01/09/2022
"စိတ်ကို ဘယ်လိုအနားပေးမလဲ"
ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုး ရှိတဲ့အထဲက
တကယ်အကျိုးများဆုံး , အင်အားအကြီး ကုသိုလ်ဟာ အပ္ပမာဒ ကုသိုလ်ပဲ။
သတိနဲ့နေတာ , မမေ့မလျော့နေတာ အင်အား အကြီးဆုံး ကုသိုလ်ပဲ။ စိတ်ကို သိနေဖို့က အရေးကြီးဆုံး အလုပ်ဖြစ်တယ်။
အရာရာကို စိတ်က လွှမ်းမိုးတယ်။ ဒါကြောင့် စိတ်ကို သိနေဖို့ အရေးကြီးတယ်။ သူ့ကို မသိရင် ခက်မယ်။
ကိုယ့်ကိုယ်ကို အကောင်းဘက်က အမြဲတမ်း တွေးနေမယ် ဆိုရင် နဲနဲတော့ စိတ်အားက တက်လာမှာပါ။
ဒါပေမယ့် ဒါ တကယ်မလေးနက်ဘူး။ အမှန်တရားကို တကယ် သိတဲ့အဆင့် မရောက်နိုင်ဘူး။ ကိုယ့်ကိုယ်ကို အားပေးတဲ့ သဘောပဲ ရှိမယ်။ တစ်ချို့နေရာတွေမှာ ကိုယ့်ကိုယ်ကို ညာနေတာပဲ ရှိတယ်။
ဘုန်းကြီးက အမျိုးမျိုးစမ်းကြည့်တာ ဝါသနာ ပါတယ်။ ဟိုဟာ လုပ်ကြည့် , ဒီဟာ လုပ်ကြည့် , ဟိန္ဒူအကျင့်တွေလည်း လုပ်ဖူးတယ်။ ဒီလို အမျိုးမျိုး စမ်းရင်းကနေ သတိနဲ့ နေတဲ့အလုပ်ကို တွေ့လာတယ်။
တစ်နေ့မှာ (၁၀)မိနစ် စမ်းကြည့်တယ်။ များများ မဟုတ်ဘူးနော်။ ကိုယ်ထိုင်တတ်သလို , သက်သာသလို ထိုင်လိုက်တယ်။ ရိုးရိုးလေးပဲ ဘာမှ မခက်ဘူး။ ကလေးတောင်မှ ၁၀နှစ် , ၁၂ နှစ်လောက်ဆို ပြောရင် လုပ်တတ်တယ်။
အဆင်ပြေတဲ့အခါ စိတ်က ငြိမ်ပြီးတော့ ချမ်းသာတာ တွေ့ရတယ်။ အဲဒီအခါ ဘယ်လို သဘောပေါက်လဲ ဆိုတော့ . . . အမြဲတမ်း စဉ်းစားနေရတာ မကောင်းဘူး , တစ်ခါတလေ ခဏလောက် ဘာမှ မစဉ်းစားပဲ နေရတာ ကောင်းတယ် , ဒါဟာ စိတ်ကို အနားပေးတာပဲ။
--------------------------------------------------
ဒကာကြီးတို့ တစ်နေ့လုံး အလုပ်လုပ်တယ်နော် ? တစ်ခါတလေ ပင်ပမ်းတဲ့အခါ အနားယူတယ် မဟုတ်လား ?
ခန္ဓာကိုယ်ကို အနားပေးဖို့ ကုလားထိုင်မှာ ထိုင်လိုက်တယ်။ ( သို့ ) အိပ်ယာမှာ အိပ်လိုက်တယ်။ စိတ်ကို ဘယ်လို အနားပေးသလဲ ?
စိတ်က အလုပ်လုပ်နေသေးတယ်။
ဘာလုပ်ရဦးမယ် , ဘယ်လိုလုပ်ရင် ကောင်းမလဲ ? ဆိုတာတွေကို အိပ်ယာထဲ ရောက်တဲ့အထိ တွေးနေသေးတယ်။ စိတ်ကို တော်တော်နဲ့ အနား မပေးနိုင်ဘူးနော်။
ခန္ဓာကိုယ်ကို အနားပေးလိုက်တယ် ။ စိတ်ကိုတော့ အနားမပေးဘူး ။ စိတ်ကိုလည်း အနားပေးဖို့ လိုပါတယ်။
လူတွေထင်တာက အိပ်ပျော်သွားတဲ့အချိန်မှာ စိတ်ကို အနားပေးလိုက်တာပေါ့လို့ ထင်တယ်နော်။ တစ်စိတ်တစ်ဒေသတော့ ဟုတ်ပါတယ်။ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတဲ့ အခါမှာ စိတ်ကို အနားပေးလိုက်တာပါပဲ။
ဒါပေမယ့် အိပ်မက်ထဲမှာလည်း စိတ်က အလုပ်လုပ်တတ်တယ်။ စိုးရိမ်စရာ , ပူပန်စရာ ရှိလို့ရှိရင် အိပ်မက်ထဲမှာ စိုးရိမ်နေတာပဲ , ပူပန် နေတာပဲ။ အိပ်ယာက နိုးတဲ့အခါ ပင်ပမ်းသေးတယ်။ တကယ် အပန်းမပြေဘူး။
အဲဒီတော့ အိပ်မပျော်ပဲနဲ့ကို စိတ်ကို အနားပေးတဲ့နည်း သိရင် မကောင်းဘူးလား ?
---------------------------------------------------
အိပ်ပျော်သွားလို့ , ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့ နည်းက . . . .
-သတိမပါဘူး။
-ပညာမပါဘူး။
အိပ်မပျော်ဘဲနဲ့ကို ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ ရိုးရိုး အာရုံတစ်ခု အပေါ်မှာ စိတ်ကလေးကို ကပ်ထား ပြီးတော့ ဘာမှမတွေးဘဲနဲ့ သိနေတဲ့ အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။
အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အား က ပိုပြီး ကြီးမားလာတယ်။
အိပ်ပျော်နေတဲ့အခါမှာ , ဘဝင်စိတ်တွေ ဖြစ်နေတဲ့ အခါမှာ ဘာမှ မသိဘဲနဲ့ အနားရသလို ဖြစ်နေတဲ့ အနားယူနည်းမျိုးက စိတ်ရဲ့အင်အားကို မတိုးတက် စေနိုင်ဘူး။
နိုးနေတဲ့အချိန်မှာကိုဘဲ အင်မတန်ရိုးတဲ့ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ သဘာဝအတိုင်း ဖြစ်နေတဲ့ အာရုံလေးတစ်ခုအပေါ်မှာ စိတ်ကို ကပ်ထားလို့ရရင် . . . အဲဒီလို ဘာမှမတွေးဘဲနဲ့ သိနေတဲ့အချိန်မျိုးမှာ စိတ်ရဲ့အင်အားက အများကြီး ကြီးလာတယ်နော် . . . .။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
credit :