28/05/2022
🖋 ဘာလို့ လူ လာဖြစ်ကြတာလဲ 🖋
ဒကာ ဒကာမတွေ
လူဖြစ်လာပြီးသကာလ
အိမ်ထောင်ပြုခြင်း သားမွေးခြင်း
သားသမီးတွေလုပ်ကျွေးခြင်း
ဒါလုပ်ဖို့လာတာ မဟုတ်ပါဘူးတဲ့။
ဒုက္ခဝဋ်မှ ကျွတ်ချင်လို့
အပါယ်လေးပါးမှတက်ပြီးသကာလ
လာခဲ့ကြရတာ။
ဒီကျမှ ယောင်ချာချာ
ဘဝတဏှာကလှည့်စားလိုက်
ပတ်ဝန်းကျင်ကလှည့်စားလိုက်နဲ့
ဒကာ ဒကာမတွေမှာတဲ့
မရစဖူး အရထူးတဲ့ ဘဝကြီးကို အလွဲသုံးစားနဲ့
အချိန်တွေ ဖြုန်းလိုက်တဲ့အတွက်
အနာကြီး နာနေတယ်ဆိုတာ
သိအောင်လဲလုပ်ကြပါ။
ကောင်းမှုကုသိုလ်တရားဆိုတာ
စိတ်ပါလည်းလုပ်၊ စိတ်မပါလည်းလုပ်။
အားရင်လည်းလုပ်၊ မအားရင်လည်းလုပ်။
ဘာကြောင့်လည်းဆိုတော့
အိုတာလည်း မအားပဲ အိုနေတာ
နာတာလည်း မအားပဲ နာနေတာ
သေချိန်ကျတော့လည်း မအားပဲ သေရမှာဆိုတော့
အားကိုးစရာ တရားစွမ်းအားဟာ
သမုဒ္ဒရာဝမ်းတထွာကိစ္စကနေပြီးတော့
လိမ္မာပါးနပ်စွာ ပြုလုပ်အားထုတ်ကြရမှာပါ။
#အရေးအကြီးဆုံးက_ဘာသိဖို့လဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သစ္စာ မသိရင်
သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်၊ ရဟန္တာ၊ ဘုရား မဖြစ်နိူင်။
သစ္စာ မသိရင် ပဋိစ္စသမုပ္ပါဒ်အရ
ဘုံဘဝ လိုချင်တဲ့ ကံတွေကို ပြုကြမှာဖြစ်တယ်။
ဒုက္ခရောက်ဖို့ အလုပ်သာ လုပ်နေကြတော့မယ်။
တဏှာ ဥပါဒါန် ကံတွေ လုပ်ရင်
ဒုက္ခသစ္စာရမယ်လို့ မသိတဲ့အတွက်
ကိုယ်ဒုက္ခရောက်မယ့်အရေး
ကိုယ်တိုင်လုပ်နေကြတယ်။
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်လည်ပြီး
သံသရာ အရိုင်းပြေး ဖြစ်ကြရတယ်။
ဘုရား ဖြစ်လာခြင်းဟာ
သံသရာ ဖြတ်လမ်း၊ ထွက်လမ်းကို
ပြချင်လို့ ဖြစ်လာခြင်းဖြစ်တယ်။
ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့နည်းကို ပြချင်လို့
လောကအကျိုးအတွက်
ရည်ရွယ်ပြီး လာခဲ့တယ်။
ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်းကို သိဖို့မှာ
ခန္ဓာကို ဉာဏ်စိုက်ရမယ်။
ခန္ဓာကို ဉာဏ်မစိုက်တတ်ရင်
သမုဒယသစ္စာကို အားပေးသလို ဖြစ်နေမယ်။
နိဗ္ဗာန်ဆိုတာ
ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းလို့ မှတ်ထားပါ။
ဒီလိုမှ နိဗ္ဗာန်အကြောင်း မသိပဲ အားထုတ်ရင်
တရားမပေါက်နိူင်ဘူး။
လူဟာ သံယောဇဉ် မရှိရင် မနေတတ်ဘူး။
တဏှာနဲ့ အဖော်လုပ်ပြီး နေတတ်တယ်။
ဒီလိုနေရင် နိဗ္ဗာန် ဘယ်တော့မှ မရ။
နိဗ္ဗာန် ရချင်ရင်
သဒ္ဓါ, ပညာကို အဖော်လုပ်ရမယ်။
#တဏှာ, ဥပါဒါန်, ကံပြတ်ချင်ရင်
ဝိပဿနာ အလုပ်ကို လုပ်ပါ။
စိတ်ဖြစ်တိုင်း စိတ်ကို ဉာဏ်နဲ့ရှုရင်
တဏှာ, ဥပါဒါန်, ကံ ပြတ်နိူင်တယ်။
ဉာဏ်နဲ့ရှုတော့ စိတ်သေတာ မြင်နိုင်တယ်။
#ဒီလို မြင်ခြင်းဟာ
ကိုယ့်အသေကို မြင်ခြင်းဖြစ်တယ်။
ဝိပဿနာဆိုတာ
ကိုယ့်အသေ ကိုယ်မြင်အောင် ရှုခြင်းဖြစ်တယ်။
ကိုယ့်အသေ ကိုယ်မြင်မှ
နောက်ထပ် ကိုယ့်ခန္ဓာ မလိုချင်စိတ် ဖြစ်မယ်။
#ရခဲတဲ့ လူ့ဘဝ သက်တမ်းက တိုတယ်။
သက်တမ်းတိုတဲ့ လူ့ဘဝကို
သစ္စာသိအောင် မလုပ်ပဲ, မသုံးပဲ
တဏှာခိုင်းရာ လုပ်နေခြင်းဟာ
အလကား ဖြုန်းပစ်တာနဲ့ တူတယ်။
အပိုအလုပ်တွေကို
သွားရည်ကျပြီး လုပ်နေကြတယ်။
#အားကိုးစရာ အစစ္က
သစ္စာမြင်တဲ့ဉာဏ်သာ ဖြစ်တယ်။
သစ္စာ မသိလို့ သံသရာ ရှည်ခဲ့ကြတာ။
သံသရာရှည်တယ် ဆိုတာ
အိုဘေး, နာဘေး, သေဘေးရောက်တာကို
ဆိုခြင်းဖြစ်တယ်။
#သစ္စာ မမြင်ပဲနဲ့
နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူး။
သစ္စာမှတစ်ပါး
ကိုးကွယ်စရာ၊ ဆည်းကပ်စရာ မရှိဘူး။
သမုဒယကို လက်ညှိုးညွှန်ပြီး ဂုဏ်ယူမနေနဲ့။
ပုထုဇဉ်က ကိုယ့်ကိုယ်ကိုယ်
မိုက်မှန်း မသိတာက ဆိုးတယ်။
#သမုဒယ ချုပ်တဲ့နေရာမှာ နိဗ္ဗာန် ရှိတယ်။
မသွားတတ်လို့ နိဗ္ဗာန် ဝေးနေတာ။
ကိလေသာ ရှေ့နေလိုက်နေလို့
ဝိပဿနာ မလုပ်ဖြစ်တာ။
ဝိပဿနာ လုပ်သူ၊ စိတ်ရှုသူ
လူ့သံယောဇဉ် ပြတ်တယ်။
တဏှာသိမ်း, ခန္ဓာသိမ်း နိဗ္ဗာန်ရတယ်။
#မဂ်ကို ဆုတောင်းလို့ မရ။
မရှိတာကို သိအောင်လုပ်မှ ရတယ်။
မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊
သေတောက သမုဒယ၊
နောင်ခန္ဓာမလာတာက နိရောဓ နိဗ္ဗာန်။
ကိုယ့်ဒုက္ခ ကိုယ်သိတာ
သစ္စာသိခြင်းဖြစ်တယ်။
ဒုက္ခသစ္စာဆိုတာ
ကိုယ့်စိတ် ကိုယ်ကြည့်ပြီး ရှုမှ မြင်တယ်။
သစ္စာမြင်အောင် ကြည့်၊
သစ္စာသိအောင် လုပ်ဖို့သာ အရေးကြီးတယ်။
သစ္စာမြင်ခြင်းဟာ မီးထွန်းခြင်းနဲ့တူတယ်။
အမှောင်ပျောက်၊ အလင်းရောက်။
ပစ္စည်းမြင်အောင်
မီးထွန်းခြင်းက ဆောင်ရွက်သလို
သစ္စာအလင်းရောင်ရမှ နိဗ္ဗာန်ကို မြင်ရတယ်။
အဝိဇ္ဇာအမှောင် ပျောက်တယ်။
ဝိဇ္ဇာဉာဏ်အလင်း ရောက်တယ်။..............................................
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏🙏
မူရင်းရေးသား ပူဇော်သူအား ဂါရဝပြုပါ၏ 🙏🙏🙏