦးကို လှေပေါ်တွင် လူငှားများနှင့် ထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ကြ၏။

ထောက်ရှုချက်။ ။ ပခုံး အပုတ်ခံရရင် ကျောချမ်းတယ်၊ ကြောက်တယ် ဆိုတဲ့ စကားလေးက ၈၈ အရေးအခင်းတုန်းက တော်တော်လေးကို သုံးနှုန်းကြတယ်။ အကြောင်းကတော့ ပခုံးလေးလာပုတ်ပြီး လှည့်ကြည့်တော့ ခွေးတွေရဲ့ဆွဲခေါ်ခြင်းကိုခံရတဲ့လူတွေ များနေလို့ ဖြစ်တယ်။
ဒီကနေ့မှာ ခရစ်တော်ဘုရားရှင်က ဂါလေလေးယပင်လယ်ကမ်းနားလျှောက်သွားတော့ ညီအစ်ကို နှစ်တွဲကို တွေ့ပြီး သူ့နောက်ကိုလိုက်ဖို့ ခေါ်တယ်ဆိုတဲ့အကြောင်းကို ကြားရတယ်။ သခင်ဖိတ်ခေါ်တော့ ဒီလူတွေ မငြင်းခဲ့ဘူး၊ ကြည်ကြည်ဖြူဖြူနဲ့သခင့်နောက်ကို လိုက်ကြတယ်။ အတုယူစရာပါပဲ။ နောင်တစွဲပြီး ဧဝံဂေလိတရားတော်ကို ယုံကြည်ကြဖို့ သခင် ဖိတ်ခေါ်တော့ တချို့က လက်ခံပြီး၊ တချို့က ငြင်းဆန်ကြတယ်။ ပြောင်းလဲခြင်းရဲ့စိန်ခေါ်မှု၊ နာကျင်မှုတွေကို လူတွေက ကြောက်နေကြတယ်။ ဒါကြောင့် ဘဝပုံစံခွက်ဟောင်းထဲမှာပဲ ပျော်နေကြတယ်။ တဝဲလည် ဖြစ်နေကြတယ်။ ပြောင်းလဲခြင်းရဲ့ အခြားတစ်ဖက်မှာ ထာဝရတည်တဲ့ဆုလဒ်ရှိတယ်ဆိုတာကို လူတွေက မတွေ့ပဲ နာကျင်မှုကိုပဲ တွေ့နေကြတာဖြစ်တယ်။ ညီအစ်နှစ်တွဲလို အသားကျတဲ့ တံငါသည် အလုပ်ကို စွန့်လွတ်ပြီး စိမ်းနေတဲ့အလုပ်သစ်တစ်ခုထဲကို ခြေစုံပစ်ဝင်ရောက်ဖို့ဆိုတာ တစ်ကယ့် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပဲ။ စိန်ခေါ်မှုကို အတားအဆီးတစ်ခုလို မမြင်ပဲ အခွင့်အရေးတစ်ခုလို မြင်တဲ့အတွက် သူတို့ရဲ့ ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ကြတယ်။ ကျွန်ုပ်တို့တစ်ဦးစီကိုလည်း ကောင်းတဲ့ဘ၀ကနေ ပိုပြီး ကောင်းတဲ့ဘ၀၊ အကောင်းဆုံးဘဝသို့ တက်လှမ်းဖို့ ဘုရားသခင်က အမြဲ ဖိတ်ခေါ်တယ်။ စိန်ခေါ်မှုတွေကို ရှောင်လွှဲလို့မရတာတော့ အမှန်ပဲ။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ ကြာသပထားနေ့သံအင်ဒရူးဘက်ဆက် (သူတော်စင်ဂိုဏ်းဝင်)ပထမကျမ်း။ ။ ၁ ယော ၄း ၁၉- ၅: ၄ဧဝံဂလေိကမျြး...
05/01/2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ ကြာသပထားနေ့
သံအင်ဒရူးဘက်ဆက် (သူတော်စင်ဂိုဏ်းဝင်)
ပထမကျမ်း။ ။ ၁ ယော ၄း ၁၉- ၅: ၄
ဧဝံဂလေိကမျြး။ ။ လုကာ ၄: ၁၄-၂၂

၁၄။ ထိုအခါ ယေဇူးသည် ဝိညာဉ်တော်၏ တန်ခိုးနှင့် ပြည့်ဝလျက် ဂါလေလေးယနယ်သို့ ပြန်လာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည်လည်း ထိုဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။
၁၅။ ကိုယ်တော်သည် သူတို့၏တရားဇရပ်များ၌ သွန်သင်တော်မူ၍ လူအပေါင်းတို့သည် ကိုယ်တော့်ကို ချီးမွမ်းကြ၏။
၁၆။ ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းခဲ့သော နာဇရက်မြို့သို့ ကြွလာတော်မူသောအခါ မိမိ၏ ထုံးစံအတိုင်း ဥပုသ်နေ့၌ တရားဇရပ်ထဲသို့ ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာဖတ်ရှုခြင်းငှာ ထတော်မူလျှင်၊
၁၇။ သူတို့သည် ကိုယ်တော်အား ပရောဖက် အီဇာယ၏ ကျမ်းကို ပေးကြ၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကို ဖွင့်လျှင် တွေ့တော်မူသော ကျမ်းချက်မူကား၊
၁၈။ ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကို ဆီဖြင့် လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသောသူတို့အား လွတ်ငြိမ်းခြင်းကို ကြေညာရန် နှင့် မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကိုပေးရန်လည်းကောင်း၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင်စေခြင်းငှာလည်းကောင်း၊
၁၉။ ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေညာရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွတ်တော်မူ၏ဟူသော ကျမ်းပိုဒ်ကို ဖတ်ကြားတော်မူ၏။
၂၀။ ထို့နောက် ယေဇူးသည် ကျမ်းစာကိုလိပ်ပြီးလျှင် ယင်းကို တရားဇရပ်မှူးအား ပြန်ပေး၍ ထိုင်တော်မူ၏။ တရားဇရပ်၌ရှိသော လူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို စေ့စေ့ကြည့်နေကြ၏။
၂၁။ ထိုအခါ ကိုယ်တော်က ယခုသင်တို့ကြားရသော ကျမ်းစကားသည် ယနေ့ပင် ပြည့်စုံခြင်းသို့ ရောက်လေပြီဟု မိန့်တော်မူ၏။
၂၂။ လူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းပြောဆိုကြ၍ ကိုယ်တော်၏နှုတ်တော်မှ ထွက်လာသည့် သိမ်မွေ့သောစကားများကို အံ့ဩကြလျက် ဤသူသည် ဂျိုးဇက်၏သားမဟုတ်လောဟု မေးကြ၏။

ထောက်ရှုချက်။ ။ လုပ်ငန်းတစ်ခုခုကို စတင်တော့မယ်ဆိုရင် Vision (မျှော်မှန်းချက် ) ၊ Mission (လုပ်ဆောင်ချက်) ဟာ အရေးကြီးတယ်။ ကဏ္ဍအလိုက် လုပ်ဆောင်တဲ့အခါမှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုကိုခံယူပြီး လုပ်ဆောင်သွားမှသာလျှင် ပိုပြီး တိကျမှန်ကန်တဲ့ရလဒ်တွေ ရလာနိုင်မှာဖြစ်တယ်။
မည်သည့်နယ်ပယ်မှာမဆို တစ်ခုခုကို အကောင်အထည်ဖော်ဖို့ ကိုယ်စားလှယ်တော်ကို စေလွှတ်တဲ့အခါ Vision, Mission ချပြမှသာလျှင် လုပ်ဆောင်ရမယ့်အရာကို ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်တယ်။
ဘုရားသခင်က သူ့ရဲ့ ကယ်တင်ခြင်းလုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်၊ လုပ်ဆောင်သွားဖို့အတွက် သူ့ရဲ့ Vission, Mission တွေကို ခေတ်အဆက်ဆက်က ပရောဖက်တွေကနေတဆင့် ကြိုတင်အသိပေးထားပြီးသားပဲဖြစ်တယ်။
ဒါကြောင့် ဒီကနေ့မှာ ပရောက်ဖက်တွေ ကြိုတင် ချပြပေးခဲ့ကြတဲ့ အစီအစဉ်အတိုင်း ကယ်တင်ခြင်းလုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ခရစ်တော်ဘုရားရှင်က အတိအလင်းကြေညာနေတာ ဖြစ်တယ်။ ခရစ်တော်ဘုရားရှင်ကြေညာဟောပြောနေတာကို ကြားနာရတဲ့ လူထုပရိတ်သတ်က ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး၊ ကိုယ်တော့်ကို ချီးမွမ်းကြတယ်။ ဒါပေမဲ့ ချီးမွမ်းခြင်းရဲ့ နောက်ကွယ် ဒီလူဟာ လက်သမား ဂျိုးဇက်ရဲ့သားမဟုတ်လော ဆိုတဲ့ မတူသလို မတန်သလို နှိမ်တဲ့လေသံတွေ ထွက်လာတာကို တွေ့ရတယ်။ ဒါဟာ ပုထုဇဉ်လူသားတွေရဲ့ ဇာတိအမှန်ကို ထုတ်ဖော်ပြတာပဲဖြစ်တယ်။
ဒါကြောင့်လောကမှာ ကိုယ်ဘယ်လောက်ပဲကောင်းတာတွေလုပ်လုပ် အပြစ်မရှိအပြစ်ရှာတဲ့လူတွေ ရှိစမြဲပါပဲ။ ဒီအပြစ်မရှိအပြစ်ရှာတဲ့လူတွေရဲ့ စကားတွေ၊ ပြစ်တင်ဝေဖန်မှုတွေကို သွားနားထောင်မိရင်တော့ ဘာအလုပ်မှ လုပ်ဖြစ်မှာမဟုတ်ဘူး။
သေချာတာကတော့ ဘ၀ကို plan နဲ့ Vision နဲ့ Mission နဲ့ သွားနေတဲ့ပုဂ္ဂိုလ်ဟာ အတိုက်အခံများမယ်၊ ဒါပေမဲ့ ပိုပြီး အောင်မြင်နေကြတာကို တွေ့ရတယ်။

Address

Pyitaungsu Road
Pèkon

Telephone

+959259828429

Website

Alerts

Be the first to know and let us send you an email when BPM Pekhon Diocese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to BPM Pekhon Diocese:

Share